Thursday, February 25, 2016

“သိပ်ပိုင်တဲ့မင်းပဲ”


နေကလေးအေးသွားတော့ ဆူးလေဘုရားဘေးက ဗန္ဓုလပန်းခြံထဲမှာ လူတွေထိုင်နေကြတာတွေ့လို့ သမီးက သူတို့ ဘာလုပ်နေကြတာလဲ လို့ မေးပါတယ်။ ပန်းခြံထဲဆိုတာ သည်လိုပဲ အများပြည်သူတွေ လာထိုင် အပန်းဖြေကြတာ သူမသိသေးလို့ထင်ပါတယ်။ အဲ့ဒါ ပန်းခြံလေ လို့ ပြောတော့ သူက သိပ်ပြီး မရေလည်သေးပါဘူး။ ဘာပန်းမှလည်း မရှိပဲနဲ့ ဘာဖြစ်လို့ ပန်းခြံခေါ်ပါလိမ့် လို့ ဆက်မေးနေတယ်။ ပန်းခြံဆိုတာ ပန်းတွေနဲ့ချည့်ပဲ ပြည့်နေရမယ်လို့ ဘယ်သူပြောတုန်း။ ပြင်ဦးလွင်သွားတုန်းက တွေ့ခဲ့တဲ့ ရုက္ခဗေဒဥယျာဉ်ဆိုတာ ပန်းပွဲတော် ရှိလို့ အဲသလို ပန်းတွေနဲ့ ဝေဝေဆာဆာ ပြင်ထားတာလေ။ အမှန်တော့ ကိုယ်တို့မြန်မာတွေ ဘာသာပြန်ရင်း အနက်တွေ ကွဲကွဲကုန်တာပါ။ ဗန္ဓုလပန်းခြံဟာ တကယ်တော့ Garden လို့ ခေါ်တဲ့ ပန်းခြံ မဟုတ်ဘူး။ သူတို့ အင်္ဂလိပ်တွေခေါ်တာ “Fytche Square” လို့ပဲခေါ်တာ။ နန်းတော်ရှေ့ဆရာတင် ရေးခဲ့တဲ့ “ဟိုပန်းခြံ အတွင်းဝတိန်ကြီးလိုကွယ် အင်္ဂလိပ် ဘင်သံတွေက လေချိုချို။ ကျုပ်တို့ဗေတိုးဘိုလောက်တော့ နားထဲမစွဲပေါင်ဗျို။” ဆိုတာ အဲဒီ ဇိုက်ခ်ျစကွဲယားပန်းခြံကို ပြောတာပါ။ ညနေခင်းမှာ ကပွဲသဘင်တွေ လုပ်လေ့ရှိသတဲ့။
နောက်ပိုင်းမှာတော့ အငြိမ့်ပွဲများ ခင်းတယ် လို့ ဆိုတယ်။ အလယ်ခေါင်က ကျောက်တိုင်ကြီးက လွတ်လပ်ရေးရပြီးမှ အထိမ်းအမှတ်နဲ့ထူလို့ လွတ်လပ်ရေးကျောက်တိုင်ခေါ်တာ။
သူတို့အင်္ဂလိပ်စကားမှာတော့ ရှင်းတယ်လေ။ Square ရယ်၊ Garden ရယ်၊ Park ရယ် မတူဘူး။ စကွဲယားဆိုတာ မြေကွက်လပ် ကျယ်ကျယ်ပြန့်ပြန့် လူသူစုရုံးလို့ရတဲ့နေရာ၊ နားနားနေနေ အပန်းဖြေ ထိုင်စရာလေးတွေ ရှိတဲ့နေရာ လို့ ပြောချင်တာနေမယ်။ သူကြီးအိမ်ရှေ့က တလင်းလိုနေမှာပေါ့လေ။ အရေးအကြောင်းရှိလို့ မောင်းထုလိုက်ရင် ရွာသားတွေ လာစုလို့ရတဲ့နေရာ၊ ခြေခင်းလက်ခင်းသာလို့ ပွဲလမ်းသဘင်လေးများ လုပ်ချင်ရင် ပြန့်ပြန့်ပြူးပြူး ရှိတဲ့နေရာပေါ့။ မြို့တော်ခန်းမရဲ့အရှေ့မှာ ရှိနေတာ သိပ်အနေအထားမှန်တယ်။ သူရှိနေလို့လည်း သင်္ကြန်မှာ မြို့တော်ဝန်ရေကစားမဏ္ဍပ် လုပ်ရတာ အရမ်းအဆင်ပြေတာ။ ဒါပေမယ့်လည်း ရင်ပြင်လို့ မြန်မာလိုပြန်ရလောက်အောင် ဟာလာဟင်းလင်းကြီး မဟုတ်ဘူး။ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ကနေ လွှတ်တော်အဆောက်အဦဟောင်းကြီး ကြားထဲမှာရှိတဲ့ ကွက်လပ်ကြီးကျတော့ ပြည်သူ့ရင်ပြင် (People’s Square) ခေါ်တယ်လေ။ သူ့တဘက်တချက်က ရေကန်ပန်းမာန် သစ်ရိပ်ဝါးရိပ်တွေနဲ့ လှည့်ပတ်သွားရတဲ့နေရာကိုတော့ ပြည်သူ့ဥယျာဉ်ခေါ်တယ်။ People’s Park တဲ့။ အဲ့ဒါတွေကိုတော့ Park လို့ပဲ သုံးတယ်။ ကန်တော်ကြီးစောင်း ဗိုလ်ချုပ်ကျေးရုပ်ကြီး ရှိတဲ့ဘက်ကိုလည်း ဗိုလ်ချုပ်ပန်းခြံ (Bogyoke Park) လို့ပဲခေါ်တယ်။
Garden ဆိုတာက Park ထက်ကြီးမယ် ထင်တယ်။ ရန်ကုန်က တိရိစ္ဆာန်ဥယျာဉ်ကို Zoological Garden လို့ခေါ်တယ်။ မေမြို့က ရုက္ခဗေဒဥယျာဉ်ကျတော့ Botanical Garden ခေါ်တယ်လေ။ ဝင်သွားပြီးရင် တစ်ပတ်ပြည့်အောင် တနေကုန် တနေခန်း လျောက်လည်ရတာတွေကို Garden ခေါ်တာဖြစ်မယ်။ မြန်မာစကားထဲမတော့ အဲ့ဒါတွေအကုန်လုံး ပန်းခြံတလုံးတည်းနဲ့ ကပ်ရှုပ်နေတာပဲ။ “ဒါဆိုရင် Lawn က ဘာကိုခေါ်တာလဲ။” ဆိုတော့ ကိုယ်အိမ်ရှေ့ကိုယ် စိုက်ထားတဲ့ မြက်ခင်းကလေးတွေကိုခေါ်တာ ဖြစ်မလားပဲ။ ရှေးခေတ်တုန်းက ဘိုအိမ်မှန်ရင် ဘတ္တလာတစ်ယောက်၊ ကွတ်တစ်ယောက်၊ မာလီတစ်ယောက်၊ ဒရဝမ်တစ်ယောက်၊ ဝန်ထမ်းတွေ ငှားပေးရသတဲ့။ များသောအားဖြင့် အိန္ဒိယတိုင်းသားတွေပဲ ခန့်တာများတယ်။ စိတ်ချရတယ်။ ကျိုးနွံတယ်။ ဗမာတွေထက်စာရင် အင်္ဂလိပ် အကြိုက်ကိုသိတယ်။ အခုခေတ်မှာ မြေက ရွှေထက်ရှားတော့ မြန်မာအိမ်တွေမှာ ကွက်လပ်သိပ်မကျန်ကြတော့ဘူး။ မိဘလက်ထက် ခြံကျယ်ကျယ်ပိုင်လည်း သားသမီးတွေ အမွေခွဲရင် ပိုင်းကာဝေကာ ခြားပလိုက်တော့ မာလီဆိုတာ မျိုးတုန်းပျောက်ကွယ်သွားသော အသက်မွေးမှု တစ်ခုဖြစ်လာပြီ။ ခုခေတ်က ဥယျာဉ်မှူးဆိုတာ စိုက်ခင်းပျိုးခင်းထဲမှာ ရောင်းကုန်ပစ္စည်းတစ်ခုခုကို ထုတ်လုပ်နေတဲ့သူကိုခေါ်တာ။
ကိုယ်ကြီးပြင်းလာတဲ့ သက်တမ်းနှစ်ငါးဆယ်အတွင်းမှာ မြန်မာတွေဟာ ဘယ်သူမှ သစ်ပင်မစိုက်တော့ဘူး။ အကြောင်းကလေးတစ်ခုခု ရမယ်ရှာလို့ရတာနဲ့ သစ်ပင်ခုတ်ဖို့ကို တွင်တွင်ကြီး လက်ယဉ်နေကြတယ်။ ဓါတ်ကြိုးမလွတ်လည်း ခုတ်တယ်။ ရေမြောင်းဖော်ချင်လည်း ခုတ်တယ်။ အိမ်ရှေ့ သစ်ရွက်ကြွေလို့လည်း ခုတ်တယ်။ ကားပေါ်ကို သစ်ကိုင်းခြောက်ပြုတ်ကျမှာစိုးလို့လည်း ခုတ်တယ်။ နောက်ပိတ်ဆုံး အိပ်မက်မကောင်းရင်လည်း ခုတ်တယ်။ အဲ့လိုနဲ့ ရန်ကုန်မှာ ငှက်တွေ အိပ်တန်းတက်စရာတောင် သစ်ပင်မကျန်ဘူး။ ပေဖူးလွှာများလို ပျိုလေးတို့ အိမ်ခေါင်မိုးထဲ တိုးရတယ်။ ပြည်သူ့ရင်ပြင်ကောင်းကင်မှာ နေဝင်ရိုးရီ အတန်းလိုက်ကြီး ပျံသန်းကြတဲ့ လင်းနို့ထောင်ပေါင်းများစွာကို မြင်တယ် မဟုတ်လား။ သနားပါတယ်။ သူတို့တတွေ မှေးစက်ခိုအိပ်စရာ နေရာရှားပါးလွန်းလို့ ဆည်းဆာအိမ်ပြန် ခရီးရှည်ကြီးကို မငြီးမငြူ ပျံသန်းကြရတယ်။ ရန်ကုန်မှာ သစ်ပင်တွေ မရှိတော့ဘူး။ အရိပ်အတွက်ကတော့ မပူပါဘူး။ အထပ်မြင့်အဆောက်အဦကြီးတွေ အလျှိုအလျှိုတက်လာတော့ မွန်းတည့်ချိန် ဟိုဘက်သည်ဘက်ကလေး တိမ်းတာနဲ့ အရိပ်ခိုစရာ မရှားလှဘူး။ ဒါပေသိ ဇီဝ နဲ့ ရုက္ခ အပြန်အလှန်ထိမ်းညှိထားတဲ့ ဂေဟဗေဒဟန်ချက်တွေတော့ ပျက်ယွင်းကုန်တာပေါ့။ ဟိုအရင်တုန်းကတော့ ဘယ်သည်လို ဟုတ်လိမ့်မလဲကွယ်။
ကိုယ်တို့ငယ်ငယ်က ဗန္ဓုလပန်းခြံကြီးကို ဘယ်အချိန်တွေလာသလဲဆို ဆောင်းတွင်းမနက် အရုဏ်မတက်ခင် မောင်နှမတတွေ အိမ်ကနေ လမ်းလျှောက်ပြီး လာကြတာ။ ကျောက်တိုင်ကြီးပတ်လည်မှာ ရေးထားတဲ့စာတွေကို ဖတ်မယ်။ ပန်းခြံထဲမှာ ပြေးလွှားဆော့ကစားမယ်။ အမောအပန်းဖြေပြီး လင်းလာတော့ အိမ်ပြန်ကြမယ်လေ။ အမျိုးသားနေ့ဆိုရင်တော့ ညဘက်လာတယ်။ မြို့တော်ခန်းမကြီးမှာ မီးရောင်စုံတွေ ထွန်းထားတာ သိပ်လှလို့။ ရန်ကုန်သားမှန်ရင် အဲသည်ရှေ့ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံစီတော့ ရှိကြတာချည့်ပဲ။ ကွက်လပ်ဟင်းလင်းပြင်အကျယ်ကြီးမှာ မျက်စိတဆုံး လှပတဲ့အဆောက်အဦတွေ ရှိတယ်။ အနံ့အသက်ကင်း၊ အပိတ်အဆို့မရှိတဲ့ လေကိုရှူရတာလည်း လွတ်လပ်တယ်။ ညနေခင်း မြညှင်းလေပြေဆိုတာ နွေရာသီမှာ ဘယ်လောက်တောင် အရသာရှိလိုက်သလဲ။ အဲသည်အရသာမျိုး ခံစားနိုင်တာ ရန်ကုန်မှာ ဗိုလ်တစ်ထောင် ဆိပ်ခံဘောတံတားရယ်၊ ပန်းဆိုးတန်းက နန်းသီတာဘောတံတားရယ်မှာပဲ ရှိတယ်။ ပန်ကာဆိုတာ အရာရှိကြီးတွေရဲ့ ရုံးခန်းထဲမှာပဲ ရှိတဲ့ ဇိမ်ခံပစ္စည်းမို့ ပြည်သူလူထု ပိုက်ဆံမကုန်ပဲ တသားတည်း မွေ့လျော်နိုင်တာ လေပြည်လေညှင်းပဲ ရှိတယ်။
ကိုယ်တို့ငယ်ငယ်တုန်းက အဲသလို လူထုအပန်းဖြေစရာနေရာတွေက မရှားခဲ့ဘူး။ ကန်တော်ကြီးဘက်ကို တက်သွားရင် ပန်းကန်လုံးကျွန်းဆိုတာကို အရင်ရောက်တယ်။ လက်ဘက်ရည်ပန်းကန်လုံး ပုံသဏ္ဍာန် ထိုင်ခုံရောင်စုံကလေးတွေနဲ့ ကလေးတွေ ကစားစရာ ဒါန်းကလေးတွေ၊ လျှောကလေးတွေ၊ ဆီးဆောကလေးတွေ ရှိတယ်။ ကန်စပ်ကိုဆင်းသွားလိုက်ရင် ငါးသက်စေ့လွှတ်လို့လည်း ရတယ်။ ရေထဲမှာ ငါးကလေးတွေ မြင်ရတာ ဘယ်လောက် ပျော်စရာကောင်းသလဲ။ ပုစဉ်းကလေးတွေ လိပ်ပြာကလေးတွေ ကနေရီငှက်ကလေးတွေလည်း တွေ့ရတတ်တယ်။ ကလေးပီပီ ပြေးလွှားခုန်ပေါက် ဆော့ကစားလို့ မောရမှန်းလည်း မသိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။ အဲသည်ကနေ ကရဝိက်ကြီးကိုလည်း လှမ်းကြည့်လို့ရတယ်။ အဲသည်တုန်းက ရန်ကုန်မှာ ကရဝိက်ဟော်တယ်ထက် ခမ်းနားတာ မရှိဘူး။ အင်မတန်လှတဲ့ ရေပေါ်ဟော်တယ်ကြီးကို ကိုယ်တို့မှာ ဖြတ်သွားတိုင်း ကားပေါ်က လည်ပြန်ကြည့်လို့တောင် မဝဘူး။ အခု ကန်တော်ကြီးဟော်တယ်လုပ်ထားတဲ့နေရာက အဲသည်တုန်းက သဘာဝသမိုင်းပြတိုက်လေ။ အဲ့ဒါကြောင့် သူ့နံဘေးနားမှာ ဒိုင်နိုဆောအရုပ်ကြီးကြီး ရှိတာ။
ပန်းကန်လုံးကျွန်းကနေ အရှေ့ဘက်ကို ဆက်လျှောက်သွားရင်တော့ တင့်ကားကုန်းဆိုတာကို ရောက်တယ်။ အဲဒီမှာ ပထမကမ္ဘာစစ်တုန်းကဆိုလား ဒုတိယကမ္ဘာစစ်တုန်းကဆိုလားပဲ တကယ့်တင့်ကားအစစ်ကြီးကို ကလေးတွေကစားနိုင်အောင် လာတင်ထားပေးတာဆိုပဲ။ တက်ချင်သလောက် တက်ကစားလို့ရတယ်။ ဆော့နေရင်းနဲ့ အမြောက်ဆံကြီးများ ထွက်သွားမလား အောင့်မေ့ရတယ်။ စာလုံးပေါင်းပြီး ဖတ်တတ်ကာစဆိုတော့ တင့်ကားတစ်ခုလုံး ပွစာကျဲအောင် ရေးထားတဲ့စာတွေကို လိုက်ဖတ်တာပေါ့။ အဲသည် တင့်ကားကုန်းဘက်က ပိုကျယ်ကျယ်ဝန်းဝန်း ဆော့လို့ရတယ်။ ဒါန်းတွေလျှောတွေလည်း အများကြီးရှိတယ်။ ကိုယ်လိုပဲ လာကစားတဲ့ ကလေးအဖော်တွေလည်း အားကြီးပဲ။ ကိုယ်တို့အဒေါ်ဟာ ရန်ကုန်သူ ကွန်ဗင့်ကျောင်းထွက်ဆိုတော့ အားလပ်ရက်မှာ ကလေးတွေနဲ့ မိသားစု ပျော်ပွဲစားထွက်ရတာကို ဝါသနာပါတယ်။ အိမ်ကနေ စားစရာသောက်စရာ ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ထည့်၊ အခင်းတွေ ဓါတ်ဗူးတွေနဲ့ ကလေးတွေ ဆော့လို့မောသွားရင် ကက်ဆက်ကလေးနားထောင်ရင်း စာအုပ်ဖတ်နေတဲ့ လူကြီးတွေဆီ ပြေးလာ။ အစားအသောက်တွေ အလုအယက်စားကြ။ ခဏနေတော့ ပြန်ပြေးဆော့ကြ။ အရမ်းပျော်စရာကောင်းတာပဲ။
ကရဝိက်ဟော်တယ် ရှိတဲ့ ကျွန်းကိုတော့ ကနေဒီကျွန်း လို့ခေါ်တယ် ထင်တာပဲ။ သိပ်မမှတ်မိတော့ဘူး။ ဦးစံရှား ဝတ္ထုထဲတောင် ပါတယ်။ ကရဝိက်ဟော်တယ်ကြီးဟာ မင်္ဂလာဆောင် အခမ်းအနားတွေ မရှိတဲ့အချိန်မှာဆို ပြတိုက်ကြီးလို ပိုက်ဆံပေးပြီး ဝင်ကြည့်လို့ရတယ်။ မြန်မာမှုပန်းပုပန်းချီ လက်ရာတွေ တွေ့ရတယ်။ ညနေဘက်ဆို တိုးရစ်စ်ဘားမားကနေ ယဉ်ကျေးမှုအကတွေနဲ့ဖျော်ဖြေတယ်။ သီတာဝင်းတို့ ပတ္တမြားကေခိုင်တို့ ကကြတယ်လေ။ သူ့ဆီက ကိုယ်တို့ကလေးတွေ ဝယ်စားနိုင်တာဆိုလို့ ကရဝိက်ရေခဲမုန့် နဲ့ ကရဝိက်ပေါင်မုန့်ပဲ ရှိတယ်။ ကရဝိက်ရေခဲမုန့်က ခါတိုင်းမြင်နေကျ ဇွန်းအဝိုင်းကလေးနဲ့ ခပ်တာ မဟုတ်ပဲ စက်ထဲကနေ အခွေလိုက်ကလေး အီးယိုသလို ကျလာတာမို့ အထူးအဆန်းပဲ။ ဟောလီးဝုဒ်ဒေါ်ကစ်တီကြီးတောင် ချိုပြုံးကြီးကို ကရဝိက်ရေခဲမုန့်ပုံဆံထုံးဆိုပြီး ဖက်ရှင်ထွင်ပေးသေးတယ်။ ကရဝိက်ပေါင်မုန့်ကတော့ ကိုယ်တို့ဝယ်နေကျ ပေါင်မုန့်အတုံးကြီးများလို ဓါးနဲ့တဂျိဂျိ လှီးစရာမလိုဘူး။ သူ့ဟာသူ စက်နဲ့ဖြတ်ပြီးသား အချပ်ပါးပါးကလေးတွေ စီကာရီကာ ထွက်လာတာလေ။ ကိုယ်တို့ကလေးတွေအဖို့ ကရဝိက်မှာ ရေခဲမုန့်သွားစားကြရအောင်လို့ ခေါ်တာဟာ ထီပေါက်တာပဲ။
တိရစ္ဆာန်ဥယျာဉ်ကတော့ တစ်ရက်သပ်သပ် သွားမှ နှံ့တယ်။ ဒါတောင် ခြေတိုအောင် လျှောက်ရတာ။ နေပူပူ ကုန်းတက်ကုန်းဆင်းနဲ့ မောလာရင် သူ့ရှေ့က ငါးပြတိုက်ထဲမှာ အရိပ်ကောင်းကောင်း အမှောင်ကျကျမှာ မီးအလင်းနဲ့ပြတဲ့ ငါးပြတိုက်ထဲ ဝင်နားတယ်။ မမြင်ဖူးတဲ့ ငါးအထူးအဆန်းတွေ အကုန်ရှိတယ်။ ရေနတ်သမီးတို့ သံပခြုပ်တို့။ သူများတွေဆီမှာ Sea Horse လို့ခေါ်တဲ့ဟာကလေးတွေကို ကိုယ်တို့ဆီကျမှာ ဘာလို့ ရေနဂါးခေါ်သလဲ မသိပါဘူး။ နိပတ်တော်ထဲက နဂါးနဲ့လည်း မတူဘူး။ Hippopotamus လို့ခေါ်တဲ့ ရေမြင်းနဲ့ မှားမှာစိုးလို့ ရေနဂါးခေါ်တာနေမယ် ထို့ အောင့်မေ့တယ်။ ကိုယ်တို့ကလေးဘဝတုန်းက တိရိစ္ဆာန်ရုံ နဲ့ ငါးပြတိုက်ဟာ အဲသည်အချိန်ကတော့ သူများနိုင်ငံတွေမှာတောင် သူ့လောက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မရှိသေးဘူးလို့ဆိုတယ်။ နောက်ထပ်ထပ်တက်မလာပဲ ဒုံရင်းဒုံရင်းကျန်ခဲ့လို့သာ အခုလိုအစုတ်အပြတ် ဖြစ်ကျန်ခဲ့တာ။
ဗဟန်း (၃)လမ်း မှတ်တိုင်ဘက်ကနေ ဝင်လိုက်ရင်တော့ အိုးရီးယင့် ရေကူးကန်ကိုရောက်တယ်။ ၈ တန်းအောင်ပြီးနောက် ရေကူးသင်တန်းသွားတက်ခဲ့တဲ့နေရာပေါ့။ သူ့ဘေးက အိုးရီးယင့်ကလပ်ဆိုတာကတော့ ကလေးမို့လို့ မရောက်ဖူးလိုက်ဘူး။ လူကြီးတွေ အရက်လာသောက်တဲ့နေရာ လို့ သိတယ်။ သူ့ရှေ့မှာ တိမွေးကု ဦးစီးဌာနက ဖွင့်တဲ့ ပျားဂေဟာ အရောင်းဆိုင်ရှိတယ်။ ကြက်ဥ၊ ကြက်သား၊ ပျားရည် အင်မတန်ဈေးသက်သာတယ်။ အဲသည်ခေတ်ကတော့ ပျားဂေဟာကရောင်းတဲ့ ကြက်ကြော်ဟာ မြန်မာပြည်မှာ အကောင်းဆုံးပဲ။ KFC တို့၊ Loteria တို့မှ မပေါ်သေးတာကိုး။ လိုချင်တိုင်းဝယ်လို့မရဘူး။ တန်းစီရတာ။ ငယ်ငယ်က ပျားဆိုတာ တောထဲသွားဖွပ်ရတာလို့ သိရာကနေ ဦးနေဝင်းကြီးလက်ထက်ရောက်မှ နိုင်ငံခြားတွေဘာတွေ သင်တန်းလွှတ်ပြီး သံဇကာပုံးကလေးတွေနဲ့ မွေးယူလို့ရတယ် လို့ သိတာ။ ဒါပေသိ ပျားဂေဟာဆိုပြီး ဘာပြုလို့ ကြက်ဥတွေ ငုံးကြော်၊ ကြက်ကြော်တွေ ရောင်းနေပါလိမ့်လို့ မှတ်တာ။ အခုမှ သဘောပေါက်တယ်။ ဝန်ကြီးဋ္ဌာနက တစ်ခုတည်းကိုး။
အဲသည်ကျွန်းကနေ ရေခဲဆိုင်မှတ်တိုင်မရောက်ခင် ကွေ့လိုက်ရင် မြေပဒေသာကျွန်းလို့ခေါ်တဲ့ သစ်ပင်ပန်းမာန်ပျိုးဥယျာဉ်ကိုရောက်တယ်။ “စိုက်ပါစားပါ တို့များမြေပဒေသာ” ဆိုပြီး ဦးနေဝင်းခေတ်မှာ အကြီးအကျယ် မြေတောင်မြှောက်ပေးတဲ့နေရာပေါ့။ သစ်သီးဝလံ ပန်းမာန်ပြိုင်ပွဲလုပ်ပြီး အကြီးဆုံး ဗူးသီးခရမ်းသီးကြီးတွေကို ဆုပေးတယ်။ ပျိုးပင်၊ မျိုးစေ့၊ မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမာန်အကုန် ဝယ်လို့ရတယ်။ တရုတ်ပြည်ကို အားကျလို့လား မသိပါဘူး။ ပဒေသာကပွဲတွေ ခဏခဏလုပ်ပြီး ရေရေလည်လည် ဝါဒဖြန့် လှုံ့ဆော် အားပေးခဲ့တဲ့နေရာတစ်ခုပေါ့။ ရေဒီယိုထဲမှာလည်း အပတ်တိုင်းလာတယ်။ တောင်သူလယ်သမားရေးရာ ဆွေးနွေးစရာတို့၊ အလုပ်သမားရေးရာ ဆွေးနွေးစရာတို့၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့တို့။ (ရွာမှာဖြင့် ထွန်စက်မမြင်ဖူးလို့ စက်သံကြားရင် တစ်ရွာလုံးထွက်ကြည့်ရတုန်း)
မြေပဒေသာကို သူ့ဟိုဘက်က ဗိုလ်ချုပ်ပန်းခြံလောက်တော့ ကိုယ်တို့ သိပ်စိတ်မဝင်စားလှဘူး။ ဗိုလ်ချုပ်ပန်းခြံမှာတော့ ဗိုလ်ချုပ်ကြေးရုပ် ရှိတယ်လေ။ လက်တစ်ဘက်ကို နောက်မှာထားပြီး ကျန်တဲ့တစ်ဘက်ကို “ဒါ ဘယ်နှစ်ချောင်းလဲ ပြော” ဆို ရှေ့ကို ထုတ်ပြထားတယ်။ “ငါ့သားတို့ ကြီးလာရင် မိန်းမ ငါးယောက်လောက်တော့ ယူဦးနော့။” လို့ မှာချင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကလေးဆိုတော့ ပေါက်တတ်ကရ စုံနေအောင် ပြောတာ။ ဒါပေသိ ကြေးရုပ်ရှေ့ရောက်ရင်တော့ ငြိမ်ငြိမ်လေးရပ်ပြီး အလေးပြုမိပြန်ရော။ ဗိုလ်ချုပ်ပန်းခြံထဲဝင်ရင်တော့ ကြေးရုပ်ပြီးရင် ဟိုးအတွင်းထဲ လိုက်ပို့လေ့မရှိဘူး။ အဲသည်ဘက်က အတွဲတွေများလို့ ကလေးတွေ ဆော့လို့ မသင့်တော်ဘူး လို့ ထင်ပုံရတယ်။ ဝင်ကြည့်လည်း ဘာမှ ကြည့်စရာမရှိဘူးလေ။ ဒါန်းမရှိ လျှောမရှိ ဆီးဆောမရှိနဲ့ ခြေညောင်းရုံအဖတ်တင်မယ်။
ကိုယ်တို့ငယ်ငယ်တုန်းက ကန်တော်ကြီးပတ်ပတ်လည်ဟာ အခုလိုသံတိုင်စည်းရိုးတွေ ခတ်မထားဘူး။ တနေရာနဲ့တနေရာလည်း အဆီးအတားမရှိ ကူးလို့သန်းလို့ရတယ်။ ကန်တော်ကြီးထဲကရေဟာလည်း လူဆင်းကူးလို့ရအောင် သန့်သေးတယ်။ ကလေးတွေ ကျောင်းပြေးရင် ကန်တော်ကြီးထဲသာသွား၊ အိမ်ပြန်ချိန်တောင် မေ့သွားလိမ့်မယ်။ ငါးလွှတ်တဲ့လူကလာလွှတ်၊ ငါးဖမ်းတဲ့သူကလာဖမ်း၊ လမ်းလျှောက်တဲ့သူ၊ လေညှင်းခံတဲ့သူ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလာလုပ်တဲ့သူ၊ ရေကူးတဲ့သူ လှေစီးတဲ့သူ ၊လူပြတ်တယ် မရှိဘူး။ ဘာဝင်ကြေးမှလည်း မပေးရဘူး။ ကားမောင်းသင်တဲ့အခါမှာတောင် ကန်တော်ကြီးကို တပတ်ပြီးတပတ် ပတ်မောင်းပြီး ကရဝိက်နားက ကားပါကင်မှာ ဖင်ထိုးခေါင်းထိုးကျင့်ရတာ။ အကွေ့မတတ်လို့ အုတ်ခုံကြီးနဲ့ ဒုန်းကနဲ ချိတ်မိလည်း ဘာမှမဖြစ်ဘူး။ အင်းယားကန်လည်း အတူတူပဲ။ ကန်စပ်နားအထိ ကားမောင်းဝင်ပြီး ရေထဲဘီးတဝက်ဆင်းပြီး ကားရေဆေး လူရေချိုး လုပ်လို့ရတယ်။ ကိုယ့်ဘာသာကိုယ် မဆေးချင် အဲ့နားက ကုလားလေးတွေ မုန့်ဖိုးပေးပြီး ဆေးခိုင်းလည်းရတယ်။ သင်္ကြန်တွင်းဆို ရေပက်ခံကားတွေက ကန်တော်ကြီးစောင်းဖြစ်ဖြစ် အင်းယာကန်စောင်းဖြစ်ဖြစ် နားနားနေနေ အရိပ်ခို စားကြသောက်ကြပြီးမှ ညနေပြန်ထွက်တာ။ ဆိုင်တွေကလည်း ထူးထူးထွေထွေ မရှိပါဘူး။ အကြော်ဆိုင်၊ ကြံရည်ဆိုင်၊ ရခိုင်မုန့်တီဆိုင်က အလွန်ဆုံးပေါ့။ သုမောင်နဲ့ မေခလာတို့ အကြင်တို့လင်မယားရိုက်တော့ ကားတစ်စီးလုံး ကန်ထဲထိုးကျသွားတာ မှန်မရှိလို့ ရှေ့ကထွက်လာပြီး “မောင် ပျော်တယ်နော့။” ဆို ဇာတ်သိမ်းတယ်လေ။
ခုတော့ မောင်ကြီး မပျော်နိုင်ပါဘူးလေ။ ရှေးတုန်းကလို အများပြည်သူ နားနေအပန်းဖြေစရာဆိုတာ ဘယ်ဟာကမှ မရှိတော့ဘူး။ သံတံတိုင်းကြီး ပတ်လည်ခတ်လို့ ပိုက်ဆံပေးမှ အထဲဝင်ရတဲ့နေရာတွေ ဖြစ်ကုန်ပြီ။ ဒါတောင် အထဲဆိုတာ အထဲပဲ ပြောသေးတာ။ တကယ့်အထဲ မဟုတ်ဘူး။ အထဲမှာ ဆိုင်တွေဆိုင်တွေဆိုတာ မှိုလိုပေါက်ရုံမဟုတ်ဘူး။ ဟီးဟီးထနေတာ။ ကန်ပတ်လည်ခရေရိပ် ဘယ်အရိပ်မှမကျန်တော့ဘူး။ Royal Garden တဲ့။ Western Park တဲ့။ White Rice တဲ့။ Dolphin တဲ့။ Mai Thai တဲ့။ Utopia တဲ့။ Signature တဲ့။ အို ကိုယ်မရောက်ဖူး မကြားဖူးတဲ့ ဆိုင်ကြီး ကန္နားကြီးတွေကို အပြည့်ပဲ။ ပန်းခြံထောင့်ကွေ့ကလေးတွေကို ပုဏ္ဏားရိပ်စည်းရိုးကလေး ပိုင်းပိုင်းပြီး ဖွင့်တဲ့ စားသောက်ဆိုင်တန်းကလေးတွေဆိုတာ ဘန်ကောက်က ညဈေးတန်းကလေးကျနေတာပဲ။ တကယ့်ကို စားကောင်းသောက်ဖွယ်တွေကို နက်ဖြန်မဆိုင်း လိုသ၍ကို ကနေ့ရနိုင်ပြီ ဆိုတဲ့ အတိုင်း စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်။ အဆိုတော် အသစ်အဟောင်းတွေ ဆီးရီးအသစ်မိတ်ဆက်ချင်ရင်လည်း အဖိုးထိုက်အဖိုးတန် ခန်းမငှားမနေနဲ့။ ကန်တော်ကြီးထဲက ကျွန်းတကာ့ကျွန်း စိတ်ကြိုက်ငှားစမ်းပါလေ့။ လူထုမရိသတ်ပါ စုပြီးသားရမယ်။ စိုင်းစိုင်းတစ်ယောက်တည်း မွေးနေ့လုပ်လုပ်လာတာတောင် မျှော်စင်ကျွန်းမှာ ဘယ်နှစ်ခွေရှိပြီလဲ မမှတ်မိတော့ဘူး။ (အသက်သိမှာစိုးလို့ မသိခြင်ထောင်ထောင်ပေးလိုက်တယ် သပ်လား။)
ကန်တော်ကြီးဆိုတာ ကိုယ်တို့ငယ်ငယ်ကလို အများပြည်သူ အပန်းဖြေနားနေစရာ အရပ်မဟုတ်တော့ဘူး။ စတုဒီသာ လေးမျက်နှာမှ လာလာသမျှသော လူထုပရိသတ်ကို ပါးပါးတစ်မူ ထူထူတစ်ရပ် အထပ်ထပ် လှီးဖြတ်စားသောက်ရာ ဒေါ်ရိပ်ကြီးစခန်း ဖြစ်သွားပြီ။ လေရှူချင်လည်း အလကားမရဘူး။ ပုဝါလည်းမကူနဲ့ ရေလည်းမရှူနဲ့။ သေဖို့သာ ပြင်ထား။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင်မစပါ။ သူတို့ကိုလည်း အမြတ်ကြီးစားလှချည့် မဆိုပါဘူး။ သူတို့ ပေးရကမ်းရတာတွေကလည်း ကြောက်ခမန်းလိလိပါ။ ခုံကလေး သုံးလေးဝိုင်းခင်းစာ ထောင့်ချိုးကလေးတစ်ကွေ့ကို တစ်လ ၃၅ သိန်းပေးရသတဲ့။ ရောင်းရတော့ဖြင့် ပုဇွန်ခွက်ကြော်သာသာ။ ဘီယာကလေးတွဲထားလို့တော်တော့။ အဲ့ဒါ အမိုးမပါ အကာမပါ လမ်းဘေးပန်းခြံပဲရှိသေးတာ။ ရှေ့မှာ နံမည်တပ်ပြောထားတဲ့ အခိုင်အမာဆောက်ထားသော အဆောက်အဦကြီးကြီးမားမားတွေ မပါသေးဘူး။ သိထားစေချင်တာကတော့ အဲသည်ကန်တော်ကြီးပတ်ပတ်လည် ပရဝုဏ်ကြီးတစ်ခုလုံးကို တစ်နှစ်စာ သိန်း ၃၅၀ နဲ့ လေလံအောင်သွားသူကတော့ ဘဘဦးရွှေမန်းသားနဲ့ သူ့ခမည်းခမက်ကြီးလို့ဆိုတယ်။ ပြည်သူ့ရင်ပြင်ထဲက Cultural Valley ကြီး ဘယ်သူပိုင်သတုန်း။ ဘယ်လောက်နဲ့ ရသွားသတုန်းရော မေးကြည့်လိုက်ပါဦး။ တယ် အနစ်နာခံကြပေသကိုး။ သည်လူတွေမှ သူဋ္ဌေးမဖြစ် ဘယ်သူမှ မဖြစ်တော့ဘူး။ တော်ပါပြီကွယ်။ ရေးရတဲ့သူတောင် ရှက်လာပြီ။ သူများကြီးပွားတာ မနာလိုဘူး ဖြစ်ဦးမယ်။ သူရိယနေဝန်းထဲလည်း အပါမခံနိုင်ပါဘူး။
လုပ်ကြပါ လုပ်ကြပါ။ ကန်တော်ကြီး အင်းလျားလည်း မသွားချင် ကိုယ်လေ မသွားဘူး။ ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်။ ကိုယ်မှမပိုင်တော့တာ။ ပြည်သူလည်း မပိုင်တော့ဘူး။ သူတို့ပဲ ပိုင်ကြပါတယ်။ မြေကိုလည်းပိုင် ရေကိုလည်းပိုင် ကိုယ်တို့အသက်ရှူနေတဲ့လေကိုလည်း သူတို့ပဲ ပိုင်တယ် မဟုတ်လား။ မောင့်အသည်းနှလုံးကို သူသာပိုင်။ မူပိုင်ရှင်မကြီး ဘယ်သူ့မှမနိုင်။ ပြောလိုက်ရင်တော့လည်း ဘုရားတကာကြီးတွေလောက် တိုင်းပြည်အပေါ် စေတနာထားတာ ဘယ်သူမှမရှိ။ လက်တွေ့မှာတော့ နက်ဖြန်သဘက်ခါ မဖြစ်မနေ ပေးရတော့မှာတောင် ပြန်ပြန်လုဖို့ချည့် အကြိမ်ကြိမ်စဉ်းစားနေတယ်။ “အေးပါ အေးပါ။ မင့်အမေတက်တော့မှ မင့်အမေဆီတောင်းယူပေါ့” လို့ ပထွေးမင်းများက အချွန်နဲ့မနေပါဦးမယ်။ “ဘကို မဲပေးလေ။ လွှတ်တော်ထဲမှာ အစိုတင်သွင်းပေးမယ် အခြောက်တင်သွင်းပေးမယ်” လည်း လာမပြောပါနဲ့။ စိတ်ကုန်လွန်းလို့။ တကယ်ဆို သည်အရာဟာ တောင်းယူရမယ့်အရာလား စဉ်းစားကြည့်စမ်းပါ။ ကမ္ဘာဦးအစ မဟာသမ္မတမင်းများ လက်ထက်မှာကတည်းက မြို့တည်ရွာတည် တိုင်းပြည်တည်ရင် ရပ်နီးရပ်ဝေး အာဂန္ဓု ပုဂ္ဂိုလ်များ နားနေတည်းခိုစရာ ဇရပ် တန်ဆောင်း၊ ဥယျာဉ်ပန်းမံ၊ ရေကန် ရေတွင်း၊ တလင်းမြေပြန့်တို့ အခမဲ့ပေးဝေရစမြဲပဲ မဟုတ်လား။ သည်ကနေ့မှ လျှပ်စစ်မီးမြင်ဖူးတဲ့ ကျုပ်တို့ရွာမှာတောင် ရွာလည်ဇရပ်မှာ အုတ်ကန်ကလေးခတ်ပြီး ခရီးသွားဧည့်သည် ရပ်ဝေးအလှူခံလာရင် လူရောနွားပါ နားစရာ နေရာ ပေးထားသေးသဗျ။ ဘယ့်နှယ် မြို့တော်ရန်ကုန်လည်းဆိုသေးရဲ့။ ရေချမ်းစင်ကလေး တစ်ခုတောင် ရှာမရ။ အင်အင်းပါချင်တောင် ပိုက်ဆံပေးမှ ခြေနှစ်ဘက်ခွလို့ရတဲ့အရပ်။ ဒါတော့ နှမြောလို့ မဖြစ်ပါဘူးလေ။ နို့မို့ ကိုယ့်ဖင်ကချေးလည်း သူတို့ပဲ ပိုင်တယ်ဆို လာသိမ်းချင်သိမ်းနေမှာ။ ကြောင်များလို မြေကြီးနဲ့မဖုံးနိုင်တောင် ရေကလေးတော့ ဆွဲချမှဖြစ်မယ်။ တော်နေကြာ ကရဝိက်ရေခဲမုန့်ပုံကလေး ထွက်အောင် ဟိုလိုလေး ဝိုက်လိုက်ပါဦး သည်လိုလေး လှည့်လိုက်ပါဦး လာခိုင်းနေမှ ဒုက္ခ။ တွေးရင်းနဲ့တောင် စတွန့်သွားတယ်။ ဂယ်ဘဲ ဂယ်ဘဲ။ အဝေးထိန်း ခလုပ်တို့နဲ့ မထိန်းချုပ်လည်းပဲ။ ဝေးဝေးက မင်းကလေး သဘောအတိုင်းပဲ။ အာဟား။ သိပ်ပိုင်တဲ့ မင်းပဲ။

စိုးမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...