Wednesday, February 24, 2016

အနှုလက်နဲ့ ရွှေခွက်ကိုနှိုက်နေတဲ့ ဦးဘုန်း(ဓာတု) မန္တလေးရဲ့ အတွေးမှား အရေးမှား စွယ်တော်စာစုများ (မောင်သွေးချွန်)

Aye Thandarsoe

'အမျိုးသားရေးသမိုင်းခေတ်ရေစီးကြောင်းထဲမှာ ရေပလုံစီကလေးတွေထပွက်သံကိုလည်း အခါ အားလျော်စွာ ကြားခဲ့ရတယ်။ “ဦးဘုန်း(ဓာတု)မန္တလေး” ဆိုတာလည်း ခေတ်ရေစီးထဲက ရေပလုံစီ ကလေးတစ်ခုမျှသာပါပဲ။ ခေတ်ရေစီးသံထဲမှာ ရေပလုံစီလေးတွေထပွက်သံကိုလည်း တစ်ခါတစ်ရံကြား ခဲ့ရတယ်။ ဦးဘုန်း(ဓာတု)ရဲ့ “ပန်းသေနတ်” စာအုပ်မိတ်ဆက်ပွဲတုန်းက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားစတဲ့ မင်းတရားကြီး တွေအကြောင်း သမိုင်းဘာသာရပ်မှ မသင်ပေးဖို့ (ဝါ) ဖြုတ် ပစ်ဖို့ ရွှေဉာဏ်တော်စူးရောက်စွာနဲ့ ကယောင်ကတန်း တောင်မှန်းမြောက်မှန်းမသိ ပြောဖူးခဲ့တယ်။

သူ့အကြောင်းပြချက်ကတော့ ဘုရင့်နောင်တို့ အနော်ရထာတို့ ဆိုတာ ခက်ထန်ကြမ်းတမ်းတဲ့ စစ်ဘုရင်ကြီးတွေဖြစ်လို့ ဒီဘုရင်ကြီးတွေအကြောင်း သင်ယူနာကြားတဲ့ ကျောင်းသားကျောင်းသူတွေကြားမှာ အမုန်းတရားအမုန်းစကားတွေ စွဲထင်ကုန်မှာစိုးလို့တဲ့။ ဓာတုဗေဒကျူရှင်ဆရာက သမိုင်းဘာသာရပ်ကို လူတတ်လုပ်ပြီး ဆင်ဆာဖြတ်နေတာလေ။ မြန်မာ့သမိုင်းမှာ ဘုရင့်နောင်တို့ အလောင်းမင်းတရားတို့ကို ဖယ်နှုတ်လိုက်ရင် သမိုင်းဘာသာရပ်ဆိုတာတောင် ရှိမှာမဟုတ် တော့ဘူး။ သမိုင်းခါးပြတ်၊ သမိုင်းခေါင်းပြတ်ကြီးဖြစ်သွားတော့မယ်။ ဓာတုဗေဒ ဘာသာရပ်မှာရော အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် စတဲ့ ဟိုဂျင် ဒီဂျင်တွေ မသင်ဘဲ ခုန်ပျံကျော်လွှားပြီး “ဓာတုအတတ် တစ်ဖက်ကမ်းခတ်စေသတည်း” လို့ လုပ်လို့ရပါသလား။ သမိုင်းဆိုတာ အရှိတရားပါ။ အရှိတရားကို ဘာဖြစ်လို့ ကြောက်ကြောက်လန့်လန့် ငြင်းပယ်နေရသလဲ။ ဘုရင့်နောင်က ဦးဘုန်း(ဓာတု)ရဲ့ ခေါင်းကို မဖြတ်ပါဘူး။
ဦးဘုန်း(ဓာတု)တစ်ယောက် အမျိုးသားသစ္စာဖောက်ဖြစ်သွားရင်တောင်မှ ဘုရင့်နောင်က ခေါင်းဖြတ်သတ်မှာ မဟုတ်ပါဘူး။ ဘုရင့်နောင်က သူကိုအကြိမ်ကြိမ်လုပ်ကြံတဲ့ ဗညားဒလကိုတောင် ခွင့်လွှတ်တယ်။ အဲဒီလောက် ထိ မေတ္တာတရားကြီးမားတယ်။ အိုင်အက်စ်ခေါ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့ကတော့ သူတို့ဘာသာတူအချင်းချင်းတောင် ခေါင်းဖြတ်သတ်နေတာ။ သူတို့ဘာသာထဲမဝင်လို့ကတော့ ပန်းသေနတ်နဲ့ ပစ်မှာမဟုတ်ဘူး။
တကယ့်သေနတ်အစစ်ကြီးနဲ့ ပစ်ရင်တောင် ကျည်ဆံကုန်မှာစိုးလို့ ခေါင်းဖြတ်သတ်မှာ၊ ဦးဘုန်း(ဓာတု)ကို ဟိုဂျပန်သတင်းထောက်ကို ပြန်ပေးဆွဲသွားသလို ဓားစာခံအဖြစ် ဖမ်းထားမယ်ဆိုပါစို့။ ဦးဘုန်းတစ်ယောက် အာပေါက်အောင်မေတ္တာစကားတွေပြောနေလည်း အိုင်အက်စ်တွေက လွှတ်ပေးမယ်မထင်နဲ့၊ ဒေါ်လာသန်းနှစ်ရာလောက်နဲ့ ရွေးရင်တော့ လွှတ်ကောင်း လွှတ်ပေလိမ့်မယ်။ အဲဒီတော့ ဦးဘုန်းရေ သမိုင်းကို ဆင်ဆာမဖြတ်ချင်ပါနဲ့။ မင်းကောင်းမင်းမြတ်တွေအကြောင်း သင်ယူဖို့ လိုအပ်သလို မင်းဆိုးမင်းညစ်တွေအကြောင်းလေ့လာပြီးတော့လည်း သမိုင်းသင်ခန်းစာယူနိုင်ပါတယ်။
ဘုရင့် နောင်တို့ အလောင်းဘုရားတို့ စစ်တိုက်ခဲ့တယ်ဆိုတာလည်း အလကားနေရင်း အားလို့ယားလို့ တိုက်ခိုက် ကြတာမဟုတ်ပါဘူး။ ဒီမင်းနှစ်ပါးရဲ့ တူညီတဲ့သစ္စာအဓိဋ္ဌာန်ပြုချက်က “ငါတည်းသာသနာပြုနိုင်ရင် ငါကအောင်မြင်ပါစေ၊ သူတည်းသာသနာပြုနိုင်လျှင် သူကအောင်မြင်ပါစေ” တဲ့။ အလောင်းမင်းတရားကြီးက ဘုရင့်နောင်သစ္စာဓိဋ္ဌာန်ပြုခဲ့ပုံကို စံနမူနာကောင်းယူပြီး အဲဒီလိုသစ္စာဆိုခဲ့တာပါ။ ကမ္ဘာ့သမိုင်းမှာ ဘယ်ဘုရင် မင်းမှ အဲဒီလောက်ပြောင်မြောက်တဲ့ သစ္စာအဓိဋ္ဌာန်ပြုတာမျိုးမရှိခဲ့ပါ။ ငါနိုင်ဖို့သာ အဓိက၊ ငါအောင်ဖို့သာ ပဓာန ဆိုတဲ့မူဝါဒတွေကြားမှာ “သူကသာသနာပြုနိုင်လျှင် သူအောင်ပါစေ” လို့ အလွန်တရားမျှတစွာ သူ့အတွက် ဆုတောင်းပေးတဲ့ ဘုရင်မျိုး ကမ္ဘာ့သမိုင်းမှာတောင်မရှိခဲ့ဖူးပါဘူး။
ဘေးလောင်းတော်၊ ဘိုးလောင်းတော် ကျွန်တော်တို့ရဲ့ ဘုရင်တွေစစ်တိုက်ခဲ့တယ်ဆိုတာ သာသနာတော်ကြီး အတွက်ပါ။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချီးမြှောက်ဖို့အတွက် စစ်တိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဇာတိပုညဂုဏ်မာနဆိုတာ သမိုင်းကောင်းအစဉ်အလာ၊ သမိုင်းကြောင်းအမွေအနှစ်ပါပဲ။ ဆရာဇော် ဂျီက ဇာတိမာန်စာဆိုကြီး ဦးလွန်းလို့၊ ဆရာကြီးသခင်းကိုယ်တော်မှိုင်းကို ချီးမွမ်းအလေးပြုခဲ့တာ ဆရာကြီးဟာ သမိုင်းရာဇဝင်ထဲက သူရဲကောင်းတွေအကြောင်း စာဆိုစာဖွဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တွေကို တော်လှန်ဖို့ နှိုးဆော် လမ်းပြခဲ့လို့ပါပဲ။ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းထိုးရလောက်အောင် ကြီးကျယ်မြင့်မြတ်လှတဲ့ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့အကြောင်းတွေသာမက မင်းရဲကောင်းပုံတို့လို တပ်မှူးငယ်တွေ၊ အမတ်ဒိန် တို့ သမိန်ဗရမ်းတို့လို သူရဲကောင်းတွေအကြောင်းကို ကျွန်တော်တို့ အကြိမ်များစွာ ထပ်ခါထပ်ခါ သင်ကြားနေ ရပါလိမ့်မယ်။ ဦးဘုန်း(ဓာတု)မန္တလေးက မကြံအပ်မစည်ရာသမိုင်းကို ဆင်ဆာဖြတ်ဖို့ ပြောခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ သမိုင်းစကားတွေပြောခဲ့ရေးခဲ့တာတွေရှိခဲ့ပါတယ်။
၂၀၁၄ နိုဝင်ဘာလက ထုတ်ဝေခဲ့တဲ့ “စွယ်တော် (နေ့စွဲ အတွေးရသစာစု)” စာအုပ်မှာ အလောင်းဘုရားတို့ သီပေါမင်းတို့အကြောင်းတွေ ပြောက်တိပြောက်ကျား ပြောလာတာတွေ့ခဲ့ရပါတယ်။ သမိုင်းစကားတွေကို ဦးဘုန်း(ဓာတု)မှန်မှန်ကန်ကန် ပြောနိုင်ရဲ့လား။ အလောင်းမင်းတရားကြီးအကြောင်းကို ဒီလိုပြောထားပါတယ်။ “၁၇၁၄ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွားမြင်တယ်။” (စာ-၈၀) “အသက် ၅၈ နှစ်အထိ နေခဲ့ရတယ်။”(စာ-၈၁) “၁၇၆၀ မေ(၁၁)ရက်နေ့မှာ နတ်ရွာစံတယ်။” (စာ-၈၃) အဲဒီမှာ နတ်ရွာစံတဲ့ ၁၇၆၀ ခုနှစ်ထဲက ဖွားမြင်တဲ့ ၁၇၁၄ ကို နှုတ်ကြည့်လိုက်ပါ။ သက်တော် ၄၆ နှစ်သာနေခဲ့ရတယ်ဆိုတဲ့ အဓိပ္ပါယ် ပေးလွင်နေတယ်။ ဒါပေမယ့် အသက် ၅၈ နှစ်ထိ နေခဲ့ရတယ်လို့ ဆိုပြန် တယ်။ မွေး/သေ နေ့စွဲတွေ သူ့ဟာသူရေးပြီး သူ့ဟာသူအမှားကြီးမှားနေလေတော့တယ်။ ၁၇၆၀ ထဲက ၁၇၁၄ ခုကို နှုတ်ကြည့်တာ အကြွင်း ၅၈ ရသလား။ ဦးဘုန်း(ဓာတု)ဟာ သမိုင်းဘာသာရပ်မှာသာမက သင်္ချာဘာသာ မှာလည်း အတော်ညံ့ဖျင်းတာတွေ့လိုက်ရတယ်။ နဂါးဗိုလ်ထိပ်တင်ထွေးပြုစုခဲ့တဲ့ “ဘုန်းဘောင်မဟာရာဇဝင်အကျဉ်း” စာအုပ်ကြီးမှာ “အလောင်းမင်းတရားကြီး သည် ၁၀၇၆ တော်သလင်းလပြည့်၊ သောကြာနေ့ညဥ့် တစ်ချက်တီးကျော်၊ ဓနသိဒ္ဓိနက္ခတ်၊ မွန်းတည့်၊ ပြိဿာလက်၊ ကုန်းစန်း၊ သိဟ်တွင် တနင်္ဂနွေ၊ စနေ၊ ကန်တွင် ဗုဒ္ဓဟူး၊ သောကြာ မိဿတွင် ကြာသပတေး၊ ကရကဋ်တွင် အင်္ဂါ၊ ဗြိစ္ဆာတွင် ရာဟု၊ နက္ခတ်စဉ် ၂၂ လုံး ၂ပါဒ်၊ ၁၃ ဗိဇနာတွင် ဖွားမြင်တော်မူသည်” လို့ ဖော်ပြထားပါတယ်။
“သက္ကရာဇ် ၁၁၂၂ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ နံနက် မိုးသောက်ယံအချိန်တွင် နတ်ပြည် စံတော်မူသည်” လို့ ရေးထားပါတယ်။ (စာ-၂၂၈၊ ၂၂၉ ရှု) နတ်ပြည်စံ ၁၁၂၂ ဖွားတော်မူ ၁၀၇၆ သက်တော် ၄၆ နှစ်နေသွားရပါတယ်။ ဦးဘုန်း(ဓာတု)က “အသက် ၅၈ နှစ်အထိ နေခဲ့ရတယ်” လို့ ရေးလိုက်တာဟာ သွက်သွက်ခါအောင် မှားသွားတော့တာပါပဲ။ ဦးဘုန်း(ဓာတု)က အလောင်းဘုရားအကြောင်း သူ၏ စာသင်ခန်းထဲမှာ ကလေးတွေကို ခပ်တည်တည်နဲ့ ဖိန့်ပြောပြောနေခဲ့ရာမှာ “ကျွန်တော်က လက်ထဲတွင်ကိုင်ထားသော ညိုမြ၏ “ကုန်းဘောင်ရှာပုံတော်” စာအုပ်ကြီးကို ထောင်ပြလိုက် သည်” လို့ စာမျက်နှာ ၈၂ မှာရေးထားပါတယ်။ ဒါနဲ့ ကုန်းဘောင်ရှာပုံတော်ကို ပြန်ဖတ်ကြည့်တော့ သူပြောသလို အလောင်းဘုရားဟာ ၁၇၁၄ ဖေဖော်ဝါရီ ၁၃ ရက်မှာ မွေးတယ်လို့ မပါ။ ကုန်းဘောင်ခေတ်ကို စတင်ထူထောင်ချိန်ကိုလည်း မြန်မာသက္ကရာဇ်နဲ့ ၁၁၁၅ လို့ ပြထားတယ်။
ဦးဘုန်း(ဓာတု)က အလောင်းဘုရားရဲ့ မွေးနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူတူပဲ၊ ဖေဖော်ဝါရီ ၁၃ ရက်လို့ဆိုလိုက်တော့ ကုန်းဘောင် မဟာရာဇဝင်က ပြဆိုထားတဲ့ တော်သလင်းလပြည့်လို့မွေးရက်နဲ့ အတော်ဝေးကွာနေတယ်။ တော်သလင်းဆိုတာ စက်တင်ဘာ လဝန်းကျင်ဖြစ်နေလို့ပါပဲ။ (စောရင် သြဂုတ်၊ နောက်ကျရင် အောက်တိုဘာပေါ့၊ ဖေဖော်ဝါရီအထိတော့ မဝေးကွာ မခြားနားလှဘူးထင်ပါတယ်)။ ဦးဘုန်း(ဓာတု)မန္တလေးဟာ အလောင်းဘုရားအကြောင်းကို “ဖေဖော်ဝါရီနေ့စွဲများ” ဆိုတဲ့ အခန်းမှာရေးခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ခေါင်းစဉ်မှာလည်း (နေ့စွဲအတွေးရသစာစု)လို့ ညွှန်းထားတယ်။ နေ့စွဲမှား အတွေးမှားတွေ လို့ပဲ ဆိုရလိမ့်မယ်။ “နည်းနည်းဖတ်ပြီး များများတွေးဖို့” လို့ ညွှန်းလိုက်သေးတယ်။ များများတွေးလိုက်ရင် ဦးဘုန်း(ဓာတု)ဟာ သမိုင်းကိုငါးပြားဖိုးမှ နားလည်သူမဟုတ်ကြောင်း ထင်ရှားတယ်။
မသိနားမလည်ဘဲ ကျောင်းသူ၊ကျောင်းသားတွေကို ဆရာလုပ်နေကြောင်းလည်း ပေါ်လွင်တယ်။ သူကိုယ်တိုင် က မသိကြောင်း ဝန်ခံထားတာတွေ ဖော်ပြထားလို့ပါပဲ။ ကျောင်းသူတစ်ယောက်ကမေးတယ်။ “……အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက တိုင်းပြည်တိုးတက်ရေးအတွက် စစ်တိုက်ခဲ့ရတာဆို၊ ဆရာ သိသလောက်ပြောပြပါလား” “ငါလည်း အများကြီးတော့ မသိဘူးကွ”(စာ-၈၂) ကျောင်းသားတစ်ယောက်ကမေးပြန်တယ်။ “ကုန်းဘောင်မင်းဆက် ၁၁ ရှိတယ်ဆို၊ အဖေတူသား ဘယ်နှစ်ယောက်ပါသလဲခင်ဗျ” “မင်း မေးခွန်းက မြင့်လှချေလား၊ အဲဒီလောက်အထိတော့ ငါလဲမသိဘူး”(စာ-၈၄) အဲဒီလို မသိဘဲနဲ့ ဆရာကြီးလုပ်ထားကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ စာသင်ခန်းထဲမှာ ပြီးတော့ ဟောပြောပွဲတွေမှာ လက်လွတ်စပယ်ပြောချင်ရာပြောလို့ရပေမယ့် စာပေအဖြစ်ရေးသားပြုစုရာမှာတော့ ရမ်းတုတ်ရင် ယုတ်တမ်းစာရင်းဝင်ဖြစ်သွားလိမ့်မယ်။
သမိုင်းအချက်အလက်တွေရေးမယ်ဆိုရင် စာအုပ်ကြီး ထောင်ပြနေရုံနဲ့မလုံလောက်ဘူး။ သေသေချာချာဖတ်မှတ်ပြီး တိုက်ဆိုင်စစ်ဆေးဖို့လည်း လိုပေလိမ့်မယ်။ ဦးဘုန်း(ဓာတု)မန္တလေးရဲ့ ယုတ်တမ်းတွေကတော့ ပြောလို့မကုန်သေးပါဘူး။ အလောင်းမင်းတရားကြီး အကြောင်းအရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို ဟောဒီလို လွဲလွဲမှားမှားဖော်ပြထားပြန်တယ်။ “၁၇၅၅ မှာ ရန်ကုန်မြို့သစ်ကြီးကို တည်ဆောက်တယ်လို့ ဆရာမှတ်သားဖူးတယ်။ ရန်ကုန်ဆိုတဲ့ အမည်ကို လည်း အလောင်းမင်းတရားကြီးက ပေးခဲ့တာတဲ့။ ရန်ကုန်ဆိုတာ ရန်အပေါင်းကုန်ဆုံးခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခဲ့တာမဟုတ်ဘူးတဲ့”(စာ-၈၃) အလောင်းမင်းတရားကြီးဟာ အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင်စတဲ့ မြန်မာ့ရိုးရာ အဆင့်မြင့်ပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုခဲ့ကြောင်း သမိုင်းစာအုပ်တွေထဲမှာပါပြီးဖြစ်တယ်။ ဒဂုန်ကို ရန်ကုန်လို့ သမုတ်ခဲ့တာလည်း “ရန်အပေါင်းကုန်ဆုံးခြင်း” အဓိပ္ပါယ်ဖြစ်ကြောင်း ၁၉၆၇ ခုနှစ်မှာ ဒုတိယအကြိမ်ပုံနှိပ် ထုတ်ဝေခဲ့တဲ့ နဂါးဗိုလ်ထိပ်တင်ထွေးရဲ့ “ကုန်းဘောင်မဟာရာဇဝင်အကျဉ်း” မှာ အောက်ပါအတိုင်း ဖတ်မှတ် နိုင်ပါတယ်။
“ရန်ကုန်ဟုသမုတ်တော်မူခြင်း” ဒဂုံမြို့ ရာဟောင်းတောဖြစ်၍ရှိသည်ကို မြို့သစ်တည်ရန် တောခြုံပုတ်၊ ပေါင်း၊ အိုင်၊ အင်း၊ ကုန်း၊ ကြည်း ရှိသည်များကို ခုတ်ထွင်ရှင်းလင်း တူးဖို့စေသည်။ မြို့သစ်ကို ကျုံး၊ မြောင်း၊ တံခါး၊ ပြအိုး စသည့် မြို့၏ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာပြီးအောင်လုပ်တော်မူ၍ သက္ကရာဇ် ၁၁၁၇-ခု၊ ကဆုန်လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့ပြီးလေသော်- ရန်ခပ်သိမ်းတို့ကို သည်ကနေ့ကစ၍ ကုန်လအောင်လုပ်ကြံတော်မူမည် အမိန့်တော်ရှိ၍ ရန်ကုန်ဟု သမုတ်တော်မူသတည်း။ (စာ-၁၁၄) အခြားသော သမိုင်းစာအုပ်တွေမှာလည်း ဒီလိုပဲတွေ့ခဲ့ရပါတယ်။ ဦးဘုန်း(ဓာတု)က “ရန်ကုန်ဆိုတာ ရန်အပေါင်းကုန်ဆုံးခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ယူခဲ့တာမဟုတ်ဘူး”လို့ ဘာကို ကိုးကားပြီး ဘာ့ကြောင့် ပြောနိုင်ရတာလဲ။ ကိုယ်မသိမတတ်တဲ့ ဘာသာရပ်အပေါ် ဘာ့ကြောင့် တတ်ယောင်းကား ဝင်လုပ်ချင်ရတာလဲ။ သူ့စာအုပ်ကို “နေ့စွဲ အတွေးရသစာစု” လို့ ညွှန်းထားတဲ့ ဦးဘုန်း(ဓာတု)ဟာ သမိုင်းရာဇဝင်နဲ့ ပတ်သက်လာရင် လူအထင်ကြီးအောင် မိုးပြောဂျိုးပြောအလွဲအမှားတွေပြောတတ်ရုံအဆင့်သာရှိလေတော့ သူ့စာအုပ်အဖွင့်မှာပဲ ဒီလိုရေးထားတာတွေ့ခဲ့ရတယ်။
“စာသင်ခန်းထဲသို့ ရောက်သည်နှင့် ကျောင်းသားကျောင်းသူများက မင်္ဂလာပါ” ဟု နှုတ်ဆက်ကြလေ၏။ “ကဲဟေ့ နေ့စွဲတပ်ကြ၊ ငါတို့လူမျိုးတွေဟာ နေ့စွဲတွေ မှတ်တမ်းတွေနဲ့ အလုပ်မလုပ်တတ်ကြဘူး၊ ဒီနေ့က ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးနေ့ မင်္ဂလာနော်”(စာ-၁၇) သမိုင်းရာဇဝင်စာအုပ်တွေ ကောင်းကောင်းမဖတ်ဖူးကြောင်း သူ့စကားက သက်သေခံနေတယ်။ မှန်နန်း ရာဇဝင်တော်ကြီးတစ်အုပ်လုံး နေ့စွဲတွေတင်းကြမ်းပြည့်ပါရှိတာသိပါလေစ။ စာအုပ်စဖွင့်လိုက်တာနဲ့ “သက္ကရာဇ် ၁၁၉၁-ခု၊ မှန်နန်းတော်ဦးတွင်ပြုစုစီရင်တော်မူသော မှန်နန်းမဟာရာဇဝင်တော်ကြီး” တဲ့။ မှန်နန်းက ပုဂံနဂါးကျောင်းကျောက်စာကို ကိုးကားပြီး “သက္ကရာဇ် ငါးရာ့လေးဆယ်၊ ကြတိုက်နှစ်၊ တော်သလင်းလဆန်း တစ်ဆယ့်လေးရက်နေ့၊ သီရိတြိဘဝနာဒိတျာ ပဝရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ နရပတိစည်သူ အမည်ရှိသော အရိမဒ္ဒနာပြည်ကြီးအရှင်ဖြစ်သော မင်းမြတ်” လို့ နေ့စွဲနဲ့ အတိအကျဖော်ပြထားပါတယ်။
(မှန်နန်း၊ ပတွဲ၊ စာ-၃၀၅) အခြားသောရာဇဝင်ကျမ်းအစောင်စောင်မှာလည်း နေ့စွဲအတိအကျတွေနဲ့ပါပဲ။ ပုဂံခေတ်ကပင် နေ့စွဲရေးထိုးတဲ့ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီးဖြစ်ပါတယ်။ အခြားသော ပုဂံကျောက်စာတွေ စာရှည်သွားမည်စိုး၍ မဖော်ပြတော့ ပါ။ ဒီမှာဘက်ခေတ် ဒေါက်တာသန်းထွန်းတို့ရေးတဲ့ သမိုင်းစာအုပ်တွေမှာ နေ့စွဲတွေ ဖော်ပြထားတာ ဦးဘုန်း(ဓာတု) မတွေ့မိလေရော့သလား။ ဒါနဲ့တောင် ဆရာကြီးဒေါက်တာသန်းထွန်းကို မတန်မရာ ကိုးကားထားလေသေးရဲ့။ သမိုင်းဆိုတာ နိုင်ငံတစ်ခုရဲ့ နှလုံးသား သမိုင်းမိသူဟာ နှလုံးသားမရှိသူ သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့ ဤစကားလုံးများဖြင့် ဆရာကြီးကို တစ်ဖက်သတ်လေးစားနေသူ(စာ-၁၅၂) သမိုင်းဘာသာရပ်ကို ဆင်ဆာလုပ်ချင်သူ၊ သမိုင်းအမှားတွေရေးပြီး သမိုင်းကို ဖျက်ဆီးနေသူ ဦးဘုန်း(ဓာတု) ဟာ နိုင်ငံတစ်ခုလုံးရဲ့ နှလုံးသားကို ဖျက်ဆီးနေသူဖြစ်နေပါပြီ။
အနူလက်နဲ့ ရွှေခွက်နှိုက်သလို ဦးဘုန်း(ဓာတု) ဟာ အလောင်းမင်းတရားကြီးရဲ့ စကားကို ကိုးကားလိုက်သေးရဲ့။ “ငါ၏ အမျိုးအနွယ်ပင်ဖြစ်လင့်ကစား အမျိုးဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း မဆောင်ရွက်ဘဲ ကိုယ်ကျိုးကြည့်တတ်သောသူသည် ငါ၏ အမျိုးအနွယ်မဟုတ်”တဲ့။ (စာ-၈၁) ဒီနေ့ ဦးဘုန်း(ဓာတု)ဟာ အမျိုးဘာသာ သာနသာ လှုပ်ရှားမှုတွေရဲ့ ဆန့်ကျင်ဘက်ကိုရောက်နေတာ အားလုံးအသိပါ။ ဒါနဲ့များ အလောင်းမင်းတရားကြီးရဲ့ “အမျိုးဘာသာ သာသနာ” မှာတမ်းကို မအပ်မရာ ကိုးကားလိုက်သေးတယ်။ စာအုပ်အဖွင့် သီပေါမင်းအကြောင်း ပြောရာမှာလည်း ကျောင်းသူတစ်ယောက်က- “ဘုရင်တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ သတ်မှတ်ချက်ရှိလို့လားရှင့်” လို့ မေးတယ်။ “ဘုရင်တစ်ယောက်ရဲ့ အရည်အချင်းကို အတိအကျသတ်မှတ်ထားတာတော့ ငါမဖတ်ဖူးဘူး” လို့ ဦးဘုန်း (ဓာတု)က ဝန်ခံလိုက်ရရှာတယ်။(စာ-၂၂ရှု) သနားစရာကောင်းလိုက်တဲ့ ဦးဘုန်း(ဓာတု)ပါလား။ ဘုရင်တစ်ယောက်ရဲ့ အရည်အချင်း(မင်းကျင့်တရား ဆယ်ပါး) ကို မသိဘဲ မဖတ်ဖူးဘဲနဲ့ ဘုရင်တွေကို ခပ်တည်တည်နဲ့ ဟိတ်ဟန်ထုတ် ဟန်ဓာတ်ခုတ်ကြွားလုံး ထုတ်ဝေဖန်ပြနေတာ အနူလက်နဲ့ ရွှေခွက်နှိုက်နေတာပဲလို့ ဆိုလိုက်ချင်တယ်။
မောင်သွေးချွန်
___________________________________________-
Credited by - နို င်'

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...