Wednesday, February 24, 2016

#‎ကလေးကို_မရိုက်ပါနှင့်‬ ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Kyaw Thu Ya to စွယ်စုံကျမ်း

လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ပါသည်။ မကွေးဆေးရုံကြီးတွင် ညတာဝန်ကျသော အလုပ်သင်ဆရာဝန်လေးများ နံနက်ပိုင်းတွင် ကျွန်တော့်ဆီ ညတာဝန်ကျအစီရင်ခံစာ လာတင်ကြသည်။ ဖျား၍ ဆေးရုံတက်ရသော ကလေးတစ်ယောက် က ယခင်က ကျောရိုးကို ဓာတ်မှန်ရိုက်ထားဖူး တာ တွေ့ရသည်။ ဘာဖြစ်ခဲ့လို့လဲလို့ မေး၍ သူတို့ဆီက အဖြေရတော့ ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကလေးအမေက ကလေးကျောကို ၀ါးခြမ်းပြားနှင့် ရိုက်ထားသည်တဲ့လေ။
အခု ကလေးက လမ်းကောင်းကောင်း မလျှောက်နိုင်။ ကလေးကို ၀ါးခြမ်းပြားဖြင့် ရိုက်ခြင်းသည် တိုးတက်ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် လက်ခံနိုင်စရာအပြုအမူတစ်ခု မဟုတ်တော့ပါ။ ရိုက်မဆုံးမလို့ ကလေးက မကြောက်တော့ဘဲ ကြီးလာတော့ ဆိုးနေလျှင် ဘယ်လိုလုပ်မလဲဟု သူတို့က ဆင်ခြေပေးကြသော်လည်း ရိုက်တိုင်း လိမ္မာလို့လား၊ မရိုက်တိုင်း ဆိုးလို့လား၊ အရက်မူးသမားအဖေ မူးလာပြီး သားကို ရိုက်တတ်လျှင် ထိုသားကြီးလာတော့လည်း သူ့သားကို ရိုက်
တတ်သည့် အရက်သမားသာ ဖြစ်သည်။ မိဘက သားသမီးကို ဆုံးမတိုင်း သာယာ ညင်ပျောင်း ရှင်းပြတတ်လျှင် ထိုသားသမီးက နောင်တစ်ချိန် ယဉ်ကျေးလိမ္မာသော လူကြီး ဖြစ်လာမည်။ ဒါကို ကြည့်လျှင် ကလေးလိမ္မာတာ၊ မလိမ္မာတာ၊ ရိုက်တာ မရိုက်တာနှင့် မဆိုင်။ မိဘက စံပြမိဘဖြစ်ရန်၊ ဆုံးမတတ်ရန် အရေးကြီးသည်ဆိုတာ ထင်ရှားသည်။ အော်တာ၊ ငေါက်တာပင်လျှင် အမြဲ မကောင်း။ ကျွန်တော်က သားသမီးများနှင့် အတူနေချိန် နည်းပါး၍ ဟုတ်တိပတ်တိ မဆုံးမလိုက်ရ။ တာဝန်ကျရာကနေ သားသမီးဆီ တစ်ခါတလေ ပြန်ရောက်ခိုက် စိတ်ထဲ သဘောမတွေ့၍ အော်မည်၊ ငေါက်မည်ကြံလျှင် ဇနီးဖြစ်သူက “တစ်ခါတလေ လာတာ၊ ကလေးကို မဆူပါနဲ့။ အဖေကို မချစ်ဘဲ နေဦးမယ်”ဟု တားတတ်သည်။
ကလေးကို ရိုက်တာ ကျွန်တော် မကြိုက်ရသည့် အကြောင်းအချက်လေးတွေရှိသည်။ တစ်ခုက -
ရိုက်လို့မရသည့်ကလေးများရှိသည်၊ ကြိုတင် မသိနိုင်ပါ ...
---
ယောက်ျားလေးတချို့တွင် Haemophilia ခေါ် သွေးမတိတ်သည့် မွေးရာပါရောဂါရှိသည်။ မရိုက်ခင်က သိမည်မဟုတ်။ ကလေးက ပုံမှန်ကလေးနှင့်ဘာမှ မခြား။ ပြေးလွှားကစားနေမည်ပင်။ ရိုက်လိုက်မိလျှင်တော့ ရိုက်သည့်နေရာကြီး ဖောင်းတက်လာပြီး သွေးရည်အိတ်ကြီး ဖြစ်နေမည်။ မိဘကမှ သိချင်သိဦးမည်။ အမေဘက်က ဦးလေးများတွင်လည်း ဒီပြဿနာမျိုး ဖြစ်တတ်သည်ကိုး။ ကျောင်းဆရာ၊ ကျူရှင်ဆရာ၊ ဘယ်လိုမှ ကြိုမသိနိုင်။ ရိုက်မိပြီးမှ ရုံးပြင် ကနား ရောက်တတ်သည်။ ဒါက မွေးရာပါ။ မွေးရာပါမဟုတ်ဘဲ သွေးအတွင်းရှိ Platelet ခေါ် ဓာတ်တစ်မျိုးကျနေတတ်သည့် ကလေးများ ရှိသေးသည်။ များသောအားဖြင့် အအေးမိဗိုင်းရပ်စ်ပိုး ၀င်ခါစတွင် ဖြစ်တတ်သည်။ ထိုဓာတ်ကျနေခိုက်
ကလေးကို ရိုက်မိလျှင်တော့ အရေပြားသွေးမတိတ်သည့် ပြဿနာက အတော်ကြီးမည်။ ဒါက ယောက်ျားလေး မိန်းကလေးမရွေး ဘယ်အရွယ်မှာမဆို ဖြစ်နိုင်သည်။
ထို့ထက်ပိုကြောက်ရသည်က ဦးနှောက်ထဲတွင် မွေးရာပါ သွေးကြောထုံးရောဂါတစ်မျိုး (Aneurysm)ပါလာသည့် ကလေးမျိုး၊ အမှတ်တမဲ့ ကလေးခေါင်းကို ပုတ်ခတ်၍ရိုက်လိုက်လျှင် ပေါက် ထွက်သွားပါက သေလျှင်သေ၊ မသေလျှင် တစ်သက်လုံး ဒုကိ္ခတဖြစ်နိုင်သည်။
မွေးရာပါ အရိုးကြွပ်ဆတ်သော ကလေးများရှိသေးသည်။ Osteogenesis Impertecta ဟုခေါ်သည်။ အချို့ကလေးတွေက မျက်လုံး မျက်နက်ဘေးရှိ မျက်သားတွေက ပြာလဲ့လဲ့အရောင်ဖြစ်နေသော်လည်း အချို့က ပုံမှန်အတိုင်းသာရှိသည်။ ဒါကိုမသိဘဲ ရိုက်မိပါက အရိုးလေးများ အပိုင်းပိုင်းကျိုးသွားမည်။ သာမန်ကလေးများကဲ့သို့ ပြန်ဆက်ရန်မလွယ်ပါ။ ဘာရောဂါမှ မရှိဘဲလည်း ရိုက်မိလို့ အန္တရာယ်ဖြစ်တာရှိနိုင်သေးသည်။ ခေါင်းကို နည်းနည်းနည်းနည်းနှင့် ကြိမ်
ဖန်များစွာ ရိုက်မည် ဆိုပါစို့။ ချက်ချင်း ဘာမှ မဖြစ်လျှင်တောင် ဦးနှောက်တွင် ဒဏ်တဖြည်းဖြည်း စုလာမည်)။ Minimal Brain Dysfunction ဟုခေါ်သည်။ ရေရှည်မှာ သင်ကြားရေးနှင့် ဥာဏ်ရည်ကို ထိခိုက်စေနိုင်သည်။ နာတာရှည်အတက်ရောဂါ (Epilepsy)၊ အကြောလိုက်ရောဂါ (Parkinsonism) တို့ ဖြစ်လာနိုင်သည်။ လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဘ၀နေ၀င်ချိန်ကို မမေ့သင့်ကြပေ။
မရိုက်သင့်သည့် နောက်တစ်ချက်က ရိုက်ခြင်းသည် လေ့ကျင့်သင်ကြားပေးခြင်းကို အထောက်အကူမပြု၍ပင် ဖြစ်သည်။ ကလေးက သူဘာလုပ်၍ ရသည်၊ ဘာလုပ်လို့မရစသဖြင့် လေ့လာသင်ယူနေသည့်အရွယ်တွင် ကလေးက ခွင့်မ
မလွှတ်နိုင်သော အပြုအမူတစ်ခုကို ပြုလုပ်ပါက ထိုအတွက် တုံ့ပြန်ချက်သည် တစ်သမတ်တည်းသာ ဖြစ်ရပါမည်။ ရိုက်ခြင်းသည် ဘယ်လိုမှ တစ်သမတ်တည်း ဖြစ်နိုင်သည့် တုံ့ပြန်ချက်မျိုးမဟုတ်ပါ။
အမေနှင့်တိုးလျှင် ရိုက်မည်။ အဖေနှင့်တိုးလျှင် မရိုက်။ အဖေက တစ်ခါတစ်ရံ ဆူမည်။ တစ်ခါတစ်ရံ အမေ့ကို ပြောတော့ အမေက ရိုက်မည်။ အမေက စိတ်တိုနေသည့်အချိန်ဆို ရိုက်မည်။ ပျော်နေသည့်အချိန်ဆို မရိုက်။ အဘိုး၊ အဘွားအိမ်မှာ ရောက်နေလျှင် မရိုက်။ ရှုပ်ယှက်ခတ်နေသည်။ နောက်ဆုံးတော့ ကလေးသဘောပေါက်သွားမည်က လုပ်သာလုပ်၊ ကံကောင်းလျှင် အရိုက်မခံရ။ ကံဆိုးလျှင် အရိုက်ခံရမည်။
ကဲ . . .ဘယ်မှာလဲ လေ့လာသင်ယူမှု။
ထို့ထက်ဆိုးသည်က ငါလုပ်လျှင်တော့ ရိုက်သည်၊ ငါ့အစ်ကို လုပ်လျှင်တော့ မရိုက်။ (တကယ်တော့ အစ်ကို အရိုက်ခံရသည်ကို သူမသိတာလည်း ဖြစ်နိုင်သည်။) မိဘတွေက ငါ့ကိုမချစ်။ ငါက မွေးစားသားများလားမသိ။ ဒီဇာတ်ထုပ်ေ
တွက လိုက်လာဦးမည်။ ဒါကြောင့် အစကတည်းက ရိုက်သည့်နည်းက မသုံးဘဲထားတာ အကောင်းဆုံးပဲဟု ကျွန်တော်ပြောချင်သည်။
နောက်တစ်ချက်ကတော့ ရိုက်ခြင်းသည် ဒေါသထွက်သည့်အတတ်ကို ပေးရာကျသည်။ ဆုံးမသည်၊ ဆုံးမသည်သာပြောသည်။ ဒေါသမထွက်ဘဲ ကလေးကို ရိုက်သည့် မိဘ ဆရာ ဘယ်နှဦးများရှိနိုင်ပါမည်လဲ။ တကယ်တော့ ဒေါသနှင့်တုံ့ပြန်ခြင်းသာဖြစ်သည်။ ခွင့်မလွှတ်နိုင်သော အပြုအမူမျိုးကို ဒေါသနှင့် တုံ့ပြန်ပြပါက ဒီလိုပဲ တုံ့ပြန်တာ မှန်ကန်သည်ဟု ကလေးက သင်ယူပါလိမ့်မည်။ သူ့ရှေ့လျှောက်ဘ၀လမ်းတွင် ကြုံတွေ့ရသမျှသော အစာမကြေရာလေးတွေကို ဒီလိုပဲ
ဒေါသနှင့် ပေါက်ကွဲဖြေရှင်းပါလိမ့်မည်။ ဒါ သင်ပေးသင့်သည့် ပညာမဟုတ်ပါ။ ပြီးတော့ ဥပဒေကလည်း ခွင့်မပြုပါ။
ကလေးကို နာကျင်စေမှုသည် ကိုယ့်သားသမီး၊ ကိုယ့်တပည့်ကိုလုပ်ခြင်းဖြစ်သော်လည်း ပြစ်မှုမြောက် ပါသည်။ အဆိုးဆုံးကတော့ ပြိုင်ခိုင်းပြီး ရိုက်တာပါ။
အတန်းထဲတွင် ကျောင်းသား ၄၀ ရှိပါက အဆင့် ၁ သည် တစ်ယောက်သာ ရှိနိုင်တော့မည်ပေါ့။ ထိုအဆင့် ၁ သည် ကိုယ့်သားသမီး၊ ကိုယ့်ကျူရှင်က တပည့်ဖြစ်ရမည်ဟုတော့ စာချုပ်ချုပ်ထား၍မရ။ သူ့ကံ၊ ဥာဏ်၊ ၀ီရိယနှင့်သူသာ ဖြစ်သည်။ မဟုတ်တာလုပ်၍ ဆုံးမချင်တာကမှ မှန်ဦးမည်။ (မရိုက်ဘဲဆုံးမခြင်းကို ဆိုလိုပါသည်) သူများနှင့်ယှဉ်ပြီး ရှေ့မရောက်၍ ထိပ်ဆုံးမရောက်၍ ရိုက်သည်ဆိုလျှင်တော့ မိမိငယ်ငယ်ကကော အမြဲအဆင့် ၁ ရခဲ့ပါသလားဟု စဉ်းစားကြစေချင်သည်။
Credit-ဆန္ဒမွန်ဖြင့်

‪#‎ဒေါက်တာရဲ‬
(Good Health Journal 578)
‪#‎Babycare‬
www.facebook.com/BabyCareOnlineStore

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...