Thursday, February 25, 2016

“ အဖေ့အိမ် ” ဦးဘုန်း၊ ဓာတု၊ မန္တလေး


“အမေ့အိမ်” ဟုခေါ်သောကျွန်တော်တို့ နေသည့် အိမ်ကိုအဖေ၏ချွေးဖြင့်ဆောက်ထားခြင်းဖြစ်ပါသည်။ အဖေ၏ အသက်ဖြင့်ရင်း၍ဆောက်ထားသောအိမ်လည်းဖြစ်ပါသည်။ သို့သော် သားသမီး တိုင်းက “အမေ့အိမ်” ဟုခေါ်လေ့ရှိကြသည်။ “အဖေ့အိမ်” ဟုကျွန်တော် တို့မခေါ်ကြပါ။ “အမေ့အိမ်”ဟုသာကျွန်တော်တို့ခံစားကြပါသည် ။
အဖေသည်အိမ်ထောင်ဦးစီးဖြစ်သည်။ သို့သော် အဖေသည်တစ်အိမ်လုံး၏ ဒုက္ခနှင့် အပူသောက ဟူသမျှကိုပါးစပ်ထဲမှာ မြိုချုပြီးအပြူံးမပျက်သည့် အလုပ်သမားကြီးတစ်ယောက်နဲ့တူပါသည်။
အိမ်ထောင်ဦးစီး ဟုခေါ်သော်လည်း အိမ်တွင် အကြာကြီးနေခွင့်မရပါ။ အမြဲတမ်းနေခွင့်မရပါ။ အချိန်တိုင်းလိုလို အပြင်ထွက်ပြီး ငွေရှာနေရသူဖြစ်ပါသည်။ မနက်မိုးလင်းကတည်းကထွက်သွားလိုက်တာ အိပ်ချိန်ရောက်မှပြန်လာတတ်ပါသည် ။
အဖေ့ ကို အိမ်ဦးနတ် ဟုလည်းပြောတတ်ကြပြန်သည်။ ထို အိမ်ဦးနတ် အဖေ သည်အပူဇော်ခံရသူမဟုတ်။ သူကသာတစ်အိမ်လုံးကို လိုက်ပြီးပူဇော်နေရသူဖြစ်သည်။ အရက်ကလေးနဲနဲသောက်လာလျှင် တစ်အိမ်လုံးကိုလိုက်ပြီးမျက်နှာချိုသွေးနေရသည်။ အိမ်ပြန်နောက်ကျလျှင် အမေ၏ အပြူံးလှလှကိုရဖို့ စကားရောဖောရော လုပ်ရပြန်သည်။ အိမ်ဦးနတ်ဆိုပေမယ့် မိန်းမနဲ့သားသမီး ကိုကြောက်ရသော အိမ်ဦးနတ်သာဖြစ်ပါသည်။
ဒီအိမ်ကြီးမှာကျွန်တော်တို့မွေးခဲ့ကြသည်။ နေခဲ့ကြသည်။ ပျော်ရွင်ခဲ့ကြသည်။ ဆော့ကစားခဲ့ကြသည်။ ငိုကြွေးခဲ့ကြသည်။ ပညာတွေရှာခဲ့ကြသည်။
ဒီအိမ်ကြီးမှာပဲ ရည်းစားတွေထားခဲ့ကြသည်။ အိမ်ထောင်တွေကျခဲ့ကြ
သည်။ ဒီအိမ်ကြီးကို ချစ်ခဲ့ကြသည်။ ဒီအိမ်ကြီးနဲ့ ဝေးခဲ့ကြသည်။ ဒီအိမ်ကြီးကို မေ့ခဲ့ကြသည်။ ဒီအိမ်ကြီးကိုပြန်၍ လိုချင်ခဲ့ကြပြန်သည်။
အမေ့အိမ် ဟုပြောပြော၊ အဖေ့အိမ် ဟုခေါ်ခေါ် ကျွန်တော်တို့မွေးခဲ့သော၊
နေခဲ့သော၊ပျော်ရွင်ခဲ့သော ဒီအိမ်အကြောင်းကို အဖေက အဓိပ္ဗာယ် ဖွင့်ပြပါသည်။ ထို့ကြောင့် ယခုရေးသောစာကို အဖေ့အိမ် ဟုခေါင်းစဉ် တပ်လိုက်ပါသည်။
ကျွန်တော်အဖေအသက်(၇၈)နှစ်ရှိပါပြီ။ ချောင်းဆိုး၏ ။ ခါးကိုင်း၏ ။
မျက်စိများကြည့်မကောင်းတော့။ လမ်းလျှောက်လျှင်နှေး၍လာပြီ။ အကြားအာရုံများလည်း နည်းလာပြီ။ ဒါပေမယ့် ရင်ထဲမှာ စွမ်းအားတွေရှိသည်။ နှလုံးသားထဲမှာ ခံစားချက်တွေရှိသည်။ နှူတ်ဖျားမှာ သတ္တိတွေရှိသည်။ မျက်လုံးမှာ ခွန်အားတွေရှိပါသည်။ တစ်နေ့တွင်
အဖေသည် အအေးမိပြီး အိပ်ရာထဲမှ မထနိုင်လောက်အောင်ဖျားပါသည်။ ကျွန်တော့် အဖေသည်ပိန်ပိန်ပါးပါး ဖြစ်သည်။ နေမကောင်းသောအခါပို၍ ပိန်သွားသည်။ အိပ်ရာပေါ်တွင် ပက်လက်လှန်ပြီးအိပ်နေသော အဖေ၏ ပုံစံကိုကြည့်ုပြီး ကျွန်တော့် ရင်ထဲ တစ်ဆို့ဆို့ကြီးခံစားရပါသည်။
“ အဖေ သေတော့မလားမသိဘူး ”
ကျွန်တော့်ကိုမြင်တော့ အဖေကသူ့ အနားကိုခေါ်ပါသည်။ သူ့ နှူတ်ဖျား မှအောက်ပါစကားများကိုပြောပါ သည်။အဖေပြောသော စကားများကို ကျွန်တော် လက်ဖြင့်ရေးခြင်းမဟုတ်ပါ။ သွေးဖြင့်ရေးခြင်းဖြစ်ပါသည်။ ခံစားချက်ဖြင့်ရေုးခြင်းမဟုတ်ပါ။ နောင်တ ဖြင့်ရေးခြင်းဖြစ်ပါသည်။ စိတ်ကူးဖြင့်ရေးခြင်းမဟုတ်ပါ။ ဘ၀ဖြင့်ရင်းပြီးရေးခြင်းဖြစ်ပါသည်။ အဖေက ကျွန်တော်တို့ မိသားစုနေထိုင်ခဲ့ကြသော အိမ်ကိုဒီအတိုင်းပြောပြပါသည်။
သားရယ်...
သားအမေက (၁၈)နှစ်၊ အဖေက (၂၀)နှစ်။ အိမ်ထောင်ကျကြတယ်။ ပျော်စရာကောင်းလိုက်တာ။ မိဘပေး စားလို့ယူခဲ့ကြတာမဟုတ်ဘူးနော်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်လို့ယူခဲ့ကြတာ။ အဲ့သည်တုန်းက မင်း အမေ ရဲ့အပြုံးကို အဖေရင်ခုန်တယ်။ စကားလုံးကိုကြည်နူးတယ်။ လသာညတွေမှာ ကောင်းကင်က လမင်းကြီးကိုအတူတူ ကြည့်ုပြီးစကားတွေပြောခဲ့ကြတယ်။ လမိုက်တဲ့ညတွေမှာလည်းကြယ်လေးတွေကို အတူတူရေတွက်ခဲ့ကြဖုးတယ်။ ထမင်းစားရင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထမင်းမြိန်ခဲ့ကြတယ်။ ဧည့်ခန်းထဲကထိုင်ခုံလေးပေါ်မှာ မင်းအမေလက်ကလေးကိုင်ပြီးစကားတွေအများကြီးပြောခဲ့ဖူးတယ်။ ဒီအိမ်ကြီးထဲမှာ မင်းအမေနဲ့ငါ (၂)ယောက်တည်းရယ်။ ကြည်နူးစရာသိပ်ကောင်းတာပဲ။ အဲ့သည်တုန်းက အဖေ့အိမ်က ဘာနဲ့တူလဲသိလား သား ။
သမာကျမ်းထဲက ကမ္ဘာဦးလူသား(၂)ယောက်ရဲ့ ပထမဆုံးချစ်တဲ့အချစ်မျိုးနဲ့ ပျော်ခဲ့ကြတယ် သား။ အဲ့ဒီ အချိန်တုန်းက အဖေ့ရဲ့ အိမ်ဟာ “ အာဒံနဲ့ဧ၀” ရင်ခုန်ကြည်နူးခဲ့
တဲ့ “ ဧဒင်ဥယျာဉ်ကြီး ” နဲ့တူတယ် သားရယ်။ တကယ်ပါ ။
ဒီလိုနဲ့သားရယ်...
(၂)နှစ်၊(၃)နှစ်လောက်နေတော့မင်းတို့တစ်တွေ မင်းအမေဗိုက်ထဲကို
ရောက်လာကြတယ်။ ကလေးတွေမွေး လိုက်တာ။ တစ်ယောက်ပြီး တစ်ယောက်ပေါ့။ အဖေနဲ့အမေရဲ့ ကြားထဲမှာ မင်းတို့ နေရာယူလာကြ
တယ်။ မင်းအမေရဲ့ ရင်ခွင်ဟာမင်းတို့အတွက် ကမ္ဘာတစ်ခုဖြစ်လာတယ်။ ဒီလိုပဲ အဖေ့ရဲ့ ရင်ခွင်ဟာလည်း မင်းတို့အတွက်ကမ္ဘာကြီးတစ်ခုပါပဲ ။ အဖေတို့နှစ်ယောက်အိပ်တဲ့ကုတင်ပေါ်မှာ မင်းတို့က ဆော့ကစားကြ
တယ်။
အကြီးကောင်က စစ်တိုက်တမ်း ကစားတယ်။
အလတ်ကောင်က တူတူပုန်းတမ်းကစားတယ်။
အငယ်မက အိုးပုတ်တွေနဲ့ ကစားတယ်။ အငယ်ဆုံးကောင်ကမျောက်ရှူံး အောင်ဆော့တယ်။ မင်းတို့ဆော့ကစားနေတာကိုကြည့်ပြီး အဖေတို့ကြည်နူးခဲ့ရတယ်
သားရယ်။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ။ မင်းတို့မဖျက်ဆီးဖုးတဲ့ ပစ္စည်းတစ်ခုမှမရှိဘူး။
တစ်ခါတစ်လေများမောင်နှမတွေဆော့ကစားရင်းစကားများကြတယ်။ ဦးတဲ့သူကတိုင်ပြောတယ်။ အဖေကတရားသုကြီးပေါ့။ ငိုတဲ့သူကငို၊
ဆော့တဲ့သူကဆော့နဲ့ အဖေအိမ်ဟာပျော်စရာသိပ်ကောင်းတာပဲ။ မင်းတို့အသံတွေနဲ့အဖေ့ရဲ့ အိမ်ဟာ ကျက်သရေအရမ်းရှိခဲ့တယ်သား။ အဲ့ဒီအချိန် အဖေ့ရဲ့ အိမ်က လေးဟာ “ဧဒင်ဥယျာဉ်” ဘ၀ကနေပြီး ကလေးတွေကစားကြတဲ့ Happy World ကလေးကစားကွင်းဖြစ် လာပြန်တယ်။ အဖေပျော်တယ်။ ဘယ်လိုပျော်မှန်းမသိဘူး။ အရမ်းကိုပျော်ရွင်ခဲ့တယ် သား။
ပြောရဦးမယ်...သားရယ်။
သားတို့ကျောင်းနေတဲ့အရွယ်ရောက်လာတော့ အဖေကလက်ရေးလှ သင်ပေးတယ်။ စာတွေကိုမင်းအမေကရှင်းပြတယ်။ သချာင်္တွေကို အဖေကတွက်ပြတယ်။ မြန်မာစာကိုတော့မင်းအမေကရွတ်ဆိုပြတယ်။ ကဗျာတွေကိုတော့ အဖေသင်ပေးတယ်။ မင်းတို့ကျောင်းသွားမယ်ဆိုရင် မင်းအမေကမင်းတို့ကိုရေမိုးချိုးပေးတယ်။ အ၀တ်လဲပေးတယ်။ သနပ်ခါးလူးပေးတယ်။ ထမင်းချိုင့်ထည့်ပေးတယ်။ အဖေကကျောင်းပို့ပေးတယ်။ အဖေ့ရဲ့စက်ဘီးပေါ်မှာ အရှေ့တစ်ယောက် အနောက်တစ်ယောက်တင်ပြီး ကျောင်းပို့ကျောင်းကြိုလုပ်ခဲ့တယ်။ လမ်းကူးရင်လည်းအဖေ့ရဲ့ လက်ကိုမင်းတို့က ကျစ်ကျစ်ဆုပ်ထားတယ်။
ကျောင်းပြန်လာတော့လည်း အဖေတို့ကမင်းတို့ကိုစာသင်ပေးတယ်။ အဲ့တော့ အဖေကကျောင်းဆရာဖြစ်သွားတယ်။ အမေကကျောင်း ဆရာမဖြစ်သွားတယ်။ ညညဆိုရင် အဖေ့ရဲ့ အိမ်လေးကစာကျက်သံ
တွေဆူညံနေတော့တယ်။ စာအံတဲ့အသံတွေနဲ့ကျက်သရေရှိနေတော့
တယ် သားရယ်။ အဖေ့စိတ်ထဲမှာလေ မင်းတို့ကိုမွေးခဲ့တဲ့ ဟောဒီ် အိမ်ကလေးဟာ “စာသင်ကျောင်းလေး” ဖြစ်သွားပြန်တယ်သား။
အရင်တုန်းကတော့ “ဧဒင်ဥယျာဉ်ကြီး” ပေါ့။ အိမ်ထောင်သက်(၁၀)နှစ်
လောက်လည်းကြာရော“စာသင်ကျောင်းကြီး” ဖြစ်သွားခဲ့တယ်။ ပျော်စရာ
ကောင်းလိုက်တာ သားရယ်။
ဒီလိုနဲ့ သားရယ်။ သားတို့အသက် ၁၆-၂၀ ရောက်လာကြတယ်။ အမေကလည်း (၄၀)ကျော်။ အဖေကလည်း (၄၀)ကျော်။ ရှာလို့ဖွေလို့ ကလည်းအရင်လိုမကောင်းတော့ဘူး။ မင်းတို့က၀တ်ချင်စားချင်လာ
တယ်။ သုံးဖြုန်းချင်လာတယ်။ ၀တ်ချင်စားချင်မှာပဲလေ။ မင်းတို့မျက်လုံး
ထဲမှာ လိုချင်စရာတွေကလည်းများလာတာကိုး။ အဖေ့ အသက်ကကြီး
လာပြီ ဆိုတော့ အလုပ် ခွင်ထဲမှာ အဖေကသိပ်ပြီးအသုံးမတည့်တော့
ဘူး သားရဲ့ ။ အဖေ့ထက်သွက်လက်တဲ့သူတွေ၊ ထက်မြတ်တဲ့သူတွေ၊ အကွက်မြင်တဲ့သူတွေနဲ့ အဖေအဆင်မပြေဘူး။ မင်းတို့ကလည်းအဖေ အသက်ကြီးလာတာကို သတိမပြုမိကြဘူး။ ၀င်ငွေကလည်းပုံမှန်လောက်ပဲရှိတာ။ မင်းတို့ရဲ့ လိုအပ်ချက်တွေကို အဖေအတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်ပါတယ်။ ဒါပေမယ့် မင်းတို့ရဲ့ လိုအင်ဆန္ဒမှန်သမျှ အဖေမစွမ်းနိုင်ခဲ့ဘူး။ အဖေ့ခံစားချက်ကိုလည်းမင်းတို့ နားလည်ဖို့မကြိုးစားကြဘူး။ အဖေကလည်းသားတို့ရဲ့ မျော်လင့်ချက်ကို ဖန်တီးမပေးနိုင်ဘူး။ သားတို့ရဲ့ ဆန္ဒကိုအဖေကပုံဖော်မပေးနိုင်ဘူး။ မင်းတို့ကလည်း မင်းတို့နေတဲ့ကျောင်းက မင်းတို့သူငယ်ချင်းတွေရဲ့ အဖေတွေနဲ့နှိုင်းပြီး အဖေ့ကိုအပြစ်မြင်ကြတယ်။ သူတို့သုံးသလိုမင်းတို့မသုံးနိုင်ဘူး။ ဒါကြောင့် အဖေ့ကိုလူညံကြီးတစ်ယောက်လို့မင်းတို့စွပ်စွဲကြတယ်။ မင်းတို့ဖြစ်ချင်တာဖြစ်ခွင့်မရတော့ အဖေ့ရဲ့အိမ်ဟာအချိန်တိုင်း
အော်ဟစ်ငိုကြွေးပြီး ဆူညံနေတော့တယ်။ တောင်းဆိုမှုတွေကြားမှာ စိတ်ဝမ်းတွေကွဲခဲ့ကြတယ်။ ဒီလိုနဲ့အဖေ့အိမ်ဟာ စာအံသံတွေဆု ညံနေတဲ့“စာသင်ကျောင်း” မဟုတ်တော့ဘဲ နေ့တိုင်းစစ်ပွဲဖြစ်နေတဲ့ “စစ်မြေတလင်း” ဖြစ်ခဲ့ရပြန်တယ် သား။ အဖေ မပျော်တော့ဘူး။ တကယ်ပြောတာပါ။
သားရယ်။
သားတို့အသက် (၂၅)နှစ်၊(၃၀) လောက်ရောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ထောင်တွေကျသွားကြတယ်။ အလုပ်တွေရသွားကြတယ်။ အဖေတို့ကနှင်မချဘဲ သားတို့က ထွက်သွားကြတယ်။ အဖေတို့က သားတို့ကိုခွဲမသွားခင်မှာ သားတို့က “အဖေ့အိမ်” ကိုခွဲသွားကြတယ်။ မင်းတို့ကိုမွေးခဲ့တဲ့နေရာလေးတွေကိုကြည့်ပြီး ငါတို့ကသတိရတတ်တယ်။ မင်းတို့ဆော့ကစားခဲ့တဲ့နေရာလေးတွေကို ကြည့်ပြီး ငါတို့ကလွမ်းနေရတယ်။ မင်းတို့ငိုကြွေးခဲ့တဲ့နေရာတွေကြည့်ပြီး ငါတို့ကအမှတ်ရနေမိတယ်။ မင်းတို့မရှိတော့ အဖေ့ရဲ့ အိမ်ကလေးဟာ အထီးကျန်ဆန်တဲ့ ခြောက်
သွေ့ နေတဲ့ ကန္တာရတစ်ခုဖြစ်ခဲ့ရပြန်တယ် သား။ သားတို့ကြိုက်တဲ့ ဟင်းချက်တိုင်းသားတို့များ လာလေမလားလို့ အဖေတို့မျှော်တယ်။ ဘဲဥဟင်းချက်တိုင်း အကြီးဆုံးသားကိုသတိရတယ်။ ချဉ်ပေါင်ဟင်းချက်တိုင်းချဉ်ပေါင်ဟင်းကြိုက်တဲ့ မင်းကိုသတိရတယ်။ ကုလားပဲဟင်းချက်တိုင်း သားအငယ်ကောင်ကိုသတိရတယ်။ ခရမ်းသီးနဲ့ ၀က်ခေါက်ကြော်တို့ရောပြီး ဟင်းချက်တဲ့နေ့တွေဆိုရင် သမီးငယ်ကို သတိရတယ်။ မင်းတို့ကလည်းမင်းတို့အိမ်ထောင်နဲ့မင်းတို့၊ အဝေးမှာနေကြတယ်။ မလာနိုင်ကြပါဘူး။ လောကထဲရုန်းကန်နေရပြီကိုး။ အဖေတို့က အချိန်တိုင်းသတိရတယ်။ မျှော်လင့်တယ်။ သားတို့က အခါကြီးရက်ကြီးမှ ခဏလေးရောက်ရောက်လာတတ်တယ်။ အဖေစဉ်းစားမိတယ်။ အခုတော့ အဖေ့ရဲ့ အိမ်ဟာ“ဧဒင်ဥယျာဉ်” လည်းမဟုတ်တော့ဘူး။ “ကလေးကစားကွင်း” လည်းမဟုတ်တော့ဘူး။ “စာသင်ကျောင်း” လည်းမဟုတ်တော့ဘူး။ “စစ်မြေတလင်း” လည်းမဟုတ်ပြန်ဘူး။ “အထီးကျန်တဲ့ ကန္တာရလေး” ဖြစ်ခဲ့ရတယ် သား။ အဖေတို့မပျော်နိုင်ကြပါဘူး။
ဒီလိုနဲ့သားရယ်။
အဖေတို့လည်း အသက်တွေက(၆၅)ကျော် (၇၀) တွင်းရောက်လာကြပြီ။ မင်းအမေနေမကောင်းရင် အဖေကပြုစု။ အဖေ နေမကောင်းရင်လည်း မင်းအမေကပြုစု။ အခုတော့ အဖေ့ရဲ့ အိမ်ဟာ လူနာတွေလူအိုတွေနေတဲ့ “ဆေးရုံ” လေးဖြစ်နေပြီသိလား သား။ မင်းအမေလည်းလမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ အဖေလည်းတုတ်ကောက်ကိုင်နေရပြီ။ အဖေကဆေးလိပ်သိပ်ကြိုက်တယ်။ ဒီတော့ချောင်းခဏခဏဆိုးတယ်ကွ။ ချောင်းဆိုးပြီဆိုရင် ရင်ဘတ် တွေတအားအောင့်တယ်။ ဆရာဝန်ဆီကိုလည်းမသွားရဲဘူး။ ရောဂါတစ်ခုခုနာမည်တပ်လိုက်ရင် ပိုက်ဆံကကုန်ဦးမှာ။ ဒီအရွယ်ရောက်မှတော့ ဒီလောက်ကြီး ပိုက်ဆံသုံးဖို့ မလိုတော့ပါဘူးကွယ်။ မင်းအမေကလည်းကော်ဖီဆိုရင်ချိုချိုလေးမှသောက်တာ။ ဒီတော့ မင်းအမေက ရင်ကျပ်ပြီးချောင်းဆိုးပြန်တယ်။ ညညဆို အဖေတို့အိမ်မှာ ချောင်းသံတဟွတ်ဟွတ်နဲ့ပေါ့။ ဘယ်သားသမီးမှမရှိတော့ ချောင်းဆိုးသံကြားနေရတာကိုပဲ အရသာခံပြီး အိပ်နေရတယ်သား။ အသက်တွေကလည်းကြီးပြီဆိုတော့အဖေ့ရဲ့ အိမ်ဟာအခုတော့ “ဧဒင်ဥယျာဉ်” မဟုတ်တော့ဘူးကွ။ “လူအိုရုံ” ဖြစ်နေပြီ သား။ သဘာဝပါပဲလေ။
ဒီလိုနဲ့သားရယ်။
အဖေတို့နေ့တိုင်းဥပုသ်ယုကြတယ် သိလား။ အသက်တွေကြီးလာတော့ ဘာကိုမှမတောင်းတတော့ပါဘူး။ ဖြစ်သလိုလည်းစားတတ်လာတယ်။
ဖြစ်သလိုလည်းနေတတ်လာတယ်။ ဘာကြောင့် ဥပုသ်စောင့်တာလဲ အဖေပြောပြမယ်။ သားတို့ကလစဉ်ထောက်ပံ့ကြပါတယ်။ သားတို့
ပေးတဲ့ငွေက တဖြည်းဖြည်းနဲ့ အသုံးမခံဘူးသားရဲ့။ အဖေတို့လည်း
ချွေတာပြီးစားတာပါပဲ။ မိဘ ဆိုတာဘယ်သားသမီးဆီကမှမတောင်း
ချင်ဘူး။ ကိုယ်ကသာပေးချင်တာ။ မာနရှိလို့မဟုတ်ဘူးနော်။ မင်းတို့လည်း ရှာဖွေရတာ မောနေမှာပဲမဟုတ်လား။ ငွေရှာရတာခက်တဲ့မင်းတို့ဘ၀ကို အဖေစာနာပါတယ်။ မင်းတို့ထောက်ပံ့တဲ့ငွေနဲ့လောက်အောင်စားမယ်
ဆိုပြီး အဖေတို့နေ့တိုင်းဥပုသ်ယူလိုက်ကြတယ်။ ဥပုသ်ယူတော့ညနေစာစားစရာမလိုတော့ဘူးပေါ့။ ကုန်ကျစရိတ်လည်းသက်သာတာပေါ့ကွာ။ လုပ်ရကိုင်ရ၊ဆေးရကြောရတာလည်း သက်သာတာပေါ့ကွာ။ သားတို့လည်းကုသိုလ်ရတာပေါ့။ အဖေတို့ကတော့ အဖေတို့ရဲ့ ဒုက္ခနဲ့ အပုတွေကိုဘယ်သားသမီးကိုမှမပေးချင်ဘူး။ မသိစေချင်ဘူး။
ဟိုတုန်းက အဖေ့ရဲ့ အိမ်ဟာ “ဧဒင်ဥယျာဉ်” နော်။ အခုတော့ အဖေ့ရဲ့ အိမ်ဟာ “ဥပုသ်ဇရပ်” ကလေးဖြစ်ခဲ့ရတယ် သား။ သားတို့ သမီးတို့ဂုဏ်ယူကြစမ်းပါ။
သားရယ်။
အဖေတို့လည်း လုပ်စရာအလုပ်ကမရှိ။ ဒီတော့အချိန်တွေကပိုနေတာ
ပေါ့။ ဒါကြောင့် အချိန်ပိုတွေကိုတန်ဖိုးရှိအောင်ဖန်တီးလိုက်ကြတယ်။ ဘာလဲသိလား သား။ မဟာစည်၊မိုးကုတ်၊ဦးဂိုအင်ဂါ တရားစခန်းတွေ
သွားပြီး ၀ိပသာနာ ကမ္မဌာန်းတရားအားထုတ်ကြတာပေါ့။ အိမ်မှာ
လည်း(၂) ယောက်တည်းကိုး။ ဒီတော့အချိန်ရတိုင်း တရားအားထုတ်
ဖြစ်ကြတယ်။ ၀င်လေထွက်လေရှုမှတ်ကြတယ်။ တရားအားထုတ်တယ် ဆိုတော့ စိတ်ကိုတည်ငြိမ်အောင်ထားရတာပေါ့။
စိတ်ဆိုတာလည်းခက်သားလား။ တည်ငြိမ်အောင်ထားမှလွင့်လွင့်သွားတယ်သား။ ဘယ်နေရာကိုလွင့်သွားလဲသိလား သား။ မင်းတို့ဆီကိုပေါ့။ လူတွေကငါတို့ကို တရားအားထုတ်နေတဲ့ အဘိုးကြီး၊အဘွားကြီး လို့ထင်မှာပဲ။ ငါတို့ကဘုရားရှေ့မှာထိုင်ပြီးမင်းတို့ကိုလွမ်းနေကြတာ။ တနင်္ဂနွေသားကြီး ကျန်းမာပါစေ။ ဗုဒ္ဓဟူးသမီး ကျန်းမာပါစေ။ ကြာသပတေးသားလေး ကျန်းမာပါစေ။ အဆင်ပြေပါစေ ဆိုပြီးမေတ္တာပို့သလိုနဲ့ အချိန်တိုင်းလွမ်းနေကြတာပါ သားရယ်။ အခုတော့ အဖေ့အိမ်ဟာ “၀ိပသာနာကမ္မဌာန်းကျောင်း” လေးဖြစ်ခဲ့ရပြန်တယ်သား။ သားတို့ သာဓုခေါ်ကြနော် ။
ပြောရဦးမယ်သား။
အဖေက(၇၈)နှစ်၊မင်းအမေက(၇၆)နှစ်။ မလွန်ဆန်နို်င်တဲ့ သင်္ခါရတရား
အရ မင်းအမေနဲ့ ငါဘယ်သူအရင်သေမလဲ မသိဘူး။ တစ်ယောက်ယောက် ကတော့အရင်သေမှာပဲ။ ငါတို့သေခဲ့ရင် အိပ်ခန်းထဲက မင်္ဂလာဦး ကုတင်လေးကို ဧည့်ခန်းထဲမှာနေရာချထား။ ပြီးရင်အဖေ့အလောင်း၊ အမေ့အလောင်းကိုပြင်ကြ။ အဝေးမှာနေတဲ့ သားတွေသမီးတွေက
ပြေးလာကြမယ်။ အလုပ်တွေများတဲ့ကြားက အဖေအမေရဲ့ အသုဘကို လာပို့ကြမယ်။ ပြီးရင်ဒီအိမ်ရဲ့ ပိုင်ဆိုင်မှုတွေ၊ မြေဂရန်တွေ၊ မင်းအမေရဲ့ လက်ဝတ်ပစ္စည်းတွေကို မျက်စောင်းထိုးကြမယ်။ ပြီးတော့ ပုဆွေးကြမယ်။ ငိုကြွေးကြမယ်။ ဘုန်းကြီးတွေ သရဏဂုံ တင်ကြမယ်။ ပြီးရင်မော်တော် ကားတန်းကြီးနဲ့ မီးသဂြိုဟ်တဲ့စက်ဆီပို့ကြမယ်။ မီးသဂြိုဟ်ပြီးတာနဲ့ အလုပ်မအားလို့ဆိုပြီး ရက်မလည်ခင်မှာ ပြန်ကြဦးမယ်။ ငါသိပါတယ်
ကွာ။ ဘာပဲဖြစ်ဖြစ်လေ အဖေ့ရဲ့ အိမ်ဟာနောက်ဆုံးမှာတော့ “အသုဘ ဇရပ်” ဖြစ်ဦးမှာနော်။ ။
ဒီစကားလုံးများသည်ကျွန်တော့်ကို အဖေကပြောသောစကားများဖြစ်ပါ
သည်။ အဖေ့ကိုနေ့တိုင်းမြင်နေရသည်။ အဖေ့ကိုကျွန်တော်မတွေ့ ခဲ့ပါ။ အဖေ့စကားသံကိုနေ့တိုင်းကြားနေရသည်။ ကျွန်တော်အဖေ့စကားသံ ကိုမခံစားတတ်ခဲ့ပါ။ ကျွန်တော့်စိတ်ကို အဖေကြိုများသိနေပုံရပါသည်။
“မြင်းမိုရ်တောင်” သည်ပြိုတတ်ပါသည် ။
“မြင်းမိုရ်တောင်” ပြိုလျှင် “မြင်းမိုရ်တောင်ကြီး” ပိ တတ်ပါသည် ။
“မြင်းမိုရ်တောင်” ပြိုပြီး မြင်းမိုရ်တောင်ပိ၍ကျလာသောမျက်ရည်များကို
ကျွန်တော်ဘယ်လိုအဓိပ္ဗာယ်ဖွင့်ရမည်နည်း။
“မြင်းမိုရ်တောင်ပြို၍ မြင်းမိုရ်ပိသူ” သည်ကျွန်တော်သာဖြစ်ပါတော့သည်။

ဦးဘုန်း၊ ဓာတု၊ မန္တလေး
Shared by
Thetmyatnoewei (Sandakoo) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...