Wednesday, February 24, 2016

“ပဲကုန်သည်”


 
့ သမီးဓါတ်ပုံတွေ မြင်တဲ့အခါ ကိုယ်နဲ့ ငယ်ပေါင်း သူငယ်ချင်းများက သူ့အဖေနဲ့ ချွတ်စွပ်တူပါပေတယ် လို့ ပြောလေ့ရှိကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆယ့်လေးငါးခြောက်နှစ်က ဓါတ်ပုံတွေ ပြန်ကြည့်မိရင် သမီးရုပ်နဲ့တော်တော်တူတာပဲ လို့ သတိထားမိပါရဲ့။ ခုချိန်မှာတော့ သမီးနဲ့ကိုယ်နဲ့က သားအဖလို့ မပြောပဲ သိသာရုံအပြင် မပိုပါဘူး။ အသက်အရွယ်ချင်းက တော်တော်ကွာတာကိုး။ ဒါပေမယ့်လည်း ကိုယ်တို့သားအဖနှစ်ယောက် ဓါတ်ပုံတွဲရိုက်ပြီဆို လူတွေပြောလေ့ရှိတဲ့ မှတ်ချက်ကတော့ “အဖေလုပ်တဲ့သူက ပိုပဲများတယ်” လို့ အပြောခံရတာပါပဲ။ ဒါက အခုမှ မဟုတ်ပါဘူး။ သမီးမူကြိုမှာကတည်းက အပြောခံရတာပါ။ ဂျေဒိုးနတ်ဆိုင်မှာ သူ့ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ကလေးမလေးက သမီးကို “နင့်အဖေက ပဲများတယ်တော့။” လို့ ပြောတော့ ကိုယ့်မှာ ပြုံးလို့သာနေရတယ်။ စိတ်ရှိလက်ရှိသာ ပြောရရင် “ဟုတ်တယ်။ ဟုတ်တယ်။ ကွကိုယ်လည်း သိပါတယ်။ သူများတွေလည်း ပြောတယ်လေ။” လို့ ပြန်ပြောမိမလား မသိပါဘူး။ မူကြိုကလေးကတောင် ပြောစရာဖြစ်နေပြီပေါ့လေ။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေပြန်တာမို့ ပဲပြုံးကလေးပြုံးပြီး ဆိတ်ဆိတ်နေ ဝန်ခံရတာပ။
တကယ်တော့ သည်လိုပဲများဖို့ဆိုတာ လွယ်တာမှတ်လို့။ ငယ်ငယ်ကတည်းက တစိုက်မတ်မတ် မွေးမြူထားရတဲ့ပဲ။ အခုဆိုရင် အနှစ်ငါးဆယ် ပြည့်လုပြည့်ခင်ရှိလာတဲ့ပဲ။ ရွှေရတုပဲ ဆိုပါတော့။ သမီးမှာတော့ အဲ့လိုပဲမျိုးတွေ တစက်မှ မရှိပဲ ဘယ်သူ့အကြည့်ကိုမှ ဂရုမထားတဲ့ သူ့ပကတိဟန်ပန်ကို တွေ့ရပါတယ်။ ပဲများတယ်ဆိုတာ ဘာလဲလို့ မေးရင်တော့ လွယ်လွယ်ပြောရရင် လှချင်တာ၊ ကိုယ့်ကိုယ်ကိုယ် သူများကြည့်ကောင်းအောင် ဂရုစိုက်နေတာလို့ ပြောရမယ် ထင်ပါတယ်။ လူဆိုတာ မလှချင်ပဲတော့ ဘယ်ရှိပါ့မလဲလေ။ သမီးမှာလည်း လှချင်တဲ့စိတ်တော့ ရှိပါတယ်။ ဒါပေမယ့် အဲသည်လှချင်တဲ့စိတ်အတွက် ကရိကထ မခံနိုင်လို့သာ။ ငယ်ငယ်တုန်းကလည်း သူ့ကို သွားကလေးတွေကုပ်ဖို့ အံကပ်ကလေးလုပ်ပေးဖူးတယ်။ “မလှချင်နေပစေ။ သူများကြည့်ဖို့အတွက် ကိုယ်က ဒုက္ခမခံနိုင်ပါဘူး။” လို့ ပြောခဲ့သေးတယ် မဟုတ်လား။ ကြီးလာရင်တော့ သူ့ဘာသူ လှချင်စိတ်ကလေး ရှိလာမှာပဲလေဆိုပြီး ဘာမှ မပြောခဲ့ဘူး။ ခြေသည်းလက်သည်းဆိုးသလို ခေါင်းလျှော်သလို ဇိမ်ကျကျနဲ့ အလှပြင်လို့ရမယ်ဆိုရင်တော့ စိတ်ဝင်စားမယ် ထင်ပါတယ်။
တကယ်လို့များ တချိန်ချိန်ကျ သမီးမှာ လှချင်ပချင်တဲ့ စိတ်ကလေးရှိလာရင် သူ့အဖေတုန်းကတော့ ဘယ်လိုဘယ်ပုံ တွေ့ခဲ့ကြုံခဲ့ရတယ်ဆိုတဲ့ အကြောင်းလေးတွေ ကိုယ့်သမီးသိအောင် ပြောပြချင်တာပေါ့လေ။ ကြံကြံဖန်ဖန် သူ့ဘာသူနေတဲ့ ကလေးကို ပဲမများများတတ်အောင် ပဲအမွေတွေ ပေးမလို့ ကြံတာပေါ့လေ လို့ ပြောရင်လည်း ခံရမှာပါပဲ။ တကယ်တော့ မိန်းကလေးတစ်ယောက်အနေနဲ့ အလှအပဆိုတာ မရှိမဖြစ် မဟုတ်ပေမယ့် ရှိရင်တော့ ကောင်းတာပဲ မဟုတ်လား။ ပထမဦးဆုံးအနေနဲ့ သမီးကို နားလည်အောင် ပြောချင်တာကတော့ အလှအပဆိုတာ သူများကြည့်ဖို့သက်သက် တစ်ခုတည်းတော့ မဟုတ်ဘူး ဆိုတာကိုပါ။ ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်သလောက်တော့ သူများတကာကို စိတ်ဝင်တစား စူးစူးစိုက်စိုက် ကြည့်လိမ့်မယ် မထင်ပါဘူး။ ဒါကြောင့်မို့လို့ အလှအပဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်ဖို့လည်း ပါတယ် လို့ ပြောရင် မမှားဘူး။ ဘယ်လောက်ပဲ မလှတဲ့သူ ဖြစ်ပါစေ သူ့ကိုယ်သူတော့ ကြည့်လို့ရှုလို့ကောင်းအောင် ပြုပြုပြင်ပြင်ကလေး နေတာပဲ။ မျက်စိမမြင်တဲ့သူတွေတောင် သူ့ကိုယ်သူတော့ ခေါင်းမဖြီးပဲ သနပ်ခါးမလူးပဲ နေမယ် ထင်လို့လား။
ကိုယ်တို့ငယ်ငယ်တုန်းကတော့ သမီးမိန်းကလေးတွေ အဲ့သလို လှချင်ပချင်စိတ်တွေ ဖြစ်လာပြီဆိုရင် အပျိုလုပ်လာပြီဆိုပြီး လူကြီးမိဘတွေက မကြိုက်ကြဘူး။ အပျိုလုပ်တယ်ဆိုတာ ရည်းစားလိုချင်လို့လို့ သူတို့က အနက်ပြန်တာကိုး။ ဒါလည်း မဟုတ်သေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် လှအောင်ပအောင် တင့်တယ်အောင် ပြုပြင်တယ်ဆိုတာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်လို့ တထစ်ချပြောလို့ ဘယ်ရမလဲ။ မိန်းကလေးတို့သဘာဝဆိုတာ ဘယ်သူမှ လာမကြည့်လည်းပဲ သူ့ဘာသူ တစ်ယောက်တည်း လှနေချင်တာပါပဲ။ ဝါးလုံးခေါင်းထဲ လသာတယ်လို့ ဆိုချင်ဆို ကိုယ်ရှိတဲ့နေရာမှာ လမင်းထိန်ထိန်သာသလို လင်းလက်လှပနေချင်တာပေါ့။ မိန်းကလေးတစ်ယောက် အလှပြင်လာတိုင်း သည်မိန်းကလေး ငါ စိတ်ဝင်စားအောင် လာလုပ်နေတယ်လို့ တွေးတဲ့သူကသာ မူမမှန်တဲ့စိတ်ရှိနေတာ မဟုတ်ဘူးလား။ တကယ်တော့ အပျို လူပျိုစိတ်ကလေးဝင်လာလို့ လှချင်လာတယ်ဆိုတာ ကိုယ့်ကို ပတ်ဝန်းကျင်က အသိအမှတ်ပြုတာ စိတ်ဝင်စားတာကို ခံယူချင်တဲ့စိတ်က ပိုများပါတယ်။ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အရွယ်ရောက်လာလို့ လှချင်လာတယ်ဆိုတာ သဘာဝလို့ပဲ လက်ခံထားပါတယ်။
လူတိုင်းလှချင်တယ်ဆိုပေမယ့် အလှအပဆိုတာ ဂရုတစိုက် ပြုပြင်ထိမ်းသိမ်းမှု မရှိရင် နှင်းဆီပန်း စံပယ်ပန်းကလေးများလို အချိန်တိုတိုကလေးအတွင်းမှာ အစအန ရှာမရအောင် ကုန်ခမ်းပျောက်ဆုံးသွားတတ်တယ်။ အထူးသဖြင့်တော့ ဇရာက တိုက်စားသွားလို့ရှိရင် ဘယ်လိုအလှမျိုးကမှ ကြံ့ကြံ့ခံမနေနိုင်ဘူး။ ဒါကြောင့် လှချင်တယ်ဆိုတဲ့သူဟာ ဇရာကို အံတုဖို့ပြင်ဆင်ထားရပါမယ်။ အဲသလို အံတုဖို့ဆိုတာ အသက်ကြီးကာမှ အိုကာမှ အိမ်အိုကျားကန် လူအိုပန်းပန် နံရံဆေးသုတ် ဟိတ်ဟန်ထုတ်ရတာ မဟုတ်ပါဘူး။ နုပျိုလန်းဆန်းစဉ် သမီးတို့အရွယ်မှာကတည်းက ကိုယ့်ကို အိုမင်းရင့်ရော်စေတဲ့ အကြောင်းကိစ္စမှန်သမျှကို နည်းနိုင်သမျှနည်းအောင် ရှောင်ရှားနိုင်တာ အကောင်းဆုံးပဲ။ အန်တီခင်သန်းနုကြီး တစ်ခါပြောဖူးတယ်။ မင်းသမီးဘဝမှာ အင်မတန်ပူလောင်စူးရှတဲ့ မီးထိုးမှန်ထိုး အလင်းရောင်အောက်မှာ အလုပ်လုပ်နေရသော်ငြား သူ့နဖူးက အရေပြားတွေ တွန့်ကုန်မှာစိုးလို့ ဘယ်သောအခါမှ မျက်မှောင်တွေ ကျုံ့လို့ရှုံ့လို့ မကြည့်ပါဘူးတဲ့။ သူ့ဟာသူ အိုဗာတင်းသောက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ အဲ့ဒီဘွားတော်ကြီးအလှက နှစ်ပေါင်းများစွာခံသွားတယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။
သူ့စကားထဲမှာ ကိုယ်မှတ်သားဖူးတာကတော့ အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက် လှနေတယ်ဆိုတာ သဘာဝတရားရဲ့ မျက်နှာသာပေးမှုတဲ့။ အသက် ၄၀ အရွယ် မိန်းမတစ်ယောက် လှနေတာကတော့ နေ့စဉ်ဂရုတစိုက် ပြုပြင်ထိန်းသိမ်းထားတဲ့ အနုပညာလက်ရာတစ်ခုတဲ့။ “Luck and Art” လို့ ပြောတာ။ ငယ်တုန်းရွယ်တုန်းက ကံအားလျော်စွာ ရထားတဲ့ လှပနုပျိုမှုကို အချိန်ကြာကြာခံချင်ရင်တော့ ကရိကထ ဗာရီဟကိစ္စကလေးတွေ စိတ်ရှည်ရပါလိမ့်မယ်။ လွယ်လွယ်နဲ့ရတယ်ဆိုတာ ဘာမှမရှိပါဘူး။ ဒါပေမယ့်လည်း ပင်ပန်းဆင်းရဲလိုက်တာ။ သူ့လိုမဖြစ်ရင်နေပါစေတော့။ သူ့လောက်တော့ ဒုက္ခမခံနိုင်ပါဘူး။ လို့ ထင်တာလည်း မဟုတ်သေးဘူး။ ကိုယ်က မလုပ်ရသေးလို့သာ ခက်လှချည့်ထင်နေတာ။ တကယ်တမ်းတော့ ဘာမှ ခက်တဲ့အလုပ်မဟုတ်ဘူး။ အကျင့်ကလေးရသွားရင် ဘာမှကြောင့်ကျစိုက်စရာမလိုတော့ဘူး။ အလိုလို အော်တိုမက်တစ် ဖြစ်သွားတယ်။ ဖြစ်ချင်တဲ့ဆန္ဒကို အရင်းခံပြီး အစပိုင်းကလေး ဇွဲရှိရှိ သည်းညည်းခံဖို့သာလိုတယ်။
လှတယ်ပတယ်ဆိုတာ ဘုရားပေးသလောက်ပဲ။ အမေမွေးတဲ့ရုပ်ရည်ဟာ ပုဗ္ဗေစ ကတပုညာတာ ရှေးဘဝက ပြုခဲ့ဖူးတဲ့ ကုသိုလ်အတိုင်းသာ ဖြစ်တယ် လို့ ဆိုတာဟာ မမှန်သေးဘူး။ သဘာဝအတိုင်းပေါက်တဲ့ ဘွန်ဇိုင်းသစ်ပင်ကလေးများတောင် စိတ်ရှည်လက်ရှည် ကိုယ်လိုချင်သလို ပုံသွင်းယူရင် ပန်းကန်ပြားထဲမှာ ညောင်ပင်လှလှကလေး အကိုင်းအခက်တွေဖြာနေသလို ဖန်တီးနိုင်တယ်။ အဲ့ဒါကြောင့် လှချင်ပချင်တဲ့စိတ်ဟာ အိမ်ထောင်ပြုမယ်ကြံကာမှ သွားကြောင်တိုက် သနပ်ခါးလူးစရာ မဟုတ်ဘူး။ အရိုးအဆစ်တွေ မရင့်ခင်မှာကတည်းက ကိုယ်လိုချင်တဲ့ အဆက်အပေါက် အချိုးအစားမျိုးရအောင် ပြုပြင်ယူရတယ်။ အလွယ်ဆုံးပြောရရင်တော့ အရပ်အမောင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အသက် ၂၀ ကျော်မှ လိုက်လုပ်ရင် ခက်သွားပြီ။ ငယ်ငယ်ကတည်းက တွန်းထားမှ ရွေ့တဲ့အရာမျိုးလေ။ ကိုယ့်တစ်သက်မှာ အရပ်ရှည်ချင်လွန်းလို့ မနက်စောစောစီးစီး ကျောင်းမတက်ခင် ရေတွေထထကူးခဲ့တယ်။ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ ကိုယ်ကို ဝချင်လွန်းလို့လည်း မကြိုက်မနှစ်သက်တဲ့အစာတွေကို ကျိတ်မှိတ်သည်းခံပြီး အတင်းစားခဲ့တယ်။ အခုနောက်ပိုင်းတော့ ဝိတ်တွေ တက်မှာစိုးလို့ အစားအသောက်ကို ချင့်ချင့်ချိန်ချိန်နဲ့ ကြောင်စာကြွက်စာလောက် စားနေရပြန်ရော။ ဗိုက်ခေါက်က အဆီတွေလျော့ချင်လို့ နဖူးကချွေး ခြေမကျအောင်ဆော့နေရတာလည်း နှစ်ပေါက်တော့မယ်လေ။
ဒီကရိကထတွေ ခံနိုင်ရင် ကိုယ့်မှာလှလာမယ်လို့ မဆိုသေးပါဘူး။ အဲ့ဒါ အရိပ်သက်သက်ပဲ ရှိသေးတာ။ Silhouette ကလေးပဲ ရဦးမယ်။ ကိုယ်လိုချင်တဲ့ အလုံးအရပ် သည်လောက်ရှိမယ်။ ဒါပဲ။ သူ့ကို သေချာထပ်ကြည့်ချင်ရင် “Beauty is skin deep.” ဆိုတာကို နားလည်ရဦးမယ်။ အဲသည် အရေပြားတထောက်စာ အလှအပတွေကို ဂရုတစိုက် ထိန်းသိမ်းဖို့ လာဦးမှာ။ အသားအရေဆိုတာ ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး လိုအပ်သလို ထိန်းသိမ်းနိုင်မှ ညက်စင်ဖြူစွာ ရွှေလည်တိုင်ညင်း ဝိုးဝိုးဝါဝါဝင်း ဆိုတဲ့ အလှမျိုးရမယ်။ သည်အတွက် ကိုယ်တို့ငယ်ငယ်ကဆိုရင် သနပ်ခါးတစ်မယ်ရှိရင် ပြည့်စုံသလောက် ရှိပေမယ့် အခု သမီးတို့ခေတ်မှာတော့ Day Cream, Night Cream, Hand Cream, Foot Cream, Toner, Cleanser, Essence, အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ပေါလာပြီ။ ဂျပန်သွားတုန်းက သူများတွေ လူကြုံမှာကြတဲ့ SK II ဆိုတာများ လက်တစ်ဝါးစာလေးကို အဖိုးလေးငါးသိန်းထိုက်သတဲ့။ အဲ့ဒါကြီးသုံးလို့ သေချာပေါက် လှမယ်မလှမယ် မပြောနိုင်သော်ငြားလည်း ပိုက်ဆံတွေ သောက်သောက်လဲ ကုန်မှာကတော့ မြေကြီးလက်ခတ်မလွဲ။ ကိုယ့်အတွက်ကတော့ အလှကုန်ပစ္စည်း ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ညီမများကျေးဇူးနဲ့ ဝယ်သုံးရတယ် လို့ မရှိပါဘူး။ တစ်ခုမကုန်ခင် အသစ်ထပ်ထပ်ရလာလို့ ကုန်အောင်သုံးရတယ်တောင် မရှိဘူး။ တစ်နေ့တစ်နေ့ အလကားနေ အိမ်မှာရေချိုးပြီးတိုင်း မိုးဟေကို လုပ်နေတာတော့ ဘယ်ဟုတ်မလဲ။ စိတ်လိုလက်ရနဲ့ အားအားယားယား ရှိတဲ့အချိန် မောင်ကြံတတို့လောက်ဆို ရပါတယ်။ ကိုယ်ကအမှတ်တမဲ့မေ့နေလည်း အရေပြားက သူ့ဘာသူ တောင်းဆိုလာတဲ့အချိန်တွေ ရှိတယ်။ ဆောင်းတွင်းရောက်တာနဲ့ အရေပြားတွေခြောက်သွေ့ပြီး ရေချိုးပြီးတိုင်း တင်းစပ်တင်းစပ်နဲ့ ယားလာတယ်။ အေးပြီးခြောက်သွေ့တဲ့ တောင်ပေါ်တွေ ရောက်နေရင် သာဆိုးတယ်။ ပတ်ကြားအက်ကလေးတွေထလာ၊ ပစ်ထားလိုက်ရင် မြွေတွေလို အရေခွံလဲတော့တာပဲ။
သမီးမိန်းကလေးတစ်ယောက်အတွက်ဆို အသားအရေထိမ်းသိမ်းတာကို မိတ်ကပ်ရောင်စုံ ခြယ်တာထက်တော့ အားပေးတာ အမှန်ပဲ။ ဘာလို့ဆိုတော့ မိတ်ကပ်တွေက လူကို ပိုလှကောင်းလှစေလိမ့်မယ်။ သို့သော်လည်း အရေပြားကိုတော့ အိုမင်းရင့်ရော်စေတယ်။ တလောတုန်းက ကိုယ်တို့ငယ်ငယ်က အင်မတန်ချော အင်မတန်လှတဲ့ နိုင်ငံကျော်အဆိုတော် မိန်းကလေးတစ်ယောက်ကို အပြင်မှာတွေ့တဲ့အခါ မျက်နှာကအသားအရေနဲ့ လက်မောင်းကအသားအရေ အသက်အရွယ်တော်တော်ကြီး ကွာခြားနေတာကို ထူးထူးခြားခြား သတိထားလိုက်မိတယ်။ လူတစ်ယောက်တည်းမှာတောင် မိတ်ကပ်လိမ်းတဲ့နေရာနဲ့ မလိမ်းတဲ့နေရာ တယ်ကွာတာကိုး။
တောင်းမှာအဝတ် လူမှာအကွပ် ဆိုသလို မိန်းကလေးတစ်ယောက်ရဲ့ အဝတ်အစား၊ အဆင်အပြင်၊ လက်ဝတ်တန်ဆာ၊ ရတနာတွေ ကိစ္စကတော့ ကိုယ်လည်းသိပ်ကျွမ်းကျင်တဲ့ ကိစ္စ မဟုတ်လို့ သင်မပေးနိုင်ပါဘူး။ ကိုယ့်မျက်စိထဲလှတယ်ထင်ရင် သိပ်လည်းဈေးမကြီးရင် ဝယ်ပေးလိုက်တာပဲ။ သမီးက ပူဆာတယ်လို့မှ မရှိတဲ့ဟာ။ အဲ့ဒါတွေ သိချင်တတ်ချင်တော့ သမီးအမေတွေအဖွားတွေဆီက သင်တာ အကောင်းဆုံးပဲ။ သူတို့လည်း သမီးကို အရိပ်ကြည့်နေကြတဲ့ဥစ္စာ။ ဒါပေမယ့်လည်း လူဆိုတာ အရုပ်ကလေးတစ်ရုပ်လို ဆင်ပြင်ချယ်သ ငုတ်တုတ်ကလေးချထားလို့ ရတာမဟုတ်ဘူး။ နေတတ်ထိုင်တတ်မှုဆိုတာလည်း ရှိဦးမှ။ အလှတွေပြင်ထားပြီး မျက်နှာမထားတတ်၊ အထိုင်အထ တင့်တင့်တယ်တယ်ရှိအောင် မနေတတ်ရင် အလကားပဲ။ ကိုယ့်အဖွားဆို ကိုယ့်ကို မျက်စိဒေါက်ထောက် ကြည့်ပြီးတော့ ပြင်တယ်။ လက်ပြင်ကြီး မကိုင်းနဲ့။ လမ်းလျှောက်ရင် ခါးမကုန်းနဲ့။ ခြေထောက်ရှပ်တိုက် မလျှောက်နဲ့။ ဒူးထောင်ပေါင်ကား မထိုင်နဲ့။ ပါးစပ်ကြီးဖြဲ နှာခေါင်းကြီးရှုံ့ပြီး မရယ်နဲ့။ စကားပြောရင် သူများမျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီးမှ ပြော။ သူ့မျက်စိအောက်နေရတာ ဘယ်တော့မှ အပြောအဆို မလွတ်ဘူး။ အဲ့ဒါတွေကများ သည်အချိန်မှာ ပဲများသလို ဖြစ်လာစေခဲ့သလား မပြောတတ်။ လူတစ်ယောက်ဟာ သူ့ဘာသူ တစ်ယောက်တည်းရှိတဲ့အချိန်မှာတောင် အပြေအပြစ် အတင့်အတယ်ဖြစ်အောင် မနေတတ် မထိုင်တတ်ရင် ပရိသတ်ဗိုလ်ပုံအလယ်မှာ ဝံ့ဝံ့ကြွားကြွား ကျော့ကျော့ရှင်းရှင်းနေတတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ မျက်ဝန်းပေါင်းများစွာအောက်မှာ ဘယ်သူမှ မရှိသလို နေရတာက ပိုခက်သတဲ့။ လူတိုင်းဟာ လမ်းလျှောက်ရင် ဘယ်တစ်လှမ်း ညာတစ်လှမ်း လှမ်းတာချင်းတူပေမယ့် လှတဲ့သူတွေ လှမ်းလိုက်ရင် ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာ မြင်ဖူးတဲ့အခါ သိလိမ့်မယ်။ ကိုယ်တိုင် အဲသလို လှမ်းတတ်ဖို့ဆိုတာတော့ အလေ့အကျင့်မရှိပဲ ဘယ်တော့မှ မရဘူး။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုတာ ဣရိယာပုဒ် သုံးပါးစလုံးမှာ နွဲ့ပြီး ယဉ်နေရမတဲ့။ အဲ့ဒါတွေတော့ ကိုယ်လည်း မတတ်ဘူး။ တတ်တဲ့သူဆီကသာ အတုခိုးပြီး သင်ယူချေတော့။
ကိုယ့်ရဲ့အမူအယာ၊ ကိုယ့်ရဲ့ ပုံပန်းသဏ္ဍန်၊ ကိုယ့်ရဲ့ ရုပ်ဆင်းသွင်ပြင် လှတယ် မလှဘူးဆိုတာ သူများမျက်ဝန်းထဲမှာ မြင်ရတဲ့ ပုံရိပ်လေ။ လူဆိုတာ ကိုယ်ထင် ကုတင်ရွှေနန်း မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ်တော့ ရုပ်လှရာဝယ် ကျုပ်ကသာတယ် မုချပါကွယ် ထင်တစ်လုံးနဲ့ချည့်ပဲ။ သူများမျက်စိထဲမှာ ပေါ်လာတဲ့ ကိုယ့်ပုံရိပ်ကလေးက လှပါတယ်လို့ ခံစားနိုင်ဖို့အတွက်တော့ အဲသည်မျက်ဝန်းရှင်က ကိုယ့်အပေါ်ထားတဲ့ မေတ္တာစိတ်ကလေး အခြေခံရှိမှ ဖြစ်ပါမယ်။ ဒါကြောင့် လှချင်တယ်ဆိုတဲ့သူဟာ လူချစ်လူခင် မပေါကာမှနေရော လူမုန်းများလို့တော့ မဖြစ်ဘူး။ မချစ်လျှင်မလှ ချစ်လျှင်လှ၏။ လို့ ဆိုတယ် မဟုတ်လား။ ရှေးတုန်းကဆိုရင်တော့ အဲ့လိုကိစ္စတွေမှာ ပီယဆေးဆိုတာ ရှိလိမ့်နိုးနဲ့ မျှော်ကြတယ်။ တကယ်တော့ ကိုယ့်အပေါ်မှာ မျက်နှာမြင် ချစ်ခင်ပါစေ အသံကြား သနားပါစေဆိုတဲ့ ဆုတောင်းကလေး ပြည့်ဖို့အတွက် သိဒ္ဓိအစီအရင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်က လူတိုင်းအပေါ် မေတ္တာထားနိုင်လို့ရှိရင် လူတိုင်းကလည်း မေတ္တာတုန့်ပြန်မှာ မလွဲပါဘူး။ လူအများအပေါ် မေတ္တာတရား ပွားများနိုင်ဖို့ ကိုယ်ကျိုးအတ္တကို ရှေ့တန်းမတင်ဖို့ လိုတယ်။ ဒါကြောင့်လည်း အလှမယ်ကလေးတွေဟာ ကရောင်းလေးရပြီးတာနဲ့ ပရဟိတအလုပ်တွေ ပြေးပြေးလုပ်နေကြရတာကိုး။
လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာဟာ သူ့ရဲ့စိတ်ခံစားချက်ကိုလည်း အထိုက်အလျောက် ထင်ဟပ်ပြတဲ့သဘောရှိတာမို့ ရုပ်ဆင်းသွင်ပြင် ကြည်ကြည်လင်လင် ရှိချင်တဲ့သူဟာ ကြည်လင်တဲ့စိတ်ထား ရှိဖို့လိုပါမယ်။ လှချင်တဲ့သူမှန်ရင် ကိလေသာတွေ ကုန်ခမ်းမနေသော်ငြား လောဘ၊ ဒေါသ၊ မောဟတွေကတော့ ပါးလျားလျော့နည်းအောင် စိတ်ကို ပြုပြင်ထားရပါမယ်။ ပြောတော့လွယ်သလောက် ဘယ်လောက်ကြာကြာ ကင်းအောင်နေနိုင်သလဲ စမ်းကြည့်ပါလား။ ဘယ်လောက်ပဲ ပင်ကိုယ်လှတဲ့သူ ဖြစ်ပစေ သူများကို မနာလိုဝန်တိုတဲ့ အကြည့်တွေ မျက်နှာမှာပေါ်နေရင်၊ ကောက်ကျစ်တဲ့စိတ်ထားတွေ ဖုံးလို့ဖိလို့မရရင် ဘယ်လောက်ကြည့်ရဆိုးသလဲ။ ကိုယ်တော့ တနေ့တနေ့ တီဗီထဲ သတင်းစာထဲ မြင်ဖူးပေါင်းများလို့ ဆန်းတောင် မဆန်းတော့ဘူး။ ဒါကြောင့် လှချင်တဲ့သူအတွက်လည်း စိတ်ကောင်းရှိဖို့ ပထမဆိုတာ မေ့သွားလို့ မဖြစ်ဘူး။ ကိုယ်ကျင့်တရားကောင်းဖို့ကတော့ ဒုတိယပေါ့နော်။ နို့မို့ သည်ကနေ့ပဲ “အို ကွီးရယ်။ ကြွေဘီလေ။ နုဖတ်အုအက်နာပဲ။” ဆိုတဲ့ ၈၈၃၄တို့က နောက်တပတ်လောက်လည်းနေရော “တေနာကြီး။ အယုတ်တမာကြီး။ နှာဘူးကြီး။ မြေလူးကြီး။” နဲ့ ကောင်းချီးသြဘာတွေ လာပေးတတ်ကြတယ်။ ရင့်ကျက်လာတဲ့အလှမှာ ကျက်သရေဆိုတာပါသတဲ့။ အဲ့ဒီကျက်သရေက သီလလုံမှ ကိုယ်ကျင့်တရားကောင်းမှ ထင်ရှားလာတာတဲ့။ ကိုယ့်ကိုယ်ကိုယ်တော့ အဲသလောက် ခြောက်ပြစ်ကင်း သဲလဲစင်အောင် အလှတွေအယဉ်တွေ ကျက်သရေတွေ တင့်မနေအောင် ကြိုးစားပါတယ်။ တော်ကြာ ပြစ်မှားမယ့်သူ မရှိပဲနေမစိုးလို့။
တော်ပါပြီကွယ်။ လှလည်းမလှချင်တော့ပါဘူး။ တကတည်းမှ။ နည်းနည်းနောနော ကရိကထလား။ ကိုယ့်စိတ်နဲ့ပဲ ကိုယ်နေပါရစေတော့။ လှဖို့ပဖို့အရေးနဲ့ မလုပ်ချင်တာတွေလည်း ကျိတ်မှိတ်ပြီး မလုပ်ချင်ဘူး။ လုပ်ချင်တာတွေလည်း အောင့်အည်းပြီး မလုပ်ပဲ မနေနိုင်ဘူး။ မလှလို့ သေသွားတဲ့မသာဆိုတာ လောကမှာ ရှိသလား။ အဆင်းထက် အချင်းကသာ အဓိက။ အဲသလိုမျိုးဖြေသိမ့်ရင်း ကိုယ်နေချင်သလို နေကြတဲ့သူတွေချည့်မို့သာ သူရောကိုယ်ရော အနူတောမှာ နေနေကြရတာပ။ သမီးလည်း အဲ့သလိုမျိုး ဒုံးပေကတ်သတ် နေချင်သပဆို နေလေ။ ဘွဲ့ယူကာနီး ပရီဝက်ဒင်ရိုက်ကာနီးကျတော့မှ မိတ်ကပ်ဆရာဆီပြေး မျက်နှာဖုံးကြီးတစ်ခုတပ်သလို အပေါ်ကအုပ်ပြင်လိုက်၊ ဓါတ်ပုံဆရာ ခိုင်းတဲ့အတိုင်း လုပ်နိုင်ရင် ဖိုတိုရှော့နဲ့ ဘာနဲ့ဆိုတော့ အိမ်မှာ ချိတ်စရာ ဓါတ်ပုံတစ်ပုံတော့ ထွက်လာမှာပါ။ ဒါပေသိ အဲ့ဒါကြီးက အပြင်နဲ့မတူရင် ကိုယ့်အလှလို့ ပြောဖို့ခက်သားပဲ။ တကယ်လှချင်တယ်ဆိုရင်တော့ အစကပြောခဲ့သလို ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုတာ သဘောပေါက်။ ဒါပေမယ့်လည်း သိပ်ခက်လှချည့်ရဲ့တော့ မဟုတ်။ လှချင်တဲ့ စိတ်ဆန္ဒကလေးကို အရင်းတည်လိုက်ရင် မလုပ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး။ မိုးစွန်တမွတ် ကြယ်ကိုစွတ်ရတဲ့ ကိစ္စ မဟုတ်ဘူး။ ကျင့်သားရအောင် ပြုပြင်တတ်ဖို့ပဲလိုတာပါ။ အဲ့ဒါလေးပဲ ပြောပြချင်တယ်။ ကိုယ်ကိုယ်တိုင် တယုတယ ထိန်းသိမ်းမွေးမြူထားတဲ့ အလှဆိုတာ အောက်လက်ငယ်သား ဆွေမျိုးများက ဝိုင်းဝန်းမြှောက်ပင့် ချီးမွှန်းခန်းဖွင့်နေကြတဲ့ အလှထက်တော့ မယှဉ်နိုင်အောင် သာတာပဲ။ “ငါ့ ချောတယ်ပြောကြ။ လက်ဘက်ရည်တိုက်မယ်။ ဘီယာတိုက်မယ်။ ပိုက်ဆံချေးမယ်။ ရာထူးတိုးပေးမယ်။ အလင်္ကာကျော်စွာဘွဲ့ပေးမယ်။” ဆိုတဲ့ မဟုတ်မဟတ်တွေထက်စာရင် ကိုယ့်ဘာသာကိုယ် ပဲများတာက ရှက်စရာ မဟုတ်ပါဘူးလေ။ ပဲကြီးတွေ တလှေကြီး ချက်ပစ်လိုက်စမ်းမယ်။ သည်မလေ။ ပဲကုန်သည် လာပြီဗျ။ ခင်နှမတို့ ရွှင်ပြဖို့ရာ။
 
စိုးမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...