Saturday, February 27, 2016

သဇင်


သဇင့်ကိုလွမ်းတယ်။ တကယ်တော့ သဇင်နဲ့ကျွန်မတွဲခဲ့ကြတာ တနှစ်ကျော်ကျော်လောက်ပါပဲ..ဒါပေမယ့် ဘာအပေါ်ယံမှ မရှိပဲ ပြောမနာဆိုမနာနဲ့ချစ်လို့ရတဲ့ ရှားပါးသူငယ်ချင်းတယောက်ဖြစ်ခဲ့တယ်။ သဇင်က ရေနံချောင်းသူ၊ဘီအီးဘွဲ့ရထားပြီး ရန်ကုန်မှာ အလုပ်လုပ်ဖို့အဆောင်လာနေတာ။သူ့အဆောင်က ရန်ကုန်တက္ကသိုလ်ဝင်းထဲက အဆောင်တခုပဲ။သစ်ပင်တွေအများကြီးနဲ့ ခြံဝန်းကျယ်ကြီးထဲက နံရံထူထူနဲ့နှစ်ထပ်တိုက်ပေါ့။အောက်ထပ်မှာ ညဘက်ဆိုခြေသံကြားရတတ်တယ်လို့ သဇင်က ပြောပြတတ်တယ်။
သူ့အဆောင်ဆီသွားတဲ့လမ်းကလေးက နေ့ဘက်ဆို သာယာပေမယ့် ညဆို အလွန်မှောင်တယ်။ အပြန်မိုးချုပ်တဲ့ညတွေမှာ နင်မကြောက်ဘူးလားလို့ မေးတော့ ငါက နာနာဘာဝတွေထက် အကောင်ရှည်ကို ပိုကြောက်တယ်လို့ ဖြေတယ်။ဒါကြောင့် သူ့အိတ်ထဲမှာ ဓာတ်မီးအမြဲဆောင်ထားလေ့ရှိတာပေါ့။ သူ့အဆောင်ကို ကျွန်မသိပ်ကြိုက်တယ်။ခြံအနောက်မှာ အုတ်ရေကန်ကြီးရှိသေးတာလေ.. မာလကာပင်တွေမိုးလို့။ တံချုတံနဲ့ မာလကာသီးတွေခူး တကျွတ်ကျွတ်နဲ့ စားကြလေသတည်းပေါ့။
တခါတလေ လှည်းတန်းဈေးက ဖြစ်ဖြစ် စမ်းချောင်းထဲက ဈေးတန်းလေးက ဖြစ်ဖြစ် ဟင်းချက်စရာတွေဝယ်ပြီး အဆောင်မှာ ချက်ပြုတ်စားကြတယ်။ သဇင့်အိမ်ကနေ မပြတ်တမ်းပို့ပေးတတ်တဲ့ ငရုတ်သီးဒုန်းကြော် စပ်စပ်ကလည်းကျွန်မ အသည်းစွဲပဲ။
သဇင့်မှာ အမြဲတမ်းတခုမဟုတ်တခုပျက်နေတဲ့ ကွန်ပြူတာရှိတယ်။ခွေထည့်ပြီး ရုပ်ရှင်ကြည့်ဖို့နဲ့ စာရိုက်ဖို့လောက်တောင် နပ်မမှန်ဘူး။သူကတော့ အဲဒါကြီးကိုပဲ တသသနဲ့လေ။နင့်ကွန်ပြူတာက နင့်လိုပဲ ထောင့်မကျိုးဘူးလို့ ပြောရင် ရီနေတတ်တယ်။ သဇင်က နာမည်လေးကသာ နွဲ့နွဲ့လေး။လူကတော့ အင်မတန်မာတယ်။အသားညိုပြီး ကြည့်ကောင်းရုံဝတယ်။ တခါတရံ ဒေါက်ဖိနပ်တခွပ်ခွပ် တခါတရံ ညှပ်ဖိနပ်အပါးလေး တရှပ်ရှပ်နဲ့ အိတ်အကြီးကြီး လွယ်ပြီး သွားတတ်တယ်။ဒီလိုနဲ့ပဲ ကျွန်မတို့ ကိုးကျင်းကိုးကြံ လျှောက်သွားကြတာပဲ။ပြန်တွေးကြည့်ရင် အဲ့တုန်းက ဘာတွေမှန်းမသိ အလုပ်တွေသိပ်ရှုပ်ခဲ့ကြတာ။
သဇင်နဲ့အတူ အင်တာနက်စသုံးဖူးတာကို သတိရတယ်။ ဂိမ်းဆော့နေကြတဲ့သူတွေ အများကြီးရှိတဲ့ဆိုင်ထဲ နှစ်ယောက်သား ဝင်သွားပြီး ခပ်တည်တည်နဲ့ အင်တာနက်ဖွင့်ကြတယ်။ ဗိုင်းရပ်စ်တွေဝင်နေလို့ ဘေးမှာ အရုပ်တွေ animation တွေပေါ်နေတာကို ဟေ့ ငါ့တို့အီးမေးလ်ထဲ အဲဒါတွေထည့်ချင်တယ် လုပ်ပေးပါလားလို့ ဆိုင်ကကောင်လေးတွေကို ပြောတော့ အဟားခံရရော။ဒီလိုနဲ့ပဲ အင်တာနက် သုံးတတ်လာတော့ နင်ဘယ်မှာလဲ ငါ မြေနီကုန်းမှာ ခဏနေဆုံမလားဆိုတာမျိုးနဲ့ gtalk မှာချိန်းကြ ပြောကြပေါ့။ ရိုးရိုးဖွင့်မရရင် proxy တွေနဲ့ကျော်ခွဝင်ကြတယ်။ ဟုတ်လို့ပါပဲ။
သဇင့်ကို ကျွန်မမိသားစုကလည်း ချစ်တယ်။ ကျွန်မ မရှိလည်း အိမ်ကို သူ့ဘာသာဝင်ထွက်နေတော့တာ။ တခါတလေ ကျွန်မ အပြင်ကပြန်လာရင် သူက အိမ်မှာရောက်နှင့်နေတတ်ပြီး နှင်း ငါပုဇွန်ဟင်းချက်ထားတယ်။ နင်ဆာရင် စားတော့လေလို့ ဧည့်ခံတယ်။ တခါတလေလည်း မေမေနဲ့သူ နှစ်ယောက်သား အိမ်မှာရှိတဲ့ ဗူးပလုံးတွေ သတင်းစာ ဂျာနယ်တွေကို အသည်ခေါ်ပြီး ချရောင်းနေတတ်တယ်။ နင့်မှာရောင်းစရာရှိရင် တခါတည်းထုတ် ဈေးရတုန်းရောင်းရအောင်လို့ပြောသေးတာလေ။မြို့သစ် ၁ လမ်းထဲမှာ သူ့အဒေါ်အိမ်ရှိတယ်။ သူကျောက်မြောင်းထဲ ၁၀ ခါလာရင် ၁ခါက အဲ့အဒေါ်အိမ်လာတာ။
သဇင့်မှာ ကျွန်မသိပ်သဘောကျတဲ့ ဆံပင်ပျော့ပျော့လေးတွေရှိတယ်။ သူ့ဆံပင်ကို ကျွန်မ သိပ်ကြိုက်ကြောင်း သူ့ကို ပြောဖူးလားမသေချာဘူး။ တကယ်တော့ ပြောခဲ့သင့်တယ်။ ကိုယ့်သူငယ်ချင်းက ကိုယ်ပိုင်ဆိုင်တဲ့အရာတခုကိုသဘောကျနှစ်သက်တယ်ဆိုတာ ပျော်စရာမဟုတ်လား။ အဲ့ဆံပင်ကိုဘေးကွဲခွဲထားပြီးဒီအတိုင်းချထားတာရယ်၊ ဖိုသီဖတ်သီ စည်းထားတာရယ်ကလွဲလို့ တခြားပုံစံပြင်တာမျိုးမမြင်ဖူးဘူး။ ကျွန်မ ပိုက်ဆံလိုလို့ သူဆွဲနေကျ ဆွဲကြိုးလေးပေါင်ပေးဖူးတယ်။ သူ့မွေးနေ့ကို ကျွန်မ မသိခဲ့သလို ကျွန်မ မွေးနေ့ကိုလည်း သူသိခဲ့ပုံမပေါ်ဘူး။ သူနဲ့ကျွန်မ ချစ်ကြ ခင်ကြပေမယ့် အကြိုက်တွေ စရိုက်တွေက အတော်ကွာပါတယ်။ ကျွန်မက အနုအရွနဲ့စာစီဖို့ပြင်နေခိုက်သူက ဟော့ပလိတ်မီးဖိုကို ကလိနေတတ်တာမျိုး၊ ကျွန်မက ကော်ဖီကြိုက်ပြီး သူက လက်ဖက်ရည်ကြိုက်တာမျိုးပေါ့။
နှစ်ယောက်သား CVတွေကိုယ်စီနဲ့အလုပ်တွေလိုက်လျှောက်ဖူးကြတယ်။ ဗိုလ်အောင်ကျော်လမ်းထဲက ဒေါ်လာတွေ ဝယ်ရောင်းလုပ်လို့ရတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီး တွတ်ထိုးတတ်ကြတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းက ဘုရားဘက်အကျဆုံးဆိပ်ခံတံတားမှာ သွားထိုင်တတ်ကြတယ်။ BC ကနေ စာအုပ်တွေတပွေ့ကြီးငှားပြီး စာလုပ်ချင်ယောင်ဆောင်ကြတယ်။ အဲ့တုန်းက ကျွန်မတို့အနာဂတ်တွေ မရေမရာရှိကြပေမယ့် အတော်ပျော်ခဲ့ကြပါတယ်။
။သူနဲ့ကျွန်မ လူချင်းဘယ်တုန်းက နောက်ဆုံးဆုံဖြစ်ခဲ့သလဲ မမှတ်မိဘူး။အဲ့နေ့လမ်းခွဲတုန်းက နောက်တခါလူချင်းဆုံအုံးမှာလို့ထင်ခဲ့ကြမှာပါပဲ။ စက်တင်ဘာအရေးအခင်းတွေ နာဂစ်တွေနဲ့ ရက်တွေဟာ ဒီလိုပဲ ကုန်သွားကြတယ်။ ကျွန်မဒီဘက်ထွက်လာမယ်ဆိုတော့ သူလိုက်မပို့ဘူး။ ငါဒီကနေပဲနှုတ်ဆက်ပါရစေလို့ အီးမေးလ်ပို့တယ်။
၂၀၁၁ မှာ သူစင်္ကာပူရောက်ပြီ။ အဲ့ကာလဟာ သူနဲ့ကျွန်မအတွက် ကံကြမ္မာက ပေးတဲ့ ဘောနပ်စ်ကာလခေါ်မလား။ အွန်လိုင်းကနေ စကားတွေ တော်တော်ပြောဖြစ်ကြသေးတယ်။ လဒမကြီး ငါမအိပ်ပဲစောင့်နေတာလို့ ဆဲခွင့်ရကြသေးတယ်။မြန်မာပြည်ကို အတူတူချိန်းပြန်ကြရအောင်လို့ အနာဂတ်ကို ယုံပြီး ချိန်းကြ စိတ်ကူးတွေယဉ်ကြတယ်လေ။
၂၀၁၂ ကျွန်မတို့ဆီက နွေရာသီတရက်မှာ သူနဲ့chat တော့ နှင်း နင်သားလေးမွေးမှာ ရုပ်က ရင့်ထော်နေတာပဲတဲ့။ ငါတော့ လူရော ကွန်ပြူတာရောပျက်လို့ အကုန်သေတော့မှာတဲ့။နောက်တော့ သူမြန်မာပြည်ပြန်ပြီး ဆေးကုနေတယ်လို့ သိရတယ်။ လနည်းနည်းအကြာမှာ ကိုကြီးဆုံးတော့ သောကတွေများနေတာနဲ့ပဲ သဇင့်သတင်းကို မစုံစမ်းမိပြန်ဘူး။ ဒီလိုနဲ့ ရက်ကြာတော့ သတိရလာတာနဲ့ဖုန်းဆက်တဲ့အခါ သူ့ချစ်သူက ဖုန်းဖြေတယ်။ သဇင်နှာခေါင်းမှာ ပိုက်တပ်ထားလို့ စကားပြောမရဖြစ်နေတယ်တဲ့။ ဟုတ်တာပေါ့။ အဆုတ်သမားဆိုတော့ အသက်ရှုဖို့ အကူလိုတာပေါ့။နောက်မှပြန်ဆက်မယ်လို့ဆိုပြီးဖုန်းချလိုက်တယ်။ အဲ့အထိ သဇင်ပြန်ကောင်းလာမှာလို့ ယုံကြည်နေခဲ့တယ်။ ဒီတုတ်တုတ်ခိုင်ခိုင်သဇင်မ သေနိုင်ပါရိုးလားနော်။ သူနေပြန်ကောင်းလို့ စင်္ကာပူပြန်ရောက်လာမှ အသေးစိတ်မေးမယ်။နောက်ဒါမျိုးမဖြစ်အောင် ကျန်းမာရေးကို ဂရုစိုက်စမ်းပါလို့ ဆရာလုပ်မယ်လို့ တွေးခဲ့တယ်။ နောက်နှစ်ရက်နေတော့ ရန်ကုန်ကမိတ်ဆွေတချို့က သူဆုံးပြီလို့ လှမ်းပြောကြတယ်။
အဲ့ညကစပြီး ဘုရားရှိခိုးပြီးလို့ အမျှဝေတဲ့အထဲ သဇင့်နာမည်ပါလာတယ်။ ဘဝခြားသွားတဲ့သူငယ်ချင်းအတွက် သူ့သူငယ်ချင်းက လုပ်ပေးနိုင်တာ သိပ်များများစားစားမရှိတော့ဘူးမဟုတ်လား။ မတ်လ ၁၈ ရက်နေ့ဆို သဇင်ဆုံးတာ ၃ နှစ်ရှိခဲ့ပြီ။ ကိုယ့်သူငယ်ချင်းတယောက်ရဲ့မွေးနေ့ကို မသိခဲ့ပဲ သေနေ့ကို မှတ်ထင်နေရတာတော့ ရင်နာစရာကောင်းတာပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...