Friday, February 26, 2016

“တခါက မြန်မာ့အသံ”


မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားက အနှစ် (၇၀) ပြည့် အထိမ်းအမှတ် အငြိမ့်ခန်းလာနေတဲ့အခါ အားကြိုးမာန်တက် ကပြဖျော်ဖြေနေတဲ့ မြန်မာ့အသံဝန်ထမ်းတွေကို နှစ်ခြိုက်သဘောကျ အားပေးနေလျက်ကပဲ စိတ်ထဲမှာ ဝမ်းပန်းတနည်း ဆွေးဆွေးမြေ့မြေ့ ခံစားလာမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ ပြောရမလားမသိဘူး။ နေ့လည်က နိုဗိုတယ်ဟော်တယ်က အပြန် အသစ်အသစ် ဖြစ်တည်လာတဲ့ ထည်ထည်ခန့်ခန့် အဆောက်အဦကြီးများရဲ့ အကြားမှာ မနည်းမြင်အောင် ကြည့်ယူရတဲ့ မြန်မာ့အသံပေါ်တီကိုကြီးကို လိုက်ရှာရင်း ငယ်ငယ်တုန်းကဆိုရင်တော့ အဲသည်အဆောက်အဦကြီးဟာ ပြည်လမ်းပေါ်က ဖြတ်သွားတိုင်း လည်ပြန်ငေးလို့ ကြည့်ယူရတဲ့ ပိသုကာလက်ရာတစ်ခု လို့ ပြန်ပြောင်း သတိရမိပါတယ်။ ရွှေတိဂုံဘုရားကြီးရှေ့က ဖြတ်သွားတိုင်း လက်အုပ်ကလေးချီမိသလိုပဲ မြန်မာ့အသံရှေ့က ဖြတ်သွာားတိုင်းလည်း အဲသည်ရေဒီယိုတစ်လုံးနဲ့ ခပ်ဆင်ဆင် အသံလွှင့်အဆောက်အဦကြီးကို ကြည့်ဖြစ်အောင် လှည့်ကြည့်ခဲ့တာပါပဲ။ နေ့တိုင်း အိမ်မှာနားထောင်နေရတဲ့ ရေဒီယိုအစီအစဉ်တွေဟာ အဲ့ဒါကြီး အထဲကလာတာမို့ ကိုယ်ကြားနေကျ အသံနဲ့လူတွေဟာ အဲ့ဒီအထဲမှာ နေကြလေတယ်ဆိုတဲ့ အသိနဲ့ သံယောဇဉ်တွယ်နေတာများ ဖြစ်မလားပဲ။
ကိုယ်က တွံတေးသိန်းတန်၊ ချစ်စပယ်၊ တင်တင်မြ၊ မေလှမြိုင်တို့ရဲ့ မြန်မာ့အသံခေတ်ကို ကောင်းကောင်းကြီး မီလိုက်သေးတယ်လေ။ လောကကြီးမှာ မာမာအေး အသံလောက် ကောင်းတဲ့အဆိုတော် ရှိမှာမဟုတ်ဘူး လို့လည်း တထစ်ချ ယုံကြည်ခဲ့ဖူးတယ်။ အဲသည်လူတွေ သည်အသံလွှင့်ရုံကြီးထဲမှာ အလုပ်လုပ်နေမှာပဲဆိုတော့ သည်ရုံးရှေ့ဖြတ်သွားရင် တစ်ယောက်မဟုတ်တစ်ယောက်တော့ မြင်လိုက်ရလေမလား လို့ လှမ်းကြည့်မိတာလည်း ဖြစ်ချင်ဖြစ်မယ်။ မမြင်ရလည်း ကိစ္စမရှိပါဘူး။ သူတို့ရုံးရှေ့ ဖြတ်သွားရတော့ သူတို့နဲ့ကိုယ်နဲ့ ဘာမှမဝေးဘူး။ နီးနီးလေးရယ် လို့ ခံစားရတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အသံဆိုတာ ကိုယ့်အတွက် အမှုမဲ့အမှတ်မဲ့ ကျော်ဖြတ်သွားစရာ အဆောက်အဦတစ်ခုတော့ မဟုတ်ခဲ့ဘူး။
မြန်မာ့ရုပ်မြင်သံကြားပေါ်လာပြီးတဲ့အခါ အဲ့ဒီဝင်းထဲမှာပဲ ရုပ်မြင်သံကြားရိုက်ကူးရေး စတူဒီယို အကြီးကြီးတစ်ခု ထပ်တိုးလာပြီး ပြည်လမ်းမတလျှောက် အဲ့ဒီလို ထည်ထည်ဝါဝါ အဆောက်အဦ များများစားစား မရှိခဲ့တာမို့ သူ့ဆံပင်နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး ဖြစ်ခဲ့ပါတယ်။ ရှေးတုန်းကတော့ ရုပ်ရှင်အကယ်ဒမီပေးရင်တောင် ဂေါ်ဒွင်လမ်းက လေဟာပြင် ကဇာတ်ရုံမှာ မဟုတ်ရင် အသံလွှင့်ရုံမြက်ခင်းပြင်မှာ ပေးတာဆိုတော့ တော်တော်ကို ခမ်းခမ်းနားနား လှလှပပ ရှိလို့သာ နိုင်ငံတော် အခမ်းအနားတွေ လုပ်တာလို့ သိနိုင်လောက်ပါတယ်။ ဒါပေမယ့် မြန်မာ့အသံဝင်းကြီးထဲကိုတော့ တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ ဆေးကျောင်းတက်ရင်း ကိုစိုးသူနဲ့ သူငယ်ချင်းဖြစ်သွားတဲ့အခါမှသာ အဲသည်ရုပ်မြင်သံကြား စတူဒီယိုကြီးထဲကို သူနဲ့အတူ လိုက်သွားခဲ့ဖူးတယ်။ ခမ်းနားလိုက်တာ။ အပြင်က မြင်ရတာထက် အများကြီး ပိုခမ်းနားတယ်။ သူကလည်း အဲ့ဒါကြီးကို အရမ်းသဘောကျတာ။ “အချစ်ရိပ်အောက်ဝယ်” ရိုက်ပြီး အဲ့ဒီအထဲမှာ အဲဒစ်တင်းလာလုပ်ရင်း သူလည်းမြန်မာ့ရုပ်မြင်စတူဒီယိုကြီးကို ခိုက်သွားသတဲ့။ ကိုယ်နဲ့ရောက်တဲ့အခေါက်ကတော့ အခုလိုပဲ မြန်မာ့အသံနှစ်ပတ်လည် ပြက္ခဒိန်ထုတ်ဖို့ မင်းသမီးတွေ တစ်လက်ပြီးတစ်လက်တွဲပြီး ဓါတ်ပုံလာရိုက်တာ။ ခိုင်ခင်ဦး၊ စိုးမြတ်သူဇာ၊ တင့်တင့်ထွန်း၊ နော်လီဇာ။ ဓါတ်ပုံက ဦးအောင်ထွန်းနိုင်နဲ့။ စူပါစတားမင်းသားကတောင် အဲ့သည်အချိန်တုန်းက မြန်မာပြည်မှာ သည့်ထက်ကောင်းတဲ့စတူဒီယို မရှိဘူး လို့ လက်ခံထားရတာပါ။ မီးဆလိုက်တွေဆိုတာ အလုံးပေါင်းများစွာ။ ဆက်တင်အပြင်အဆင်တွေကလည်း မရိုးရဘူး။ အဝတ်အစားလဲ မိတ်ကပ်ဆံပင် ပြင်ဆင်တဲ့အခန်းတောင်မှ အများကြီးသားနားတယ်။ တူရိယာပစ္စည်းတွေကလည်း စုံလို့။ စိုးစိုးနဲ့တွဲရိုက်တော့ လက်လက်ထနေတဲ့ ဂရန်းပီယာနိုကြီးကို လူသုံးလေးယောက်လောက် အောက်ဘီးတပ်ခုံနဲ့ တွန်းရွှေ့ယူရတယ်။ ကိုယ်ဖြင့် အဲ့ဒါမျိုးကြီး ငယ်ငယ်က ခဲတံချွန်စက်အဖြစ်ပဲ မြင်ခဲ့ဖူးတယ်။ တီဗီထဲမှာ ဟိုတုန်းက သီချင်းတွေဆို မြင်ဖူးပါလိမ့်မယ်။ နောက်တော့ အဲ့ဒီဟာကြီးတောင် အဲသလောက် လုံခြုံရေးတင်းကြပ်လှတဲ့ မြန်မာ့အသံကနေ ဒေးဗစ်ကော်ပါဖီးနောက် ပါသွားတယ်ဆိုတော့ ကိုယ်ဖြင့် အံ့သြလို့ကို မဆုံးဘူး။
မြန်မာ့အသံဟာ အစိုးရရုံးအဆောက်အဦထဲမှာ အင်မတန်ကို လုံခြုံရေး တင်းကြပ်တဲ့နေရာပါ။ မြန်မာ့အသံထဲ ဝင်ထွက်သွားလာမယ့်သူဟာ သူ့ရုံးက ဝန်ထမ်းမဟုတ်ရင် ဘယ်သူဘယ်ဝါ ဘာကိစ္စနဲ့ ဘယ်နေ့ဘယ်အချိန် လာပါမယ်လို့ ကြိုကြိုတင်တင် ခွင့်ပြုမိန့်ယူရတယ်။ လာတဲ့နေ့ကျရင်လည်း ရုံးအဝင်ဝက မှန်ခန်းကလေးထဲမှာ မှတ်ပုံတင်အပ်ထားပြီး အထဲက အဆင်သင့်ဖြစ်ပြီဆိုမှ ပေးဝင်တယ်။ တခြားရုံးတွေမှာလို လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားတာ မဟုတ်ပဲ စစ်ဗိုလ်စစ်သားတွေက မြန်မာ့အသံရဲ့ လုံခြုံရေးကို တိုက်ရိုက်တာဝန်ယူပါတယ်။ အလုပ်လုပ်ရတဲ့ စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်လည်း သူများတွေထက် အလွန်တင်းကြပ်သော စံနစ်ဇယားတွေ ရှိပါတယ်။ လုံးဝ အမှားမခံတဲ့ နေရာ ဆိုပါတော့။ ရေဒီယိုကနေ ကိုယ့်အသံကလေး တစ်ခွန်းပါချင်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်က အသံပီမပီ၊ မိုက်စွဲမစွဲ အသံစစ်တဲ့အလုပ် အရင်လုပ်ရပါတယ်။ “ကြည်ချွေဘို ညို့တော်ညောက်မှာလ…” ဆိုတဲ့ အသံနဲ့တော့ မြန်မာ့အသံက လက်မခံပါဘူး။ “ဘိတ်သားမသိ” တို့၊ “ဘောကျာယက်။” တို့လို အသံမျိုးကျလည်း လက်မခံပြန်ဘူး။ (ဒါပေသိ ဝင်ကြီးကိုယ်တိုင် ကြက်သွင်လို့ တွန်တွန်ကြီး ပြောတော့လည်း မသိချင်ယောင်ဆောင်နေသားဗျ။) ရုပ်မြင်သံကြားရိုက်တော့ ပိုဆိုးတာပေါ့။ ဥပဓိရုပ်ပါ ကြည့်တာကိုး။ ချောကိုချောမှ ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေသိ ရုပ်ပျက်ဆင်းပျက်ကြီးတွေဆို တီဗီကလွှင့်ခွင့်မပေးပါဘူး။ မျက်မမြင်အနုပညာရှင်များဟာ ရေဒီယိုလွှင့်ခွင့်ရသော်လည်း ရုပ်မြင်သံကြားကျတော့ တော်တော် စကားပြောယူရပါတယ်။
ပြီးရင် အသံလွှင့်မယ့်၊ ဒါမှမဟုတ် ရိုက်ကူးရေးလုပ်မယ့် အစီအစဉ်၊ သီချင်းစာသားတွေကို စစ်စစ်ပေါက်ပေါက် ခွင့်ပြုချက်တင်ရပြီး တစ်လုံးတစ်ပါဒမျှ အမှားမခံပါဘူး။ မရိုက်ခင် မသွင်းခင်ကတည်းက ကြိုစစ်ထားတာ။ ရိုက်တော့လည်း ဘုတ်အဖွဲ့ထဲက တစ်ယောက်ယောက်က လာကြည့်နေသေးတာ။ တင်ထားတဲ့အတိုင်း ရိုက်မရိုက်။ သီချင်းများဆို စည်းလေး ဝါးကလေး တစ်ချက် အမှားမခံဘူး။ အသံမရောက်ရင် မရောက်မချင်း ပြန်ဆို။ လူကိုလည်း မခင်နဲ့။ မူကိုလည်း မပြင်နဲ့။ မြန်မာ့အသံက အမှားကြီးတွေ လွှင့်တယ်လို့တော့ အပြောမခံနိုင်ဘူး။ စိတ်တိုင်းကျပြီဆိုတော့မှ ဘုတ်လူကြီးအဖွဲ့ဆီကို တင်ရမှာ။ တစ်ယောက်တည်း ဆုံးဖြတ်တာလည်း မဟုတ်ဘူး။ ကျွမ်းကျင်သူ ပညာရှင်တွေ အဖွဲ့နဲ့ ဆုံးဖြတ်မှာ။ ဘာကို ဆုံးဖြတ်မှာလဲဆိုတော့ အသံလွှင့်ခွင့်မပြုနိုင်ပါ ဆိုတာရယ်။ တစ်ခါလောက်တော့ အသံလွှင့်ခွင့် ပြုလိုက်မယ် ဆိုတာရယ်။ ပြန်လည်ပြင်ဆင်၍ အသံလွှင့်ခွင့် ပြုလိုက်တယ် ဆိုတာရယ်။ အမြဲတမ်းလွှင့်ခွင့်ရပြီး မြန်မာ့အသံ ဓါတ်ပြားတိုက်မှာ ဓါတ်ပြားအဖြစ် မှတ်တမ်းသိမ်းဆည်းထားမယ် ဆိုတာရယ်။ အဲ့ဒါကြောင့် ရှေးတုန်းက အဆိုတော်တွေမှာ ဓါတ်ပြားရ ဓါတ်ပြားရ ဆို အမွှန်းတင်ကြတာကိုး။ ကိုယ့်သီချင်း ဓါတ်ပြားအဖြစ် မရသေးသ၍ အပျော်တမ်းအဆင့်မှာပဲ ရှိသေးတယ်။
ရုပ်မြင်သံကြား ရိုက်ကူးရေးမှာတော့ သည့်ထက် ဆင်ဆာပိုတင်းကြပ်တာပေါ့လေ။ ဝတ်မယ့်အဝတ်အစားက မြန်မာဆန်ရမယ်။ အမျိုးသားတွေ ဆံပင်ရှည်၊ တက်တူး၊ ဂျင်းဘောင်းဘီ လက်မခံဘူး။ မိန်းကလေးတွေအတွက် ဆင်ဆာကတော့ ဘာပြောကောင်းမတုန်း။ အဲသလောက် ပိုက်စိတ်တိုက်စစ်ထားတဲ့ မြန်မာ့ရုပ်မြင်ဖက်ရှင်လောကမှာ မေဆွိတို့ ဟေမာနေဝင်းတို့ လျှမ်းလျှမ်းတောက်ခဲ့တာ တော်ရုံတန်ရုံပညာနဲ့ ဘယ်ရမလဲနော့။ သူတို့ဆင်ဆာလောက်များဖြင့် ကိုယ်တို့မင်းသမီးတွေက သနားတယ်။ ပေါ်လစီကားထဲမှာ စိုးမြတ်သူဇာကြီး ခြေမျက်စိ လက်ကောက်ဝတ်တောင် မပေါ်ပဲနဲ့ သင်္ဘောလက်ရမ်းပေါ် စွေ့ကနဲထိုင်ပြလိုက်တာ ဆင်ဆာလည်း ဖြတ်စရာမရှိ၊ ဟိုးဟိုးကိုကျော်ကရော။ မင်းသားတွေမှာသာ ဒုက္ခရောက်တာ။ ဆံပင်ရှည်ကြီး နောက်ဘက်မှာ မမြင်အောင်စည်းလိုစည်းရ၊ ကော်လံမပါ မဝတ်ရ။၊ လည်ပင်းကြယ်သီး မဖြုတ်ရ။ ပုတီးလက်ကောက် မဆင်ရ။ အမေရိကန်အလံမပါရ။ အို နောက်ဆုံး ဘာမှလုပ်လို့မရတာနဲ့ ငုတ်တုတ်မျက်နှာသေကြီးတွေ ဖြစ်ကုန်တယ်။ သူတို့လိုချင်တဲ့ ယောင်္ကျားလေးပုံဟာဖြင့် ကျော်စိုးဦးတို့ သိန်းလှမော်တို့ ပုံစံကလွဲရင် တခြားဟာ ရှိကို မရှိတော့သလောက်ပါပဲ။ ဒါပေမယ့်လည်း တစ်ခုတည်းသော နိုင်ငံတော်ပိုင်မီဒီယာကြီး ဖြစ်တာမို့ အနုပညာသည်တွေဟာ မြန်မာ့အသံ ရုပ်မြင်သံကြားက ခေါ်ရိုက်တယ်ဆိုရင် ထင်ပေါ်လို့ စင်တော်ကကောက်တယ် လို့ ယူဆကြတာ။ ရဲအောင်တို့ စိုးမြတ်သူဇာတို့ဆိုတာ ရုပ်မြင်သံကြားဇာတ်လမ်းက စတက်ခဲ့တဲ့ မင်းသားမင်းသမီးတွေလေ။
ရုပ်မြင်သံကြားမှာ ရိုက်ကူးရေးလုပ်တဲ့အခါ သူတို့ရုံးက ရုံးဝန်ထမ်းတွေမှန်သမျှ ပညာရှင် မဟုတ်တာ တစ်ယောက်မှ မပါဘူး။ သူ့ဟာနဲ့သူ အပြင်မှာ နံမယ်ကျော်နေတဲ့သူတွေချည့်ပဲ။ သတင်းကြေငြာတဲ့သူတိုင်း အခမ်းအနားမှူးဖြစ်တယ်။ ရုပ်ရော အသံရော ပြောစရာ မရှိဘူးလေ။ ဌာန်ရော ကရိုဏ်းရော ကျစေရမယ်။ ကင်မရာမန်းများတောင်မှ မင်္ဂလာဆောင် ဓါတ်ပုံ ဗီဒီယို လက်မလည်အောင် ရက်ချိန်းစောင့်ရတယ်။ ထက်ထက်မိုးဦးကြော်ငြာတွေရိုက်တဲ့ ဓါတ်ပုံဦးစန်းအောင်ဆိုတာ မြန်မာ့ရုပ်မြင်သံကြားကလာတယ်။ မိတ်ကပ်ပြင်ပေးတဲ့ ဦးအေးချိုဆိုတာ စတိတ်မိတ်ကပ် အင်မတန်ကျွမ်းတဲ့ ဆရာကြီးပဲ။ အပြင်က ပြင်လာတဲ့ မိတ်ကပ်များဟာ စတူဒီယိုထဲမှာ မီးထိုးလိုက်ရင် ဖွေးပြီးအရောင်မရှိတော့ဘူး။ သူ့အခန်း သူ့ဆက်တင် သူ့မီးကို သူ့မိတ်ကပ်ဆရာကသာ ကောင်းကောင်းသိတယ်။ နောက်တစ်ခုကတော့ စတူဒီယိုထဲက အဲယားကွန်းကြီးဟာ စိမ့်နေအောင်အေးပြီး ကြိုးတပ်တူရိယာတွေဆို အသံတွေတက်ကုန်တယ်။ ရေခိုးရေငွေ့ခန်းလို့ ဗုံတွေလည်း ပတ်စာခြောက်ကုန်တယ်။ ရိုက်ကူးရေးစလို့ မီးစလောင်းကြီးတွေ အကုန်ထွန်းလိုက်တဲ့အခါ စောစောက အေးနေတဲ့သူတွေ နဖူးမှာ ချွေးတွေသီးလာတဲ့အထိ အပူရှိန်တက်လာတယ်။ ခုပူလိုက် ခုအေးလိုက်နဲ့ဆိုတော့ စောင်းကြိုးတွေက အသံကြောင်လာရော။ ဒါကြောင့် Play back မဟုတ်ပဲ Live ရိုက်ကူးရေးသမားတွေအဖို့ “First cut is the deepest.” ပဲ။ ကြာကြာရိုက်လေ စိတ်တိုင်းမကျလေ ဖြစ်မယ်။ အဲ့ဒီတော့ အပြင်မှာ အတိုက်မနာပဲနဲ့ လာမရိုက်နဲ့။ မရှုမလှတွေ ဖြစ်ကုန်မယ်။ မြန်မာ့အသံမှာ On Air ဆိုတဲ့ မီးနီစာတမ်းကလေးဟာ ဘယ်လောက်နတ်ကြီးသလဲ အသံသွင်းဖူးသူတိုင်း သိကြတယ်။ လေတောင်ခိုးမလည်ရဲဘူး။ အကျယ်ကြီး ပါသွားမှာစိုးလို့။
ရိုက်ကူးရေး နဲ့ အသံသွင်း လုပ်ငန်းတွေပြီးရင် ထုတ်လွှင့်တဲ့ကိစ္စတွေ ရှိသေးတယ်။ ကက်ဆက်ကလေး ဂျလောက်ဆို ခလုပ်နှိပ်ရုံပ လို့ ထင်ရင် သံဃာစင်ပါ မှောက်သွားမယ်။ လမ်းထိပ်က အလှူခံမဏ္ဍပ်က အသံကို တနေကုန်ထိုင် နားထောင်ဖူးသွားရင် အသံလွှင့်အစီအစဉ်တွေ အမှားအယွင်း မရှိအောင် လွှင့်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲမှန်း သဘောပေါက်သွားမှာပေါ့။ တစ်ပတ်စာ တစ်လစာ မိနစ်အတိအကျနဲ့ ဆွဲထားတဲ့ အစီအစဉ်ဇယားများဟာ အလျင်အမြန်တို့၊ အရေးတကြီးတို့ အထက်က ညွှန်ကြားချက်လာတဲ့အခါ ဒရောသောပါး ဖြစ်ကုန်တယ်။ ခုစာလေးကြော်တွေ ခုဆီထမင်း ထထလုပ်တဲ့သူနဲ့တိုးရင်တော့ အရူးလင်လုပ်ရတာကမှ အိနြေ္ဒရဦးမယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး မှတ်မှတ်သားသား အဖြစ်အပျက်ကလေးကတော့ ဒေါ်မေလှမြိုင်အကြောင်းပါပဲ။ မြန်မာစာ မြန်မာစကားကို အင်မတန် စာဘောင်ပဲ့အောင် ဆိုနိုင်ပြောနိုင်ပြီး သံကျသံရောက် ကောင်းကောင်းနဲ့ နားထဲမှာ စွဲကျန်နေအောင် ဆိုနိုင်သူကြီးပေါ့။ (ကြွားဂျွားဝင့်ဝင့်၊ တင့်ဒင့်တယ်ဒယ် နေနှိုင်ဘေ့ကွယ်၊ စန္ဒာရယ် ဆိုတဲ့ ဆိုပေါက်မျိုးကိုပြောတာ။) သူက အသံလွှင့်ရုံမှာ အသံလွှင့်မှူးလုပ်သတဲ့။ အစီအစဉ် အပြောင်းအလဲ အဖြတ်အတောက်လွဲတဲ့အတွက် အဖိုးကြီးနားထောင်တတ်တဲ့ ပေါ်လစီအစီအစဉ်တစ်ခုဟာ ပြီးအောင်မလွှင့်နိုင်ပဲ တန်းလန်းကြီး တင်ကျန်နေခဲ့တယ်။ အဲ့ဒီအဖွားကြီးကို ချုံးပွဲချငိုပြီး ညတွင်းချင်း သေရွာပါသွားတဲ့အထိ နှစ်ပြားမတန်အောင် ငေါက်ငမ်းဟိန်းဟောက်ခံရတယ် လို့ သူ့တပည့်မကြီးရေးတဲ့ဆောင်းပါးတွေထဲမှာ ဖတ်ဖူးတာပဲ။
အသံလွှင့်ရုံဟာ လုံခြုံရေးမှာသာ စစ်တပ်အောက်မှာ ရှိခဲ့တာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှာလည်းပဲ မိုးကျရွှေကိုယ်တွေအောက်မှာ အစဉ်အဆက် ရှိခဲ့တယ်။ အဲ့ဒါကြောင့် အသံလွှင့်ရုံမှာ အလုပ်လုပ်တဲ့သူတိုင်းဟာ သုမနကျောမှာ ဒဏ်ရာတွေနဲ့ချည့်ပဲ။ ဘဘဘူးလက်ကြီးတောင် အသံလွှင့်ရုံမှာ လုပ်သွားသေးတယ်လေ။ အချဉ်တော့ မမှတ်နဲ့။ သူကိုယ်တိုင် ဝင်သရုပ်ဆောင်သွားတဲ့ အသံလွှင့်ဇာတ်လမ်းတွေ အများကြီးရှိသတဲ့။ သူကိုယ်တိုင်ခင်းသွားတဲ့ ဇာတ်ထုပ်တွေလည်း တစ်လှေကြီးကျန်ပါရဲ့ဗျာ။ ပြောရင် အတင်းတုပ်တယ် ဖြစ်ဦးမယ်။ သူ့လက်ထက်လုပ်သွားဖူးတဲ့ အသံလွှင့်ရုံဝန်ထမ်းတိုင်းနဲ့ သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြတယ် မဟုတ်လား။ အသံလွှင့်ရုံဟာ အနုပညာသည်တွေ နဲ့ သောတရှင် ပြည်သူလူထုကို ပေါင်းကူးဆက်သွယ်ပေးတယ်။ ဒါပေမယ့် နောက်ကွယ်က ချုပ်ကိုင်မှုကြီး တစ်ခုရှိတယ်။
“ပြန်ကြားပေးရန် မြန်မာ့အသံ ပညာပေးရန် မြန်မာ့အသံ၊ ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ” လို့ ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ မြန်မာ့အသံဆိုတာထက် မြန်မာနိုင်ငံတော်အစိုးရအသံဆိုရင် ပိုမှန်လိမ့်မယ်။ အစိုးရကပြောချင်တဲ့စကား၊ ပါးချင်တဲ့သတင်း၊ ဖြန့်ချင်တဲ့ဝါဒတွေကိုသာ သစ္စာရှိစွာ တသွေမတိမ်း ထုတ်လွှင့်ပေးလာခဲ့တယ်။ အဲ့ဒါကြောင့်လည်း ပြန်ကြားရေးဝန်ကြီး လက်အောက်မှာထားပြီး ထိထိရောက်ရောက် အသုံးချခဲ့တာပေါ့။ ညတိုင်းညတိုင်း ၈ နာရီသတင်းဆိုရင် နိုင်ငံတော်အကြီးအကဲတွေ ရာထူးအဆင့်အလိုက် “အာ့လာပြောတာ သပ်လား” လုပ်နေတာကို သတင်းလုပ်ပြီး ကြည့်ရတယ်။ လူသန်းငါးဆယ်ကတော့ သူတို့လာရင် တီဗီထထပိတ်တာကြောင့် ညစဉ် ၈နာရီထိုးတိုင်း အီးပီစီမှာ ပါဝါတွေဆောင့်တက်ပြီး လျှပ်စစ်ပစ္စည်းတွေ ခဏခဏ ပျက်စီးရတယ် လို့ဆိုတယ်။ ရုပ်မြင်သံကြားသတင်းထောက်ဆိုတာ ဘယ်ကိုမှ သတင်းလိုက်ယူလို့မရဘူးလေ။ လူကြီးတွေနောက်က တကောက်ကောက်လိုက်ပြီး စကားတောင်စား ကွမ်းအစ်နဲ့မြင်းချေးခံသလို တစ်တုံးမကျန် လိုက်မှတ်တမ်းတင်ရတယ်။ သူတို့ခေတ်မှာ သတင်းဆိုတာ ဒါပဲ။ ဒါကလွဲရင် ဘာသတင်းမှ မရှိဘူး။
သည်အစဉ်အလာကြီးဟာ အခုခေတ်အ ခုအခါ ၂၀၁၆ မှာရော မရှိတော့ဘူးလား။ ရှိတော့ ရှိနေတုန်းပဲလားဆိုတာတော့ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားပါ။ ကိုယ်မြင်သလောက်ကတော့ အမတ်ဒိန် မြို့တံခါး တဝက်ဖွင့်ထားသလိုပဲ။ လွှတ်တော်သတင်းကို ပါရင်တော်ပြီလောက်ပဲ ထည့်တယ်။ ပြည်ထောင်စုနေ့ ညစာစားပွဲမှာ ဘယ်သူ့ကို အကြာကြီးပြပြီး ဘယ်သူ့ကို ကျော်ချသွားသလဲ။ မြန်မာ့အသံကထုတ်ပြန်နေတဲ့ သဘောထားများကရော ဘယ်သူ့သဘောထားကို ကိုယ်စားပြုထားသလဲ။ သိတော့ အသိသာကြီးပါ။ His Maser’s Voice ဆိုတဲ့ ခွေးတံဆိပ်ဓါတ်ပြားနဲ့ သိပ်မထူးလှပါဘူး။ ဒါပေမယ့် ဒီနေ့ညအငြိမ့်ကြည့်ရတာ နည်းနည်းလေးတော့ ဖြေလျော့မှုကလေးတွေ တွေ့ရပါတယ်။ တစ်ခုပဲ။ နောက်တစ်နေ့ကျ ခေါ်ယူသတိပေးတာတွေ လုပ်မှာပဲ စိုးရတာ။ မုတ်ဆိတ်မွှေးစစနဲ့ အနောင့်ဇာလေးဆို ဖေ့စ်ဘုတ်ပေါ်တင်မိမှားတာကြောင့် ပြင်းထန်စွာ ခေါ်ယူသတိပေး ဆုံးမတယ်လို့ ကြားလိုက်ရတယ်။ ဟိုခမျာလည်း “ကြောက်ပါပြီ။ နောက် ပြောတော့ပါဘူး။” ဖြစ်သွားတယ်။ ဆိတ်ဖွားဖမ်းမယ်။ ကြက်ဖကြီးဖမ်းမယ်။ နဲ့ ခရုခါးတောင်းကျိုက်ဖမ်းနေတဲ့ မီဒီယာကင်ပေတိုင်ကြီးတွေဟာ နောက်နှစ်လလောက်နေရင် ဘယ်သူ့အသံတွေ ဖြစ်ကုန်မလဲလို့ သိချင်လှတယ်ကွယ်။
စိုးမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...