Sunday, February 28, 2016

“ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်”


ဇမ္ဗူဒီပါ လင်္ကျာတောင်ကျွန်း နိမိတ်ထွန်းသတဲ့။ ကိုယ်တို့တတွေ နားနဲ့မဆန့်အောင် ကြားနေရတဲ့ သီချင်းသံစဉ်များဟာ အပြင်မှာ တကယ်ဖြစ်ဖြစ်လာတာ မနည်းတော့ဘူး။ အခုလည်းပဲ ကွက်တိဒက်ထိကို မှန်လို့။ ဟိုသီချင်းလေ ဟိုသီချင်း။ “အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲရမည်။” ဆိုတဲ့သီချင်း။ အကော်ဒီယံကြီးရေးသွားတာလား ပူပူနွေးနွေး အလင်္ကာကျော်စွာကြီး ရေးတာလားတောင် မမှတ်မိပါဘူး။ ရေးတဲ့သူ အနားရှိရင်ဖြင့် လက်ဖဝါးလေးထောင်ပြီး “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး။” တောင် လုပ်ချင်တယ် တကယ်။ အမေရေ။ သားတို့တတွေ ဗိုလ်စွဲပြန်ပေါ့။ အာရှမှာ ဒုတိယ၊ အရှေ့တောင်အာရှမှာ ပထမ လိုက်တယ်လေ။ ဘယ်နေရာမှာလဲဆိုတော့ အဆင်းရဲဆုံးနေရာမှာ။ ဘင်္ဂလားဒေ့ရှ်တောင် ကိုယ့်ထက်ချမ်းသာတယ်။ ဘင်္ဂလီတွေ ကိုယ့်ဆီခိုးခိုးဝင်တာ ဟိုမှာ ငတ်ပြတ်နေလို့မှတ်သလား။ သိမ်းမလို့ဟဲ့ သိမ်းမလို့။ ဟိုဘက်က တရုတ်တွေ လုပ်ချင်တိုင်းလုပ်နေနိုင်တာ အားကျလို့ သူတို့လည်း ရသ၍ အချောင်ဝင်နှိုက်တာ။ တကယ်တော့ ကိုယ့်ထက်ချမ်းသာတယ်။
အမလေး မူးလိုက်တာ။ သည်အကောင့်စာတွေဖတ်ရတာ ဘီဘီစီ ဗီအိုအေ နားထောင်ရသလိုပဲ။
ဟိုလူဆေးထိုး သည်လူဆေးထိုး ဆေးထိုးသမျှတွေ လိုက်ဖွထားတာ ဆေးပေါင်းကိုခနေရော။ အဲသည် နံပတ်ဘယ်လောက်ချိတ်တယ်ဆိုတဲ့ ကောလာဟလတွေဟာလေ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေက သွားပုတ်လေလွင့်ပြောတဲ့ သွေးထိုးစကားတွေပါမောင်။ မယုံလေနဲ့။ မယုံလေနဲ့။ ဒါတွေကို စိတ်လိုက်မာန်ပါ လိုက်တုန့်ပြန်ရင် ၂၆ နှစ်လုံးလုံး ရာဇပလ္လင်ပေါ်မှာ မော်မဖူးဝံ့တဲ့ ဦးနေဝင်းကြီးတောင် ကျွမ်းပြန်ကျသွားခဲ့တာ မမှတ်သေးဘူးလား။ အဲ့ဒါ ကိုယ်တို့မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါတယ်ဆိုလို့လေ။ ပါချင်တဲ့ဆီပါ။ ကိုယ့်ထမင်းကိုယ်စားရတာ။ ဘယ်သူမှ လာကျွေးတာ မဟုတ်ဘူး။ ဒါကြောင့်လည်း တည်ငြိမ်သူဘဘကြီးတွေက အောက်ပိတ်ဆုံးမကလို့ ငရဲအိုးချိုးကပ်ကာမှကပ်ရော ဒင်းတို့ကို ဖုတ်လေသည့်ငပိ ရှိတယ်တောင် မမှတ်တာပေါ့ဗျာ။ ဒါလည်း သီချင်းရှိတယ်လေ။ “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ။” တဲ့။ မှုစရာလား။ ပိတ်လေလေ သူတို့ချမ်းသာလေလေ။ တရားခံရှာလာရင် နင်တို့အမေကြောင့်လို့ လွှဲချထားပြီးသား။
သွေးတိုးရှိတယ်ဆို။ ရင်တွေပန်းတွေ တုန်တယ်ဆို။ ညညအိပ်မပျော်ဘူးဆို။ နိုင်ငံခြားအသံလွှင့်ဌာနကဟာတွေ နားမထောင်နဲ့။ ကိုယ့်ဆီကဆို သမ္မတကြီးကိုယ်တိုင်က မိဘပြည်သူများ စိတ်ဆင်းရဲမှာစိုးလို့ သတင်းတွေကို အုပ်အုပ်ဆိုင်းဆိုင်း ဖုံးဖုံးဖိဖိ ထိန်ချန်ပြီးမှ အသံလွှင့်ပေးတာ။ ရွေးကောက်ပွဲရလပ်တွေ ကြေငြာတုန်းကဆို မတွေ့ဘူးလား။ ကိုယ့်တိုင်းပြည်ထဲက အိုကြီးအိုမတွေ ငယ်ထိပ်သွေးဆောင့် သေတဲ့သူတွေကုန်မှာစိုးလို့ တစ်လကိုးသီတင်း ရေတွက်ပြသွားတာ။ နှာလေးဘာလေး နှပ်ချိန်ရတာပေါ့။ မဖြစ်ဘူးလို့ မပြောနဲ့နော်။ တရုတ်ငွေတွေ အဝှာပြုတယ်လည်းဆိုရော ယပ်ခတ်တဲ့ ဘဘကြီး ခေါက်ကနဲ လေယာဉ်ပေါ်ပါသွားရော။ မမှတ်မိဘူးလား။ နားမထောင်နဲ့တော့နော်။ သံသာဝင်းကလေးတောင် သိတယ်။ “ကြားစကားများ မျုံသင့်ပါဝူး ကိုရယ်။” တဲ့။
ကိုယ့်ဘာသာကိုယ် စိတ်အေးလက်အေး အစိုးရသတင်းစာကလေးဖတ်၊ တီဗီသတင်းလေး နားထောင်နေတာ စိတ်ချမ်းသာပါတယ် မောင်ရာ။ ပြန်ဝန်ဘဘကြီးကို ဖောလိုးလုပ်ထား။ ကားပါကင်ထိုးတဲ့စာ ကြေးအိုးသောက်တဲ့စာကလေးတွေဖတ်၊ ဘယ်လောက် အကုသိုလ်ကင်းတုန်း။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ တို့နိုင်ငံက ကမ္ဘာမှာ အချမ်းသာဆုံး စစ်ဗိုလ်ချုပ်ကြီးတွေ အလျှိုအလျှို ထွက်ခဲ့တာ သူတို့မှ မသိပဲ။ ၁၅၀၀ နဲ့ ရောင်းတဲ့ ဆင်းမ်ကဒ်ကလေးတစ်ခုတောင် သိန်းထောင်ချီပေးဝယ်တဲ့ သူတွေ ရှိတာ အလို့များမှတ်နေသလား။ ငါတို့ဆီ လမ်းဘေးရပ်ထားတဲ့ လမ်ဘော်ဂနီတောင် မမြင်ဖူးလို့ အထူးအဆန်းလုပ် ဝိုင်းအုံကြည့်ပြီး ဓါတ်ပုံတောင် ရိုက်ယူသွားတဲ့ တိုးရစ်စ်တွေ ရှိတာ မသိဘူးလား။ သနားတယ် သနားတယ်။ တိုင်းသူပြည်သားတွေ ကြည့်ပြီး သူတောင်းစားမှတ်နေ။ ရှင်ဘုရင်တွေ လာကြည့်စမ်းပါဗျာ။ ရွှေကမုက်နဲ့ လေထုတ်တဲ့အစားပါ။ အင်္ဂလန်က ဘျင်မကြီးတောင် တို့မမလောက် စိန်တွေမစီနိုင်ဘူး။ သုံးမိနစ်ပဲစောင့်။ တို့မေကြီး ခိုင်သွားလို့ကတော့ ဆင်တစ်ကောင်သတ်ပြီး အရပ်ဝေလိုက်ရင် တစ်ပတ်စာလောက်အသာလေး ဖူလုံမှာ။ (ဟိဟိ ဟိုကအရင် ငါ့လိုက်သတ်တော့မယ်။ လစ်မှ။)
သုံးမိနစ်ပြည့်လို့ အဲလေ နောက် ၃၃ ရက်ကြာလို့ အစိုးရသစ်ကြီးတက်လာရင် ကိုယ်တို့အားလုံး လူမွဲတွေက မနှေးခေတ်မီ သူဋ္ဌေးဖြစ်တော့မည်ပေါ့နော်။ စက်ဘီးကလေးတွေနဲ့ ရပ်ကွက်ထဲလိုက်ရောင်းတဲ့ ထီသည်တွေ မြင်ဖူးသလား။ ကျိုက်ထီးရိုး တဲ့။ သာမည တဲ့။ ဘိုးဘိုးအောင် တဲ့။ ဘိုးမင်းခေါင် တဲ့။ ကိုကြီးကျော် မမနှဲ နဲ့ အမေရေယာဉ်တောင် ပါသေး။ အဲ့ဒီထီသည်တွေက ဆိုင်နံမယ်တွေ ဘာဖြစ်လို့ အဲသလို ပေးထားတာထင်သလဲ။ သူတို့ကို ထီပေါက်အောင် ကယ်မယ့်မမယ့်သူတွေလို့ ယုံကြည်တဲ့ဆီမှာ ထိုးမှာမို့လို့လေ။ အဲ့ဒါကြောင့် ကိုယ်တို့ ဗမာတွေများ ကြီးပွားချမ်းသာချင်ရင် ဆုတောင်းလေ ဆုတောင်း လို့ ငေါ့စရာမလိုဘူး။ လက်အုပ်ကလေး စုံပူးပြီး ဘယ်သူ့ပြေးကန်တော့ရမလဲချည့် ရှာနေတော့တာ။ အလုပ်လုပ်ဖို့ ဘယ်သူမှ မစဉ်းစားဘူး။ အားအားရှိ အမေလာပြီ ငွေပါသည် လုပ်ဖို့ပဲတတ်တယ်။
အခု သူများနိုင်ငံက ပေတံကြီးနဲ့ ထုတ်တိုင်းပြီး ဆင်းရဲတယ် ချမ်းသာတယ် စာဖတ်သွားတာ ဘယ်လိုဖတ်တယ် မှတ်လို့တုန်း။ အိမ်မှာရှိနေတဲ့ ရွှေတွင်းငွေတွင်း ပယင်း ဒုတ္ထာ အထုပ်တွေထွာပြီး ရေတွက်သွားတာ မဟုတ်ဘူး။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကုန်ထုတ်လုပ်မှု ဝင်ငွေကို တွက်သွားတာ။ တက်ကျမ်းတွေ ဘာတွေ မဖတ်ဖူးဘူးလား။ မင်းဘယ်လောက်ချမ်းသာသလဲဆိုတာ မင်းမှာ ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတာကို တွက်တာ မဟုတ်ဘူးတဲ့။ မင်းဆီကို ငွေတွေ ဘယ်နည်းဘယ်လမ်းနဲ့ ဘယ်လောက် ဝင်နေသလဲဆိုတာကိုပဲ တွက်ရသတဲ့။ ဝင်ငွေတစ်ပြားမှ မရှိတဲ့ ကုဋေရှစ်ဆယ် သူဋ္ဌေးသားဟာ လူချမ်းသာ စာရင်းမဝင်ဘူး။ အထည်ကြီးပျက်တဲ့။ ကိုယ့်နိုင်ငံထုတ်ကုန် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိပဲ အပ်ကအစ လေယာဉ်ပျံအဆုံး သူများနိုင်ငံကချည့်ပဲ ဝယ်သုံးနေကြတာ သည်နိုင်ငံမဆင်းရဲ ဘယ်နိုင်ငံကို ဆင်းရဲတယ် ခေါ်ချင်သေးတုန်း။ တဆိတ်ရှိ မြေပေါ်မြေအောက် သယံဇာတ၊ မြေပေါ်မြေအောက် သယံဇာတနဲ့။ အဲ့ဒါတွေက ဘယ်သူတွေပဲ ချမ်းသာပြီး ပြည်သူတွေ ဘယ်နှစ်ပြားခံစားရသလဲ ပြောကြည့်ကြည့်စမ်းပါ။ နင်တို့မြေ ကြေးနီထွက်လို့ နင်တို့ရွာသားတွေ ကြေးပြားတစ်ပြား ပိုသုံးရသလား ပြောစမ်း။ စကားလေးစလိုက်မိရင်ကို ပေါဒိသာရ ထိုးကွင်းကြွသလို လွှတ်တော်ထဲ ငေါက်ကနဲ ငုတ်တုတ် ထရပ်ကုန်ပြီ မတွေ့ဘူးလား။ သူများပြောမှ သိရတာကို မဟုတ်ဘူး။ ကိုယ်ဆင်းရဲတာ ကိုယ်သာအသိဆုံး။
ဒါပေမယ့်လည်း သူများတွေက အလကားနေရင်း ဆင်းရဲလိုက်တာ ဆင်းရဲလိုက်တာ နဲ့ လာလာ စာရင်းတို့တာတော့ ဘယ်ခံချင်မလဲလေ။ သိက္ခာကျတာပေါ့။ ဂလိုနဲ့ ရိုးရာမပျက် ပုရောဟိတ်ကြီးတွေဆီက အကြံကောင်း ဥာဏ်ကောင်းကလေးများ တောင်းတဲ့အခါ ဟိုကလည်း မင်းလိုလိုက် မင်းကြိုက်သိစွာ ထိရောက်သော နည်းလမ်းများ တင်ပြပြီး ဘိုးတော်ဘတော်တို့က ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်လျက် လမ်းညွှန်မှုများပေးကြလေတယ်။ သတင်းထဲတော့ အဲ့လိုချည့် ရေးထားတာပဲလေ။ နားရည်တော့ ဝနေပါပြီ။ ဒါပေသိ အနက်ကလေး ဘာလေး ပြန်ရမယ်ဆို သည်လိုတဲ့။ တုတ်ကိုတုတ်ချင်း ဓါးကိုဓါးချင်း တုန့်ပြန်သလို မီဒီယာကို မီဒီယာနဲ့ တုန့်ပြန်ရမတဲ့။ ဂလိုဆိုတော့ စာရင်းအင်းကို စာရင်းအင်းနဲ့ပဲ တုန့်ပြန်ကြတာပေါ့နော်။ ကဲ ပညာခန်းတွေ စပြီ။ အန်ဒါလိုင်းလုပ်ပြီးမှတ်၊ ကော်ပီ ပေ့စ်လုပ်ပြီး သေချာသိမ်းထား။ ဒါမျိုး ကိုယ်ကလွဲရင် ဘယ်သူမှ မလုပ်တတ်ဘူး။ ဥပမာလေးတွေ ပေးမယ်။
မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့တော့ ကမ္ဘာလှည့်ခရီးသည်တွေ အဝင်လျော့သွားတယ်လေ။ ဥရောပက တိုးကုမ္ပဏီတွေဆီမှာ “မြန်မာပြည်ကို အလည်မသွားကြပါနဲ့။ အဲ့သည်ပိုက်ဆံတွေဟာ စစ်အစိုးရဆီ ရောက်ကုန်မှာပါ။” လို့ လှုံ့ဆော်တဲ့စာတွေ ထွက်လာတယ်။ ပြောပြီးပါပကောလား။ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါလို့။ ဧည့်သည်အရေအတွက် တက်ချင်တာ မဟုတ်လား။ ဘာခက်တာလိုက်လို့။ ယိုးဒယားနယ်စပ် တရုတ်နယ်စပ်မှာ နေ့ချင်းပြန်ဗီဇာနဲ့ တိုင်ပတ်တဲ့ပတ်စ်ပို့စာရင်းတွေ လဝကဆီကတောင်း တိုးရစ်စာရင်းထဲ ထည့်ပလိုက်တယ်။ ဘာရမလဲ။ အမေရိကန်ပြန် ဟော်တယ်ခရီးဝန်ကြီးပါဗျ။ ဂလောက်များတော့ ပျင်းတောင်ပျင်းသေးတယ်။ သတင်းစာထဲမှာ စာလုံးမည်းကြီးနဲ့ မနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည် ဘယ်နှစ်သိန်းဆိုပြီး စာရင်းပြသွားတယ်။ လက်ခုပ်သြဘာ သောသောညံလို့။ တကယ်ဧည့်သည် လာတာမလာတာ အရေးမကြီးဘူး။ လောလောဆယ် မင်းတြားကြီး ရွှေဘောတော်ကျသွားဖို့သာ လိုတယ်။ သူသာအိုကေနေသ၍ ကျန်တဲ့သန်းငါးဆယ် ကိုယ့်တံတွေးနဲ့ကောက်ထွေးနေလည်း မှုစရာမလို။ လုပ်တိုင်းဖြစ် လစ်တိုင်းဖြုတ်၊ အမြစ်ပါမကျန်အောင် တူးယူလို့ရတယ်။
အောင်မယ်။ သူများပြောရမယ်ဆို နှစ်ယောက်မရှိ။ ကိုရင်တို့ ကျန်းမာရေးကျတော့ရော။ စာရင်းမလိမ်လို့လား။ ဟဟ။ ဆုတွေရတဲ့အထဲမှာ ချာဝန်တွေလည်း ပါတယ်လေ။ ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ကျဆုံးတဲ့။ ကဲ ပြောစမ်းပါဦး။ တားတားတို့ ရန်ကုန်ဆေးရုံကြီး ဘယ်လောက်တောင် အဆင့်မြှင့်တင်ထားတယ်ဆိုတဲ့ အကြောင်းလေး။ ဒါလည်း အတူတူပဲဗျ။ ကျန်းမာရေး စောင့်ရှောက်မှုကိုတိုင်းတာဟာ ဒီဆေးရုံကြီး ဘယ်လောက်တန်တယ်။ လူနာတွေကို ဆေးဖိုးဘယ်လောက်ကုန်ကျခံထားတယ်ကို တိုင်းတာတာ မဟုတ်ဘူး။ သူ့မှာလည်း ပါရာမီတာတွေ ရှိတယ်။ ဘာမှ ထွေထွေထူးထူး စဉ်းစားမနေနဲ့။ သည်နိုင်ငံမှာ ငါးနှစ်အောက်ကလေးတွေ၊ မွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လောက်နှုန်းနဲ့ သေပျောက်နှုန်းရှိတယ်ဆိုတာကို ဖတ်ကြည့်လိုက်ရင် သဘောပေါက်နေပြီ။
ဒါကတော့ မများလွန်းဘူးလားလို့ နည်းနည်းတောင် ဈေးဆစ်ချင်လာပြီ။ ယောက်ကျားဖောင်စီး မိန်းမမီးနေဆိုတာ အလကားထားတဲ့စကားမှ မဟုတ်တာ။ သုံးလောကထွဋ်တင် ဘုရားရှင်တောင်မှပဲ Breech Delivery နဲ့ ဖွားတော်မူတာ ခရီးလမ်းခုလတ်မှာမို့ မယ်တော်မာယာခမျာ Maternal Mortality စာရင်းဝင်သွားရှာတယ်။ မိဖုရားခေါင်ကြီးတစ်ပါးလုံး နတ်ရွာလားသွားတာ ရှင်ဘုရင် အမျက်တော်ရှမှာစိုးတာနဲ့ လောင်းမင်းသား ဥဒါန်းကျူးပုံ၊ ဖဝါးခုနစ်လှမ်း ကြာပန်းခုနစ်ပွင့်၊ နတ်တွေ ဗြဟ္မာတွေ အကြောင်းပြောပြီး အာရုံလွှဲတာ မဟုတ်ဘူးလား။ ကိုယ်တို့ဆီက ဘဘကြီးတွေကတော့ သူတို့တစ်ခုခုဖြစ်မယ့်ကြံ သိပ်အာရုံလွှဲတတ်တယ်။ ကိုယ့်ဘုရားအလောင်း မယ်တော်တောင် ရှောင်လွှဲလို့မရတဲ့ အာဝေနိကဒုက္ခကြီးကို မောင်ရင်တို့လက်ထက်ကြမှ မအေသေကြည့်၊ ကလေးသေကြည့်၊ နင်တို့လည်း သေပြီသာမှတ်။ ဆိုတော့ ဟုတ်သေးပါဘူး။
သို့သော်လည်း အဲ တဲ့ ပေါ့လေ။ မယ်မာယာ နတ်ရွာလားတာက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက။ ကိုရင်တို့ဆီ မိန်းမတွေ ဖောင်စီးမီးနေလုပ်နေကြတာက အခုထက်ထိ အဲသည်အတိုင်းက မတက်သေးဘူးလေ။ အဲ့ဒါ ဖြစ်သင့်ပါ့မလား။ မြင့်မြင့်ခင် ခင်သန်းနု ခေတ်မှာ မဟုတ်ဘူးနော်။ စိုးမြတ်သူဇာ အကယ်ဒမီရသွားတဲ့ နော်ရင်မွှေးဇာတ်ကားကို ပြန်စဉ်းစား။ နွားလှည်းပေါ် ကလေးမွေးရင်း အမတဝါးမ အမတဝါးမ နဲ့ ခင်စိုးပိုင်ကြီးအလောင်းကို ဖက်ဖက် ငိုတယ် မဟုတ်ဘူးလား။ မြန်မာမတွေ (အဲလေ ကရင်မတွေ) ဆရာဝန်ဆီမရောက်ပဲ လမ်းခုလတ်တင် လှည်းပေါ် ကလေးမွေးနေကြတုန်းဗျ။ ဒါလည်း လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ပါ လို့ ပြောချင်သေးတယ် ဟတ်လား။ ဒါဖြင့် ၂၀၁၅ နိုဝင်ဘာလောက်မှာ ဘဘဦးသိန်းစိန် လက်ကလေးပြပြီး ပြုံးပြုံးကြီး နှုတ်ဆက်တဲ့ ဇာတ်ကားတိုလေး ပြန်ကြည့်ဗျာ။ ရွာမှာ မီးခွက်ကလေးမှိတ်တုပ်မှိတ်တုပ်နဲ့။ ကိုယ်ဝန်ဆောင် မိခင်ကလေး ဗိုက်နာနေတယ်။ နွားလှည်းကလေးနဲ့ ဆေးရုံရောက်အောင် ပြေးရတာ ဇောချွေးကိုပြန်ရော။ “၅ နှစ်ကြာသော်” လို့ စာတမ်းထိုးပြီးမှ လူတွေက ပြုံးရွှင်၊ မီးတွေလင်းလာ၊ တယ်လီဖုန်းလေးတွေ ပွတ်လို့။ ကိုင်း ဒါဆို အဲသည် ၅ နှစ် မတိုင်ခင် ၂၀၁၀ က တို့မြန်မာသာကီမျိုးတွေ ကပိလဝတ်မှာနေတဲ့အတိုင်း နေခဲ့ကြတာ မဟုတ်ဘူးလား လို့။ အဲ့တုန်းကလည်း သူတို့ပဲ မအုပ်ချုပ်တာကျလို့။ လူကို အပ်ချလောင်း လာလုပ်ပြနေ။
အို ဘာပဲဖြစ်ဖြစ်။ မကြားချင်ဘူး။ မကြားချင်ဘူး။ အမေသေတာလည်း မကြားချင်ဘူး။ ကလေးသေတာလည်း မကြားခင်ဘူး။ အထူးသဖြင့်တော့ ဆေးရုံအထိရောက်လာပြီးမှ ဆရာဝန်တွေ ခွဲရင်းစိတ်ရင်း အမေသေ ကလေးသေတာ ကြားကိုမကြားချင်ဘူး။ မြန်မာနိုင်ငံ တနံတလျား အိုဂျီတွေမွေးပေးလျက်မှ အဖိတ်အစင်စာရင်းတက်ရင် လူကိုယ်တိုင် နေပြည်တော်အရောက်လာပြီး ထုချေလွှာရေးရမတဲ့။ သေရောပေါ့အေ။ သွားရတဲ့ခရီး နီးနီးမှတ်နေ။ မကြားချင် အသံမထွက်အောင် စီရင်ရုံရှိတော့တာပေါ့။ အဲ့ဒီအခါကျတော့ သေရေးရှင်ရေးဆို အိုဂျီများက အမေကိုပဲ မဲပြီး အသက်လုတော့တယ်။ ကလေးဆရာဝန် ခေါ်ထားပြီးသား မရှိရင် ကလေးကို အနှီးနဲ့ထုပ်ပြီး အလုပ်သမားတစ်ယောက်က ကလေးဆောင်အရောက် ပြေးပို့ရတော့တာပဲ။ လှမ်းပစ်လို့များရရင် “အင့် ဆီးဖမ်းလိုက်” ဆို ပစ်မလား အောင့်မေ့ရတယ်။ ဘာလို့ဆိုတော့ ခွဲခန်းထဲမှာသေရင် အိုဂျီနဲ့ဆိုင်တယ်။ ကလေးဆောင်ရောက်မှ သေတော့ ကလေးဆရာဝန်နဲ့ ဆိုင်သတဲ့။ သူများအတင်းပြောတာ မဟုတ်ပါဘူး။ စာရင်းကို စာရင်းနဲ့ရှင်းရင် အဲသလိုမျိုး ဇယားတွေ ရှုပ်ကုန်ရော လို့ ပြောချင်တာပါ။ အဓိကက ဘာဖြစ်ချင်တာလဲဆိုတဲ့ မစ်ရှင်ပျောက်နေတာ။ စာရင်းပျောက်ချင်တာ မဟုတ်ဘူးလေ။ အမေရော ကလေးရော အသေအပျောက် မရှိစေချင်တာ။
အဲ့ဒီအခါကျတော့ ကိုယ်နဲ့ဆုံဖူးတဲ့ ကလေးဆရာဝန်တစ်ယောက်ရဲ့ အစီအမံကို သဘောကျမိပါတယ်။ အိုဂျီတောင် မရှိတဲ့အရပ်မှာ ကိုယ်က ဆာဂျင်တန်မဲ့ ကလေးတွေကို မနေနိုင်လို့ ဝင်ဝင်မွေးပေးလို့ရှိရင် ထွက်လာတဲ့ကလေးတိုင်းကို သူကလာလာ နှာနှပ်ရမလို ဖြစ်နေတယ်။ အဲ့တော့ သူက ဆေးရုံမှာ ရှိရှိသမျှ ဆရာမတွေရော အလုပ်သမားပါမကျန်၊ တစ်သုတ်ပြီးတစ်သုတ်၊ ကလေးဆိုတာ ဘယ်လိုကောက်ရတယ်။ အနှီးလေးကို ဘယ်လိုထုပ်ရတယ်။ လက်ပတ်ဘယ်လိုမှတ်ရတယ်။ ချက်ကြိုး ဘယ်လိုချည်ရတယ်။ အချွဲဘယ်လိုစုပ်ရတယ်။ သူလုပ်ရမယ့်အလုပ်တွေကို အကုန်လုံး စိတ်ချလက်ချ မျက်နှာလွှဲနိုင်အောင် သင်ပေးထားလိုက်တယ်။ တစ်ပါတ်လောက် အပင်ပန်းခံလိုက်တော့ နောက် ခဏခဏ မလာရတော့ဘူး။ သူလိုမယ့်ကလေးလူနာကျမှ ကိုယ်တိုင်လာရတယ်။ အကုန်လုံးလည်း အဆင်ပြေသွားတယ်။ ကိုယ်က မွေးသာမွေးပေးတတ်တာလေ။ ကလေးထွက်သွားရင် ခွဲခန်းထဲမှာ၊ မွေးခုံပေါ်မှာ၊ သွေးသံရဲရဲနဲ့ ကလေးအမေကြီးကို ပစ်ပြီး ကလေးနောက် လိုက်မလုပ်နိုင်ဘူး။ အချင်းကလည်း တန်းလန်းကြီး ကျန်နေသေးတဲ့ဟာ။ အမေသေတာ ကိုယ့်ဒုက္ခ၊ ကလေးသေမှာ သူ့ဒုက္ခ။ အဲသလို သူ့ဟာနဲ့သူ အထာကျအောင် စီမံလိုက်တော့ ကိုယ့်အလုပ်ကိုယ် လုပ်လို့ရသွားတယ်။ နေရာတကာ ကိုယ်တိုင်လိုက်လုပ်နေမှ မဟုတ်ဘူး။ စံနစ်တစ်ခု ပုံမှန်ရွေ့လျားနေဖို့သာ လိုတယ်။
ဆိုလိုတာက ဆင်းရဲမွဲတေမှုကို လျော့သွားအောင် ဂျီဒီပီလေးတက်လာအောင် လုပ်တဲ့အလုပ်ဟာ သိပ်တော့ မခက်လှဘူး။ သူတို့တတွေ လုပ်တတ်လွန်းလို့။ သန်းခေါင်စာရင်းကောက်လိုက်တော့ လူဦးရေဆယ်သန်းလောက် ပျောက်ထွက်သွားတာ သန်း ၆၀ အစား သန်း ၅၀ နဲ့ပဲ စားရတော့ တစ်ဦးချင်း ထုတ်ကုန်ဝင်ငွေတွေ တိုးတက် မလာပါလား။ အခုဟာ ဘယ်လောက်နဲ့စားထားတဲ့ အဖြေကြီးမှန်းလည်း မသိ။ နင်တို့ အရင်တုန်းက အခုလို ဆိုင်ကယ် မစီးနိုင်သေးဘူးလေ။ စမဖုန်း မကိုင်နိုင်သေးဘူးလေ။ အိမ်တိုင်း တီဗီမရှိသေးဘူးလေ။ ရန်ကုန်မှာ ကြည့်စမ်း။ ကားတွေ မတွေ့ဘူးလား။ မိုးထိတိုက်တွေ မမြင်ဘူးလား။ ဗယ်လင်တိုင်းဒေးတုန်းက ဟော်တယ်ဘွတ်ကင် ဘယ်လောက် ခက်သလဲ နင်မသိဘူးလား။ စီးပွားရေးလုပ်ငန်းတွေကို နံမယ်ပိစိလေးနဲ့ ရိုက်ထားတဲ့ ရန်ကုန်လမ်းညွှန်ဆိုတာ တစ်အုပ်မလောက် လို့ နှစ်အုပ်ခွဲထုတ်နေရတာ မသိဘူးလား။ လူတိုင်းလူတိုင်း ခါးကြားမှာ ဖုန်းတွေကို တစ်လုံးက မီးထိုးဖို့ တစ်လုံးက ကိတ်ဆိတ်ဖွေ့ဖို့နဲ့ ဘယ်ဖုန်းက လာနေတာမှန်းမသိတဲ့အချိန်မှာ ဆင်းရဲသားကား လာရိုက်ခိုင်းနေတော့ အပယ်ရတနာကားထဲက ရှုမဝစမ်းစမ်းအေးကြီး သူတောင်းစားလုပ်တာ လက်သည်းအရှည်နဲ့ ဆိုသလို ဖြစ်နေပါပြီကွယ်။ ဟောတွေ့လား။ ငါ့စကား နွားရဆိုတာ ကိုယ်တို့လည်း ပြောတတ်ပါတယ်ကွယ်။ မှန်တာပြော ချမ်းသာရစီရဲ့ ဆိုလို့ ချမ်းသာသွားတဲ့အမျိုးမှ မဟုတ်တာ။
တကယ်တမ်း ဆင်းရဲတွင်းက လွတ်မြောက်စေချင်ရင်တော့ အရမ်းကွာဟသွားတဲ့ လူတန်းစားနှစ်ရပ်ကို မျှဝေခြင်းအားဖြင့် နီးစပ်စေရမယ် ထင်တာပဲ။ ဦးနေဝင်းခေတ်တုန်းကလို ပြည်သူပိုင်သိမ်းတာမျိုးတော့ အလုပ်မဖြစ်မှန်း သိပြီးသားပဲနော့။ ဒါပေမယ့် ကိုယ်တို့မြန်မာပြည်မှာ အရမ်းချမ်းသာတဲ့ လူတန်းစားတွေဟာ အတ္တကို နည်းနည်းလျော့ကြဖို့ကောင်းပြီ။ အတ္တလျော့ဖို့ ဖိအားပေးသင့်ပြီ။ တည့်တည့်ပြောရရင် ခရိုနီတွေကို တနည်းတဖုံ စီမံသင့်နေပြီ။ ခရိုနီဆိုတာ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာမှာ သုံးဖို့ အသင့်ရှိနေတာပါ လို့ သူတို့ကတော့ ပြောတာပဲ။ ဒါပေမယ့် သူတို့ပြောတဲ့တိုင်းပြည်ဆိုတဲ့စကားထဲမှာ ကိုယ်တို့တွေ မပါဘူး။ အာဏာရှိတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေပဲ ပါတယ်။ သူတို့တတွေ အလှူရေစက် လက်နဲ့မကွာတာ မိဘမဲ့ကျောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေ မပါဘူး။ ဝန်ကြီးအဆင့်ရဲ့အောက်ကို သူတို့ အဘက်လုပ်လေ့မရှိဘူး။ လူကြီးက ဒါဆိုရင်တော့ နှစ်ခါ အပြောမခံဘူး။ ဖြစ်အောင်လုပ်ပေးတယ်။ လုပ်ပေးသလောက် သူတို့အတွက် ကျန်အောင် ချန်တယ်။ မရှိဆင်းရဲသားတွေကို လှူလို့ နောက်ဘဝမှ ကုသိုလ်ရမယ်ဆိုတာ မရေရာဘူး။ အတိုးတွက်နဲ့တွက်တွက်၊ ငွေကြေးဖောင်းပွနှုန်းနဲ့တွက်တွက် ရှုံးတယ်။ သူတို့အတွက်က ဘာလုပ်လုပ် ရော့ ပတ္တမြား ရော့နဂါးပဲ။ ထောင်မြင်လို့ ရာစွန့်ရင်တောင် သိပ်ကြာမယ်ဆို လက်မခံဘူး။ သည်လူတွေဆီက သူဌေးဝါဒနဲ့ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ် တောင်းချင်ရင် ဆင်းရဲသားတွေအတွက် အလှူပေးတရားလေး ဟောလို့တော့ မရဘူး။ အာဏာရှိတဲ့သူတွေက ငွေဖလားလေး ခေါက်မှ ရမယ်။ အခုလည်းခေါက်ကြတာပါပဲ။ ခေါက်တဲ့သူက သူ့အိပ်ထဲသူ ထည့်သွားလို့ ခက်နေတာ။ နောက်အစိုးရဟာ ခရိုနီနဲ့ ကင်းလို့တော့ မရဘူး။ သို့သော် ခရိုနီဆီက အကျိုးအမြတ်ဟာ သူ့ကိုယ်ကျိုးစီးပွား မဟုတ်ပဲ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွား ဖြစ်နေမှ ရမယ်။ အဲ့ဒါ ပြောတော့ပဲ လွယ်တယ်။ တကယ် လုပ်နိုင် မလုပ်နိုင် စောင့်ကြည့်ရဦးမှာ။
သိပ်အခက်လှကြီးတော့ မဟုတ်ဘူး။ တော်တော်တော့ နီးစပ်နေပြီ။ ကော်မရှင်မှာ စာရင်းတင်တော့ အရွေးခံမယ့်ပါတီ ရာကျော်တယ် မဟုတ်ဘူးလား။ ကော်မရှင် စာရင်းချုပ်တော့ တင်ကျန်ခဲ့တာ ဆယ်ဂဏန်းပဲ ရှိတော့တယ်။ အခု လွှတ်တော်ထဲလည်းရောက်ရော လယ်ပြင်မှာတွေ့ရတာ ကျား နဲ့ ဆင်နဲ့ နှစ်ကောင်တည်းရယ်။ ကြံဖွံ့ဆိုတာ တစည လိုပဲ ကျားသေ ဖြစ်သွားပြီ။ အမိန့်အရ တပ်ကထွက်ပြီး ဝင်အရွေးခံတဲ့ဗိုလ်ချုပ်ကြီးတွေတောင် မှန်ကင်းဘဝက ထင်းဘဝ ရောက်သွားပြီ။ တိုင်းရင်းသားပါတီဆိုတာ ပြည်ထောင်စုအစိုးရကို ဦးဆောင်နိုင်စရာတော့ မရှိဘူး။ နောင်ကို မြန်မာ့နိုင်ငံရေးစဉ်းစားရင် အရပ်ဘက် တပ်ဘက် ဆက်ဆံရေးပဲ ရှိတော့မယ်။ ကောင်းပြီ။ ဒါဆို အဲ့ဒီနှစ်ခုကိုရော တပေါင်းတည်း စဉ်းစားလို့ မရဘူးလား။ ဆင်းရဲမွဲတေတဲ့အထဲမှာ စစ်သားတွေ မပါလို့လား။ တပ်မှူးကြီးအိမ်မှာ ကိုယ်တုံးလုံးချွတ် အရိုက်ခံရတဲ့ကလေးမလေးဟာ တပ်ကြပ်ကြီးသမီးပါဗျ။ ကိုယ့်သားသမီးကိုယ် စာချုပ်စာတမ်းနဲ့ ရောင်းစားရတဲ့မိဘလောက် ဆင်းရဲတဲ့ဘဝ ရှိဦးမလား။ သူတို့ရော အဖိနှိပ်မခံရဘူးလား။ ဖေ့စ်ဘုတ်ပေါ် အသံထွက်နိုင်တာ ကွန်ပြူတာ စမတ်ဖုန်းလောက် အကျွမ်းတဝင်ရှိတဲ့ ရေပေါ်ဆီတွေရယ်ပါ။ သူများက ပါးစပ်ကလေးနဲ့ ကီးဘုတ်ကလေးနဲ့ အမြောက်တွေ ပစ်ပါပစ်ပါ တွန်းပို့ပြီး သေတော့ သူတို့က သေရတယ်။
စစ်သားလည်း လူပါပဲ။ ဒီမိုကရေစီဆိုတာ စစ်သားလည်း လိုအပ်တယ်။ သို့သော် အမိန့်အရ အသံမထွက်နဲ့ဆို မထွက်ရဘူး။ ထဆိုထလိုက် ထိုင်ဆိုထိုင်လိုက် အရုပ်ကလေးများလို အကွက်ရွှေ့ရတယ်။ သူတို့ခေါင်းထဲမှာ ချီးတွေချည့်ပဲ ရှိနေလိမ့်မယ် မထင်နဲ့။ သူတို့လည်း သူများလို သဘောထား ဆန္ဒဆိုတာ ရှိတယ်။ လွှတ်တော်ထဲမှာ မျက်နှာထားတင်းတင်းနဲ့ လူထုဆန္ဒကို ကဏ္ဍကောစလုပ်နေတဲ့ စစ်သားကြီးတွေဟာ အိမ်ပြန်ရောက်လို့ အရပ်သားပြည်သူတွေအလယ် ပြန်ရောက်သွားရင် သူ့မျက်နှာကြီး မော်ကြွားထားနိုင်ပါ့မလား။ အမြင်မတူ လားရာမတူလို့ ထိပ်တိုက်ရင်ဆိုင်မိတဲ့ တပ်ဘက်အရပ်ဘက် ဆက်ဆံရေးဟာ တကယ်လို့များ တူညီတဲ့အကျိုးစီးပွားဆိုတဲ့ Common Ground တစ်ခုရရင် အတူတူ လက်တွဲမဆောင်ရွက်နိုင်စရာ ရှိပါ့မလား။
တကယ်တော့ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆိုတာ အရပ်သားတွေ ချမ်းသာပြီး တပ်ကလူတွေ ပိုဆင်းရဲသွားမယ့် အလုပ်ကို လုပ်နေတာ မဟုတ်ဘူး။ တပ်ကအသေအလဲ ကာကွယ်နေတဲ့ ခရိုနီတွေ စစ်အာဏာရှင်ကြီးတွေရဲ့ အကျိုးစီးပွားဆိုတာ တကယ်တမ်းကျတော့ ရဲဘော်ကလေးတွေ ကျွန်သက်သဘောက်သက် ရှည်လာတာကလွဲလို့ ပိုပြီး ပြောင်ယောင်လာစရာ အကြောင်းမရှိဘူး။ တိုင်းပြည်ချမ်းသာမှ တပ်ထဲကလူရော အရပ်ထဲကလူရော အသက်ရှူချောင်လိမ့်မယ်။ အဲသလို တိုင်းပြည်ချမ်းသာဖို့ ဂုတ်ပေါ်ခွစီးထားတဲ့ ဖုတ်ကောင်ကြီးကို အရင် ကွာအောင် ခွာချရမယ် မဟုတ်ဘူးလား လို့။ နားလည်နိုင်တဲ့ ဥာဏ်ရည်ရှိလာရင် ချမ်းသာစေမယ့် နည်းလမ်းကောင်းကို အလိုလို တွေ့လာပါလိမ့်မယ်။ ကိုယ်ကတော့ အလင်းပြပေးလိုတဲ့ စေတနာနဲ့ ရေးတာပါ။ 
စိုးမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...