Wednesday, March 9, 2016

🐦🐦 ကိုငှက် နဲ့ ကိုဇော်လတ် 🐜🐜 Bird & Ant 🐜🐜

Music Crazy Te Te Tar Tar


ကျွန်တော် ရှစ်တန်းကျောင်းသားဘဝ၊ သူငယ်ချင်းတစ်ယောက်က ကျောင်းခန်းထဲမှာ ဂစ်တာမပါ၊ လက်ဗလာနဲ့ သီချင်းတစ်ပုဒ် ဆိုပြဖူးတယ်။ သီချင်းနာမည်က ⌚နာရီပေါ်က မျက်ရည်စက်များ⌚ ထူးခြားတယ်။ သံစဉ်၊ စာသား ဆန်းသစ်တယ်။ ချက်ချင်း နှစ်သက်သွားတယ်။ ဒါဟာ ကိုငှက် နဲ့ ကျွန်တော့်ရဲ့  ပထမဆုံး အထိအတွေ့၊ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ စကားလိုပဲ ကြားကြားချင်း ကြိုက်တယ်ဆိုတဲ့ ပြင်းအားမျိုးနဲ့ပေါ့။
အဲဒီအချိန်ကစလို့ နောက်ပိုင်းထွက်သမျှ ကိုငှက် ရဲ့  အခွေတွေ၊ သီချင်းတွေကို မလွတ်တမ်း နားထောင်တယ်။ သီချင်းတွေ ရေးတော့လည်း အရင်လို မဟုတ်တော့ဘူး။ ကိုငှက် ရဲ့  သံစဉ်တည်ဆောက်ပုံ၊ စာသားစတိုင်လ်၊ ဒဿနတွေကို သိစိတ်နဲ့ရော၊ မသိစိတ်နဲ့ပါ အတုယူဖြစ်ခဲ့တယ်။ ကျွန်တော် နဲ့ အယ်ဖြူ တို့ရဲ့  ငယ်ဘဝကို ကိုငှက် နဲ့ ဆရာစိုင်းခမ်းလိတ် တို့ရဲ့  သီချင်းတွေက အကြီးအကျယ် လွှမ်းမိုးခဲ့တယ်။
ကိုငှက် ကို ပထမဆုံး တွေ့ဖူးတာကတော့ ၁၉၈၉ ခုနှစ် တောင်ကြီးမြို့ ၊ ဘောလုံးကွင်းမှာ လုပ်တဲ့ Show ပွဲတစ်ခုမှာပါ။ မှတ်မှတ်ရရ ဂစ်တာဝယ်ဖို့ စုထားတဲ့ငွေနဲ့ လက်မှတ်ဝယ်ပြီးတော့ ကျူရှင်ကနေ ခိုးထွက်ပြီးတော့ သွားကြည့်ရတာ။ ဒီဇင်ဘာလ နှင်းမှုန်တွေကြားမှာ ဆွယ်တာအကျီဝတ်ပြီး သီချင်းဆိုနေတဲ့ပုံ၊ မျက်မှန်ထူထူ၊ ဆံပင်ကောက်ကောက်နဲ့ အဲဒီပုံစံကို စဉ်းစားလိုက်ရင် မနေ့တစ်နေ့ကလိုပဲ။ လူချင်းအနီးကပ်တွေ့ပြီး စကားပြောချင်ပေမယ့် ကျွန်တော်တို့ ကြည့်ရတဲ့ ထိုင်ခုံက စင်ရဲ့  အနီးကို သွားလို့မရတော့ အဝေးကနေပဲ ငေးကြည့်ပြီးတော့ ပြန်ခဲ့ရတယ်။ ဒါပေမယ့်လည်း နောက်တစ်နှစ်လောက်ကြာတော့ တေးရေးဆရာ ကိုရွှေ (ရွှေဂျော်ဂျော်) ရဲ့ ကျေးဇူးကြောင့် ကိုငှက် နဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့တယ်။ ကိုယ်လေးစားအားကျတဲ့ လူတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်ဆိုတာထကိ ပိုမိုလေးနက် အမှတ်ရပါတယ်။ နောက်ပြီးတော့ ကိုငှက် ဟာ တေးရေးတဲ့သူ ဘယ်သူ့ကိုမဆို တလေးတစားနဲ့ နေရာပေးတတ်တာကို သတိထားမိတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေထက် ကျော်လွန်ပြီး ညီအစ်ကိုရင်းခြာလို၊ ဆရာတပည့်လို ချစ်ခင်သွားကြပါတယ်။
ကျွန်တော် ရန်ကုန်သွားရင် သူ့ဆီမှာပဲ အနေများခဲ့သလို၊ မန္တလေးကို သူလာရင်လည်း ကျွန်တော့်ဆီကို မရောက်ရောက်အောင် လာတတ်တယ်။ လူချင်းသိပ်မတွေ့ဖြစ်ပေမယ့် စိတ်ထဲမှာတော့ အမြဲတမ်း နီးနီးစပ်စပ် ရှိခဲ့ကြတယ်။ ကျွန်တော် ရန်ကုန်မှာ အခြေချ နေထိုင်ပြန်တော့လည်း အိမ်ချင်း မဝေးလှတာကြောင့် မိသားစုချင်းပါ ခင်မင်ရင်းနှီးခဲ့ပါတယ်။
ကိုငှက် ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ ဆုံးမစကားတွေထဲကမှ မှတ်မှတ်သားသား ဖြစ်နေတဲ့စကားလေးတစ်ခုရှိတယ်။
အဲဒါဘာလဲဆိုတော့
"အောင်မြင်မှုဆိုတာ မီးခိုးလိုပါပဲ၊ မီးခိုးဆိုတာ မီးရှိလို့ ထွက်တာ၊ မီးမရှိရင် အလကားပဲ။ အနုပညာဝမ်းစာ (မီး) က အရေးအကြီးဆုံးပဲ" ဆိုတာပါပဲ။
ကိုငှက် နဲ့ ကျွန်တော် တွဲရေးတဲ့သီချင်းထဲမှာဆိုရင် အမှတ်တရဖြစ်တဲ့ သီချင်းကတော့ "မဟာဝီရ အိုဗုဒ္ဓ" ပေါ့နော်။ ကျွန်တော် အဲဒီသီချင်းရဲ့  မယ်လိုဒီကို ပေးထားတဲ့ ခုနှစ်က ၁၉၉၀ လောက်တုန်းကပါ။ ဒါပေမယ့် ကိုငှက် က ဆယ်နှစ်ကျော်လောက်ကြာပြီးမှ အဲဒီသီချင်းရဲ့  စာသားအပြည့်အစုံကို ရေးခဲ့တာ။ ကြားထဲမှာ သုံးဆင့်လောက် ပြောင်းပြီးမှ ဒီသီချင်းဖြစ်လာခဲ့တာဆိုတော့ ကျွန်တော်တို့ နှစ်ယောက်အတွက် တကယ့်ကို အမှတ်တရပါပဲ။
ကျွန်တော် သတိထားမိသလောက် ကိုငှက် ဟာ အဆိုတော်ဖြစ်ချင်ခဲ့သူမဟုတ်ပါဘူး။ ဂီတပညာရှင်တစ်ယောက်သာ ဖြစ်ချင်တဲ့သူပါ။ အနုပညာကလွဲရင် တခြားဘယ်အရာမှ မက်မောခဲ့သူမဟုတ်ပါဘူး။ ဘယ်ပယောဂကြောင့်မှ သူကိုယ်တိုင် စိတ်မပါဘဲဆိုတဲ့သီချင်း၊ ရေးတဲ့သီချင်း ရှိမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ကိုငှက် ဟာ ဂီတလောကရဲ့  ဒဏ္ဍာရီဆန်တဲ့ အမြုတေတစ်ခုဖြစ်ခဲ့တယ်။ သူ့ကို ဆုံးရှုံးခဲ့ရတော့ အရမ်းနှမြောမိတယ်။ သူမဆုံးခင်နှစ်ရက်အလိုညတုန်းကလည်း ကိုငှက် ရဲ့  အမျိုးသမီးက ကျွန်တော့်ကို လာခေါ်တယ်။ ကိုငှက် နေမကောင်းလို့ အိမ်ကို လာခဲ့ပါဦးဆိုလို့ ကျွန်တော် သွားကြည့်တော့ သူတော်တော်လေး မောနေပြီ။ သူ့ကို ဆေးရုံသွားဖို့ တိုက်တွန်းပါတယ်။ သူက ဆေးရုံမတက်ချင်ဘူးပဲ ပြောတယ်။ ဒီလိုနဲ့ နောက်တစ်ရက်သွားကြည့်တော့ အခြေအနေက မထူးခြားတဲ့အပြင် ပိုဆိုးလာပါတယ်။ စကားတောင် ကောင်းကောင်းမပြောနို်င်တော့ပါဘူး။ အဲဒီမှာ ဆေးရုံတင်လိုက်တော့ ဆေးရုံမှာ တစ်ညနေပြီး နောက်တစ်နေ့ မနက်မှာပဲ ကိုငှက် ဆုံးပါးသွားခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီးတော့ ခံစားရတဲ့ အကြောင်းက နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ ကိုငှက် အသက် ၄၀ ပြည့်မွေးနေ့တုန်းက ကျွန်တော် သူ့ကို သီချင်းတစ်ပုဒ် ရေးပေးဖူးတယ်။ မွေးနေ့လက်ဆောင် အမှတ်တရအနေနဲ့ပေါ့။ အဲဒီသီချင်းလေးကို သူ ဘယ်လို Arrange လုပ်ထားတယ်၊ ဘယ်လိုတီးမယ်ဆိုပြီးတော့ ကျွန်တော့်ကို တိုင်ပင်တယ်။ အဲဒီလို တိုင်ပင်ခဲ့ပေမယ့်လည်း သူ ကွယ်လွန်သွားတဲ့အတွက် အဲဒီသီချင်းကို သူမဆိုလိုက်ရဘူး။ အဲဒါကြောင့် ကျွန်တော်က မွေးနေ့လက်ဆောင် ပေးလိုက်ပေမယ့်လည်း သူ မဆိုသွားခဲ့တော့ ကျွန်တော် ပေးတဲ့လက်ဆောင်ကို သူမယူသွားခဲ့ဘူးလို့ပဲ ကျွန်တော့် စိတ်ထဲမှာ ခံစားရပါတယ်။
လူချင်း မရင်းနှီးခင်က ကြားဆရာ၊ မြင်ဆရာတစ်ယောက်လို။
နောက်ပိုင်း ခင်မင်လာတော့ သင်ဆရာ အစ်ကိုကြီးတစ်ယောက်လို။
ဒီလောကမှာ လက်တွဲခဲ့ချိန်ကြာလာတော့ ခေါင်းဆောင်တစ်ယောက်လို။
ကျွန်တော်တို့အားလုံး ချစ်မြတ်နိုးတဲ့ "ထူးအိမ်သင်" ဟာ ဘယ်တော့မှ သေဆုံးမှာ မဟုတ်တဲ့ သီချင်းများရဲ့ ပိုင်ရှင် "မှော်ဆရာ" တစ်ယောက်ပါ။
♪♚♪♚♪♚♪♚♪♚♪♚ ♪♚♪♚

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...