Tuesday, March 8, 2016

"ဝဇီရယာန ဗုဒ္ဓဘာသာ"

Thu Hlaing

Page တစ်ခုမှာ ဒီဓာတ်ပုံကိုတင်ထားတော့ ရှိခိုးနေတဲ့ပုံစံကိုကြည့်ပြီး တချို့က အမျိုးမျိုး ဝေဖန် ပြောဆိုနေကြတာကို မြင်တွေ့နေရတာကြောင့် ရှင်းပြချင်စိတ် ဖြစ်ပေါ်လာမိပါတယ်။
ကျွန်တော့်စိတ်ထင်ကတော့ ဒီဓာတ်ပုံထဲလူတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့မြောက်ဖျားဒေသက တိဗက်လူမျိုးတွေပဲ ဖြစ်ပါလိမ့်မယ်။
တိဗက်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာလူမျိုးတွေ ကိုးကွယ်နေကြတဲ့ "ထေရဝါဒ ဗုဒ္ဓဘာသာ" တော့ မဟုတ်ပါဘူး။ "ဝဇီရယာန ဗုဒ္ဓဘာသာ" ပါ။

ဒီနေရာမှာ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေအကြောင်းနဲ့ တိဗက်ပြည်ကို ဝဇီရယာန ဗုဒ္ဓဘာသာ ရောက်ရှိလာတဲ့ အကြောင်းတွေကိုလည်း အနည်းငယ် တင်ပြပေးလိုပါသေးတယ်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါရှိပြီဖြစ်တဲ့ ဂေါတမ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ကုသိန္နာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်။
ဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၁၀၀ ခန့် ကြာမြင့်လာတဲ့အချိန်မှာတော့ ဝဇ္ဇီတိုင်းသား ရဟန်းတွေဟာ ဘုရားရှင် ပညတ်တော်မူခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတွေကို လိုက်နာခြင်းမရှိတော့ဘဲ တစ်စတစ်စနဲ့ ချိုးဖောက်လာခဲ့ကြပါတယ်။
အဓမ္မတရား ဆယ်ပါးကို တီထွင်လာကြပြီး ရွှေ၊ ငွေနဲ့ သေရည် သေရက်တွေကိုပါ ကိုင်တွယ်မှီဝဲ သုံးစွဲလာကြပါတယ်။ လူတွေနဲ့ နီးစပ်နိုင်ဖို့အတွက် ဝိနည်းဥပဒေတွေကို ပြင်ဆင်ရန်လည်း ကြိုးပမ်း အားထုတ်လာခဲ့ကြပါတယ်။
အဲဒါကြောင့် ဝိနည်းဒေသနာတော်ကို လေးစားကြတဲ့ မထေရ်ကြီးတွေက ဝေသာလီပြည်၊ ကာလာသောကမင်းကြီးကို အမှီသဟဲပြုပြီး ဒုတိယသင်္ဂါယနာ တင်တော်မူကာ ဝဇ္ဇီတိုင်းသား ရဟန်းတွေ တီထွင်ခဲ့ကြတဲ့ အဓမ္မတရားတွေကို ပယ်ဖျက်ခဲ့ရပါတယ်။ ဝဇ္ဇီတိုင်းသား ရဟန်းတွေကလည်း အားကျမခံ သီးခြားသင်္ဂါယနာ တင်ခဲ့ကြပါသေးတယ်။
ဝိနည်းဒေသနာတော်ကို အသက်နဲ့ထပ်တူစောင့်ထိန်းပြီး ဒုတိယသင်္ဂါယနာ တင်ခဲ့ကြတဲ့ ရဟန်းတော်များကို "ထေရဝါဒဂိုဏ်း" လို့ ခေါ်တွင်ခဲ့ကြပြီး အဓမ္မတရား ဆယ်ပါးကို တီထွင်ကာ သီးခြားသင်္ဂါယနာ တင်ခဲ့ကြတဲ့ ဝဇ္ဇီတိုင်းသား ရဟန်းတွေကိုတော့ "မဟာ သံဃိကဂိုဏ်း" လို့ ခေါ်ဆိုခဲ့ကြပါတယ်။
ဒီလိုနဲ့ ဒုတိယသင်္ဂါယနာ တင်ပြီးတဲ့အချိန်ကနေ အာသောကမင်းကြီးရဲ့လက်ထက်အထိ နှစ်ပေါင်း ၁၂၅ နှစ်အတွင်းမှာတော့ ထေရဝါဒ ဂိုဏ်းကြီးကနေ ၁၂ ဂိုဏ်း၊ မဟာ သံဃိက ဂိုဏ်းကြီးကနေ ၆ ဂိုဏ်း ထပ်မံ ကွဲထွက်သွားသည်အထိ သာသနာ့ အက်ကြောင်းကြီးတွေ ပေါ်လာခဲ့ရပြန်ပါပြီ။
အက်ကြောင်းကြီးတွေ တစ်စတစ်စထင်လာပြီး ယိုယွင်း ဆုတ်ယုတ်လာနေတဲ့ အဖဘုရားရှင်ရဲ့ ဗုဒ္ဓသာသနာတော်ကြီး စင်ကြယ်သန့်ရှင်း တည့်တံ့ ခိုင်မြဲစေရေးအတွက် "ရှင်မဟာ မောဂလ္လိ ပုတ္တတိဿ" မထေရ်မြတ်ကြီး အမှူးပြုတဲ့ ရဟန်းတော်များဟာ အာသောကမင်းတရားကြီးရဲ့ အားပေး ထောက်ပံ့မှုနဲ့ ပါဋလိပုတ် နေပြည်တော်ကြီးမှာ တတိယသင်္ဂါယနာ တင်ခဲ့ကြရပြန်ပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြား ပညတ်တော်မူခဲ့တဲ့ မူလ တရားတော်၊ ဝိနည်းတော်တွေကို မလိုက်နာချင်ကြတဲ့ ရဟန်းတော်များကလည်း သီးခြား သင်္ဂါယနာ တင်ခဲ့ကြသေးတယ်လို့ မှတ်သားခဲ့ရပါတယ်။
တတိယသင်္ဂါယနာတင်ပွဲကြီးကို ကြီးမှူး ကျင်းပခဲ့တဲ့ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်မြတ်ကြီးဆိုတာက ဈာန် အဘိညာဉ်ရတဲ့ ရဟန္တာ အရှင်သူမြတ်ကြီးပါ။ ဒီတော့ အနာဂတ် ကာလကျရင် ဘုရားရှင် ပွင့်တော်မူရာ မဇ္ဈိမဒေသ အပါအဝင် အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးလိုလိုမှာ အဖဘုရားရှင်ရဲ့ ဗုဒ္ဓသာသနာတော်ကြီး ယိုယွင်း ပျက်စီး ဆုတ်ယုတ်လာလိမ့်မယ်၊ အန္တရာယ်တွေ ပတ်လည်ဝိုင်းလာလိမ့်ဆိုတာကို ကြိုတင် သိမြင်တော်မူခဲ့ပါတယ်။
အဲဒါကြောင့် သာသနာ့ဒါယကာ အာသောက မင်းတရားကြီးရဲ့ အားပေး ထောက်ပံ့မှုနဲ့ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်မြတ်ကြီး အမှူးပြုတဲ့ ရဟန္တာ အရှင်သူမြတ်ကြီးများဟာ သာသနာပြု ရဟန်းတော်များကို ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရန် စေလွှတ်တော်မူခဲ့ပါတယ်။
အဲဒီ ကိုးတိုင်း ကိုးဌာနနဲ့ သာသနာပြု မထေရ်မြတ်များကတော့
ကသ္မီရနှင့် ဂန္ဓာရတိုင်း (အရှင် မဇ္ဈန္တိက မထေရ်)၊ မဟိံသကတိုင်း (အရှင် မဟာဒေဝ မထေရ်)၊ ဝနဝါသီတိုင်း (အရှင် ရက္ခိတ မထေရ်)၊ အပရန္တတိုင်း (အရှင်ယောနကဓမ္မရက္ခိတ မထေရ်)၊ မဟာရဋ္ဌတိုင်း (အရှင် မဟာဓမ္မရက္ခိတ မထေရ်)၊ ယောနကလောက (အရှင်မဟာရက္ခိက မထေရ်)၊ ဟိမဝန္တာဒေသ (အရှင် မဇ္ဈိမ မထေရ်)၊ သုဝဏ္ဏဘူမိ (အရှင် သောဏနှင့် အရှင်ဥတ္တရ မထေရ်)၊ လင်္ကာဒီပကျွန်း(အရှင် မဟိန္ဒ မထေရ် အမှူးပြုသော မထေရ်မြတ်ငါးပါး) တို့ ဖြစ်ကြပါတယ်။
အဲဒီ ကိုးတိုင်း ကိုးဌာနမှာပါဝင်တဲ့ သုဝဏ္ဏဘူမိဆိုတာက ယနေ့ခေတ် သထုံ ဒေသ အပါအဝင် ရာမညတိုင်းလို့ မြန်မာ ပညာရှင်များကတော့ သားစဉ်မြေးဆက် ယူဆထားခဲ့ကြပါတယ်။
တချို့ကလည်း သုဝဏ္ဏဘူမိဆိုတာဟာ သထုံပြည် အပါအဝင် စူမတြားကျွန်း၊ ဂျာဗားကျွန်း.. စတဲ့ဒေသများကို ခေါ်ဆိုတယ်လို့ မှတ်ယူကြပါတယ်။
မူကွဲအနေနဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယိုးဒယားတို့ကလည်း သုဝဏ္ဏဘူမိဆိုတာ သူတို့နိုင်ငံအတွင်းမှာ တည်ရှိနေတယ်လို့ ယူဆနေလျက် ရှိကြပါသေးတယ်။
ဒီကိစ္စကတော့ သမိုင်းပညာရှင်များနဲ့ ရှေးဟောင်း သုတေသန ပညာရှင်များက ဆက်လက် လေ့လာ ဖော်ထုတ်သွားရမယ့်ကိစ္စ ဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ အသေးစိတ်တင်ပြနိုင်ခြင်းမရှိတာကို နားလည်ပေးကြပါ။
ဘာပဲပြောပြောမြန်မာတို့ရဲ့မှတ်တမ်းများအရ သုဝဏ္ဏဘူမိ သထုံပြည်ကို ကြွချီတော်မူလာပြီး
သာသနာပြုပေးခဲ့ကြတဲ့ အရှင်သောဏနဲ့ အရှင်ဥတ္တရတို့ရဲ့ ကျေးဇူးကြောင့် မွန်တို့ဌာနေ ရာမညတိုင်း သထုံဒေသမှာ အဲဒီအချိန်ကတည်းက စစ်မှန် စင်ကြယ်တဲ့ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်း ပြန့်ပွားလာခဲ့တယ်လို့ ခေတ် အဆက်ဆက် မှတ်ယူထားခဲ့ကြပါတယ်။
အာသောကမင်းတရားကြီး နတ်ရွာစံလွန်တော်မူပြီးနောက် ဆုံဂမင်းဆက်ရဲ့ ပုရှမိတြမင်း လက်ထက်မှာတော့ ဗုဒ္ဓသာသနာတော်ကြီးဟာ အိန္ဒိယမှာ အတော်ကလေးကို ယိုယွင်း ဆုတ်ယုတ်လာခဲ့ပါပြီ။
ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာခဲ့ကြပြန်ပါပြီ။
ဟိနယာန (အရဟတ္တယာန၊ သာဝကယာန)၊ ပစ္စေကဗုဒ္ဓယာန၊ ဗုဒ္ဓယာန (မဟာယာန၊ ဗောဓိသတ္တလမ်းစဉ်).. စသည်ဖြင့် လမ်းသွယ် အမျိုးမျိုးတို့ကိုလည်း တီထွင်လာခဲ့ကြပြန်ပါပြီ။
အေဒီ ၉ ရာစုနှစ်အတွင်းကနေအေဒီ ၁၂ ရာစုနှစ်အတွင်းမှာတော့ မဟာယာန ဂိုဏ်းဝင်တချို့ဟာ မန္တန်ရယာနလို့ခေါ်တဲ့ မန္တန် အရွတ်အဖတ်ကိုသာ ဦးစားပေးသော မန္တန်ဂိုဏ်းကြီးကို ထူထောင်ခဲ့ကြပြန်ပါတယ်။
သုတ္တန်များဟာ ရှည်လျား ရှုပ်ထွေးလွန်းလှတာကြောင့် အကျဉ်းချုပ်ဂါထာတွေ ရေးသားကာ နှုတ်ငုံဆောင် ရွတ်ဆိုကြပါတယ်။ နောက်တော့ ရွတ်ဆိုတာတွေတောင် မလုပ်ကြတော့ဘဲ အဆိုပါဂါထာတွေကို စာရွက်မှာရေးသားကာ ပြာချပြီး မျိုကြပြန်ပါတယ်။
ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာ အကျင့်အကြံတွေအစား ဂါထာ မန္တန် ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဆုတောင်းပုံပါတဲ့လှည်းဘီးများကို လှည့်ခြင်း.. စသည်ဖြင့် အမျိုးမျိုး တီထွင်လာခဲ့ကြပြန်ပါတယ်။
အဲဒီကမှတစ်ဆင့် ဘူးသွင်းခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊ ဆေးစီရင်ခြင်း၊ အင်းချခြင်း၊ သမထမှော် သွင်းခြင်း.. စသည် စသည်ဖြင့် လူပြိန်းကြိုက် တန်ခိုးသိဒ္ဓိတွေ အမျိုးမျိုး ပြသလာခဲ့ကြတဲ့ (မဟာယာနမှ ခွဲထွက်လာကြသော) ဝဇီရယာန (ခေါ်) မန္တန်ဂိုဏ်းကြီးကို မူလ မဟာယာနတွေကလည်း ဘယ်လိုမှ မတားဆီးနိုင်ကြတော့ဘဲ စိတ်မချမ်းမြေ့စွာ လက်ပိုက် ကြည့်နေခဲ့ရပါတော့တယ်။
အဲဒီလို အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး ဗုဒ္ဓသာသနာတော်ကြီး မှေးမှိန် ဆုတ်ယုတ်လာနေတဲ့ အချိန်မှာပဲ လူမျိုးခြား၊ ဘာသာခြားတွေဖြစ်ကြတဲ့ အာဖဂန်၊ ယူရက်၊ မွန်ဂိုလ.. အစရှိသော လူမျိုးများက အိန္ဒိယပြည်ကြီးကို ဝင်ရောက်လုယက် တိုက်ခိုက်ကာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတွေကိုပါ မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
တိုတိုပြောရရင်တော့ မူလ ဗုဒ္ဓဘာသာ ရဟန်းတော်တို့ရဲ့ အတွင်းအဇ္ဈတ္တသာသနာ အားနည်းနေတဲ့ အချိန်မျိုးမှာ ပြင်ပ အမှောင့်ပယောဂတွေ ဖြစ်ကြတဲ့ နိုင်ငံရေးအဖျက်အဆီးတွေပါ ဝင်ရောက်လာခဲ့ကြတာကြောင့် တစ်ချိန်တုန်းက ဗုဒ္ဓသာသနာ နေရောင် လရောင်ပမာ ထွန်းလင်း တောက်ပခဲ့တဲ့ အိန္ဒိယပြည်ကြီးဟာ အေဒီ ၁၄ ရာစုနှစ်မှာတော့ သာသနာ လုံးဝ ကွယ်သွားခဲ့ရပါပြီ။
အိန္ဒိယပြည်ကြီးကို လူမျိုးခြား၊ ဘာသာခြားတွေ ဝင်ရောက် ဖျက်ဆီး တိုက်ခိုက် လုယက်ခဲ့ကြတဲ့ အချိန်တုန်းက ဝဇီရယာနဂိုဏ်းသား ရဟန်းတော်တချို့ဟာ သူတို့ရဲ့ အသက်ဘေးကနေ လွတ်ရာ လွတ်ကြောင်းအတွက် အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြတဲ့ တိဗက်၊ နီပေါ၊ ပုဂံ.. အစရှိတဲ့အရပ်ဒေသတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး တစ်ချိန်တုန်းက အိန္ဒိယပြည်ကြီးမှာ ကြီးစိုး မင်းမူခဲ့ကြတဲ့ ဝဇီရယာနဂိုဏ်းဟာ တိဗက်၊ နီပေါ၊ ပုဂံ.. စတဲ့ဒေသတွေမှာ ပျံ့နှံ့လာခဲ့တာပါ။
တချိန်တုန်းက ပုဂံနေပြည်တော်တစ်ဝန်းမှာ အမိုက်မှောင်တွေ စိတ်ရှိလက်ရှိ တိုက်ခဲ့ကြတဲ့ အရည်းကြီးတွေဆိုတာဟာ အဲဒီ ဝဇီရယာန ဝိဇ္ဇာဂိုဏ်းဝင် ရဟန်းတော်တွေပဲ ဖြစ်ပါတယ်။
ရှင်အရဟံမထေရ်မြတ်ကြီးနဲ့ အနော်ရထာမင်းကြီးတို့ရဲ့ ကျေးဇူးကြောင့် ပုဂံပြည်ကြီးမှာ အရည်းကြီးရဟန်းတွေ ကွယ်ပျောက်သွားပြီး စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကိုးကွယ်ခွင့်ရခဲ့တာပါ။
တိဗက်ပြည်မှာတော့ အဲဒီအချိန်ကတည်းက ဝဇီရယာန ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး လက်ရှိ တိဗက်ပြည်နယ်ရဲ့ ရဟန်းမင်းကြီးဖြစ်တဲ့ နိုဘယ်ဆုရှင် ဒလိုင်းလားမားဟာလည်း ဝဇီရယာနဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။
တိဗက် ဗုဒ္ဓဘာသာဝင်တွေဟာ ဆုတောင်းပုံလှည်းဘီးကြီးတွေကို လှည့်ခြင်း၊ ဆုတောင်းပုံစာရွက်များ ချိတ်ဆွဲထားခြင်း.. စတဲ့ဓလေ့တွေ ရှိကြပါတယ်။
ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ စေတီပုထိုးတွေကို တိဗက်လူမျိုးတွေ ဝတ်ပြုကြတဲ့ပုံစံက ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ဝတ်ပြုတဲ့ပုံစံနဲ့ မတူကြပါဘူး။ တိဗက် ဗုဒ္ဓဘာသာဝင်တွေဟာ မတ်တပ်ရပ်ပြီး ရှေ့ကို နှစ်လှမ်း၊ သုံးလှမ်း သွားပါတယ်။ ပြီးရင် ပုံမှာပါတဲ့အတိုင်း ခန္ဓာကိုယ်ကို ဝမ်းလျားမှောက်ကာ ရှိခိုး ကန်တော့ကြပါတယ်။
တိဗက် ရဟန်းတော်တွေရော၊ တိဗက်ဗုဒ္ဓဘာသာဝင်တွေ အားလုံးပါ အဲဒီ ရှိခိုးနည်းအတိုင်း ရှိခိုး ကန်တော့ကြတာပါ။
သူတို့ရှိခိုးနည်းကဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ဟာ ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော်မူတော့ ရွံ့ဗွက်ဖို့နေတာ မပြီးသေးလို့ သူ့ရဲ့ခန္ဓာကိုယ်ကို ရွံ့ဗွက်ပေါ်မှာ ဝမ်းလျားမှောက်ကာ ဘုရားရှင်နဲ့ နောက်ပါ တပည့်ရဟန်းတွေ ဖြတ်ကျော်ဖို့ တံတားအဖြစ်ခင်းပေးခဲ့တဲ့ နည်းကို အတုယူ ရှိခိုးခြင်းဖြစ်တယ်လို့ မှတ်သားခဲ့ဖူးပါကြောင်း ဗဟုသုတအလို့ငှာ တင်ပြပေးလိုက်ရပါတယ် ခင်ဗျား...။

လေးစားလျက်_ သူလှိုင်
ကိုးကား။ ဓမ္မာစရိယ ဦးဌေးလှိုင်၏ "ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ"။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...