Sunday, March 6, 2016

★¸.•*¨*•♥♥ အမေတစ်ယောက်ရဲ့ လွမ်းချင်း ဒိုးလုံး အကြောင်းပြောပြတဲ့ ဒေါ်နန်းဌေးဌေးယု★¸.•*¨*•♥♥

Music Crazy Te Te Tar Tar
 
"အန်တီက တောင်ကြီးဇာတိပါ။ အဖေ Rev. U Gha Yu နဲ့ အမေ ဒေါ်မြခင်တို့ရဲ့  ဒုတိယ သမီးပါ။ တောင်ကြီး အ.ထ.က ၃ အမျိုးသမီးကျောင်းမှာ ကျောင်းတက်ပြီး ၁၀ တန်းကို ၁၉၇၃ ရန်ကုန် အ.ထ.က ၂ လသာက အောင်ပါတယ်။ ရူပဗေဒ ဒုတိယနှစ် ကျောင်းတက်နေတုန်း "ဒိုးလုံး"တို့ရဲ့  ဖခင်ဖြစ်သူ ဦးစတင်းဖော့ဒ်က သူ့ရဲ့  မိဘတွေ အဘိုးအဘွားတွေနဲ့ လာပြီး နားဖောက်တယ်။ အန်တီကျောင်းပြီးမှပဲ လက်ထပ်ဖြစ်တာပါ။ ၁၉၇၇ မှာပေါ့။ ၁၉၇၈ ဇန်နဝါရီလမှာ "ဒိုးလုံး"ကို မွေးတယ်။
သူလည်း တောင်ကြီးမှာပဲ မွေးတယ်။ မွေးချင်း ၅ ယောက်ထဲမှာ သူက သားဦးပေါ့။ သား ၅ ယောက်ထဲမှ အကြီးဆုံး "ဒိုးလုံး"နဲ့ အငယ်ဆုံး ဘိုဒီပဲ ကျန်တယ်။ ကြားထဲက ၃ ယောက်က ဆုံးသွားတယ်။
၁၉၈၃ မှာ B.D-Bechalor of Divinity ထပ်တက်တယ်။ ကျောင်းပြီးတာကတော့ ရူပဗေဒ မေဂျာနဲ့ပေါ့နော်။ B.D ဆက်တက်တော့ "ဒိုးလုံး"က နှစ်တန်းလောက်ပဲ ရှိဦးမယ်။ "ဒိုးလုံး" ၈ တန်းရောက်မှ အငယ်ဆုံးလေးကို မွေးတာ။ သူ ဆယ်တန်းအောင်မှ အငယ်ဆုံးလေးက မူကြိုတက်တာ။ ၁၄ နှစ်တောင် ကွာတာဆိုတော့ သူတစ်ယောက်ထဲလို ဖြစ်နေတော့ သူ့ကို ဂရုစိုက်ရတယ်။ ဂရုစိုက်ခြင်းကိုလည်း ခံရတယ်။ ချစ်ခြင်းကိုလည်း ခံရတဲ့ သားဖြစ်တယ်။ ငယ်ငယ်တုန်းကတော့ တောင်ကြီးမှာပဲ ကျောင်းတက်ပြီး ဒုတိယတန်း ရောက်တော့ ရန်ကုန်ကို ပြောင်းလာကြပါတယ်။ ကျောင်းနာမည်က 'နေလင်းနိုင်'ပါ။ အထက်တန်းရောက်တော့ တောင်ကြီးကို ပြန်ပြောင်းပြီး ၁၀ တန်းကို ၁၉၉၇ အ.ထ.က ၁ တောင်ကြီးမှာ အောင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးတော့ ရန်ကုန်ကို ပြန်ဆင်းလာတယ်။ သွားလိုက်၊ ပြန်လိုက်နဲ့ပေါ့နော်။
တောင်ကြီးမှာ အဘိုးအဘွားတွေလည်း မရှိတော့ဘူးဆိုတဲ့အခါကျတော့ အန်တီဘက်ကပေါ့နော်။ အန်တီရဲ့  အမျိုးသားဘက်ကတော့ အဖေရော အမေရော ရှိသေးတယ်လေ။ အန်တီ့ဘက်က အဖေ၊အမေတွေ မရှိတော့တဲ့အခါကျတော့ သားနဲ့ ရန်ကုန်မှာပဲ အခြေစိုက်နေထိုင်တော့မယ်ဆိုပြီး ပြောင်းပြီး လာနေခဲ့တယ်။ နောက်ပိုင်း ပထမစီးရီး စသွင်းဖြစ်လာခဲ့တယ် ဆိုပါတော့။ "ဒိုးလုံး" ငယ်ငယ်ကစရိုက်က သူက ဘာကိုမှ ဂရုမစိုက်ဘူး။ တစ်ခုခုကို အာရုံစူးစိုက်ပြီဆိုရင် ကျန်တာ ဘာကိုမှ ဂရုမထားတတ်ဘူး။ ဗိုက်ဆာတာလည်း သူမသိဘူး။ သူ့ခြေထောက်ကို ကြိုးနဲ့ချည်ပြီး ချိတ်ထားလဲ သူက ကစားနေတဲ့အရာကိုပဲ သူ ဆက်ကစားနေတယ်။
သူ လေးတန်းလောက်မှာ သီချင်းဆိုတတ်နေပြီ။ ၈ တန်းလောက်မှာ သီချင်းတွေ ရေးတတ်နေပြီ။ ပထမတန်းမှ ၁၀ တန်းအောင်အထိ ကျောင်းဆက်တက်ပါတယ်။ ၁၉၉၆ မှာ ၁၀ တန်းအောင်လို့ ၁၉၉၇ မှာ 1st Series 'အရိုးထိအောင်ရူး' ကို စတင် ကြိုးစားခဲ့ပြီး ၁၉၉၈ ဇန်နဝါရီမှာ အခွေကို ထုတ်နိုင်ခဲ့ပါတယ်။ ပထမဆုံးစီးရီး အတွေ့အကြုံကတော့ ပြောရရင်တော့ ပျော်စရာကြီးပဲ။ လူငယ်တစ်ဦးရဲ့  Adventure တစ်ခုပေါ့နော်။ သူက သီချင်းရေးတယ်လေ။ အမေကလည်း သီချင်းနဲ့မှ မဝေးတာ။ သူက ငယ်ငယ်ကတည်းက Piano Lesson ကောင်းကောင်း ရှိတယ်။ အန်တီကိုယ်နှိုက်ကလည်း တီးတယ်။ အဖေကလည်း ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပေမယ့်လို့ တီးတတ်တယ်။ အငယ်ဆုံးလေးကလည်း တီးတယ်။ တစ်အိမ်လုံးကလည်း ဝါသနာပါတယ်။ သူက ငယ်ငယ်ကတည်းက သီချင်းရေးတတ်တယ်။ အန်တီတို့က ကလေးတွေကို Free Life ထားတယ်။ ဒါလုပ်ရမယ်ဆိုပြီး ဘယ်တော့မှ Push မလုပ်ဘူး။ သူဝါသနာပါတာကို သူ့ဘာသာသူ ရွေးချယ်ပြီး လုပ်လို့ရှိရင် သူအောင်မြင်လာမယ်။ ဒါနဲ့တောင်မှ ကြိုးစားရဦးမှာနော်။ ဘယ်အရာမဆို ရင်းရတယ်။
အချိန်ပေးရတယ်။ ငယ်ငယ်တုန်းကဆိုရင် သူများလို ကစားရင် သူ မကစားရဘူး။ ကစားရမယ့်အချိန်မှာ Piano Lesson တက်ရတယ်လေ။ သူ ဘောလုံး မကန်တတ်ဘူးပဲ။ ဘောလုံးကန်တဲ့အချိန်မှာ သူ ကျူရှင် ယူရမယ်လေ။ အန်တီက ၁၉၉၃ လောက်ကနေ စာစရေးတယ်။ Bible Society မှာ ပအို့ သမ္မာကျမ်းစာအတွက် စာအုပ်ပေါင်းများစွာကို ဘာသာပြန်ခဲ့တယ်။ သူ့အဖေကလည်း အလုပ်တစ်ဖက်နဲ့မို့ သူ့ကို ပြန်မကြည့်နိုင်ဘူး။ အန်တီလည်း သိပ်ဂရုမစိုက်နိုင်တော့ဘူးပေါ့နော်။ ဒါပေမဲ့ အန်တီက သူ့ကို ဘောင်လေးတစ်ခုနဲ့ ထိန်းထားတယ်။ Piano သင်တန်းတို့၊ ကျောင်းစာတို့နဲ့ပေါ့နော်။ အချိန်တွေရော၊ ငွေတွေရော၊ အင်အားတွေရော စိုက်ထုတ်ခဲ့ရတယ်။
အဲဒီခွန်အားတွေကို အခုထက်ထိ ဘယ်လိုလူ ဖြစ်သွားလဲဆိုရင် သူများနဲ့ မတူတဲ့လူ ဖြစ်သွားတယ်။ နေ့ဘက်မှာ အိပ်ပြီးတော့ ညဘက်မှာ အလုပ်လုပ်တတ်တဲ့သူ ဖြစ်သွားတယ်။ သူ့ရဲ့  Life က ဘာဖြစ်သွားလဲဆိုတော့ သူ့ပတ်ဝန်းကျင်ကို Against လုပ်ပြီး ကြီးလာရတဲ့သူဖြစ်လို့ သူဘာဖြစ်တတ်လဲဆိုတော့ မရရအောင် လုပ်တတ်တဲ့အကျင့် ရှိသွားတယ်။ ဒါလုပ်ချင်ပြီဆိုရင် ရအောင်ကို လုပ်ပြီးတော့ ပြီးမှ ဝန်ခံတယ်။ အဲဒီလိုမျိုးတွေ ပါလာတယ်။ တပြေးညီးတည်းမဟုတ်ပဲ မတူတာတွေ များလာတဲ့အခါမှာ သူဟာ ပေါက်ကွဲတတ်တဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။ တစ်ခါတစ်ခါ Against တွေ ဖြစ်လာတာ။ အမေက ငယ်ငယ်က စည်းကမ်းနဲ့ ထားတော့ သူက အဲလိုဖြစ်တာပေါ့။ ဒါပေမဲ့ သူ့မှာ ကောင်းတယ်၊ ဆိုးတယ် ဆိုတာ သူ့ဘာသာသူ သိတယ်။ သူက ကောင်းတဲ့ဘက်ကိုချည်းပဲ သွားဖို့ဆိုတာ ခက်ခဲတယ်လေ။ ဆိုးတာချည်းချည်းလည်း သူမလုပ်ချင်ဘူး။ သူသိနေတာကို ဒါဆိုးတယ်၊ ဒါကောင်းတယ်ဆိုတာကို သူက ကောင်းပြီဆိုရင် အရမ်းကောင်းတယ်။ ဆိုးပြီဆိုရင် အရမ်းဆိုးတယ်။ သူနဲ့ပေါင်းသင်းဆက်ခံဖူးတဲ့သူတွေဆိုရင် သူ့အကြောင်း ကောင်းကောင်းသိတယ်။ သူဟာ သူဝါသနာပါတာကို သူ့ဦးနှောက်ထဲထည့်ရင် သူ ပိုက်ဆံဘယ်လောက်ရတယ်ဆိုတာလဲ သူမသိဘူး။ ဒါလုပ်ရင် ဒါရမယ်ဆိုတာလည်း သူ မသိဘူး။ ဒါ ငါလုပ်ချင်ဆိုတာကို ရအောင် လုပ်မယ်ဆိုတဲ့သူ တစ်ယောက်ပါ"
ပထမစီးရီးစသွင်းဖြစ်တော့ တွေ့ကြုံရတဲ့ အခက်အခဲဆိုတာကတော့ ရှိသင့်သလောက်လည်း ရှိတာပဲ။ ရှိလည်း ရှိရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အရာကမှ လွယ်လွယ်ကူကူ ရတယ်ဆိုတာ မရှိဘူး။ လွယ်လွယ်ကူကူ ရလို့ရှိရင်လည်းပဲ အဲဒါဟာ ဘယ်လိုမှ သရဖူဆောင်းနိုင်မှာ မဟုတ်ဘူး။ အဲလိုချည်းပဲ ဖြစ်သွားမှာပဲ။ အခက်အခဲဆိုတာကတော့ ရှိတာပဲလေနော်။ အနုပျိုဆုံးနဲ့ အားအရှိဆုံး 'အရိုးထိအောင်ရူး' အခွေကို ၁၉၉၈ ထုတ်ခဲ့စဉ်က ချက်ချင်း လူကြိုက်များတဲ့အခွေ၊ နာမည်ကြီးသွားခဲ့တဲ့ အခွေမဖြစ်ခဲ့ပေမယ့်လို့ လူငယ်တွေ သဘောတွေ့ နှစ်သက်တယ်တဲ့ အခွေဖြစ်ပါတယ်။ အဲဒီလို ဆိုလိုက်လို့က နောက်အခွေတွေက အဲဒီအခွေလောက် မကောင်းလို့လားလို့ မေးရင် မဟုတ်ပါဘူး။ ဒုတိယအခွေ၊ တတိယအခွေတွေနဲ့ နောက်ထွက်တဲ့အခွေတွေကို ထုတ်လုပ်သူတွေ၊ လူငယ်တွေသာမက လူလတ်ပိုင်း၊ လူကြီးပိုင်း လက်ခံလာနိုင်မယ့် သီချင်းအနေအထားမျိုးကို ပြန်လျှော့ချခဲ့ကြရလို့ 'အရိုးထိအောင်ရူး' အခွေက ဒီကနေ့ ဒီအချိန်ကို ရောက်လာတော့မှ အံကျသွားရတဲ့အခွေ ဖြစ်လာရတာပါ။
မြန်မာနိုင်ငံအရပ်ရပ်၊ အထူးသဖြင့် မွေးရပ်မြေ တောင်ကြီးမြို့ က လူငယ်ထုတွေရဲ့  အားပေးလက်ခံမှု စတင်ရခဲ့လို့ "ဒိုးလုံး" ဆိုပြီးတော့ အနုပညာ၊ တေးရေး၊ တေးဆိုလောကမှာ စတင်နာမည်ရခဲ့ပြီး ဒီကနေ့ မြန်မာနိုင်ငံရဲ့  ငွေကြယ်ပွင့် "ဒိုးလုံး" ဖြစ်ရသလို မွေးမေမေကလည်း ငွေကြယ်ပွင့်မေမေ ဖြစ်လာရလို့ ဘုရားသခင်ကို အထူး ကျေးဇူးတင်ပါတယ်။ တေးချစ်သူ အားပေးကြတဲ့ လူကြီး လူငယ်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း စကားလက်ဆောင်ပါးလိုက်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကြေငြာပြောဆိုရလောက်အောင် "ဒိုးလုံး"ရဲ့  တစ်သက်တာမှာ အကြောင်းကြီးငယ်၊ အမျိုးပေါင်း စုံလင်လှပါတယ်။ "ဒိုးလုံး"မှာ ကောင်းတာတွေ အများကြီးရှိသလို မကောင်းတာတွေ အများကြီးရှိခဲ့လို့ အကောင်းအဆိုး နာမည်ရတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။
ပြောင်းလဲခြင်းကို လက်ခံတဲ့ အပြောင်းအလဲ မြန်တဲ့အရာရာကို ငြီးငွေ့လွယ်တဲ့သား "ဒိုးလုံး" ဟာလည်း မနေ့၊ ဒီကနေ့၊ မနက်ဖြန် မတူနိုင်တော့ဘူး။ သူ့ရဲ့ ဘဝတွေမှာလည်း ဒီအတိုင်းပဲ လိုက်လို့ ပြောင်းလဲသွားပါတယ်။
သူ့ရဲ့  မပြောင်းလဲနိုင်တဲ့ အရာတစ်ခု ရှိတယ်။ အဲဒါ သူ့ရဲ့ 'ယုံကြည်ခြင်း' ပါ။ ထင်မြင်တာတို့၊ ယူဆတာတို့ကို မြန်မြန် အကောင်ထည်ဖော်တဲ့ နေရာမှာ မရပ်မနား၊ မအိပ်မနေ ကြိုးစားတဲ့ ဇွဲ၊ လုံ့လ၊ အကျင့်ဟာ သူ့ရဲ့  မွေးရာပါ တစ်ခုပါ။ လက်တွေ့ကိုမှ ယုံကြည်တယ်။ လက်တွေ့ကိုမှ စိတ်ချတယ်။ ဝါသနာပါတဲ့ တေးဂီတကို ပုံဖော်တဲ့နေရာမှာ သူ့တေးသွားရဲ့  တီးလုံးတွေကို ပြန်နားထောင်ကြည့်မယ်ဆိုရင် ခိုင်မာတဲ့ Body ရှိတယ်။ ရဲရဲတင်းတင်း၊ ပြည့်ပြည့်ဝဝရှိတဲ့ တီးလုံးတွေက သူ့ရဲ့အနုပညာအားကို ဖော်ပြနေသလို သူ့ရဲ့တေးစာသားတွေဟာ သူ့ရဲ့  Alter တေးရေးသမားတစ်ယောက်ရဲ့  စာသားတွေအတိုင်း သွယ်ဝိုက်ထားတာ မရှိဘဲနဲ့ ပွင့်လင်းတယ်။ ထိထိမိမိရှိတဲ့စာသားတွေဆိုတာ တွေ့နိုင်ပါတယ်။ တချို့ တချို့ သော စာသားတွေမှာ ရဲရဲတင်းတင်း ရှိလွန်းလို့ ပြန်လည်ပြင်ဆင်ခိုင်းရတာမျိုးတွေ ရှိခဲ့ပါတယ်။ သူရေးတဲ့သီချင်းတွေဟာလည်း အဲဒီအရိပ်တွေက လွှမ်းမိုးနေတယ်လေ။ သူ့ရဲ့  သီချင်းတွေဟာ သူ့ရဲ့  ဘဝတွေပါ။ အန်တီ့မှာ ကိုယ်ကမွေးတာရော၊ ကိုယ်က မမွေးတာပါဆိုရင် သား ၅ ယောက်ရှိပါတယ်။ အဲဒီလိုတွက်ရင် "ဒိုးလုံး" က နို့ညှာ ကျပါတယ်။ သူတို့ ၅ ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ရန်မဖြစ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လုံးဝ မတူဘူး။ Style မတူဘူး။ အမြင်ချင်း မတူဘူး။ Adapt လုပ်တာလည်း မတူဘူး။ Personality မတူဘူး။ တစ်ယောက်နဲ့တစ်ယောက် ဆရာ မလုပ်ကြဘူး။ သူတို့တစ်ယောက်ဆီ တစ်ယောက်ဆီမှာ Distinctive ဖြစ်တဲ့ Character တစ်မျိုးစီ ရှိကြတယ်။ အကြိုက်မတူ၊ လိုင်းမတူကြဘူး။ Active အဖြစ်ဆုံးကတော့ "ဒိုးလုံး" ပါပဲ။ သူဟာ အတူနေသူတွေရဲ့ ဦးနှောက်ကို အနားမပေးတတ်တဲ့ သားဖြစ်တယ်။ အသက်အရွယ်နဲ့ အလုပ်အကိုင်တွေနဲ့မို့ အမြဲအတူတူ မနေကြရပေမယ့်လို့ အတူတူ ပြန်ဆုံကြဖို့ တစ်ယောက်ကိုတစ်ယောက် အမြဲရှာလေ့ရှိကြပါတယ်။ အခါအခွင့်ရတိုင်း သူတို့ ပူးပေါင်း ပျော်ရွှင်တတ်ကြတယ်။ သူတို့တူကြတာလေးတွေက အမြဲပဲ အလုပ်ရှုပ်နေကြတယ်။ ဝင်ဝင်ထွက်ထွက်နဲ့ ညညလျှောက်လည်ကြတယ်။ ပေါက်ပေါက်ကွဲကွဲနဲ့ ဘာတွေ သင်းဖွဲ့နေကြမှန်းမသိ။ သူတို့ သူငယ်ချင်းများစွာနဲ့အတူ အမြီးရှည်ရှည်၊ အမြီးတိုတိုတွေနဲ့။ ဆာပြီဆိုမှ၊ အိပ်ချင်ပြီဆိုမှ အိမ်ပြန်ရောက်လာကြတယ်လေ။ အဲဒီလို ဘဝမျိုးကို ကြိုက်ကြတာချင်း တူကြတယ်။
သူ့အဖေက ဆံပင်ကောက်တယ်။ အန်တီက ဆံပင်မဖြောင့်ဘူး။ "ဒိုးလုံး"ကတော့ ဆံပင်ကောက်ကွေးသွားပါတယ်။ အဲဒါဟာ စိတ်မကောက်ဘူးဆိုတာကို ဖော်ပြနေပါတယ်။ သဘာဝကို ချစ်တယ်။ တိရစ္ဆာန်တွေကို ချစ်တယ်။ တန်ဖိုးထားတယ်။ ရုပ်ရှင်ကြည့်ရင်တောင် Drama ကို ကြိုက်တယ်။ တကယ့် True Story တွေရဲ့  အဖြစ်အပျက်တွေကို ကြိုက်နှစ်သက်တယ်။ တစ်နည်းပြောရရင် အရမ်း ခံစားတတ်တယ်။ Feel ယူတတ်၊ ရတတ်တဲ့ Feeling သမား တစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်။ ပြောရင်တောင် မပိုတဲ့သား "ဒိုးလုံး" အကြောင်း အန်တီက ပြောရရင် ပြောလို့ မကုန်နိုင်ဘူး။
Every Day Tells A Story
တစ်နေ့တစ်မျိုး လုံးဝ မရိုးရဘူး။ အကြောင်းကြောင်းနဲ့ အကြောင်းကြောင်းပါပဲ။ သူဟာ ဘယ်တစ်နေရာမှာလဲလို့ မဆိုနိုင်တဲ့ နေရာမျိုးတွေမှာ သူ့ရဲ့  Hyper ကို တစ်ချက်တစ်ချက် တွေ့ရနိုင်တယ်။ အဲဒီ Hyper ဟာ နေရာတိုင်း မကောင်းတဲ့အတွက် အန်တီက အမြဲပဲ သူ့ကို Control လုပ်ရတာပါ။ သူဟာ အမေကို ကြောက်ရွံ့ တဲ့သား လုံးဝ မဟုတ်ပါ။ အမေကို အလွန်ချစ်တဲ့ နားလည်မှုရှိတဲ့ သားတစ်ယောက်ပါ။ သားအမိမကပါဘူး။ Soul mate တွေ ဖြစ်ကြတယ်လို့ဆိုရင်တောင် မမှားပါဘူး။ အခက်အခဲ၊ အကျပ်အတည်း၊ စိတ်ညစ်စရာ၊ ပျော်ရွှင်စရာဆိုရင် အရင်ဆုံး တစ်ယောက်ကို တစ်ယောက် အသိပေး၊ သတိပေးနေကြတဲ့သူတွေပေါ့။ လူတွေအားလုံး အိပ်ကြပြီဆိုရင် အန်တီတို့ သားအမိနှစ်ယောက် Drama ရုပ်ရှင်တွေ အမြဲအတူတူကြည့်ကြတယ်။ နှစ်ယောက်စလုံး အဲဒါကို သဘောကျတယ်။ အကောင်း၊ အဆိုး အတူတူမျှဝေတတ်ကြလို့ အမှား၊ အမှန် ဝေဖန်ပြင်ဆင်ကြလို့ ရတယ်လေ။
သူ့ရဲ့  Personal ကို အန်တီ မပြောလိုပါဘူး။ သားနဲ့ အမေရဲ့  အကြောင်းတွေကိုပဲ ပြောပါရစေ။ သူ့စိတ်ကူးကို သူ့ဟာသူပဲ ပုံဖော်ပါစေ။ အန်တီ လက်မခံနိုင်တာ တစ်ခုမှ မရှိပါဘူး။ သူကလည်း ဘာတစ်ခုမှ အတင်းအကျပ် မလုပ်ပါဘူး။ သူဟာ စိတ်ဆိုး၊ စိတ်ကောက်တာမျိုး မရှိတတ်ဘူး။ ဒေါသဖြစ်တယ်။ ပြေပျောက်လွယ်တယ်။ ခွင့်လွှတ်၊ လက်ခံတတ်တယ်။ Series လုပ်တဲ့ အတွေ့အကြုံကို ပြောရရင် အများကြီးပေါ့။ စတင်သီချင်းရေးကတည်းကိုက သူ့ရဲ့  ဘေးမှာ ထိုင်ကြည့်နေတဲ့ မိခင်တစ်ယောက် သီချင်းတစ်ပုဒ် ရေးသားပါဝင်နိုင်ခဲ့တာကို ကြည့်ရင် သိနိုင်မှာပါ။ အဲဒီသီချင်းနာမည်က 'အဆိုးသံသရာ'၊ 'အရိုးထိအောင်ရူး' အခွေထဲမှာ ပါသွားလို့၊ ဝေဖန်သူက မြန်မာစာ မတတ်ဘူးဆိုပြီးတော့ ခွေထွက်ပြီး နောက်တစ်လအကြာ မဂ္ဂဇင်းတစ်စောင်မှာ ဝေဖန်ရေးသားထားတာကို သတိပြုမိတဲ့သူတွေ ဖတ်မိမှာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...