Tuesday, March 8, 2016

♚ မြန်မာပြည် ၏ ပရက်စလေ ♚ ✪✯တမ်းတယောင်မှန်းဆမြင် နွမ်းလျအောင်လွမ်းရအင်✪✯

Music Crazy Te Te Tar Tar

 ဂီတနှင့် ပတ်သက်လျှင် မြန်မာပြည်၏ ပရက်စလေဟု တင်စားခေါ်ဝေါ်ကြသော၊ ရုပ်ရှင်နှင့် ပတ်သက်လျှင်မူ တရုတ်ဒါရိုက်တာ လူဝီဖေးက အမေရိကန် ခေတ်ဟောင်းရုပ်ရှင်မင်းသား ဂျွန်ဂီးလ်ဘတ်နှင့် တူသည်ဟု မှတ်ချက်ချဖူးသော ရုပ်ရှင်မင်းသားကြီး “၀င်းဦး” မှာ ယခုထက်တိုင် သက်ရှိထင်ရှား ရှိနေမည် ဆိုပါက ၇၇ နှစ် ရှိပေရော့မည်။ ခုတော့ သူ ကွယ်လွန်ခဲ့သည်မှာ ၂၃ နှစ်တိုင်ခဲ့ပါပြီ။ ကွယ်လွန်ချိန်တွင် သူ့အသက်က ၅၄ နှစ်။ တကယ်တော့ မြန်မာပြည်အနေအထားနှင့် ကြည့်လျှင် ထိုအသက်အရွယ်ဆိုပါက လူကြီးတန်းတွင်သာ ဇာတ်ပို့ဇာတ်ရံအဖြစ် ရှိလိမ့်မည်။
သို့ပေမယ့် သူ့ပရိသတ်တွေကတော့ အသေစောသည်ဟုသာ မှတ်ယူကြဆဲပင်။
စာရေးဆရာတစ်စု၏ ဝေဖန်သံကို ကြားဖူးသည်။ တကယ်တော့ သူတို့လည်း ၀င်းဦး ပရိသတ်ပါပဲ။ “၀င်းဦးက သေတာ နောက်ကျတယ်။ သူ သေခါနီး ရိုက်သွားတဲ့ ကားတွေဆိုရင် တော်တော်ကို ချာတာ”။ ကျွန်မကတော့ အမလေး.. ပြောရက်လိုက်ကြတာဟုသာ ရင်ထုမနာ ဖြစ်နေရသည်။ သူတို့ ပြောစကား ဟုတ်ကောင်း ဟုတ်မည်။ ကျွန်မအနေနှင့်က ၀င်းဦးဇာတ်ကားဆိုလျှင် မြန်မာ့ရုပ်မြင်သံကြားက လွှင့်သည့် တချို့တလေသာ ကြည့်ဖူးသည်မို့ သူ၏ နောက်ဆုံးလက်ရာတွေကို မြင်တွေ့ခွင့်မရသေးပါ။ တခုတော့ ရှိသည်။ ၀င်းဦးသည် နဂိုကတည်းက သူ့ကိုယ်သူ အဓိက ဇာတ်ဆောင်ဆိုသည်ထက် ဇာတ်ကို ပို့ပေးရသူအဖြစ် ပိုပြီး ၀ါသနာထုံသည်။ ဥပမာ – “တကျော့နှစ်ကျော့ တေးကိုသီ” တွင် ချိုပြုံးနှင့် တင်တင်မြ၊ “တိမ်လွှာမို့မို့လွင်” တွင် ဖိုးပါကြီးနှင့် ခင်လေးဆွေ၊ “ချစ်သူရွေးမယ် ချစ်ဝဲလည်” တွင် သူနှင့်တွဲသော မင်းသမီးများ အစရှိသဖြင့် ဇာတ်ကားထဲတွင် သူနှင့် တွဲဖက်သရုပ်ဆောင်သူများကို တွဲခေါ်ယူ၊ တင်ပို့ပေးတတ်သူ ဖြစ်သည်။ ဒီတော့ ၀င်းဦး ရှိနေသေးလျှင်တောင် သူကိုယ်တိုင် မင်းသားဆိုသည်ထက် သူရိုက်ကူးသော ဇာတ်ကားများ၊ ဖန်တီးသော စာပေလက်ရာများကိုတော့ မြင်ခွင့်ရနေဦးမည် ဖြစ်သည်။
ဝင်းဦးနှင့် ကျွန်မဆိုလျှင် ရွှေရတုတခုစာမျှ အသက်ကွာပါသည်။ သို့ပေမယ့် ယနေ့တိုင် ၀င်းဦး၏ သရုပ်ဆောင်ချက်များ၊ အညု အတာ အခရာများကို ခံစား၍ ရဆဲဖြစ်သည်။ ကလေးသဘာဝ ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သော မင်းသား၊ မင်းသမီးကို အသက်ကြီးလာသည်နှင့်အမျှ အကြိုက် ပြောင်းလဲဖွယ် ရှိသော်လည်း ၀င်းဦးအပေါ် စွဲလန်းရသည့် ကျွန်မ၏ စိတ်အလျဉ်ကတော့ ဟိုတုန်းကနှင့် မခြားပါပေ။ မှတ်မိပါသေးသည်။ မြန်မာ့ရုပ်ရှင်သံကြားက ၀င်းဦးနှင့် ကလေးသရုပ်ဆောင် စန္ဒာလင်းတို့၏ “အတွယ်အတာ” ဇာတ်ကားပြတုန်းက ဖြစ်သည်။ ဇာတ်ကားထဲမှာ ၀င်းဦးလည်း သေဒဏ်ကျရော တီဗွီရှေ့တွင် အော်ကြီးဟစ်ကျယ် ကြူကြူပါအောင် ငိုလိုက်သည်မှာ အဖေတို့ အမေတို့ ဘယ်လိုချော့ချော့ မတိတ်တော့။ အဲသည်တုန်းက လူက အသက်မှ ၇ နှစ်ရှိသေးတာ။ “သမီး ကြီးလာရင် ၀င်းဦးကို ယူမှာ” ဆိုမိသဖြင့် အဖွားကတောင် “ဟဲ့.. ၀င်းဦးက သေပြီ။ ယူချင်ရင် ၀င်းဦးနဲ့ တူတဲ့သူ ရှာယူ” ဟုပင် ငေါ့ဖူးသည်။ ယနေ့ထက်တိုင် ရုပ်ရှင်လောက၊ ဂီတလောကတွင် သာမက ပြင်ပလောကတွင်ပါ ၀င်းဦးဟန်၊ ၀င်းဦးနှုတ်ခမ်းမွေး၊ ၀င်းဦးအသံ စသဖြင့် တုယူနေကြခြင်းကို ကြည့်ရုံနှင့်ပင် ၀င်းဦးသည် ဆယ်စုနှစ်များစွာတိုင်အောင် သူ့ပရိသတ်အပေါ် သြဇာ လွှမ်းမိုးနေဆဲဟု ကောက်ချက်ချနိုင်ပါသည်။ တကိုယ်ရေ တကာယ အမြင်ဖြင့် ပြောရလျှင် ကျွန်မတို့လို ၀င်းဦး အမာခံပရိသတ်များကတော့ ၀င်းဦးအတုများကို ခံစား၍ မရရုံမက မျက်မုန်းပင် ကျိုးမိသည်ဟု ဘွင်းဘွင်းကြီး ဆိုမိပါလျှင် ပိုရန်ကောဟု စကားတင်းဆိုခံရဖွယ် ရှိပါသည်။
ဝင်းဦး၏ ဘ၀ဇာတ်ကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် အလွန်အတက်အကျများပြီး တော်တော် ဇာတ်နာပါသည်။ တက္ကသိုလ်ပါမောက္ခကြီး ချစ်ဒုက္ခဦးဘညွှန့်နှင့် အင်မတန်ဘိုဆန်လှသော ဒိတ်ဒိတ်ကြဲ မင်နီဘခက်တို့၏ တတိယသား မောင်လှမြင့်။ ငယ်စဉ်ဘ၀မှာ မိဘနှစ်ပါးက ညောင်ညိုပင်စခန်းမှာ လမ်းခွဲကြတော့ သူတို့မောင်နှမတွေ မိခင်နှင့်အတူ ကစဥ့်ကလျား ဖြစ်ကျန်ရစ်ပုံ၊ စစ်ကိုင်းကို စစ်ပြေးကြရပုံ၊ နောက် သူ့ငယ်ဘ၀အဖုံဖုံကို ဟိုနားတကွက် သည်နားတကွက် ဆေးရောင်ခြယ်ပြသွားသည့် “ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန်” စာအုပ်တွင် သူ၏ ငယ်စဉ်က စိတ်ဒဏ်ရာတချို့ကိုလည်း ရိပ်ဖမ်းမိနိုင်သည်။
ထူးခြားတာဆိုလို့ သူ့ကို မွေးတုန်းက မျက်နှာဖုံးစွပ် ပါလာသတဲ့။ ငိုကြောအင်မတန်ရှည်ပြီး ပိန်ပိန်လှီလှီနှင့် သူ့အသွင်က မောင်နှမ ငါးယောက်ထဲတွင် မထည်ဝါဆုံး။ ငယ်နာမည် ဘိုနီ ဖြစ်သည်။ စစ်ကိုင်းတောင်မှာ စစ်ရှောင်ရင်း သူ့မိခင်ဆုံးတော့ ဖခင်ကြီးဆီသို့ ပြန်လည် ခိုလှုံရသည်။ စစ်ပြီးတော့ ဆရာကြီး ဦဘ၏ တီတီစီတွင် ကျောင်းနေပြီးမှ ၁၉၄၉ ခုနှစ်တွင် ဆယ်တန်းအောင်ပါသည်။ တက္ကသိုလ်ကျောင်းတော်မှ နတ်ဘုရားမ၏ အချစ်ကို ရအောင်ကြိုးစားဖူးသည့် ကိုယ်ကာယ ညှောင်နာနာနှင့် ကောင်လေးသည် နောက်ဆုံးတော့ သူ့ဖခင်၏ ယောက်ျားပီသစေလိုသော ဆန္ဒဖြင့် တပ်မတော် ဗိုလ်သင်တန်းသို့ အသက် ၁၈ နှစ်တွင် ရောက်ခဲ့ရသည်။ ဗိုလ်လှမြင့် ဘ၀နှင့် ရွှေမြိုင်သူတဦးနှင့် ချစ်ရည်လူးပြီးမှ နဖူးစာ မှင်ရည်ကျဲသဖြင့် ဒုတိယမ္ပိ အသည်းကွဲရပြန်ပါသည်။ အသည်းကို အရက်နှင့် စိမ်လိုက်ရာ သူ့လခ ၄၀၀ မကျော်သော်လည်း တလစာ အရက်ဖိုး ၄၀၀ ကျော်ဖြင့် အကြွေးပတ်လည်ဝိုင်းနေသူတည်း။ နောက်တော့ ဗိုလ်မှူးသန်းညွှန့် (ချီကာဂို)နှင့် အတူ သြစတြေးလျနိုင်ငံသို့ စေလွှတ်ခံရတော့မှ အစားထိုးစရာ တပြည်သူ မရွှေထားနှင့် ဆုံပြီး အချစ်အတွက် ဘ၀ကို တဖန်မွေးဖွားလာခဲ့သူ ဖြစ်လာသည်။ သြစတြေးလျတွင် ဗိုလ်လှမြင့် တယောက် ထူးထူးခြားခြား အနုပညာ ပါရမီကို ထုတ်ပြခဲ့တာဆိုလို့ သူတို့ဆီက ပြဇာတ်တခုတွင် တညလျှင် ၂၅ ပေါင် (ထိုစဉ်က ဗမာငွေ ၃၄၀ခန့်) ဖြင့် ပါဝင် ကပြဖူးခဲ့တာရှိသည်။ မြန်မာပြည် ပြန်ရောက်မှ မမျှော်လင့်ဘဲ ရုပ်ရှင်မင်းသားအဖြစ် “နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကာဖြင့် ဟုန်းခနဲ တောက်ပလာတော့ အဝေးတနေရာက ချစ်သူဆီကိုလည်း မပြန်ဖြစ်တော့။ နောက်တော့ ကြိုးချင်းထား ကြိုးချင်းညှိပြီး ရုပ်ရှင်လောကက တက်သစ်စ မင်းသမီးတဦးနှင့် ချစ်ကြိုးသွယ်မိပြန်သည်။ အဆိုပါ မင်းသမီးသည် ၀င်းဦး၏ ဖေးကူမှုနှင့် ရုပ်ရှင်နယ်ပယ်တွင် လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့သည်။
အမှန်မှာ ၀င်းဦးသည် ရုပ်ရှင်လောကသို့ ၀င်လာစက သူ စွဲလန်းခဲ့ရသော မင်းသမီးမှာ တခြားတဦးဖြစ်ပါသည်။ သူ့ထက် စီနီယာကျသော ထိုမင်းသမီးကို ထိုစဉ်က ဖက်ရှင်ကျလွန်းသူဟုပင် ရုပ်ရှင်အသိုင်းအ၀ိုင်းက တင်စားဖူးသည်။ ထိုမင်းသမီးနှင့် သူ အလှမ်းဝေးခဲ့ရသော်လည်း သူစွဲလန်းရသူ၏ ပုံရိပ်ကို ဖမ်းဆုပ်နိုင်ခဲ့သူ တက်သစ်စ မင်းသမီးလေးအပေါ် သဒ္ဓါလွန်မိလိုက်ခြင်း ဖြစ်သည်။ ပရိသတ်ကလည်း သူတို့နှစ်ဦး စုံတွဲကို အင်မတန် လိုက်ဖက်သည်ဟူ၍ အားပေးကြသည်။ ၀င်းဦးသည် သူ ထားခဲ့သမျှ ရည်းစားများထဲတွင် အဆိုပါ မင်းသမီးလေးကို တော်တော် သံယောဇဉ်ရှိခဲ့ပုံပေါ်သည်။ “ဆယ်စုနှစ်တစ်နှစ်စွန်း မန်းသင်္ကြန်” တွင် သူ့ချစ်သူ မင်းသမီးနှင့် ပတ်သက်ပြီး ရထားပေါ်တွင် တွေ့လိုက်ရသော သတင်းစာအပိုင်းအစတွင် သူ့ချစ်သူ၏ လက်ထပ်သတင်းကို တွေ့ပြီး ကြေကွဲရပုံ၊ ဘားလမ်းက စန္ဒာပုံနှိပ်တိုက်ပေါ်မှ အခန်းကျဉ်းလေးထဲတွင် သူတယောက်ထဲ သတိတရ ဆွေးနေရပုံကို အသေးစိတ်ရေးထားသည်မှာ အင်မတန် အသည်းနုသူဟူ၍ပင် မချင့်မရဲ ဖြစ်မိပါသည်။
သူ့ချစ်သူ တောင်းဆိုသလို ဓနအင်အား ပြည့်စုံအောင် သူ စုဆောင်းခဲ့ပုံ၊ အဆုံးတွင် သူ ကျန်ရစ်ခဲ့ပုံများကို တသသ ရေးထားပါသည်။ သူ့ပရိသတ်များက ၀င်းဦးဘက်က မခံရပ်နိုင်၍ သူ့ချစ်သူ မင်းသမီးက ၀င်းဦးဆီက စိန်တွေ၊ အဖိုးတန် လက်ဝတ်ရတနာတွေကိုတောင် သဲ့ယူသွားသည်ဟုပင် ဆိုကြသေးသည်။ ဒါကတော့ ငွေရောင်ပိတ်ကားနောက်ကွယ်မှ အရပ်ထဲက စကားများဖြစ်ပါသည်။ တလောက သူ့ချစ်သူ မင်းသမီးကြီးနှင့် မဂ္ဂဇင်းတစောင်၏ အင်တာဗျူးခန်းတွင်တော့ ၀င်းဦးက သူ့အပေါ် အဘယ်မျှ မေတ္တာထားခဲ့ကြောင်းကို မင်းသမီးကြီးက ၀န်ခံဖြေကြားသွားခဲ့ပါသည်။ တခါကလည်း မင်းသမီးငယ်တဦး အ၀တ်အိတ်ဆွဲကာ သူ့အိမ်ပေါ်က ဆင်းလာပြီး ၀င်းဦး အခန်းပေါ် တက်လာလို့ သူ့မှာ မနည်း ချော့မော့ ပြန်လွှတ်လိုက်ရသည်ကိုပင် သတင်းထောက်များ ကြားကာ ပွက်လောရိုက်အောင် ဖွသတင်းလေး ရေးခဲ့ကြသေးသည်။ မန္တလေးက သူဌေးမတဦးနှင့်လည်း ဘာဂလိုတိုတိုဟူ၍ အ၀ါရောင်စာနယ်ဇင်းအတွက် ထမင်းမြိန်စရာ သတင်းဖြစ်ခဲ့ဖူးသည်။

ဝင်းဦးသည် အချစ်ရေး ကံမကောင်းခဲ့သလို မိသားစုရေး၏ အကျိုးခံစားရမှုလည်း နည်းပါးသည်။ ကျောက်ဘီလူး တင်မောင်ဆွေ၏ “တစ်သက်မှာ တစ်ဦး ထူးတဲ့ ကိုဦး” ဆိုသည့် ၀င်းဦး အလွမ်းပြေစာထဲတွင် ဖတ်ဖူးသည်မှာ ညီအကိုမောင်နှမများနှင့် ပတ်သက်လာလျှင် ကောင်းကောင်း ဆိုးဆိုး စောင့်ရှောက်ရမည့် ၀တ္တရားအရ သူ စောင့်ရှောက်သွားမည်၊ သူ့သားချင်းများသည် အရည်အချင်းရှိလျက်နှင့် သူ့အပေါ် အမှီပြုနေကြသည်ကို စိတ်တိုင်းမကျသော်လည်း သူ့လို အောင်မြင်စေရန် အစွမ်းရှိသမျှ သူ ပံ့ပိုးပေးသွားမည် စသဖြင့် ပြောခဲ့သည်များကို ရေးသားထားသည်။ အရက်သောက်လွန်း၊ စန္ဒာမဂ္ဂဇင်းက အရှုံးပေါ်လွန်း၊ အပေးအကမ်း များလွန်း၊ အမြတ်ခွန် ထုထောင်းလွန်း၊ ၀င်သမျှ ငွေအပေါ် အသုံးအစွဲ စနစ်တကျမရှိလွန်း၍ သူ ကွယ်လွန်ချိန်တွင် ဘာဆိုဘာမျှ မကျန်ရစ်ခဲ့ပေ။ သူနှင့် အတွဲများခဲ့သည့် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က စာနယ်ဇင်းတစ်ဦးအား ရင်ဖွင့်ဖူးပါသည်။

“ကိုဦးက သနားစပါ။ သူ့ အင်းလျားက အိမ်မှာတုန်းက ပစ္စည်းတွေ ဟိုလူယူ၊ သည်လူယူနဲ့ ငါရောက်သွားတော့ ပစ္စည်းပုံ ဘေးထိုင်ပြီး မမကော ဘာယူမလဲ။ ယူလေတဲ့။ ဟဲ့.. ငါက ယူဖို့လာတာမှ မဟုတ်ဘဲ။ နင့်ကို လာကြည့်တာ ကိုဦးရဲ့လို့ ပြောယူရတယ်။ အဲသည်အထိ…..

သူ အင်္ဂလန်က ပြန်လာတော့ မင်္ဂလာဆောင်တစ်ခုမှာ တွေ့တယ်။ ငါ့မှာ ငိုလိုက်ရတာလေ။ သူက မမ ကျွန်တော် သေသွားတာမှ မဟုတ်ဘဲ ပြန်ရောက်လာပြီလေ။ နေကောင်းနေပါပြီ မမရဲ့ဆိုပြီး မနည်း ချော့ယူရတယ်။ မမနဲ့ သူက ကားရိုက်ခဲ့တာတွေလည်း မနည်းဘူး။ သူက စည်းကမ်းလည်း ကြီးတယ်။ စနစ်လည်း ရှိတယ်။ ဒါပေမယ့်ဟယ် တစ်ခါတုန်းက သူ့အခန်း ရောက်သွားတော့ ထမင်းစားပွဲမှာ ငုတ်တုတ်ကလေး ထိုင်လို့။ စွပ်ကျယ်နဲ့ ဘောင်းဘီတိုလေးနဲ့။ ကိုဦး နင် ဘာလုပ်နေတာလဲ မေးတော့၊ ထမင်း စားမလို့ စဉ်းစားနေတာတဲ့။ သူများ စားပြီးသား အကျန်တွေ၊ ပြီးတော့ ဟင်းတွေ၊ ထမင်းတွေကလည်း အေးစက်လို့။ သူ့ခမျာ ဖြစ်သလို နေသွားရရှာတယ်။ သူ ဆေးရုံတက်နေတုန်းကများ သေတော့မယ်ဆိုတာ သိကြလို့ ထင်ပါရဲ့၊ ခိုးလိုက်ကြတဲ့ အ၀တ်အစားတွေ ကက်ဆက်ကအစ ကမ်းကုန်ရော။

တစ်ခါတုန်းက သူပြန်ရောက်ခါစပေါ့။ မမ ကျွန်တော် လာမယ်ဆိုပြီး ဖုန်းဆက် ရောက်လာတယ်။ သောက်လိုက်တဲ့ အရက်ကလည်း အရမ်းပါပဲ။ ကိုညွှန့်ကိုတောင် တားယူရတယ်။ မောင်နော်… ကိုယ်က လူကြီး၊ ကိုဦးလို လူငယ်နဲ့ ပြိုင်မသောက်နဲ့လို့။ အဲသည်နေ့က ခေါက်ဆွဲ အကြွပ်ကြော် ကျွေးတော့လေ စားလိုက်တာ အရမ်းပဲ။ တစ်ခါမှ မစားဖူးဘူး မမရယ်ဆိုလို့ စိတ်တောင် မကောင်းဘူး”

ကျွန်မမှာ ဒေါ်မြင့်မြင့်ခင်၏ စကားသာမက ၀င်းဦးမှ အိုင်ရင်းတင်လှထံသို့ ရေးသည့် အင်္ဂလန်မှ ပေးစာကို ဖတ်ရတော့ ရင်နင့်ရပြန်သည်။ ၁၉၈၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ရေးသည့် စာဖြစ်သည်။

“…….. ဒီက ဆရာဝန်တွေကတော့ အကို့ အခြေအနေကို သိပ်ကျေနပ်ကြတယ်။ နောက်ကို ပြန်မဖြစ်တော့ဘူး၊ ဖြစ်စရာလဲ မလိုတော့ဘူးလို့ ပြောပါတယ်။ အကိုစိတ်ထင်တော့ June လကုန်၊ July လဆန်းလောက် ပြန်ရလိမ့်မယ် ထင်တယ်။ Body Weight လဲ တက်လာလို့ လူတိုင်းက အံ့သြကြရတယ်။

ဆေးရုံ စရိတ်ကတော့ သိပ်ကြီးတာပဲ။ တက်ရတဲ့ ဆေးရုံက အာရပ်စော်ဘွားတွေ တက်တဲ့ ဆေးရုံဆိုတော့ မတန်တဆ ဈေးပေးရတယ။် အစိုးရ ခွင့်ပြုတဲ့ ပိုက်ဆံလည်း ဆေးရုံပေးရတာနဲ့ ကုန်မှာပဲ။

ကျန်တဲ့ ငွေကလေးကိုတော့ အကို ချွေတာပြီး သုံးပါတယ်။

မမတို့မှာတောင် သူတို့ဟာ သူတို့တောင် လောက်ငအောင် စနစ်နဲ့ သုံးနေရတာ မဟုတ်လား။ တော်ပါသေးရဲ့။ ဒီက မိတ်ဆွေတွေက ဖိတ်ကြ လိုက်ပို့ကြ လုပ်ပေလို့ပဲ။ လန်ဒန်မြို့ထဲလဲ အကို မကြာခဏ ရောက်တယ်။ လူက လူကောင်းတယောက်လိုပဲ။ ကျန်းမာနေတော့ လည်ပတ်ရတာပေါ့။ ဆရာဝန်ကလဲ အဲသလို အပြင်များများ ထွက်ပေးလို့ ပြောတယ်။ ရာသီဥတုလဲ နေရောင်ရလာလို့ သွားရလာရ ကောင်းပါတယ်။ Irene လဲ အအေးမိပြီး နေမကောင်းဘူးလို့ သိန်းနိုင်က ပြောတယ်။ ကောင်းသွားပြီလား။

အကိုပြန်ရင် ဆရာကြည်စိုး၊ ဆရာစိုးအောင်မြင့်တို့အတွက် သူတို့ မိန်းမတွေအတွက်ပါ ရှိတဲ့ ပိုက်ဆံကလေးထဲက အမှတ်တရပစ္စည်း ၀ယ်ခဲ့မယ် စိတ်ကူးတယ်။ သိပ်အဖိုးတန်တော့ မတတ်နိုင်ဘူးပေါ့။ သူတို့ ဘာကြိုက်တတ် ဘာသုံးတတ်တယ်ဆိုတာ သိရင် ကောင်းမယ်။ ဥပမာ စီးကရက် သောက်တဲ့သူအတွက်ဆိုရင် မီးခြစ်အလှကလေးလိုဟာမျိုးပေါ့။ Irene စုံစမ်းပြီး အကို့ကို phone နဲ့ ဖြစ်ဖြစ် ပြန်ပြောပါဦး။

Irene ရဲ့ ကျေးဇူး အကို့အပေါ်မှာ ကြီးမားပါတယ်။

သင့်
ဝင်းဦး
ခေတ္တ/လန်ဒန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...