Saturday, March 19, 2016

❃ မြို့မငြိမ်း၏ တောင်သမန် တမ်းချင်း ❃

Music Crazy Te Te Tar Tar

ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။
မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ မြို့ခံဇာတိ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးကလည်း ပါဝင် ဆင်နွှဲခဲ့တယ်။
အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်က တီးဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တီးလုံးကို ကြားလိုက်ကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ်တူရိယာတွေနဲ့ အနောက်တိုင်းက တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။
အနားကို သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက အရွယ်အမျိုးမျိုးရှိတဲ့ ဝါးပလွေတွေ၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ်တလုံး၊ မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်တလုံး၊ ထန်းသီးမှုတ်တလုံးနဲ့ နိုင်ငံခြားဖြစ်ဆိုလို့ ကလယ်ရီနက် တလက်သာပါတာကို အံ့သြစရာ တွေ့ကြရလေတယ်။
အဲဒီ ‘အေ အမ် ဘီ အေ’ ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့တယ်။ လက်ပေါက် ခြောက်ပေါက် ဝါးပလွေတွေကိုလည်း ဆရာမြို့မငြိမ်းနဲ့ အမရပူရမြို့က နှဲဆရာကြီး ဆရာထပ် တို့ တိုင်ပင် ဖန်တီးခဲ့ကြတယ်။
ပလွေသမားတွေကို အမှတ် ၁၊ ၂၊ ၃ လို့ နာမည်ပေးထားတဲ့ အုပ်စုသုံးစု ခွဲထားပြီး၊ သီချင်းတီးလုံးမှာ ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြဖို့ ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားပါတယ်။
တီးမှုတ်သူတွေကလည်း တူရိယာ ပညာရှင်တွေမဟုတ်ကြဘဲ ‘အေ အမ် ဘီ အေ’ မော်တော်ယာဉ် အသင်းသား သာမန်အရပ်သားများသာ ဖြစ်ကြတယ်။ ဆရာမြို့မငြိမ်းက ဂီတပညာဆိုလို့ ဘာတခုမှ သင်ကြားမထားကြတဲ့ အဲဒီ အရပ်သားတွေကို သီချင်းတပိုဒ်ချင်း အလွတ်ချပေးပြီး ပလွေမှုတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဆရာမြို့မငြိမ်းရဲ့ မိတ်ဆွေဖြစ်ပြီး တပည့်လည်းဖြစ်တယ်လို့ ဆိုရမယ့် အမရပူရမြို့ ဇာတိ မြို့မ ဦးကိုလေး က ဦးဆောင်ပြီးမှုတ်တဲ့ ကလယ်ရီနက်နဲ့အတူ သီချင်းအလိုက်ကို ပလွေသမား ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး ကျန်တဲ့သူတွေက ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်မှုတ်ကြတော့ အသံထုထည်ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုးဖြစ်လာတော့တယ်။
အနောက်တိုင်းဂီတ တီးဝိုင်းတခုမှာ ပါဝင်တဲ့ တူရိယာအားလုံးက မယ်လိုဒီ တခုလုံးကို သံပြိုင် တီးမှုတ်ကြတာတော့ မဟုတ်ပါ။ ဖန်တီးရှင် ဂီတစာဆိုက ဂီတ ဥပဒေတွေနဲ့အညီ သူ့ခံစားချက်တွေကိုပါ ပေါင်းစပ်ပြီး တူရိယာ တခုချင်းစီရဲ့ အဝင် အထွက်၊ အရပ် အနား၊ အတိုး အကျယ် သင်္ကေတတွေ အမျိုးမျိုးနဲ့ ဖွဲ့စည်းတာပါပဲ။
အကြမ်းဖျဉ်းဆိုရရင်တော့ အနောက်တိုင်းဂီတမှာ အသံထုထည်ကို ရဖို့အတွက် အခြေခံ အသံစဉ်တခုမှာပါတဲ့ မိတ်ဖက်သံတွေနဲ့ ဖွဲ့စည်းရပါတယ်။ ဥပမာအားဖြင့် စီ-မေဂျာ အသံစဉ်မှာ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီ၊ အေ၊ ဘီ ရယ်လို့ အသံ ၇ မျိုး ပါရှိတဲ့အထဲမှာ စီ-မေဂျာ အသံတွဲ ကော့ (ဒ်) (chord) ရဲ့ အဓိက ပါဝင်တဲ့ မိတ်ဖက်သံတွေက စီ၊ အီး နဲ့ ဂျီ ဖြစ်ပါတယ်။
မူလအခြေခံ (Fundamental) မေဂျာ အသံစဉ်တွေအတိုင်း လုပ်ထားတဲ့ စီ၊ အီး၊ ဂျီ ပလွေ သုံးလက်ကို တပြိုင်နက်ထဲ မှုတ်လိုက်တယ်ဆိုပါတော့။ အသံထုထည်ပါတဲ့ စီ-မေဂျာ ကော့ (ဒ်) အသံထုထည်ကို ကြားရပါမယ်။
အဲဒီ ‘တောင်သမန်’ သီချင်းရဲ့ မူရင်း မယ်လိုဒီ က ‘လက်တင်-အမေရိက’ နိုင်ငံခြားသံ စစ်စစ်ပါ။ မူရင်း သီချင်းက ၁၉၂၉ ခုနှစ်အတွင်းမှာ Ernesto Lecuona ရေးခဲ့တဲ့ ‘ဆီဘိုနေး’ (Siboney) လို့ခေါ်တဲ့ ကျူဘင် (Cuban) သီချင်းဖြစ်ပါတယ်။


‘ဆီဘိုနေး’ ဆိုတာက ကျူးဘား (Cuba) ကျွန်းနိုင်ငံက မြို့ကလေးတမြို့ရဲ့ နာမည်ပါ။ နောက်ပိုင်းခေတ်မှာတော့ ကျူးဘားနိုင်ငံတခုလုံးကို ကိုယ်စားပြုတဲ့ ဝေါဟာရ အဖြစ် အဓိပ္ပာယ်က ကျယ်ဝန်းသွားခဲ့ပါတယ်။

၁၉၃၁ ခုနှစ်မှာ အယ်(လ်)ဖရက်ဒို ဘရစ်တို (Alfredo Brito) က စပိန်ဘာသာနဲ့ သီဆိုလိုက်ပြီးတဲ့နောက် ‘ဆီဘိုနေး’ သီချင်း နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ Caterina Valente, Xiomara Alfaro, Dizzy Gillespie, Percy Faith တို့က သီဆိုကြပြန်တယ်။
Connie Francis နဲ့ Bing Crosby တို့က အင်္ဂလိပ်ဘာသာနဲ့ သီဆိုကြပါတယ်။ ‘ဆီဘိုနေး’ လို့ နာမည်တပ်ထားပေမယ့် မူရင်း ‘ဆီဘိုနေး’ သီချင်းစာသားရဲ့ အဓိပ္ပာယ်ကို ကိုယ်စားမပြုတဲ့ အင်္ဂလိပ်ဘာသာနဲ့ မူကွဲသီချင်းတွေလည်းရှိပါသေးတယ်။
‘ဆီဘိုနေး’ သီချင်းရဲ့ မူရင်း အသံစဉ်က စီ-မေဂျာ အသံစဉ်ပါ။ အခြေခံ စည်းချက်က ‘ကလစ်ဆို’ စည်းချက် (Calypso Beat) ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက်ဆိုတာ ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံတွေက အာဖရိက နဲ့ ဥရောပ ဇာတိဖွားတွေရဲ့ အေဖရို-ကရစ်ဘီယံ (Afro-Caribbean) ဂီတဝင် စည်းချက် ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက် အထဲက ရိုက်ချက်တွေကို နှေးနှေးပဲ တီးတီး၊ မြန်မြန်ပဲ တီးတီး အင်မတန်မှ မြိုင်မြိုင် ဆိုင်ဆိုင်ရှိလှပါတယ်။
‘ကလစ်ဆို’ စည်းချက် မူကွဲများ (Calypso Beat and Variations)
တူရိယာများ Cowbell, Snare Drum, Bass Dram
အဲဒီ ‘ဆီဘိုနေး’ သီချင်းရဲ့ အနှစ်သာရက မွေးရပ်မြေနဲ့ အိမ်ကိုတမ်းတပြီး လွမ်းရတဲ့ ‘အိမ်ပြန်ချင်တဲ့ အလွမ်း’ လို့ ဆိုရပါမယ်။ စာဆိုရှင်က သူချစ်တဲ့ ‘ဆီဘိုနေး’ မြို့ကလေးကို သက်ရှိတဦးအဖြစ် သူ့ရဲ့ ချစ်သူပမာ တင်စားပြီး အချစ်နဲ့ အလွမ်းကို ဖွဲ့သွားပါတယ်။
SIBONEY
Ernesto Lecuona
(English Translation from Spanish)
“Siboney, I love you, I’m dying for your love
Siboney, I think of you while I fell asleep to the quiet song of the palm trees
I dream of how I love you, and how precious you are to me
Siboney, I dream of you while I fell asleep to the quiet song of the palm trees
Soboney of my dreams, if you don’t hear the complaint in my voice
Siboney, if I don’t see you soon. I’ll die of love
Soboney of my dreams, I stay at home and anxiously await you
Siboney, if I don’t see you soon. I’ll die of love
Hear the echo of my song resonating in the glass
Please, don’t get lost in dark wilderness”
‘ဆီဘိုနေး’ ရေ၊ မင်းကို ငါ ချစ်ပါတယ်ကွယ်။ မင်းရဲ့အချစ်ကို သေမတတ်လောက် စွဲလမ်းနေပါတယ်။
ထန်းပင်ကလေးတွေက တသိမ့်သိမ့်နဲ့ ငါ့ကို ချော့ပြီး သိပ်လို့ အိပ်မောကျနေရင်းတောင်မှ
မင်း အကြောင်းကို ငါ တွေးမိနေသေးတယ်။
‘ဆီဘိုနေး’ ရေ၊ မင်း ကို ငါက ဘယ်လောက် ချစ်တဲ့အကြောင်းနဲ့
မင်းကို ငါက ဘယ်လောက် တန်ဖိုးထားရကြောင်း ငါ အိပ်မက် မက်နေတယ်လေ။
‘ဆီဘိုနေး’ ရေ ငါ့ရဲ့ ညည်းတွားနေသံကလေးတွေကို မင်း မကြားရော့လေသလားကွယ်။
ငါ့အိပ်မက်ထဲက ‘ဆီဘိုနေး’ ရေ အလွမ်းဌာနေ အိမ်ကလေးဆီက
တမ်းတမ်းတတနဲ့ ငါ မင်းကို စောင့်နေပါတယ်ကွယ်။
မင်းနဲ့ မြန်မြန်သာ မတွေ့ရရင်တော့လေ အချစ်အတွက်နဲ့ပဲ ငါ့ အသက်ဆုံးရပါတော့မယ်ကွယ်။
ဖန်ခွက်ကလေးထဲမှာ လှုပ်ခါနေတဲ့ ငါ့ တေးသံရဲ့ ပဲ့တင်သံကလေးတွေကို မင်း ကြားပါစေတော့ကွယ်။
မှော်ရုံတောရဲ့အလယ်မှာ လမ်းမပျောက်ပါစေနဲ့ကွယ်။

၁၉၄၉ ခုနှစ် အချိန်လောက်တုန်းက မြန်မာတွေ နားသိပ်မယဉ်လှသေးတဲ့ ‘ကလစ်ဆို’ စည်းချက်ကို ‘ဆီဘိုနေး’ သီချင်းရဲ့အလိုက် ‘တောင်သမန်’ သီချင်းနဲ့အတူ ဆရာမြို့မငြိမ်း က မြန်မာတွေရဲ့ နားတွေဆီအရောက် ပထမဆုံး ပို့ဆောင်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။
တောင်သမန်
“တောင်သမန်၊ ကြည်အင်း ရေလှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ။
ထောင်ရောင်နေ၊ ရဝေနန်း အမရ ဘုန်းရောင်ရွှန်း ထွန်းခဲ့ပေ။
မော်တော်ယာဉ်၊ အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ။
နိုင်ငံတော်၊ ညီရင်းအကိုများ တို့တိုင်းရင်းသားတွေ တအူတုံဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ။
ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖြန်းဆွတ်သော သင်္ကြန်ရေ။”

မြို့မငြိမ်း
(၁၉ဝ၉-၁၉၅၅)
မူရင်း တီးလုံးမှာ ပါဝင်တဲ့ ဆက်ဆိုဖုံးတွေအစား ဆရာမြို့မငြိမ်းက ဝါးပလွေတွေကို သုံးခဲ့တာပါ။ ဘေ့(စ်)ဒရမ် (Bass Dram) အစား သံစည်ပိုင်းပြတ်နဲ့လုပ်တဲ့ ဗုံကြီးကို သုံးခဲ့လိမ့်မယ်လို့ မှန်းဆရပါတယ်။ ကောင်းဘဲလ် (Cowbell) အတွက် ထန်းစေ့မှုတ်၊ ရှိတ်ကာ (Shaker) အဖြစ် မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်ကို အစားထိုးပြီး ဒိုးဆရာ မြို့မ ဦးထွန်းရင် က ‘ကလစ်ဆို’ စည်းချက်တွေနဲ့ တောင်သမန်သီချင်း ကို အသက်သွင်းခဲ့တာပါပဲ။
ဆရာမြို့မငြိမ်းက မူရင်း ‘ဆီဘိုနေး’ သီချင်းတီးလုံးရဲ့ မယ်လိုဒီ ကိုပဲယူခဲ့ပါတယ်။ ‘ဆီဘိုနေး’ သီချင်းမှာ အလွမ်း ဝေဒနာတွေက လွှမ်းခြုံနေပေမယ့် ‘တောင်သမန်’ သီချင်းထဲမှာတော့ ငွေရောင် လှိုင်းကြက်ခွပ်ကလေးတွေ လူးကာ လှိမ့်ကာ မြူးထူးလို့ ကြည်ကြည်လင်လင် တောင်သမန် အင်းရေပြင် အပေါ်မှာ ပြေးလွှား ဆော့ကစားနေတဲ့ လေပြေ လေညင်းကလေးတွေနဲ့အတူ မြူးမြူးကြွကြွ သင်္ကြန်ကာလရဲ့ အေးအေးမြမြ မေတ္တာဓာတ်တွေ က ထုံမွမ်းလို့ နေပါတယ်။
တွေ့မြင် နားဆင်နိုင်ခွင့် မကြုံကြိုက်လိုက်ရတဲ့ အတိတ်ကာလ အချိန်တုန်းက ဆရာမြို့မငြိမ်း ရဲ့ ‘တောင်သမန်’ ကို မှန်းဆ တမ်းတလို့သာ လွမ်းရပါတော့တယ်။ လွမ်းလို့ရေးဖြစ်တဲ့ ဒီ စာတို ပေစကလေးကိုတော့ ‘တောင်သမန် သို့ တမ်းချင်း’ ကလေးတခုပါပဲလို့ ဆိုကြပါစို့။
Credit - ရန်ဝင်း ۩ တောင်တံခါး ۩

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...