Wednesday, March 16, 2016

“အသည်းကြားက မဲတစ်ပြား”


အာဖရိက တောနက်ကြီးအလယ်က လူရိုင်းရွာကလေးတစ်ရွာမှာ လေယာဉ်ပေါ်က ကျလာတဲ့ ဘိလပ်ရည်ပုလင်း အဖုံးကလေးတစ်ခုကို ကောင်းကင်အထက်က နတ်ဒေဝတာများ ပေးသနားသည့် ရတနာတစ်ပါးအဖြစ် ကိုယ့်ရှိသမျှ စည်းစိမ် ပုံအောရင်းနှီးပြီး အလုအယက် ဝယ်ယူကြတဲ့ ရုပ်ရှင်ကားတစ်ကား မှတ်မိဦးမယ် ထင်ပါတယ်။ ကိုယ်တို့ဆီမယ် ကားပါမစ်တွေ၊ ဖုန်းငှားရမ်း အသုံးချခွင့်တွေကို သိန်းပေါင်းများစွာ ပေးဝယ်ခဲ့ကြတုန်းက “သြော် ငါတို့ဆီကလူတွေ ဘဝကလည်း အာဖရိကတောတွင်းသားတွေနဲ့ ဘာကွာလို့လဲ။” လို့ တွေးခဲ့ဖူးသေးတယ်။ ကိုယ်လို အထူးကုဆရာဝန်တစ်ယောက် အနေနဲ့ တစ်ယောက်ယောက်က “ဖုန်းလာနေတယ် ကိုင်လိုက်စမ်းပါ” လို့ ပြောလို့ ဘယ်ခလုပ်ကို ဘယ်လိုနှိပ်ပြီး ကိုင်ရမှန်းမသိတဲ့အချိန်မှာ လောက်ကိုင်က ဆေးရုံ အလုပ်သမားတွေက တရုတ်ကျေးဇူးကြောင့် ခါးကြားဟန်းဖုန်းကိုယ်စီနဲ့ တံမျက်စည်းလှဲနေပြီလေ။
မြန်မာပြည်မှာတော့ ဖုန်းတို့ကားတို့ဆိုတာ အထက်ကောင်းကင်က ဘိုးသိကြားတို့ရဲ့ နာမတံဆိပ်တော်ပါမှ ဝယ်စေသတည်း သွင်းစေသတည်း အခွင့်ရတာကိုး။ ရေစင်ဖိုးနဲ့ချည့်ပဲ အိမ်မှာရွှေချောင်းတွေ ထားစရာမရှိတဲ့ ဝန်မင်းဖျားများအကြောင်း ကိုယ်တိုင် အမိန့်အရ အပြုတ်ကြီးအိမ်မှာ သွားသိမ်းခဲ့ရတဲ့သူတွေလောက် ဘယ်သူကမှ မသိနိုင်ပါဘူး။ ထိန်းသိမ်းခံ ဗိုလ်ချုပ်တစ်ယောက်တည်းရဲ့ အိမ်ကကားတွေချည့်ပဲ တရားဝင် လေလံပစ်တာတောင် သိန်း ၃၀၀၀ တန်ကား အစီးနှစ်ဆယ်ကျော် ရှိတာလည်း သိခဲ့မီခဲ့ဖူးတာပဲ။ လူကြီးစပွန်ဆာနဲ့ အမ်းထားတဲ့ တရားမဝင် လူသိရှင်ကြား တိတ်တိတ်ပုန်းများတောင် အင်းလျားလမ်း ရွှေတောင်ကြား နန်းတော်ကြီးများနဲ့ နေနိုင်တာ အတိတ်ဘဝက သူတို့ပြုထားတဲ့ ကုသိုလ်ကြောင့် လို့ပဲ နားလည်ပေးလိုက်ပါတယ်။ ဒါတွေကို ဒီအချိန်မှာ ပြန်ပြောနေလို့ အပိုပဲ။ တိုင်းပြည်အတွက် ရှေ့ဆက်သွားရမယ့် အရှိန်အဟုန်တွေ ပျက်ပြားသွားနိုင်တယ်။ “နောက်ကြောင်းပြန် အရေးမယူရဘူးနော်” လို့ သစ္စာရေတိုက်မတတ် ဘုရားရောကျမ်းရော ကျိန်တွယ် ကတိတောင်းနေတဲ့သူတွေနဲ့ ရင်ကြားစေ့ရေးမှာ အနှောက်အယှက် ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့ ချေးခြောက်တွေ ရေမနှူးနဲ့တော့။ သင်ပုန်းချေပလိုက်တော့။ မေ့ပစ်လိုက်တော့ လို့ မေမေမှာတယ်။ မပြောတော့ဘူး။ တော်ပြီ။
ဒါပေမယ့်လည်း လွှတ်တော်ရုပ်သံကြည့်ရင်း ရုပ်ရှင်ထဲက ဖင်တုံးလုံး ကပ္ပလီကြီးကို မျက်စိထဲ ပြေးပြေးမြင်မိတာ စောစောကပြောတဲ့ လင်မနစ်ရည်အဖုံးကလေးတွေ သိန်းသန်းကုဋေ ပိုင်ဆိုင်မှုတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်တို့ဆီကလူတွေဟာ ဆန္ဒမဲဆိုတဲ့ စာရွက်အပိုင်းအစကလေးရဲ့ အရသာကို ၂၀၁၆ ရောက်တော့မှပဲ ချိုသလား ခါးသလား ဝမ်းသာပီတိ မျက်ရည်များလည်အောင် ခံစားရဖူးလေတယ်။ ရုပ်ရှင်ထဲက အာဖရိကန်ကြီးတွေတောင် ဒီမိုကရေစီအသီးအပွင့်တွေ ခံစားနေကြတာ ကိုယ့်ထက်အများကြီးစောတယ်။ ကိုယ်တို့ဆီမယ် အခုမှ ရောင်နီလာတုန်း။ နေမြင်ရသေးတာ မဟုတ်။ ဒါတောင် မြန်မာနိုင်ငံသားအားလုံး ရတဲ့ အခွင့်အရေး မဟုတ်။ လောင်းရိပ်အောက်က မှောင်ရိပ်အောက်ကသူတွေ အိပ်မက်တောင် မမက်နိုင်သေး။ မေးကြည့်ချင်လိုက်တာ။ “ကိုယ်နဲ့လုံးဝ မသိမကျွမ်းတဲ့သူတစ်ယောက်ကို ကိုယ့်အနာဂတ်ကြီးရဲ့ မျှော်လင့်ချက်တွေ ပုံအောပြီး ရွေးချယ်တင်မြှောက်လိုက်တဲ့ အရသာဟာ ဘယ်လိုရှိသလဲ။” လို့။ ဖြူချင်ဖြူ မည်းချင်မည်း။ ကိုယ့်ဆန္ဒဟာ ကိုယ့်ဆန္ဒစစ်မှ အရသာမှန်မယ်လေ။ သူများဖြူခိုင်းလို့ လိုက်ဖြူတာက ကိုယ့်ကြမ္မာ သူများဖန်တီးခံရတာ။ ကိုယ်တော့ သည်အရသာမျိုးကို အသက်ကြီးငါးဆယ်နားနီးမှ သည်တစ်ကြိမ်ပဲ ခံစားခဲ့ရဖူးတာမို့ ဘယ်လိုပြောရမလဲ။ အိုအိရှိပေါ့နော်။
မဆလခေတ်တုန်းက ဆယ့်ရှစ်နှစ်ပြည့်တဲ့အချိန်မှာ ဆန္ဒမဲတစ်ခါ ပေးခဲ့ဖူးပါတယ်။ အဲသည်တစ်ကြိမ်ကတည်းက အင်ကြီးမှန်း သိလို့ အရသာမတွေ့ခဲ့ဘူး။ အစည်းအဝေးမစခင် ပါတီကလူတွေကို ကိုယ့်မျက်စိရှေ့တင် အထပ်ထပ် ဇာတ်တိုက်ထားတယ်။ မင်းက သူ့ကို အဆိုတင်။ မင်းက သူ့ကို ထောက်ခံ။ အိုးနင်းခွက်နင်း မဖြစ်စေနဲ့။ ဒိုင်ယာလော့တောင် ထိုင်ကျက်နေကြသေး။ ဖြစ်ချင်တော့ သူတို့ အဆိုတင်သွင်းတဲ့တစ်ယောက်ကို သူ့ခေါင်းရင်းအိမ်က အတွင်းသိတစ်ယောက်ကနေ ငယ်ကျိုးငယ်နာတွေဖော်ပြီး ပြစ်ပြစ်နှစ်နှစ် ထကန့်ကွက်တာ ရန်တွေဖြစ်လို့ အစည်းအဝေးပါ သိမ်းပလိုက်ရတယ်။ ဒါပေမယ့်လည်း ဘုရားသခင် တင်တော်မူသောတံပိုးကို လူသာမာန်တွေ စီမံငြင်းပယ်ဖို့ မစဉ်းစားနဲ့။ မဲတွေ ရေတာရေတာဆိုတာ ကိုယ့်ရှေ့တင်။ အဖြေထွက်လာတာလည်း ကိုယ့်ရှေ့တင်။ ဒါများဟယ်။ အလုပ်ရှုပ်ခံလို့ ငါတို့ခေါ်ခေါ်ဆင့်နေသေး။ သူတို့လုပ်ချင်တာလုပ်မယ်။ တင်ချင်တဲ့သူ တင်မယ်ဆိုလည်း ပြီးတဲ့ဥစ္စာ။ ဘယ်သူက ဘာပြောရဲတာကျလို့။ အရသာကတော့ မပြောပါနဲ့တော့။ ဖြီ။
နောက်တစ်ကြိမ် မဲပေးဖြစ်တာကတော့ ၁၉၉၀ မှာပါ။ ပိတောက်တွေ လှိုင်မယ့်နှစ်၊ ခမောက်တွေ နိုင်မယ့်ခေတ် လို့ ပြောကြတယ်။ နိုင်လည်း နိုင်ပါတယ်။ နိုင်တာမှ အပြတ်အသတ်ပဲ။ စက်ဘီးတစ်စီးနဲ့ တစ်မြို့နယ်လုံးပတ်ပြီး မဲစာရင်းတွေ လိုက်ရေဖူးတယ်။ နိုင်လိုက်သမျှ သန်လျက်စွန်းရေတပ်ထဲက မဲရုံတွေပါ ရဲရဲနီနေအောင်ကို နိုင်တာ။ ဒါပေမယ့်လည်း အဲသည်အနိုင်မဲတွေကြောင့်ပဲ တို့မေကြီး ထောင်သက်ရှည်ပြီး စစ်တန်းလျားပြန်မယ့်သူကြီးကို “ရူးလို့ပြောတယ်မှတ်ပါ ‘ ဆို ပွဲသိမ်းပလိုက်တော့ အဲသည်မဲတွေကလည်း အသက်ဝင်မလာပဲ ရှောမွေးဘဝနဲ့ ဇာတ်သိမ်းသွားတယ်။ ဆန္ဒမဲဆိုတာ ပေးလိုက်ရုံ ရေလိုက်ရုံ အနိုင်အရှုံးလေး ခွဲလိုက်ရုံနဲ့ အသက်ဝင်မလာသေးပဲကိုး။ ကိုယ်တွေပေးတဲ့မဲနဲ့ တန်းစီပြီး ထောင်ထဲရောက်သွားတာ ကိုယ်တွေရွေးတဲ့ ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးပဲ။ တိုင်းသိပြည်သိ တစ်နိုင်ငံလုံးသိမို့လို့ သည်အကြောင်းတွေ သမိုင်းကဖျောက်ချင်ရင် တစ်နိုင်ငံလုံး ကုန်အောင် သတ်ပစ်မှ ရမယ်။ ဒါတောင် ကိုယ့်ကိုယ်ကိုယ်တော့ သိနေဦးမှာ။ ချန်မထားနဲ့ ရန်များတယ်။ သတ်သာပစ်လိုက်။ နို့မို့ဆို ဘယ်အချိန် ပြန်အစဖော်ကြမယ် မသိဘူး။ အခုပဲကြည့်လေ။ ဘာမဟုတ်တဲ့ အကောင်တစ်ကောင်က ညောင်မြစ်တွေ လာတူးနေပြီ။ မတွေ့ဘူးလား။
တတိယမြောက် မဲပေးဖြစ်တာကတော့ နိင်ငံကျော် နာဂစ်ခြေ/ဥကြီးပါခင်ဗျား။ ပြောကိုပြောရဦးမယ်။ သူ့ရဲ့ အရသာကလေ။ ဟဲ ဟဲ။ ကိုယ်တွေက ဝန်ထမ်းဆိုတော့ ကြိုတင်မဲပေးရတာလေ။ မဲပေးတဲ့နေ့ကျ မဲရုံမှူး လုပ်ရဦးမှာကိုး။ ရှင်းသလား မမေးနဲ့။ ကိုယ်တို့ဆရာဝန်တွေအားလုံး အချင်းချင်း သက်သေထားလို့ “ဟောသမှာ ကြည့်ဟေ့။ ငါတော့ ဟောသလို မဲပေးတယ်” လို့ ပြောင်ဆန္ဒမဲပေးခဲ့တာ။ ရပါတယ်။ ပေးကြည့်လေ။ ရင်ထဲ ပေါ့သွားတာပေါ့။ အဲသည်စာရွက်တွေ ဖွင့်တောင် မဖတ်တော့ပဲ ၉၈% မပြည့်ပြည့်အောင် ထိုင်ဖြည့်ရတာကလည်း ကိုယ်တို့ဝန်ထမ်းတွေပါပဲ။ ဆရာမလေးတွေဆို ညတောင် မအိပ်ရဘူး။ ဒါတောင် တစ်ရာမပြည့်လို့ အဆူခံရသေးသဗျ။ နောက်တစ်နေ့ကျတော့ တပ်ထဲလူတွေ ယူနီဖောင်းချွတ်ပြီး လာခေါ်လို့ မြို့လုံးပတ်လည် ထောက်ခံပါတယ် တို့အရေး လုပ်ကြရသေးသဗျာ။ “ဘာလို့လုပ်သလဲ။ သမိုင်းတရားခံထဲမှာ နင်လည်း ပါတယ်” လို့တော့ လာမပြောနဲ့။ လုပ်ကိုလုပ်ရမယ်ဆို လာခိုင်းတာလေ။ သူတို့လည်း လုပ်ချင်လို့လုပ်တာ မဟုတ်ဘူး။ သည်လိုပဲ အထက်က အဆင့်ဆင့်ခိုင်းလို့ လုပ်ကြရတာ။ ကြက်ဆူစိုက်ဆိုလည်း စိုက်ကြရတယ်။ ဖက်တိတ်လုပ်ဆိုလည်း လုပ်ကြရတယ်။ ကိုယ်မစိုက်လည်း ဆေးရုံအုပ်က ကိုယ့်ကြက်ဆူခင်း လူငှားခေါ်အစိုက်ခိုင်းတယ်။ လူကြီးလာလို့ အုတ်နှစ်ချပ် လပ်နေရင် သူ့ခေါင်းပေါ် တုတ်အရင်ရောက်မှာကိုး။ ဆိုလိုတာက ကိုယ်ပေးပေး မပေးပေး သူတို့လိုချင်တဲ့မဲရအောင် မပြည့်မချင်းထိုင်ရေးမယ့်ဟာကို ကိုယ့်သဘောလေးတစ်ခုတည်းနဲ့ ကန့်လန့်တိုက် အမုန်းခံ၊ တောခိုမယ်ဆို ကိုးကန့်စစ်တပ်ထဲ ဝင်သွားလို့ ရမလားဗျ။ သူ့အရသာတော့ ကိုယ့်လာမမေးနဲ့။ လပွတ္တာက သင်္ဂြိုလ်မယ့်သူမရှိလို့ ဝါးလုံးနဲ့ ထိုးချခဲ့ရတဲ့ အလောင်းကောင်တွေ ဝိဥာဉ်ခေါ်ပြီးမေး။ ဒါမှ ဂမ္ဘီရဆန်ဆန်၊ စိတ်ဝင်စားဖွယ်ရာလေး နားထောင်ရမယ်။
၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကိုယ်တွေက ဘူတန်ရောက်နေလို့အွန်လိုင်းပေါ်ကပဲ အားပေးရတယ်။ “ကမ္ဘာမှာ မြန်မာက” လို့ အစဖော်စရာ စွန့်ဦးတီထွင်လုပ်သွားတဲ့ ကစားကွက်ကတော့ အံ့မခန်းပါပဲ။ ကြိုတင်မဲ လို့ခေါ်တယ်လေ။ ညဘက် မဲရုံသိမ်းလို့ ဘယ်နှစ်မဲ ဘယ်နှစ်မဲ အပြတ်အသပ် နိုင်သွားပါပြီ လို့ စတေးတပ်စ်တင်ပြီး အိမ်ပြန်အိပ်တဲ့ ကိုယ်စားလှယ်တော်ကြီးဟာ သူပြန်သွားမှ မဲရုံပြန်ဖွင့်ခိုင်းပြီး ကားတစ်စီးတိုက် ကြိုတင်မဲတွေနဲ့ “လိုသေးသလား။ မရသေးရင် နောက်တစ်ကြောင်း ပြေးသယ်လိုက်မယ်။” ဆိုတဲ့ သူတွေ ရောက်လာလို့ မနက်လည်းလင်းရော ရင်ကြီးထုထုပြီး ငိုနေတာ မှတ်မိသေးတယ်။ အိမ်မပြန်ပဲ မဲရုံမှာ မအိပ်မနေစောင့်ပြီး “အဲ့ဒါတွေ ထည့်မရေပါနဲ့။ ကျွန်တော် ကန့်ကွက်ပါတယ်” ဆိုတဲ့ သွားဆရာဝန် မောင်ပေါက်ကျိုင်းကလေး တစ်ယောက်သာ လွှတ်တော်ထဲအထိ ရောက်သွားတာ မြင်လိုက်မိတယ်။ ဘယ်သူမှ မသိဘူး ထင်ပြီး မသိချင်ယောင်ဆောင်မနေပါနဲ့လေ။ ဒါတွေကို ကိုယ်တိုင်လုပ်ခဲ့သူတွေလောက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ မြိန်မြိန် မမြိန်မြိန် ငါးနှစ်စာတော့ ဝခဲ့ပြီ မဟုတ်လား။ ပြန်ယူလို့လည်း မရတော့ဘူး။ ခင်ဗျားတို့ဘက်က ချိုတယ်ဗျာ။ ကျုပ်တို့ဘက်က ခါးတယ်ဗျာ။ အဲ့ဒါ သူ့အရသာ။ ဘာပြောချင်သေးလဲ။ သည်ဘက်ကတော့ ဘာမှ မပြောချင်တော့ဘူး။ အန်ချင်တယ်။
အခု ၂၀၁၆ မှာတော့ အဲသည်ဆေးခါးကြီးကို ပြန်မျိုခိုင်းတော့ ရှင်းရှင်းပြောရရင် ကြောက်တယ်ဗျာ။ ပျားရည်တောင် မပါပဲ ဝမ်းချခဲ့တာ အခါခါဆိုတော့ လူလည်းမျော့မျော့ပဲ ကျန်တော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သည်တစ်ခါတော့ အားကျိုးမာန်တက် ကိုယ်တိုင်ကိုယ်ကျ မဲပေးခဲ့ရပြန်တာပေါ့လေ။ စောသက်မေးသလို “ကောင်းလားအကိုရေ ကောင်းလား ကောင်းလား။” လို့ မေးရင်တော့ “မို့ ထင်မထားဘူး။” လို့ ပြောရမယ် ထင်တယ်။ ဟုတ်တယ်။ မျှော်လင့်ခဲ့ပေမယ့် မယုံရဲဘူး။ အခုတခေါက်မှာ သူတို့ ချည်တုပ်ထားတာက ၅၉ (စ) ရော၊ ၄၃၆ ရော၊ လှုပ်ကိုမလှုပ်သာဘူး။ လွှတ်တော်ထဲလည်း ဇွတ်အတင်း ဝင်ထိုင်ထားနှင့်တာ အစိတ်သားရှိတယ်။ ရွေးကောက်ခံဘက်က ၇၅% + ၁ မှ ရှိမလာရင် တက်မလာနဲ့။ တောက်ချပစ်လိုက်မတဲ့။ ဟိုဘက်မှာ ပါတီကလည်း ရာချီနေရတဲ့အထဲ တံစောင်းစေးနဲ့ မျက်ချေးဖြစ်အောင် လက်သပ်မွေးပြီး ရှူးတိုက်ထားတာတွေကလည်း ဟိန်းလိုက်ဟောင်လိုက်တာ မပြောပါနဲ့တော့။ သူတို့ပါးစပ်က ကိုယ်တိုင်တောင် ဖွင့်ပြောတယ်။ လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်းထိတော့မှ မင်းတို့ နိုင်မတဲ့။ မင့်တို့များနိုင်သွားရင် ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်းပြီး မီးရှို့ပလိုက်မတဲ့။ (ခုတော့လည်း သူမပြောခဲ့သလိုပဲနော်။) ကလေကချေတွေ ပြောတဲ့ ပေါက်ပန်းဈေးစကားတွေ အထအန ပြန်မကောက်ချင်ပါဘူး။ ပြောချင်တာက သူတို့ကိုယ်တိုင်တောင် လုံးဝထင်မထားခဲ့ဘူးဆိုတာ သိစေချင်လို့ သက်သေထူတာ။
အဲသည်အခြေအနေမျိုးကနေ အခုလက်ရှိအခြေအနေအတိုင်း တောင်ပြိုကမ်းပြို အနိုင်ရဖို့ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ကိုယ်တွေဘက်က အစောကြီးကတည်းက ဆော်သြခဲ့ရတယ်။ အချင်းချင်း နှိုးဆော်ခဲ့ရတယ်။ ဖြစ်လာခဲ့သမျှ ကိစ္စရပ်တွေမှာ မျက်ခြေမပြတ် သတိကြီးစွာထားလို့ ခေါင်းစားခဲ့ရတယ်။ ဘောပြေးမရင် အနေအစားချောင်လို့ ဘယ်တစ်လုံးညာတစ်လုံး ထမ်းနေတဲ့သူတွေကို စစ်ကြေငြာပြီး ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်းခဲ့တယ်။ ဟိုဘက်က တိုက်ပွဲဝင်နေတဲ့သူတွေကလည်း ထောင်နှုတ်ခမ်းနင်းရုံတင်မက အသက်ပါ ဖက်နဲ့ထုပ်လို့ မဆုပ်မနစ် ခြေစုံပစ်ထားကြတယ်။ အဲ့ဒါတွေအားလုံးဟာ ဆန္ဒမဲကလေးတွေ အသက်ဝင်ဖို့ တစ်ခုတည်းအတွက် လို့ ပြောရင် ရူးရာများကျမလားပဲနော်။ ကိုယ့်ထမင်းကိုယ် နပ်မှန်အောင် မနည်းရှာစားနေရတဲ့သူတွေဟာ ဘာဖြစ်လို့များ သည်အရေမရအဖတ်မရ မဲကလေးတစ်ခုကို အာရုံထားနေကြသလဲလို့ စဉ်းစားကြည့်ရင် ဟိုးအစတုန်းက ပြောခဲ့တဲ့ စပါကလင်ပုလင်းဖုံးကလေးကို ကိုယ့်ရှိရှိသမျှ စည်းစိမ်ဥစ္စာနဲ့လဲယူရတဲ့ အာဖရိကန်တွေနဲ့ တူမနေဘူးလား။ တူချင်လည်းတူပေါ့။ မြန်မာပြည်မှာတော့ ပြည်သူလူထုရဲ့ ဆန္ဒမဲလေးတစ်ရွက် အသက်ဝင်လာဖို့ ဘဝတွေ အသက်တွေနဲ့ ရင်းခဲ့ရပါတယ်။
မနေ့တနေ့ကမှ မြင်ဖူးပါတယ်ဆိုတဲ့ ကိုယ်တို့သမ္မတလောင်းကြီးဟာ သူတို့ဆီက မိုးကျရွှေကိုယ်တွေ ပြန်တမ်းအမိန့်စာကလေးကိုင်ပြီး ဘွားကနဲပေါ်လာသလို အရှင်မွေးလို့ နေ့ချင်းကြီးလာတာ မဟုတ်ပါဘူး။ သမင်မွေးရင်း ကျားစားရင်း အစားခံလာခဲ့ရလို့ မျိုးဆက်ပြတ်မတတ် ရှိနေတဲ့ မြန်မာပြည်မှာ နေရာမရသူ ပညာတတ် အမျိုးကောင်းသားတစ်ယောက်ပါ။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ယုံကြည်ရာကို ဘဝနဲ့လဲ ဝန်းရံလာခဲ့တာဟာ တစ်နေ့သောအခါ ဤနေရာကို ရောက်ရလေသတတ်လို့ ဆုကြီးပန်ခဲ့တာ မဟုတ်။ “တိုင်းပြည်အတွက် မြက်တစ်ပင်စိုက်ဖူးသလား” ဆိုတဲ့သူတွေ မပြောခင် ကြိုပြောထားလိုက်ပါဦးမယ်။ ခင်ဗျားတို့ မြက်ကြိုက်ရင် အနုကြိုက်ကြိုက် အခြောက်ကြိုက်ကြိုက် ကိုယ့်ဘာသာစိုက်စားကြပါ။ ကျွန်တော်တို့အစိုးရကတော့ မြက်စိုက်မယ့်အစိုးရမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို အသက်ဝင်အောင် အသက်သွင်းပေးမယ့် အစိုးရပါ။ “အဲ့တော့ ငါတို့က ဘာလုပ်ရမှာလဲ။ ကပြရမှာလား ပြော။” ဆိုရင်လည်း ပြောလိုက်ပါဦးမယ်။ လူကြီးမင်းရော။ လူကြီးမင်းရဲ့ ကိုယ်ပိုင်ဆန္ဒသဘောထားတွေ မရှိဘူးလား။ ရှိခဲ့ရင်ကော အဲသည်ဆန္ဒသဘောထားတွေကို ထုတ်ဖော်ပြသလို့ရရဲ့လား။ လူကြီးမင်းတို့ အသိုက်အမြုံမှာ အမေမှာတဲ့ ဆန်တစ်ခွဲကို သုံးစိပ်နဲ့ လဲခွင့်ပေးသလား။ ယုတ်စွအဆုံး ကိုယ့်မှာ ဘယ်လိုဆန္ဒသဘောထား ရှိသလဲဆိုတာတောင် ကိုယ့်ဘာသာတွေးကြည့်ဖို့ အခွင့်ပေးသနားထားသလား ကိုယ့်ဘာသာကိုယ်ပဲ မေးကြည်ဖြေကြည့်ကြပါလေ။ သူများတွေ ကြားကုန်ရင် ရှက်စရာကောင်းပါတယ်။
မနေ့ကတော့ မြန်မာပြည်သူတွေ တော်တော်များများ လွှတ်တော်ချန်နယ်ကြီးဖွင့်ပြီး မဲတွေရေတွက်နေတာကို အရသာခံကြည့်နေကြတာ တွေ့မိပါတယ်။ ပိတ်သတ်ကြီး။ ဘယ်လိုများ အရသာ ရှိပါလိမ့်ခင်ဗျာ။ ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်သွေးသားလည်း ပါတာ မဟုတ်။ အခုမှတွေ့ဖူးတဲ့ ခေါင်းဖြူကြီးတစ်ယောက်ကို “လာပြီအကို မာရီယို” လုပ်ပြီး သည်းသည်းလှုပ် အားပေးနေကြတာ ဘာအတွက်ကြောင့်များပါလိမ့်။ သူတက်လာရင် ဘပြောင်ကြီးလက်ထက်လို ဖုန်းတွေကိုင်နိုင်တော့မလား၊ ကားတွေစီးနိုင်တော့မလား။ ဘာတစ်ခုမှလည်း အာမခံမပေးနိုင်ပါဘူး။ ဒါနဲ့များ ဘာတွေအရူးထပြီး “ဦးထင်ကျော် ဦးထင်ကျော် ဒုံး ဒုံး ဒုံး” လုပ်နေကြသတုန်း။ အညှာလွယ်ရန်ကော။ ရုပ်တောင် မျက်မှန်းတန်းလောက်အောင် မမှတ်မိပဲနဲ့။ အဲ့ဒါကတော့လေ။ လူကြီးမင်းလည်း မြန်မာပြည်သူတစ်ယောက်လို ခံစားဖူးမှ နားလည်နိုင်လိမ့်မယ်။ ကိုယ်ပြောပြီးပြီလေ။ ကိုယ့်အသက်ကြီး ငါးဆယ်နားနီးပြီ။ တစ်ခါဖူးမျှ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့သူ နိုင်ငံခေါင်းဆောင် ဖြစ်လာတာ မမြင်ဖူးသေးဘူး။ ကိုယ်တို့ဘယ်လိုပဲ ဆန္ဒမဲပေးခဲ့သည်ဖြစ်စေ အိုဗာရူးလ် လုပ်ပြီး လွှမ်းခြုံပစ်ခဲ့တာချည့်ပဲ။ ထီးလိုမင်းလို နတ်လိုဂြိုလ်မဖြစ်နေတဲ့ တို့မေကြီးနဲ့တောင် လူ ၅၀၀ က သန်းငါးဆယ်ကို နှင်ထုတ်ပြီး သူတို့လူကြီးချင်းလည်း ပြန်ပေးဆွဲသလို အပေးအယူ အလျော့အတင်းတွေ ဈေးဆစ်နေလို့ သားရွှေအိုးထမ်းခွင့် မကြုံရသေးဘူး။ အခု လွှတ်တော်ထဲမှာ “ဦးထင်ကျော် ဦးထင်ကျော်” နဲ့ မဲတွေကို အော်ရေတဲ့အခါ ကိုယ်တွေက ကိုယ့်လက်သန်းကလေးကိုယ် မွ မွ နဲ့ နမ်းပြီး “အဲ့ဒါ ငါတို့ရွေးခဲ့တဲ့ခေါင်းဆောင်ကွ။” လို့ ပီတိဖြစ်ရတာလေ။ လာ လာချေသေး။ နင်ဖြင့် ဦးထင်ကျော် ဖြူသလား မည်းသလားတောင် မသိပဲနဲ့။ ငါတို့ရွေးတာ ဖြစ်ရလေတယ်။ ဘာထူးလဲ။ အဲ့ဒါ နင့်အမေက ခြေကြိုးလှုပ်ဆို လှုပ်ရဖို့ လက်ကြိုးလှုပ်ဆို လှုပ်ရဖို့ သူ့တစ်ယောက်တည်းသဘောနဲ့ ရွေးတင်တဲ့ ရုပ်သေးသမ္မတလေ။ ဘာအထင်ကြီးစရာ ရှိသလဲ။ ဘာထူးသလဲ အရင်လူတွေနဲ့။ ဘယ်လက်ညောင်းလို့ ညာလက်ပြောင်းကိုင်တာလောက်ပဲ ရှိမယ်။ သဘောကတော့ အတူတူပဲ။
ဟဲ ဟဲ။ အဲသည်စကားကို လူကြီးမင်းနဲ့ ဆွေးနွေးလိုတဲ့အတွက် သည်စာကို အစပျိုးပါတယ် ခင်ဗျာ။ ဟုတ်တာပေါ့။ ကျွန်တော်တို့က ဦးထင်ကျော်ကိုရွေးတယ်။ အောင်ဆန်းစုကြည်ကို ပုံတယ်။ အဲ့ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့ချုပ်အစိုးရကို လုံးဝဥဿုံ ယုံကြည်စိတ်ချတဲ့အတွက် အများညီအောင်ညှိပြီး ဤ ကို ကျွဲဖတ်ခဲ့တာ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ လက်ဆုပ်မဖြေပဲ အခုထက်ထိလည်း ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို လှစ်လျူရှုနေသူ အစိုးရမင်းအဆက်ဆက်လက်ကနေ ပြည်သူဆိုတာ ကိုယ်လိုချင်တဲ့အစိုးရကို မရရအောင် တင်နိုင်မြှောက်နိုင်တဲ့ အခွင့်အရေး ရှိပါလားဆိုတဲ့ ပြည်သူ့အာဏာကို ပြန်ရဖို့အတွက် ကြိုးစားနေတာပါ။ ဦးထင်ကျော်၊ ဒေါ်စုကိုမှ ရအောင်မတင်နိုင်ရင် ကိုယ်ပေးထားတဲ့မဲတွေအကုန်လုံး သဲထဲရေသွန်ဖြစ်ကုန်မှာ မဟုတ်လား။ သည်တစ်ချက်ကတော့ ကိုယ်တွေတင်မကဘူး။ သူတို့ကိုယ်သူတို့ ဗြဟ္မာ့ပြည်ကအပ်လို့ ယုံကြည်နေတဲ့ လက်ဆင့်ကမ်းအာဏာရှင်တွေကို ကျုပ်တို့ လူ့ပြည်ကအပ်အကိတ်ကြီးတွေက ခုန်ခုန်ပြီး “တွေ့လိုက်ကြရအောင်။ ဟောသမှာ ကြည့်။ မြင်ပလား။” ဆို အကြောင်းပြချင် သက်သေပြချင်တဲ့ စိတ်လည်း ပါပါတယ်။ ကိုယ်တို့ဟာ ၂၀၁၆ မှာ အဲသည်အစိုးရကို ရအောင် တင်နိင်ရင် နောင်လာမယ့်ရွေးကောက်ပွဲများမှာလည်း ပြည်သူကအမှန်တကယ် လိုလားတဲ့ အစိုးရသစ်တွေကို သားစဉ်မြေးဆက် ရွေးချယ်ခွင့် ရတော့မှာ အမှန်ပဲ။ အဲသည်တစ်ချက်တည်းအတွက် ကိုယ်တို့အားလုံး ကိုယ်ကျိုးမဖက် တိုင်းပြည်တွက်ဆို တို့မေကြီးနောက်က စကြာသွားရာ ဗိုလ်ခြေပါ လိုက်ဝန်းရံနေတာပါပဲ။ နောင်ကို အောင်ဆန်းစုကြည်ဆိုတာကြီး မရှိတော့ရင်တောင် ကိုယ်တို့တိုင်းပြည်မှာ ကိုယ့်သဘောကျ ရွေးချယ်တင်မြှောက်တဲ့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ဆက်သွားချင်တယ်။ ဆိုးလည်းခံမယ်။ ကောင်းလည်းစံမယ်။ သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ဘူး။ အဖွဲ့ချုပ်ဆိုတာကြီးကို ကျော်ကြည့်လိုက်ပါ။ ဒေါ်စုဆိုတာကြီးကိုလည်း ဖယ်ကြည့်လိုက်ပါ။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရဆိုတာကိုပဲ မြင်ပါ။ အဲသည်အစိုးရက ပြည်သူ့အပေါ်မှာ အမှန်တကယ် ပဲ့ကိုင်ဦးဆောင်နိုင်ဖို့အတွက် လက်ရှိလူတွေ ကြိုးပန်းအားထုတ်နေကြတယ်။ အဲ့သလို မြင်ပါ။
ဒင်္ဂါးပြားရဲ့ တခြားတစ်ဘက်မျက်နှာကို ကြည့်ကြဦးစို့။ NLD က အစိုးရဖွဲ့ရင် အတိုက်အခံက USDP မဟုတ်ပါဘူး။ ကျားကုတ်ကျားခဲ ဖြစ်တဲ့နည်းနဲ့ အတင်းလုထားတာတောင် သူတို့ချည့်ပဲ လောက်လောက်လားလား ရပ်တည်နိုင်လောက်တဲ့ အရေအတွက် မရှိဘူး။ ကောင်းတယ်။ ဒီလိုဖြစ်အောင် သူတို့ပဲ တွန်းပို့ခဲ့တာလေ။ လက်ရှိခြေ/ဥကြီးနဲ့ ဟိုဘက်ကို အဲ့သလောက်မှ မထောက်ခံရင် နောက်ဘုရားပွင့်တောင် သူတို့လက်အောက်က မလွတ်မြောက်နိုင်တော့ဘူးကိုး။ အခုကျတော့ သူ့ရဲ့အရသာကလေ ဘယ်လိုပြောရမလဲဆိုတာ ဦးခင်အောင်မြင့်တို့၊ ဦးစိုင်းမောက်ခမ်းတို့ မေးကြည့်ကြည့်ပါလား။ သူတို့ပြောသလိုပေါ့။ လွှတ်တော်ထဲ အတိုက်အခံမရှိရင် အာဏာရှင် ပြန်ဖြစ်သွားမှာစိုးလို့ မလွှဲသာတဲ့အခြေအနေအရ တပ်မတော်ကြီးကပဲ အတိုက်အခံရဲ့နေရာကို အမုန်းခံပြီး ဝင်ကပေးရပြန်တာပေါ့နော်။ စစ်တပ်နဲ့ ကြံဖွံ့နဲ့ တိုင်းရင်းသားပါတီတချို့ ပေါင်းလိုက်ရင် NLD ကို တောင့်ခံနိုင်မှာပဲ လို့ ကစားကွက်ကို ပြောင်းကြတယ်။
သည်တစ်ခါမှာတော့ ခါးကမှ ခါးရော။ နိုင်ငံရေးသူငယ်နာစင်အောင် စပါးကြီးသည်းခြေကလေးနဲ့ ပွတ်လွှတ်လိုက်ဦးမယ်။ အသည်းကြားက မဲတစ်ပြားဆိုတာဟာလေ ဟိုပါတီအတွက် သည်ပါတီအတွက်ဆိုပြီး အနီရောင်တွေ အစိမ်းရောင်တွေ ခြယ်ထားလို့ရတာ မဟုတ်ဘူးဗျ။ အနီရောင်ကဒ်တွေဟာ အစိမ်းရောင်တွေအတွက် ခါးသီးတယ် လို့လည်း မထင်နဲ့။ ကိုယ့်ဆန္ဒသဘောထားမှန်ဟာ အနီရောင်ထဲမှာပဲ ရှိရှိ၊ အစိမ်းရောင်ထဲမှာပဲ ရှိရှိ ချိုမြိန်တယ်။ အဆိပ်အပင်း မဟုတ်ဘူး။ လက်ရှိအခြေအနေအရ အတိုက်အခံနေရာက မဖြစ်မနေ ရပ်တည်ရတော့မယ့် တပ်မတော်သားတွေဟာလည်း ဆန္ဒမဲပြားကလေးတွေရဲ့ အရသာကို ကိုယ်တိုင်ခံစားနိုင်ခွင့် ရသင့်တယ် မဟုတ်ဘူးလား။ “သူတို့အားလုံး လွတ်လွတ်လပ်လပ် မဲပေးခွင့်ပြုထားပါတယ်” လို့ ပါးစပ်ကပြောပေမယ့်လည်း လူမှုရေးအရ အလွတ်သဘော ထမင်းစားဖိတ်တာတောင် ကိုယ့်သဘောနဲ့ကိုယ် အကြောင်းမပြန်နိုင်ဘူး ဆိုတာကို ကြည့်ရင် သူတို့ဘယ်လိုမဲပေးရသလဲဆိုတာ မေးစရာတောင် မလိုပါဘူး။ ထားပါတော့။ ရှိစေ။ အခု အရပ်သားတွေ “ဦးထင်ကျော် ဦးထင်ကျော်” နဲ့ လက်သန်းမှင်စွန်းတဲ့အရသာ မဲပြားကလေးတွေ ချိုသလား ခါးသလား အရသာကို ခံစားနေသလိုမျိုး တပ်မတော်သားတွေဘက်ကရော “ဦးမြင့်ဆွေ ဦးမြင့်ဆွေ” လို့ အရသာရှိရှိ ပြုံးပျော်ကြည်နူးနိုင်မယ်ဆိုရင် ပြီးတာပါပဲ။ အနောတ္ထရေကြည်အိုင်ဟာ ဆင်တွေကို ချိုးသုံးလန်းဆန်းစေသလို၊ ပျားကလေးတွေကို ချိုးသုံးလန်းဆန်းစေသလို ဒီမိုကရေစီဆိုတဲ့ ကိုယ့်ဆန္ဒသဘောထားနဲ့အညီ ရွေးကောက်တင်မြှောက်နိုင်တဲ့ အရသာကို အရပ်သားတွေကမှ ခံစားဝမ်းမြောက်လို့ရတာမဟုတ်။ ဇာနည်မောင်ဖွား စစ်သည်များလည်း အလားတူ အေးချမ်းမှုကို ခံစားနိုင်စေဖို့ မကုန်မခမ်းသေးပါဘူး။ သောက်ကြည့်ပါ။ သုံးလှည့်ပါ။ ဘဝင်လည်းအေး ဖင်လည်းအေးပါတယ်။ ဒီမိုကရေစီဆိုတာ တိုင်းပြည်ကြီးကို ချောက်ထဲကျစေမယ့် အရာမဟုတ်။ တပ်မတော်သားများအတွက် နားခါးစရာ မဟုတ်။ အသည်းကြားက မဲတစ်ပြားဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ အလေးထားရမယ်။ ကိုယ်တို့ဘက်ကတော့ အရမ်းအရမ်းကို အလေးထားပါတယ် လို့ ပြောချင်ပါရဲ့လေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...