Saturday, March 26, 2016

“လူကြီးမင်းများ လက်ခုပ်တီးပါ”

နိုင်ငံတစ်နိုင်ငံမှာ သမ္မတ၊ ဝန်ကြီး၊ အစိုးရအဖွဲ့ အစရှိတဲ့ လူကြီးလူကောင်းများကမှ လူကြီးလူကောင်း မပီသဘူး။ ဂုဏ်သရေ သိက္ခာမရှိဘူး။ အဆင့်အတန်းရှိရှိ မပြုမူဘူး ဆိုလို့ရှိရင် အဲသည်နိုင်ငံဟာ ကလေကချေ၊ ပေါက်လွှတ်ပဲစား၊ အဆင့်အတန်းနိမ့်တဲ့ အောက်တန်းစားတိုင်းပြည် လို့ သူများတွေက ခေါ်ရင် ဘယ်လွန်ပါ့မလဲ။ ရှက်စရာကြီးနော်။ လောလောဆယ်တော့ အဲသည်လူကြီးတွေကို ဒါတွေဒါတွေတော့ မလုပ်ပါနဲ့။ ဒီလိုဒီစကားတော့ မပြောပါနဲ့။ ရှက်စရာကောင်းလို့ပါ ဆိုပြီး ရှက်တတ်လာအောင် အရင်သင်ပေးရပါဦးမယ်။ နို့ သိမှ သိကြပဲကိုးဗျ။
သည်အသက်သည်အရွယ် သည်အခြေသည်ဘဝရောက်တဲ့အထိ သူတို့ကြီးပြင်းအိုမင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ သည်လိုဟာတွေကို ရှက်ရကောင်းမှန်း ဘယ်သူကမှ သင်မပေးခဲ့ဘူး ထင်ပါရဲ့။ သူတို့ကိုယ်တိုင် မရှက်တတ်တော့ သူတို့သားသမီးများဆို မိဘမျက်နှာကြီးမှ မထောက် ကိုယ်တိုင်ရိုက် Sex Video File တွေကို ကင်မရာကြီးလှည့်လှည့်ကြည့်လိုက်၊ မကြိုက်သေးဘူး ဟိုဘက်ကပြန်ချိန် သည်ဘက်ကပြန်ချိန်နဲ့ ဦးချိန်တီလုပ်ရိုက်ပြီး ကိုယ်တိုင် အင်တာနက်ပေါ် တင်သဗျား။ သူ့မမှတ်မိမစိုးလို့ တက်တူးကြီး မြင်အောင်ပြရတာအမော။ မှတ်မိပါ့ဗျာ။ ခများ ဝန်ကြီးသားပါ။
ဟိုးတလောကလည်း မင်းသမီးတစ်ယောက်နဲ့ ပေါက်ပြီးသားပါ။ အပြင်မှာလည်း တွေ့တွေ့နေပါတယ်။ တော်လောက်ပါပြီ။ မရှက်တဲ့သူ ရိုက်တင်ရင် ဝါသနာပါတဲ့သူ အားပေးပါလိမ့်မယ်။ ပြည်ထောင်စုအဆင့် အပြာကားကြီးလို့တော့ လူသိမခံပါရစေနဲ့။ နင်တို့ဆီမှာ ဒီလိုလူတွေ ဒီလိုလုပ်နေတာ ဒီအတိုင်း ကြည့်နေသလား လို့ အပြောခံရပါ့မယ်။
လူဆိုတာက ကိလေသာတွေ ကုန်ခမ်းနေတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း သည်လိုကိစ္စ ကင်းတယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့်လည်း လူသိရှင်ကြားဆိုတဲ့ ကိစ္စမှာ ကိုယ့်ဂုဏ်သိက္ခာ အဆင့်အတန်းဆိုတာတော့ ထည့်တွက်ရပါလိမ့်မယ်။ ဆိုက်ကားသမား မိန်းမပါးရိုက်ခံရတာ မဆန်းပေမယ့် ဝန်ကြီးကတော်ဖြစ်မှ သူ့ယောင်္ကျားက ပါးရိုက်ပါတယ်ဆိုပြီး မယ်မယ်ဖျားကို သွားတိုင်တဲ့အခါ သူတို့ကိုယ်တိုင်ပဲ ရာထူးချခဲ့ဖူးတယ် မဟုတ်လား။ တိုင်းပြည်ရဲ့ ဝန်ကြီးရာထူးကိုယူပြီး အုပ်ချုပ်နေလို့ရှိရင် မယားငယ်ထားပြီး အိမ်ကဟာမကြီး ပါးရိုက်တဲ့ကိစ္စဟာ ရှိခဲ့တယ်ဆိုရင်တောင် ရွှေနားတော် မပေါက်ကြားဖို့ ကိုယ့်ဘာသာကိုယ် တာဝန်ယူရမှာပေါ့။ (နောက်လူတွေကျ သတ်ပစ်ဖို့ အကြံပေးတယ် ထင်နေဦးမယ်။ ကြည့်လည်းလုပ်ကြနော့။) ဆိုချင်တာကတော့ ကိုယ့်ရာထူးရာခံအရ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ နေရာတစ်ခုကို ရောက်လာတဲ့အခါ သာမန်လူတွေလို ကျော်မကောင်းကြားမကောင်းတွေ မဖြစ်သင့်ဘူး။ ကိုယ့်စိတ်ထဲရှိတိုင်း ပြုမူပြောဆိုလို့ မသင့်ဘူး လို့ သတိပေးချင်တာပါ။ လက်လွတ်စပယ် ပြောလိုက်မိတဲ့စကားတွေ မှတ်တမ်းဝင်နေတာ Troll လုပ်လို့တောင် မကုန်နိုင်မခန်းနိုင်။ သမ္မတဆိုတာ အဲ့သလိုမျိုး လွှတ်ကနဲ အမှတ်တမဲ့ နမော်နမဲ့ ပြောမိဆိုမိမှားတာတွေ ကြောက်တာကြောင့် Spoke Person ဆိုပြီး ပါးစပ်ကြီး ငှားထားပြီးသားပါ။ အဲ ရှေ့နေမင်း စောင်မကာမှ ထောင်လုံးလုံးကျတာတော့ မတတ်နိုင်ဘူး။
ဝန်ကြီးအဟောင်းနဲ့အသစ်တွေ လက်ဆင့်ကမ်းတဲ့အခါ၊ မဟာမိတ်တွေ ဂျပန်လာလို့ မြေလှန်ပစ်ခဲ့သလို ရေတွင်းပါအဆိပ်ခတ် ထရံတင်မက မြက်ခင်းပါခွာယူတာမျိုးကို ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်ကမှ လုပ်လိမ့်မယ် မထင်ပေါင်။ ဆင်တူယိုးမှား သက်သေရှိရင် ပြစမ်းပါ။ ကြည့်ချင်လို့။ ဝန်ကြီးအိမ်က အိမ်ထောင်ပရိဘောဂဟာ ဘယ်၍ဘယ်မျှတန်တယ်လို့ ကြေးမဖြတ်ချင်သော်လည်း အဲသလိုလုပ်တဲ့ ဝန်မင်းဖျားစိတ်ဓါတ်ဟာ နှစ်ပြားတောင် မတန်ဘူး လို့ သူတို့ဘာလို့ မတွေးမိပါလိမ့်။ အခုထက်ထိကို မတွေးမိသေးဘူး။ ဘောမကလေးတွေ လေမလျှော့သေးဘူး။ “အဲသလို ထားခဲ့တာ နင်တို့ကို စေတနာတစက်မှ မရှိဘူး။ ဘယ်လောက် သောက်မြင်ကပ်တယ်ဆိုတာ သဘောပေါက်လိုက်ကြ။” လို့ လက်ခမောင်းခတ်နေကြတုန်းရယ်။ စေတနာ ရှိတာ မရှိတာ သူ့အပိုင်းပါ။ ချစ်တယ် မုန်းတယ်ဆိုတာလည်း သူ့အပိုင်းပဲ။ ဒါပေမယ့်လည်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်ဆိုတဲ့လူက တိုင်းပြည်က အဆင့်အတန်းအလိုက် ပေးအပ်ထားတဲ့အခွင့်အရေးကို နောက်လူဆီ အဆင့်အတန်းနဲ့လျှော်ညီစွာပဲ ပြန်လည်ပေးအပ်ရမယ် မဟုတ်ဘူးလား။ ဝန်ကြီးအိမ်ပေါ်ကဆင်းတာ ကျူးကျော်တဲတွေဖျက်တဲ့ ဘူဒိုဇာ ငှားပေးရဦးမှာလား။ နိုင်ငံတော်အဆင့်က နိုင်ငံတော်အဆင့်လို ပြုမူရမှာပေါ့။ ဝန်ကြီးလောက်အဆင့်နဲ့ တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့သူဟာ ကိုယ့်စိတ်ထဲမှာ ဘာရှိသည်ဖြစ်စေ၊ ဝန်ကြီးအဆင့်အတန်းနဲ့လျှော်ညီစွာ ဂုဏ်သရေရှိရှိ၊ သိက္ခာရှိရှိ၊ ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် အိနြေ္ဒလေးဆည်ထားသင့်တယ်လေ။ အခုတော့ ဘယ့်နှယ်လုပ်ကြမတုန်း။ ထမီစွန်တောင်စွဲပြီး ခြေဆောင့်မဆင်းရုံတမယ် ရန်စွယ်နဲ့ငေါငေါ ထွီကနဲထွမ်ကနဲလုပ်ပြီး ငါးစိမ်းသည်ဆန်ဆန် ဆင်းတယ်။ ရပ်ကျော်ရွာကျော် လူတကာက ဟားနေတာ သူကတော့ ရှက်ရကောင်းမှန်းတောင် မသိဘူးတဲ့။ ဖြစ်ရလေ။
ဒါက နေစရာအိမ်တစ်လုံးပဲ ရှိသေးတာ။ ဘာမှ အရေးမပါပါဘူး။ ဝန်ကြီးဆိုတာ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံ အိမ်မှာနေလို့ရတဲ့ လူစားမျိုး မဟုတ်။ တကယ့်ပြဿနာက လုပ်ငန်းခွင်မှာပါ။ ဝန်ကြီးအလုပ်လုပ်တယ်ဆိုတာ သူတို့ကုမ္ပဏီဖွင့်သလို ဟန်ပြကလေးသွား၊ စားသောက် နားနေ၊ အချိန်တန် အိမ်ပြန်ရတာ မဟုတ်ဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အလုပ်တာဝန် ဝတ္တရားတွေ အများကြီး လုပ်ရဦးမှာ။ အိမ်တောင် မြေလှန်ပစ်ခဲ့တဲ့သူတွေက ရုံးမှာသာဆို မိုင်းတောင် ထောင်ထားဦးမှာ။ ပဉ္စမံတပ်သားတွေ အထပ်ထပ်တားလို့ သူ့နောက်ကိုလိုက်မလာနိုင်အောင် စီမံထားခဲ့ဦးမှာ။ “မင်းတို့ သိပ်မျှော်လင့်နေတဲ့ ဝန်ကြီးအသစ်က ဘယ်လောက်ကမောက်ကမတွေ လုပ်တယ်ဆိုတာ စောင့်ကြည့်လိုက်ဦးကွ။” ဆို မဲကြွေးကလဲ့စားချေဖို့ ထောင်ချောက်တွေ ဆင်ထားဦးမှာ။ မလုပ်ဘူးလို့ မထင်နဲ့။ အိမ်ပေါ်ကဆင်းတဲ့ အဆင်ကြည့်ရင် ဒီ့ထက်မကတာတွေတောင် လုပ်ထားပြီးပြီ လို့ သဘောပေါက်လိုက်။ ဘီလူးခေါင်းကြီးက အထင်းသားပေါ်နေပြီ။ သည်ရုပ်သည်စိတ်နဲ့လူတွေဟာ သည်ဟာကလေးကျမှ မေ့သွားလို့ မလုပ်လောက်စရာလား။
ကိုယ်တို့တတွေ ကျောင်းပြီးတော့ အလုပ်သင်ဆရာဝန်ဘဝမှာတောင် ဂျူတီအဝင်နဲ့အထွက်နဲ့ “ဘယ်လူနာကလေးကတော့ ဘယ်လိုအခြေအနေရှိသကွဲ့။ ဘယ်အလုပ်တွေက လုပ်ပြီးသွားပြီး မလုပ်ရသေးတာ ဘာတွေဘာတွေတော့ ကျန်သေးသကွဲ့။ ဘယ်အချိန်ရောက်ရင် ဘယ်လူနာကို ဘာလုပ်ပေးဖို့ မှာထားသကွဲ့။” နဲ့ Hand over – Take over သေသေချာချာ တာဝန်လွှဲပြောင်း ယူရပါတယ်။ လူနာ လေးငါးဆယ်နဲ့ အဆောင်ကလေးတစ်ဆောင်တောင် အဲသလို ဂရုတစိုက်လုပ်ရတာကို လူဦးရေ သန်းငါးဆယ်နဲ့ နိုင်ငံတော်ကြီးတစ်ခုလုံးကို မခေါ်နိုင်မပြောနိုင် နင့်မျက်နှာ မကြည့်ချင်ဘူး ဆို ချာကနဲ ကျောခိုင်းဆင်းသွားတဲ့သူတွေက ဘာအိုဗာမှ ပေးသွားမယ် မထင်ပါဘူး။ ရှိတ်ကင်းလေးတောင် မလုပ်နိုင်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲတောင် မတက်ဘူးတဲ့။ ညကျမှ နေနဲ့လနဲ့ နှစ်ပါးဆိုင်သလို သမ္မတမင်းနှစ်ပါးပြိုင်ဒင်နာ ကျင်းပမယ်ဆိုပဲ။ မဟော်သထာ နဲ့ ကေးဝဋ် လို ဘယ်သူက အရင် ဦးညွှတ်ရသလဲ။ ထထောင်းကြစမ်းဆို ဂျာနယ်လစ်တွေ ခေါ်ထားဦးမယ် ထင်တယ်။ သူက အိမ်ရှင်နေရာက နေမယ်လေ။ အဝေးကွင်းကကောင်တွေ လာပစေဦးတဲ့။ ကလေးတွေလည်း မဟုတ်ဘူး။ ဒါပေသိ ကလေးတွေကမှ နားလည်အောင် ပြောလို့ဆိုလို့ရဦးမယ်။
မြက်ခင်းခွာယူတဲ့သူတွေဟာ ထုလိုက်ထည်လိုက် တန်ဖိုးအများကြီးထိုက်တဲ့ တိုက်တာအဆောက်အဦ၊ ဝန်ကြီးဌာနပိုင်၊ နိုင်ငံပိုင် အဆောက်အဦများကိုတော့ မျောက်အုန်းသီးရသလို မနွှာတတ်လို့ ငုတ်တုတ်ထိုင်နေမယ် မထင်ပါနဲ့။ ချို နဲ့ သားရေတောင် မကျန်ဘူး။ အကုန်ရောင်းစား ငှားစားလို့ ကုန်ပြီ။ ဧရာဝတီမြစ်ကြီးတောင် အရင်လူစားတာ ချေးဖြစ်လို့ ကုန်ပြီ။ စာချုပ်ကိစ္စ နောက်လူလာမှ ရှင်းတော့ဆို မီးခဲပြာဖုံးပခဲ့တယ်။ သူတို့ဘက်ကို လှည့်လာနိုင်တဲ့ကိစ္စတွေကျတော့ အကုန်လက်စသတ်ပလိုက်တာ နှစ်ဝါနှစ်မိုးဆိုလာတဲ့ ကိုပါကြီးအမှုတောင် နှစ်ရက်အတွင်း ပိတ်သိမ်းပလိုက်တယ်။ ဒါဟာ မှားယွင်းမှု တဲ့။ တောင်းပန်စကားလေး တစ်ခွန်းတောင် မပါ။ ကောင်းခါးရွာက ဆရာမလေးတွေလည်း ဒီအတိုင်းပဲနေမှာ။ အယူခံဝင်ချင် Judgement Day ရောက်မှ ဘုရားသခင်ဆီ အယူခံဝင်ကြ။ သူတို့ကတော့ အမှုပိတ်ပလိုက်ပြီ။ ဘုရားသခင်တစ်ဆူဆူကို ယုံကြည်တဲ့နှလုံးသားသာရှိခဲ့ရင် သည်ဘဝရောက်မလာဘူး ဟဲ့။ သူတို့ကိုးကွယ်တဲ့ဘုရားကို မဆီမဆိုင် တံတားဖွင့်ပွဲမှာကတည်းက အတိအလင်းပြောပြီးသား။ သည်အဖေကြီးကို ကာကွယ်မလို့ သံသရာမှာ ဘဝအဆက်ဆက်က ဆုပန်လာတာတွေ။
ကိုယ်ငယ်ငယ်က ရန်စွာပါတယ်။ ကိုယ့်အပေါ် ကျောတယ်ထင်ရင် ခွန်းတုံ့မခံ စကားနိုင်လု ပြောတတ်တယ်။ အသက်အရွယ်ကလေး ရလာတဲ့အခါ စိတ်ထဲရှိတိုင်း မပြောတော့ဘူး။ (မပြောလို့သာ တော်တော့) အမျက်ဒေါသထွက်စရာရှိလည်း မသင့်တော်ဘူး ထင်ရင် ဖုံးဖုံးဖိဖိပဲ ထားတယ်။ အလုပ်နဲ့ ပတ်သက်လာရင်တော့ ဘာမဆို ကိုယ့်စိတ်ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်ပြီး ကမူးရှူးထိုး မဆုံးဖြတ်ဘူး။ ပေါ့ပေါ့ပါးပါး နေသော်ငြားလည်း ကပျက်ကချော်တော့ မလုပ်ဘူး။ သိက္ခာကျဖွယ် အပြုအမူတွေ ပြုမယ်ကြံရင် ကိုယ့်မှာ ထောက်ထားစရာ မျက်နှာတွေ ပေါ်လာတယ်။ ကိုယ့်ပညာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်အသက်မွေးဝမ်းကျောင်းမှုနဲ့ သင့်တော်ပါ့မလား လို့ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကို မျက်စိထဲမြင်ပြီး သတိလေးထားတယ်။ ကိုယ့်မိဘ ကိုယ့်သားသမီး ကိုယ့်မိသားစု အရှက်ရစရာများ ဖြစ်မလား လို့ သူတို့မျက်နှာတွေကို မျက်စိထဲမြင်ယောင်ပြီးလည်း ထောက်ထားတယ်။
“ကြက်မှာအရိုး လူမှာအမျိုး” ဆိုတာ အလကားဖြစ်လာတဲ့ စကားပုံတော့ မဟုတ်ဘူး။ ကိုယ့်မိဘဘိုးဘွား ဆွေမျိုးသားချင်းထဲမှာ ပိုက်စိတ်တိုက်ရှာကြည့်။ ကိုယ်ကျင့်သိက္ခာ၊ စိတ်နေစိတ်ထား နုံနဲ့တဲ့သူ မရှိသလောက်ပဲ။ ကိုယ်တို့ဟာ မူးမျိုးမတ်မျိုး ဝန်မျိုးမင်းမျိုး မဟုတ်လို့ ဂုဏ်လုပ်စရာ မရှိပါဘူး။ ဒါပေသိ အဲသည် မူးတွေမတ်တွေ ဝန်တွေမင်းတွေ တရားလက်လွတ် ငှက်တောင်ကျွတ်လုပ်သလို ဂုဏ်ငယ်စရာ ဆွေမျိုးသားချင်း တစ်ပြားသားမှ မရှိဘူး။ အဲ့သလို လက်မထောင်ပြီး ပြောနိုင်လောက်အောင် ကိုယ့်ဘိုးကိုယ့်ဘွားတွေ ထိန်းသိမ်းခဲ့တယ်။ ကိုယ့်လက်ထက်ကျကာမှ အမျိုးယုတ်အဖြစ် မခံနိုင်ဘူး။ စိန်ရွှေငွေ အိမ်ခြံမြေဆိုတဲ့ အမွေတွေကို ထားခဲ့ရင် ကိုယ့်လက်ထဲရောက်မှ လျော့နည်းပျောက်ပျက်မှာ စိုးသလိုပဲ ဘမျိုးဘိုးတူဆိုတဲ့ ဂုဏ်သိက္ခာအမွေတွေကို ထားခဲ့တာလည်း ကိုယ့်လက်ထဲရောက်မှ အောက်တန်းကျသောစိတ်ဓါတ်နဲ့ နိမ့်ကျသော အပြုအမူတွေကို လဲမယူနိုင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်တို့က ဥပပတ်သန္ဓေတည်လာတာ မဟုတ်ဘူး။ အမျိုးလည်းစစ်တယ်။ အမျိုးလည်းမှန်တယ်။ ကိုယ့်အတွက် ကိုယ့်အမျိုး ဂုဏ်သိက္ခာ အစွန်းထင်း မခံနိုင်တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အသက် ၇၀ ကျော်အောင် ကြံ့ကြံ့ခံလာခဲ့ပြီးမှ သည်ငါးနှစ်သက်တမ်းကလေးမှာ သူ့အဖေသိက္ခာကျစေမယ့် တိုင်းပြည်ကိုရောင်းစားပြီး ကိုယ်ကျိုးရှာမယ့် အလုပ် မလုပ်တာ သေချာတယ်။ သူ့မျိုးရိုးဂုဏ်ကိုကြည့်ပြီး အာမခံလို့ရတယ်။ သွားလေသူဝန်မင်းများမှာလည်း အဲသလို ထောက်ထားညှာတာစရာ မျိုးဂုဏ်ရိုးဂုဏ်ကလေးများ ရှိရင် သတိတရား အသိတရား ဝင်လာပါလိမ့်မယ်လေ။ ဘယ်ဥကပေါက်မှန်းမသိတဲ့ အုတ်ကြားမြက်ပေါက် ကလေကဝတွေက မဟုတ်တမ်းတရား ပေါက်လွှတ်ပဲစား ပြောတာဆိုတာတွေက အချိန်တန်တော့ ဖားမှန်းငါးမှန်း ကွဲပြားသွားပါလိမ့်မယ်။
စိန်တွေရွှေတွေ အိမ်တွေမြေတွေဆိုတာ တန်ဖိုးဖြတ်လို့မရတာ ဘယ်အရာမှ မရှိပါဘူး။ ဈေးကြီးချင်သလောက်ကြီး ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လိုက်ရင် ရော့ ပတ္တမြား ရော့ နဂါး အလဲအလှယ် ရောင်းဝယ်လို့ ရနိုင်တာချည့်ပဲ။ လူတစ်ယောက်ကိုတော့ သူ့မှာရှိတဲ့ ငွေကြေးဥစ္စာတွေနဲ့ တန်ဖိုးဖြတ်လို့ ရသလား။ လူ့တန်ဖိုးဆိုတာ သူပိုင်ဆိုင်တဲ့ ပိုက်ဆံတွေမှာ မရှိဘူး။ ပိုက်ဆံနဲ့ ရောင်းလို့ဝယ်လို့ရတဲ့သူ မှန်သမျှ တန်ဖိုးမဲ့တာချည့်ပဲ။ လူ့တန်ဖိုးဆိုတာ သူ့မျိုးရိုးဗီဇ အပေါ်မှာလည်းတည်တယ်။ အမျိုးကောင်းသား အမျိုးကောင်းသမီးဆိုတာ ထည့်တွက်ရတယ်။ သူ့စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား၊ ဆင်ခြင်ဥာဏ်၊ အသိတရား၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ ဖြတ်ထိုးဥာဏ်၊ တီထွင်ဖန်တီးနိုင်စွမ်းအား၊ အကဲဖြတ်စရာ ရှုထောင့်တွေများလွန်းလို့ စိန်ကဲကျောက်ကဲထက် လူကဲခတ်ရခက်တယ် လို့ ပြောတာ မဟုတ်လား။ ဒါပေမယ့် လူတော်တော်များများက လူတစ်ယောက်ကို သူ့ပိုက်ဆံ သူ့ရာထူးအဆင့်အတန်း၊ သူ့လက်ထဲ အာဏာလုပ်ပိုင်ခွင့် ဘယ်လောက်ရှိသလဲဆိုတာနဲ့ပဲ တိုင်းတာ အကဲဖြတ်နေကြတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းချည့် သိရတော့တယ်။ စိန်နားကပ်အရောင်နဲ့ ပြောင်တဲ့ပါးကို စွယ်တော်မြတ်က ရောင်တော်ကွန့်တယ်မှတ်ပြီး ဖင်ဗူးတောင်းထောင် ကိုးကွယ်နေတာလေ။
နောက်ကို အဲ့လို ကိုယ်ပိုင်အရည်အချင်းမရှိသော၊ စိတ်ဓါတ်အဆင့်အတန်းမမြင့်သော အုပ်ချုပ်သူ လူရမ်းကားများလက်အောက်က လွတ်မြောက်ချင်လို့ ကိုယ့်ခေါင်းဆောင် ကိုယ်တိုင်ရွေးတဲ့ စံနစ်ကို မဖြစ်ဖြစ်အောင် အသက်သွင်းနေတာပါ။ လူသန်းပေါင်းများစွာထဲက ယုံကြည်ရာကို ခေါင်းခေါက်ရွေးထားတဲ့သူတွေဟာ တန်ဖိုးမရှိတဲ့ ဂုဏ်သရေကင်းတဲ့ အသိမ်အဖျင်း လူ့အဆံချောင်တွေပါတယ်ဆိုရင်တောင် သိပ်အများကြီးတော့ ဘယ်ဖြစ်နိုင်ပါ့မလဲလေ။ ဟိုအရင်တုန်းကလို ကြိုက်ကြိုက်မကြိုက်ကြိုက် မယူမနေရ နွားမရွှံ့ပိတ်ရောင်းထားတာ မဟုတ်ဘူး။ ဆပ်ပြာနဲ့တွဲယူယူ၊ နို့ဆီနဲ့တွဲယူယူ၊ အစိတ်သားတော့ ပါအောင်ယူ ဆိုတဲ့ အထဲကလည်း မဟုတ်ဘူး။ နောင်ဆိုရင် ကိုယ့်အုပ်ချုပ်မယ့်သူရွေးတဲ့အခါ စိန်ဆိုင်ကြီးပိုင်တယ်၊ ရွှေဘဏ်ကြီးပိုင်တယ်၊ အသပြာငွေကြေးပိုင်ဆိုင်မှုတွေနဲ့ အကဲမဖြတ်ပဲ သူ့ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ မျိုးရိုးဇာတိ၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လူကဲခတ်ပြီး ရွေးချယ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။ လူကြီးလူကောင်း ပီပီသသ၊ လူကြီးလူကောင်းဆန်ဆန်၊ သိက္ခာရှိရှိ အုပ်ချုပ်မယ့်သူတွေ လိုချင်ပါတယ်ခင်ဗျ။ သဘောတူရင် လူကြီးမင်းများ လက်ခုပ်တီးပါ။
Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...