Sunday, March 6, 2016

ကလေးသူငယ်များနှင့် မိုဘိုင်းဖုန်းသုံးစွဲခြင်း

ဒီအကြောင်းအရာဟာ အင်မတန်မှ ကြားဖူးနေကျကြီး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မရိုးနိုင်ကြသေးတာမို့ ကျွန်မ ရေးပါရစေ။
ဒီနေ့ သိပ်ကို လျင်လျင်မြန်မြန်တိုးတက်လာနေတဲ့ နည်းပညာတွေနဲ့ ကျွန်မတို့လူတွေအကြား အပြန်အလှန်အားဖြင့် ဘယ်လိုတည်မီနေသလဲ၊ ဘယ်လိုအကျိုးအပြစ်တွေ ရှိသလဲ၊ ဘယ်လိုအသက်အရွယ်အပိုင်းအခြားတွေ အထိဆုံးဖြစ်မလဲ၊ လူမှုရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး အစရှိသဖြင့် ဘက်ပေါင်းစုံမှာ ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာပါပဲ။
ကျွန်မ နည်းနည်းလောက် ပြန်ပြီးဘောင်ကျဉ်းပါဦးမယ်။ အဓိကပြောချင်တာက မိုဘိုင်းဖုန်းနဲ့ ကလေးသူငယ်တွေ၊ မိုဘိုင်းဖုန်းနဲ့ အရွယ်ရောက်ပြီးသားတွေ...။ သူတို့ကြားက အားသာချက်၊ အားနည်းချက်၊ ဘယ်လိုပြင်ဆင်ထိန်းချုပ်နိုင်မလဲ၊ မိဘတွေအနေနဲ့ (အနည်းဆုံး) ဘယ်လိုစောင့်ကြပ်ကြည့်ရှုနိုင်မလဲ စတာတွေပါပဲ။
မိုဘိုင်းဖုန်းကို ကလေးသူငယ်တွေမှာ ဘယ်လောက်အသက်အရွယ်ကစပြီး ကိုင်စေသင့်သလဲ၊ ဘာကြောင့် ကလေးသူငယ်တွေ မိုဘိုင်းဖုန်းကိုင်ဖို့ လိုအပ်ရသလဲ။ များသောအားဖြင့် အသက် ၁၂-၁၃လောက်မှာ မိဘတွေက ကိုယ့်သားသမီးတွေကို မိုဘိုင်းဖုန်း စတင်အသုံးပြုစေတယ်လို့ ဖတ်ရပါတယ်။ ခေတ်နဲ့လျော်ညီစွာ သူများတွေကိုင်လို့မှ ကိုယ့်သားသမီးမကိုင်ရရင် မျက်နှာငယ်မစိုးလို့ဆိုတဲ့အဖြေအပြင် ကိုယ့်သားသမီး ကျောင်းမှာ ရှိနေစဉ်ဖြစ်စေ၊ ကျောင်းကနေ အိမ်အကူးမှာဖြစ်စေ ဆက်သွယ်ရလွယ်ကူအောင်ဆိုတဲ့အဖြေမျိုးလည်း ပေးတတ်ကြပါတယ်။ ဒါဆို မိုဘိုင်းဖုန်းတွေမပေါ်သေးခင် ရှေးမစွက ကိုယ့်သားသမီးတွေကို မိဘတွေ ဘယ်လိုကြည့်ရှုထိန်းကျောင်းခဲ့ကြသလဲဆိုတဲ့မေးခွန်း မေးစရာဖြစ်လာပါတယ်။ ဖုန်းမှာပါတဲ့ အပလီကေးရှင်းတစ်ခုဖြစ်တဲ့ find my friends လိုမျိုးကဖြင့် ကိုယ့်သားသမီးကလေးတွေ၊ ကိုယ့်မိသားစုဝင်တွေ ဘယ်ရောက်နေတယ်ဆိုတာကို ရှာဖွေကြည့်ရှုနိုင်တဲ့အတွက် အားသာချက်တစ်ခုအဖြစ် မှတ်ရပါတယ်။
အသက် ၁၂-၁၃ဆိုတာ အလယ်တန်းကျောင်းသားအရွယ်လောက်မို့ မိုဘိုင်းဖုန်းကိုင်သင့်ပြီလို့ ဆိုကြပါတယ်။ အဲဒီမှာ ဒီကလေးဟာ မိုဘိုင်းဖုန်းကို အချိန်ဘယ်လောက်ကြာကြာ သုံးသလဲ၊ ဘယ်လိုဝက်ဘ်ဆိုက်ဒ်တွေ လည်ပတ်ကြည့်ရှုလေ့ရှိသလဲ၊ မက်ဆေ့ခ်ျမှာ ဘယ်လိုလူတွေနဲ့ ဆက်ဆံပြောဆိုနေတတ်သလဲ စတာတွေကို မိဘတွေအနေနဲ့ အထူးသတိထားစောင့်ကြည့်ဖို့ လိုလာပါတယ်။
အလွယ်ကူဆုံးကတော့ ကလေးရဲ့မိုဘိုင်းဘီလ်ကို စစ်ဆေးကြည့်ခြင်းဖြစ်ပါသတဲ့။ တစ်လအတွင်း မက်ဆေ့ခ်ျဘယ်လောက် သုံးထားသလဲ၊ အဝင်အထွက်ဖုန်းခေါ်ချိန်တွေ၊ မိဘတွေမသိတဲ့ ဖုန်းနံပါတ်တွေ စသဖြင့် စစ်ကြည့်နိုင်သလို လိုအပ်ရင် တယ်လီဖုန်းအတွက်ဝန်ဆောင်မှုပေးတဲ့ကန်ပဏီတွေဆီကနေ အသေးစိတ်ဖုန်းဘီလ်ကို ကျသင့်ငွေအနည်းငယ်ဆောင်းပေးပြီး တောင်းခံကြည့်ရှုနိုင်ကြပါတယ်။ အလယ်တန်းကျောင်းသားအရွယ်တွေဟာ သူတို့ရဲ့အချိန်တွေကို ကျောင်းနဲ့အိမ်မှာ အများဆုံး ကုန်လွန်လေ့ရှိတဲ့အရွယ်မို့ မိဘနဲ့ဆရာ - ကျောင်း ပူပေါင်းပြီး စောင့်ကြည့်ရာက တားမြစ်သင့်တာတားမြစ်ပြီး မဖြစ်သင့်တာမဖြစ်ရအောင် ထိန်ကျောင်းနိုင်တယ်လို့ ဆိုပါတယ်။
ကျွန်မမိတ်ဆွေတစ်ယောက်ရဲ့သားကလေးက Sec1ကျောင်းသားကလေးပါ။ ကျွန်မမိတ်ဆွေကို ကျောင်းက မိဘဆရာအစည်းအဝေးခေါ်ပါတယ်။ အဲဒီမှာ မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ မိဘတွေကို ခေါ်အသိပေးတာလို့ ဆိုတယ်။ ကျောင်းရဲ့ပေါ်လစီလို့ဆိုရတဲ့ မိုဘိုင်းဖုန်းဆိုင်ရာစည်းကမ်းတွေမှာ မနက် ၈နာရီကနေ နေ့လယ် ၂နာရီအထိ မိုဘိုင်းဖုန်းတွေကို လော့ကာထဲမှာ သိမ်းထားရမှာဖြစ်ပြီး ကျောင်းဆင်းချိန်ကျမှ ကျောင်းသားတွေလက်ထဲ ပြန်ထည့်ပေးမယ်လို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတောအတွင်း ကိစ္စတစ်ခုခုကြောင့် မိဘတွေ ဆက်သွယ်တဲ့အခါ ဖြေသံမရှိတဲ့ဖုန်းအတွက် စိတ်မပူကြဖို့ပါ။
ဒါက ကျောင်းမှာ ထိန်းသိမ်းနိုင်သမျှသာဖြစ်ပြီး ကျောင်းသားတွေအိမ်မှာရှိနေစဉ် မိဘတွေ စောင့်ကြည့်ရမယ့်အချက်တွေ အထူးအလေးပေးပြီး ပြောတယ်လို့ဆိုတယ်။ အဲဒါတွေက
၁-ကိုယ့်ကလေးဟာ ၂နာရီထက်ပိုပြီး ဖုန်းတွေ အိုင်ပက်တွေမှာ အချိန်ကုန်နေရင်
၂- အလွန်အကျွံဂိမ်းကစားနေရင်
၃- နေ့နေ့ညညချက်တင်တွေ သိပ်များနေရင်
၎-အမြဲအိပ်ငိုက်နေတတ်ပြီး အကြောင်းပြချက်မရှိဘဲ ကျောင်းကနေ အိမ်ပြန်နောက်ကျနေတတ်ရင်
ကျောင်းနဲ့လာရောက်ဆွေးနွေးသင့်တာ ဆွေးနွေးပြီး မိဘတွေကိုယ်တိုင်က သတိပေးဆုံးမသင့်တာ ဆုံးမရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် whatsapp Viber Line စတဲ့ အခမဲ့ဆက်သွယ်နိုင်တဲ့ အပလီကေးရှင်းတွေကို ညရနာရီကနေ မနက် ၆နာရီအတွင်း သုံးဖို့ အားမပေးပါနဲ့။ ဖုန်းနဲ့မျက်နှာချင်းဆိုင်နေမယ့်အစား မိသားစုနဲ့မျက်နှာစုံညီ စကားပြောပါစေ၊ အိမ်စာတွေ၊ ရီဗီးရှင်းပြန်စရာရှိတာတွေကို မိဘတွေက ဂရုတစိုက်ကြည့်ပေးဖို့လိုတဲ့အကြောင်းတွေ စတာတွေပါပဲ။
နောက်တစ်ခုထိန်းချုပ်နိုင်တာက ကလေးရဲ့မိုဘိုင်းဖုန်းဘီလ်ကို သတ်မှတ်ပေးထားပြီး အဲဒီထက်ကျော်လွန်ရင် တဝက်ကို ကလေးမုန့်ဘိုးထဲက ဖြတ်မယ်ဆိုတာမျိုး ကလေးကို အသိပေးထားပါလို့ ဆိုတယ်။
မိဘဖြစ်ရတာလည်း တကယ်ကို မလွယ်တာပါ။ မိဘတွေကိုယ်တိုင်က အလုပ်နဲ့အိမ်နဲ့ စိတ်ဖိအားတွေနဲ့၊ တလတလပေးရမယ့် စရိတ်စကတွေနဲ့ မလွယ်လှတဲ့အထဲ သားသမီးပညာရေး၊ အဲဒီပညာရေးကနေ တိမ်းစောင်းချွတ်ချော်သွားစေမဲ့ ဘယ်အရာကိုမဆို သတိထားစောင့်ကြည့်နေရတာ။ တချို့မိဘတွေဆို နည်းပညာအသစ်တွေ၊ အသစ်အသစ်သောဘန်းစကားအတိုကောက်တွေနဲ့ လိုက်မမီတဲ့သူတွေ အများကြီးရယ်။ ဥပမာ ကိုယ့်သားသမီးက တယောက်ယောက်ကို PIRလို့မက်ဆေ့ခ်ျပို့ရင်တောင် ဘာမှန်း မသိတာမျိုး၊ နောက်မှ အင်တာနက်ထဲ ပြန်ရှာချင်ရှာမယ်ပေါ့လေ။ PIRဆိုတာ Parents In Roomလို့ တဘက်ကို အသိပေးလိုက်တာဖြစ်ပါသတဲ့။ ဒီတော့ ကလေးတွေသုံးတတ်ကြတဲ့ အတိုကောက် အသုံးအနှုန်းတွေကအစ မိဘတွေက ယဉ်ပါးနေရမလိုပါပဲ။
ပြီးတော့ ဒီလိုဆယ်ကျော်သက်အရွယ်တွေဟာ sextingလို့ခေါ်တဲ့ လိင်အသားပေး ပုံတွေ၊ မက်ဆေ့ခ်ျတွေ ပေးပို့လဲလှယ်တတ်ရာက အရွယ်မတိုင်ခင် လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူတွေဖြစ်လာတတ်ကြတယ်လို့ ဖတ်မိရတယ်။ နောက်တစ်ခုက မိုဘိုင်းဖုန်းကို အလွန်အကျွံစွဲလန်းရာက လမ်းလျှောက်စဉ်လည်း သုံး၊ ကားမောင်းခွင့်ရပြီဖြစ်တဲ့ဆယ်ကျော်သက်တွေကျတော့ ကားမောင်းစဉ်လည်း သုံးတတ်ကြတာမို့ ထိခိုက်ဒဏ်ရာရမှုတွေ အဖြစ်များတယ်လို့လည်း ဆိုတယ်။ အမေရိကန်ဆယ်ကျော်သက်တွေမှာ ယာဉ်တိုက်မှုတွေရဲ့ ၂ဝရာခိုင်နှုန်းကျော်ကျော်ဟာ ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းသုံးစွဲမှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဆယ်ကျော်သက်တွေမှာမှ ဆယ့်ခြောက် ဆယ့်ခွန် ဆယ့်ရှစ်ကျော်သွားရင် မိဘစကားနားဝင်ဖို့ အင်မတန်ပြောဆိုရခက်တဲ့အဆင့်ဖြစ်နေပါပြီ။ ဆယ့်နှစ် ဆယ့်သုံး ဆယ့်လေးတွေလောက်အထိတော့ မဆိုးလှသေးဘူး ထင်ပါရဲ့။
မိဘတွေဘက်က လုပ်နိုင်သမျှကတော့ ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖုန်းတွေကို ရှာဝယ်ပေးတာမျိုး၊ Kurio phone, Filip 2 ဆိုတဲ့ လက်မှာနာရီလိုပတ်လို့ရတဲ့ဖုန်းမျိုး, KISA, Moto E2 နဲ့ Nokia Lumia 530လိုမျိုး ဈေးလည်း သင့်တင့်မယ်၊ setting calls and games limitations လုပ်လို့ရတဲ့ဖုန်းမျိုးတွေ၊ အစကတည်းက ကလေးတွေအတွက် သင့်လျော်တဲ့ ဝက်ဘ်ဆိုက်ဒ်တွေ၊ အသင့်အတင့်ဂိမ်းတွေလောက်သာ ထည့်နိုင်တဲ့ဖုန်းမျိုးတွေ ရှာဝယ်ပေးနိုင်ပါတယ်။
နည်းပညာအသစ်နဲ့လူသုံးပစ္စည်းအသစ်အသစ်တွေ ပေါ်လာတိုင်း အားသာချက်၊ အားနည်းချက်ဆိုတာလည်း တပါတည်းပါလာတတ်စမြဲမို့ တော်ရုံသင့်ရုံ အကျိုးဖြစ်ထွန်းရုံလောက်သာ အသုံးချတတ်ဖို့ လိုပါတယ်။ ကလေးငယ်တွေကတော့ ပိုင်းခြားတတ်တဲ့အသိနည်းနေနိုင်သေးတာမို့ မိဘတွေက ဒီအရွယ်မှာ အထူးသတိထားစောင့်ကြည့်နေမယ်ဆို အတိမ်းအစောင်းနည်းနိုင်မယ်လို့ ယူဆရပါတယ်။ တချို့ ဆယ်ကျော်သက်တွေကျပြန်တော့ strategy gamesတွေ၊ brainstorming လုပ်နိုင်တဲ့ဂိမ်းတွေ ရွေးချယ်ကစားတတ်တာမို့ အကျိုးရှိသင့်သလောက်ရှိပြီး ကစားနေတဲ့ဂိမ်းကို သိန်းဂဏန်းအထက်ဈေးနဲ့ ရောင်းချတတ်သူတွေတောင် ရှိပါသတဲ့။
ဒီတော့ ဘာကြောင့်သုံးသလဲ၊ ဘယ်လိုသုံးသလဲဆိုတဲ့အပေါ် မူတည်နေတာမို့ ငယ်ရွယ်ပြီး ဆင်ခြင်နိုင်စွမ်းနည်းနေသေးတဲ့အချိန်တွေမှာ မိဘ၊ ဆရာတွေပေါင်းပြီး စောင့်ကြည့်တည့်မတ်ပေး၊ ပြီးမှ စိတ်ချလက်ချရပြီဆိုမှ အတိုင်းအတာလေးနဲ့ ပေးသုံးစေသင့်တာပါပဲ။
ကိုင်း ကလေးသူငယ်တွေအတွက်ကတော့ ဒီလောက်ပါပဲ။
ကျွန်မတို့လိုလူကြီးတွေ မိုးလင်းကမိုးချုပ် မိုဘိုင်းဖုန်းနဲ့မျက်နှာ တပ်နေကြရင်ရော၊ နေ့နေ့ညည တစ်သီးစားတွေ နှစ်သီးစားတွေ စိုက်၊ အသီးအပွင့်တွေအောင်သမျှ ဆွတ်ခူးရောင်းချ၊ စိန်တွေ ဝယ်စုကြ၊ ကျူးကျော်တိုက်ခိုက်လာတဲ့ရန်သူတွေကို ပြန်ချဖို့ စစ်လက်နက်တွေဝယ်ရ၊ ဘုရင်မကို ကာကွယ်ရနဲ့၊ ပီဇာဖုတ်ရ ကိတ်မုန့်ဖုတ်ရ၊ ဆိုင်ခွဲတွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်ရနဲ့၊ ဖဘမှာ ရွာရိုးကိုးပေါက် ဝေါတကာ အိမ်ပေါက်စေ့ လည်ရပတ်ရနဲ့ တဲ့။ ဘယ်လိုလုပ်ကြမလဲ တဲ့...။ ဘယ်သူက စောင့်ကြည့်တည့်မတ်ပေးမှာလဲ တဲ့။ ဘယ်လိုပြင်ကြမလဲ တဲ့...။
အင်း...ခဏလေးနော် ကျွန်မ ဒီနားလေး သွားလိုက်ဦးမယ်၊ ပြန်လာခဲ့မယ် သိလား...:)
ချစ်ကြည်အေး
၂၅ဝ၂၂ဝ၁၆
Ref.တချို့ : Googleက ရှာဖတ်ထားသမျှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...