Thursday, March 17, 2016

“စွယ်တော်ရိပ်”

           “ရွှေပြုံးက ပြန်ပါတယ်။ ဘာပါလဲမေး။ ပါပါတယ် ဆပ်သွားဖူးရယ် နန်းဦးကမွှေး။” တဲ့။ ရှေးတုန်းက မန်းလေးကလူတွေ ဝါခေါင်လမို့ တောင်ပြုံးပွဲသွားကြတဲ့အခါဆိုရင် “ပြန်လာခဲ့ပြီလား။ ဘာတွေပါခဲ့တုန်း။” လို့ မေးစရာမလိုဘူး။ သူ့ဆီက ဆပ်သွားဖူးပန်းနံ့ကလေး သင်းနေရင် အဲ့ဒါ တောင်ပြုံးက ပြန်လာတာပဲ။ အရှင်နှစ်ပါးရဲ့ နတ်နန်းဦးမှာ ဆပ်သွားဖူးခိုင်ကြီးတွေ အခိုင်လိုက်ထားပြီး ဦးခိုက်လာသူ ခုနစ်ရက်သားသမီးအပေါင်းကို တစ်ခိုင်စီ တစ်ခက်စီချိုးပေးလေ့ရှိတာကိုး။ ခုခေတ်ကလေးတွေအတွက်တော့ ဆပ်သွားဖူးပန်းဆိုတာ ဘယ်လိုနေမှန်း သိမယ်မထင်ဘူး။ “ပျိုလေးတို့ အိမ်ဦး ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ ကျေးတွေကအုံ။ မအုံပါနဲ့ ကိုရွှေကျေးရယ်။ ပျိုတို့မောင် ရှင်လိင်ပြန်တော့ နားပန်ဖို့လေး။” ဆိုတဲ့ ကဗျာကလေးတော့ မှတ်မိဦးမှာပေါ့။ ဆပ်သွားဖူးပန်းဆိုတာ လုံမလေးတွေတင် ပန်ဆင်စရာ မဟုတ်ဘူး။ ရှင်လိင်ပြန်တဲ့ ကိုရင်လူထွက်များတောင် ကတုံးကြီးနဲ့ နားမှာထိုးပန်ကြတဲ့ ပန်း။ အရမ်းမွှေးတယ်။ တစ်ခိုင်လုံးညွှတ်နေအောင် ဖူးတယ်။ မြန်မာတွေ နှစ်သက်ကြတယ် ထင်ပါရဲ့။
နတ်နန်းက ပြန်လာလို့ ဆပ်သွားဖူးပန်းနံ့ကလေး သင်းနေရင် ကိုယ်တော်နှစ်ပါး ကိုယ်နဲ့အတူ ပါလာသလို စိတ်လုံခြုံမှု ရကြသလား မသိဘူး။ (ဒါထက် စကားမစပ် “ဆပ်သွားဖူး” လို့ စာထဲရေးတဲ့အတိုင်း မဖတ်ကြနဲ့ဦးနော်။ “ဆတ်သဖူး” လို့ ဖတ်ရတယ်။ ကိုယ်ကသင်မပေးရင် ဒင်းတို့တွေ အနောင်ဇာလုပ်တဲ့တစ်နေ့ နားကလောလွန်းလို့။)


            သည်ကနေ့အခါမှာ တနေရာရာ ရောက်ခဲ့လို့ အဲသည်အရပ် အဲသည်အဝန်းအဝိုင်းက ရနံ့ထုံသင်း ဂုဏ်သတင်းကလေးတွေ ကိုယ်နဲ့အတူစွဲပါလာတာမျိုးတွေ မရှိဘူးလားလို့ မေးရင် သိပ်ရှိတာပေါ့။ တသသကို စွဲနေရတာ။ အခုပြန်ပြော အခုပြန်ပြောင်းအောင့်မေ့ပြီး မျက်ရည်လေးတွေ လည်သွားအောင် အိုင်ကလေးကျင်းကလေးယက်ပြီး အလွမ်းသယ်လိုက်ဦးမယ်။ အဲ့ဒါ အမိတက္ကသိုလ်ရင်ခွင်ကြီးရဲ့ ပညာရနံ့ပဲပေါ့။ တက္ကသိုလ်က ဘွဲ့ရခဲ့သလားဆိုတာ မေးစရာမလိုဘူး။ အပွေးမြင် အပင်သိတယ်။ သူ့ဆီမှာ ပညာရနံ့ကလေးရသလား စူးစမ်းကြည့်။ တက္ကသိုလ်တစ်ခုနဲ့တစ်ခုတောင် ရနံ့ချင်းက ခြားနားသေးတယ်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဆိုတာက ကံ့ကော်တော တဲ့။ ကိုယ်တို့ ဆေးတက္ကသိုလ် (၁) ကတော့ စိန်ပန်းမြေပေါ့။ လိပ်ခုံးမှာ အင်မတန်လှတဲ့ သက်တော်ရှည် စိန်ပန်းပင်ကြီး ရှိတယ်။ ဘွဲ့ယူတဲ့အခါတိုင်း ဓါတ်ပုံသွားရိုက်နေကျ။ မိန်းထဲက သစ်ပုတ်ပင်ကြီးနဲ့ ထပ်တူကျတယ်။ လမ်းမတော်ဆေးကျောင်းဘက်ရောက်သွားရင် ငုဝါပန်းတွေ ပင်လုံးညွှတ်မျှ ပွင့်တယ်။ သည်အကြောင်းတွေ အခါခါရေးခဲ့ပြီးသားမို့ ထပ်မရေးချင်တော့ဘူး။ သည်တစ်ခါ ကိုယ်ကျင်လည်ခဲ့ပါလျက် တစ်ခါမှ စကားထဲထည့်မပြောဖူးသေးတဲ့ တက္ကသိုလ်နယ်မြေအကြောင်း ရေးချင်မိတယ်။ အဲ့ဒါ “စွယ်တော်ရိပ်” လို့ ခေါ်ကြတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်နယ်မြေအကြောင်းပါပဲ။

          “အမယ်။ သူကဖြင့် အင်ဂျင်နီယာလည်း မဟုတ်ပဲနဲ့။ စက်မှုတက္ကသိုလ်ဆိုတာ သူနဲ့ ဘာဆိုင်လို့တုန်း။” လို့ ဆိုဦးမယ်။ မဆိုင်သော်လည်း ကျွမ်းဝင်ခဲ့မိတာတော့ အမှန်ပါပဲ။ သူငယ်ချင်းတွေ အများကြီး ရှိတာကိုး။ သူတို့အတန်းထဲမှာ ကောင်မလေး ဘယ်နှစ်ယောက်ရှိပြီး နံမည် နေရပ် ဇာတိဇစ်မြစ်ပါ အကုန်သိလို့ ဆော်ကွန်းထိမ်းလုပ်ရင်တောင် ရလောက်တယ်။ စတုတ္ထနှစ်မြို့ပြသူ ရိုက်တဲ့ ဒါရိုက်တာကြီးက ကျောင်းတုန်းက သူကြွေခဲ့ဖူးတဲ့ မိန်းကလေးအကြောင်း အမည်မဖော်လိုသူလှထုံလုပ်ပြီး ရေးတဲ့အခါ ကိုယ်ကတောင်သူ့ကို Current status update လုပ်ပေးလိုက်နိုင်သေးတယ်။ သူ့ခမျာ အံ့တွေကိုသြလို့။ သူနဲ့အပြင်မှာ ဆုံတဲ့အခါ သူ့ကားထဲ ကျောင်းဆရာဝင်လုပ်တဲ့ မိတ်ဆွေကြီးက စကားစပ်မိတုန်း တက်ကျမ်းရေးတဲ့ နိုင်ငံကျော်စာရေးဆရာလေးရဲ့ ဖေဖေ နဲ့ မေမေဟာ ကျောင်းမှာ ဖူးစာဆုံတာလေ လို့ အစဖော်တော့မှပဲ သည်ကလေးဟာ ကိုယ့်သားအရွယ်ဖြစ်နေမှန်း သိရတယ်။ မော်ဒယ်မိခင်ကြီး ဒေါ်တင်မိုးလွင်ဆိုတာကတော့ ကျောင်းတုန်းက လှယဉ်ကျေးမယ် ဝင်ပြိုင်ရင်း ပြုံးအလှပိုင်ရှင် ဆုချိတ်ထားတုန်းပဲ ရှိသေးတာ။ တော်ပြီကွယ်။ ဆက်ပြောရင် ကိုယ်အသက်ကြီးတာ လူသိကုန်တော့မယ်။ ဆိုလိုချင်တာ ကိုယ်နဲ့ အဲသည်ကျောင်းနဲ့ မစိမ်းဘူး။ ရင်းနှီးတယ်။

            ကိုယ့်ကျောင်းလည်း မဟုတ်ပဲနဲ့ ဘာဖြစ်လို့ သည်လောက်ရင်းနှီးသလဲဆိုတော့ အရေးအခင်းဖြစ်လို့ ကျောင်းသုံးနှစ်ပိတ်တဲ့အခိုက်မှာ အဲသည်ကျောင်းကလူတွေနဲ့ချည့် ပေါင်းမိလို့။ လမ်းဘေးမှာ လက်ဘက်ရည်ဆိုင်ကလေး စပ်တူဖွင့်ခဲ့ဖူးတယ်။ (ဗိုလ်ချုပ်လမ်းအဆုံးက ညောင်တုန်းဘုန်းကြီးကျောင်းနံဘေးမှာ) ညနေတိုင်း ၃၃လမ်းထိပ်က ရွှေကြည်အေးမှာ စုရပ်ထားကြတယ်။ ဘယ်လိုလုပ်ပြီး သိကြတာလဲဆိုတော့ ဖဲရိုက်ရင်း သိတာလေ။ ဘုရားသွားကျောင်းတက် သူငယ်ချင်းထက် အရက်သောက်ဘက် သူငယ်ချင်းက ပိုရင်းနှီးတယ်။ အရက်သောက်ဘက် သူငယ်ချင်းထက် ဖဲရိုက်ဘက် သူငယ်ချင်းက ပိုရင်းနှီးတယ်။ ဘာဖြစ်လို့ဆိုတော့ ဟန်ဆောင်မျက်နှာဖုံးတွေ ကွာသွားတဲ့အခါ အတွင်းစိတ်တွေ ဘွင်းဘွင်း သိရတာကိုး။ တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးကအစသိပြီး တစ်ယောက်အပေါ်တစ်ယောက် အနွံတာခံနိုင်တဲ့အတွက် နေ့နေ့ညည တတွဲတွဲပေါင်းမိကြတာ။ ကိုယ့်ကျောင်းကလူတွေထက် သူတို့ကို ဘာလို့ပိုခင်ရသလဲဆိုတော့ သူတို့နဲ့ပေါင်းတဲ့အခါ ကိုယ်က ကျောင်းမတူပဲ ဧည့်သည်ဖြစ်နေတဲ့အတွက် ဂေါက်ရိုက်တဲ့လူတွေ ပြောသလိုပြောရရင် Handicap ရတယ်ကွယ်။ ဦးစားပေးခံရတယ်။ ဆေးကျောင်းကလူတွေကျ အချင်းချင်းဆို အထင်မကြီးဘူး မဟုတ်လား။ အဲ့ဒါလည်း ပါမှာပေါ့။

            အရေးအခင်းပြီးလို့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ သူတို့နဲ့ကိုယ်နဲ့ အိုးစားကွဲမသွားပဲ ကျောင်းက လစ်လို့ရတဲ့အချိန်တိုင်း သူတို့ကျောင်းတော်မဟာကြီးမှာ ပျော်ပျော်ပါးပါး လိုက်တက်ခဲ့တဲ့အတွက် စွယ်တော်ရိပ်ကြီးဟာ ဘယ်နေရာတွေ ဘယ်လိုလွမ်းစရာကောင်းကြောင်း ကိုယ်က ရေးလို့ရတယ်ဆိုရင် မလွန်ဘူးနော်။ အဲသည်တုန်းကတော့ နံမည်ကိုက RIT လို့ ခေါ်တာဗျ။ Rangoon Institute of Technology ပေါ့။ အင်မတန်ကျယ်ဝန်းတဲ့ ပရဝုဏ်အတွင်းမှာ အခန့်ညားဆုံးကတော့ Building One လို့ခေါ်တဲ့ ကျောင်းရှေ့မျက်နှာစာ ပေါ်တီကို အမြင့်စားကြီးပါပဲ။ ရောမခေတ်နတ်ကွန်းဆောင်တွေက တိုင်လုံးကြီးတွေလို ဟိုးအပေါ်ကိုလွင့်နေအောင် တက်သွားတဲ့အရှေ့မှာ ကျောက်လှေကားကလေးတွေ ခပ်နိမ့်နိမ့်စီထားတယ်။ အဲ့ဒါ RIT ရဲ့ Icon ပဲ။ သူ့ရှေ့ရောက်ရင် လူလေးတွေက ပုရွက်ဆိတ်လောက် သေးသွားမယ်။ အဲသလောက် ဟိတ်ဟန်ကြီးတာ။ သူ့ထဲကို ဝင်သွားရင် အလယ်ခေါင်တည့်တည့်က ဖြူးနေတဲ့လမ်းကလေးကို ယောင်လို့များ မလျှောက်မိလေနဲ့။ လက်ခုပ်သြဘာသံ သောသောညံသွားမယ်။ ဆဲသံဆိုသံလှောင်သံတွေလည်း ပါမယ်။ အဲ့ဒါ သြဘာလမ်းပဲ။ ဘယ်သူကစခဲ့တာလည်း မသိပေမယ့် အဲသည်အစဉ်အလာကိုတော့ မပျက်မကွက် ထိမ်းသိမ်းထားကြတယ်။ ဘွဲ့နှင်းသဘင် မဟုတ်ပဲ အဲသည်လမ်းပေါ်လျှောက်မိရင် သံပုန်းတီးပြီး တောထုတ်သလို ထုတ်တာ။ မြန်မာပြည်မှာ ရှိသမျှ တက္ကသိုလ် အဆောက်အဦထဲမှာ RIT လောက် လေဝင်လေထွက် အလင်းရောင်ကောင်းကောင်း၊ ခိုင်ခိုင်မာမာ၊ ခန့်ခန့်ညားညား ဆောက်ထားတာ မရှိဘူး။ အလယ်မှာ လေးထောင့်ပုံ ပန်းခြံအကွက်ကျယ်ကြီးထားပြီး ပတ်ပတ်လည်မှာ စာသင်ဆောင်တွေ၊ လက်တွေ့ခန်းတွေ၊ ဌာနရုံးခန်းတွေ ရှိတယ်။ ဟိုးအနောက်ကိုရောက်အောင် တော်တော်လျှောက်ရပြီး အဆောင်သာဆုံးသွားမယ်။ စာသင်ခန်းတွေ မကုန်သေးဘူး။ လက်တွေ့ခန်းစာသင်ဆောင်တွေ ထပ်ရှိသေးတယ်။ ကျောင်းဝင်းကြီးကဖြင့် ကျယ်လိုက်တာ။ ကားနဲ့တောင် တော်တော် ပတ်မောင်းယူရတယ်။ ဘောလုံးကွင်း၊ ရေကူးကန်၊ ဘတ်စကက်ဘော၊ ဘော်လီဘောကွင်းများလည်း ပါတယ်။ ဆရာတွေနေတဲ့ တိုက်တန်းတွေ အဆောင်တွေလည်း သူ့ဝင်းထဲတင် ရှိတယ်။

           ကိုယ်တို့ခေတ်တုန်းကတော့ မန္တလေးက MIT မပေါ်သေးဘူး။ ဆေးကျောင်းက တစ်နှစ်ကို လူ ၃၅၀ ခေါ်ပြီး RIT ကတော့ ကျောင်းသားတစ်ထောင်ကျော်ခေါ်တယ်။ ကိုယ်တို့လို ကျောင်းသုံးကျောင်း ပြန့်မသွားပဲ အဲသည် ကြို့ကုန်းမှာတင် သင်ရလို့ စာသင်ဆောင်တွေများတာ။ ပထမနှစ် နဲ့ ဒုတိယနှစ် ကျောင်းသားတွေအတွက်ဆို အဲသည်ဝင်းထဲမှာ အဆောင်တောင် မပေးနိုင်ဘူး။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေဝင်းအတွင်းက အဆောင်တွေမှာ နေရသေးတယ်။ ဒုတိယနှစ်အောင်မှ ရမှတ်အလိုက် မေဂျာတွေခွဲပြီး ကြို့ကုန်းဝင်းထဲမှာ ထားတာ။ မိန်းကလေးတွေအတွက်တော့ နံမည်ကျော် ဂျီဟောဆောင်ကြီး ရှိတယ်။ ကလေးဘဝကတည်းက ဆရာမ မစန္ဒာ ရဲ့ ဂျီဟောသူဖတ်ပြီး အူတွေတက်အောင် ရယ်ခဲ့ရတာ။ ဂျီဟောကနေ ကွေ့လိုက်ရင် Building one နဲ့ ယောင်္ကျားလေးဆောင်တွေ နှစ်ခုကြားမှာ ကင်တင်းအကြီးကြီး ရှိတယ်။ အဲ့ဒါ တက္ကသိုလ်ဟော်တယ်ကြီးပဲ။ အရသာထူးကဲသော စားသောက်ဖွယ်ရာများကို အဖိုးနှုန်းချိုသာစွာ ရောင်းချပေးတယ်။ ဆိုင်ခန်းတွေကလည်း နှစ်ခြမ်းရှိတယ်။ ထိုင်တဲ့ ကျောင်းသားလည်း နှစ်စားရှိတယ်။ “နွေးအေး”ဘက်ခြမ်းက ဂျီဟောနဲ့နီးတယ်။ မိန်းကလေးတွေ အထိုင်များတယ်။ အတွဲရှိတဲ့သူတွေ ဖွန်ကြောင်တဲ့ကောင်တွေ ထိုင်တာ။ အစားအသောက်ကောင်းပေမယ့် ဈေးနည်းနည်းပိုကြီးတယ်။ အိုင်တင်ခံ ပဲခံတဲ့သူတွေ အလာများတယ်။ သူ့ဟိုဘက်က “ပေါင်းကူး”ဘက်ခြမ်းကျတော့ အတွဲမရှိတဲ့သူတွေ၊ ယောင်္ကျားလေးတွေ အထိုင်များတယ်။ ပြီးတော့ ဘိုင်ကောင်တွေလေ။ ပိုက်ဆံမရှိရင် အကြွေးစားလို့ရတယ်။ ယောင်္ကျားလေးဆောင်နဲ့နီးပြီး ကောင်မလေးတွေ အလာနည်းလို့ ကိုယ့်အချင်းချင်း ထင်သလို လွတ်လွတ်လပ်လပ် ဆဲဆိုနေထိုင်နိုင်တယ်။ အဲသည်ဆိုင်တွေမှာ ဘယ်သူမှ ပဲမထုတ်ဘူး။

          ကိုယ်တို့ခေတ်တုန်းကတော့ ကင်တင်းဆိုတာ မဖြစ်မနေ ထမင်းဆင်းစားရတဲ့နေရာ မဟုတ်ဘူး။ သူငယ်ချင်းတွေ ဆုံဖို့ စုရပ်အဖြစ်၊ ဧည့်သည်လာရင် ဧည့်ခံစရာ အဖြစ်သာ ထားတယ်။ အဆောင်က ထမင်းကျွေးတယ်လေ။ ဟင်းမကြိုက်ရင် ဒိုင်းနင်းဟောထဲတင် ဝယ်စား ရတယ်။ ကင်တင်းထက် ဈေးသက်သာတယ်။ အဆောင်လခထဲမှာ ထမင်းစားရိတ်ပါပါပြီးသား။ ကျောင်းသားဦးရေအလိုက် အုပ်ဆောင်းကလေးတွေနဲ့အုပ်ပြီး ထမင်းပွဲပြင်ပေးထားတယ်။ ကိုယ်မစားလည်း ထမင်းဘူးကလေးနဲ့ အဆောင်ပေါ်သယ်ထား။ ညကျတော့ ဖဲရိုက်ရင်း ဗိုက်ဆာလာရင် လက်ဘက်သုပ်ကလေးနဲ့လည်း ဟုတ်၊ အိမ်ကလုပ်ပေးလိုက်တဲ့ အကြော်အလှော်လေးနဲ့လည်းဟုတ်၊ တစ်ညလုံး မအိပ်ပဲ ထင်ရာစိုင်းနေတဲ့ ယောင်္ကျားလေးတွေ ညကြီးသန်းခေါင်ဝမ်းဟာရင် ဒါလေးနဲ့ အသက်ဆက်နေကြရတာ။ သူတို့ကင်တင်းက စုရပ်အနေနဲ့တော့ အဟုတ်ကြီးဗျ။ သူငယ်ချင်းတွေ မေဂျာမှ မတူတာ။ အတန်းရှိတဲ့သူက ရှိတဲ့အတန်းသွား၊ မရှိတဲ့သူ မတက်ချင်တဲ့သူက ကင်တင်းမှာထိုင်နေ၊ နင်နေငါသွားနဲ့ ဘယ်တော့မှ လူမပြတ်ဘူး။ ရေနွေးတွေသာ တစ်အိုးပြီးတစ်အိုး ကုန်သွားမှာ။ ရည်းစားရှိတဲ့သူတွေကတော့ ညနေ ဂျီဟောက ဧည့်ချိန်ကုန်ခါနီးရင် တစ်နေကုန်တွေ့ထားတဲ့ မျက်နှာကြီးတွေကိုပဲ မခွဲနိုင်မခွာနိုင်သလို အလွမ်းလေးသယ်ပြီး ညကျစားဖို့ အချိုပေါင်း အချဉ်ပေါင်းကလေးတွေ ဝယ်ပေးလိုက်၊ အဆောင်တံခါးပိတ်တော့ ဇောင်းထဲကလွှတ်တဲ့မြင်းလို အဆောင်ပေါ်တက်ပြီး ဟီးဟီးဟားဟား ဆော့ကြပေါ့။

          သူတို့ကျောင်းရဲ့ ပျော်စရာအကောင်းဆုံး အချိန်တွေထဲမှာ အောင်စာရင်းထွက်တဲ့ညတွေလည်း ပါတယ်။ မနက်ကျမှ ထွက်မယ့်အောင်စာရင်းကို ညကြီးမိုးချုပ်ကတည်းက Building one အောက်မှာ စုစုဝေးဝေးထိုင်ပြီး စောင့်ကြတယ်။ အမှန်တော့ Day တက်တဲ့သူတွေ (အဆောင်မနေတဲ့သူတွေ) အတွက် Boys night out လုပ်တာပေါ့။ ညဦးမှာ ဖဲရိုက်မယ်။ ညနက်တော့ အရက်သောက်မယ်။ ကျိုးလာတော့ အဆောင်ထဲ ဝင်ခွေချင်ခွေ၊ မခွေချင်လည်း ကျောင်းနဲ့နီးတဲ့ သူငယ်ချင်းအိမ်လိုက်အိပ်၊ ကားပါတဲ့သူငယ်ချင်းရှိရင် ပန်းဆိုးတန်းကမ်းနား သွားထိုင်လိုက်၊ ဗိုလ်တစ်ထောင်ကမ်းနား သွားထိုင်လိုက်။ မနက်ကျတော့ အောင်စာရင်းကို ကိုယ့်ဘာကိုယ်တောင် သွားမကြည့်နိုင်ပါဘူး။ ပြန်လာတဲ့ သူငယ်ချင်း ပြောမှ သိရတာ။ အိမ်ကတော့ ညကတည်းက အောင်စာရင်းသွားကြည့်နေတယ်ပေါ့။ အောင်ရင်လည်း
အောင်လို့ပျော်နေတယ် မှတ်မှာ။ ကျရင်လည်း စိတ်ပျက်လက်ပျက် ကြွေနေတာနေမှာ။ ကလေးကို မဆူပါနဲ့ပေါ့။ သူတို့ကျောင်းက ကိုယ်တို့လို ဆပ်ပလီမရှိတော့ ကျရင် တစ်နှစ်ပြန်ထိုင်ရရော။ ကျတဲ့သူကလည်း နောက်နှစ်ကျတော့ အသစ်တွေနဲ့ မပေါင်းပါဘူး။ သည်လူတွေနဲ့ပဲ ပြန်ပေါင်းတာ။ အတန်းချင်းမတူတာ ဘွဲ့ယူတော့မှ သတိရကြမယ့်သူတွေ။

           သူတို့ကျောင်းရဲ့ ထူးခြားချက်ကတော့ ကျောင်းသားများဟာ အလွန်ဗရုတ်ကျပြီး အစအနောက်သန်သူများဖြစ်တာပါပဲ။ စကားအတည်ပြောလို့ ရခဲတယ်။ သူဦးသူကြပ် ကိုယ်ဦးကိုယ်ကြပ်ပဲ။ ကိုယ်က အ နေရင် နေ့တိုင်းအကြပ်ခံရတာမို့ မကြာခင် လူရေလည်ပြီး လှစ်လှစ်ကလေးနေအောင် နပ်ရတယ်။ အခုတော့ တပ်မှူးကြီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆို သူ့အိမ်အထိသွား၊ အတန်းထဲက သူကြောင်နေတဲ့ကောင်မလေး ကြီးတော် နာရေးဖြစ်လို့ အသုဘပို့ရအောင် အိမ်လိပ်စာပါ အမှန်ပေးပြီး ပို့ပေးလိုက်၊ ကိုယ်တော်က လမ်းစတွေ့ပကွဆို တံခါးသွားခေါက်၊ ကိုယ်တို့တစ်အုပ်လုံးက ပတ်ပြေးကြလေသတည်းပေါ့။ အမအပျိုကြီးတသိုက်ဆီသွားပြီး သူတို့မောင်လေး ရည်းစားဆီက အဖြေရလို့ ကျိုက်ထီးရိုးတက်သွားတဲ့အကြောင်း မောင်းတီးပေး၊ အမတွေက ဒေါသူပုန်ထ၊ “ဒါကြောင့် ဒင်း မနက်က ဒီဇင်ဘာမနက် လေးနာရီကြီး ရေထချိုးသွားတာကိုး။” လို့ သမီးလင်နောက်လိုက်သလို ကြိတ်မနိုင်ခဲမရတွေဖြစ်လေသတည်း။ သွားရင်းလာရင်း ဟိုင်းလက်ကားပေါ် သနပ်ခါး ခြေဆုံးခေါင်းဆုံးနဲ့ ကောင်မလေးလှလှတွေ့ရင်တောင် “ခုနေများ သနပ်ခါးအဖွေးသားနဲ့ ကောင်မလေးတစ်ယောက်ယောက်ကို ဟောသည်ခြေထောက်ကြီးနဲ့ မတော်တဆ တက်နင်းမိလိုက်ရင် ဘယ်လောက်ကောင်းမလဲ။” လို့ အချင်းချင်းပြောတာနဲ့ ဟိုခမျာ ကားပေါ်က ဆင်းပြေးရော။ ယောင်္ကျားလေးဆောင်ရှေ့ မိန်းကလေးဖြတ်လျှောက်ရင် မြင်တဲ့သူက “မပြောမရှိနဲ့ဟေ့။” လို့ ဦးအောင်အော်လိုက်တာနဲ့ တစ်ဆောင်လုံး လူကုန် ဝမ်းစမိုးရော သောသောညံသွားတာ။ မိန်းကလေးဆောင်ရှေ့ ယောင်္ကျားလေးတစ်ယောက်တည်း ဖြတ်လျှောက်မိရင်လည်း သူတို့ကပြန် လက်စားချေပါတယ်။

           အဲ့လို စတဲ့နောက်တဲ့ အကျင့်မျိုးက ကိုယ်တို့ဆီမှာမှ မဟုတ်ပါဘူး။ သူတို့ဆီက တက္ကသိုလ်ကောလိပ်အဆောင်တွေမှာလည်း ရှိပါတယ်။ “Three Idiots” ဇာတ်ကားထဲမှာ ကျောင်းသားသစ်ရောက်လာရင် အဆောင်က ကျောင်းသားဟောင်းတွေ ဝိုင်းပြီး ပုံစံပေးကြတဲ့အခန်း ပါတယ်။ ပြင်သစ်မှာဆို အထက်တန်းကျောင်းတွေမှာကတည်းက အဲသည်အကျင့်ရှိသတဲ့။ သူတို့ဘာသာနဲ့တော့ “Bizutage” လို့ခေါ်တယ်။ လူသစ်ရောက်လာရင် ကျီစားတာမျိုးပါပဲ။ “ဂျီဟောသူ”ထဲမှာ သောက်ရေအိုးထဲ ဆားခပ်ထားသလိုမျိုးပေါ့။ MIT က လူတွေကတော့ ဘီယာပုလင်းထဲ ရှူရှူးပေါက်ထည့်ပြီး ရေခဲငွေ့တွေ သီးနေအောင် လုပ်ထားသတဲ့။ လူတဘက်သား မခံချိမခံသာ ဖြစ်အောင်စပြီး ရယ်ပွဲဖွဲ့ကြတဲ့အကျင့်တစ်မျိုး ထင်ပါရဲ့။ ဒါပေသိ နစ်နာသွားအောင်တော့ မလုပ်ပါဘူး။ ကျောင်းမပြီးမချင်း ဘွဲ့မရမချင်း မိဝေးဘဝေး တစ်နယ်တစ်ကျေးကလာပြီး အတူတူနေရတဲ့သူအချင်းချင်း ဖေးဖေးမမ ရိုင်းရိုင်းပင်းပင်းနဲ့ ဘဝထဲအထိ ဆွဲခေါ်သွားမယ့် သူငယ်ချင်းမိတ်ဆွေတွေဖြစ်ကုန်ပါတယ်။

          အဆောင်နေရတဲ့အခါ မိဘရင်ခွင်ကနေ ကိုယ့်စီမံခန့်ခွဲမှုနဲ့ကိုယ် လကုန်အောင် နှစ်ကုန်အောင် ချင့်ချိန်ရတာမို့ ကျောင်းသင်ခန်းစာထဲမှာ မပါတဲ့ပညာတွေလည်း ကျွဲကူးရေပါ ကျွမ်းကျင်လာမယ်။ ဘတ်ဂျက်နှင့် ရသုံးမှန်းခြေ ငွေစာရင်းပညာ၊ (လေရူးလေးတွေကအပွေ လေပြေလေးတွေကအတိုက် အဖေရယ် ငွေနှစ်ရာလောက် ပို့လိုက်စမ်းပါ ဆိုတဲ့ ကဗျာမျိုး ရေးတတ်လာမယ်။) လိုလျှင်ကြံဆ နည်းလမ်းရပညာ၊ (တချို့ဆို လည်ပင်းကဆွဲကြိုး တစ်ဆစ်ချင်းဖြုတ်ရောင်းလို့ ကျောင်းမပြီးခင် လည်ပင်းအစ်ကုန်သတဲ့) နှိုင်းနှိုင်းချိန်ချိန် သုခမိန်အတတ်၊ (ဒါမှမတတ်ရင် ကြပ်တိုင်းဝင် ဘွဲ့ရရော) မိတ္တဗလဋီကာအတတ်၊ (လူကိုခင်ပါသည် အကြွေးသည်းခံပါဆိုတဲ့စကားကို ပါးစပ်ကမပြောပဲ မျက်နှာထားနဲ့ သရုပ်ဖော်ကြည့်။ ပြီးရင် အဲ့လောက်လေးများ တွန့်တိုစရာလားဆိုတဲ့ မျက်နှာထားကို မှန်ထဲကြည့် ဆက်ကျင့်။) ရည်းစားရှိတဲ့သူများကျတော့ မိန်းမစိတ်ကျမ်းပေါ့။ (ကိုထူးဆန်း ဆိုရင် လာပါပြီိ ဆွိရေ၊ တော့ ကတွတ်ပီ ဆိုရင် အမိန့်တော်မြတ်အတိုင်းပါ မျှင်။ နှစ်ခါမသင်ရစေနဲ့နော်)

            အဲသည်ပညာရပ်တွေနဲ့အတူ ကိုယ့်ကိုယ်မှာ ထုံမွှန်းလာမှာကတော့ အမိတက္ကသိုလ်ကြီးရဲ့ ပညာရနံ့ပေါ့။ ပညာတတ်ဆိုတာ ပညာတတ်ပီပီ ပညာနဲ့ ချင့်ချိန် စဉ်းစားတယ်။ သူများပြောတိုင်း မယုံဘူး။ သူများခိုင်းတိုင်း မလုပ်ဘူး။ ကျောင်းပြီးလို့ သည်ပညာနဲ့ အလုပ်မလုပ်ချင်ရင် ရတဲ့ဘွဲ့လက်မှတ်ကြီး သေတ္တာထဲထည့် သိမ်းထားလိုက်မယ်။ သည်ပညာရပ်ကို သေးသိမ်ညှိုးငယ်အောင် ပညာတတ်နဲ့ မလျော်ညီတဲ့အလုပ်တွေကို မလုပ်ဘူး။ ကန်တော့ပါရဲ့။ မရိုသေ့စကား။ မလွှဲသာတဲ့ဘဝအကြောင်းကြောင့် ပြည့်တန်ဆာ ကြေးစားဘဝကို အမှတ်မထင်ရောက်သွားရင်တောင် ကျွန်တော်ကျွန်မကတော့ ဆရာဝန်ပြည့်တန်ဆာပါ။ အင်ဂျင်နီယာပြည့်တန်ဆာပါ။ လို့ ဂုဏ်မဖော်ဘူး။ ဘာဖြစ်လို့ အဲသည်စကားပြောရသလဲဆိုတော့ ပညာမတတ်ပဲ ပြည့်တန်ဆာအဖြစ်လုပ်စားတဲ့ တချို့သူများဟာ သူတို့ဈေးကွက် ထင်ပေါ်မှုအလို့ငှာ ဆရာဝန်အသွင်၊ နပ်စ်မလေးအသွင်၊ ကျောင်းဆရာမလေးအသွင်၊ ဟန်ဆောင်ဖန်ဆင်းလို့ လုပ်စားကိုင်စားရှိကြတယ်။ တကယ့်ပညာတတ်ရိုးမှန်ရင်တော့ ကိုယ်တတ်တဲ့ပညာ၊ အပတ်တကုပ် သင်ကြားလာရတဲ့ပညာကို ချနင်းရက်မယ်မထင်ဘူး။ လူတစ်ယောက် ပညာတတ်သွားပြီဆိုလို့ရှိရင် မင်းဘာတွေ လုပ်သလဲ လို့ မေးကြည့်။ ဖြေစရာ များများစားစား ရှိမယ် မဟုတ်ဘူး။ မင်း ဘာတွေ မလုပ်ဘူးလဲ လို့ မေးကြည့်။ သူ့အဖို့ သူ့ပညာနဲ့ မလုပ်သင့် မလုပ်အပ်သော အလုပ်တွေ ပြောမကုန်အောင် ရှိတယ်။ အဲ့ဒါတွေကိုသိမှ မလုပ်ပဲစောင့်ထိန်းမှ ပညာတတ်အစစ်ဖြစ်တယ်။ ပညာရှင်ဆိုတာ ပိုက်ဆံနဲ့ အသက်မွေးတယ်။ သို့သော် ပိုက်ဆံကို ကျွန်မခံဘူး။ အာဏာရှင်ကို ခစားတယ်။ သို့သော် အာဏာရှင်ရဲ့ လက်ပါးစေမဟုတ်ဘူး။

             ပညာမှာ အနံ့အရသာတင်ရှိတာ မဟုတ်ဘူး။ အရောင်အဆင်းလည်း ရှိတယ်။ ပညာတတ်တစ်ယောက် ဆင်းရဲချင်ဆင်းရဲမယ်။ နွမ်းဖတ်ညှိုးမှိန်နေချင်နေမယ်။ ဒါပေမယ့် ပညာမတတ်တဲ့ ဆိုက်ကားသမားတစ်ယောက် ချဲပေါက်လို့ ရွှေတစ်ဆယ်သား ဝတ်ထားတာနဲ့ ယှဉ်ရပ်ရင် သူ့ကိုယ်သူ သိမ်ငယ်နေမှာ မဟုတ်ဘူး။ ဒီခေတ်ကြီးထဲမှာ ဘွဲ့ရ ပညာတတ် ဆိုက်ကားသမားတွေ အများကြီး ရှိတာပေါ့။ အဲသည်ဆိုက်ကားသမားထဲမှာပဲ သွားကြည့်။ ဘွဲ့ရတဲ့ ဆိုက်ကားသမားဟာ ဘွဲ့မရတဲ့ ဆိုက်ကားသမားနဲ့ အတွေးအမြင် အယူအဆ ဘယ်လိုမှ မတူနိုင်ဘူး။ ပိုက်ဆံရှိရင် ဘွဲ့ဆိုတာ ဝယ်လို့ရပါတယ်။ ဘယ်နှစ်ဘွဲ့ လိုချင်သလဲဆိုတဲ့သူတွေကို ပြောချင်တယ်။ ဝယ်လို့ရရင် ဘွဲ့ဆိုတာ စာရွက်တော့ ရမယ်။ ပညာတွေ ပါလာမှာ မဟုတ်ဘူး လို့။ အက္ခရာတွေပါလို့ ပညာတွေ အကုန်ရမယ်ထင်ရင် ကုသိုလ်တော်ဘုရားကြီး အပိုင်ဝယ်ထားလိုက်လေ။ ဘယ်ပညာတတ်မှ ဘွဲ့ယူတဲ့အခါ သိကြား ဗြဟ္မာတွေ ခြံရံပြီး ထီးဖြူကြီးဆောင်းလို့ တက်မယူဘူးဗျ။

             “ရွှေပြုံးက ပန်းခွာညို မွှေးလှတယ်ဆို။ ပန်စေလို။ လောင်းညို လှေကလေးနဲ့ ချိုးတင်ခဲ့လေး။” တဲ့။ တောင်ပြုံးက ခွာညိုပန်း ပန်ချင်ရင် လှေကလေးနဲ့ တောင်ပြုံးအရောက်တော့ သွားချိုးမှရမယ်။ တက္ကသိုလ်ပညာတတ်ချင်ရင် တက္ကသိုလ်ရင်ခွင်မှာ ခိုလှုံခဲ့ဖို့တော့ လိုမယ်။ ဘာဖြစ်လို့ သည်စကားပြောရသလဲဆိုတော့ သည်နေ့ခေတ်အခါမှာ အွန်လိုင်းမှာ အဆိုင်းမင့်တင်ရုံနဲ့ မာစတာ၊ ဒေါက်တာ၊ ဖော်လိုဝါ ဖယ်လိုရှစ်များ ဖြစ်နိုင်ကုန်ပြီတဲ့။ အင်္ဂလန်က တော်ဝင်သမားတော် အသင်းကြီးတောင် သူတို့ဆီခေါ် သင်ကြားလေ့ကျင့်မပေးတော့ပဲ ကိုယ့်ဆီလာ ပိုက်ပိုက်တွေယူပြီး Yes, No, Go to Jail အဆီအငေါ်တည့်အောင်ဖြေနိုင်ရင် ဒီတင်ဘာရာ၊ အိမ်ဂလန်၊ တထိုင်တည်း ဘွဲ့လက်မှတ်တွေ ချီးမြှင့်နေတာကိုး။ Academic Atmosphere လို့ခေါ်တဲ့ ပညာရင်ငွေ့ကို ခိုလှုံခွင့်မရတော့ဘူး။ သူတို့ပေးတဲ့ဘွဲ့တွေဟာ ဂိမ်းကစားနိုင်လို့ လယ်ဗယ်တက်ပြီး ဘောနပ်စ်တွေ ရသလိုသာ ရှိတယ်။ သည်ပညာတတ်သွားတဲ့အတွက် ဘာတွေ လုပ်အပ်တယ်။ ဘာတွေ မလုပ်အပ်ဘူး ဘယ်သိမလဲ။ တက္ကသိုလ်ပညာဆိုတာ စာဖြေစာစစ် အလုပ်တစ်ခုတည်းလို့ သူတို့သဘောမပေါက်တာတော့ မဖြစ်နိုင်ပါဘူး။ တို့ဆီကလူတွေ ဖားထွက်ရိုက်သလို သူတို့လည်း အပြင်ထွက်ထွက် ရိုက်ကြတာပါ။ လူလည်ကြီး သားသမီးတွေ။

             အမိတက္ကသိုလ်ရင်ခွင်မှာ ခိုလှုံရတဲ့အခိုက် ကိုယ်တို့မှာ ပညာတွေချည့် ဆည်းပူးတိုးပွားတာ မဟုတ်ဘူး။ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ဖန်တီးတီထွင်မှု၊ ကိုယ်ကျင့်တရား အဲ့ဒါတွေ အားလုံးကို ပညာရှင်ရပ်ဝန်းအသိုင်းအဝိုင်းကြီးနဲ့ ကျူနင်ဝင်အောင် ပြုပြင်သွားတယ်။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားဟာ အရပ်ထဲက ကောင်စီလူကြီးသားနဲ့ယှဉ်ရင် အနေသာစုပ်ချင်စုပ်မယ်။ အထဲမှာ ရွှေထုပ်ထားတာ။ အစော်ကားတော့ ဘယ်ခံမလဲ။ ကြို့ကုန်းအနောက်ရပ်ကွက်ထဲက စန္ဒာဝင်း လက်ဘက်ရည်ဆိုင်မှာ ဖြစ်တဲ့ ကိစ္စဟာ ခိုင်ထူးသီချင်း လုဖွင့်တာ မဟုတ်ဘူး။ ပညာတတ်နဲ့ ပညာမဲ့နဲ့ ထိပ်တိုက်တွေ့တဲ့ ပြဿနာ။ သည်အခါမှာ နဂိုကတည်းက ပညာတတ်ကို မျက်မုန်းကျိုးတဲ့ အာဏာရှင်က ရက်ရက်စက်စက် နှိမ်နှင်းတဲ့အခါ အမှိုက်ကစ ပြဿဒ်မီးလောင်တာ။ သည်နေရာမှာ တစ်ခါ ပြောပြန်တယ်။ ဘုမသိဘမသိ အချောင်သေတဲ့ကောင်ကို တခမ်းတနား အာဇာနည်လုပ်ပြီး ဇမ်းတင်ချင်ကြတယ်တဲ့။ ဒါဆိုလည်း ထပ်ပြောလိုက်ဦးမယ်။ ဖုန်းမော် မှ မဟုတ်ဘူး။ ဘယ်ကျောင်းသားမဆို ကိုယ့်ကျောင်းပရဝုဏ်တွင်းမှာ ပညာသင်တဲ့ ကျောင်းအတွင်းမှာ သေနတ်မှန်လို့ သေရတယ်ဆိုရင် အဲသည်လူကို အာဇာနည်လုပ်မှာပဲ။ သည်အဖြစ်အပျက်မျိုး ပညာတတ်တွေအလယ် တက္ကသိုလ်နယ်မြေမှာ လာလုပ်တာကိုကို လက်မခံနိုင်တာ။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်။ သူတို့စွပ်စွဲသလို RIT ကျောင်းသားထုအတွင်း ဘာကွန်မြူနစ်မှ စိမ့်ဝင်လှုံ့ဆော်မှု မရှိဘူး။ ပညာတတ်တွေနေတဲ့ ရပ်ရွာမှာ ပညာတတ်တွေ နားရွက်ကို တံတွေးဆွတ်လို့ ပညာတတ်တွေ မခံမရပ်နိုင်ဖြစ်တာ။ အဲ့ဒီအတွေးအဲ့ဒီအမြင်မျိုးကို ကိုယ်ကိုယ်တိုင် ပညာတတ်တဲ့သူတွေကသာ ခံစားနားလည်နိုင်တယ်။ ဒါကတော့ စွယ်တော်ရိပ်အကြောင်းကို ရေးရင် စွယ်တော်ရိပ်ရဲ့ အမှောင်ရိပ်ထဲက သွေးကွက်ကြီးတွေကို မေ့လို့မရတဲ့အတွက် ထည့်ရေးရတာပါ။

             တကယ်တော့ တက္ကသိုလ်ကျောင်းက ဆင်းရင် ကိုယ်တို့ကို အတောင်တွေလည်း တပ်မပေးလိုက်ဘူး။ ချိုတွေလည်း သွေးမပေးလိုက်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကလေးတော့ ပုံသွင်းပေးလိုက်သား။ ပညာမာန် လို့ ခေါ်ချင်ခေါ်လို့ရမယ်။ ဖောက်ပြန်သော ဘူဇွာဥာဉ် လို့ ကင်ပွန်းတပ်ချင်လည်း တပ်မယ်။ ဒါပေမယ့် အဲ့ဒါမရှိရင် ဘာဖြစ်မလဲ သိလား။ ပညာတတ်တွေကို ပညာမဲ့တွေက အုပ်ချုပ်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့အလုပ် မဟုတ်ဘူး လို့ ကိုယ်တစ်ခါ စတေးတပ်စ်တင်ဖူးတယ်။ အဲသည်ပညာတတ်ထဲက ပုဆိန်ရိုးတစ်ချောင်းပဲ ရအောင်ရှာနိုင်ရင် ပညာတတ်တစ်တောလုံး ပြောင်အောင် ခုတ်လို့ရတယ်လေ။ ကိုယ်တို့ကြုံခဲ့တဲ့ ဖြစ်ရပ်တွေဟာ သည်အချိန်မှာ သမိုင်းတွေ ဖြစ်ကုန်ပြီ။ ဒေါက်တာမောင်မောင် ဟာ ဦးနေဝင်းပါတီမှာ အားအထားရဆုံး ပညာတတ်ကြီးပဲ။ သူဘာတွေ ရေးခဲ့သလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ အကုန်ပြန်ဖတ်လို့ရနေပြီလေ။ သူ့နောက်မှာကော ဘယ်သူတွေက ပညာရေးလောကကို အလင်းဆောင်သွားသလဲ။ ဘယ်သူတွေက ပုဆိန်ရိုး လုပ်သွားသလဲ အဖြေတွေက ပေါ်နေပြီ။ ပိုက်ဆံဆိုတာ သည်းခြေကြိုက်ပါ။ အာဏာဆိုတာ စေတစ်လုံးပါ။ ပညာဆိုတာကတော့ အလင်းရောင်သာ ဖြစ်ပါတယ်။ မသိမှု အဝိဇ္ဖာကို ပယ်ခွင်းနိုင်တဲ့ အလင်းရောင်ကတော့ သိမှုဝိဇ္ဇာ ပညာမှတပါး အခြား မရှိပါဘူး။ ပညာရဲ့တန်ဖိုးကို ပညာတတ်တဲ့သူမှသာ အမြတ်တနိုး တန်ဖိုးထားတတ်ပါလိမ့်မယ်။ ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ၊ အာဏာတွေ ဘယ်လောက်ရှိရှိ၊ ပညာမရှိခဲ့ရင် အမှားအမှန်ကိုလည်း ဘယ်မြင်နိုင်ပါ့မလဲ။ ဟုတ်ဘူးလား။ တချိန်တုန်းကတော့ အဲသည်တက္ကသိုလ်ကြီးထဲမှာ ပညာရင်ငွေ့တွေ ခိုလှုံစေပြီး ပညာတတ်တွေ အများကြီး မွေးထုတ်ခဲ့ဖူးပါတယ်လေ။

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...