Friday, March 25, 2016

ထားရစ်သောအတိတ် ချိုမြစေ


အိပ်ရာက နိုးတော့ အတော်လေးမှောင်၍ နေပြီ။ ခေါင်းရင်းက ပြတင်းတံခါးကို မပိတ်မိသဖြင့် အအေးမိချင် သလိုဖြစ်လာသည်။ အိပ်ရာပေါ်မှဆင်းလိုက်တော့ မိုက်ခနဲဖြစ်ချင်သည်။ အားနည်းနေရော့သလား။ အိမ်အပြင် မထွက်ဘဲ အိမ်ထဲတွင် ရှိသည့်စားစရာများကိုသာ ပြီးစလွယ်စားနေခဲ့သည်များက အာဟာရမဖြစ်မြောက်လေ ဘူးလား။
ထိုအခါမှ တစ်နေကုန် ဘာမှ မစားရသေးတာကို သတိရလိုက်သည်။ ဗိုက်ထဲမှာလည်း ဆာလောင်နေသလား၊ လေများဖြင့်ပဲ ပြည့်ကျပ်နေသလား ဘာမှမခံစားရတော့သလိုပင်။
အပြင်က အလင်းပြပြလေးသာ ဝင်နေပြီး အိမ်ခန်းတစ်ခုလုံး မှောင်ရီရီဖြစ်နေခြင်းက ပို၍ ညစ်ညူးစေသည်။
အိမ်နောက်ဖေးကို ဖြည်းဖြည်းချင်းလျှောက်လာရင်း အိမ်ရှေ့ဆီ မျှော်ကြည့်လိုက်မိသည်။ ခုလို မျှော်ကြည့်ရ သည်မှာ ဘယ်နှကြိမ်မျှ ရှိနေပြီလဲ။ ဘယ်နှရက်၊ ဘယ်နှလ လောက်များ ရှိနေပြီလဲ။ အဝါရောင်ခန်းဆီစများ တလူလူလွင့်နေသော ဤအိမ်ထဲသို့ မည်သူမျှ မလာတာ ကြာခဲ့ပြီ။ ဒီတံခါးဝသို့ ဘယ်သူမှ ဖြတ်သန်းမသွားလာခဲ့သည်မှာ ကြာလှပြီ။
ရပ်နေသည့်နေရာမှ အနည်းငယ်မျှ ရွေ့၍ မရတော့သလို အေးစက်၍ နေလေပြီ။ တစ်ကိုယ်လုံးချမ်းလာသ လိုလို၊ အဖျားတက်လာသလိုလို တုန်ခိုက်လာသည်။ တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ရင်ကောင်းမလား။
ဖုန်းဆက်ခေါ်ရမည့်အနီးဆုံးလူကို စဉ်းစားသော်လည်း သူကလွဲ၍ တစ်ယောက်မျှ ပေါ်မလာ။ ရှားပါးလိုက်တဲ့ မိတ်ဆွေ။ သူ့တစ်ယောက်တည်းကြည့်နေခဲ့သော ကာလများကြောင့် သူ့တစ်ယောက်တည်းသာ အရင်းနှီးဆုံး ဟု ထင်ယောင်မိနေခြင်းဖြစ်သည်။
ခုံပေါ်က တယ်လီဖုန်းကိုလက်လှမ်းယူရင်း အိမ်မက်ထဲတွင်ပင် မှတ်မိနေသည့် ဖုန်းနံပါတ်ကို နှိပ်မိသည်။ ဖုန်းခေါ်သံ သက်သက်သာ ကြားနေရပြီး ရင်ထဲ ထုံ၍လာသည်။ ဘဝသည် ရယ်စရာကောင်းလှသည်ဟု ထင်မိသည်။ စိတ်ပျက်လက်ပျက်စွာပင် အသံထွက်၍ ရယ်မိသည်။
ကျောင်းသူ ဘဝကတည်းက တတွဲတွဲနှင့် ချစ်မြတ်နိုးလာရသောသူ၊ ရည်းစားသက်တမ်း ၇ နှစ်မှာ နှစ်ဦး သဘောတူ လက်ထက်ပြီး သည်အိမ်လေးမှာ ရာသက်ပန်နေဖို့ ဆုံးဖြတ်ခဲ့သူ။ ဒါတွေဟာ ရယ်စရာတွေပါလား မောင်ရယ်။
ရုတ်တရက် နွားနို့ပူပူတစ်ခွက်ကို သူယူလာမယ်ထင်မိသည်။ ရှောစောင်လေးပါ သယ်လာပြီး အေးနေပြီမို့လား လာခဲ့ လာခဲ့ ဆိုပြီး သူလာထွေးတော့မလားဟု အိမ်ခန်းဝကို မျှော်မိသည်။ မျှော်စမ်း မျှော်စမ်း ဘဝရဲ့ နောက်ပိုင်း ရက်တွေဟာ မျှော်ရဖို့ပဲ ဖြစ်လာတော့သည်။
တဖြည်းဖြည်းနှင့် အိမ်ထဲတွင် ပိုပိုမှောင်လာသည်။ ထိုင်နေရာမှ ထမရသေး။ နေ့လယ်ခင်းတစ်ခုလုံး နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်ကို နောင်တရချင်သည်။ ဒီညကို ဘယ်လိုဖြတ်သန်းရတော့မလဲ။ မျက်လုံး အကြောင်သားဖြင့် တံခါးဝကိုငေးကာ သူ့ကိုမျှော်ရမည်လား။ တခြားသူတစ်ယောက်နှင့် ရှိနေသော သူ့ကို စိတ်ကူးပုံဖော်ကြည့်ကာ ရူးရမည်လော။ အတိတ်ဘဝဟောင်းများကို ပြန်တွေးကာ ငိုကြွေးရဦးမည်လော။ အရာရာ တိုင်းသည် အတွေးနှင့်ပင် ပင်ပန်းစရာကောင်းလှသည်ကို မောင်မသိနိုင်ပေ။
၁၀ နှစ်တာမျှ ယုံကြည်ခဲ့ရသော၊ မြတ်နိုးရသောသူသည် တခြားတစ်ယောက်ကို ချစ်မိပါသည်ဆိုသည် မှာ မျက်လှည့်ပြသည်နှင့်ပင် တူချေတော့သည်။ ခံစားချက်များပြောင်းလဲလွယ်သည်ကို အရင်းအမြစ် ရှာ၍ပင် မရပါ။
မောင်ထားခဲ့ရင် ဆိုသော အတွေးများ မည်သည့်အခါမျှ မတွေးခဲ့ဖူးသော ကျွန်မသည် မောင်တကယ်တမ်း ထားခဲ့နိုင်သောအခါ မည်ကဲ့သို့ ကျန်ရစ်ရမည်ကို မောင်မတွေးလေရော့သလား။ လက်ထပ် စာချုပ်လေး တစ်ခုမှာ လက်မှတ်ထိုးနိုင်ရန် အတူတကွ အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ကြသော်လည်း ကွာရှင်းစာချုပ်တွင် လက်မှတ်လေး ထင်လာရန်မှာ မောင်တစ်ယောက်အတွက် နာရီပိုင်းမျှပင်မကြာခဲ့ပါ။
အမှောင်သည် ချောက်ချားစရာကောင်းလှချေသည်တကား။ တချက်ချက်မြည်နေသော နာရီသံသည် အေးစက်ခြင်းနှင့် လိုက်လျောညီထွေရှိစွာ ကြောက်စရာကောင်းလှသည်။ တစ်ကိုယ်တည်းပါလား ဆိုသော အတွေးသည် မြေကြီးထဲ နစ်ဝင်သွားတော့မည့်အခါလို ကြောက်လန့်တကြားဖြစ်စေသည်။ ကက်ဆက်ဖွင့်လိုက်ရမလား၊ မီးဖွင့်လိုက်ရမလား။ သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းခေါ်ရမလား။ တကယ်တော့ ဘာမှမလုပ်နိုင်ဘဲ ထိုနေရာမှာပင် တောင့်တင်းစွာ ရှိနေပြန်သည်။
မှောင်မည်းနေသည့်အထဲမှ မျက်နှာချင်းဆိုင်တွင် ရှိနေသော ခုံပေါ်တွင် ကွာရှင်းစာချုပ်လေးကိုမြင်နေရ သလို ပင်။ ပြတင်းမှတိုက်လာသည့်လေနှင့်အတူ ထိုစာချုပ်ကို လွင့်သွားစေချင်သည်။ ထိုစာချုပ်သည် သံယောဇဉ်ကို မဖြတ်တောက်နိုင်သော်လည်း မောင့်သဘောထားကို အထင်းသားမြင်ရသည်မို့ ထိုစာချုပ်ကို ကြောက်လှသည်။
ဘဝအတွက် မှားယွင်းသူသည် သစ္စာမဲ့သော မောင်ဖြစ်ချင်ဖြစ်မည်၊ ဝမ်းနည်းထိခိုက်လွယ်သော ကျွန်မ ဖြစ်ချင်ဖြစ်မည်။ မောင့်ကို ချစ်သည်ဟု ရုတ်တရက်ဆိုလာသော ခပ်လှလှမိန်းကလေးဖြစ်ချင်ဖြစ်မည်။ လတ်တလောမှာတော့ ကြောက်နေရသူသည် ကျွန်မသာ ဖြစ်သည်။
အမှောင်ထဲမှ ကြိုးစားထကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ တကယ်တော့လည်း ကျွန်မ ဘာကိုမှ မတတ်နိုင်ပါ။ မောင့်ကို ပြန်ရရန် ကြိုးစားအားထုတ်မှုလည်း မပြုချင်တော့ပါ။ တံခါးခေါက်သံ ထွက်ပေါ်မလာသော အိမ်ပေါက်ဝဆီကိုလည်း မမျှော်ချင်တော့ပါ။ မောင်ထားခဲ့သော အမှတ်တရများကိုလည်း ကြောက်ရွံ့မနေချင်တော့။
အနာဂါတ်တွင် ခုညလို မှေးမှိန်ပြီးကြောက်စရာကောင်းမနေဖို့ စိတ်တွေကို ပြင်ဆင်ချင်သည်။ မောင်ထားခဲ့ သော အမှောင်ထဲတွင် ကျွန်မတစ်ယောက်တည်း ချောက်ချားနေခဲ့သည်မှာ ကြာခဲ့ပြီ။ ဘဝတွင် ဆုံးရှုံးသွား သော အရာတစ်ခုအတွက် ဤမျှအချိန်ပေးရလျှင် လုံလောက်သင့် ပြီ။
သံချောင်းခေါက်သံ ငါးချက်ကြားရပြီ။ လင်းလုပြီလား။ စေ့ထားသည့် အိမ်တံခါးဝဆီသို့ အားယူကာ လျှောက်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။မနက်ခင်းလေအေးက ဇီဇဝါပန်းနံ့နှင့်အတူ လှမ်းကြိုလိုက်သည်။ လင်းရောင်ပျို့ပျို့လေးထဲမှ ဇီဇဝါပန်းတို့ လန်းဆန်းနေကြသည်။ လျှောက်လှမ်းစရာလမ်း ကျန်သေးသမျှတော့ အားတင်းကာ လျှောက်လှမ်းရပေဦးမည်။ ဘဝတွင် လွမ်းဆွတ်ခြင်းဖြင့် မေ့မော၍ မနေလိုတော့ပါ။

မိ
24/3/2016
Photo by google

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...