Monday, April 11, 2016

အကယ်ဒမီနှင့် ကျွန်တော် || စိုပြေ ||

The Ladies News Journal

စိုပြေ ရုပ်ရှင်ရိုက်တော့မည်ဟု ဆိုလျှင် အံ့သြကြမည်လားမသိ။ မအံ့သြနှင့်။ တကယ်ရိုက်မှာ။ မြန်မာ့ရုပ်ရှင်လောကကို စိုပြေ ကယ်တင်မှ ဖြစ်တော့မည်။ စိုပြေသာ မကယ်လျှင် မြန်မာ့ရုပ်ရှင်လောက ပျက်ဖွယ်သာ ရှိတော့၏။ အဲ့ဒါကြောင့် ယမန်နေ့ညနေပင် စိုပြေ ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်လိုက်ပြီ။

စာချုပ်ချုပ်တယ်သာဆိုတာ တကယ်တော့ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ရိုက်ခြင်းသာဖြစ်သည်။ စာချုပ်က စက်တွေဘာတွေ ငှားဖို့ချုပ်တာ။ တိုတိုပြောရလျှင်တော့ စိုပြေ ရုပ်ရှင်ရိုက်ပြီ။ ဒါရိုက်တာလည်း စိုပြေ။ မင်းသားလည်း စိုပြေ။ မင်းသမီးလည်း အဲ... မင်းသမီးကတော့ စိုပြေ့ ချစ်သူပေါ့လေ။ အခြား နာမည်ကြီး မင်းသမီးတွေငှားနေလျှင် ပိုက်ဆံကုန်ဦးမည်။ နောက်ပြီး မင်းသမီးငှားနေလျှင် စိုပြေ့ချစ်သူလေးကလည်း စိတ်ကောက်နေဦးမည်။ ချစ်သူနှင့် နှစ်ယောက်ထဲ ရိုက်မည်ဆိုတော့ ဟိုကားဒီကား ထင်မနေနဲ့ဦး။ တကယ် ရုပ်ရှင်ကားကြီး ရိုက်မှာ။ ၀က်ဝက်ကွဲ အောင်မြင်မည့်ကားနော်။
အဲ...။ စက်တွေလည်းရပြီ။ ကင်မရာမန်းတွေ၊ မီးထိုးမှန်ထိုးတွေလည်း ရှိပြီ။ ဘာက စရိုက်မလဲ။ ဇာတ်ညွှန်းကစ မေ့ပြီ။ ဇာတ်ညွှန်း ၀ယ်ရင်ကောင်းမလား။ ပိုက်ဆံကုန်သည်။ စိုပြေဘာသာ စိုပြေဘဲ ရေးတော့မည်။ အဲ...။ ရေးနေရင် ကြားဦးမည်။ လက်တန်းရိုက်တာပဲ ကောင်းသည်။
ဇာတ်လမ်းအစ။ ရွာထဲကို သူပုန်တွေ ၀င်လာသည်။ အဲ..။ သူပုန်ဆိုရင် မဖြစ်သေး။ သောင်းကျန်းသူလား။ မဖြစ်သေး။ ၀ိုင်းဆဲခံရနိုင်သည်။ ဓားပြတွေပဲ ထားလိုက်မည်။
“တစ်ယောက်မှ မလှုပ်နဲ့ နင်တို့ ယောင်္ကျားတွေအကုန်လုံး တခုလပ်တွေ ဖြစ်ကုန်မယ်” ဓားပြဗိုလ်က မိန်းမတွေကို ကြိမ်းလိုက်ခြင်း ဖြစ်သည်။
မိန်းမတွေက ပွစိပွစိနဲ့ စကားများတာကိုး။ ပြီးတော့ ဓားပြဗိုလ်က ရွာက ပစ္စည်းတွေအပြင် သူကြီးသမီး ကွမ်းထောင်ကိုင်ကိုပါ ဖမ်းခေါ်သွား။ အဲ့သူကြီးသမီးက မင်းသမီး။ ဓားပြဗိုလ်ကလည်း မင်းသားပဲ။ ဟဲဟဲ... စိုပြေပေါ့လေ။
အဲ..အဲ...။ ပြောရဦးမည်။ ဓားပြဗိုလ်နှင့် မိန်းကလေးသည် ဇာတ်လမ်းရှိခဲ့ဖူးသည်။ ဓားပြဗိုလ်စိုပြေက အရင်တုန်းက ထိုရွာသား။ ဆင်းရဲသားလေးပေါ့လေ။ အလှူတစ်ခုတွင် မင်းသမီးနှင့် အတူတူထိုင် စားနေရင်း....။ “ဘူ” ဆိုပြီး အီးပေါက်လိုက်မိသည်။ တစ်ဝိုင်းထဲထိုင်နေသူ မင်းသမီးက နံလွန်းသဖြင့် “နင်ယုတ်မာလှချည်လား။ လူလယ်ခေါင်မှာ အီးပေါက်တယ်။ နံလိုက်တာ လွန်ပါရော” ဟု ပြော။ ထိုအခါ စိုပြေလည်း ရှက်ရှက်နှင့် ထအပြန်။ ပုဆိုးက ကျွတ်။ ပုဆိုးကို ပြန်ကုန်းကောက်စဉ် အီးက ထပ်ပေါက် “ဘူ” ထိုကတည်းက ရှက်လွန်းလို့ ရွာမပြန်။ နောက်ဆုံး လူဆိုးတွေနှင့် ပေါင်းမိ။ သေနတ် မပစ်တက်၊ လက်သီး မထိုးတက်သော်လည်း ဖားတက်လွန်းသဖြင့် နေရာရ။ နောက်ဆုံး ဓားပြဗိုလ်ကြီး သေရာတွင် စိုပြေ့ကို ခေါင်းဆောင်အဖြစ် လွှဲခဲ့။ ဒီလိုနှင့် စိုပြေဟာ ဓားပြဗိုလ်မင်းသား ဖြစ်လာ။
ငယ်ငယ်တုန်းက အရှက်ကွဲခဲ့သည့် ရွာကို ပြန်လာ။ အရှက်ခွဲခဲ့သည့် ကောင်မလေးကိုရှာ။ ဖမ်းခေါ်သွား။ နောက်ဆုံး ချစ်သွား။ ပြန်မလွတ်။ မင်းသမီးကို ဖမ်းခေါ်သွားရာ မင်းသမီးရဲ့ ရည်းစားက ရဲအရာရှိ။ ဟဲဟဲ....။ အဲ့ရဲအရာရှိကလည်း စိုပြေပဲ။ စိုပြေ နှစ်ကိုယ်ခွဲပေါ့။ ရဲအရာရှိစိုပြေက ဓားပြဗိုလ်စိုပြေနောက်ကို ပါသွားသည့် မင်းသမီးကို လိုက်ရှာ။
နောက်ဆုံးမှာ မင်းသမီးက ဓားပြဗိုလ်စိုပြေကို ကြိုက်လုကြိုက်ခင်ဖြစ်နေ။ အဲ့အချိန်မှာ ရဲအရာရှိစိုပြေက ဓားပြစခန်းကို ရောက်လာ။
“မင်းတို့ကို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ။ လက်နက်ချ အဖမ်းခံပါ” ဘာညာ ဖိန့်ဖိန့် ပြော။ “လက်နက်တော့ မချဘူးကွ။ ကျည်ဆံပဲရမယ်...။ ဒိုင်းညှောင့်.... ဒိုင်းညှောင့်” ရဲစိုပြေနဲ့ ဓားပြစိုပြေ ချကြ။ မင်းသမီးလေးကတော့ ဝေခွဲမရဘူးပေါ့။ ဘယ်ဘက်ပါရမလဲ။
နောက်ဆုံးမှာ သေနတ် မပစ်တက်သည့် ဓားပြဗိုလ်စိုပြေကို ကျည်ဆံထိ။ ဓားပြတွေ ထွက်ပြေး။ သေတဲ့ကောင်လဲ သေမှာပေါ့လေ။ မင်းသမီးက ဓားပြဗိုလ်စိုပြေကို ထွေးပွေ့ထား။ “ဖြစ်မှဖြစ်ရလေ ကွီးစိုပြေရဲ့” ဟု ငိုချင်းချ။
အဲ့အချိန်မှာ ရဲစိုပြေက “အော်... မင်းတို့က ဒီအခြေအနေထိတောင် ရောက်နေမှကို” ဟုပြော။ “အဲလို မဟုတ်ပါဘူး ကိုကိုစိုပြေရယ်။ ခေးတို့က ရိုးရိုးသားသားတွေပါ” ဆိုပြီး မင်းသမီးက ပြန်ပြော။
အဲ့အချိန်မှာ ဓားပြဗိုလ်စိုပြေရဲ့ အမေ ရောက်လာ။ ငို။ ပြီးတော့ ရဲအရာရှိ စိုပြေကို ကြည့်ပြီး။
“မင်း...မင်း... မင်းက ဦးရွှေဝါရဲ့ သားမဟုတ်လား” လို့ ဓားပြဗိုလ်စိုပြေ့အမေက မေး။
“ဟုတ်ပါတယ်အန်တီ”
“ဒါ...ဒါ...ဒါဆို မင်းက သေနတ်နဲ့ ပစ်တာ မင်းညီလေးလေကွယ်”

ဘာ... ဘယ်လို...”
“အေး ဟုတ်တယ်ကွဲ...။ မင်းအဖေနဲ့ ငါ ကွဲတော့ သူက မင်းကို ခေါ်သွားတယ်။ ငါက မင်းညီလေးကို ခေါ်သွားတာ”
“ဟာ...။ ညီလေး.. ညီလေး...။ အဖြစ်ဆိုးလှချည်လားကွာ....”
“ကဒ်”
နောက်ဆုံးမှာ ရဲအရာရှိ စိုပြေနဲ့ မင်းသမီး ညား။ အရာရှိစိုပြေက သူအမေကို ပြန်ခေါ်သွား။ ဓားပြဗိုလ်စိုပြေက နတ်ပြည်ကို ရောက်။ နတ်သမီးဖြစ်။ နတ်သားတဖက်ငါးရာနဲ့ ကြုံ။
အဲ့ကားရိုက်ပြီးသော်လည်း တင်စရာ ရုပ်ရှင်ရုံမရှိသဖြင့် ၂ နှစ်လောက် စောင့်လိုက်ရသည်။ ရုံတင်ပြီး ပြတော့လည်း အောင်မြင်။ ၀က်ဝက်ကွဲ။ ကြိတ်ကြိတ်တိုး။
အကယ်ဒမီပေးတော့လည်းကြည့်ဦး။ မင်းသားဆုလည်း စိုပြေ။ ဇာတ်ပို့မင်းသားဆုလည်း စိုပြေပဲ။ နှစ်ကိုယ်ခွဲပေမဲ့ ကောင်းလွန်းလို့ နှစ်ဆုခွဲပေးတာ။ မင်းသမီးဆုက စိုပြေ့ချစ်သူ၊ ဇာတ်ပို့မင်းသမီးဆုက စိုပြေ့အမေ။ ဒါရိုက်တာဆု ကလည်း စိုပြေပဲရိုက်တာလေ။ ဇာတ်ညွှန်းကလည်း စိုပြေပဲ။ ဇာတ်ကားဆုကလည်း စိုပြေပဲ။ အသံဖမ်းဆုရော၊ ဓာတ်ပုံဆုရော စိုပြေပဲရတာလေ။ အခြားလူငှားနေရင် ပိုက်ဆံကုန်မှာဆိုးလို့ ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တာ။
အဲ့တော့ နောက်ဆုံး အကယ်ဒမီပေးပွဲကို အခြားနေရာမှာ မလုပ်တော့။ စိုပြေ့ အိမ်မှာပဲ လုပ်လိုက်တော့သည်။
အကယ်ဒမီ စိုပြေ
The Ladies News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...