Friday, April 15, 2016

♠ အယ်ဖြူ မှောက်ထားသောဖဲတချပ် သို့ အယ်ဖြူ ရဲ့ နောက်ဆုံးခရီး ♠

Music Crazy Te Te Tar Tar

ဒီအိမ်လေးထဲစောင့်နေမယ်တဲ့
တင်ဇာမော်က ချစ်စမ်းမောင်ရဲ့ပီတီအယ်လ် စတူဒီယိုက
Vocal အသံခန်းထဲကနေ သီချင်းကိုဆိုရင်းနဲ့ မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး ငိုနေတယ်၊
ဘာဖြစ်တာလဲဟ ဆိုတော့ နားကျပ်ကိုဖြုတ်ပြီးထွက်လာတယ်။
ဘာဖြစ်လို့ လည်းမေးပြန်တော့ ကိုအယ်ဖြူကို သတိရလာလို့တဲ့
ဟဲ့နေပါဦး အယ်ဖြူရှိပါတယ်။ ဘာမှမဖြစ်ပါဘူး နင့်ဟာဘယ်လို
ဖြစ်ရသလဲဟယ်ဆိုတော့၊ မသိဖူးတဲ့ စိတ်ထဲမှာငိုချင်လာလို့ တဲ့

သူ့မိန်းမရယ်၊ သူ့သားလေးရယ်ဟာမသိဖူးကွာ သူအဲဒါရေးတာ
နေမှာပဲပြောပြီးအားရအောင် ဆက်ငိုပါတယ်၊
ခနနေတော့မှ
အသံဖမ်းအင်ဂျင်နီယာကို ရပြီ သူဆက်ဆိုမယ်တဲ့။
တစ်ခုတော့ရှိပါတယ် အယ်ဖြူကျန်းမာရေးမကောင်းတော့ဖူး
ဆိုတာက ကြားနေရမြင်နေကြရပြီ။
တစ်ရက်ကြတော့ တင်ဇာမော်က ကိုအယ်ဖြူ ဗဟိုစည်
ဆေးရုံရောက်နေပြီ အခုသူနဲ့ ချောစုခင်ရောက်နေပြီတဲ့
ငါ့တော့မခေါ်ဖူးဆိုတော့မနက်ဖန်တစ်ခေါက်ထပ်သွားမယ်၊
အေးအေးလို့ ပြောပြီး မျက်စေ့ရှေ့မှာပဲရှိတဲ့သီချင်းစာအုပ်
တစ်အုပ်ကိုလှန်လိုက်တယ်၊ အယ်ဖြူရေးတဲ့လတ်တလော
သီချင်း(၃)ပုဒ်ကိုတွေ့ ပါတယ်၊ သီချင်းစာသားတွေက
အယ်ဖြူကပြန်သွားနေပြီ၊ တင်ဇာမော်ရောက်လာတော့ ငိုလျက်ပဲ
ဘာတဲ့လည်းဆိုတော့ ကိုအယ်ဖြူမခံတော့ဘူးတဲ့၊ နင့်ဘယ်သူ
ပြောလဲ၊ သူ့ မိန်းမသဲနီပြောတယ်၊အားလုံးပြောပြလိုက်တယ်၊
ဆရာဝန်ကလည်း ပြောပြီးပြီတဲ့၊ မဟုတ်သေးပါဘူးဟာ၊
ဒါပေမယ့်သီချင်းတွေကတော့ သူလာလမ်းကိုပြန်မယ်ဆိုတာ
ချည်းပဲ လို့ ပြောလိုက်မိပြီး ကိုယ်လည်း ထိုင် မရ၊ ထ မရ ဒုက္ခပါပဲ
နောက်ဆုံးတွေ့တုန်းက ဆားလင်းကြီးကညောင်ပင်အိုင်ဆရာတော်
အကြောင်းမေးလို့ ပြောပြနေရင်းက သူ(၅)နှစ်လောက်တော့
နေချင်သေးတယ်တဲ့ လုပ်ချင်တာလေးတွေရှိသေးတယ်ပြောလို့ 
နင်ကဘာဖြစ်လို့ ဈေးဆစ်နေတာတုန်း ဘာမှလည်းမဖြစ်ပဲနဲ့ 
ပြောလိုက်သေးတယ်။
ဆေးရုံသွားမယ့်မနက်ကြတော့ ပုသိမ်ကတေးစီးရီးထုတ်လုပ်သူ
တစ်ယောက်အိမ်ပေါ်တက်လာတယ်၊ နာမည်မေ့နေပြီ၊
ပထမတစ်ခွေအတွဲခွေပေါ့ စီစဉ်ထုတ်လုပ်လိုက်တာ
ခွေပေါက်တယ်၊ အဲဒီထဲကပါတဲ့တင်ဇာမော့်သီချင်းလည်း
ပေါက်ပါတယ်၊ တင်ဇာမော်က အဲဒီကာလကအတွဲခွေဆိုခဲပါတယ်၊
ဒီထုတ်လုပ်သူက ကိုမြင့်မိုးအောင်တို့ ပုသိမ်ကကိုဆီကိုတို့ 
သူငယ်ချင်းမိတ်ဆွေပဲ၊ သူကရိုးရိုးပဲပြောပါတယ်၊
အခုမှ ခွေစလုပ်တာ စလုပ်တဲ့ခွေလေးပေါက်တော့ အခုခွေလည်း
ရှေ့ ကအတိုင်းလူစုံပဲလုပ်ရပါတယ်၊ ဒီတော့ မတင်ဇာမော် မပါလို့ 
လည်းမရပါဘူးဆိုထားပြီးသားထဲက သူကြိုက်ပြီးရွေးထားတာ
လေးတစ်ပုဒ်ကိုသုံးပါရစေ၊ ကျသင့်သလောက် ရေး၊ဆို၊ တီးဝိုင်း၊
စတာတွေရှင်းပါ့မယ်၊တင်ဇာမော်က အားနာနေပါတယ်၊
ရပါတယ်သူပါပါ့မယ်ပေါ့၊ ကျွန်တော်က ဘယ်သီချင်းလည်းမေးပါတယ်၊
ကိုအယ်ဖြူရေးတဲ့ အိမ်စောင့်သူ တဲ့
ဟာ မဖြစ်ဘူးဗျ၊ အဲဒါခွင့်ပြုလို့မရဘူးလို့ တစ်ခါထဲကျွန်တော်က
ငြင်းပါတယ်၊ တင်ဇာမော်က အားနာနေတယ် ဟုတ်ပါ့ တစ်ခြား
သီချင်းတစ်ပုဒ်ပုဒ်စဉ်းစားပါလားဆိုတော့ အဲဒီထုတ်လုပ်သူကလည်း
တစ်ခြားတစ်ပုဒ်ကိုဆက်နားမထောင်ထားတော့တာတဲ့ အဒီသီချင်းက
လွဲရင်သူလည်းကျန်တာအသင့်မဖြစ်သေးဖူးပဲ၊ ကျွန်တော်ကတော့
တင်ဇာမော်ရဲ့လက်ရွေးစင်(၂)ထွက်မယ်၊ ခွေကထုတ်လုပ်သူ
တစ်ယောက်ဝယ်တောင်သွားပြီးပြီ၊ အဲဒီသီချင်းပါနေတယ်လို့ 
အမှန်အတိုင်းပဲ၊ စာချုပ်ပါ သီချင်းလစ်စ်ပြလိုက်ပါသေးတယ်၊
တကယ်တော့အခုပဲ အယ်ဖြူဆေးရုံတက်တဲ့ ဗဟိုစည်ဆေးရုံ
သွားမလို့ ပြင်နေတာ၊ အယ်ဖြူ့ သီချင်းတက်ဝယ်တော့ အသင့်
မဖြစ်သေးတဲ့အပြင် ရုတ်တရက်လန့် သွားတာလည်းပါပါတယ်၊
အစုံပေါ့။
အဲဒီတော့ တင်ဇာမော်က အဆင်မပြေရင်လည်းသူ့ဖြုတ်လိုက်ပါ
ဆိုတော့မဟုတ်ပါဘူး သူတစ်ခြားသီချင်းနားထောင်လိုက်ပါ့မယ်ပေါ့
အခုကိုအယ်ဖြူဆေးရုံတက်နေတာသွားမလို့ သိလားဆိုတော့
သူမသိသေးဖူးတဲ့ သူနဲ့ ရင်းနှီးပါတယ်တဲ့၊ သူလည်းသွားချင်တယ်တဲ့
တင်ဇာမော်က အယ်ဖြူစားလို့ ရတာတွေမေးလာတော့ အဲဒါတွေ
သွားဝယ်မယ်ဆိုပြီးထွက်သွားပါတယ်၊ ကျွန်တော်နဲ့ ထုတ်လုပ်သူက
အေရှပလာဇာက လက်ဖက်ရည်ဆိုင်ထိုင်မယ်ထွက်ခဲ့တယ်၊
ထုတ်လုပ်သူက လက်ဖက်ရည်ဆိုင်ကထတော့ သူအယ်ဖြူ့ ဆီလည်း
သွားလိုက်ပါ့မယ်၊ နောက်သီချင်းလည်းနားထောင်ထားပါမယ်။
ကျွန်တော်အေရှပလာဇာထဲအဝင်မှာ ဖုန်းဝင်လာတယ်
အယ်နောင်း၊ အခုပဲ အယ်ဖြူဆုံးသွားပြီ၊
အေး ငါလာပြီ၊ တင်ဇာမော်ကိုဖုန်းဆက်လိုက်တယ်
အယ်ဖြူဆုံးသွားပြီ ငါ့လာမခေါ်နဲ့ တော့ ကိုယ့်ဖာသာဗဟိုစည်ကို
ပြေးတော့ ငါလည်းအခုဗဟိုစည်ပြေးပြီ။
ရောက်တော့ ဘိုဖြူနဲ့ ကိုအောင်က ဆေးရုံဝန်ထမ်းတွေနဲ့ အယ်ဖြူကို
ပိတ်စဖြူနဲ့ ပတ်နေပြီ၊ ဆေးရုံအောက်လမ်းကြားလေးထဲက ဒက်ဘော်ဒီ
တွေထားတဲ့အခန်းထဲက ကုတင်ပေါ်ကိုပြောင်းပြီးထားလိုက်ပြီ
ကျွန်တော်တစ်ယောက်ထဲ အ်းဖြူကိုစောင့်ဖို့ ထားခဲ့ကြပြီ၊
ကုတင်ပေါ်မှာအယ်ဖြူကပိတ်ဖြူပတ်ပြီး ဘော်ဒီသယ်ဖို့ အိတ်နဲ့ ထည့်ပြီး
ကြိုးချည်လျက်၊ ကျွန်တော်က သူ့ခေါင်းနဲ့ တည့်တည့်မှာ ငုတ်တုတ်
ဝန်ထမ်းတစ်ယောက်ရောက်လာတော့ မှောင်တယ်လင်းအောင်
လုပ်ပေးပါဆိုတော့ ဖန်ချောင်းကျွမ်းနေတာဗျတဲ့၊ ပိုက်ဆံယူပါ
ဖန်ချောင်းဝယ်ပေးပါ၊ အလင်းရောင်ရအောင်လုပ်ပေးပါဆိုတော့
ကူညီပါတယ် ခနနေတော့လင်းချင်းသွားမှပဲ စိတ်ကနည်းနည်း
ပေါ့သလိုခံစားရတယ်၊ လမ်းကြားလေးထဲကို ခနနေတော့ တစ်ယောက်ပြီး
တစ်ယောက်ရောက်လာကြတယ်၊ အစီအစဉ်တွေလည်းပြောလာကြပြီ
ဒီနေ့ ပဲမီးသဂြိုလ်မယ်၊ ထိန်ပင်သုသာန် ကိုမြင့်မိုးတို့သွားနေပြီ
လာတဲ့သူတွေကတစ်ယောက်ပြီးတစ်ယောက် အဲဒီကြိုးကိုဖြည်ပြီး
အယ်ဖြူ့ မျက်နှာကိုကြည့်တယ်၊ ငိုတယ် ကျွန်တော်ဘာမှမဖြစ်ဖူး
ခနနေတော့တစ်ယောက်ထဲပြန်ဖြစ်သွားပြန်တယ်၊ ချောစုခင်ရောက်လာ
တယ်၊ ဆရာကျောင်းတစ်ယောက်ထဲလား ချောစုလည်းစောင့်ပေးမယ်
ဆိုတော့ အေးကောင်းသားဟယ် ငါတစ်ယောက်ထဲ ရတော့ရတယ်
ဒါပေမယ့်အဲဒီကြိုးဖြည်လိုက် ပြန်ပိတ်လိုက်က ငါမခံနိုင်တော့ဖူး
ဖြစ်နေတယ်။
လမ်းကြားလေးအတိုင်းဖြိုးကြီးဝင်လာတယ်၊ သူကြိုးကိုဖြည်ပြန်တယ်
ဖြိုးကြီးရယ် တော်ပါလို့ ကျွန်တော်တားတော့ ဖြိုးကြီးက ကျွန်တော့်ကို
ပြပါဆရာကျောင်းရယ်ငိုပါတယ်၊ ချောစုကပြလိုက်ပါဆရာကျောင်းရယ်
ချောစုပြန်ချည်ပါ့မယ်ဆိုပြီး ဖြိုးကြီးကိုကြည့်ခိုင်းတယ် ဖြိုးကြီးက
အယ်ဖြူ့ မျက်နှာကိုနမ်းပြီးတော့ ဖိနပ်ချွတ်ပြီးအယ်ဖြူကို ထိုင်လည်း
ကန်တော့ရော မျက်ရည်တွေက ဘယ်ကဘယ်လို ကျလာတော့တယ်
မသိဖူး၊ ဖြိုးကြီးကထလာပြီးကျွန်တော့်ကိုဖက်ငိုတော့ပိုဆိုးရော
ယောကျာင်္းနှစ်ယောက်က ငိုနေတာကို ချောစုခင်ကချော့နေရတော့တယ်၊
ဖြိုးကြီးရောကျွန်တော်ရောကခံစားရတာတူပါတယ် သူဈေးဆစ်တဲ့
(၅)နှစ်ကို ၂ယောက်စလုံးသိတဲ့သူတွေပါ၊ ကျွန်တော်က ဖြိုးကြီးကန်တော့မှ
အယ်ဖြူ သူချစ်တဲ့သူတွေနဲ့ သူလုပ်ချင်တာလေးတွေကျန်သွားရပြီဟဲ့လို့
ဆို့ တက်သွားတာပါပဲ၊
ချောစုရယ်နင်တို့ခရစ်ယာန်တွေက ပိုတရားရှိနေသလိုပါပဲပြောတော့
ချောစုက မနေ့ ကတည်းက ချောစုနဲ့ တင်ဇာမော်နဲ့ ကသိပြီးလို့
ငိုပြီးကြပြီလေ၊ ချောစုမှာလည်းဒီလိုချစ်ခင်သူတွေကရှေ့ မှာဆုံးပါးတာ
များလို့ပါ ဆရာကျောင်းရယ်တဲ့။
ညနေထိန်ပင်သုသာန်ရောက်တော့ အိမ် သီချင်း လာဝယ်တဲ့ထုတ်လုပ်သူ
ကို တွေ့ပါတယ်၊ အေးဗျာစိတ်မကောင်းလိုက်တာ၊ ကျွန်တော်လည်းမမှီ
လိုက်ဖူးဗျာတဲ့၊ ကျွန်တော်ပြောလိုက်ပါတယ်၊ ခင်ဗျားခွေထဲမှာ
အိမ် ကိုသုံးလိုက်တော့ခွင့်ပြုလိုက်ပြီ၊ လက်မှတ်လာထိုးလှည့်တော့လို့ 
တင်ဇာမော့်ကိလည်းငါ အိမ်ကိုခွင့်ပြုလိုက်တယ်၊ သူခွင့်ပြုချက်လက်မှတ်
လာထိုးပြီးပိုက်ဆံလာပေးရင် နင့်ဆိုခရော၊ တေးရေးခရောကျန်တာတွေ
အားလုံးပါ အယ်ဖြူ့မိန်းမ သဲနီ လက်ထဲထည့်ပြီး သူ့သားအတွက်ပေး
လိုက်တော့ ဆိုတော့ တင်ဇာမော်က ကောင်းတယ် အဲဒါအကောင်းဆုံးပဲ
ပြောပါတယ်။
ထိန်ပင်မှာ ကိုလေးဖြူဦးဆောင်တဲ့ အယ်ဖြူ့သူငယ်ချင်းတွေက
အယ်ဖြူ့ရုပ်ကလပ်ပေါ်မှာ နှင်းဆီပွင့်ဖတ်တွေကို တစ်ဖတ်စီ ပွင့်ဖတ်တွေ
ချွေပြီးတင်ပေးနေကြတယ်၊ ဘုန်းတော်ကြီးက သရဏဂုံတင်ပြီး
တရားနာရအောင်ဆိုတော့ ဘုန်းတော်ကြီးရှေ့ ကသင်ဖြူးဖျာပေါ်ကို
ဆင်းလိုက်တော့ ကျွန်တော်ရယ်၊ အယ်နောင်းရယ်၊ အယ်ဖြူ့မိန်းမသဲနီရယ်
( ၃ )ယောက်ပဲ၊ ပထမဦးစွာကန်တော့လိုက်တော့ ကျွန်တော်နဲ့ အယ်နောင်းပဲ
သဲနီက ခရာစ်ယာန်ဘာသာ၊ ဒိုးလုံးနှစ်မတစ်ဝမ်းကွဲ၊
ဘုန်းတော်ကြီးက ဘာတော်ကြပါသလဲမေးတော့ ကျွန်တော်ကပဲ
တပည့်တော်က သူငယ်ချင်းပါ၊ ဒါကသူ့ညီအရင်းပါ၊ ဒါကသူ့အမျိုးသမီးပါ
ခရာစ်ယာန်ဘာသာဝင်ပါဆိုတော့ ဘုန်းတော်ကြီးက သဲနီ မကန့်တော့တာကို
နားလည်ပါတယ် သက်သာသလိုနေပါလို့ မိန့်တော့ သဲနီကအရိုသေပြုပါတယ်။
ဘုန်းတော်ကြီးက တရားချီးမြှင့်နေတော့ ကျွန်တော်ကလက်အုပ်ချီလျက်
နားကနားစွင့်နေသော်လည်းအကြည့်က သုသာန်ဇရပ်အပြင်ဖက်က
ကဗွီးပင်တွေပေါ်ကို မိုးစက်တွေကျဆင်းလာနေတာကိုကြည့်နေပါတယ်။
ကြားဖူးနေကျစကားလုံးတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆိုတာ
အကြောင်းတိုက်ဆိုင်မှ သူလင်းလက်ခြင်မှ ထင်လင်းမြင်သာတဲ့သဘောက
ရှိပြီးသားပါ၊ ဘုန်းတော်ကြီးက သူ့ရှေ့ ကလူသုံးယောက်ကိုတည် ပြီး
တရားပြပါတယ်၊
ဘယ်သူကမှ ကိုယ်စား ခံပေးလို့ မရကြတဲ့ကိစ္စပဲတဲ့
ငါချစ်တဲ့ယောကျာင်္းပဲဆိုပြီး ကိုယ်စားငါခံလိုက်မယ်လို့ လည်းမရပါဘူး
ငါချစ်တဲ့ အစ်ကိုပဲဆိုပြီး သူ့ကိုယ်စားငါခံလိုက်မယ်လို့ လည်းမရပါဘူး
ငါချစ်တဲ့သူငယ်ချင်းပဲဆိုပြီး ကိုယ်စားငါခံလိုက်မယ်လို့ လည်းမရကြပါ
ဖူးတဲ့။
ဟုတ်ပါတယ် ကျွန်တော်နက်နက်ရှိုင်းရှိုင်းနဲ့ ပျက်ပျက်ထင်ထင်
မြင်လိုက်ပါတယ်၊ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးရရှိခဲ့တဲ့တရားဟာ
ထိန်ပင်သုသာန်က ပင်လယ်ကဗွီးပင်ပေါ်ကို မိုးစက်ကလေးတွေ
မသည်းဖူးလို့ ဆိုလို့ရရုံလေး ကျဆင်းနေတဲ့ လွန်ခဲ့တဲ့(၁၀)နှစ်က
ဒီလိုနေ့ မှာ အယ်ဖြူ့ အလောင်းပေါ်ကို သူငယ်ချင်းတွေ နှင်းဆီပွင့်တွေချွေချနေခိုက်မှာယ်ဖြူလက်ဆောင်ပေးခဲ့တဲ့
ဝေဒနာတွေကို ကိုယ်စားခံပေးကြရလို့ မရဖူးဆိုတဲ့တရားပါပဲ။
နောက်တော့ သူငယ်ချင်းတွေချစ်ခင်သူတွေကထမ်းယူလာပြီး
အယ်ဖြူ့ ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလပ်ကို မီးသဂြိုလ်စက်ထဲကိုထည့်ဖို့ 
လက်တွန်းလှည်းနဲ့ တွန်းယူလာကြမယ်၊ မီးသဂြိုလ်စက်အပေါက်ဝမှာ
တွန်းလှည်းကိုလက်ကမလွှတ်ပဲအတင်းဆုပ်ထားတဲ့ အယ်နောင်းရဲ့
လက်ကိုကျွန်တော်က အတင်းဖြုတ်ရတယ်၊ လုံးဝမလွှတ်တဲ့အယ်နောင်း
ရဲ့လက်ကိုကျိတ်ဖြည်ရင်း ခုနကဘုန်းကြီးဟောတယ်လေ ကိုယ်စားမှ
ငါတို့ ခံလို့ မရပဲလို့ ဆိုတဲ့စကားကို အယ်နောင်းနားထဲရောက်အောင်
ပြောမှလက်ကဖြုတ်လို့ ရလာတယ်၊ အားလုံးပြီးတော့ ဟိုးခပ်လှမ်းလှမ်းမှာ
တစ်ယောက်ထဲ ဖြေဆည်လို့ မရပဲယူကျုံးမရဖြစ်နေတဲ့
မောင်မောင်ဇော်လတ်ကို ကျွန်တော်နဲ့ ကိုလေးဖြူကသွားခေါ်ရတယ်၊
သမံတလင်းပေါ်က မောင်မောင်ဇော်လတ်ကိုဆွဲထူလို့ မရတော့
ဇော်လတ်ရယ် မင်းကလူကောင် အကြီးကြီး ငါကမင့်ကိုဘယ်လိုထူလို့ 
ရမှာလည်း ထပါကွာဆိုမှ ပုဆိုးကြီးကိုစွန်တောငိဆွဲပြီးမျက်ရည်တွေ
သုတ်ရင်းနဲ့  ကိုလေးရယ် အဓိပ္ပါယ်မဲ့ခဲ့ပါပြီပြောပြီး ကိုလေးဖြူပခုန်းပေါ်
မှာမှောက်ရက်ပါလာမယ်။
ဒါတွေ (၁၀) နှစ်ကြာခဲ့ပြီ အာရုံထဲမှာ ထည့်မထားခဲ့တော့ပါဘူး
မသေဆုံးခင်နှစ်တွေမှာ တရားအားထုတ်သွားခဲ့တဲ့အယ်ဖြူနဲ့ 
ဒီအကြောင်းတွေ မပြောလိုက်ခဲ့ရတော့ သူပေးခဲ့တဲ့တရားကိုပဲ
ဆင်ခြင်နေခဲ့တာဟာ သူ့ အတွက်ကောင်းမှုကုသိုလ်အထောက်
အပံ့ဖြစ်စေလို့ ပဲဆင်ခြင်ခဲ့တယ်။
မတင်ဇာမော်ရဲ့လက်ရွေးစင်( ၂ ) ထွက်တော့ ဗီစီဒီကာရာအိုကေ
ကျွန်တော်ပဲတစ်ခွေလုံးရိုက်ပါတယ်၊ အိမ် ကို ဘယ်လိုစိတ်နဲ့ 
ကျွန်တော်ရိုက်မှာလဲ ဝေးပါသေးတယ်၊ ဖွင့်တောင်မကြည့်တော့ပါ။
အဲဒီခွေကိုပထမဦးဆုံးဝယ်ယူတဲ့ ထုတ်လုပ်သူက သူဝယ်တာ
စာချုပ်ထဲမှာအိမ် သီချင်းပါတယ်၊ သီချင်းခွေမှာလည်းပါတယ်
ကာရာအိုကေမှာလည်းပါရမှာပေါ့ငြင်းကြခုန်ကြတယ်၊ သူမှန်ပါလိမ့်မယ်
ကျွန်တော်အကဲဆတ်ခဲ့ပါတယ် မင်းပိုက်ဆံပြန်ယူတော့ သိန်း(၁၈၀)
တစ်ပါတ်အတွင်းပေးမယ်၊ ကျွန်တော့်မှာ အမှန်တစ်ကယ်ကို
၅ ပြားမှမရှိပဲ ပြန်အမ်းမယ်ပြောပါတယ်၊ အဲဒီခွေလည်ရောင်းတာ
ဘေးကနေ ရင်တမမနဲ့ သရုပ်ဆောင်ရီဝေယံပါတယ်။
တစ်ပါတ်အတွင်းပြန်အမ်းပေးလိုက်ပါတယ်၊ ရော့ပိုက်ဆံ၊
ပေးငါ့လက်မှတ်နဲ့ စာချုပ်တွေ၊ ပါမယ့် သီချင်းလစ်စ်ထဲမှာ အိမ်စောင့်သူလို့
ရေးထားတဲ့နေရာ တည့်တည့်ကနေ အဲဒီစာချုပ်ဆုတ်ဖြဲခဲ့ပါတယ်။
အဲဒီခွေမှာ စီဒီမှာ အိမ် သီချင်းပါပြီး၊ ဗီစီဒီမှာ အိမ်မပါဘူး၊
အယ်ဖြူရေးထားတာက ဒီအိမ်လေးထဲကစောင့်နေမယ်တဲ့။
အခု(၁၀) နှစ်ပြည့်တော့ ကျွန်တော့်အခန်းမှာနေပြီးအလင်္ကာမှာအယ်ဒီတာ
လုပ်တဲ့ အေးဘကျော်လည်းဆုံးသွားပါပြီ
တီအားမို သီချင်းကို ကျွန်တော့်အခန်းမှာပဲ အဲဒီအေးဘကျော်ရေးပါတယ်၊
အဲဒီအေးဘကျော်ကပဲ အယ်ဖြူ့ ကိုကျွန်တော့်အခန်းမှာအယ်ဖြူလာအိပ်တဲ့
တစ်ညမှာပဲ အင်တာဗျူးလုပ်ရအောင်တဲ့၊ ကိုဘကွာဆိုပြီး
အားလုံးထရယ်ပါတယ်၊ ဒါပေမယ့်ခနနေတော့ သူတို့ နှစ်ယောက်ထဲ
စိတ်ပါလက်ပါဖြစ်သွားကြပြီ၊ မှတ်မိနေတာရှိတယ်။
အနဂ္ဂတို့ အက်ဆစ်အဖွဲ့ ကိုဘယ်လိုမြင်လည်းလို့ မေးတော့
အယ်ဖြူကလှမ်းအော်တယ် ဆရာကျောင်း ကိုဘက ကျွန်တော့ကို
မိုင်းနင်းခိုင်းပြီတဲ့
ဒီလိုပါဗျာ ကိုမြင့်မိုးအောင်တို့ ဖဲရိုက်သလိုပဲပေါ့ ,10ရယ်၊ ဂျက်ရယ်၊
ကွင်းရယ်ကင်းရယ် လှန်ထားပြီ၊ံ မှောက်ထားတဲ့တစ်ချပ်က
ဘာဖြစ်မလဲပေါ့ ဂျက်ပဲဖြစ်နေလား၊ အစဉ်လိုက်မှန်တဲ့ ရန်းဖြစ်ပြီးစစ်သလား
9 ဆိုလည်းရမ်းစစ်တယ်၊ ဒါပေမယ့်နိမ့်တယ်၊ SPADE ONE ဆိုရင်ရမ်းစစ်ပြီး
အမြင့်ဆုံးပေါ့ အဲဒီလိုတဲ့
ဟာခင်ဗျားဟာက ကိုမြင့်မိုးဖဲသမားဖြစ်ကြောင်းလဲသိစေချင်တာလည်း
ပါသလားဗျ ပြောပြီးရယ်မိကြသေးတယ်။
အယ်ဖြူကရပြီရပြီတဲ့ ကောင်းသားပဲတဲ့ အက်စစ်က နောက်တစ်ခွေ
စောင့်ကြည့်ရဦး မယ်တဲ့ အဲဒီအက်စစ်ရဲ့ ဒုတိယခွေကိုကြည့်ရမယ်တဲ့၊
အဲဒီကျမှ အနဂ္ဂတို့ ရန်ရန်ချမ်းတို့ မှောက်ထားတဲ့ဖဲဟာ ကိုးလား၊
တစ်လား ပြောနိုင်မယ်တဲ့။
ဒါဆိုအယ်ဖြူကရောမှောက်ထားတဲ့ဖဲဟာ ဘာလဲတဲ့။
အယ်ဖြူကပြောပါတယ် ဟုတ်တယ်ကိုဘရဲ့ ကျွန်တော့်ရဲ့ ဆယ်၊ ဂျက်
ကွန်း၊ ကေ အောက်ကမှောက်ထားတဲ့ဖဲဟာ ပရိတ်သတ်ကလှန်ကြည့်
ရမှာတဲ့ အခုမှန်သားပဲ၊ အနဂ္ဂကိုတွေ့ ရင်လည်း နောက်တစ်ခွေလုပ်ပြီး
ဘာဖဲလဲပြ လို့ ပြောရမယ်
အယ်ဖြူမှောက်ထားခဲ့တဲ့ဖဲရောလှန်ကြည့်ကြမလား။
ကျွန်တော်အလုပ်တွေ အများကြီးရော၊ ပုဂ္ဂိုလ်ရေးတွေရောအယ်ဖြူနဲ့ 
ဆက်စပ်ခဲ့ပါတယ်။ အယ်နောင်းပထမစီးရီး အနောက်တောင်မုတ်သုန်
ကျွန်တော့်အခန်းပေါ်ကနေလုပ်တာပဲ၊ အယ်နောင်းက ကျွန်တော်နဲ့ 
လေးနှစ်လောက်အတူနေပါတယ်၊ အနောက်တောင်မုတ်သုန်
တေးစီးရီးကာဗာဒီဇိုင်း၊တီဗီကြော်ငြာကျွန်တော်အကုန်လုပ်တာပဲ၊
တီဗီကြော်ငြာရောကာဗာဒီဇိုင်းက လက်အရိပ်က ကျွန်တော့်လက်ပဲ
အဲဒါကျွန်တော်စကြိုက်တဲ့ အယ်ဖြူရဲ့ အရိပ်များသီချင်းကို ဝင်စားလိုက်
တာပဲ၊ အယ်နောင်းပရိတ်သတ်တွေကို ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ပဲ
ထင်ပါတယ်။
ကိုငှက်ရဲ့ အလင်းဆိုင်ရဲ့သီချင်း ကျွန်တော်ရိုက်တယ်
နှစ်ယောက်စလုံး ရေး-အယ်ဖြူ၊ ဆို - ကိုငှက် သေဆုံးသွားကြပြီ
ကျွန်တော်သူတို့ ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး အတတ်နိုင်ဆုံး
အယ်ဖြူ့ နားကို ချဉ်းကပ်ပြီးရိုက်ကူးပေးလိုက်ပါတယ်
အယ်ဖြူ့ ကို အိမ် သီချင်းနှလုံးသားထည့်သွင်းပြီးရိုက်ပေးဖို့ ခက်လွန်းလို့ 
အခု အလင်းဆိုင်မှာ နှလုံးသားအပြည့်ထည့်သွင်းပြီး
အိမ် သီချင်းကအကြွေးပါဆပ်ပြီး ရိုက်ကူးပေးလိုက်ပါတယ်၊
ကိုငှက် အယ်ဖြူကိုချစ်သူတွေမကျန်အောင်ခေါ်ပြီးရိုက်ဖို့ စိတ်ကူးတာ
သူတို့ နှစ်ယောက်ကိုထားတဲ့မေတ္တာစိတ်နဲ့ နှလုံးသားကလာတာ
အသေအချာပဲပေါ့၊ မောနင်းစတားလက်ဖက်ရည်ဆိုင်မှာ
ရေး၊ ဆို တွေကလာပြီး ဒေါ်ထားအဖွဲ့ လိုသရုပ်ဆောင်ပေးတာ
ဒီလူနှစ်ယောက်ကိုချူစ်ကြလို့ ပေါ့၊ သူတို့ နှစ်ယောက်ရဲ့
ပရိတ်သတ်တွေအတွက်လည်း ကိုယ်စားပြုနိုင်ခဲ့တယ်ထင်ပါတယ်။
ပုရွက်ဆိပ်ဒုတိယခွေလည်း ကျွန်တော်မူပိုင်ထုတ်ခဲ့တာပဲ။
လိပ်ပြာသီချင်း ကိုလေးဖြူဆိုခဲ့တာ အားလုံးကြိုက်စ် လို့ 
တောင်မြည်သေးတယ်။
အဲဒါတွေမဟုတ်ဖူး အယ်ဖြူမှောက်ထားခဲ့လို့ ပရိသတ်
လှန်ကြည့်ရမယ့်ဖဲက အခုကာလကြာတော့ ဖဲဝိုင်းတစ်ဝိုင်းလုံးက
ဖဲတွေလန်ကုန်တဲ့အချိန်ကြတော့ အယ်ဖြူ ဖဲက မှောက်ခဲ့တာ
မဟုတ်ဖူး မြင်နိုင်တဲ့အာရုံတွေနည်းခဲ့လို့ ပဲပြောရတော့မယ်
အယ်ဖြူကသူ့ ဖဲ လှန်ပြထားခဲ့ပြီဖြစ်တယ်။
ဒီနိုင်ငံကရော့ခ်ဂီတလမ်းကြောင်းပေါ်မှာ အမှီခိုကင်းပြီးပုံကျပန်းကျနဲ့
ကိုယ်ပိုင်စစ်စစ် အယ်ဖြူရေးခဲ့တဲ့သီချင်းတစ်ပုဒ်ရှိတယ်၊
အဲဒီသီချင်းလောက် ကိုယ်ပိုင်ရော့ခ်သီချင်းတစ်ပုဒ်ပြည့်ပြည့်ဖြိုးဖြိုး
ဂီတလမ်းကြောင်းမှာ ဘယ်ဖဲမှာမှ မတွေ့ ရသေးဘူး၊ လို့ ရဲရဲပြောမယ်။
ကိုညီထွဋ်ဆိုဖို့ အယ်ဖြူအစောကြီးရေးပေးခဲ့တဲ့သီချင်းတစ်ပုဒ်က
အယ်ဖြူ လှန်ပြခဲ့တဲ့ဖဲချပ်ပဲ။
ခင်ဗျား အသက်ဝဝရှုသွင်းလိုက်ပြီး ခေါင်းကိုမော့လိုက်ပါ
ပြီးတော့လေထုထဲမှာ ခင်ဗျားအသံကိုလွတ်လွတ်လပ်လပ်ကြီး
တစ်ကြိမ်တစ်ခါပျံသန်းခွင့်ပေးလိုက်တော့မယ်လို့ စိတ်ကူးပြီး
ရဲရဲကြီးအော်ချလိုက်ပါတော့
အိပ်မက်မြစ်တွေ ခြောက်ခမ်းခဲ့ပြီ အိုး-ဝိုး
ခင်ဗျားစိတ်ရှိသလောက်ပေါ့၊
အဲဒါ (Spade One ) စပိတ်တစ်ဆိုတဲ့ အယ်ဖြူလှန်ထားခဲ့ပြီးဖြစ်တဲ့ ဖဲချပ်ပဲ.
ကိုယ်စားလည်းဘယ်သူမှ ခံလို့ မရကြပဲ၊
ကိုယ်စားလဲဘယ်သူမှ ဖန်တီးလို့ မရကြပဲ၊
အားလုံးကိုယ်တိုင် စပိတ်တစ်ဖြစ်ကြရအောင်ပါ။
CREDIT - မျိုးဆွေသန်း ( ဒီဇိုင်း )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...