Monday, April 4, 2016

ဘူဒိုဇာနဲ့ ရှင်းလို့မရတဲ့ ပြသနာ

Myat Moe
·
''တက်လာကြတော့မယ်နော်၊ ကိုယ့်အိတ်တွေကို အသေအချာ ဂရုစိုက်ကြပါ။ ပိုက်ဆံအိတ်တွေ ဂရုစိုက်ကြပါ။ သတိပေးပါတယ်။ သတိပေးပါတယ်။ တက်လာကြတော့မယ် . . ဂရုစိုက်ကြပါ။ ဂရုစိုက်ကြပါ။ ပိုက်ဆံအိတ်တွေ ဂရုစိုက်ကြပါ''ဘုရင့်နောင်တံတားကျော်လို့ လှိုင်သာယာဘက်ခြမ်း ရောက်လာတယ်ဆိုရင်ပဲ နှစ်ကြိမ်မက၊ သုံး ကြိမ်မက ထပ်ပြန်တလဲလဲသတိပေးနေတဲ့ စပယ်ယာရဲ့အသံဖြစ်ပါတယ်။ ''တပ်ရှေ့၊ အဆင့်မြင့်၊ န၀ဒေး၊ ဘုရားလမ်း၊ အောက်ထိပ်၊ စက်မှုဇုန်၊ ဘီအိုစီ၊ သမကုန်း'' စပယ်ယာက မှတ်တိုင်တွေ ရေတွက်ရင်း ''လှိုင်သာ ယာကို . . လှိုင်သာယာ။ အဝေးပြေး . . . အဝေးပြေး'' မှတ်တိုင်တိုင်းမှာ စပယ်ယာရဲ့အသံနဲ့ ကားစက်သံ။
တခါ တလေ ဘရိတ်ကိုဆောင့်အုပ်လိုက်လို့ ခရီးသည် ကျုပ်တို့တွေ ကွေးခနဲ၊ ထွေးခနဲရှေ့ကို လျှောတိုက်ပါသွားပြီး တယောက်ကိုတယောက် ပိကုန်တာနဲ့အတူ ငိုက်နေသူတွေ လန့်နိုး။ အချိန်က နံနက်အစောကြီး လေးနာရီ ကျော်စ။ လိုင်းကားက (၁၂၁) ဒိုင်နာ။ မြောက်ဥက္ကလာရေဝေးမှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကနေ လှိုင်သာယာထိန်ပင်သုသာန်နားမှာရှိတဲ့ ဒဂုံဧရာအဝေးပြေးကို ဆွဲတဲ့ကား။ အတိအကျ ပြောရရင်တော့ ဟိုအထက်အညာ မန္တလေး၊ မုံရွာ၊ နေပြည်တော်။ အချို့လည်း မြိတ်၊ ထားဝယ်၊ ဘားအံတို့ကနေ ညလုံးပေါက် ကားစီး ပြန်လာပြီး ပုသိမ်၊ မြောင်းမြ၊ ကျောင်းကုန်း၊ ကျုံပျော်၊ ပန်းတနော်၊ ဓနုဖြူ၊ ဖျာပုံ၊ ဘိုကလေး စတဲ့ ဧရာဝ တီတိုင်းဆက်သွားကြရမယ့် ခရီးသည်တွေ ပန်းကလည်းပန်း၊ ငိုက်ကလည်း ငိုက်ကောင်းတဲ့အချိန်ပေါ့ဗျာ။
စပယ်ယာ သတိပေးသံထပ်မကြားရတော့တဲ့နောက်မှာတော့ ရောက်လာပါပြီ။ ဘုရားလမ်းမှတ်တိုင်။ (တခါ တလေတော့ အောက်ထိပ်မှတ်တိုင်)။ ခရီးသည်ဟန်ဆောင်ပြီး တက်လာကြချေပေါ့။ လေးယောက်အဖွဲ့လိုက်။ ဘာမျှထည့်မထားတဲ့ ကျောပိုးအိတ်အလွတ်တွေ ဖိုသီဖတ်သီရှေ့မှာလွယ်လို့။ မနက်အရုဏ်ထစ လှိုင်သာယာ ဟာ နှင်းတွေအောက်မှာ လေတ၀ူးဝူးနဲ့ ငိုက်ကောင်း၊ ချမ်းကောင်းနေတဲ့ ခရီးသည်တွေကို အဲဒီလေးယောက် လက်ထဲ ၀,ကွက်လို့ အပ်လိုက်ပါပကော။ စပယ်ယာဆီကလည်း သတိပေးသံတွေ ထပ်ထွက်မလာတော့ဘဲ လိုင်းကားက ခရီးဆက်။ တက်လာခဲ့တဲ့လေးယောက်ဟာ ကားပေါ်မှာ လူပြည့်ကျပ်မနေပါဘဲနဲ့ သူတို့ပစ်မှတ် ခရီးသည်ရှေ့မှာ ၀ိုင်းအုံတိုးဝှေ့လို့ သူတို့ရဲ့အိတ်ကြီးတွေကို အကာအကွယ်ယူပြီး ခရီးသည်ရဲ့ ရင်ခွင်ထဲက အိတ်ကို ရအောင်ဖွင့်၊ ရအောင်နှိုက်ဖို့ စုပြုံကြိုးစားကြပါတော့တယ်။ ကားပေါ်တက်တက်ချင်း ပစ်မှတ်က ကျုပ်နဲ့ ကျုပ်ဘေးကပ်ထိုင်နေတဲ့ အဒေါ်ကြီး။ ကျုပ်က သတိနဲ့ အိတ်ကိုလုံအောင်ပိုက်ထား။ အဒေါ်ကြီးကတော့ အိတ် ပိုက်ရက်သား ငိုက်များနေသလား။ အကဲခတ်မရ။ ခဏနေတော့ ကလေးတဖက် လက်ပွေ့အိတ်တဖက်နဲ့ မနိုင် မနင်းဖြစ်နေတဲ့ အမျိုးသမီးနား ရွေ့လျားသွားဝိုင်း။ အမျိုးသမီးက ထိုင်ရာကနေ သူတို့နဲ့ဝေးရာ ကျုပ်တို့နားထ လာ။ ကလေးကို လူတယောက်ရင်ခွင်ပေါ်တင်လိုက်ရင်း သူ့အိတ်ကို ပိုလုံခြုံအောင်ပိုက်ထားပြီး ပါးစပ်ကလည်း မသိမသာ ပွစိပွစိလုပ်နေရှာပါတယ်။ အန္တရာယ်က လွတ်လာခဲ့တဲ့ပုံစံမျိုးနဲ့။ ဒီလိုနဲ့ ခရီးဆောင်အိတ်ကြီးပိုက်ပြီး ငိုက်နေဟန်တူတဲ့ ရှေ့ဆုံးက လူဝကြီးနား သူတို့သွားဝိုင်းပြန်ပါတော့တယ်။ ခဏအကြာ ဘီအိုစီမှတ်တိုင်ရောက် ခါနီးမှာ ကျုပ်နဲ့ အဒေါ်ကြီးအပါး လာဝိုင်းပါတော့တယ်။ ဒိုင်နာကားကလည်း သူတို့တွေ လှုပ်ရှားသာအောင် ဟန်ချက်ညီညီ ယိမ်းထိုးလှုပ်ခါပေးနေပြန်ရဲ့။ ဘီအိုစီကျော်ခဲ့ပြီ။ သမကုန်းမှတ်တိုင်။ သူတို့လေးယောက် ကတော့ အခြေမပျက် ပိုင်ပိုင်နိုင်နိုင်။
ကျုပ်နားကပ်ထိုင်နေတဲ့ အဒေါ်ကြီးအပါးမှာ ဖားကိုမြွေခဲသလို စုပြုံတိုးဝှေ့ပြီး စိမ်ပြေနပြေ ယိမ်းထိုးလှုပ်ရှား နေကြပါပြီ။ ကျုပ်လည်း သတိမပေးရဲဘူးဗျ။ သူတို့မှာ လူကိုသေစေနိုင်တဲ့ စကေဘာတို့၊ ဓားတို့ ပါလာနိုင်တယ်။ ပြီးတော့ အခြေမဲ့ သေမထူး၊ နေမထူးကောင်တွေ။ ကျုပ်က တယောက်တည်း။ လက်ဗလာ။ ဟော အရုဏ် ပျောက်လို့ အလင်းရောက်စပြုပြီ။ သုံးသုံးလုံးမှတ်တိုင်ကိုလည်းရောက်။ နောက်တမှတ်တိုင်ဆိုရင် အဝေးပြေး ၀င်းထဲဝင်တော့မယ်။ မှတ်တိုင်ပါတယ်ဆိုပြီး ကားကရပ်လိုက် တော့ ဒီငနဲလေးကောင် အောင်ပွဲရစစ်သူကြီးများ အလား ပေါ့ပါးစွာ ခုန်ချဆင်းသွားပါရော။ ကားဆက်ထွက်လာတော့မှ အဒေါ်ကြီးအိတ်ကို ကျုပ်လှမ်းကြည့်လိုက် တယ်။ ဇစ်အဆုံးထိ ပွင့်နေပြီ။ စပယ်ယာကလည်း အဒေါ်ကြီးတို့၊ ဦးလေးတို့ အိတ်တွေ ပြန်စစ်ကြည့်ကြပါဦးလို့ သတိပေး အော်ဟစ်လိုက်ချိန်မှာတော့ ''ဟဲ့-တော် ပါသွားပြီ။ ပိုက်ဆံတွေရော။ စာရွက်စာတမ်းတွေရော။ လုပ် ကြပါဦး . . လုပ်ကြပါဦး''(ငိုသံပါကြီးနဲ့) ''ဟာ, ကျုပ်ပိုက်ဆံအိတ်လည်း ပါသွားပြီဗျ။ မြောင်းမြကို ခရီးဆက်ရ ဦးမှာ ဒုက္ခပါပဲဗျာ၊ လုပ်ကြပါဦး'' (မချိတင်ကဲသံနဲ့) ''ခင်ဗျားတို့ကို ကျုပ်ပြောသားပဲ။ တက်လာကြတော့မယ်၊ ကိုယ့်အိတ်တွေကို ဂရုစိုက်ကြပါလို့။ ခင်ဗျားတို့က နားမှမထောင်တာ ကျုပ်က နေ့တိုင်းကြုံနေကျဗျ''အသံမျိုးစုံ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ နံနက်ငါးနာရီ ဆယ့်ငါးမိနစ်။ ကားက အဝေးပြေးဝင်းအ၀င်ဝမှာတင်ရပ်။ ခရီးဆုံး။ ခရီးသည်တွေဆင်း။ ကျုပ်လည်း ငါးနာရီခွဲထွက်မယ့်ကားမီ အောင်ဝင်းထဲကို သုတ်ခြေတင်ရပါတော့တယ်။ နောက်မှာ ကျန်ခဲ့တာတွေတော့ ဆက်သာတွေးကြပါတော့။
အော်- ကျုပ်က မအူပင်တက္ကသိုလ်က ကျောင်းဆရာအိုကြီးပါ။ သောကြာနေ့ညနေဆိုရင် မအူပင်ကနေ မိသားစု ရှိရာ ရန်ကုန်ကိုပြန်။ တနင်္လာနေ့ မနက်လေးနာရီမှာ သမိုင်းလမ်းဆုံကနေ လှိုင်သာယာအဝေးပြေးကိုလာ။ ဖျာပုံ၊ ဘိုကလေးအဝေးပြေးကားတွေတက်စီး။ မအူပင်တက္ကသိုလ်ရှေ့မှာဆင်း။ အပတ်စဉ်မပျက်ပေါ့။ နာဂစ် မုန်တိုင်း ၂၀၀၈ ပြီးချိန်ကစလို့ လှိုင်သာယာတခို ကျူးကျော်ရပ်ဝန်းတွေပေါ်လာပြီး ဒုစရိုက်မျိုးစုံ မရိုးနိုင်အောင် ပေါ်လာခဲ့ပါတော့တယ်။ ကျုပ်တို့ ဆရာ၊ ဆရာမတွေလည်း အနှိုက်ခံရတာပါပဲ။ ကျုပ်ကိုယ်တိုင်ခံခဲ့ရဖူးသဗျ။ ခရီးဆောင်အိတ်ရဲ့ဇစ်တွေ အကုန်ဖွင့်ထားခံရတာ လိုင်းကားပေါ်ကဆင်းမှ သိရတယ်။ ကျုပ်က ပိုက်ဆံအိတ် လည်း မဆောင်ဘူး။ အဲဒီတုန်းက မတတ်နိုင်လို့ ဖုန်းလည်း မကိုင်ဘူး။ တပတ်စာ အသုံးစရိတ်နဲ့ အသွားအပြန် ကားခ စုစုပေါင်းမှ ခုနစ်ထောင်ကို ကိုယ်ပေါ်ကအင်္ကျိအိတ်ကပ်ထဲထည့်ပြီး လက်နဲ့အုပ်ထားတာ။ ခရီးဆောင် အိတ်ထဲမှာက အ၀တ်တစုံနဲ့ စာအုပ်တွေပဲ ထည့်တာလေ။ ကျုပ်မှာ အပိုဝင်ငွေမရှိတာမို့ လက်ဖက်ရည်ဆိုင် မထိုင်။ ကွမ်းမ၀ါး။ ဆေးလိပ်မဖွာ။ ချွေတာရေးသမားပါ။ ကျူရှင်လား။ ကျုပ်က အတန်းထဲမှာတင် လက်ချာတွေ ပြည့်စုံအောင်ရှင်းပြပြီး စာမေးပွဲအတွက် ကျက်မှတ်ဖို့ပါ။ ကွင်းခတ်ပေးလိုက်တာမို့ ကျူရှင်ထပ်သင်ဖို့မှမလိုတော့ တာကိုး။ ဘယ်သူကမှ ကျူရှင်သင်ပေးဖို့ မတောင်းဆိုကြပါဘူး။ ကျောင်းသားတွေမှာလည်း စဉ်းစားတွေးတော ဝေဖန်ဖို့ထက် စာလုံးတွေ မှတ်ဥာဏ်ထဲ အခိုက်အတန့်စွဲနေအောင် အာပူတိုက်ဖို့သာ အဓိကပါ။ ဘယ်ကျောင်း သားမျှ ကိုယ့်အတွေးကို ကိုယ်ပိုင်အရေးအသားနဲ့ ဘိုလိုပြန်မရေးတတ်ကြပါဘူး။ ဒီတော့ စာမေးပွဲလည်း ဖြေပြီး ရော မှတ်ဥာဏ်ထဲက စာလုံးတွေဟာ အလို အလျောက်ပဲ ပျောက်ကွယ်သွားကြပါတော့တယ်။ ဆယ်တန်းကို သိပ္ပံတွဲနဲ့ အောင်ခဲ့ကြတဲ့ ကျုပ်တပည့် အီးမေဂျာ ဒုတိယနှစ်ကျောင်းသား/သူတွေဟာ Newton’s Laws တို့ Pythagorus Theorem တို့အကြောင်း မေးကြည့်တော့ မေ့ကုန်ကြပါပြီတဲ့ခင်ဗျာ။ သူတို့တင်လားဆိုတော့ မကဘူးခင်ဗျ။ လွန်ခဲ့တဲ့လအနည်းငယ်က မဟာဝိဇ္ဇာ သိပ္ပံဘွဲ့ရတွေကို ကျူတာခန့်ဖို့ စာမေးပွဲစစ်ပါတယ်။ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ ဗဟုသုတ သုံးဘာသာပါ။ အမှတ် (၁၀၀)စီပေးရာမှာ ပျမ်းမျှ ၃၀ ၀န်းကျင်သာရကြပါ တယ်။ အချို့ဆိုရင် ၂၂ မှတ်တို့၊ ၂၅ မှတ်တို့တောင် ပါ,ပါတယ်။ သူတို့ကိုမှ မခန့်ပြန်ရင်လည်း ခန့်ရမယ့် လူမရှိ တော့တာမို့ သူတို့အားလုံးကို Viva Voce (လူတွေ့ နှုတ်ဖြေ) လုပ်ပြီး လျှော့လျှော့ပေါ့ပေါ့နဲ့ ရွေးကြရပါတော့ တယ်။ အဲဒီမှာ Myself ကိုချောအောင် မပြောနိုင်တဲ့ ပီအိတ်ခ်ျဒီပါရဂူတွေပါသလို ကိုယ်တင်ခဲ့တဲ့ ကျမ်းခေါင်းစဉ် ကိုတောင် ဂဃနဏပြန်ရှင်း မပြတတ်တဲ့ မဟာဘွဲ့ရပုဂ္ဂိုလ်တွေလည်း အားလုံးလောက်နီးပါးပါပဲဗျာ။ ဘယ့်နှယ့် လုပ်ကြမတုန်းဗျ။ သူတို့ကိုသူတို့ ဆရာတွေက ကျူရှင်ရိုက်စားလုပ်ပြီး အဲဒီဘွဲ့တွေ အပ်နှင်းခဲ့တာလေ။ ကြည့်ရုံ နဲ့တင် မြင်သာပါတယ်ဗျာ။ ဖောက်ထွင်းသမားတွေ ခါးပိုက်နှိုက်တွေက ပိုင်ရှင်မသိအောင် အဒိန္နနည်းနဲ့ ခိုးယူ ကြ၊ ဆရာတွေက တပည့်တွေဆီမှာ ထေယျဝှဟာရနည်းနဲ့ လိမ်ညာလှည့်ဖြားရယူကြ။ ကျုပ်တို့ဘုရားရှင်က ခိုးနည်း ၂၅ နည်းထဲမှာ အသေအချာ သရုပ်ခွဲပြတော်မူခဲ့ပါရဲ့။ ဒီလိုကိစ္စမျိုးတွေကြောင့် သံသရာကြွေးမပါ အောင် ဆရာဝတ် ၂၅ ပါး (မိလိန္ဒပဥှာ)တပါးမှ မချွတ်စေဘဲ ကျုပ်ဘက်က ဈေးကွက်တွေကို ခ၀ါချပြီး ကိုယ့်ဝမ်း ကိုယ်ချုံ့ထားခဲ့တာပါ။ စိတ်အလွန်ချမ်းသာရပါရဲ့ဗျာ။
ဒီတော့ ကျုပ်တို့ရဲ့ နိုင်ငံတော်ကြီးကို အကြံပြုတင်ပြရမယ်ဆိုရင် ၁၂၁ ဒိုင်နာကားပေါ်မှာ နေ့စဉ်နဲ့အမျှ နှစ်နဲ့ ချီလှုပ်ရှားနေတဲ့ ခါးပိုက်နှိုက်တွေအကြောင်း လူတိုင်းသိနေကြပါလျက် ဘယ်ရဲကမျှ အသွင်ယူပြီး လာမဖမ်းကြ တာဟာ တမင်တကာ ဟပေးထားတာလို့ ထင်စရာပါ။ အဲသလိုပါပဲ။ ကျက်ဖြေ ကူးဖြေ သင်ကြားရေး လိုင်းကား ကြီးပေါ်မှာ ဆယ်စုနှစ်များစွာကြာအောင် ရောင်းဝယ်ဖောက်ကားနေတဲ့ ပညာအတုဈေးကွက်ကြီးကို တာဝန်ရှိသူ တွေ လက်ပိုက်ကြည့်နေကြတာဟာလည်း အသေအချာချိန်ပစ်နေတဲ့ ကိုယ်ကျိုးရှာ မြားချက်တွေဖြစ်နေလေ ရော့သလား ထင်စားရပြန်ပါတယ်။ တကယ်တော့ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေကြောင့် နိုင်ငံ့အညွန့်အဖူး လေးတွေ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အရေအတွက်ထက် ပညာအတု ကုန်ကူးမှုကြောင့် ကျဆုံးခဲ့ရတဲ့အတွက် အရေ အတွက်က များစွာပိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပညာအတု ကြောင့်ပဲ ဂန္ထ၀င်တွေ တရိပ်ရိပ်ကျဆုံး။ ပေါ်ပင်တွေကို ပေါ်ပြူလာဆိုင်းဘုတ်တပ်ပြီး နေရာတကာ လူတွင်ကျယ်ခဲ့ကြ။ အခုတော့ ငါတို့သည် နေအေး။ ငါတို့သည် ဗိုလ်အောင်ဒင်။ ငါတို့သည် နီရိုဘုရင်။ ငါတို့သည် အလီဘာဘာ။ ငါတို့သည် မက်ခီယာဗယ်လီ။ ငါတို့သည် ရောဘတ်စပီးယား။ ငါတို့သည် မာရီအင်တွိုင်းနက်။ ငါတို့သည် သုခမြို့တော်။ ငါတို့သည် ဘောင်းဘီဝတ်မိုးတိမ်။ ငါတို့သည် ... ငါတို့ ... ငါ...တွေ တိုင်ပတ်။ ဒါပေမဲ့မှာဖြင့်။ လိုင်းကားပေါ်က ဆယ်စု နှစ်နဲ့ချီပြီး အုပ်စုဖွဲ့နှိုက်၊ ခါးပိုက်နှိုက်တွေကို မသုတ်သင်နိုင်။ ပညာအတုကိုလည်း အစစ်ဖြစ်အောင် မပြောင်းနိုင် ဆိုတာတွေကတော့။ ဘယ်လိုပြောရမလဲ။ ''ဘယ်လိုပြောရမလဲ ... ဘယ်လိုပြောရမလဲဆိုတော့ ... အိုအိချီ'' ဆိုပြီး အဖျားရှူးမပစ်လိုက်ကြပါနဲ့ဗျာ။
ဒီစာရေးနေတုန်းမှာပဲ ကျုပ်အခန်းနဲ့ကပ်လျက်က အရှေ့တိုင်းပညာ (ပါဠိ)ဌာနထဲမှာ ဆူညံ ဆူညံ အသံတွေ ကြားနေရသဗျ။ . . . ဗျာ့!။ ဆရာမ ဒေါက်တာမာလာ (၁၂၁)ဒိုင်နာကားပေါ်မှာ ဒီနေ့ ခါးပိုက်နှိုက်ခံခဲ့ရလို့ ... ဟုတ်လား။ ငါးသိန်းကြီးများတောင် ပါသွားတယ်။ ကုန်ပါပြီဗျာ။ အဲဒါ သူ့လခ နှစ်လစာဗျ။ (အားလုံး ခါးပိုက် နှိုက်ဘေးကင်းဝေးဖို့ ကိုယ့်အိတ်ကိုယ်ပဲ ဂရုစိုက်စို့။)
ကိုမာကျော
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...