Sunday, April 3, 2016

ကြည်လင်သောရေ (မျိုးငြိမ်းဆွေ)



ဆောင်းဟာ သူရောက်လာပြီလို့ကယောက်ကယက် အိပ်မက်လေးနဲ့ ငါ့ကိုလှုပ်နှိုးလိုက်တယ်။
ညတုန်းက အိပ်ရာမဝင်ခင် တိတ်ဆိတ်နေတဲ့ညထဲကို လမ်းထွက်လျှောက်တော့ နှင်းလေးတွေကတိတ်တိတ်လေးပါးလျစွာခိုးကျနေတယ်။
နှင်းလို့တော့ထင်တော့ထင်တာပဲလေ၊ မြူခိုးပြာပြာတွေကတော့ ဝေနေတာအမှန်ပဲ၊ ခွေးလေခွေးလွင့်
နှစ်ကောင်ကလည်း ခွေလိတ်လို့အိပ်နေကြရဲ့။

မီးလုံးဝါဝါနဲ့ဖန်ချောင်းပြာပြာတွေကလည်း ညအမှောင် နောက်ခံနဲ့စူးရဲတောက်လက်လို့၊အလင်းစက်ဝိုင်းတစ်လျှောက်မှာလည်း ပိုးစပ်ကောင်၊
ပိုးဖလံကောင်တွေကလည်း အလုအယက်ပျံသန်းနေကြတော့ ကြယ်ဆီကိုပျံသန်းချင်တဲ့ ပိုးဖလံကောင်လေးများ ပါဦးမှာလားလို့ရှာကြည့်နေမိသေးရဲ့။
ဘာပဲပြောပြောလေ၊ ငါ့နားရွက်ဖျားလေးတွေကလည်း နည်းနည်းအေးလာတော့ ဆောင်းရဲ့အရိပ်အငွေ့လေးကိုခံစားမိရာကနေ ညအိပ်တော့
ကလေးရုပ်ရှင်တွေလိုမျိုးဇာတ်လမ်းအစုံစုံနဲ့ အပိုင်းပိုင်း၊ အပြတ်ပြတ်တွေကို အိပ်မက်တယ်။

ဒါဆို ငါ့အတွက်ဆောင်းဟာ တကယ်ရောက်လာပြီပေါ့၊အိပ်မက်ကတစ်ညလုံးနီးပါး ထင်တယ်၊ အစပိုင်းတော့ ခပ်ဝါးဝါးရယ်၊ ဘယ်သူ့မှန်းတော့ မသိဘူး အိုင်းချင်းကဗျာတွေရွတ်ပြနေတယ်။နောက်တော့စက်ဘီးတွေစီးနေတာ၊ ကသာရထားတွဲတစ်တွဲ မီးလောင်နေတာ။ အို... စုံလို့ပါပဲ ထင်ထင်ရှားရှားနဲ့ ရှည်လျားစွာမက်နေတာတစ်ခုကမိုးလင်းအထိပဲ၊ ဘယ်သူများလဲလို့ မစံ ခင်ဗျားရယ်၊ ကျွန်တော့် အိပ်မက်ထဲကို တိတ်တိတ်လေး ဝင်လာခဲ့တယ်
ချောက်ကမ်းပါးကြီးထဲကို တွန်းချလိုက်လို့ မောဟိုက်သွားတာမျိုးမဟုတ်ပေမယ့် အိပ်ရာကနိုးတော့ ကျွန်တော်မောဟိုက်သွားတာအမှန်ပဲ၊အိပ်မက်နိမိတ်ကျမ်းလည်းဖတ်စရာမလိုပါဘူး၊မောင်ရင်မောင်မမယ်မ ဝတ္ထုထဲက အိပ်မက်ခန်းလိုလည်း အတိတ်ကောက်စရာမလိုပါဘူး၊
ဒါပေမယ့် မစံကိုကျွန်တော် စွဲလမ်းနေမိပြီဆိုတာတော့အဲဒီမနက်ကကိုယ့်ဘာသာဝန်ခံမိတယ်၊ ခရစ္စမတ်နေ့မှာမွေးတယ်ဆိုတဲ့
ဆောင်းမင်းသမီးလေးမစံဟာဆောင်းဝင် တော့မယ်ဆိုတာနဲ့ ကျွန်တော့်ကိုလှုပ်နိုးလိုက်တယ်။

အဲဒီမနက်က အားလုံးရဲ့အစ ဖြစ်နေခဲ့တာကိုတော့မသိခဲ့မိဘူး၊ စောစီးစွာကျရောက်လာတဲ့ဆောင်းရဲ့ စောလွန်းလှတဲ့တနင်္ဂနွေမနက်ခင်းမှာ လက်ဖက်
ရည်ဆိုင်တံခါးကဖွင့်ကာစ၊ ခဏစောင့်ရမယ်ဆိုတဲ့ အဲဒီနေ့ရဲ့ အစဦးဆုံးသောလက်ဖက်ရည်ကို စောင့်သောက်ပြီး လူတွေရှင်းတဲ့ဗန္ဓုလလမ်းအတိုင်း
လျှောက်ခဲ့တယ်၊ လေး လမ်းလောက်လျှောက်သွားပြီး အနီရောင် အဝတ်စတွေ ခင်းထားတဲ့ လှေခါး ၄၄ ထစ်ကိုတက်ပြီးရင်တော့ဒီနှစ်အဖို့အလုပ်စဝင်
လုပ်ရမယ့်မြန်မာစာကျူရှင်ကျောင်းက ကျောင်းသားတွေရဲ့ စာအော်သံကို ကြားရပါပြီ။

'ဟာ... လာဗျာ။ ခင်ဗျားလာမှ လာပါမလားလို့ပူနေတာ။ ဒါပြီးရင်ခင်ဗျား အချိန်ဗျ' လို့စိုးရိမ်သံနဲ့ပြောနေတဲ့ မောင်စိုးကို 'လာမှာပါကွာ''မင်းကလည်း
ပူမနေပါနဲ့၊ ဟေ့ကောင်... မင်း စားပွဲမှာထိုင်နေတာ ဘယ်သူလဲဟ' 'သြော်... အဲဒါပေါ့။ ဆရာဦးအေးမင်း သမီးလေ။ ဒီမှာလူမရှိလို့ ခဏကူနေတာပါ၊
''မောင်စိုး ငါ ကြိုက်တာ အဲဒီမျက်နှာမျိုးကွ၊ မေးရိုးလေးကခပ်ကားကားရယ်၊ တောက်ပတဲ့မျက်စိအရောင်တွေက ပါးပြင်ပေါ်မှာ ဟပ်နေတာကွ၊
အသိဥာဏ်ပညာထက်မြက်မယ်၊ စိတ်ရှင်းမယ်၊ အဲဒါတွေကမျက်နှာပေါ်မှာပေါ်နေတာကွ ကြည့်ပါလား၊ ဝတ်ထားတာကလည်းယောကျာ်းရှပ်လက်တို
နဲ့ ယောလုံချည်နဲ့၊ ခင်ဗျားကတော့လုပ်ပြီ၊ သူကဘာစိတ်မှ မရှိဘူး။ ဒီကယောကျာ်းလေး အလုပ်သမားတွေနဲ့ အကုန်ပေါင်းတယ်။ လက်ဖက်ရည်အတူ
သောက်တယ်၊ ယောကျာ်းလေးလိုပါပဲ' 'မင်း ချစ်လိုက်ပါလား' 'ဟာ... ခင်ဗျားပဲအခုညွှန်းနေပြီးတော့၊' 'သြော်.. ငါက ချစ်ပါတယ်လို့ ပြောသေးတာမှ
မဟုတ်တာ၊ သဘောကျတယ်၊ ငါ စိတ်ကူးယဉ်ယဉ်နေတဲ့ မိန်းကလေးတစ်ယောက် ပုံသဏ္ဌာန်နီးပါး ကိုက်ညီနေလို့ ပြောပြတာပါ၊
' ကဲ... နောက်မှ ပြော၊ဟိုမှာ ဆရာကြီးက ခင်ဗျားကို ခေါ်နေပြီ။ အတန်းနဲ့မိတ်ဆက်ပေးပြီး အတန်းအပ်တော့မယ် သွားသွား'။

စာသင်ရမယ့် အတန်းရှေ့က ခုံမြင့်ပေါ် ရောက်သွားရင်ပဲ 'ဟောဒီဆရာလေးက မြန်မာစာနဲ့ဘွဲ့ရပြီးသား၊ မင်းတို့ကို စာစီစာကုံးနဲ့စကားပြေသင်လိမ့်မယ်။
အဲဒါတွေကတော့ကွာ ဆရာ့ထက်ကို အလွန့်အလွန်သာပါပေတယ်၊ သူ့ပါးစပ်ကထွက်သမျှ မှတ်စရာတွေချည်းပဲအောက်မေ့ကြပေတော့'လို့ခပ်သာသာ
လေး မိတ်ဆက်ပေးရင်း...'ကဲ... ဆရာလေး အတန်းကို အပ်ပါတယ်'ဆိုတဲ့ စကားအဆုံးမှာ မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တော့မိန်းကလေးအတန်း
နောက်ဆုံးဆီက ဆရာပေါက်စထောင်ခြောက်လ'လို့ အသံသေးသေးလေးနဲ့ လှမ်းအော်လိုက်တဲ့ အသံကြောင့် ဟိုးနောက်ဆုံးကို ဝေ့ ကြည့်လိုက်တယ်၊ အော်လိုက်တဲ့သူကိုမတွေ့ပါဘူး၊ ကျောင်းစာရေးစာပွဲမှာထိုင်နေတဲ့ မစံရဲ့ မယုံသင်္ကာမျက်လုံးတစ်စုံကိုတော့ ဖျတ်ခနဲ တွေ့လိုက်ရရဲ့၊ စာတစ်ချိန်သင်ပြီးလို့
ကျောင်းသားတွေရဲ့ နှစ်သက်သံ၊ အားရသံ၊ပျော်ရွှင်ကျေနပ်သံတွေ ရောပြွမ်းနေတဲ့ မင်္ဂလာပါ ဆရာလေးလို့  အော်ဟစ်နှုတ်ဆက်သံတွေရဲ့အဆုံး
စာသင်ခုံပေါ်ကဆင်းလာတော့ ဘာမျှခံစားချက်မရှိတဲ့မျက်နှာနဲ့ မစံ ခေါင်းပြန်ငုံ့သွားတာကိုတွေ့လိုက်တယ်၊ ဒါဟာဘီအေဘွဲ့ ရအချိန်စားကျူရှင်ဆရာ
ပေါက်စလေးနဲ့ အမ်မ်အေနောက်ဆုံး နှစ်ကျောင်းသူ ကျူရှင်ဆရာမလေးတို့ရဲ့ မထူးဆန်းသော ပထမဆုံး တွေ့ဆုံမှုလေးပါပဲ၊ အဲဒါဟာ တို့ဇာတ်လမ်းရဲ့
ဇာတ်ပျိုးခန်းပဲထင်ပါရဲ့။

သိပ်မကြာပါဘူး၊ စကားပြောဖို့ ဘာသာတူတွေဖြစ်တော့လည်း အချိန်တိုတိုလေးမှာ ရင်းနှီးကြပြန်ရောပေါ့၊ မစံက 'အချစ်ဆုံးရယ် ဝမ်းနည်းခြင်းကိုညွှန်
ဆိုတဲ့ ဆိုက်ပရပ်စ်ပင်တွေ မစိုက်ပါနဲ့' ဆိုတဲ့ ကဗျာလေးကို ကြိုက်တယ်။ ညနဲ့ ကျွမ်းဝင်သူဆိုတဲ့ကဗျာလေးကို ကြိုက်တယ်။ ရှင်ငြိမ်းမယ် အိုင်ချင်းတွေကို
ကြိုက်တယ်၊ ဒီလောက်ပါပဲ၊ မစံ သိတာ လစ်ထရေချာနဲ့ပတ်သက်ရင်နည်းနည်းပဲခံစားနိုင်တာပဲ၊ ခရစ်စတီနာရိုဆက်တီနဲ့ ရောဘတ်ဖရော့စ်ရဲ့ အဲဒီကဗျာ
မူရင်းတွေနဲ့ အိုင်ချင်းကဗျာတွေကို အလွတ်ရွတ်ပြခံစားပြရင်တော့ မစံမျက်နှာလေးက အံ့သြနှစ်ခြိုက်တဲ့အမူအရာတွေနဲ့လင်းလက်လို့၊ ခင်ဗျား တကယ်
တော်တယ်ဗျာလို့' ချီးမွမ်းပြန်ပါရော၊ မစံနဲ့ကျွန်တော် နှစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကကျယ်နေပြန်ပါပြီ၊ ကျွန်တော်စာသင်ချိန် တစ်ချိန်ပြီးတိုင်း
ကျောင်းခန်းနဲ့လက်ဖက်ရည်ဆိုင် တက်လိုက်ဆင်းလိုက်နဲ့  ဘေးနားကပါ ပါလာတတ်တဲ့ မောင်စိုးတို့ ကြည်နိုင်တို့လည်း ကြာတော့ သူတို့မသိတဲ့ အကြောင်း
အရာတွေဒဏ်ကိုမခံနိုင်ကြတော့ဘူး ဒီတော့လည်း ကျွန်တော်နဲ့ မစံတို့က ပိုလို့တောင် ကျေနပ်လို့၊ နောက်တော့ ကမ်းနားက ဆိပ်ခံဗောတံတားကြီးတွေ
ဘက်ကို ခြေဦးလှည့်ကြပြန်တယ်။တနင်္ဂနွေညနေတွေဆိုရင် နှစ်ယောက်သားထပြန်ဖို့ ခက်နေကြလို့။
'အမေနဲ့ အဖေ့လွမ်းတော့ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနဲ့ပြေတယ်၊ မောင့်ကိုလွမ်းတော့ သောက်တော်ရေချမ်း စားတော်ကွမ်းနဲ့မပြေတော့ဘူး၊
သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်လို ကြုံရတဲ့ ရှင်ငြိမ်းမယ်ကဗျာလေးမှာ နိမိတ်ပုံဘယ်လောက်ကောင်းသလဲ၊ အိုင်ချင်းတွေအားလုံးနိမိတ်ပုံတွေပြည့်နှက်
နေတာပဲ၊ ညောင်ရမ်းခေတ်မှာကို နိမိတ်ပုံတွေသုံးလှပြီ၊ အောက်ဆီဂျင်ဆိုတာ ဟိုးအရင်ကတည်းကရှိတာပေါ့။ အောက်ဆီဂျင်လို့အမည်တတ်မထားသေး
သလိုပဲ၊နိမိတ်ပုံလို့ ညောင်ရမ်းခေတ်က အမည် မတတ်သေးလို့ပါ' ဆိုတော့ မစံက ကျွန်တော့်ကိုအထင်ကြီးလို့၊ မစံကပြောပြန်တယ်၊'ဟိုက္ကူ ကဗျာလေး
တွေလည်း ဒီလိုပဲနော် ပေါ့ပေါ့ပါးပါးနဲ့တကယ်ခံစားလို့ရတယ်၊ ကြည့်စမ်း You go I stay Two Atoms. တဲ့။ဟဲ... ဟဲ... ကျွန်တော်လည်း အဲဒီကဗျာလို
ဟိုက္ကူ စပ်ပြမယ်'၊'လုပ်လေ' You Love I Love Tow Kiss. 'ဟာ... ခင်ဗျား တကယ်ချစ်ဖို့ကောင်းတယ်' 'တကယ်လား' 'ဟာ... တကယ်ပေါ့'။

မစံက ရိုးရိုးသားသား ပြောပေမယ့် ကျွန်တော့်စိတ်ထဲမှာ ဒိန်းခနဲဆောင့်သွားတယ်၊ အဲဒီအချိန်မှာပဲ ဆိပ်ခံဗောတံတားကို ရွှေပြည်သာကူးတဲ့ ကူးတို့ရေယာဉ်
ထင်ပါရဲ့ ဒုန်း ခနဲဝင်ဆောင့်တော့ လန့်ဖျပ်ပြီး မစံ ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လိုက်လို့ ယောင်ယမ်းပြီး ခေါင်းကိုငုံ့လိုက်မိတယ်၊ နောက်ကျိနေတဲ့
ရန်ကုန်ြမစ်ထဲမှာ ပိုးကောင်မည်းမည်းလေးတွေ တွန့်လိမ်ကောက်ကွေးလို့ ပေါ်လိုက်ငုပ်လိုက် ဖြစ်နေတာကို မြင်လိုက်ရတာက ကျွန်တော်ပါ၊ ဘာပဲပြောပြော
ထပြန်ဖို့ခက်တဲ့ တနင်္ဂနွေညနေများထဲမှာ မစံနဲ့ကျွန်တော် သာယာနေကြပြီထင်တယ်၊ သသံရာတွေက တစ်ရက်ထက် တစ်ရက်ရှည် ကြိုးတွေက တစ်ရစ်ထက်
တစ်ရစ်ချည်လို့။

မစံက ဘာသာစကား(Language) ပိုပြီး အားသန်သူ၊ ပိုပြီးကျွမ်းကျင်သူ၊ ဒီတော့လည်း ကျွန်တော်တို့နှစ်ယောက်တည်းနဲ့ ကျယ်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ
ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက်ရင်းနဲ့ ကျွန်တော်ကလည်း ပျူစာတွေ ကျောက်စာတွေပိုပြီးချစ်တတ်၊ခင်တတ်လာ၊ မစံက သမိုင်းဆရာကြီးတစ်ယောက်
ဆီက တစ်ပတ်မှာ သုံးရက်သွားသင်ထားတဲ့ ပျူစာတွေ ကျွန်တော့်ကိုသင်ပေးပြန်ပါရော၊ သရေခတ္တရာ၊ဗိဿနိုး၊ မိုင်းမောတွေနဲ့ ကွေးကွေးကောက်ကောက်
ပျူစာတွေကလည်း သိပ်လှတယ်လို့ ကျွန်တော်ထင်ရပြန်ရောပေါ့၊ မစံ တနင်္ဂနွေတွေဟာ ပြက္ခဒိန်ထဲမှာရဲရဲနီလို့ပါလား။

ကျွန်တော်တို့ ဇတ်လမ်းရဲ့ဇာတ်တက်လို့ထင်ရတဲ့ အဲဒီတစ်ရက်ကသီတင်းကျွတ်တဲ့နေ့။
လူတွေ၊တိရစ္ဆာန်တွေ၊ သစ်ပင်တွေ၊ ကန်ရေပြင်တွေ၊ ကောင်းကင်တွေက ပျော်ရွှင်ကြည်လင်တောက်ပလို့ လန်းဆန်းပွင့်လင်းပုံကိုပြက္ခဒိန်မကြည့်နဲ့  သီတင်းကျွတ်ပြီလို့ပြောနေကြပြီ၊ ညကျတော့ အင်းလျားကန်ပေါင်ပေါ်မှာကလေး၊လူကြီးတွေအားလုံး ကမီးရှူးမီးပန်းတွေ ဖောက်လို့ ပျော်ရွှင်နေကြတာ
မြင်တော့ စိတ်ထဲမှာလည်းမစံကို တွေ့ချင်တယ်၊ မစံကို ဘေးကထားပြီး မီးရှူးမီးပန်းတွေပစ်လွှတ်၊ ဟိုမှာ အနီ၊ ဟိုမှာ အပြာ၊ ဒီမှာ အစိမ်းနဲ့မစံကို ပြရင်း
ပျော်ရွှင်ချင်တဲ့ ရိုးရိုးသားသားစိတ်အတိုင်း နောက်နေ့မနက်ကျတော့ အဲဒီခံစားမှုလေးကိုရေးထားတဲ့ သီတင်းကျွတ်တဲ့ညဆိုတဲ့စာလေးကိုရောင်စုံစာအိတ်လှလှ
လေးနဲ့  ပေးလိုက်တယ်၊ မစံကလည်းတိုက်တိုက်ဆိုင်ဆိုင် စာအိတ်လေးတစ်အိတ်ပြန်ပေးရဲ့ဈ၊ နေ့ခင်းထမင်းစားချိန်ကျတော့တစ်ယောက်စာတစ်ယောက်
ဖတ်ကြပါရော။

ရည်းစားစာထင်ြပီး ရင်ခုန်မနေနဲ့ ဦးလို့ စဖွင့်ထားတဲ့ မစံရဲ့ စာက 'လေးလေးနက်နက် စဉ်းစားမိတဲ့အကြောင်းက ခင်ဗျားကျွန်တော့်ကို လေးနက်လှပသော
စကားတစ်ခု ပြောမိမှာစိုးလို့ပါ'တဲ့၊ ကျွန်တော် မသိသေးတဲ့ မစံအကြောင်းတွေပါပဲ၊ ဆွေမျိုးတစ်ယောက်ရဲ့ အကူအညီနဲ့ အင်္ဂလန်ကတက္ကသိုလ်တစ်ခုမှာ
မြန်မာစာသင်ဖို့အလုပ်ရလို့ ကျမ်းပြီးရင်သွားရတော့မှာဖြစ်လို့  ဘယ်သူနဲ့မှသံယောဇဉ်မတွယ်နှောင်ချင် ပေမယ့်ခင်ဗျားကိုတော့ ကျွန်တော့ရဲ့အလိုကို
လိုက်ပြီးအလိုက်တသိ ကူညြီဖည့်ဆည်းမှုတွေကြောင့်ရော၊ ရေစက်ပါတာရောကြောင့်ပါ အစ်ကိုတစ်ယောက်လို ခင်တွယ်မိကြောင်းဆိုပြီးကျွန်တော့ကိုစည်းတား
တဲ့စာပါပဲ၊ ပြိုင်တူစာဖတ်ပြီးလို့ မျက်လုံးချင်းဆုံလိုက်မိတဲ့ အချိန်မှာတော့ကျွန်တော်တို့ နှစ်ယောက်စလုံးဟာဒီဇာတ်လမ်းရဲ့ ဇာတ်ထွတ်နဲ့ မဝေးတြော့ပီလို့
နားလည်မိတဲ့ အရိပ်အငွေ့တွေက ကျွန်တော်တို့နှစ်ယောက်ရဲ့ မျက်လုံးတွေမှာစွန်းထင်လို့၊ ဒါတွေဟာ အခုချိန် ပြန်တွေးကြည့်မိမှ နှစ်ယောက်စလုံးက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ မျက်နှာဖုံးတွေ တပ်လိုက်ကြတာပါလားလို့ နားလည်မိတယ်။

မစံလည်း ကျွန်တော်တွေးမိသလိုပါပဲ၊ ဒိုင်ယာရီ စာအုပ်ထဲမှာ နောက်လာမယ့်ရက်စွဲတွေထဲက ပန်းရောင်နဲ့ရိုက်ထားတဲ့ ဆန်းဒေး (တနင်္ဂနွေ) ဆိုတဲ့
စာလုံးတွေကို မစံလည်း ရေတွက်ကြည့်နေပြီပေါ့၊ မစံက စည်းတားသလို ကျွန်တော့မှာလည်း တားရမယ့်စည်းကြောင်းကြီးက အထူကြီးပဲကိုရှိတာ။
ပြီးတော့ မစံက 'ကျွန်တော့်ကို ချစ်တဲ့စကားမပြောပါနဲ့ လို့ ရေးထားပေမယ့် ကျွန်တော် နားလည်တာကပြောင်းပြန်၊ အဲဒါ' ချစ်တဲ့ စကားပြောပါ' ပဲ။
ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲတော့ အခုအချိန်အထိကျွန်တော်နားမလည်နိုင်သေးပါဘူး၊ 'ခင်ဗျားကို ခင်လို့ စကားပြောရကောင်းလို့ အတူတူ
လျှောက်သွားတာနော်၊ ခင်ဗျား အဓိပ္ပာယ်တစ်မျိုးမကောက်ပါနဲ့လို့ ပြောတာကတော့ အမှန်အတိုင်းပြောတာလို့ နားလည် နိုင်ပါတယ်။ဒါပေမယ့်လည်း
မစံရဲ့ထမင်းဘူးက နှစ်ယောက်စာဖြစ်ြဖစ်လာ၊ တစ်မျိုး မထင်နဲ့လို့ ကလည်းခဏခဏပြော၊ ဒီလိုနဲ့နှစ်ယောက်သား မျောပါနေကြတဲ့ရက်တွေထဲက
တစ်ရက်မှာ ဇာတ်ထွတ်နားကို ကျွန်တော်တို့ ကပ်သွားမိတယ်လို့ ထင်ပါတယ်။

'မစံ ဘာလို့ ယောင်္ကျားလေးအင်္ကျီတွေပဲ ဝတ်တာတုံး' 'အို... ကျွန်တော်က ယောကျာ်းလေး စိတ်ဓာတ်ဗျ၊ ပြီးတော့ အဲဒီအင်္ကျီတွေဝတ်ရတာလွတ်လပ်တယ်။
တစ်ခါတလေ မြန်မာအင်္ကျီ လေးဘာလေးဝတ်ကြည့်ပါဦး၊ မစံနဲ့ လိုက်မှာပါလို့ ပြောလိုက်မိပြီးနောက်နေ့ကျတော့ မစံအချိန်ပိုင်းအလုပ်ဝင်တဲ့ ကြည့်မြင်တိုင်
လုပ်သားကောလိပ်မှာ စာမေးပွဲစောင့်ရတယ်၊ လာကြို ပေးပါလို့ ပြောလို့ ကျောင်းပေါက်ဝ စောင့်နေတော့ ကျောင်းသူ၊ ကျောင်းသားတွေနောက်က မစံပေါ့။
နီညိုရောင် ယောလုံချည်၊ အဝါနုရောင်အင်္ကျီလက်စကနဲ့ အင်္ကျီရင်ဖုံးပေါ်မှာ အနီရောင် Duty ဆိုတဲ့ စာလုံးနဲ့ ဆရာမကတ်ပြား လေးချိတ်လို့ အနက်ရောင်
သားရေစလင်ဘက်ခ်ကို လက်ကပွေ့ထားတာတွေ့တော့ 'ဟာ မစံ တကယ်လှတယ်ကွာ'၊ မစံမျက်နှာပေါ်မှာ ကျေနပ်နှစ်သိမ့်ခြင်း၊ ပျော်ရွှင်ဝမ်းသာခြင်းနဲ့
ကြည်နူးရှက်ပြုံးတွေက ဖုံးလို့မရအောင် ပေါ်လွင်လို့၊ 'ကျွန်တော့်ကို အဖေက ကားနဲ့လာကြိမလို့ ဗျ၊ ခင်ဗျားနဲ့ ချိန်းထားလို့  လာမကြိုနဲ့လို့ ပြောထားတာ။
ခင်ဗျား ချီးကျူးလိုက်တော့ အဖေ့ကား မလွှတ်လိုက်နဲ့ပြောတာမှန်သွားပြီ၊ တန်သွားပြီ၊ လာ လက်ဖက်ရည်တိုက်မယ်ဗျာ' လို့ အရှက်ပြေပြောပေမယ့်
ကျွန်တော့်စကားသံကြားလို့ ကျောင်းသားသုံးလေးယောက် ဝိုင်းဟားလို့ မစံ ထပ်ရှက်ပြန်ရော။

ကျွန်တော်တို့ရဲ့ မရိုးနိုင်သောထုံးစံအတိုင်း ရထားသံလမ်းဘေးက အေးချမ်းလှတဲ့ လက်ဖက်ရည်ဆိုင်လေးထဲမှာ ထပြန်ဖို့ခက်မယ့် အခြေအနေတွေကို
အစပျိုးကြပြန်တယ်၊  ကြည့်လို့မဝတဲ့ ကျွန်တော့် မျက်လုံးတွေကို မစံမြင်တိုင်း 'ခင်ဗျား အဲလောက် မကြည့်နဲ့ဗျ မနေတတ်ဘူး'လို့ ပြောရင်း ရှက်နေတဲ့
မစံဟာ တကယ့်ကို ဆယ့်ခြောက်နှစ်သမီးလေး ရည်းစားနဲ့ စတွေ့သလိုမျိုးပါပဲ။ မစံ နေတတ်သွားအောင် ကျွန်တော်တခြားအကြောင်းအရာတွေ
ပြောင်းပြန်တော့လည်း တကယ်လှလို့လားလို့  မစံ မေးပြန်တယ်၊ ခင်ဗျားဝတ်ခိုင်းလို့ ဝတ်လာတာဗျ လို့လည်း ပြောပြန်ရော၊ 'ဒီလိုဆိုတော့လည်း မစံက
တကယ့်ကိုလှတာ' 'ဟိုလိုကျတော့ရော''ဟိုလိုလည်း လှပါတယ်ဗျ။ ယောကျာ်းရှပ်တွေ ဝတ်တော့ မြင်ရတဲ့သူပါ စိတ်ထဲပေါ့ပါးတာပေါ့၊ မစံဘာပဲဝတ်ဝတ်
လှပါတယ်၊ သဘောကျစရာလည်း ကောင်းတယ်' 'တော်ပါပြီ၊ မဟုတ်ဘဲနဲ့  မြှောက်မနေပါနဲ့၊' မစံကလည်း တကယ်ပြောတာပါ၊ လူမှာ ရုပ်ရည်ချောမောတာ
ထက် မျက်နှာပေးက အဓိကပါ။ မစံရဲ့မျက်နှာက မစံရဲ့ စိတ်ထား၊ တတ်ထားတဲ့ပညာ၊ အဲဒီအရောင်တွေက ဟပ်ပြီးနေတာ၊ ကြည်လင်ပြီး ရိုးသားသန့်ရှင်း
နေတာတွေ၊ လောကကြီးရဲ့ အလှည့်အပြောင်းတွေကို နားလည်ထားတာတွေက ပေါ်လွင်နေတာ' 'အို... ပညာကဒီလောက်မတတ်ပါဘူး' 'ကျောင်းပညာကို
ပြောတာ မဟုတ်ဘူးလေ၊ ကျောင်းပညာဆိုလည်းမစံအတွက် အမ်အေ အောင်တော့မယ်၊ စိတ်ထား ပွင့်လင်းတယ်၊ ရိုးသားသန့်စင်တယ်၊ မောင်နှမသုံး
ယောက်မှာ အကြီးဆုံးဖြစ်တယ်၊ လောကကြီးအကြောင်းကို အထိုက်အလျောက် သိတယ်၊ ''အမလေး... တော်ပါပြီဆိုနေမှ' ပြီးတော့လည်း ချက်ချင်းပဲ
မျက်နှာထားတည်တည်နဲ့ မစံ ပြန်ပြောတယ်၊'ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်မှန်သွားပြီထင်တယ်''၊ဘာဖြစ်လို့လဲ' ၊'သြော်... ကျွန်တော့်တန်ဖိုးကို
ကောင်းကောင်းသိတဲ့လူနဲ့ပေါင်းမိလို့ပေါ့၊ ''ဟာ... မစံ ပတ်ဝန်းကျင်က လူတိုင်းကမစံကို ချစ်ခင်လေးစားအထင်ကြီးကြပါတယ်''အို... အဲဒီလို ပြောတာ
မဟုတ်ပါဘူး၊ ခင်ဗျားကလည်း လည်ချင်တဲ့နေရာကျတော့လည်ြပီး၊ ကျွန်တော့မှာ ပထမနှစ်တုန်းကရည်းစား တစ်ယောက်ပျက်ဘူးတယ်ဗျ'၊
မစံ ကျွန်တော့်မျက်နှာကိုကြည့်တယ်၊ ကျွန်တော်ကလည်း မျက်နှာပေါ်က မနာလိုချင်မှုလေး ရိပ်ခနဲ ဖြတ်သန်းသွားတာကို မဖုံးကွယ်လိုက်ပါဘူး။

'အင်း... ပြောပါဦး'' ပထမနှစ်ဆိုတော့ ကျွန်တော်ကလည်း စိတ်လှုပ်ရှားစအရွယ်ပေါ့၊ ဒါပေမယ့်အီဒဲလူက သာမန်သမီးရည်းစားတွေလိုရုပ်ရှင်ကြည့်လိုက်၊ ချိန်းတွေ့လိုက်နေချင်တာ၊ ပြီးတော့ ကျွန်တော်မိန်းကလေးသိပ်မဆန်တာကိုလည်းအားမရဘူး၊ ကျွန်တော့်ဗီဇအတိုင်း ယောကျာ်းလေး၊ မိန်းကလေးသိပ်
မခွဲခြားတာကိုလည်း မကျေနပ်နိုင်ဘူး၊ သူက အလှကြိုက်ဗျ၊ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေက သိပ်လှပြီး ကျွန်တော်ကသိပ်မလှဘူး။
တိုတိုပြောရရင်ဗျာကျွန်တော့်ဆီက သာယာမှုတွေ မရတော့ ကျွန်တော့်ကို သူပဲပစ်သွားတယ်ဆိုပါတော့၊ ကျွန်တော်ကလည်း အချစ်ရေးနဲ့ပတ်သက်ရင်
ကံမကောင်းဘူးဗျ၊ စိတ်ထဲမှာလည်း ဒီလိုပဲစွဲနေတယ်။ ငါကမိန်းမ မဆန်ဘူး၊ သိပ်မလှဘူးလို့ပေါ့၊ ဒါကြောင့်လည်း ဘယ်ယောကျာ်းလေးမှ သံယောဇဉ်
သိပ်မထားဘူး၊ ကိုယ်တိုင်လည်း ယောကျာ်းလေးလိုပဲနေပြီး ကိုယ့်ဘဝတက်လမ်းအတွက်ပဲ အမြဲ ကြိုးစားနေမိတာ၊ ခင်ဗျားနဲ့ကျတော့ ကျွန်တော့်ကို
တော်တော်နားလည်တဲ့သူပဲဆိုပြီး နည်းနည်းပျော့ပျောင်းနေမိတာ။' မြို့ပတ်ရထားတစ်စင်း ဖြတ်မောင်းသွားလို့ မစံ စကားသံ ခဏ တိတ်သွားချိန်မှာ
မစံ ဒါတွေကိုဘာကြောင့် ပြောနေပါလိမ့်လို့စဉ်းစားမိတဲ့စိတ်ကရထားနောက်တွဲနဲ့ ကပ်ပါသွားရင်း လွတ်ထွက်သွားပေမယ့် မစံကပဲ အဲဒီအတွေးတွေကို
ဆွဲဖြတ်ပြန်တယ်၊ ပြီးတော့ ဗေဒင်တွေဘာတွေ မယုံပေမယ့်လည်း အမေက ယုံတော့ကျွန်တော့်အတွက် ခဏခဏမေးတယ်၊ အဲဒီဟောစာတမ်းတွေ အပျင်းပြေဖတ်ကြည့်တိုင်းလည်း အချစ်ရေးတွင် ကံမကောင်း၊ ကိုယ်ကချစ်ရသူကို ရမည်မဟုတ်လို့ အမြဲပါတယ်၊ ကြာတော့လည်း ကိုယ့်ကိုယ်ကိုယ်
သိတာနဲ့ ယှဉ်စဉ်းစားလိုက်ပြန်ရင် အဲဒါက ဟုတ်နေရောထားပါတော့ဗျာ'' ခင်ဗျားကလည်းဗျာ၊ဗေဒင်ဆိုတာ သူ ပြောချင်ရာပြောတာပါပဲ၊ ကျွန်တော်ကတော့ကောင်းတာဆိုမှန်တယ်၊ မကောင်းတာဆို မမှန်ဘူးပဲ။'
'အမယ်... ဟိုနေ့ကပဲ အမေက ကြုံလို့မေးလာတော့ ယောကျာ်းရကိန်းရှိတယ်လို့  ဟောလိုက်တယ်ဗျ၊ အမေက ပျာပျာသလဲ ပြန်စစ်ခိုင်းတော့
ဘယ်လိုဟောတယ်မှတ်လဲ လက်ရှိအလုပ်အတူတူလုပ်နေသူ ရွယ်တူ၊ ပညာ၊ဘာသာချင်း ကလည်း အတူတူ ကြာသပတေးသား ဖြစ်ဖို့များပြီး မိမိကို
နားလည်မည့်သူ ဖြစ်သည်တဲ့ဗျ။ ကျွန်တြော့်ဖင့် ခင်ဗျားမျက်နှာကြီး ဘွားခနဲပြေးမြင်မိတာပဲ၊ နောက်နေ့ကျတော့  ခငဗျားကို ပြောမလို့ တောကြာ ခင်ဗျားက
ကျွန်တော့်ကို တစ်မျိုးမြင်သွားမှာရယ်၊ ခင်ဗျား မြောက်ကားကြီး ဖြစ်နေမှာရယ်ကြောင့်မပြောတာ၊ မစံ စကားဆုံးတော့ ကျွန်တော်သတိလွတ်လွတ်ကင်းကင်းနဲ့
ရေနွေးခွက် ကောက်သောက်လိုက်တော့ ချက်ချင်းငှဲ့ထားတဲ့ခွက်မှန်းမသိလို့ ပူသွားလိုက်တာလျှာကို ကျက်မတတ်ဘဲ။'အမယ်လေး ရှက်သွားတာလား၊
ဘဝင်ြမင့်သွားတာလား ကျွန်တော်ကဗေဒင်လည်းမယုံဘူး၊ အဲဒီအချက်အလက်တွေနဲ့ အားလုံးနီးပါး ကိုက်ညီတဲ့ယောကျာ်းလေး သူငယ်ချင်းတွေလည်း
ရှိပါသေးတယ်နော်'။

မစံက လေးလေးနက်နက် ပြောပြီးပြန်ဖော့လိုက်ပေမယ့် ကျွန်တော်တော့ထိတ်ကနဲပဲ။ ကျွန်တော်နောက်များ ကျသွားပြီလား မသိဘူး။
ထပြန်ဖို့ခက်တဲ့ ညနေရောက်တော့လည်း အိမ်ရှေ့က ကားဂိတ်ထိ လိုက်ပို့ပါဆိုလို့ လိုင်းကားကို ကျပ်ကျပ်တည်းတည်း ထိုင်စီးကြတော့လည်း မစံနဲ့
ကျွန်တော်ရဲ့ လက်တွေက အပြန်အလှန်ဆုပ်ကိုင်လို့ အဲဒီညကကျွန်တော် အိပ်မပျော်ခဲ့ပြန်ဘူး၊ မနက်ဖြန်ဟာ နောက်မကျသေးဘူးလို့ ဆိုကြပေမယ့်
မစံအတွက်ရော ကျွန်တော့်အတွက်ပါ လုံလုံလောက်လောက် နောက်ကျနေပြီ ထင်ပါရဲ့၊ မဖြစ် တော့ဘူးမစံ ကျွန်တော် ဖွင့်ပြောမှဖြစ်တော့မယ်။
ကျွန်တော်တို့ ဇာတ်လမ်းရဲ့ ဇာတ်ထွတ်ထိပ်ဖျား ချွန်ချွန်လေးပေါ်ကိုကျွန်တော်ကပဲ အရင်ဦးဆုံး ခုန်တက်လိုက်ပါတယ်။

'မစံ ကျွန်တော့်မှာ ရည်းစားရှိတယ်'၊ မစံ ဟန်မဆောင်နိုင်ပါဘူး။ တစ်ကိုယ်လုံး တုန်ယင်၊ မျက်နှာလည်း သွေးရောင်တွေက ရဲ။ မျက်စေ့တွေနီ၊
မျက်ရည်တွေလည်ရင်းနဲ့ 'ခင်ဗျားမကောင်းဘူးဗျာ'လို့ တစ်ခွန်းပဲ ပြန်ပြောနိုင်ခဲ့တယ်။ ကျွန်တော် မှန်သလားတော့ မသိဘူး၊ မမှားဘူးဆိုတာတော့သေချာ
သလောက်နီးပါးပါပဲ။ ဒီလောက်ဖြစ်လိမ့်မယ်လို့တော့ ထင်မထားခဲ့မိပါဘူး၊ဟန်ဆောင်ကောင်းလိမ့်မယ်လို့ ထင်ထားခဲ့တာ အဲဒီနေ့က ထပြန်ဖို့လွယ်ကူခဲ့တဲ့
နေ့ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီနေ့ကစပြီး တရားမဝင်သေးတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့သံယောဇဉ်ဟာ ပိုပြီးတော့ တရားဝင် ဖြစ်လာတာတော့တာပဲပေါ့။
ထပြန်ဖို့ခက်တဲ့ တနင်္ဂနွေတွေနောက်မှာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာတွေပါ ပါလာတော့တာပဲ။
တွေ့တိုင်းလည်း 'ကဲ... ကျွန်တော် မပြောဘူးလား အချစ်ရေးမှာကျွန်တော် ကံမကောင်းဘူးဆိုတာ မှန်ပါတယ်'လို့ မစံက ခဏခဏပဲပါးစပ်ကပြောလိုက်၊
မျက်သားနီနေတဲ့ မျက်ဝန်းတွေက ပြောလိုက်နဲ့ အားနည်းသူဘက်ကိုပါတတ်တဲ့ ကျွန်တော်က မစံကို အလိုကိုလိုက်ပြီးပိုပြီးဖြည့်ဆည်းကူညီ၊အဲဒါကိုပဲမစံက
ပိုပြီး ရယူပိုင်ဆိုင်ချင်၊ မစံကို ကျွန်တော်အလိုလိုက်တာထက် မစံကို မစံက ပိုပြီးအလိုလိုက်။ နောက်တော့ မစံရဲ့ ရူးသွပ်မှုနောက် ကျွန်တော်က
တရွတ်ဆွဲပါ။ ကျွန်တော့်ရဲ့ ရူးသွပ်မှုနောက်က မစံက တရွတ်ဆွဲပါ၊ ဒါတွေဟာမှားသွားပြီဆိုတာတော့ နောက်မှသိရမှာပဲလေ၊ ရည်ရွယ်ချက်ပြောင်းပြန်ဖြစ်သွား
ခဲ့ရတာ ကျွန်တော်ပေါ့။

သူငယ်ချင်းအချို့က မူပျက်ရှုပ်ထွေးနေတဲ့ ကျွန်တော့်ရဲ့မျက်နှာကို ဖတ်နိုင်သွားကြပြီ၊ ဖွင့်မမေးကြပေမယ့်လည်းသိနေကြပြီ၊ အလာစိပ်တဲ့ဖုန်းသံတွေ
ကလည်း သက်သေခံနေကြပြီ။ 'ဟုတ်တယ်၊ မစံ မာနကိုထိပါးသွားလိမ့်မယ် လို့ ထင်ထားတာ၊ ခါးခါးသီးသီးတွေကို မျှော်လင့်ထားတာ'ဆိုတဲ့ ကျွန်တော့်
စကား တစ်ခွန်းတည်းနဲ့လည်း 'ဖုန်း'ဘေးက သူငယ်ချင်းတွေက အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြပြီပေါ့။
မစံ ကျွန်တော်တို့ ဇာတ်ထွတ်ကိုဖြည်းဖြည်းချင်း တက်လမ်းခဲ့ကြပေမယ့် ဇာတ်ဆင်းကျတော့ မြန်လိုက်တာ၊ အဆင်းကို မစံရဲ့။

ကျွန်တော့် အတူနေသူငယ်ချင်းတွေဟာ သူတော်စဉ်တော့လည်း မဟုတ်ဘူး၊ ခေတ်လူငယ်တွေ ဆိုပေမယ့်လည်း ပေါ့ပျက်ပျက်တွေ မဟုတ်သလို ကျွန်တော်ထက်လည်းလက်တွေ့ကျသူတွေပါ။ ပြီး တော့  'သစ္စာ 'ဆိုတာ ကိုလည်း တိတိကျကျ နားလည်ပြီး တန်ဖိုးထားတတ်သူတွေပါ။သူတို့ဟာ
ချစ်ခြင်းမြူမှုန်တွေ ဖုံးလွှမ်းနေတဲ့ မစံရဲ့မာန်တွေကို ပွတ်တိုက်ပေးသူတွေ ဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော် မရှိတုန်း မစံဆီက ဖုန်းလာတော့
ကျွန်တော့်ကောင်မလေးနာမည်ကိုမေးပြီး 'အခုပဲ မင်းဆီသွားတာ၊ မင်းနဲ့ချိန်းထားတာ မဟုတ်လား၊ မရောက်သေးဘူးလား'ဆိုတာတွေက
တိုက်ဆိုင်တာ မဟုတ်ဘူး မစံ၊ သသေချာချာ ပြောကြတာ၊ မစံနဲ့ကျွန်တော့်ကို ဘဝအမှန်ထဲ ပြန်ခေါ်ကြတာ၊ မစံပေးတဲ့ စာထဲမှာ'ဖုနုးကိုင်ပြီးပြန်ချရတာ
မနည်း တော့ပါဘူး၊ အဲဒီနာမည်ဟာ ခင်ဗျားအခန်းမှာ သိပ်အရေးပါပုံရပါတယ်၊ အဲဒီနာမည် အမေးခံရတိုင်း ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးဟာ သေးငယ်
သွားသလို ခံစားရတယ်၊ ငယ်ငယ်ကသင်ခဲ့ဖူးသလို မှန်ကန်ခြင်း မရှိတော့ ရဲရင့်မှုလည်းမရှိပြန်ဘူးပေါ့' တဲ့။
မစံအဲဒီစာကြောင်းတွေက ကျွန်တော့်ခန္ဓာကိုယ်လည်း သေးငယ်သွားစေပါတယ်၊ မစံနဲ့ တွေ့တဲ့အခါ ပါးစပ်တွေကိုလည်း ဆွံ့အစေခဲ့ပါတယ်။

အမေ နေမကောင်းလို့အညာကို ခဏပြန်ရမယ်ဆိုတော့ မစံ က ခင်ဗျားတောပြန်တုန်း ကျွန်တော်က အိမ်မှာတရားထိုင်နေရစ်ခဲ့မယ်'တဲ့။'
မိသားစုတချို့လည်းတရားထိုင်ဦးမယ်၊ ကျွန်တော်လည်း စိတ်တွေ ကစဥ့်ကလျားမို့ သူတို့နဲ့ အတူရောပြီး တရားဝင်ထိုင်ဦးမယ် တဲ့'၊
ကျွန်တော့အထင်တော့  မစံတစ်ယောက် ကြံရာမရ ဘုရားကု ကုတာနေမှာပဲလို့ထင်မိတယ်၊ အညာမှာ မမျှော်လင့်ဘဲ ရက်များစွာ ကြာသွားတယ်။
ဒါပေမယ့် မစံဆီကို ဖုန်း မဆက်ြဖစ်ခဲ့ဘူး၊ ပြန်တော့မယ် ပြန်တော့မယ် ဆိုတော့လည်း စာမရေးဖြစ်ခဲ့ဘူး၊ မိုးရာသီအတွက် ရက်နည်းနည်းလေး
ကျန်တော့တဲ့ကာလမှာ ရန်ကုန်မြေကို ကျွန်တော်ခြေချပါတယ်။

နောက်နေ့ကျတော့ မစံရှိတဲ့ တောင်ငူဆောင်ကို ရောက်ခဲ့ပါတယ်၊ သူ ပြန်တော့မယ်လို့ သတိပေးရုံလေးရွာတဲ့ မိုးစက်သေးသေးလေးတွေ အောက်က
ရန်ကူန်တက္ကသိုလ် တောင်ငူဆောင်ပေါ်မှာ မစံကို ရှာပေမယ့်မတွေ့ရပါဘူး၊ ပြန်ဆင်းခါနီးမှာမှ မစံသူငယ်ချင်း ကျူတာပေါက်စ နီနီက လှမ်းခေါ်ပြီး
'မစံ ဒီမှာမရှိတော့ဘူး၊ ခင်ဗျားအတွက် စာတစ်စောင်ပေးထားတယ် ခဏစောင့် ကျွန်မသွားယူလိုက်ဦးမယ်'လို့ပြောရင်းပျာပျာ ပျာပျာနဲ့ထွက်သွားလေရဲ့။

မိုးစက်တွေက ခပ်စိပ်စိပ်ကျလာတယ်၊ပိတောက်ပျိုတွေက ယိမ်းနွဲ့လှုပ်ရှားနေကြတယ်၊ 'ဒီမှာ ရော့ ကျွန်မ ကျူတီုရီရယ် စောင့်စရာရှိလို့သွားတော့မယ်။ နောက်မှတွေ့ရအောင်'ဆိုပြီး နီနီ ထွက်သွားတော့မှ မစံ အတန်းတက်ခဲ့ ဖူးတဲ့ တီ ၂၁၁ စာသင်ခန်းရဲ့ ရှေ့မှာ စာကိုဖွင့်ဖတ်ခဲ့တယ်။ကျွန်တော့်သူငယ်ချင်း
တွေကပဲလား၊ ဗုဒ္ဓရဲ့အဆုံးအမပဲလား၊ မစံ မိဘတွေကပဲလား၊ မစံ ကိုယ်တိုင်ကြောင့်လားဆိုတာတော့မတွေးတတ်တော့ပါဘူး၊
ဘယ်သူကတိုက်ချွတ်ပေးလိုက်တယ်မသိရပေမယ့် စာရွက်ခေါက်လေးကိုဖြန့်လိုက်တာနဲ့ မစံရဲ့ တောက်လက်နေတဲ့ မာနရောင်တွေကိုကျွန်တော်တွေ့ရပါပြီ။

'ကျွန်တော့်ကိုကျွန်တော် အကြောင်းကြောင်းတွေကြောင့် ထိန်းနိုင်သွားပြီဆိုတာ ခင်ဗျားဒီစာကို ဖတ်နေရင်းသိနိုင်ပါလိမ့်မယ်။
ကျွန်တော့်အမေက မေးလာတယ်၊ အဲဒါ ရည်းစားစာလားတဲ့၊ကျွန်တော် မဖြေနိုင်ခဲ့ဘူး၊ အဖေက ပြောပြန်တယ်၊ သမီးနဲ့တွဲနေတယ်လို့ကြားတယ်။
ယူမှာဆိုရင်လည်း သတ္တိရှိရှိယူပါ၊ မယူဘူးဆိုရင်လည်းသိက္ခာရှိရှိ နေပါတဲ့၊ ကျွန်တော် အဖေ့ရှေ့မှာသတ္တိရော၊ သိက္ခာပါ ပျောက်ဆုံးနေခဲ့ရတယ်၊
အမေနဲ့အဖေအတွက် အဖြေကတော့ ဝမ်းနည်းသည်းထန်စွာ ငိုကျွေးလိုက်ရခြင်းပါပဲ၊ ကျွန်တော့အဖေဟာ တက္ကသိုလ်ကဆရာတစ်ဦးပါ၊လူငယ်တွေ
အပေါ်မှာနားလည်နိုင်တာ ခင်ဗျားသိပါတယ်၊ ကျွန်တော့် မေတ္တာရေးကိုလွတ်လပ်ခွင့်ပေးပါတယ်၊ ဒီလိုပွင့်လင်းလွတ်လပ်တဲ့ မိဘမျိုးရထားတဲ့
ကျွန်တော့်မှာမှ အဖေပြောတဲ့ သတ္တိရော၊ သိက္ခာပါ ဂုဏ်ယူစွာထုတ်မပြရဲတဲ့အဖြစ်နဲ့ကြုံရတယ်၊ မိဘတွေကို ငယ်စဉ်ကတည်းက အောင်ြမင်မှုတွေ
ဆွတ်ခူးပေးနိုင်ခဲ့တယ်၊ ကျွန်တော်ကတော့ ပတ်ဝန်းကျင်ရှေ့မှာထက် မိဘရှေ့မှာ တစ်ခုခုကျဆုံးတာအရှက်ရဆုံးပါပဲ။

အဖေရဲ့ တစ်ခွန်းတည်းသော စကားက ခင်ဗျားကို ချစ်ခြင်းဆိုတဲ့ မြူမှုန်တွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော့်အဖြစ်ကို ပြက်ပြက်ထင်ထင်သိမြင်စေခဲ့ပါတယ်။
မရေရာမှုကို ဆုပ်ကိုင်ထားရတဲ့ ကျွန်တော့်အဖြစ်ကို အရှက်ရဝမ်းနည်းမိပါတယ်၊ အဲဒီအချိန်မှာပဲ နွေရဲ့အမြီးလို့ ထင်ခဲ့တဲ့မိုးဟာ ဆောင်းရဲ့ဦးခေါင်းပါလားလို့ကျွန်တော်ပြန်မြင်နိုင်ခဲ့တယ်၊ ပူပြင်းတဲ့ရန်ကုန်နွေရဲ့အောက်မှာ တရားထိုင်ပြီးတဲ့အချိန်တိုင်းခင်ဗျားဆီကဖုန်းကိုစောင့်နေမိတယ်၊
စာကိုမျှော်မိတယ်၊ခင်ဗျားက စ ဆက်သွယ်မယ်ဆိုတော့ စောင့်ဆိုင်းခြင်းကိုပဲ ကျွန်တော်ပိုင်ဆိုင်ပွေ့ဖက်ရတာပေါ့၊ ခင်ဗျားဆီက ဘာမှမလာခဲ့ပါဘူး။
မမျှော်လင့်ထားသေးတဲ့၊ ကျွန်တော်ငြင်းဆန်ခဲ့ဖူးတဲ့ အင်္ဂလန်ကအလုပ်က ဒုတိယအကြိမ်လာဖို့ဆက်သွယ်ခဲ့တယ်၊ခင်ဗျားအနာဂတ်နဲ့ ကျွန်တော့်
အနာဂတ်ကိုပေါင်းစည်းလို့ မရကောင်းတော့ဘူးဆိုတာမြင်တွေ့မိလို့ ကျွန်တော့်အနာဂတ်ဆီကိုပဲသွားလိုက်ပါပြီ။
အခုနေဆို အင်္ဂလန်ကတက္ကသိုလ်ပေါက်စလေးတစ်ခုမှာ မြန်မာစာပြဆရာမလေးတစ်ယောက်ဖြစ်နေရောပေါ့။
ထင်ချင်သလို ထင်နိုင်ပါပြီဆိုတဲ့စကားကို သုံးခွင့်ပြုပါလို့ပြောရင်း နှုတ်ဆက်ပါတယ်။
လှပတဲ့ အနာဂတ်ကိုပိုင်ဆိုင်ရင်း ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။'

မစံ တကယ်သွားခဲ့ပြီပဲ၊ မင်းပြောတဲ့ ဆောင်းရဲ့ ဦးခေါင်းမိုးစက်တွေ ပိုပြီးသည်းထန်စွာကျဆင်းလျက်ပါပဲ။
တောင်ငူဆောင်ရှေ့က ပိတောက် ပင်ပျိုတွေပေါ်ကို မိုးစက်တွေက အငြိုးနဲ့ သည်းနေပါပြီ အဆောင်အောက်ကို ပြန်ဆင်းတော့ နှုံးချည့်သွားတဲ့ငါ့ခန္တာကိုယ်ရဲ့
နောက်ကျောဖက်က မင်းစာသင်ခဲ့ဖူးတဲ့ အခန်းထဲမှာ ဆရာအသစ်တစ်ယောက် ဝတ္ထု သင်ခန်းစာတွေ ပို့ ချနေသံတွေ ကြားလိုက်ရတယ်။
မင်းလည်း သင် သွားခဲ့ဖူးမှာပါ၊ 'အီးအမ်ဖော်စတာ'ရဲ့ ဝတ္ထု အတတ်ပညာ၊ သဘောတရားတွေ ပို့ချနေတာထင်ပါရဲ့။ဇာတ်လမ်း ပုံသဏ္ဌာန်အကြောင်းတွေပါ။

သဲနာရီပုံ ဇာတ်လမ်းတဲ့၊ အမ်အေ ကျောင်းသူ၊ ကျောင်းသားတွေ နားထောင်နေကြတယ်၊ မျက်မှန်နဲ့ အသားညိုညို ဆရာတစ်ယောက်ပါပဲ။
စကားသံတိုးပေမယ့် ငါလည်းကြားနေရတယ်။

'သဲနာရီထဲမှာ သဲပွင့်လေးတွေအများကြီးရှိတယ်၊ အဲဒီသဲ ပွင်လေးတွေအားလုံး နာရီဖန်ခွက်ခါးလယ်အပေါက်လေးဆီကို ဦးတည်ရွေ့လျားလာကြတယ်။
နောက်ဆုံး ခါးလယ်အပေါက်မှာ သဲတစ်ပွင့်က အရင်လွင့်ကျသွားပြီး နောက်သဲတစ်ပွင့်လည်း တခြားတစ်နေရာကို လွင့် ကျသွားတယ်။
အဲဒီသဲနှစ်ပွင့်ပြန်မတွေ့ကြတော့ဘူး၊ အဲဒီလိုပဲ တစ်နေရာဆီက ဇာတ်ဆောင်တို့ တစ်ချိန်တစ်နေရာမှာ တွေ့ဆုံတယ်၊ ချစ်ကြပေါင်းကြတယ်၊
နောက် ကွေကွင်းခြင်းနဲ့ဆုံးတဲ့ ဇာတ်လမ်းပုံသဏ္ဍာန်ကို သဲနာရီဖန်ခွက် ပုံသဏ္ဍာန်ဇာတ်လမ်းလို့  မှတ်ယူနိုင်တယ်။နားလည်ကြလား' တဲ့။
အဆောင်ပေါ်က အမြန်ဆင်းလာခဲ့ပြီး နောက်ဆုံးလက်ကျန်မိုးရေစက်တွေနဲ့ နေ့ရက်တွေကို ငါမောပန်းစွာ ဖြတ်သန်းခဲ့ရတော့တယ်။

အခုဆောင်းဟာ သူ ရောက်လာပြန်ပြီလို့ ကယောက်ကယက် အိပ်မက်လေးနဲ့ငါ့ကို လှုပ်နှိုးလိုက်တယ်။ခရစ္စမတ်မှာ မွေးတယ်ဆိုတဲ့
ဆောင်းမင်းသမီးလေးမစံဟာလည်း ဆောင်းဝင်တော့မယ်ဆိုတာနဲ့ ငါ့အိပ်မက်ထဲကို ရောက်လာပြန်တော့တယ်။
ဟိုး အရင်နှစ် ဆောင်းတုန်းက မင်း ရွတ်ပြခဲ့ဖူးတဲ့ ကဗျာလေးကိုပဲ ထူးထူးခြားခြားသတိရပါတယ် မစံ။

You go
I stay
Two Atoms.
မင်းသွားတယ်။
ငါနေခဲ့။
အက်တမ်နှစ်ခုမျှသာ။

မစံ မင်းကတော့ ကြည်လင်တဲ့ရေ ဖြစ်လို့လွတ်လပ်စွာစီးဆင်းပါလေ။ ငါသာနောက်ကျိတဲ့ရေဖြစ်လို့ အနည်ထိုင်အောင်ကြိုးစားရင်းနဲ့သာ။
အက်တမ်နှစ်ခုမျှသာ ဖြစ်ပါတယ်။ ။

(မျိုးငြိမ်းဆွေ)

( ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊အမှတ် ၆၃၊ ဇန်နဝါရီ၊၁၉၉၅ ) နှင့်
( ဝင်းငြိမ်းစီစဉ်သည့် ဝတ္တုတို စုစည်းမှူ၊ ရွှေအမြုတေဝတ္တုတို ၆၀ စုစည်းမှ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...