Tuesday, April 12, 2016

❝ သုမောင်ပြောသော ဂန္တဝင်အနုပညာ ❞ အပိုင်း - ၁

Music Crazy Te Te Tar Tar

အနုပညာရှင် အပြန်အလှန် ကျေးဇူးပြုတဲ့သဘော၊ အဆက်အစပ်သဘောလေးတွေ ပြောခဲ့ဖူးပါတယ်။ ဥပမာပြယုဂ်အနေနဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ကိုဝင်းဦးနဲ့ သူ့ပရိသတ်အကြောင်း ပြောဖူးပါတယ်။
ကိုဝင်းဦးက ရွှံ့ဗွက်ထဲဆင်းပြီးတော့ တီးလုံးမပါဘဲနဲ့ သီချင်းဆိုပြတယ်။ ပရိသတ်က သဘောကျတယ်။ နောက်တစ်ခါ ဂန္တဝင်အဆိုတော်ကြီး ကိုသိန်းတန်က သီချင်းမဆိုနိုင်တဲ့အခါကျတော့ စင်ပေါ်မျက်နှာထွက်ပြတာ ပရိသတ်က သဘောကျတယ်။ ကျေနပ်ကြတယ်။
သုမောင်ကြီး အရက်တွေမူး၊ ဖုန်တွေနဲ့လူးနေတဲ့အခါမှာလည်း တောသူမကြီးက ‘ဒါ တို့ သုမောင်ကြီး မဟုတ်ဘူး’ ဆိုပြီး မယုံခဲ့ဘူး စသဖြင့် ဥပမာတွေနဲ့ ကျွန်တော် ပြောခဲ့ပါတယ်။
ဒီနေရာမှာ သတိထားရမှာက ဘာလဲဆိုရင် အဲဒီ ပရိသတ်အကုန်လုံးဟာ တောသူတောင်သားတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သတိထားရမှာပါ။ ပရိသတ်တွေသည် တောသူတောင်သားတွေ ဖြစ်နေတယ်။ မြို့သူမြို့သားတွေ မဟုတ်ဘူးဆိုတာ သတိထားရမယ်။
ဘာကြောင့် ဒါကို ကျွန်တော်အထူးပြုရသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ပရိသတ်နှစ်မျိုးကွဲနေပါတယ်။ မြို့သူမြို့သားပရိသတ်နဲ့ တောသူတောင်သားပရိသတ် နှစ်မျိုးကွဲနေတယ်။ ဒါကို အထူးသဖြင့် ဘယ်မှာ သွားတွေ့ရသလဲဆိုတော့၊ သီချင်းဂီတမှာထက် ရုပ်ရှင်၊ ဗီဒီယိုမှာ သွားတွေ့ရတယ်။ အထူးသဖြင့် ဗီဒီယိုမှာဆိုရင် တရားဝင်လိုဖြစ်နေတယ်။ ဗီဒီယိုဖြန့်ချီရေးတွေမှာဆိုရင်နော်၊ စာကိုချိတ်ထားတာဗျ။ နယ်ကြိုက် မြို့ကြိုက်၊ နယ်ဇတ်ကား မြို့ဇာတ်ကားဆိုပြီးတော့ ဒီလိုကို ချိတ်ထားတာ။
မင်းသား မင်းသမီးဆိုရင် နယ်ကြိုက်မင်းသား မင်းသမီး၊ မြို့ကြိုက် မင်းသား မင်းသမီး အဲသလို စာချိတ်ပြီးတော့ ခွဲထားတာဗျ။ ဒါက တစ်ပိုင်းပေါ့၊ ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာက နယ်ကြိုက်အနုပညာနဲ့ မြို့ကြိုက်အနုပညာ ဒါကို ပြောချင်တာပါ။ ဒီအတွက် ကြားထဲကနေ ကျွန်တော် သပ်လျှိုနေတာ မဟုတ်သလို လက်လျှိုနေတာလည်း မဟုတ်ဘူးဗျ။ ဒါက လူ့သဘာဝပါ။
ဒါပေမဲ့ ထူးဆန်းတာလေး ပြောပြပါဦးမယ်။ ကျွန်တော်တို့နိုင်ငံမှာ မြန်မာသံ၊ မြန်မာမှုကို ကျွန်တော်က ကျမ်းကြီးကျမ်းခိုင်တွေနဲ့ မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေနဲ့ ပြောချင်တာ၊ ကျွန်တော့် ကိုယ်တွေ့အရပြောရရင် မြန်မာသံ မြန်မာမှုစသဖြင့် ဂန္ထဝင်ပေါ့။ အဲဒါကို ကျေးလက်တောရွာတွေက ပိုပြီးတော့ ကြိုက်ကြတာ သွားတွေ့ရတယ်။ မြို့ပေါ်က ခေတ်ပေါ်ကို ပိုပြီးကြိုက်ကြတာ သွားတွေ့ရတယ်။ ဒါ ယေဘုယျ ပြောကြည့်တာပါ။ ကျွန်တော် ဝါးလုံးရှည်နဲ့ သိမ်းယမ်းတာ မဟုတ်ပါဘူး။ မြို့ပေါ်ကလည်း ကျေးလက်တေး၊ ဂန္ထဝင်တေးတွေကို ကြိုက်တာလည်း ရှိပါတယ်။ တောမှာလည်း ဟစ်ဟော့ပ် စသဖြင့် ခေတ်ပေါ်တေးတွေ ကြိုက်တာလည်း ရှိပါတယ်။
သို့သော်လည်း ယေဘုယျပြောမယ်ဆိုရင် ကျေးလက်က မြန်မာသံ မြန်မာမှုကို ပိုကြိုက်တတ်တာ၊ မြို့ပေါ်က ခေတ်ပေါ်တေး ပိုကြိုက်တတ်တာကို တွေ့ရပါတယ်။ ဒါဖြင့်ရင် ကျွန်တော်က ဥပမာလေးတစ်ခု ပြချင်ပါတယ်။ ကျွန်တော် ပြောဖူးပါတယ်၊ ကျွန်တော့် ကိုယ်တွေ့ပေါ့လေ။ ကျွန်တော် အမေရိကန်မှာ စာပေအလုပ်ရုံဆွေးနွေးပွဲ သွားတက်တုန်းကပေါ့ဗျာ။ အဲဒီပွဲမှာ နားနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင် သွားထိုင်တဲ့ အခါပဲဖြစ်ဖြစ်၊ ပျင်းတော့ ကျွန်တော် ဆိုပါစို့ဗျာ၊ ထိမ်ဝှက်နေစရာလည်း မလိုပါဘူး။ ဘီယာဆိုင်သွားထိုင်တဲ့အခါပေါ့ဗျာ။ ကျွန်တော့်အနီးကပ်မှာ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။ ဂျင်နီဖာသန်းမ်တဲ့။ အမေရိကန်မ ငယ်ငယ်ချောချောလေးပေါ့။
ကျွန်တော်က အဲဒီအချိန်က အသက် ၅၀ လောက်၊ ကောင်မလေးက ၂၅ နှစ်လောက်ရှိရော့မယ်။ ချောချောလေး ပြောရတာက ဒီလိုဗျ။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားသားတွေရောက်တဲ့အခါကျတော့ မြန်မာမိန်းကလေးတွေက အကုန်ချောနေတာကိုးဗျ။ ဒီသဘောဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်း အမေရိက ရောက်တော့ အမေရိကန်မတွေ အကုန်ချောနေတာ ဖြစ်မှာပေါ့။ ဒီတော့ ဒီကောင်မလေးလည်း ကျွန်တော့်မျက်စိထဲ ချောနေတာပေါ့။ ကျွန်တော် ပြစ်မှားတာ မဟုတ်ပါဘူး၊ ကိုယ့်သမီးလောက်ကလေး ရှိတာပါ။
အဲဒီကောင်မလေးက ကျွန်တော့်ကိုပြောတယ်။ သူ ကျွန်တော့်ကို ခေါ်တာက ‘မောင်’ တဲ့၊ မောင်ဆိုတာကလည်း ဒီလိုဗျ၊ တစ်မျိုးမထင်နဲ့။ ကျွန်တော့်နာမည်က သုမောင်ဆိုတော့ သူတို့အမေရိကန်စတိုင်လ်ပေါ့ဗျာ။ အဖျားဆွတ်ပြီး ‘မောင်’ လို့ခေါ်တာ။
“မောင် ပျင်းလို့လား” တဲ့။
“ဟုတ်တယ်၊ ပျင်းတယ်” ပေါ့။
“ဘယ်သွားချင်လဲ၊ လိုက်ပို့မယ်” တဲ့။
“အေးကွာ၊ ရုပ်ရှင်လေးဘာလေး သွားကြည့်တာပေါ့လို့၊ စတိတ်ရှိုးလေးဘာလေး သွားတာပေါ့” လို့၊
ဒီတော့ သူလေးက -
“မောင့်မှာ အပိုသုံး ဘယ်လောက်ရှိလို့လဲ” တဲ့။
ဒါအရေးကြီးတယ်။ အပိုသုံးဆိုတာ ကျွန်တော်တို့ အဲဒီသွားတုန်းက စားစရိတ်၊ သွားစရိတ်၊ နေစရိတ် အကုန်လုံး အပြည့်အစုံပေးထားတဲ့အပြင် အပိုသုံးဆိုပြီးတော့ ကျွန်တော့်ကို ဒေါ်လာ ၄၀ ပေးပါတယ်။ တစ်နေ့ကို ဒေါ်လာ ၄၀ ပေးတယ်။ ဒေါ်လာ ၄၀ ဆိုတာကလည်း ဒေါ်လာငွေ ၄၀ တော့ မဟုတ်ဘူးဗျ။ ဒေါ်လာ ၄၀ နဲ့ ညီမျှတဲ့ Gift Cheque ဆိုလား ဘာလား မေ့သွားပြီ။ ဒေါ်လာ ၄၀ တန် ဘောက်ချာတစ်ရွက်ပေးတယ်။ ၄၀ တန်ချက်လက်မှတ်သဘောဆိုပေမယ့် ဒေါ်လာ ၄၀ ထက် များတယ်ဗျ။ သူက လျှော့ဈေးနဲ့ဝယ်လို့ရတယ်ဆိုတော့ ၄၀ စွန်းစွန်းဖိုး သုံးခွင့်ရှိတာပေါ့လေ။ ကဲ… ထားပါတော့ဗျာ။
ဒီကောင်မလေးက ရုပ်ရှင်တို့၊ စတိတ်ရှိုးတို့သွားကြည့်ရင် နှစ်ဒေါ်လာ၊ သုံးဒေါ်လာပါပဲတဲ့။ အရေးကြီးပြီနော်၊ ကျွန်တော်ပြောချင်တဲ့စကား ရောက်တော့မယ်။ ရုပ်ရှင်ကြည့်တာ၊စတိတ်ရှိုးကြည့်တာက နှစ်ဒေါ်လာ၊ သုံးဒေါ်လာပဲကျမယ်၊ အဲဒီသွားရင်လည်း ဝတ်ချင်တာ ဝတ်သွားလို့ရတယ်တဲ့။ အရေးကြီးတာ ရောက်ပါတော့မယ်၊ စတိရှိုးသွားရင်လည်း အရက် သောက်သွားလို့ရတယ်။ ဝင်ကလို့လည်း ရတယ်တဲ့။ တစ်ခုတော့ ရှိပါတယ်တဲ့၊ အဲဒီ တစ်နေ့ တစ်နေ့ရတဲ့ ဒေါ်လာ ၄၀ ကို လေးငါးရက်လောက် စုထားလိုက်တဲ့။ ဒေါ်လာ ၂၀၀-၃၀၀ လောက်ရမယ်တဲ့။ မောင်တို့ ကျွန်မတို့ နယူးယောက်ကို ရောက်တဲ့အခါကျရင် ဘရော့ဒ်ဝေး ပြဇတ်ရုံကို သွားကြည့်ရမယ်တဲ့။
အဲဒီကျရင် ပြဇတ်၊ သို့မဟုတ် သြော်ခက်စထရာ၊ သံစုံတီးဝိုင်းပေါ့နော်၊ ဂန္ထဝင်တီးဝိုင်း၊ ဂန္ထဝင်ပြဇတ်၊ ရှိတ်စပီးယားပြဇတ်ပေါ့လေ၊ ဒေါ်လာ ၂၀၀ လောက် ပေးရမယ်တဲ့။ အဲဒီကျရင် မောင့်မှာ ကုတ်အင်္ကျီ၊ နက်ကတိုင်၊ ဘောင်းဘီ ကောင်းကောင်းပါရဲ့လား၊ အဝတ်အစား ကောင်းကောင်းဝတ်ရမယ်။ အနည်းဆုံး တက္ကစီစီးသွားရမယ်။ ဘွတ်ကင်ယူရမယ်တဲ့။
အဲသလို ဝတ်စားပြီးသွားမှ ပြဇတ်တစ်ပွဲကြည့်ရမယ်။ အဲဒီအတွက် ဒေါ်လာ ၂၀၀ ပေးရမယ်။ ဟိုထဲရောက်ရင် မောင် အရက်မသောက်ရဘူး၊ ဘီယာမသောက်ရဘူး။ ကျွန်မနဲ့ စကားမပြောရဘူး၊ အော်ကျယ်ဟစ်ကျယ် မလုပ်ရဘူး။ သေသေချာချာ ဇိမ်ခံပြီးတော့ စတိုင်လ်နဲ့ ကြည့်ရမယ်တဲ့။
ကြည့်နော်၊ သူတို့နိုင်ငံမှာ တန်ဖိုးထားကြပုံက စဉ်းစားကြည့်ကြပါဗျာ။ စတိတ်ရှိုးနဲ့ ရုပ်ရှင်ကို နှစ်ဒေါ်လာ သုံးဒေါ်လာနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သောက်စားခုန်ပေါက်ကဆိုပြီး ကြည့်လို့ရတယ်။ ဂန္ထဝင်ဂီတနဲ့ ပြဇတ်ကိုတော့ ဒေါ်လာ ၂၀၀၊ ၃၀၀ ပေးရတယ်။ ဘွတ်ကင် ယူရတယ်၊ သပ်သပ်ရပ်ရပ် ဝတ်စားသွားရတယ်။ အရက်သောက် မသွားရဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ထိုင်ကြည့်ရတယ်။ အဲဒါက ကျွန်တော့်ကိုယ်တွေ့၊ အမေရိကားမှာ ပြဇတ်ဆိုတဲ့ ဂန္တဝင်အနုပညာကို တန်ဖိုးထားပုံပါ။
ကျွန်တော်တို့ မြန်မာပြည်မှာကတော့ကာ ကြည့်စမ်းဗျာ၊ စတိတ်ရှိုးပွဲလက်မှတ်ကို သောင်းဂဏန်းချီပြီး ပေးရတယ်။ ကျွန်တော် အပြစ်တင်တာ မဟုတ်ဘူးနော်။ ဟိုတယ်ကြီးတွေမှာ လုပ်တဲ့ပွဲမှာ သောင်းဂဏန်းချီပေးရတယ်။ မော်တော်ကား အကောင်းစားကြီးတွေနဲ့ သွားကြည့်တယ်ဗျ။
ဟော… ကျွန်တော်တို့ မြန်မာ့ဆိုင်းဝိုင်း၊ ဂန္ထဝင်ဇတ်သဘင်ကြီးတွေကျတော့ ဖျာခင်းပြီး ခေါင်းပေါင်းပေါင်း ထိုင်ကြည့်ရတယ်ဗျ။ ရွှေတွေချထားတဲ့ ဆိုင်းဝိုင်းကြီးတွေဟာ မြေကြီးပေါ်မှာဗျ။ စတိတ်ပေါ်မှာ မဟုတ်ဘူးဗျ။ အဲဒါ ဘယ့်နှယ်ဖြစ်တာတုံး။ တစ်ခါတစ်လေများ ဗလာပွဲတဲ့ဗျား၊ အလကား ဝင်ကြည့်ဖို့ ရုံဖွင့်ပေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲသလိုဖြစ်ပြီး သူတို့အနောက်နိုင်ငံမှာ ဂန္ထဝင်အနုပညာက ဘာကြောင့်ဈေးမြင့်နေတာလဲ၊ ဒါကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။
အခုလတ်တလောလေးမှာတော့ နည်းနည်း အသက်ရှူချောင်တာက ဆို က ရေး တီး စသဖြင့်လုပ်ပေးတဲ့အတွက်ကြောင့် ပြီးတော့ ရုပ်သေးအထိပေါ့လေ၊ စင်ပေါ်ရောက်လာတယ်။ တကယ့် ခမ်းနားတဲ့ အမျိုးသားဇတ်ရုံကြီးနေရာတွေမှာ လုပ်ပေးတာတော့ ကျေးဇူးတင်ရမယ့်ကိစ္စပေါ့လေ။ ဒီလိုပဲ တတ်နိုင်တဲ့ သူဌေးကြီး၊ ကုမ္ပဏီကြီးတွေက စပွန်ဆာလုပ်ပေးပြီးတော့ ဒီကနေ့ခေတ်စားနေတဲ့ စတိတ်ရှိုးတွေလိုပဲ မြန်မာ့ ဇတ်သဘင်၊ မြန်မာ့ ဆိုင်းဝိုင်း စသဖြင့်ကို စင်တင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒီနေရာမှာ ပရိသတ်ကို ကျွန်တော်တို့က ဆွဲခေါ်ရမယ်။ ကျွန်တော်တို့ ဇတ်သဘင်ပညာရှင်၊ မြန်မာသံပညာရှင်အနေနဲ့ကလည်း တာဝန်ရှိတယ်ဗျ။ ပရိသတ်ကို အပြစ်တင်လို့မရဘူး၊ ပရိသတ်ကို ဆွဲခေါ်ရမှာပါ။ ခေတ်ရေစီးကြောင်းဆိုတော့ ဒီဘက်ကို ပြန်ပါအောင် ဆွဲခေါ်ရမယ်လို့ ကျွန်တော် ပြောချင်တာပါ။
အနောက်နိုင်ငံနဲ့ အရှေ့နိုင်ငံကွာတာ၊ နောက်ပြီးတော့ စကားမစပ် ကြားဖြတ်ပြောရဦးမယ်ဗျ။ အဲဒီပွဲမှာပဲ ကျွန်တော် ဝတ္တုတို စာတမ်းဖတ်ဖြစ်ပါတယ်။ ဖမ်းမလီဆားဂါး၊ မိသားစုပုံပြင်၊ မိသားစုဇာတ်လမ်းပေါ့၊ အဲဒီ စာတမ်းဖတ်ပါတယ်။ စာတမ်းဖတ်ပြီးတော့ မေးစရာရှိတာ မေးကြပါဆိုတော့ ကျွန်တော့်ကို သီချင်းဆိုပြပါဆိုပြီး ဝိုင်းတောင်းဆိုကြတယ်။ ကျွန်တော် အရင်အပတ်က ပြောဖူးပါတယ်။
ပထမ ကျွန်တော် ဘာဆိုပြသလဲဆိုတော့ တစ်ခေတ်က နာမည်ကြီးတဲ့ သီချင်းလေး၊ အဆိုတော် ဒေါရစ်ဒေးရဲ့ သီချင်းလေး၊ ရိုးလည်းရိုးတယ်။ သူတို့ဆီမှာလည်း ခေတ်စားခဲ့တဲ့ သီချင်းအေးအေးပေါ့။ ကျွန်တော် ဒီသီချင်းကို အင်္ဂလိပ်လို ဆိုပြတဲ့အခါ အင်တာနေရှင်နယ် စာရေးဆရာတွေရဲ့ပွဲဆိုတော့ အင်္ဂလိပ်သီချင်းပဲ ဆိုတာပေါ့။ လူတိုင်းနားလည်အောင် ဆိုပြရတာပါ။ ပြီးတော့ ဒေါရစ်ဒေးက အမျိုးသမီးအဆိုတော်ဆိုတော့ ကျွန်တော်က မိန်းမအနေနဲ့ ဆိုပြရတာပေါ့လေ။ ကိစ္စမရှိပါဘူး၊ သီချင်းအဓိပ္ပာယ်လေးက ကောင်းနေတာကိုး။
အဓိပ္ပာယ်လေးက ရှင်းပါတယ်။ ကျွန်မက အမေ့ကို မေးတယ်၊ ကြီးလာရင် ချောမှာလား၊ ပိုက်ဆံရှိမှာလားပေါ့လေ။ အမေကပြောတယ်၊ သမီးရယ် လောကကြီး ဖြစ်ချင်တာ ဖြစ်တာပဲပေါ့တဲ့။ နောက်တစ်ပိုဒ်ကျတော့ သူ့ချစ်သူကို မေတယ်တဲ့၊ ကျွန်မတို့နှစ်ယောက် ဘဝခရီးဟာ ရှေ့လျှောက်သာယာမလားပေါ့။ သူ့ချစ်သူက ပြောတယ်တဲ့၊ လောကကြီး ဖြစ်ချင်တာဖြစ်မှာပေါ့ အချစ်ရယ်တဲ့။ အဲ… နောက်ဆုံးအပိုဒ်ကျတော့ သူ့သားသမီးတွေက သူ့ကို မေးတယ်တဲ့၊ အမေ သားတို့ သမီးတို့က ချောမှာလား၊ ပိုက်ဆံရှိမှာလားဆိုတော့ ကျွန်မက ပြောလိုက်တယ်။ လောကကြီး သူဖြစ်ချင်တာ ဖြစ်မှာပဲပေါ့။ အဲဒါလေးကို ကျွန်တော်က အင်္ဂလိပ်လို ဆိုပြတယ်။
ပြောချင်တာက အဲဒီသီချင်း ဆိုပြတာကို အင်တာနေရှင်နယ် စာရေးဆရာတွေက သိပ်ခံတွင်းမတွေ့ကြဘူး။ မတွေ့တဲ့အပြင် အီတာလျံ စာရေးဆရာမက ကျွန်တော့်ကို ဖမ်းထောက်သေးတယ်ဗျ။
“ရှင်က ဘာလဲ၊ လောကကြီး သူဖြစ်ချင်ရာဖြစ်တယ်ဆိုတာကို ရှင်က ကြိုက်လို့လား” တဲ့။
ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်။
“ဟုတ်တယ် ကြိုက်တယ်” လို့။
သူတို့က လောကကြီး ဖြစ်ချင်ရာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို မကြိုက်ဘူးဗျ။ ကျွန်တော့်ကို ဖမ်းထောက်တာ၊
“ရှင်က ဘာလို့ ကြိုက်တာလဲ” တဲ့။
“အေး… ကြိုက်တယ်၊ ငါက ဗုဒ္ဓဘာသာမို့လို့” လို့။ ကျွန်တော်ကလည်း ပြန်ဆော်ထည့်လိုက်တာပဲ။ ကြက်ခေါင်းဆိတ်မခံဘူးလေ၊ စာရေးဆရာချင်းကိုဗျ။
အဲဒီတော့မှ စောစောကပြောသလို ‘ချိုပြုံးရွှင်သော နှမပျိုငယ်’ ဆိုပြီး မြန်မာသံ သင်္ကြန်ဒိုးကို ကောက်ဆိုလိုက်တဲ့အခါကျတော့မှ ဟော ဂါဝန်ကြီးနဲ့ အဲဒီ အီတာလျံစာရေးဆရာမက ထကရောဗျ။ ဆိုလိုတာက ဒီ နိုင်ငံတကာ စာရေးဆရာတွေက ကျွန်တော်တို့ရဲ့ ရိုးရာ မြန်မာသံ မြန်မာမှုကို ကြားချင်၊ သိချင်နေကြတာ။ ကျွန်တော်က လက်ခုပ်လေးတီးပြီး သင်္ကြန်ဒိုးသီချင်းလေးကို ဆိုတဲ့အခါကျတော့မှ ဘောင်းဘီတွေ၊ ဂါဝန်တွေ တကားကားနဲ့ လက်ခုပ်တီးပြီးတော့ ကကြတယ်။ သူတို့ဟာ နိုင်ငံတကာ စာရေးဆရာတွေ ဖြစ်ပေမယ်လို့ ရိုးရာမြတ်နိုးတယ်ဆိုတာ ဒါကို ပြောချင်တာပါ။
ကျွန်တော်တို့နိုင်ငံမှာကျတော့ ရိုးရာကို ပြန်ဖော်ထုတ်ဖို့ ဘာကြောင့် တုံနှေးနေကြသလဲဆိုတာကို ထောက်ပြတာပါ။ ဒါစကားမစပ်ပြောပြတာပါ၊ စောစောကစကားပြန်ဆက်ရလို့ရှိရင် မြို့ပရိသတ်က အနုပညာသည်ကို ကြိုက်ရုံကြိုက်တာ၊ တော်ပရိသတ်က အနုပညာရော အနုပညာသည်ကိုပါ ချစ်တာ။ အဲဒါလေးက ကြိုက်တာနဲ့ ချစ်တာနဲ့ နည်းနည်းကွာတယ်လို့ ထင်တယ်ဗျ။ ကြိုက်တယ်ဆိုတာက ပိုက်ဆံပေးတဲ့အလုပ်၊ ပိုက်ဆံပေးတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ ချစ်တယ်ဆိုတာကတော့ ပိုက်ဆံတော့ မပေးဘူး၊ ဒါပေမဲ့ ထမင်းကျွေးတယ်ဗျ။ အဲဒါကျတော့ များများမရပေမယ့် ကြာကြာစားရတယ်။ ဒါကြောင့် ကျွန်တော် ဥပမာပေးတဲ့နေရာမှာ တောပရိသတ်ကို ဥပမာပေးရတာပါ။
✎ သုမောင် ✎
မှတ်ချက်။သုမောင်ရဲ့* ဒါနဲ့စကားမစပ်* မှကူးယူပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...