Thursday, April 14, 2016

ခြေသလုံး ချစ်သူ (သုမောင်)

Myo Myint Maung


မူရင်းအရေးအသားအတိုင်းပြန်လည်တင်ပြပါသည်။
မှတ်မှတ်ထင်ထင်မှ တကယ့် မှတ်မှတ်ထင်ထင်ပါပဲ။ ဒီကျောင်းရှေ့ ဒီနေရာမှာ ကားက ရပ်ရပါတယ်။ စိတ်က ကုန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ဆီ ချက်ချင်း ပြန်ပြေးသွားလေရဲ့။ အဲဒီတုန်းကလည်း ဒီကျောင်းရှေ့ ဒီနေရာလေးမှာပဲ ကားရပ်ခဲ့ရတာပေါ့။ ဒီလိုပဲ..။
ကျွန်တော် မြို့ထဲသွားရင် ဒီကျောင်းရှေ့က အမြဲလိုလို ဖြတ်ရတယ်။ ကျွန်တော်က ကိုယ်ပိုင်ကားနဲ့ သွားတာ။ ကျွန်တော်က သူဌေးသားလေ။

မြို့ထဲသွားတာကလည်း ဘာရယ်မဟုတ်ပါဘူး။ အဖေ့အလုပ်တိုက်ကို သွားတာ။ အလုပ်လုပ်ဖို့မဟုတ်ဘူး။ သွားပြီး ထိုင်ရုံပဲ။ လေ့လာတာဆိုပါတော့။ ဟေးလားဝါးလားနဲ့ အချိန် ကုန်တာပါ။ အဲဒီလို မြို့ထဲသွားလို့ ဒီကျောင်းရှေ့က ဖြတ်ရင် ကျောင်းတက်ချိန်နဲ့ ကြုံတဲ့အခါ ကျောင်းသူ၊ ကျောင်းသားတွေ လမ်းဖြတ်ကူးတာနဲ့ကြုံရင် ရပ်စောင့်ပေးရတယ်။ ယာဉ်ထိန်းရဲတစ်ယောက်က ယာဉ်နဲ့ ကျောင်းသားတွေကို အလှည့်နဲ့ လွှတ်ပေးတာ။
အစကတော့ သတိမထားမိပါဘူး။ ဒီလိုပဲ ကိုယ့်အလှည့်ကျရင် မောင်းထွက်သွားရုံပေါ့။
တစ်နေ့တော့ ကျွန်တော့်ကားက ရှေ့ဆုံးမှာ နေရာကျတယ်။ ရပ်ခိုင်းတော့လည်း ရပ်နေတာပေါ့။ တော်တော်ကြာတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကလည်း တော်တော်များတယ်။ လမ်းဖြတ်ကူးနေတာ။ အဲဒီမှာ ကျွန်တော်ဟာ ဟိုကြည့် သည်ကြည့် ကြည့်နေရင်းက သူ့ကို သွားသတိထားမိတာပါပဲ။ သူဆိုတာကလည်း လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲလေးပါ။
ထူးခြားတာက ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကို စပြီး သတိထားမိတာမဟုတ်ဘူး။ အပြာရင့်ရင့် စကဒ်နဲ့ ခြေအိတ်ကြားက သနပ်ခါးအဖွေးသားနဲ့ ပြူထွက်နေတဲ့ ခြေသလုံးသား တုတ်တုတ်လေးကိုပါ။
ပြောရရင် သူဌေးသားဖြစ်တဲ့ ကျွန်တော့်မှာ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာပါ။ မျက်နှာအလှ၊ ကိုယ်လုံးအလှတွေ ပတ်ချာလည်နေတာပါ။ အနီးကပ်ကို မြင်ဖူးနေတာပါ။ အနီးကပ်မှ ကျွန်တော့်ကားပေါ်မှာရော ရုပ်ရှင်ရုံထဲမှာ မြင်ဖူးတွေ့ထိဖူးနေတာပါ။ ဒါပေမယ့် ခုလို အဝေးကြည့် တစ်ခါမျှ မကြုံဖူး၊မတွေ့ဖူး။
ပြီးတော့ လူမြင်ကွင်းမှာ ဒီလို ခြေသလုံးလေး လှစ်ပြထားတဲ့ မြင်ကွင်းက ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေတယ်။
ဟုတ်ပါရဲ့။ အဲဒီခေတ်က ခုခေတ်လို စကတ်တိုတွေ စကတ်ခွဲတွေ မပေါ်သေးဘူး။ အဲဒီအချိန်က ကျွန်တော်တို့ ငယ်ငယ်လေး ရုပ်ရှင်မင်းသမီး ခင်ယုမေစတိုင်လ်ထွင်လို့ ခြေသလုံးပေါ်တဲ့စကတ် ၀တ်ဖူးခဲ့လို့ တစ်နိုင်ငံလုံး ဆူညံသွားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ယာဉ်ထိန်းရဲမေတစ်ယောက် လူမြင်ကွင်းမှာ တရားဝင် ခြေသလုံးပေါ်ခွင့်ရတာကို ကျွန်တော် ပထမဆုံး သတိထားမိလိုက်တာပါပဲ။ ရင်လည်းခုန်မိတာ အမှန်ပါပဲ။
သေသေချာချာစဉ်းစားကြည့်တော့ ယူနီဖောင်းဆိုတာ ရင်ခုန်စရာကောင်းတဲ့ အ၀တ်အစားမျိုးပါပဲ။ ကြည့်ပါ။ တော်ရုံမိန်းကလေးကို အပြင်မှာ တွေ့ဖူးရုံနဲ့ ဘာမှမထူးခြားပေမယ့် ကိုယ်တိုင်လူနာဖြစ်လို့ ဆေးရုံတက်ရတဲ့အခါမှာ ဒီမိန်းကလေးနဲ့ပဲ ဆေးရုံမှာ ဆုံ ၊ သူက သူနာပြုဖြစ်နေရင် ပြန်ကြည့်ကြည့်ပါ။ သူက လှပနေတတ်ပါတယ်။ ကျက်သရေရှိနေတတ်ပါတယ်။
ဒီလိုပါပဲ။ရဲမေတို့ ၊ ယာဉ်ထိန်းရဲမေတို့ ဒူးခေါင်းဖုံး စကတ်နဲ့ အောက်က ခြေအိတ်တိုတိုနဲ့ အလယ်မှာ ခြေသလုံးသားလေး လွတ်နေတာဟာ အင်မတန်မှ ရင်ခုန်စရာကောင်းပါတယ်။ပြီးတော့ ဒါဟာ တရားဝင် ဖော်ခွင့်ပေးထားတာ။ပြစ်မှားဖို့ စီစဉ်ထားတာလည်းမဟုတ်ပါဘူး။ဥပမာ- ဥရောပသူတွေ ချက်ပေါ်ပေါင်ပေါ် ၀တ်စားကြတယ်။ ပြစ်မှားချင်စရာကောင်းပါတယ်။ ဒါပေမယ့် ကုလားမလေးတွေ ကိုယ်ကျပ်အင်္ကျီနဲ့ ဗိုက်ခေါက်ကလေးတွေ ပြူးထွက်တာကျတော့ ပြစ်မှားချင်စရာ မဖြစ်ပြန်ဘူး။ တခြားမကြည့်နဲ့။ မြန်မာ့ဇာတ်ပွဲ အငြိမ့်ပွဲတွေမှာ မင်းသမီးတွေဟာ လုံလုံခြုံခြုံဝတ်ကြရပါတယ်။ ထမီဆိုရင် ခြေဖျားတောင် မပေါ်ရဘူး။ကြမ်းပြင်ပေါ်မှာ တစ်တောင်လောက် ပုံနေရတာ။ ထမီနားလည်း ခပ်ခပ်ပြီး ကပြီးကရော ခြေသလုံးသားတွေ လှစ်ကနဲ လှစ်ကနဲပေါ်တာ ဘယ်လောက် ရင်ခုန်ဖို့ကောင်းသလဲ။
အဲဒီနေ့က ကျွန်တော်ဟာ အဲဒီယာဉ်ထိန်းရဲမေလေးရဲ့ သနပ်ခါးအဖွေးသားနဲ့ ခြေသလုံးသားလေးကို စတင်ပြီး စွဲလမ်းမိပါတော့တယ်။
ဝီစီသံ၊ နောက်ကားဟွန်းသံလေးတွေကြားမှ ကားတွေပြန်ထွက်ဖို့ အလှည့်ကျပြီဆိုတာကို သတိရတဲ့အထိပါပဲ။ ခြေသလုံးကို ငေးကြည့်နေမိတာ။ ကျွန်တော့်ကားစထွက်ဖို့ မေ့နေပါတယ်။ ကားစထွက်တော့ ဖျတ်ကနဲ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ လှတယ်လို့ ထင်မိပြန်ရောဗျာ။
ဒီတဒင်္ဂလေးဟာ ကျန်တဲ့ ၀ိုင်းဝိုင်းလည် ကောင်မလေးတွေကိုတော့ မေ့လျော့သွားစေတယ်ဆိုရင် ယုံမလားမသိဘူး။ ဘာဆိုင်သလဲနော်။ သဌေးသားနဲ့ လမ်းပေါ်က ယာဉ်ထိန်းရဲမေ။ ကျွန်တော့်နားဝိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေက ဖေဖေ့မိတ်ဆွေ သူဌေးတွေရဲ့ သမီးတွေ။ ဖေဖေ့အလုပ်ရုံက စာရေးစာချီတွေ။ နီးစပ်လည်း နီးစပ်ပါရဲ့။ ချစ်တယ်လို့လည်း ထင်မိခဲ့ပါရဲ့။ ကြိုက်တာတွေလည်း များခဲ့ပါရဲ့။ အနေလည်း နီးစပ်ခဲ့ပါရဲ့။ ဒါပေမယ့်နော်။ ဘာမဟုတ်တဲ့ ဖျတ်ကနဲ မြင်လိုက်ရတဲ့ သနပ်ခါးအဖွေးသားနဲ့ ကတ္တရာလမ်းပေါ်ရပ်နေတဲ့ ခြေသလုံးတုတ်တုတ်ဖွေးဖွေးလေးက ကျွန်တော့်ရင်ကို ခုန်စေခဲ့ပြီ။ ဒါဟာအချစ်တဲ့လား။ အချစ်အစ ခြေသလုံးကလားဗျ။
ဒီလိုနဲ့ ကျွန်တော်ဟာ နောက်နေ့တွေကစပြီး အဲဒီကျောင်းရှေ့ကို အဲဒီအချိန် ကွက်တိဖြတ်ရအောင် ကြိုးစားတော့တာပါပဲ။ ရှေ့ဆုံးနေရာရအောင် ယူတတ်တော့တာပါပဲ။ ရှေ့ဆုံးနေရာရရင်တောင် သူ့အနားရောက်ရင် ခဏဖြစ်ဖြစ် ကားရပ်ပြီး သူ့ကိုကြည့်တယ်။ ပထမ ခြေသလုံးကိုကြည့်တယ်။ နောက် သူ့မျက်နှာလေးကို။ သူကတော့ လက်ပြနေရတာ၊ ယာဉ်ကြောရှင်းနေရတာနဲ့ ကျွန်တော့်ကို လုံးဝဂရုစိုက်မိပုံ မရပါဘူး။
နောက်ပိုင်းတော့ သူကျွန်တော့်ကို ဂရုစိုက်အောင် ကြိုးစားမိလာပါတယ်။မော်တော်ကားဟွန်းသံကို ပြင်းပြင်းလုပ်တာတို့ ဘာတို့ပေါ့။ အဲဒီကာလမှာ အိတ်ဇောသံကျယ်တဲ့ ကိရိယာတွေကလည်း ပေါ်လာပြီမဟုတ်လား။ တဒင်္ဂစိတ်မရှည်တဲ့သဘောနဲ့ ကျောင်းသူကျောင်းသားတွေ ဖြတ်ကူးနေတုန်း လီဗာကိုပုတ်ပြီးတော့ အသံပေးတယ်။ အစကတော့ သူသတိမထားမိဘူး။ နောက်တော့ ခဏခဏလုပ်ပါများတော့ တစ်ချက်မျက်စောင်းထိုးတယ်။ ဒါလောက်ဆို ကျွန်တော်ကျေနပ်နေပြီး နောက်တော့ ကျွန်တော်က ကျောင်းသားတွေ လမ်းဖြတ်ကူးလို့ ကားတွေကို လက်တားထားချိန်မှာပဲ ဟွန်းတီးတယ်။ ဒီအခါ သူက စိတ်မရှည်ဟန်နဲ့ ကားတားတဲ့လက်ကို ဆတ်ကနဲ ဆတ်ကနဲလုပ်ပြတယ်။ အဲဒီကာလမှာ သူ ကျွန်တော့်ကားကို မှတ်မိနေလောက်ပါပြီ။ ခဏခဏပြဿနာရှာနေတာကိုး။ ကျွန်တော်ထင်တယ်။ သူ့ကို ကျွန်တော်စိတ်ဝင်စားနေပြီဆိုတာ သူသိလောက်ပါပြီ။ ဒါပေမယ့် ထုံးစံအတိုင်း သူဌေးသားတစ်ယောက် (ပုံစံကြည့်ရုံနဲ့ သိသာတဲ့) ရဲ့ စရိုက်သဘာဝအတိုင်း လမ်းပေါ်က မိန်းကလေးတစ်ယောက်ကို အပျော်သဘောအနေနဲ့ ကျီစယ်နေတာလို့ပဲ ထင်မှာပါ။ အမှန်ကတော့ ကျွန်တော်သူ့ကို စွဲလမ်းနေပါပြီ။ ဒီကိစ္စကို ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ အစကတော့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မယုံခဲ့ပါဘူး။ ဘယ့်နှယ်.. ခြေသလုံးလေးမြင်ရုံနဲ့ ချစ်နေရောတဲ့လား။
နောက်ဆုံး ကျွန်တော် အရဲစွန့်ပါတော့တယ်။ တစ်ခါတော့ သူလက်တားထားတဲ့ကြားက ကျောင်းသားတွေ နည်းနည်းရှင်းချိန်မှာ ဖြတ်တက်လိုက်တာပါပဲ။ ချက်ချင်းပဲ ၀ီစီမှုတ်သံနဲ့အတူ ရပ်ခိုင်းပါတော့တယ်။
“ ယာဉ်မောင်းလိုင်စင်”
“ မပါဘူးဗျ”
“ ဒါဖြင့် ဘီးခွန်”
“ ရော့ ”
“ ၅၂ လမ်းရုံး လာခဲ့ပါ ”
“ အစ်မရှိမှာလား ”
“ ဟိုရောက်ရင် တာဝန်ရှိသူနဲ့တွေ့လိမ့်မယ် ”
ကံဆိုးချင်တော့ ဒဏ်သွားဆောင်တဲ့နေ့က သူနဲ့မတွေ့ပါဘူး။ ဒါမှမဟုတ် အဲဒါ သူ့တာဝန်မဟုတ်ဘူးထင်ပါရဲ့။ ဒီတော့ ကျွန်တော်ဘာလုပ်သလဲ။ နောက်တစ်နေ့ ပြစ်မှု ထပ်ကျူးလွန်ပြန်ပါတယ်။ ဒီလိုပဲ တစ်ခုမဟုတ် တစ်ခုပေါ့။ ပြစ်မှုကျူးလွန်လိုက်၊ ဒဏ်သွားဆောင်လိုက်နဲ့ပေါ့။ ရုံးမှာ တစ်ခါတစ်လေတော့လည်း သူနဲ့တွေ့ပါတယ်။ ကျွန်တော်က ပြုံးပြနှုတ်ဆက်ပေမယ့် သူက ခပ်တည်တည်ပါပဲ။
နောက်ဆုံးတစ်ခါတော့ ကျွန်တော်လွန်လွန်ကျူးကျူးလုပ်မိပါတယ်။ လမ်းလယ်ကောင်မှာ သူ့ကို ပိုက်ဆံတစ်ထပ် လာဘ်ထိုးလိုက်တာပါပဲ။
“ ရှင် ဘာလုပ်တာလဲ ”
“ ဒီလိုပဲ ကိစ္စပြီးသွားလို့ ရမလားလို့”
“ ဒါဟာ ကျွန်မကို စော်ကားတာပဲ ”
“ မဟုတ်ပါဘူးဗျာ။ ရုံးမရောက်ချင်လို့ပါ ”
“ ပိုဆိုးသွားပြီရှင့်။ ခုဟာက ၀တ္တရားနှောင့်ယှက်မှု။ ရှင့်ကိုတရားစွဲမယ်”
အမှန်က ကျွန်တော်လည်း အဲဒီလိုဖြစ်အောင်ကို တမင်လုပ်လိုက်တာပါ။ သူနဲ့ပိုနီးစပ်အောင် ဖန်တီးလိုက်တာပါ။ ဒါပေမယ့် ပိုနီးစပ်သွားတာတော့ မှန်ပါတယ်။ ကျွန်တော်လည်း ထိုက်သင့်တဲ့အပြစ်ဒဏ်ခံလိုက်ရပါတယ်။ သူဟာ မိန်းမသားတစ်ယောက်မို့ ကျွန်တော့်အပေါ် သနားကရုဏာဖြစ်သွားမလား ထင်မိတာတော့ မှားသွားပါတယ်။ သူကျွန်တော့်အပေါ် ပိုမုန်းတီးသွားပါရော။ သူဌေးသားတွေ ဒီအတိုင်းပဲဆိုတဲ့ ၀တ္ထု၊ ရုပ်ရှင်တွေထဲကလိုမျိုး ထင်သွားခဲ့ပါပြီ။
ကျွန်တော်ကတော့ အဲဒီနောက်ပိုင်းလည်း အချိန်ရရင် အဲဒီကျောင်းလေးဆီ ရောက်စမြဲပါ။ ဒါပေမယ့် အရင်ကလို နောက်ပြောင်တာ၊ နှောင့်ယှက်တာ၊ သူဂရုစိုက်အောင် လုပ်တာတွေ မလုပ်တော့ပါဘူး။ ပုံမှန်ပဲနေခဲ့ပါတယ်။ သူ့ကိုတော့ ငေးရီရီနဲ့ကြည့်ပါတယ်။ ရှေ့ဆုံးနေရာရအောင်လည်း ယူပါတယ်။ အဲလို သူကလည်း သိနေပုံရပါတယ်။ ဒါပေမယ့် တာဝန် ၀တ္တရား ထမ်းဆောင်ချိန်မို့လား၊ တမင်တကာလားတော့မသိဘူး။ သူ့မျက်နှာလွှဲထားပါတယ်။ တစ်စေ့ကလေးမှ မကြည့်ပါဘူး။
* * *
ဒီလိုနဲ့ပဲ ခြေသလုံးအချစ်ဟာ ကျွန်တော့်နှလုံးသားမှာ တစ်စတစ်စ ပျောက်ကွယ်သွားရပါတော့တယ်။ ခုဆို နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပေါ့။ ကျွန်တော်လည်း အိမ်ထောင်ကျ၊ သူလည်း အိမ်ထောင်ကျ။ ကျွန်တော်ဆို ဖေဖေ့လုပ်ငန်း ဦးစီးရတဲ့သူဌေးကြီးဘ၀ ရောက်ခဲ့ပြီပဲ။
ကျွန်တော့်အလုပ်ရုံက ဒဂုံတောင်မှာပါ။ကျွန်တော်နေတာက (၈)မိုင်မှာပါ။ မြို့ထဲကို တခြားအလုပ်ရှိမှ ထွက်ဖြစ်ပါတယ်။ ထွက်ဖြစ်ရင်လည်း ဒီကျောင်းလေးရှေ့က ဖြတ်ခဲ့ပါတယ်။ ဒီတစ်နေ့တော့ ဇနီးသည်ကို ကြိုရမှာမို့ ဒီကျောင်းရှေ့ကဖြတ်ရပါတယ်။ အမှန်က ဇနီးသည်ကို ကျွန်တော် ကြိုလေ့မရှိပါဘူး။ ဇနီးသည်က ရုံးတစ်ရုံးက အရာရှိပါ။ သူ့ကိုကြိုဖို့ ကားတစ်စီးသပ်သပ် စီစဉ်ထားတာပါ။ ဒီကနေ့မှ အဲဒီကားက ပျက်၊ ကျွန်တော်ကလည်း သူ့ရုံးဆင်းချိန်နဲ့ကိုက်ပြီး မြို့ထဲ လာစရာရှိလို့ တစ်လက်စတည်း ဒီကျောင်းရှေ့က ဖြတ်မိတာပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းဆင်းချိန်နဲ့ တိုးနေတော့ ကျောင်းသားတွေ လမ်းဖြတ်အကူးကို စောင့်ရပါတယ်။ ယာဉ်ထိန်းရဲ အမျိုးသားကြီးတစ်ဦးက ယာဉ်တွေလက်တားပြီး ရပ်ခိုင်းထားပါတယ်။ ကျွန်တော့်ကားက ရှေ့ဆုံးကပါ။ကျွန်တော်ဟာ ယောက်ျားသား ယာဉ်ထိန်းရဲရဲ့ ခြေသလုံးနေရာကို မှန်းကြည့်ရင်း အလိုလို ပြန်သတိရနေပါတယ်။ စိတ်ကလည်း လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ဆီ ပြန်ရောက်နေပါတယ်။ ကိုယ့်ဘာသာလည်း ပြုံးစိစိဖြစ်မိပါရဲ့။
ယာဉ်ထိန်းရဲကြီးက သွားခွင့်ပြုတာတောင် တော်တော်နဲ့ ဂီယာမချိန်းဖြစ်လို့ ရယ်မိသေးတယ်။ သြော်- ငယ်မူပြန်ချက်။
ဒီလိုနဲ့ ဇနီးသည်ရဲ့ ရုံးရှေ့ ရောက်လာပါတယ်။ ခဏစောင့်ရပါသေးတယ်။ ဇနီးသည်က ယူနီဖောင်းနဲ့ လှေကားပေါ်က ဆင်းလာပါတယ်။ ၀၀တုတ်တုတ် ဖြစ်နေပေမယ့် ယူနီဖောင်းနဲ့ဆိုတော့ စောစောကပြောသလို ကြည့်ကောင်းနေပါတယ်။ ဇနီးသည်က နံဘေးခုံမှာ ၀င်ထိုင်လိုက်တော့ ကားကို လာလမ်းအတိုင်း ပြန်မောင်းခဲ့ပါတယ်။တမင်ကလာကိုကို လမ်းကို ရွေးမောင်းခဲ့ပါတယ်။ ဟိုကျောင်းလေးဘက်ကိုရောက်အောင် ကွေ့ပတ်မောင်းတာပါ။ ကျောင်းရှေ့ရောက်တော့ ကျောင်းသားတွေရှင်းနေပါပြီ။ ဒါပေမယ့် ကျွန်တော်က ကားကို အရှိန်သတ်လိုက်ပါတယ်။ပြီးတော့ ဇနီးသည်ရဲ့ လက်ခုံကလေးကို ဆုပ်ကိုင်လိုက်ပါတယ်။သူက ဘာလဲဆိုတဲ့ သဘောရိုးနဲ့ လှမ်းကြည့်ပါတယ်။ ကျွန်တော်က ပြုံးပြပြီး မှတ်မိသေးလားလို့ မေးတော့မှ-
“ အို--- အိုကြီးအိုမ ကျမှ ” လို့ ရှက်ပြုံးအမူအယာနဲ့ပြောပါတယ်။
ဟုတ်ပါရဲ့။ ဟိုလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဒီနေရာလေးမှာ ယာဉ်ထိန်းရဲမေ လုပ်ခဲ့တဲ့ ကောင်မလေးဟာ ခု ကျွန်တော့်နံဘေးမှာ ထိုင်နေတဲ့ ဇနီးသည် ရဲအုပ်ကြီးပါပဲ။ သူလည်း အိမ်ထောင်ကျ၊ ကျွန်တော်လည်း အိမ်ထောင်ကျလို့ ပြောခဲ့တာ ကျွန်တော်တို့ နှစ်ယောက် အိမ်ထောင်ကျခဲ့ကြတာမို့လို့ပါ။
-သုမောင်-

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...