Friday, April 1, 2016

"ဘယ်ကစပြီး ဘယ်မှာဆုံးမလဲ"

Min Myat MaungFollow

'ပြောင်းလဲချိန်တန်ပြီ' လို့ ကြွေးကြော်ရင်း တစ်ပြည်လုံး ညီညီညွတ်ညွတ် လှုပ်ရှားလိုက်ကြတာ၊ ဟော… ခုတော့ အစိုးရ ပြောင်းသွားပါပြီဗျာ။ ပြည်သူတွေ ပြောင်းလဲဖို့ ဆက်ပြီး လုပ်ရပါဦးမယ်။ အပြောင်းအလဲ လုပ်ဖို့က အစိုးရရဲ့တာဝန်မို့ မဲပေးရွေးချယ်ခဲ့ပြီပဲ။ ပြည်သူတွေက ဘာများ လုပ်ရဦးမှာလဲလို့ မေးကြမယ် ထင်ပါရဲ့။

အစိုးရပြောင်းလဲရုံတင်မကဘဲ ပြည်သူလူထုတစ်ရပ်လုံးပါ ပြောင်းလဲမှ နိုင်ငံတော်ကို အသစ်တဖန် မွေးဖွားနိုင်မှာပါ။ အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူလူထုပါ အရင်က စိတ်ဓာတ်ဟောင်းတွေကို ခဝါချပြီး အတွေးအခေါ် အယူအဆကအစ ပြောင်းလဲဖို့ လိုအပ်လှပါတယ်။
ဒါဆိုရင် ပြည်သူလူထုက ပြုပြင်ပြောင်းလဲရေးကို ဘယ်က စလုပ်ရမှာလဲလို့ ဘဲဥအစရှာမရ ဖြစ်ပြီပေါ့။
ကျနော် ကမ္ဘောဒီးယားနိုင်ငံကို ရောက်တုန်းက မြင်ခဲ့ကြားခဲ့တာလေး ပြန်ပြောပြချင်ပါသေးတယ်။ ကမ္ဘောဒီးယားဆိုတာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ သူမသာကိုယ်မသာ မွဲဖော်မွဲဖက်တွေမို့ သူတို့တိုင်းပြည်ကို ကျနော်တို့နဲ့ နှိုင်းယှဉ်ကြည့်စရာ စံအဖြစ် လေ့လာမိတယ်။ သူတို့လည်း မွဲပေမယ့် ကျနော်တို့ဆီမှာလို ဘီလျံနာ ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီကြီးတွေ မရှိတော့ တိုက်တာအဆောက်အအုံတွေက သိပ်ပြီး မခမ်းနား မတောက်ပြောင်လှဘူး။
ဒါပေမယ့် နယ်ဖက်ကျေးလက်တွေမှာတော့ မြန်မာပြည်နဲ့ မတိမ်းမယိမ်း အတူတူလိုပါပဲ။ သူတို့ကတောင် မြန်မာပြည်ထက်စောပြီး လက်ကိုင်ဖုန်းတွေ ဘာတွေ သုံးနိုင်နေပြီ။
ကမ္ဘောဒီးယားကျေးရွာတစ်ခုရဲ့ ပြောင်းလဲတိုးတက်ပုံကို ကျနော်ပြောပြပါရစေ။ အဝေးပြေးလမ်းမကြီးရဲ့ တစ်နေရာမှာ ရှိတဲ့ ကျေးရွာလေးတစ်ခုကနေ မြို့ကို ကျောင်းသွားတက်တဲ့ ရွာသားလူငယ်တစ်ယောက်က အကြံအစည်သစ်တွေနဲ့ ရွာပြန်လာတယ်။ မြို့ကို ကျောင်းသွားတက်တာလည်း အလယ်တန်းအဆင့်လောက်ပါ။ သူ့အကြံသစ်ကလည်း သိပ်ထူးထူးခြားခြားတော့ မဟုတ်ဖူး။ ထမင်းဆိုင်ဖွင့်မလို့တဲ့။
အဝေးပြေးလမ်းမကြီး နဘေးမှာရှိတဲ့ သူ့အိမ်ခြံဝင်းကို ထမင်းဆိုင်ဖွင့်ဖို့ ပြင်ဆင်ရာမှာ သူ သေသေချာချာ အထူးဂရုစိုက်ပြီး ဆောက်လုပ်တာကတော့ အိမ်သာပါပဲ။ သူတို့ တစ်ရွာလုံးတောင် ဘုန်းကြီးကျောင်းကလွဲလို့ အိမ်သာတစ်လုံးမှ မရှိဘဲ သူက စပယ်ရှယ်ရေလောင်းအိမ်သာ ဆောက်တော့ ဒီကောင်ရူးနေပြီလို့ ရွာကလူတွေ ထင်ကြတာပေါ့။ သူတို့ရွာလေး ပြောင်းလဲရေးအတွက် ခြေလှမ်းသစ်တစ်ခုလို့ ဘယ်သူမှ မတွေးမိကြဘူး။
အဝေးပြေးလမ်းမကြီးပေါ်က ထင်းကနဲ မြင်အောင် ဆိုင်းဘုတ်ထောင်တဲ့အခါ ထမင်းဆိုင်နာမယ်ထက် ပိုပြီး ထင်ရှားတာကတော့ "သန့်ရှင်းသော ရေလောင်းအိမ်သာ အခမဲ့ သုံးနိုင်ပါသည်" ဆိုတဲ့ စာလုံးကြီးပါပဲ။ ရွာကလူတွေ ရယ်စရာကြီးကို ဖြစ်လို့။
ဒါပေမယ့်၊ ခရီးသွားတဲ့ မြို့သူမြို့သားတွေဟာ တောမှာ အိမ်သာတက်ရတာ အလွန်ဒုက္ခရောက်တော့ သူ့ဆိုင်းဘုတ်က တော်တော်ကို ဆွဲဆောင်နိုင်တယ်။ ခရီးသွား မော်တော်ကားတွေဟာ သူ့ဆိုင်မှာ ရပ်ပြီး ထမင်းစားရင်း သန့်ရှင်းတဲ့ အိမ်သာသုံးနိုင်တာကို အရမ်းသဘောကျကြတယ်။ အသွားခရီးမှာ အဆင်ပြေတော့ အပြန်မှာလည်း သူ့ဆိုင်ကိုပဲ ဝင်ကြတယ်။ အမှန်က ထမင်းစားဖို့ထက် အိမ်သာသုံးချင်လို့ပါ။
ဒီလိုနဲ့ သူ့ထမင်းဆိုင်ရှေ့မှာ ကားကြီးကားငယ်တွေ ဆိုက်ပြီး ရောင်းကောင်းနေတာ တွေ့တော့ အတုခိုးပြီး ထမင်းဆိုင်လိုက်ဖွင့်သူတွေ အလျှိုအလျှို ပေါ်လာပြန်တယ်။ ဒါပေမယ့်၊ မူလပထမထမင်းဆိုင် ရောင်းကောင်းတာဟာ အိမ်သာကြောင့်ဆိုတဲ့ အချက်ကို တော်တော်နဲ့ သဘောမပေါက်ကြဘူး။ တရုတ်ဟင်းမျိုးစုံရှိသည်၊ စပယ်ရှယ်ထမင်းဟင်းရမည်၊ အထူးလျှော့ဈေး စတဲ့ ဆိုင်းဘုတ်တွေ ထောင်ကြတယ်။ ဒါလည်း ဟိုဆိုင်လောက် ဧည့်သည်မဝင်တော့ စဉ်းစားရခက်နေတယ်။
နောင်မှာ တဖြည်းဖြည်း သဘောပေါက်လာတော့မှ ရေလောင်းအိမ်သာတွေ အပြေးအလွှားဆောက်ပြီး အိမ်သာရှိသည် ဆိုင်းဘုတ်ကြီးတွေ ထောင်ကြတော့တာပဲ။ အဲဒီအခါ အဝေးပြေးလမ်းပေါ်သွားတဲ့ ကားတွေဟာ ဒီရွာမှာ ထမင်းစားနားရင် သန့်ရှင်းတဲ့အိမ်သာ သုံးနိုင်တယ်ဆိုပြီး သူတို့ရွာလည်း ကားတွေ ခရီးတစ်ထောက်နားတဲ့ စခန်းဖြစ်လာတော့တယ်။
သူတို့ရွာမှာ အိမ်သာရှိသည် ဆိုင်းဘုတ်ကြီးတွေ နေရာတကာ မြင်နေရလို့ 'အိမ်သာရွာ' ဆိုပြီး ပတ်ဝန်းကျင်ရွာတွေက ပြောင်လှောင် နာမယ်ပေးထားသတဲ့။
မူလပထမ ထမင်းဆိုင်ရှင်ကတော့ အပြိုင်ထမင်းဆိုင်တွေ မှိုလိုပေါက်လာပေမယ့် အပြုံးမပျက်ဖူး။ သူတို့ရွာဟာ ခရီးသွား ယာဉ်နားနေစခန်းကြီးတစ်ခုအဖြစ် စည်ပင်လာတာကို ကျေနပ်နေတယ်။ သူ့မှာ နောက်ထပ် အကြံအစည်တစ်ခုလည်း ရှိသေးတာကိုး။ သူ့ဘေးက ခြံကို ဝယ်ပြီး ကုန်စုံဆိုင်တစ်ခု ဖွင့်ပြန်တယ်။ ခရီးသွားတွေ လိုအပ်မယ့်ပစ္စည်း၊ မုန့်ပဲသရေစာ၊ အအေး၊ ဖျော်ရည်ဘူး၊ စီးကရက်ဘူး၊ ဓာတ်ခဲ၊ အိမ်သုံးဆေးဝါး စတာတွေအပြင် ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းကောင်းတာပေါ့။
ရွာမှာ ဝင်ငွေကောင်းတဲ့ ထမင်းဆိုင်ရှင်တွေ များလာတဲ့အခါ ရန်ပုံငွေစုပြီး စာသင်ကျောင်းလေး ဖွင့်ကြတယ်။ ဆရာဝန်တစ်ယောက်ငှားပြီး တစ်ပတ်တစ်ခါ ဆေးခန်းလေး စီစဉ်ကြတယ်။ ဆေးခန်းလာထိုင်တဲ့ဆရာဝန်က ဒီရွာ စီးပွားရေးကောင်းမှန်းသိတော့ သူ့ကိုယ်ပိုင်ဆေးခန်း လာဖွင့်ပြီး နေ့တိုင်းဆေးကုတော့တာပဲ။
အရင်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးတဲ့ သူတို့ရွာကလူတွေဟာ ဝင်ငွေကောင်းတဲ့ ထမင်းဆိုင်လုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေဖက်ကို လှည့်ကြတဲ့အခါ ကိုယ့်ရဲ့လက်ငုပ် လယ်ယာလုပ်ငန်း လုပ်ဖို့အတွက် ဘေးရွာတွေကလူတွေကို သူရင်းငှားခေါ်ကြရတယ်။
ဘေးကရွာတွေလည်း သားသမီးတွေကို ဒီရွာကကျောင်းမှာ လာထားတယ်၊ ဒီရွာမှာ ဆေးလာကုတယ်၊ ပစ္စည်းဝယ်ချင်ရင် ဝေးဝေးလံလံ မြို့ကို မသွားတော့ဘဲ စည်ကားတဲ့ အဲဒီရွာကိုပဲ သွားဝယ်ကြတယ်။ အလုပ်သမားလိုတဲ့ ဆိုင်တွေမှာ စားပွဲထိုး၊ ပန်းကန်ဆေး၊ ဆိုင်အကူ ဝင်လုပ်ကြတယ်။ ဒီတော့ အဲဒီရွာကို "အိမ်သာရွာ" လို့ နှိမ်ပြီး မခေါ်ချင်ကြတော့ဘူး။ သူတို့ကိုယ်တိုင် ဒီရွာမှာ အောက်ခြေသိမ်း ဝင်လုပ်နေရပြီဆိုတော့ "အိမ်သာရွာကအလုပ်သမား" လို့ အခေါ်မခံချင်ကြဘူး။ ဒီတော့ ရွာကြီးမှာ အလုပ်သွားလုပ်တယ်လို့ပဲ ပြောကြဆိုကြရင်း ရွာကြီးဆိုတဲ့ နာမယ်တွင်သွားပါတော့တယ်။
ကျနော်ဆိုလိုချင်တာက ပြောင်းလဲရေးဆိုတာ အကြံသစ်တစ်ခု၊ စိတ်ကူးသစ်တစ်ခုက စပြီး လုပ်ရပါလိမ့်မယ်၊၏။ ရွာမှာ ဖြစ်သလို ချုံကွယ်မှာ တောထိုင်ခဲ့ရာက မြို့ကို ရောက်ဖူးသူဟာ အိမ်သာအရေးကြီးမှန်း သိလာတယ်။ ရွာမှာ အိမ်သာနဲ့စပြီး ပြောင်းလဲအောင် လုပ်ဆောင်ခဲ့ရင်း တစ်ခုပြီးတစ်ခု ပြုပြင်ပြောင်းလဲလာနိုင်ခဲ့တယ်။
စီးပွားရေးအရ တိုးတက်ပြောင်းလဲလာတဲ့အခါ စာမတတ်တဲ့ရွာမှာ စာသင်ကျောင်းဖွင့်တယ်၊ ဆရာဝန်ရောက်လာအောင် ဆွဲဆောင်တယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာအောင် လုပ်ပြီး တေပေလေလွင့်သူတွေ လျှော့ချနိုင်ခဲ့တယ်။
ဒါကြောင့် ပြောင်းလဲရေးဆိုတာ အကြံသစ်နဲ့ တစ်ခုခုကို စလုပ်လိုက်ရင် အဆုံးမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။
ပြောင်းလဲချိန်တန်နေတဲ့ မြန်မာပြည်အတွက် ရောင်နီလာမယ့်ခေတ်သစ်ဟာ မဝေးတော့ဘူးလို့ ယုံကြည်နေပါတယ်။
___________________________________
ဓာတ်ပုံကတော့၊ ကမ္ဘောဒီးယား စားသောက်ဆိုင်ပိုင်ရှင် စိန်ဟင်းက သူ့ဆိုင်မှာ ရိုးသားဖြူစင်စွာ အလုပ်လုပ်သူ မိန်းကလေးများကို မစော်ကားဖို့ ဆိုင်မှာ ကပ်ထားတဲ့ စာတမ်းကို ပြနေတာ ဖြစ်ပါတယ်။ မိန်းကလေးတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်အောင် စီစဉ်ဖန်တီးပေးရေးဟာလည်း မြန်မာနိုင်ငံမှာ အလွန်လိုအပ်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...