Tuesday, April 5, 2016

တရှိုက်မက်မက်

မှတ်စုကြမ်း

“ကောင်မလေး... ကိုယ်တို့ ချစ်လို့မရဘူး။ မိုးနတ်မင်းစိတ်ဆိုးလိမ့်မယ်။”
Neo စကား တစ်လုံးစီတိုင်းဟာ ဆုဝေ ရင်အစုံကို နှလုံးသားက ပုန်ကန်ထွက် နေသယောင်... "မကြားချင်ဘူး ကိုရယ်။ ဆုဝေကို အဲလိုတွေ မပြောပါနဲ့....။ ဘာလို့လဲ...?! ကို့ ကို ကျွန်တော် ချစ်မိနေ ပြီဗျ... မရတော့ဘူး...။”
Neo စိတ်ပျက်စွာ ခေါင်းကို အလိုက်သင့်ခါ လိုက်ပြီး “အို ဆုဝေရယ် မိုးနတ်မင်း ပေးမယ့်အပြစ်ကို မကြောက်ဘူးလား...။”

"အိုး ဒါတွေက ရှေးလူတွေအယူ...။ ကျွန်တော်တို့ကရှေးလူမှ မဟုတ်တာ!” ဆုဝေ ကို့ ကို စိတ်တိုတိုဖြင့် ထအော်မိသည်။
ကလေးဆန်သည့် ကောင်မလေးကို သူအရမ်း ချစ်မိသွားသည်။ “ဘယ်တတ်နိုင်မလဲ... ကိုယ်တို့တွေ ခိုးပြေး ကြတာပေါ့...။”
ကို့ စကားသံအဆုံး သူ မိန်းကလေး သိက္ခာတို့ကို လွှတ်ချပြီး တမ်းတမ်းတတ မက်မက်မောမော Neo ၏ ရင်အုပ်ကျယ်ကျယ်ကို ခေါင်းအပ်ကာ တိုးဝှေ့ ဝင်ပစ်လိုက်သည်။ "အို... ကိုရယ်..... အရမ်းချစ်တယ်။”
ကောင်မလေးနှုတ်ခမ်းနုနုကို ခပ်ဖွဖွ ငုံ့နမ်းလျက်
“နတ်ပြည်ထက် ကောင်းတဲ့ အလှတရားတွေကို ကိုယ်ဖန်ဆင်း ပေးပါ့မယ့် ကောင်မလေးရယ်...။” ဟု
Neoက ကတိပေးစကားကို ခပ်ဖွဖွဆိုလိုက်လေသည်။
ထိုညက ကြယ်တာယာတွေအစုံလိုက် အစုံလိုက် မှောင်မိုက်နေ ခဲ့ပေမယ့် လူသား ၂ ယောက် အတွက် အတောက်ပဆုံးည...။
ကို့ ကို ဆုဝေ တော်တော်အမြင်ကတ်သည်။ ဒေါသလဲ ဖြစ်လို့နေသည်။ ကို့ အချစ်က အမှောင်ညထဲက ချုပ်ချယ်မှု ဆန်ဆန် ခမ်းနားသော်လည်း ဆုဝေအပေါ် မပွင့်လင်းခဲ့...။ သူမအတွက် တီးတိုးဖွဲ့ဆို ခဲ့သည့် ကဗျာ အစတွေ ဟိုတစ်စ ဒီတစ်စ ကြားလာခဲ့ရပြီ...။ Neo က သူ့နောက်ကွယ် မှာ ဖောက်ပြန်နေသည် လို့ တွေးမိတိုင်း ဆုဝေ ရူးမိုက်စွာ တုန်ခါ လာတတ်ခဲ့ပြီလေ....။
"အလှတရားဆိုတာ ရှိပြီးသားပါ။ လူတွေမမြင်နိုင်အောင် အချစ်ဆိုတဲ့အရာက မြုပ်ထားပေးတာ...ဖုံးဖိလိုက်တာ…"
ဆုဝေ၏ ဒေါသသံခပ်စွတ်စွတ်စကားကြောင့်
Neo အင်္ကျီမှာ စည်းထားတဲ့ နက်ကတိုင်ရဲ့ တင်းကျပ်မှုကို သက်ပြင်းနှင့် အတူ ဖြည်ချရင်း…
"ချစ်တယ်ဆိုတဲ့ စကားနဲ့မလုံလောက်တဲ့ ယုယမှုတွေကြား မင်းကိုမြုပ်နှံထားပါ့မယ် ဆုဝေ..။ ကောင်းကင်ဘုံနဲ့ ဘုရားသခင် ဆီ မသွားချင်လောက်အောင် ကိုယ့်ရင်ခွင်ထဲမှာ မင်းပျော်မြူးနေစေရမယ်။”
ရယ်ချင်မိသည်။ ဒီလို ကတိတွေနဲ့ သစ်ရွက် ဘယ်နှစ်ရွက်တောင် လှုပ်ခဲ့စေခဲ့သလဲ ကိုရယ်။
“ယုယမှုက မြုပ်နှံခြင်းဆို မြေကြီးထဲနေတာပဲကောင်းပါတယ် ကို။ ကောင်းကင်နဲ့ ဘုရားသခင်ဆီ သွားဖို့ မျှော်မှန်း ထားရအောင် အရူးမှမဟုတ်တာ။ ခံစားချက်နဲ့ ခွက်တလုံးလေ။”
ဆုဝေဆီက စွပ်စွဲသံ ခြယ်ထားတဲ့ ထေ့လုံးလေးတွေကြားရတာ ဒါ ပထမဆုံး ဖြစ်သည်။
"အဲ့ဒါ လုပ်ကြံဖန်တီးမှုတွေပါ ကောင်မလေးရာ။ တကယ်တော့ လေပြည်လေးတွေ မင်းလည်တိုင်ကို ဖြတ်ပြေးရင်တောင် ကိုယ်က ကြိတ်ပြီး သဝန်တိုနေတဲ့ကောင်ပါ။ အချစ်ဆိုတာ သဘာဝပါပဲ ကောင်မလေး… သဘာဝထဲကမှ အလှပဆုံးသဘာဝပေါ့… "
“ရော့...” ဆိုသည့် အသံနှင့် အတူ Neo ရှေ့ကို ဓာတ်ပုံတစ်ပုံ ကျလာခဲ့သည်။ ဓာတ်ပုံကို အပေါ်ယံ တစ်ချက်ရှပ် အကြည့်မှာ မလုံခဲ့တဲ့ နှုတ်ခမ်းရာများ သူ့ ဦးနှောက်ထဲကို ပြိုဆင်းပြီး ကျလာသည်။
“လေပြည်ကိုတောင် သဝန်တိုနေတဲ့ ဆိုတော့ ကို ကအကုသိုလ်ကောင်လား။ သဘာဝဆိုတဲ့အရာတွေ ကပျက်စီးနေတာနှစ်ချို့နေပြီ ကို…"
စကားတစ်ဖြတ်နားသည်နှင့်
ဖြန်းကနဲ မိန်းမပျို ဓာတ်ပုံကို ဆုဝေ ရိုက်ချလျက်
“ဒါကသဘာဝမဟုတ်ပါဘူး စိတ်ကူးထဲက အိမ်မက်"
Neo ငြင်းဆန်ဖို့ စကားလုံးတို့အတွက် ဆုဝေ မျက်နှာမှာ အဖြေရှာကြည့်သည်။ ဘာလာလာ မင်နီတားမည် ဆိုတာကို ဆုဝေ၏ မျက်ဝန်း တစ်စုံက တရင်းတနှီး သတိပေးနေတော့ စိတ်လျှော့လိုက်သည်။
---------
အဲဒီ့နေ့က …
ဆုဝေမျက်နာအား စူးစိုက်စွာကြည့်ရင်း
“ငရဲဆိုလဲ ရှိပါစေတော့...။ အဲဒါက မင်းကိုချစ်လို့ ရောက်မယ့်နေရာဆိုလဲ ကိုယ်ကနာမည် ကြိုပေး ထားမယ့်ကောင်ပါ…။”ဆိုသည့်စကားလုံးများ neoပါးစပ်မှထွက်ကျလာ၏…။
ဆုဝေဆီက ခပ်မာမာတောက် တစ်ချက် ခေါက်သံ နှင့် အတူ
“လှေသမားခေါ်မှ ရောက်မဲ့အရပ်ကို စာရင်း ကြိုသွင်းထားတာ ကို မိုက်မဲတာမဟုတ်ဘူးလား! မိုက်မဲမူတွေထဲမှ အထီးကျန်ခြင်းတွေ အရူးတစ်ယောက်ရဲ့ ခံစားချက်တွေ မထည့်သင့်ဘူး။”
ဆုဝေစကားကို neoက
လေးတွဲ့စွာ ခေါင်းခါရင်း
"စိတ်ကူးတွေ အိမ်မက်တွေဆိုတာလက်တွေ့ရဲ့ ရှေ့ပြေးနမိတ်ကောင်တွေပါ… လူ တစ်ယောက် က လူတစ်ယောက်ကို ချစ်တာ မိုက်မဲမှုလို့ပြောရင်… မမိုက်မဲတဲ့သူတွေဟာ ခြောက်သွေ့ စွာ အထီးကျန်နေတဲ့ သူတွေပဲဖြစ်မှာပါ…ကောင်မလေးရာ...”
ဆုဝေက neoကိုသွေးအေး ရှတစွာ ကြည့်လျက်
"ရှေ့ပြေး နမိတ်ဆိုပေမဲ့ ဒီတိုင်းလေးပဲကြည့်ဖို့ အကောင်း ဆုံး ပြကွက်တွေပါ။ ဖြစ်တည်ခြင်း တွေ ပဲရှိနေပြီး ပျောက်ဆုံးမှုမဟုတ် တော့ဘူး။ ဖန်ဆင်းရှင် တားမြစ်ထား တာတောင် ချိုးဖောက်တဲ့ အာဒံနဲ့ဧဝ လိုမျိုး အကြီးမားဆုံးမိုက်မဲမှု...။ တောက်...!”
စကားအဆုံးမှာတော့ ဆုဝေသည် ကုတင်ပေါ် အရုပ်ကြိုးပြတ် လဲပြိုကျသွားခဲ့သည်။ neoလက်ဖျံမှ ပူနွေးစိုစွတ်မှုကြောင့်…အို... သူမ ပါးပြင်က လွင့်စင် ထွက် သွားတာ... မျက်ရည်ပူ တစ်ချို့ ပါလား...။
ဝရံတာမှာ ဆေးလိပ်ငွေ့တွေ ရှိုက်ထုတ်နေတဲ့ ကို့ဘေးမှာ ထိုင်ငေးနေတဲ့ ကျမဆုဝေ...။ ဒီကနေ့ ကိုနဲ့ စိတ်ဆိုး တာ ၂ ပတ်ပြည့်တဲ့နေ့... လတစ်ဝက်ပြည့်တဲ့နေ့။ မပြည့်ဝသေးတာက ဆုဝေနဲ့ Neo တို့ရဲ့ အချစ်တွေ... အားပြိုင်နေဆဲလေ...။ တိတ်ဆိတ်မှုကို ကို့ရဲ့တိုးညှင်းတဲ့ ညည်းသံက ခပ်ပါးပါးလေး ဖြိုခွင်းလိုက်တယ်....။
“ကိုယ်တို့တွေ မဟုတ်သေးဘူး ကောင်မလေး… ဖြစ်ပြီးရင် အရာရာပျက်နေတာ ကိုယ်သဘောပေါက် တာပေါ့…။ ဒါပေမယ့်… ပြန်ပြီးတိုင်း မင်းအပေါ်ပြန်ဖြစ်နေတဲ့အချစ်တွေဟာ စမ်းချောင်းထဲက ရေတွေ စီးနေသလိုပါပဲ…။ ရှေ့ရေနဲ့နောက်ရေ မတူပေမယ့်… တသားတည်းလို့ ထင်စေနေတာမျိုးလေ…။ကိုယ့်အချစ်ဟာလည်း ပျက်ပြီးတိုင်း လျင်မြန်စွာ ပြန်ဖြစ်နေပါတယ်။ မင်းအပေါ်မှာပေါ့...။”
“ မိုက်မဲမှုရဲ့နောက်ဆက်တွဲက ပျက်ခြင်း ကွဲခြင်း ဆုံးရှုံးခြင်းတွေက အစားထိုးမရနိုင်ဘူး... ကို...။”
neoက
ဖင်ဆီခံကိုထိလာသောမီးကို ပြာခွက်ထဲ ညင်သာစွာ ထိုးချရင်း...
"မဟုတ်ဘူး ကောင်မလေး… အဲဒါ ဖန်ဆင်းရှင်ရဲ့ကောက်ကျစ်မှုပါ… စားချင်အောင်လို့ စားစရာရှိတဲ့နေရာကို မစားရလို့ တားမြစ်ပြ လိုက်တာပါ...။”
ပြောပြီးသည်နှင့် ဆေးလိပ်နောက်တစ်လိပ် ကို Neo မီးညှိလိုက်သည်။
ဒီ တစ်နေ့တော့ ကို့ စကားကို ဆုဝေ မကြားချင်ယောင်ဆောင် နေလိုက်သည်။
ပြီးမှ သူမဘာသူမ တစ်ဦးတည်းရေရွတ်သလို ပုံစံမျိုးဖြင့်…
“ဖြစ်ပျက်ကြားထဲမှာ ရှိတဲ့ လစ်ဟာမှုကို မြင်အောင်ကြည့်မိရင် ကောင်းတဲ့နိမိတ်တွေ ဝေဝါးလာတယ်... ကိုရယ်။”ဟု ခပ်ဖွဖွလေးပြောပြီးသည်နှင့် ဝရံတာဘောင်ပေါ်သို့ သူမလှမ်းတက်သွားလိုက်၏…။
ဆုဝေ ဝရံတာဘောင်ပေါ်သို့ လှမ်းတက်လိုက်တာကို မြင်လိုက်ရသောNeo ရင်ဝယ် နေဆယ်စင်းမက လောင်မြိုက်သွားသည်။
"ဆုဝေ! မမိုက်နဲ့! ကိုယ့် အနားကို နောက်ဆုံး အခွင့်အရေး အနေနဲ့ ပြန်လာပေးပါ ဆုဝေ။ ကောင်မလေး ပြန်လာဖို့ ကိုယ် ဘာမဆို ပေးဆပ်မှာပါ။ အစားထိုးစရာမလိုအောင် အဆုံးအစမဲ့ကောင်းမွန်ခြင်းနဲ့ မင်းကို ပွေ့ဖက်ထားမှာပါ။
လှစ်ဟာမှုကို မင်းမမြင်လိုက်ခင်မှာပဲ ကိုယ်က အချစ်နဲ့ဖုံးဖိထားနိုင်လိုက်မှာပါ။ ပြန်လာပါ ဆုဝေ။ မဟုတ်တာတွေ လျှောက်မလုပ်စမ်းနဲ့။”
“စိတ်မနိုင်ခြင်းရဲ့ဒုက္ခက နောက်ဆက်တွဲ လူတွေ ရဲ့လက်ညှိုးတွေကိုမျှော်နေသလို အချစ်ကလဲ ဖြစ်ပျက် နေတာဆို လစ်ဟာမှုကို ဘယ်လိုဖုံးကွယ်နိုင်မလဲ။ တခြားဝတ္ထုလား ဒါမှမဟုတ် မေ့မြောခြင်း လား...ကို....”
"မဟုတ်ဘူး…ဆု…စိတ်မနိုင်တာမဟုတ်ဘူး…
ကိုယ့်စိတ်…ကိုယ့်နှလုံးသား…အားလုံးကွာ…မင်းဆီမှာ ချည်နှောင်ခဲ့တာပါ…"
neoလှမ်းအော်ပြောတုန်းမှာပဲ
ဆုဝေ ခေါင်းထဲ မိုက်ကနဲ တစ်ချက် ဖြစ်သွားသည်။ သွားပြီ...။ ဝရံတာပေါ်မှာသာ သူမ မရှိနေခဲ့လျှင် ရိုးရိုး အားကုန်၍ ပြုတ်ကျခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် ယခုအခြေအနေ မှာတော့...
----
ကံကောင်းသည်…။ကံတရားလား…ဘုရားသခင်လား သူတို့ကို မျက်နှာသာပေးလိုက်သည်…။
အဖြစ်အပျက်က
Neo က ဆေးလိပ်ကိုတောက်ထုတ်လိုက်ပြီး ဆုဝေကို အမှီဖမ်းကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်နိုင် ခဲ့၍ တော်သေးသည်။ထို့နောက် တင်းကျပ်စွာ ပွေ့ဖက်လျက် မောပန်းနေသော ကောင်မလေးနား၌ neoခပ်တိုးတိုးလေး ညည်းလိုက်သည်။
“လစ်ဟာမှုဟာ ပေါက်ဖွားခြင်းကို ဖြစ်စေတာပါ… နေရာလွတ်မရှိရင် ဘာမှ မွေးဖွားလို့မရဘူးလေ… ကိုယ်တို့က အချစ်ကို လစ်ဟာမှု နယ်ထဲမှာ မွေးတဲ့ပုံစံမျိုးပါ… ကောင်မလေး ဒါကို မင်းသေချာ နားမလည် သေးဘူး… ကိုယ့်ရင်ခုန်သံ ပေါ် မင်းခေါင်းလေးမှေးစက်ပြီး နားထောင်လိုက်ရင် အရာအားလုံး ရှင်းလင်း သွားမှာပါ...”
ဆုဝေမျက်ဝန်းမှာ ကဗျာတွေ တလိမ့်စီ ဆင်းလို့ အရည်ပျော်သွားတယ်။ ရင်ထဲက ညည်းသံလေးကို ကို ကြားပါ့မလား.....
“အချစ်က အဲ့လောက်မရိုးရှင်းဘူး။ မရိုးရှင်းလို့ အချစ်ကြောင့် အသက်ပေး သွားတဲ့ သူတွေ... ဒုတိယလူတွေ... ပေါ်ထွက်လာတာပါ.... ကိုရယ်....”
"မဟုတ်ဘူးကောင်မလေး…
အချစ်ကရိုးရှင်းတယ်…လူတွေက မရိုးရှင်းတာပါ…"
နှစ်ကိုယ်ကြားရုံလောက်သာ လေသံဖြင့် neoတိုးတိတ်စွာပြောပြနေမိသည်…။
ထို့နောက် neoသည်
စိတ်ချပါကောင်မလေး…
မင်းကို ကောင်းကင်ဘုံနဲ့ဘုရားသခင်ဆီ မသွားချင်လောက်အောင် ကိုယ်ချစ်ပြသွားပါ့မယ်…ဟု စိတ်အတွင်း ကြိတ်၍ ကတိပေးလိုက်သေးလေ၏…။
------
- မှတ်စုကြမ်း ဒိုယာလော့by ‪#‎zeroneo‬ & ‪#‎frenzoArt‬ | ဇာတ်အိမ် by ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...