Thursday, April 28, 2016

အမှန်တရားရဲ့ ပထမဆုံးနေ့

Min Ko Naing

ထိုနေ့က ကျနော့်အိမ်မှာ ဟင်းမကောင်း။ စိတ်ကောက်ပြီး ကျနော်ထမင်း
မစားဘဲနေပြတဲ့နေ့။ နေ့လယ် ဆယ့်နှစ်နာရီကျော်ပါပြီ။ မိုးရွာနေ၍ အိမ်
ခေါင်မိုးပေါက်မှ ရေယိုသည်ကိုကြမ်းပေါ်မှာ ခွက်များ၊ အိုးများဖြင့် ခံထားရာ
ဧည့်ခန်း၌ ကျနော် ကြမ်းပေါ် ၀မ်းလျားမှောက်ကာ ဗိုက်တဂွီဂွီဆာနေသည့်
ဒုက္ခနှင့် ဟင်းမကောင်း၍မကျေနပ်သောဒေါသနှစ်မျိုး၏ တက်နင်းမှုကို
လျှာထွက်အောင် ခံနေရချိန်ဖြစ်ပါသည်။


.
ခွက်များ၊ အိုးများပေါ်သို့ကျလာသော ရေပေါက်သံ “ တတုံတုံ...” က
ကျနော့်အားပို၍ လှောင်ပြောင်နေသလို ခံစားရ၍လည်း ကျွန်တော်ငြူစူ
စိတ်ဖြင့် လှည့်ကာ ဘုကြည့်ကြည့်မိသည်။ “ လောကကြီးကို စိတ်ပျက်
တယ် ” ဟု လူကြီးအချို့ ညည်းတွားသံကြားဖူးသလိုမျိုး ဖြစ်နေပြီဟု
ကိုယ့်ကိုကိုယ် ထင်နေချိန်ဖြစ်ပါသည်။
.
ထိုစဉ် အိမ်ဝသို့ ကလေးဆောင်းထီးလေးတစ်လက်ရောက်လာ၍
ကြည့်လိုက်ရာ ညီမလေးဖြစ်နေသည်ကိုတွေ့ရသည်။ ညီမလေး ထိုနေ့က
သူငယ်တန်းကျောင်းစတက်သည်ကို ကျွန်တော်ချက်ချင်း သတိဝင်
လာပြီး ခေါင်းထောင်ကြည့်မိရာ သူမတကိုယ်လုံး မိုးထဲရေထဲပြန်လာ၍
စိုရွှဲနေသည်ကို မြင်ပါသည်။သို့သော် သူမ ထီးကလေးဖြင့် သူမရင်ဘတ်
ထဲက တစုံတခုကို အသေအချာ ကာကွယ်လျှက်။ လူသာရေအရွှဲခံ၍
ရင်ဘတ်ထဲက မိုးရေအစိုမခံသော ထိုအရာ ဘာပါလိမ့်မယ်။ကျနော်
စပ်စုစဉ်ပင် ညီမလေးက သူမရင်ဘတ်ထဲကအရာကို ဆွဲထုတ်ပြကာ
အိမ်ပေါ်သို့ ခုန်တက်လာသည်။
“ ကိုကို....ဒီမှာကြည့်..ကြည့်လိုက် ”
ဝမ်းသာအယ်လဲ သူမမြှောက်ပြသည်မှာ ကျောက်သင်ပုန်းလေးတချပ်
ပါလား။ အရွယ်မညီဝလုံးများပြည့်နှက်အောင်ရေးထားသည်။ ၀လုံးများ
ပေါ်တွင်ကား ဆရာမက အမှတ်သင်္ကေတမြေဖြူဖြင့် အကြီးကြီးခြစ်ပေး
ထားသည်။
ဤမျှသာပင်
သို့သော် ညီမလေးအတွက် ပျော်မဆုံးဖြစ်နေပြီး ရေစိုနေသည့် သူမ
တကိုယ်လုံးလှုပ်ယမ်းကာ သင်ပုန်းလေးကို မြှောက်ပြရင်း က ပြနေပါ
သည်။
“ ဒီမှာလေ...အမှတ်လေး ” ဟုပြလျှက် သူမအပျော်ကို ကျနော့်ထံပေးသည်။
ကျနော့်ထံ ပျော်ရွှင်မှုချက်ခြင်းရောက်ပြီး ခုနကအလိုမကျမှုနှင့် ဆာလောင်
ခြင်းတို့အား တော်ရာအမှိုက်ပုံးသို့ ဂုတ်ဆွဲကာပို့လိုက်တော့သည်။ လေးလံ
ခဲ့သော ကျနော် ပေါ့ပါးသွားပြီး၊ ထိုင်းမှိုင်းရာမှ လန်းဆန်းသွားပါသည်။
ချက်ချင်းလူလဲထ၊ ရေခံထားသော ခွက်တွေကို ဆွဲယူမှောက်လိုက်သည်။
ခုနက ကျနော့်အားလှောင်ပြောင်သံပြုခဲ့သော နို့မှုန့်ဗူးခွံ၊ ဒန်အိုးစသည်
တို့မှာ ကျနော့်လက်စွမ်းပြ အသုံးတော်ခံဗုံများအဖြစ် ပျော်စရာတီလုံးအသံ
ထအော်ကြပါတော့သည်။
“ ဒီမှာလေ.xxx အမှတ်ကလေး ပြ၊ ပြ၊ ပြ ”
“ ပျော်ပါတယ်.xxxx ... ညီမလေး က၊ က၊ က ”
ညီမလေးမှာ ဆော့ကစားချင်နေသော ကြောင်ပေါက်လေးရှေ့ ပင်ပေါင်
ဘောလုံးလေးပစ်ချပေးလိုက်သလို ဖြစ်ပြီး ဧည့်ခန်းကိုပတ်ပြေးကာ ကနေ
ပါပြီ။ မိသားစုများထွက်လာကြပြီး အံသြ၀မ်းသာလက်ခုပ်တီးပေးကြသည်။
သွပ်မိုးသို့ကျသော မိုးစက်သံတဗျောင်းဗျောင်းကလည်း ပရိသတ်ကြီး
သြဘာပေးသည့်နှယ်။
“မီးမီး...ကိုယ်တိုင်ရေးခဲ့တယ်... ”
“ မီးမီး...အမှတ်ရခဲ့တယ်... ”
သူမ အမှန်စကားအတွက် အားလုံးကျေနပ်ကြည်နူးပီတိကိုယ်စီရကြ
ရသည်။ သူမ၀လုံးလေးများမှာပိန်တာပိန်၊ ဖောင်းတာဖောင်း၊ တွန့်တာ
တွန့်၊ ကြီးသေး ရွယ်စုံဖြစ်သော်လည်း ကလေးတစ်ယောက်၏ ပထမဆုံး
ကြိုးစားရသော ၀လုံးလေးများဖြစ်၍ ဆရာမက အမှန်ခြစ်ပေးခြင်းဟု
ကျနော်နားလည်ပါသည်။
ဘယ်သူပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ရိုးသားကြိုးစားမှုအပေါ် အမှန်ပေးလျှင်
ပျော်ကြပါလိမ့်မည်။ အသက်ကြီးလာ၍ အိနြေ္ဒရရှိနေသည့်တိုင် သူတို့
ရင်ထဲမှာ ဂါဝန်လေးတဖားဖားနှင့် သင်ပုန်းလေးမြှောက်ကာ ကနေသော
ကလေးမလေးတယောက် ပေါ်လာမှာ သေချာပါသည်။
ဒါကိုမြင်လျှင်...
လူတွေပျော်ကြမည်ဟု ကျနော်ယုံကြည်ပါသည် ခင်ဗျား.......။
.
- မင်းကိုနိုင်
( ၂၀၁၄ ခုနှစ်၊ အောက်တိုဘလထုတ် ချင်းတွင်းမဂ္ဂဇင်း )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...