Monday, April 11, 2016

❝ ကြားဖူးနားဝ ထူးအိမ်သင် ❞

Music Crazy Te Te Tar Tar

၁၉၈၇မှာ ထူးအိမ်သင်က ..မင်းအတွေးများအားနည်းလား သွေးသစ်လှဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ် လူသားတစ်ယောက်တစ်ယောက်အဖြစ်နဲ့ ညီလေးရေ..လမ်းရွေးပြီးရင်သွားပါ အချိန်မရှိပါ တို့နောက်မှာ သေခြင်းတရား လို့ ဆိုခဲ့တယ်။ အဲဒီညီလေးဟာမြန်မာနိုင်ငံအနှံ့အပြားက ညီလေးတွေအားလုံးဖြစ်နိုင်တယ်ဆိုတာ အခုညီလေးတွေလည်းသိစေချင်ပါတယ်။

၈၈အပြီးမှာတော့ လူငယ်တွေရဲ့စိတ္တဇကို ထင်ဟပ်တဲ့ သက်ငြိမ်ထွက်ခဲ့တယ်။ ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာနေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်နေ တစ်ယောက်တည်း အလင်းရောင်များ ပျောက်ဆုံးအထီးကျန်ကမ္ဘာလေးပဲ တလောကလုံး ရွံမုန်းစိတ်နာနေဆဲ ..ကိုယ့်ရင်ထဲမှာလည်းမှောင်မဲပေကျံကာ ပူလောင်နေဆဲ…နေရောင်တချို့က အခန်းငယ်ထဲ ဟိုဒီယိမ်းထိုးကခုန်နေဆဲ ။
ကိုယ်အားလုံးနဲ့တိုက်ခိုက်က ချစ်ခဲ့ရ နောက်ဆုံးတော့အသည်းကွဲဖို့လားတဲ့ ဒါက..သူရခဲ့ဖူးတဲ့ချစ်သူလက်ဆောင်ဖြစ်မလားပဲ။ ယောက်ျားတို့မာန မိန်းကလေးတို့သဘာဝလုပ်နေရင်းနဲ့ပဲအခါလွန်မိုးအောက်မှာ အခုတော့ဝေးခဲ့ပြီလေလို့ ဆိုပြန်တယ်။ အဲဒီကစလို့ သူ့ရှေ့က နောင်တော်တွေရဲ့ကက်ဆက်ခွေတွေ ခနခေါက်ထားပြီး ထူးအိမ်သင်ရဲ့ကက်ဆက်ခွေတွေကတော့ လူငယ်တွေရဲ့ကက်ဆက်အံထဲမပြတ်လည်ပတ်နေတော့တယ်။
မဆလခေတ်ငွေ့အသက်လက်ကျန်နဲ့ စစ်အစိုးရအာဏာရှင်စနစ် တဖြည်းဖြည်းအကောင်ထည် ပေါ်လာချိန်တွေမှာဖြတ်သန်းခဲ့ရတဲ့ အနုပညာသမားတွေရဲ့ အသည်းကွဲမှုမျိုး ထူးအိမ်သင်မှာလည်းပျစ်ခဲနေအောင်တွေ့ရတာပါပဲ။ နာရီပေါ်ကမျက်ရည်စက်များနဲ့ စိမ်းရက်လေအား သီချင်းတွေဟာ ကြောက်စရာကောင်းလောက်အောင်ချစ်သောသူနဲ့ကွေကွင်းရခြင်းတွေပဲ။ အဲဒီခေတ်က မိန်းကလေးတွေဟာရုတ်တရက်ကျောခိုင်းသွား၊ ပျောက်ဆုံးသွား၊ ပြောင်းလဲသွားတတ်ပုံရတယ်။
နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲကိုယ်မသိတော့ပါဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်ဆိုတဲ့ သံစဉ်နဲ့စာသားဟာ အဆောင်ရှေ့မှာ ကြွေပြရုံအချစ်သီချင်းတစ်ပုဒ်ထက်အများကြီးပိုတယ်။ ကျောင်းတက်လိုက် တစ်နှစ်ပြီးတော့ကိုယ့်ရပ်ကိုယ်ရွာပြန်သွားလိုက်နဲ့ ကျောင်းသားစုံတွဲတစ်တွဲဟာ တစ်ခုသောစာသင်နှစ်မှာတော့ ကွဲကွာသွားကြတယ်။ ကွဲကွာရတဲ့အထိ အထူးအဆန်းမဟုတ်သေးဘူး။ဘာကြောင့်လဲ ကိုယ်မသိတော့ပါ..ဆိုတာပါလာတော့ ချစ်သူကိုတမ်းတမှုအပြင်သိခွင့်မရတဲ့အခြေအနေတွေ နှုတ်ဆက်ခွင့် မျှော်လင့်ခွင့်တောင်မရဘဲကွဲကွာသွားရတဲ့အခြေအနေမျိုးဖြစ်လာတယ်။ အဲဒီခေတ်ကတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘ၀ဟာ လမ်းစပျောက်နေတာ ပျက်စီးပျောက်ဆုံးသွားဖို့အကြောင်းတွေအများကြီးရှိနေတာဟာ မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲလိပ်ပြာငယ်လေးဝဲနေသလိုပါပဲ။
၁၉၉၁ဟာ ထူးအိမ်သင်ရဲ့ သီချင်းတွေ နေရာတိုင်းမှာကြားရနိုင်တဲ့ နှစ်ပဲ။အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်(အောင်ရင်နဲ့တွဲလျက်) နဲ့ အရင်အတိုင်းအခွေသုံးခွေ တစ်နှစ်တည်းမှာ ထွက်ခဲ့တယ်။ အတ္တပုံဆောင်ခဲများစီးရီးတစ်ခုလုံးဟာထူးအိမ်သင်တစ်ယောက်တည်းရေးဖွဲ့ထားတာဖြစ်ပြီး တစ်ပုဒ်မကျန်သပ်ရပ်ကောင်းမွန်လှတယ်လို့ဆိုနိုင်တယ်။ထူးအိမ်သင်ရဲ့အကောင်းဆုံးလက်ရာလို့ ကျွန်တော်ထင်တာပဲ။
Jazz စတိုင်တီးခပ်မှုနဲ့ကာလာထည့်ထားတဲ့ မြို့ပြညများသီချင်းထဲမှာ.. ညငှက်များကတေးဆိုပျံဝဲ ၀ိုးတ၀ါးအလင်းရောင်ရှာရင်းနဲ့ ..အဆက်စပ်မဲ့တဲ့ဘ၀တွေနေမြဲ … မငြိမ်းသောမီးတွေရင်ထဲစွဲ..ဆိုတဲ့စာသားမျိုးကိုတွေ့ရတာဟာ ထူးအိမ်သင်ကို ယနေ့တိုင် အံ့သြလေးစားရတဲ့ အချက်တွေပဲ။ မြို့ပြညများထဲကဘ၀တွေဟာ သူနဲ့ အဆက်စပ်မဲ့လျက်ရှိနေတယ်၊ ဘ၀တစ်ခုနဲ့တစ်ခုဟာလည်း နေ့တိုင်းညတိုင်း အဆက်စပ်မဲ့နေမြဲပဲ။တိတ်ဆိတ်ညနက်ထဲမှာတစ်ယောက်တည်းဖြစ်နေတဲ့ သူ့အဖြစ်ကို ဘယ်သူမှလည်း သိပုံမရ၊ ဘယ်သူနဲ့မှလည်းပတ်သက်ဆက်စပ်မှုမရှိ၊ သူ့ရဲ့ အထီးတည်းဖြစ်မှုဟာ ပိုပိုထင်ရှားလာပြီးမြို့ပြညရဲ့လူတွေအဆောက်အဦးတွေများစွာကြားမှာ လွှင့်ပါနေတော့တဲ့အထိပဲ။
ဧရာဝတီမြစ်နဲ့ပတ်သက်ပြီးရေးကြဆိုကြတဲ့အခါ အတ္တပုံဆောင်ခဲများစီးရီးထဲကတစ်ပုဒ်ဖြစ်တဲ့ ရာဇ၀င်များရဲ့သတို့သမီးထက် ပိုကောင်းအောင်ဖန်တီးဖို့ မလွယ်တော့ဘူး။လေးဖြူ ဖူကူအိုကာရှိုးမှာ ကိုယ်ပိုင်သံစဉ်ပဲဆိုရမယ်ဆိုလို့ ထူးအိမ်သင်ဆီကသတို့သမီးကို ခဏငှားခဲ့ရသေးတယ်။ အဲဒီပွဲက ICရဲ့ ရော့ခ်ဗားရှင်းကို ထူးအိမ်သင်နှစ်ခြိုက်မှာအသေချာပဲ။ လေးဖြူရဲ့သားကောင်ထဲက လွမ်းသူ့အိပ်မက်လည်း ထို့အတူပဲ။ထူးအိမ်သင်ရဲ့စာသားကို ပိုပြီးအသက်ဝင်လှပစေခဲ့တယ်။ ၉၆မတိုင်ခင်ကထူးအိမ်သင်ထွက်ခဲ့သမျှအခွေတွေမှာ Iron Cross နဲ့ တီးခဲ့တာများ မဟုတ်လို့လား။
အရင်အတိုင်းကတော့ တစ်ခွေလုံး တေးရေးဝင်းမင်းထွေးရဲ့လက်ရာ။ တမ်းတခဲ့တဲ့ဘ၀ရဲ့ပန်းတိုင်ဘာတွေလဲမင်းသိခဲ့တဲ့ဘ၀ရဲ့အဓိပ္ပါယ်ဘာတွေလဲ မင်းသိမှာပါ ငါလေတစ်ယောက်တည်းအထီးကျန်။ စာပေနယ်ပယ်မှာမော်ဒန်ပို့စ်မော်ဒန်အယူအဆတွေမကျယ်ပြန့်သေးခင်မှာပဲမြို့ပြရဲ့မော်ဒန်လူသားလက္ခဏာတွေကို ထူးအိမ်သင်သီချင်းတွေမှာ (ပီပီသသ)ကြားခဲ့ရတာအံ့သြစရာပဲ။ လမ်းဘေးကဖေးလေးမှာ တစ်ယောက်တည်းအကြာကြီး ထိုင်ပြီး တွေဝေငေးမောနေရတဲ့ဘ၀တွေဟာ မြို့ပြရဲ့နေရာအနှံ့အပြားမှာ တွေ့လာရပြီ။ လူဦးရေထူထပ်လာတဲ့ မြို့တွေပေါ်မှာအထီးကျန်နေတဲ့ လူငယ်တွေတစ်ယောက်ပြီးတစ်ယောက်။ စွဲလန်းမှုအတွက် တစ်ခါထပ်မှားအဆိပ်မှန်းသိလျက် ငါသောက်တယ်..သံသယာအဓွန့်ရှည်လေပြီ။ ၀င်းမင်းထွေးကရေးတယ်..ထူးအိမ်သင်ကဆိုတယ်..ဒါ ငါမဟုတ်ဘူး ဒါ ငါ့အရိပ်တွေ..တဲ့။ အဲဒီအိပ်မက်သီချင်းကို မြေပဲယိုအဖွဲ့နဲအတူ မင်းမော်ကွန်းကလည်းအော်လ်တာရော့ခ်စတိုင်နဲ့ပြန်အော်ခဲ့သေးတယ်..ဒါ ဟာ ငါမဟုတ်ဘူးတဲ့။အရင်အတိုင်းစီးရီးထဲမှာ ကျွန်တော်ရဲ့အကြိုက်ဆုံးထူးအိမ်သင်သီချင်း နှစ်ပုဒ်ပါတယ်။ ဒုက္ခမြစ်များနဲ့ဗင်းဆင့်ဗန်ဂိုးတမ်းချမ်းလို သီချင်းမျိုးဟာ အဲဒီလိုကော်ပီသီချင်းမျိုးကို သူတို့ မရေးဖြစ်မဆိုဖြစ်ခဲ့မှာတောင်ကျွန်တော်တွေးပူရတဲ့အထိပဲ။ အဲဒီကော်ပီသံစဉ်နှစ်ပုဒ်ကို စာသားဖလှယ်ခဲ့တဲ့ ၀င်းမင်းထွေးရဲ့ကျစ်လျစ်လှပတဲ့မော်ဒန်ကဗျာဆန်ဆန်စာသားအကြောင်းအရာကိုအသံထွက်သီဆိုဖို့ ထူးအိမ်သင်ရဲ့ Moodနဲ့အဆိုပညာကလွဲရင်နောက်တစ်ယောက်အစားထိုးမရနိုင်လောက်ဘူးလို့ ကျွန်တော်ထင်တယ်။
ဘ၀မှာအကြိမ်ကြိမ်အခါခါရှုံးလည်း မာနက အကြီးသား၊ ကိုယ်ယုံကြည်ရာကိုဈေးကွက်တင်ရောင်းဖို့ခက်နေလို့တဲ့ ပိုက်ဆံတစ်ပြားမှ မရှိလည်းဂုဏ်သိက္ခာရှိချင်သေးသတဲ့ ..အမေ့ရဲ့ဒုက္ခအိုးလေးဟာ ၈၀ ၉၀ခုနှစ်တွေကလေးနက်တဲ့အနုပညာသမားတွေရဲ့ မိသားစုဘ၀များလား။ ခေတ်ကာလဈေးကွက်မှာက သူ မယုံကြည်တဲ့အယူအဆတွေ အနုပညာတွေများနေပုံပဲ။
ငါဟာ အတ္တမဲ့ အလင်းတစ်ခုဖြစ်ချင်တယ် ပိုင်ဆိုင်တာတွေစွန့်ပစ်ခဲ့ရေလိုစီးဆင်းသွားချင်လည်း..တဲ့။ အစိမ်းရောင်တံခါးများရဲ့အတွင်းဖက်မှာလူးလိမ့်နေတဲ့ သူ့နှလုံးသားကို တွေ့ရ။
စကားလုံးမရှိတဲ့ကောင်းကင်အခွေထွက်လာတော့ ကျွန်တော်ခြောက်တန်းဖြေပြီးတဲ့အချိန်။တစ်နှစ်ပတ်လုံးလုံး အငဲရဲ့ပထမဆုံးစီးရီး ၀ိဥာဉ်များနဲ့ကခုန်ခြင်းဖွင့်လိုက်ထူးအိမ်သင်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင်ဖွင့်လိုက်ပဲ။ ထုံးစံအတိုင်းအဲဒီစီးရီးမှာလည်း (တစ်ခွေလုံး မြင့်မိုးအောင်ရေးပြီး)သီချင်းအမျိုးအစား အစုံအလင်ပါခဲ့ပြန်တယ်။ဒါပေမဲ့ ဘယ်ကော်ပီသီချင်းဖြစ်ဖြစ် ဘယ်အမျိုးအစားဖြစ်ဖြစ်ထူးအိမ်သင်သီချင်းဖြစ်သွားရတဲ့အထိပဲ။ လမ်းဘေးအုတ်ခုံတွေမှာ လူငယ်ဂစ်တာဝိုင်းတွေကအလွမ်းရဲ့မီးလျှံများကို သီဆိုတီးခပ်နေကြသလို လူလတ်ပိုင်းတွေကလည်းကောင်းကင်ထဲကမြစ်တစ်စင်းကို အကြိမ်ကြိမ်ဖွင့်နားထောင်လို့။ အဲဒီတုန်းက ကျွန်တော်ကလေးဖြူကို ရူးသွပ်နေချိန်မို့ သူတို့နှစ်ယောက်တွဲဆိုထားတဲ့ရင်ထဲကမိုးစက်များဆိုတဲ့တစ်ပုဒ်ကို အမြဲတမ်းအော်ဆိုတယ်။ အသည်းကွဲခဲ့တဲ့ကမ္ဘာနဲ့သန်းခေါင်ယံညအဆွေးများဆိုတဲ့ နှစ်ပုဒ်ကိုတော့ နောက်ထပ် ဆယ်နှစ်ကျော်လောက်ကြာမှပြန်နားထောင်ပြီး ကြိုက်ရအသည်းကွဲရပြန်တယ်။ ဒီမှာ နတ်ဘုရားများကဘယ်ကိုထွက်ပြေးသွားလဲ ဒီမှာဆုတောင်းခြင်းများစွာလဲ မပြည့်ဝခဲ့..
ထူးအိမ်သင်ရဲ့ ၉၆ Unplugged ပွဲမှာ စင်အောက်ကနေ လေးဖြူ လေးဖြူနဲ့အော်နေကြတော့လေးဖြူက စင်ဘေးကနေ ထူးအိမ်သင်အတွက် အတော်လေးအားနာနေသတဲ့၊ အဲဒါကို ထူးအိမ်သင်ကအင်တာဗျူးမှာ ဘယ်လိုပြောလဲဆိုတော့ ကိုလေး အားနာနေတာကို သူကအားနာရပါသတဲ့။အဲဒီပွဲမှာ အမေ့အိမ်ကို လေးဖြူနဲ့ထူးအိမ်သင် တွဲဆိုခဲ့ပါတယ်။ကျွန်တော်အဲဒီသီချင်းနားထောင်ဖူးပြီး ဆယ်နှစ်လောက်ကြာတော့မှ အရင်ကမကြားခဲ့ရတဲ့အသံတွေ ထပ်ကြားရတယ်။ လွတ်လပ်မှုရှာရင်း ကျဉ်းကျပ်မှုထဲကျကုန်တဲ့လူငယ်တွေရဲ့ Homesick ပူဆွေးတမ်းတမှုအသံပေါ့လေ။ အဲဒီကာလကကျောင်းသားအားကစားပွဲတော်ပြီးလို့ အနယ်နယ်အရပ်ရပ်က လူငယ်တွေ အိမ်ပြန်ကြတဲ့အခါရထားပေါ်မှာရော ကားပေါ်မှာရော သင်္ဘောတွေပေါ်မှာရော အမေ့အိမ်သီချင်းကို ဆိုကြတီးကြဖွင့်ကြနဲ့ အတွေးကိုယ်စီနဲ့ ငြိမ်သက်ပြီးလိုက်ပါလာတတ်တဲ့အကြောင်းကျောင်းသားပွဲတွေလျှောက်လိုက်ဖူးတဲ့ အဖေက ပြောပြဖူးပါတယ်။
၉၀ခုနှစ်ရဲ့ထူးခြားတဲ့ အသံပိုင်ရှင်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ဘိုဘို၊ စည်သူလွင် တို့ ယိုးဒယားစတူဒီယိုမှာ တီးကြဆိုကြတဲ့ Big V စီးရီးထဲက “အပြန်”ဆိုတဲ့တစ်ပုဒ်ကိုတော့ ထူးအိမ်သင်တွေထဲက ကျွန်တော်အကြိုက်ဆုံးတွေထဲမှာ ပါတယ်။ ငါဘာတွေသေချာခဲ့သလဲမသိချင်တော့ပြေလည်အောင်ရင်မှာ အလျော်အစားမရနိုင်တော့ ခွင့်လွတ်ရင်းနဲ့ငါပြန်လာခဲ့ရပြီ…တဲ့။ချစ်သူဆီအပြန် မိသားစုထံအပြန် ထောင်ကအပြန် နိုင်ငံခြားကအပြန် တစ်စုံတစ်ခုဆီကနေထွက်ပြေးပြီးမှ ပြန်လာချင်ခဲ့ရပြန်တဲ့ အပြန်၊ တစ်စုံတစ်ရာရှာဖွေမှုခရီးလမ်းက အပြန်၊နားလည်သဘောပေါက်မှုတွေနဲ့ နောင်တတပွေ့တပိုက်နဲ့ သူ့ရဲ့အပြန်ဟာလူသားအားလုံးရဲ့အပြန်ပဲ။
ကျွန်တော်ရန်ကုန်မှာ ကိုးတန်းကျူရှင်တက်ရင်း စောဘွဲ့မှူးအမှတ်တရအခွေကို စီအမ်ပီမှာသွားဝယ်ခဲ့တယ်။ ကျွန်တော်က Iron Maiden တီရှပ်အနက်နဲ့ဆံပင်အလယ်ခွဲနီကြောင်ကြောင်နဲ့ တစ်ခေတ်ပြန်ထလာတဲ့ ခေါင်းလောင်းဘောင်းဘီနဲ့ကျောပိုးအိပ်နဲ့။ အခွေထွက်မယ့်ရက်မှာ ကျွန်တော်က စီအမ်ပီဆိုင်ရှေ့မှာမနက်အစောကြီးကတည်းက သွားထိုင်နေခဲ့တာ။ စီအမ်ပီဆိုင်က လူကြီးကပြောတယ်၊တစ်နိုင်ငံလုံးမှာ မင်းပထမဆုံးပဲ ညီလေးတဲ့။ အဲဒီ စောဘွဲ့မှူးအမှတ်တရထဲမှာပါတဲ့ထူးအိမ်သင်ရဲ့ ပဲ့ကိုင်သီချင်းကို အဲဒီကတည်းကကြိုက်ခဲ့တာ ဒီနေ့အထိပဲ။ အရင်ဖိုးချိုက ဆိုခဲ့တယ်။ စောဘွဲ့မှူးရဲ့သံစဉ်စာသားရယ် ထူးအိမ်သင်နဲ့ICဗားရှင်းရယ်ပေါင်းလိုက်တော့ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်သံစဉ်တစ်ပုဒ်ဖြစ်ခဲ့တယ်။
၉၆မှာထွက်ခဲ့တဲ့ မြို့ပြလရောင်တမ်းချင်းဟာ မြန်မာပြည်မှာ ပထမဆုံးကွန်ပြူတာနဲ့တီးခပ်တဲ့စီးရီးဖြစ်မလားပဲ။ လူငယ်ခြေတက်တွေဖြစ်တဲ့မောင်မောင်ဇော်လတ်တို့ အယ်လ်ဖြူတို့နဲ့တွဲမိခဲ့ပြန်တယ်။ ခြောက်ပုဒ်ပဲပါတဲ့ဒီအခွေကိုတော့ ကျွန်တော်အရင်ခွေတွေလောက် မစွဲလန်းမိ၊ အဲဒီသီချင်းတွေနဲ့စာရင် TheAnts ရဲ့ရောင်စုံချောကလက်ထဲက နောက်ဆုံးပုဒ်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့သီချင်း(နာမည်မေ့နေ)ကိုတောင်ပိုကြိုက်မိသေး။
အဲဒီနောက်ပိုင်းထွက်တဲ့ အခွေတွေတော့ ကျွန်တော်တစ်ခွေကို တစ်ကြိမ်ထက်အပြင်ပိုနားမထောင်မိတော့။ ၂၀၀၀ခုနှစ်အလွန် ကမ္ဘာမှာ မော်ဒန်ရော့ခ်နဲ့ နျူမယ်လ်တယ်တွေဟာကျွန်တော်တို့ရဲ့ တအုံတနွေးနွေးဝေဒနာတွေကို ဖေါက်ခွဲဖို့ ပေါ်ပေါက်လာခဲ့ပြီ။ဟစ်ဟော့ပ်တွေ မျိုးဆက်တစ်ခုပေါ်လာလိုက် အတုအယောင်တွေပေါ်လာလိုက်တော်လှန်ဖို့မျိုးဆက်တစ်ခုထပ်ထွက်လာလိုက်နဲ့ ကျွန်တော့်ရင်ခုန်သံဟာလည်း သူတို့ကာရန်အတိုင်းလိုက်ပါသွားတော့တယ်။ မောင်မောင်ဇော်လတ်နဲ့တွဲရေးတဲ့မဟာဝီရကိုနားထောင်ရတော့ ပေါ်ပင်ဂီတရေစီးထဲက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ထူးအိမ်သင်ကိုပြန်တွေ့ရပြန်တယ်။ လမ်းဘေးဒီဗွီဒီဆိုင်က ထွက်သမျှခိုးကူးခွေဗီစီဒီတွေဝယ်နားထောင်၊ အခန်းထဲမှာ အထပ်လိုက်ပစ်ချထားတဲ့ ပျောက်လွယ်ပျက်လွယ်တဲ့စီဒီတွေလို လူငယ်မျိုးဆက်တစ်ခုဟာထူးအိမ်သင်ရဲ့ ပုလွေသံတွေ ဘာဂျာသံတွေ ဗုံတိုသံတွေထက် အပေါစားကွန်ပြူတာဆော့ဖ်ဝဲတစ်ခုကထွက်လာတဲ့ သံစဉ်တွေနဲ့ စည်းဝါးကိုက်နေခဲ့ပြီ။ ၁၂ပုဒ်လောက်သာပါတဲ့ ကက်ဆက်ခွေကလေးကိုအေပြန်ဘီပြန်နားထောင်ရာကနေ ရာနဲ့ချီတဲ့သီချင်းတွေဟာမောက်စ်တစ်ချက်ဖိဆွဲရုံနဲ့ပွင့်ခဲ့သလောက်ခလုတ်တစ်ချက်နဲ့လည်းပျက်သွားနိုင်တဲ့ခေတ်ကို ရောက်ခဲ့ပြီ။အဲဒီကာလပေါ်သီချင်းပေါင်းမြောက်များစွာထဲ ၂၀၀၀ခုနှစ်နောက်ပိုင်းထွက်တဲ့ထူးအိမ်သင်သီချင်းတွေရောနှောပါဝင်နေခဲ့သလို အထက်မှာကျွန်တော်အမှတ်ရခဲ့တဲ့ထူးအိမ်သင်သီချင်းတွေကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ရာထောင်ချီသီချင်းတွေထဲကနေ ဇကာတင်ကျန်ခဲ့ပြီး ထူးအိမ်သင်ဖိုဒါတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပြန်တယ်။Rap ရွတ်ဆိုမှုတချို့ကောက်ထည့်ပြီး ဂျီလတ်နဲ့ အတူသီဆိုခဲ့တဲ့ ငါတရားစီရင်တော်မူခန်းလိုထူးအိမ်သင်ရဲ့ပထမဆုံးနဲ့နောက်ဆုံး Modern rock သီချင်းမျိုးကတော့ ၂၀၀၀ကနေ ၂၀၁၀ကြားမြန်မာသီချင်းတွေအားလုံးကြားမှာ ကျွန်တော်အလွယ်တကူရှာတွေ့နိုင်တဲ့သီချင်းမျိုးပေါ့။

✍ မောင်ယုပိုင် ✍

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...