Saturday, April 2, 2016

ဂီတသည် ကျွန်တော့်အနားတွင် ကူးခပ်နေပါသည်






ကျွန်တော် စာအုပ်ဖတ်နေတာပါ၊ ဒီဇိုင်းလုပ်ပြီးလို့အပေါ်ထပ်ကထပ်ခိုး ကျဉ်းကျဉ်းလေးထဲမှာ စိတ်ကလေး ကို အကျယ်ချဲပြီး စန့်စန့်လေးကျောခင်းနေတာပါ။ ဒီထပ်ခိုးလေးထဲမှာကျွန်တော့ညီကျော်ဇံလှနေတာ၊ နောက်ဆုံးနှစ်ယဉ်ကျေးမှုတက္ကသိုလ်ကပန်းချီကျောင်းသား၊ အခန်းထဲမှာရှုပ်ပွလို့ ပန်ချီကားတွေ ပြည့်လို့၊ သံတိုင်နဲ့ ပြတင်းပေါက်သေးသေးလေးက နေ အပြင်ကို မြင်နေရတာ ဗိုလ်အောင်ကျော်လမ်းက ဟိန္ဒူဘုရားရှိခိုးကျောင်း။ အဲဒီဘုရားကျောင်း က ကုလားတာပလာဗုံသံတွေဆူညံ နေအောင်တီးနေတယ်၊
သူနောက်ကျောကလမ်း ၄၀ က ထပ်ခိုးလေးထဲကို အဲဒီဗုံသံတွေဝင်လာတာပေါ့၊ အဲဒီဗုံသံတွေက ကျွန်တော့်နားမှာ ကူးခတ်နေတာကို ပြောတာမဟုတ်ပါဘူး၊ ကျွန်တော့ညီ ပန်းချီကျောင်းသားရဲ့ အိပ်ရာဘေးက စာအုပ်တစ်အုပ်ကို လက်လှမ်းမှီလို့ ယူဖတ်နေတာ။ သူနောက်ဆုံးနှစ်စာမေးပွဲ အတွက်တင်သွင်းရတဲ့ကျမ်း၊

အဲဒီစာအုပ်က “ခေတ်သစ်ပန်းချီ ဦးခင်မောင်ရင်၏ လက်ရာများနှင့် အနုပညာ အတွေးအမြင်များလေ့လာချက်” ဘွဲ့ယူစာတမ်းတဲ့။

ဦးခင်မောင်ရင်၏ ဘ၀ဖြစ်စဉ်၊ ပန်းချီပညာလေလာသင်ကြားမှု၊ လက်ရာများနှင့်အတွေးအမြင်များ၊ တွေ့ဆုံမေးမြန်းချက်၊ ခေတ်ပြိုင်ပန်းချီပညာရှင်များ၊ အနုပညာ
စွမ်းဆောင်ချေက်များ ဆိုပြီးအခန်းတွေခွဲထားတာတွေ လျှောက်ဖတ်ရင်းနဲ့ ဦးခင်မောင်ရင်ရဲ့ အမေးအဖြေ အခန်းမှာ မေးခွန်း ၃၄ မှာ ကျော်ဇံလှက ဆရာဂီတကို ကြိုက်လားလို့အမေးမှာ ဦးခင်မောင်ရင်ရဲ့ အဖြေက “ဂီတ က ငါအသည်းပေါ့ ကွာ ၊ နားထောင်တယ် ဒါပဲအသည်းလို့ ပြောတာ၊ အသည်းပဲ။ နှစ်ဆယ်လေးနာရီဂီတ၊ မီးမလာရင်လည်းဂီတ ၊ လာရင်လည်းဂီတပဲ။ Music Swan Around Me ဂီတသည်ကျွန်တော့ ပတ်ဝန်းကျင်မှာ အမြဲပဲကူးခတ်နေပါသည်။” “ဆရာ အဲဒါဘယ်သူ့ စကားလုံးလဲဆရာ ” “ငါစကားပေါ့ဟ”တဲ့၊ အဲဒီ အမေးအဖြေ (၁၁၃) ခုကို ဖတ်ပြီးတာနဲ့ ချက်ချင်းပဲ စာအုပ်ချပြီး ဆရာဆီသွားဖို့အောက်ဆင်းလာခဲ့ တာပါပဲ၊
အဲဒီလမ်း၄၀ ထပ်ခိုးက အခန်းကျဉ်းကျဉ်းလေးထဲ မှာပဲခတ်သစ်ပန်းချီဆရာကြီး ဦးခင်မောင်ရင်ကို စတွေ့ခဲ့တာပါ။

ဆရာပန်းချီကားတစ်ချပ်ကို ပြပွဲတစ်ခုမှာ တစ်သောင်းကျပ်နဲ့တစ်ကားဝယ်ဖူးတယ်၊ အညိုရောင်ဘုန်းကြီးကျောင်းလေးပါ။ ဆရာကို လူချင်းမတွေ့ဖူးဘူး၊ အခုကျွန်တော့ညီရဲ့ စာအုပ်ထဲမှာ ဆရာကိုတွေ့လိုက်ရပါပြီ၊ ချက်ချင်းပဲကားငှားပြီး စာအုပ်ထဲက လိပ်စာ အတိုင်း  ဆရာနေထိုင်ရာ မြောက်ဥက္ကလာပကိုထွက်ခဲ့တယ်၊ ကျွန်တော့ ညီကျမ်းစာအုပ်က အကြမ်းဆိုတော့ ပန်းချီဦးခင်မောင်ရင်၏ ဘဝဖြစ်စဉ် အကျဉ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကွက်လပ်အဖြူကြီးပဲရှိနေသေးတယ်၊ အောက်က စာတန်းကတော့ထိုးထားတယ်။ “တင်ပြဓါတ်ပုံ(၁) ခေတ်သစ်ပန်းချီဦးခင်မောင်ရင်၏ပုံတဲ့၊ ဓါတ်ပုံကပ်ထားတာမတွေ့ရဘူး၊ဆရာ ဓါတ်ပုံ နေရာမှာစက္ကူ အဖြူသားပဲရှိနေသေးတယ်။ အဲဒါနောင်တော့လည်း ဆရာနဲ့တွေ့တွေ့ချင်းရော အခုထိပါ အဲဒီအတိုင်းဆရာကအဖြူထည်သက်သက်ပါပဲ။

ဘ၀မှာ ဘာ အစွန်းအထင်းမှမခံပဲ လွတ်မြောက်နေသူဆိုလို့  အခုထိ တစ်ယောက်တည်းတွေ့ဖူးတာ ဆရာဦးခင်မောင်ရင်ပါပဲ။

၁၉၃၈ နိုဝင်ဘာ မြန်မာလို ၁၃၀၀ ပြည့်နှစ်မှာ ဆရာ့ကို သာယာကုန်းရွာ ၊ အင်းတကော် ၊ ပဲခူးတိုင်းမှာ  အဖဦသန်းမောင်၊ အမိဒေါါ်မြသီတို့မှမွေးပြီးမွေးချင်း ၁၀ယောက်မှာ အကြီးဆုံးသား၊ ငယ်စဉ်တစ်နှစ်ခွဲမှစပြီး အဖေ၊ အမေ နှင့်မနေရပဲ ဘဘကြီး၊ ကြီးကြီး တို့ ဖြင့်ရန်ကုန်မှာနေ၊ စစ်ပြီး ဖေဖေ၊ မေမေတို့ နှင့်ပြန်တွေ့သော်လည်းမမှတ်မိ။ စစ်ပြီးတော့ T T C ကျောင်းမှာ ၆ တန်း ၊ ၇တန်းမှ ၁၀ တန်းအထိ ပြင်ဦးလွင်စိန်မိုက်ကယ်ကျောင်းမှာ ကျောင်အိပ်ကျောင်းစား၊၁၀တန်းအောင်ပြီး အင်းယားလမ်းမှာနေပြီး တက္ကသိုလ်နှစ်နှစ်တက်။ တက္ကသိုလ်တက်ပြီး (BOC College ) လိပ်ခုံးနောက်ဘက်တွင်Engineering College (၄)နှစ်တက်၊ ကျောင်းသားပန်းချီဆွဲသူများထဲမှတစ်ဦးထဲ
ပန်းချီဆက်ဆွဲ။ ၁၉၆၀တွင်ပန်းချီစရေးဗိသုကကာ(၄)နှစ်အောင်မြင်ပြီးနောက် ဦးဘိုကြီး ၊ ဦးအောင်ကြီးမြင့် ဦးတင်ထွန်းတို့စုပေါင်းဖွင်လှစ်ထားသော (AI) ရုံးခန်းတွင်နေပြီး အလွတ်ဗိသုကာ အလုပ်ကို လုပ်၊ဗိသုကာ လုပ်ရင်းပန်းချီဆွဲ။ ၁၉၆၁ မှာ ကြီးကြီး၏သမီး ဒေါ်စိုးစိုးက ပန်းချီပြပွဲလုပ်ပေး နောက်ပိုင်းအနည်းဆုံးတစ်နှစ်တစ်ကြိမ် ပန်းချီဲပြပွဲ
များပြုလုပ်ဖြစ်၊အနုပညာလုပ်ငန်းများအနေဖြင့် ပန်းချီဆရာလုပ်ကာ ပန်းချီဆရာအပြင် ရုပ်ရှင်ဒါရိုက်တာ လုပ်ကာ “နှမလက်လျှော့နေလေတော့ ” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့၊
စာပေ အနေဖြင့် အနုပညာစံ စာအုပ် ကို ဇော်ဇော်အောင်နှင့် အတူတူတွဲထုတ်ဝေခဲ့၊ ဗိသုကာ အနေဖြင့်  ယခင် အရှေ့ပါကစ္စတန်၊ ယခု ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒက္ကားဘူတာရုံ ဒီဇိုင်းသည်ဆရာ လက်ရာ ဖြစ်။ အိမ်များစွာကို  ဒီဇိုင်ပုံစံ ထုတ်ရေးဆွဲခဲ့၊ ပုဂံရှိသဇင်ဟော်တယ်သည်ဆရာ့ ဗိသုကာလက်ရာဖြစ်ပြီး  ဗိသုကာ ဒီဇိုင်များဆက်လက်ရေးဆွဲ
ဦးမယ်လို့ပြောထားတဲ့ ဆရာ့ပုံသဏ္ဍာန်ကို ဆက်ရေးထားပါတယ်။

ဆရာ ဦခင်မောင်ရင်၏ နေအိမ်သည် သော့မရှိ ၊ အခန်းမရှိသော ၊ အမိုးအကာ အလုံသောတဲအိုကြီး တစ်လုံးသာဖြစ်ပါသည်၊ ဖရိုဖရဲ ကျူရှင်ခုံများ၊သံချေးတက်ပေရေ
နေသော ရေခဲသေတ္တာတစ်လုံး၊ ပျက်စီးနေသောပန်းချီကားများ ရေးလက်စ ပန်းချီကားများ ၊ အိမ်းအောက်ကြမ်းပြင်မှ ထိုးထိုးထောင်ထောင်ထွက်နေသောသစ်ပင်ငယ်များ၊ ရှုပ်ပွနေသောစာအုပ်များ ၊ သစ်ဖျာနှင်. ခြင်ထောင်၊ ခေါင်းအုံးပတ်လည်မှ အစားအစာဘူးများ၊ ဖာတောင်းများ၊ပုလင်းများ၊ ဆေးလိပ်တိုများသည် ဆရာ၏ အိမ်တွင်းပစ္စည်း
များဖြစ်လေသည်။ဆရာသည်ဘူး အကြီး အသေးတို့ ဖြင့်လက်ဖက်နှင့်အကြော်များကိုထည့်ထားကလက်ဖက်အမြဲစားလေ့ရှိသည်၊ ရေခဲသေတ္တာဟောင်းအတွင်းအမြဲ ရှိတတ်သည်မှာ အသီးအနှံတစ်မျိုးဖြစ်သည်။ ဘီယာကို အလွန်ကြိုက်ကာ စကားပြောလျှင်ဘီယာသောက်လိုက်၊ ဆေးလိပ်သောက်လိုက်ဖြင့်စကားပြောလေ့ရှိသည် စားပွဲအသေးလေးမှခင်းထားသောသတင်းစာစက္ကူသည်လက်သုပ်ပုဝါဖြစ်သည်။ ပုဆိုးနှင်စွပ်ကျယ်ဖြူကိုသာ အမြဲဝတ်လေ့ရှိသည်။ ပန်းချီရေးသည့်နေရာ ၊ အိပ်သည့် နေရာ၊ စားသည့်နေရာနှင့် အပေါ့အပါး သွားသည့်နေရာသည်သိပ်မဝေးလှ။ ဆရာ အိမ်သည်ခေတ်မှီသော ၊သန့်ရှင်းသပ်ရပ်သောတပည့်များမိတ်ဆွေများနှင့်စည်ကားနေတတ်သည်။

သစ်သားတုံး ငုတ်တိုင်နှင့် အိမ်တိုင်သည်ပန်းချီရေးသော Stand ပင်ဖြစ်သည်။ပန်းချီရေးရာတွင်ကြမ်းပြင်ပေါ်တွင်ရေးရသည်ကို ကြိုက်သည်ဆရာ့အိမ်တွင်ထူးထူးခြားခြား
အကာတစ်ခုသည်အိပ်သည့်နေရာပန်းချီရေးရာ တွင်ခွေးများကြောင်များမတိုးစေရန် ကာထားသည့် ခြောက်ပေသုံးပေခန့်ပန်းချီကားတစ်ချပ်ပင်ဖြစ်သည်၊ ဆရာ၏တစ်နေ့တာ အချိန်သည်ဂီတနားထောင်ခြင်း၊စာသင်ခြင်း၊ ဘီယာသောက်ခြင်း ၊ ပန်းချီရေးခြင်း  တို့သာအများဆုံးဖြစ်သည်။ပန်းချီရေးခြင်းနှင့်အနုပညာ အကြောင်းပြောနေရပါက ဆရာ အတွက်နေ့ညမရှိပါ။ အနုပညာ အကြောင်ပြောနေချိန်တွင်အရှိန်ရလာပြီးမျက်ရည်များတွေတွေ ကျလာတတ်သည်။

ဆရာ့စကားပြောဟန်သည်နိုမ့်လိုက်မြင့်လိုက်ဂီတRhythmတစ်ခုကဲ့သို့ရှိပါသည်လက်ဟန်ခြေဟန်အကိုးအကားထောက်အထားများဖြင့်လည်းပြောဆိုတတ်ပြီး English စကားလုံးများကိုလည်းကြားညျပ်သုံးစွဲလေ့ရှိပါသည်၊ နှုတ်ခမ်းမွေး ရေးရေးရှိပြီး အရွယ်နှင့်မမျှ ငယ်ရွယ်နုပျိုပြီး အသားအစိုပြည်သူတစ်ယောက်ဖြစ်ပါသည်။ ယနေ့ထိ
အင်္ဂလိပ်စာကျူရှင်ပေးကာ စာသင်ပေးလျှက်ရှိပြီး ရုပ်ရှင်ဒါရိုက်တာ၊ ဗိသုကာ ၊ စာရေးဆရာဘ၀များနှင့်ပန်းချီဆွဲသောအနုပညာအလုပ်ကို လုပ်ရင်း လွပ်လပ်သောလူပျိုကြီး ဘ၀ဖြင့်ယနေ့အသက် ၆၀ ကျော်အထိ ကျန်းမာစွာဖြင့် အောင်စည်ကျော်ကျူရှင်၊ အမှတ် ၁၀၈၊ သန္တာ(၁၁) လမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တွင်နေထိုင်လျှက်ရှိပါသည်။

ဆရာဓါတ်ပုံကို တွေ့စရာမလိုပါဘူး ဒီလောက်မှာတင်ဆရာကိုမြင်ရပါပြီ။ ကျွန်တော့ ညီရေးတဲ့ဘွဲ့ယူကျမ်းက သူအစ်ကိုဖြစ်တဲ့ ကျွန်တော့ကိုစပြီး ဒုက္ခပေးလိုက်တာပဲ။ မြောက်ဥက္ကလာအ၀ိုင်းကိုရောက်တော့ ကားဆရာကမေးပြီ။ ဘယ်ရပ်ကွက်လည်းတဲ့ ၊ ဟာရပ်ကွက်မပါဘူးဗျ သန္တာ ၁၁လမ်း၊ မြောက်ဥက္ကလာက အကျယ်ကြီး
သန္တာလမ်းတွေ အများကြီးနေမှာဗျတဲ့  ဘယ်မောင်းရမှာလည်း အဲဒါဒုက္ခ့ပဲ။ ကဲကျူရှင်တွေသိလားဗျာဆိုမှ ကျူရှင်ဆိုင်းဘုတ်တစ်ခုအောက်မှာကျွန်တော့ကိုချထားပေးခဲ့ တော့တယ်။ စာသင်တာဟာ Perfomance တစ်ခုလို့ခံယူလို့ ယနေထိစာသင်ပေးဆဲဆိုတဲ့ ဆရာဦးခင်မောင်ရင်ကို ကျူရှင်တစ်ခုဝင်မေးလိုက်တယ်။ အောင်စည်ကျော်
ကျူရှင်မရှိပါဘူး၊ မကြားဘူးပါဘူးတဲ့ဗျာ၊ ပန်းချီတွေဘာတွေဆွဲတယ်လေ ဦးခင်မောင်ရင်ဆိုတာလို့ပြောတော့ သြော်သိပြီသိပြီ ဟိုလမ်းအတိုင်းတည့်တည့်ဝင်သွား လမ်းထိပ်ကတဲကြီးပဲတဲ့ ။

တံခါးလည်းခေါက်စရာမလိုပါဘူး၊ အိမ်ရှင်တို့လည်း ခေါ်စရာမလိုဘူး။ ကြမ်ပြင်တွေကြားက အပင်စိမ်းစိမ်းလေးတွေက ထောင်မတ်လို့ အဲဒီအပင်လေးတွေ ရှေက လက်တန်းတစ်ဖက်ပြုတ်နေတဲ့ ထိုင်ခုံပေါ်မှာစွပ်ကျယ်နဲ့ ထိုင်နေတာဆရာဦးခင်မောင်ရင်ပဲ၊ အာလုံးဟာ ကျွန်တော့ ညီရေးထားတဲ့ ကျမ်းထဲက အတိုင်း နေသားတစ်ကျပါပဲ။
ဆရာ ကျွန်တော်က ကျော်ဇံလှအစ်ကိုပါလို့ ပြောရင်းဝင်သွားလိုက်တာပဲ၊ သြော် အေးအေး ဒီဇိုင်းလုပ်တဲ့လူလားဟ တဲ့ အေးကောင်းတယ်ကောင်းတယ်ထိုင်ထိုင်ဆိုပြီး ရွှေကြက်ပဲကြီးလှော်ဖောက်လက်စလေးကို ကျွန်တော့ လက်ထိုးပေးလိုက်ပြီး စားဦးကောင်းတယ်ကောင်းတယ်။ အခွံတွေ ကိုဟောဒီလိုကြမ်းကြားကနေချလိုက်တဲ့၊
ဆရာ ကျွန်တော်အခုပဲ ဆရာအကြောင်းရေးထားတဲ့ ကျော်ဇံလှ ရဲ့ ကျမ်းဖတ်လာတာဆိုတော့ အေးအေး ၊ အေးအေးဒီကောင်ဘာလုပ်နေလဲလို့ မေးပြီးစကားတွေပြောကြတယ်။ တစ်သက်လုံးက ပေါင်းသင်းသိကျွမ်းလာခဲ့တဲ့လူတွေလိုပဲ၊ အဲဒါလည်းဆရာက လူတိုင်းကို ချက်ချင်းရင်းနှီးနေကြပါ၊ ကျွန်တော်က ပန်းချီကားတွေ လျှောက်ကြည့်တယ်။ မှောက်ထားတာ၊ ထပ်ထားတာတွေ ကို  အကုန်လှန်ပြီးတစ်ချပ်ချင်းကြည့်တယ်၊ ဆရာ ဒါကဘာတုန်းလို့ မေးတော့ “ငါလည်းမသိဘူး၊ မသိဘူးလျှောက်ရေးထားတာပဲဟ တဲ့၊ အဲဒါပြောင်းပြန်ကြီး ဒီလိုလှန်ကြည့်၊ ထိန်ပင်တောလေးရေးထားတာဟတဲ့၊ အဲဒီတုန်းက ပြောကြတာ ဆရာကအနုပညာအကြောင်း၊ ပေါ်ဦးသက် အကြောင်း၊ သိမ်ကြီးဈေးရွှေကြက်ပဲကြီးလှော်အကြောင်း၊ မင်းသားကြီး ဂရေ ဂရေရီပက်အကြောင်း ရီဒါဒိုင်ဂျက်စာအုပ်အဟောင်းတွေအကြောင်း၊ ကျွန်တော်မေးတာက
အရှေ့ပါကစ္စတန် ဒက္ကားမြို့ကဘာလို့ ပြန်လာတာလဲဆိုတဲ့ အကြောင်းတွေပါ။

“မသိဘူးဟ၊ အဲ့ဒီ ဒက္ကားကိုမြန်မာဘောလုံးအသင်းက လာကန်တယ်။ သူတို့ နဲ့ ရောလိုက်နေရင်းက သူတို့လည်းပြန်မယ်ဆိုရော ငါလည်း ပြန်လိုက်မယ်ဆိုပြီး ပြန်လာတာပဲ။ ဆီးသီး အစိမ်းထုတ်လေးတစ်ထုပ်ပဲပါလာတယ်။  အေးအေး အဲဒီဇီသီးလေးတွေကဒီကဇီးသီးနဲ့ တူဘူးဟ၊ ချွန်ချွန်လေးတွေ နဲ့ စိမ်းစိမ်းလေး ချစ်စရာလေးမို့ ပါဟာ၊  သိပါဘူးကွာရုပ်ရှင်ရိုက်ချင်လို့လည်း ပြန်လာတာ၊မသိဘူး ၊ မသိဘူး။ ” နောက်တော့ လည်း ဆရာအိမ်ကို ခဏခဏ ရောက်ပါတယ်။ ဆရာ့ပုံရိပ်က ဒီအတိုင်းပဲ လာရင်ကုန်းကုန်းကွကွ နဲ့ ငှက်ပျောသီး သော်လည်းကောင်မရမ်းပြားသော်လည်းကောင်း၊ ပဲကြီး လှော်သော်လည်းကောင်းတစ်ခုခုရှာပြီးကျွေးတော့တာပဲ။
“ဘီယာ နည်းနည်း သောက်ပါဟလဲ ရှိတယ်၊ ဘေးကပ်လျက်လက်ဖက်ရည် ဆိုင်ဖွင့်ထားတဲ့ အခေါက်တုန်းက  လက်ခုပ်တီး ပြီး လက်ဖက်ရည်မှာ တိုက်တာလည်း သောက်ရဖူးတယ်။ ကက်ဆက်အစုတ်ကြီးက ပလေးခလုတ်ကို သွားကြားထိုးတံညှပ်ပြီး တီးလုံးတွေ ထဖွင့်တာလည်းကြုံရဖူးတယ်၊ လက်ဖက်ရည်ဆိုင်က ကျွန်တော်နားမလည်နိုင်တဲ့ သီချင်းတွေ ဖွင့်နေတာမို့ နားမငြီးဖူးလားမေးတော့ “ ငြီးပါဘူး ၊ ငါတောင်ဖွင့်စရာမလိုပဲနားထောင်လို့ ရသေးတယ်။

ကျွန်တော်တို့ အနီးတစ်ဝိုက်မှာဆရာအကြောင်းပြောကြရင် ဆရာရဲ့ နှမလက်လျှော့နေလေတော့ ” ရုပ်ရှင်ကား အကြောင်းအမြဲပါတယ်၊ဒါပေမဲ့ ကျွန်တော်တို့ မမှီလိုက်ပါဘူး ၊ မကြည့်ဖူးပါဘူး။ မူကွဲ တွေ အမျိုးမျိုးပြောနေကြတဲ့ အထဲ က ပန်းချီဆရာ မောင်ဒီက ရုံထဲမှာ ကြည့်ဖူးတယ်။ ။ မင်းသားက ဂျာနယ်ကျော်မမလေးရဲ့သား  ကိုသိန်းတန်က မင်းသား ဇာတ်လမ်းက မင်္ဂလာဆောင်သတို့သား၊ မင်္ဂလာဆောင်ကိုသွားရင်း လမ်းမှာဝက်ရူးပြန်လို့ သတို့သားအစားထိုးတဲ့ ဇာတ်၊ မင်းသားက ကန်ဘေးမှာ ထိုင်ပြီးရေပြင်ကိုကြည့်တော့ရေ ကို ရိုက်ပြထားတာကဒ်မချိန်းဘဲ ၁၅ မိနစ်လောက်ကြာတော့  နောက် က ကြည့် နေတဲ့ လူတွေက ရေမြင်ဖူးတယ်ရေမြင်ဖူးတယ်လို့
အော်ကြသတဲ့၊တစ်ခါ ပဲပြုတ်သည်က လှည်းတန်းကနေ အင်းလျားလမ်းကို ပဲပြုတ်လာရောင်းတဲ့ အခန်းမှာ ပဲပြုတ်သည်နောက်က နေကင်မရာလိုက်ပြီး
ပဲပြုတ်ပဲ ပြုတ်နဲ့ ပဲ ပြုတ်သည်အော်ပြီး လမ်းလျှောက်နေတာနာရီဝက်လောက်ကဒ်မချိန်းဘဲ ပြတဲ့ အခန်းရောက်တော့ နောက်က လူတွေက  ခုံတွေ ဒုံန်း ဒုန်း ဒုန်း ဒုန်း နဲ့ ထုပြီးလမ်းလျှောက်တာမြင်ဖူးတယ်ကွ၊ လမ်းလျှောက်တာမြင်ဖူးတယ်ကွနဲ့ အော်ပြန်ရော မနေနိုင်တဲ့လူတွေက ရုံအပြင်ထွက်မယ်လဲ လုပ်ရော ဆရာဦးခင်မောင်ရင်က ပြီးအောင်ကြည့်ဆိုတဲ့ သဘောမျိုးနဲ့ သော့ခတ်ထားသတဲ့၊ဆရာပြန်မေးတော့ မသိဘူးမသိဘူးလို့ ပဲဖြေပြန်တယ်။

ဆရာတပည့် ကို အောင်ကျော်ဆန်း အပြောကတော့ ပါကစ္စတန်ကနေ ရုပ်ရှင်မရိုက်ရမှာ စိုးလို့ ပြန်လာတာဟ။ ဆာဂျစ်ယေးရိုက်တဲ့ “ဆလမ်ဘုံဘေ”ဆိုတဲ့ ရုပ်ရှင်ကားကို
ကြည့် ပြီး  “ငါလည်းရုပ်ရှင် တစ်ကားမှမရိုက်ဘဲ အသေမခံနိုင်ပေါင်ဆိုပြီး ပြန်လာတာတဲ့၊ကို အောင်ကျော်ဆန်းတို့ ဆရာပေါ်ဦးသက်ရဲ့ သားကို ဖိုးဇော်တို့က ဆရာကျောင်းမှာ ကျောင်အိပ်ကျောင်းစား ။ “တို့ည ည ခြင်ထောင်ထဲ က ခြင်တွေ တစ်ဖတ်ဖတ်နဲ့ လက်ဖ၀ါနဲ့ ရိုက်တော့ နားညီးတယ်ဆိုပြီ သရေဒိုးကွင်းအထုပ်ကြီး ၀ယ်လာပေးတယ်။
ခြင်တွေ ဒါနဲ့ ပစ်နားမညီးဖူးတဲ့။ မြန်မာစာသင်ဖို့ ဆရာဦးသိန်းနိုင်ရောက်မလာလို့ စိတ်ဆိုးရာကနေ ကျောင်းသားတွေ ခေါ်ပြီး လာကွာ မြန်မာစာများလွယ်ပါတယ်၊ ငါသင်ပေးမယ်လိုက်ဆို “မင်းဝံကပြာ ၊ဧရာကဖွေး” ကို  ကိုအောင်ကျော်ဆန်းတို့ သံပြိုင်လိုက်ဆိုပြီးတော့ “မင်းဝံ အစ်စ်ဘလူး၊ ဧရာအစ်စ် ၀ှိုက်”  ကိုင်းမလွယ်ဘူးလားတဲ့ ။

ဆရာ ဦးခင်မောင်ရင်ကို အသက်အများကြီးကွာတော့ ဘာမှ ကျွန်တော်တို့ မသိရပါဘူး အများပြောကြတဲ့ အကြောင်းအရာနဲ့ လက်ရှိမျက်မြင်ဆရာ ပန်းချီကားတွေ ကပဲ ဆရာကို ပြန်မြင်ရတာပါ။ အဲဒါတွေအားလုံးကပဲ ဆရာရဲ့ အနုပညာပေါ်ထားတဲ့ စိတ်နဲ့ အရာရာ ကို စီတ်ရှင်းရှင်းထားတတ်တာတွေ က အထင်းသားမြင်နေရပါတယ်။ ဆရာကိုယ်တိုင်ရဲ့ အယူအဆကလည်း အနုပညာဆိုတာလွပ်လပ်စွာနဲ့ မိမိဖန်တီးချင်တာကို ဖန်တီးခြင်းပဲမဟုတ်လား။ အနုပညာရှင်ဟာ လွပ်လပ်မှုကို အရသာခံရင်း အနုပညာကို ဖန်တီးတယ်၊ လွပ်လပ်မှုမရှိပဲ ချုပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရရင် ပြောင်မြောက်တဲ့အနုပညာရှင်ဖြစ်လာမှာမဟုတ်ဘူးတဲ့ ဆရာဦးခင်မောင်ရင်ဟာ ခေတ်သစ်ပန်းချီဆရာတစ်ယောက်ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်လို့ ထင်ပါတယ်။ဒါပေမဲ့ ဆရာဟာအခုချိန်မှာ လွတ်မြောက်အေးချမ်းတဲ့ ဘ၀ကို ရနေတယ်ဆိုတာ ဆရာ ပန်းချီကားတွေ ၊ လက်ရှိဆရာ လူမှုဘ၀ထဲမှာ နေထိုင်နေပုံတွေကသက်သေခံနေပါတယ်။

ကျွန်တော့် ညီစာတမ်းရှင်ကတော့ ဦးခင်မောင်ရင်ဟာရဟန်းကိစ္စ ရဟန်းလုပ်မှပြီးတဲ့ အယူအဆလို ခောတ်သစ်ပန်းချီမှာ ကြုံတွေ့ ရတဲ့ ပြသနာတွေကို လည်း ခောတ်သစ်ပန်းချီဆရာတို့ ဖြေရှင်းမှသာပြီးပေလိမ်မယ် လို့ ယူဆကြဟန်တူတယ်။ အဲဒီလိုခောတ်သစ်ပန်းချီ ပြသနာများကို ဖြေရှင်းဆောင်ရွက်ကြခြင်းပင်လျှင် ခောတ်သစ်ပန်းချီတို့ ၏ အနုပညာလုပ်ရပ်များ  ဖြစ်လာတယ်လို့ မြင်တယ် ။ အဲဒီခေတ်သစ်ပန်းချီကို စတင်ခဲ့တဲ့ လူတွေထဲမှာ ဦးခင်မောင်ရင်ဟာ အစောဆုံးလူများထဲက တစ်ယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်၊ ဇာတ်အငြိမ့်တွေမှာ ငယ်ငယ်က အနုပညာ၊ အနုပညာဆိုတာကို ခဏခဏ ကြားဖူးပါတယ်။

အနုပညာဟုပြောတိုင်းအနုပညာမဟုတ်ဘူးဆိုတာကို နားလည်ခဲ့ တယ်။ ဒါကြောင့်အနုပညာဆိုတာဘာလဲ ART ဆိုတာ SHARE  ဖြစ်တယ်၊
အနုပညာဆိုတာမျှဝေခံစာခြင်း၊ မိမိခံစားချက်ကို သူတစ်ပါးမိမိခံစားချက် ကို သူတစ်ပါးမိမိကဲသို့ ခံစားစေလိုလုပ်သောအလုပ်ဖြစ်တယ်။ ဒါကြောင်အနုပညာရှင်ဟာ
ကိုယ်ကျိုးမရှိ၊အများအကျိုးဆောင်ရွက်ပေသည်ဟု ဆရာဦးခင်မောင်ရင်ယူဆတယ်၊ သူတစ်ပါးအားမိမိကဲ့သို့ ခံစားစေလိုတဲ့ Sharing လို့ အခိုင်အမာပြောလို့ ဆရာဦးခင်မောင်ရင်ဟာအများအကျိုးဆောင်ရွက်လိုသူ တစ်ဦဖြစ်တယ်။ ပြီးတော့ ဆရာ ကပုံတူတွေ အရေးများတယ်၊ အဖေပုံအမေပုံ၊ အောင်မိုးပုံ၊ ကြီးကြီးပုံ၊
မခင်ဝင်းပုံ၊ ရိုစီပုံ၊ နိုင်ငံခြားသားတစ်ယောက်ပုံ ၊ ကချေသည်ပုံ။ ကျွန်တော်ဖြင့်အိန္ဒြာကျော်ဇင့် ပုံတောင်ရေးထားတာအများကြီး တွေတယ်။ လှလည်းမလှဘူးလို့ပြောတော့ မလှရင်လည်းလည်ပင်းမှာ ပတ္တမြားဘယက်ကြီးထည့် ပေးလိုက်မယ်၊အဲဒါဆိုလှရော ၊ သိဘူးသိဘူးတဲ့ ။

ပုံတူတွေရေးတာကို ကျွန်တော့ ညီပြောတာကဖြင့် အဲဒါဆရာကလူတွေအပေါ်မေတ္တာစိတ်ထားနိုင်အားကြီးလို့ပုံတူတွေ ရေးတာတဲ့
ဒါလည်းဟုတ်သားပဲ၊ တစ်ခါကဆရာညီဆရာဝန်ဒေါက်တာခင်မောင်လင်းလာတယ်တဲ့ဆရာရေးဆွဲထားတဲ့ ဆရာမိခင်ပုံကို သေသေချာချာကြည့်ပြီး ဒါအမေ့ပုံလားလို့ မေတော့ “အေး ဟုတ်တယ်။ ဟင်တူလည်းမတူဘူးဆိုတော့၊ မင်းက မတူဘူးဆိုရင်ဘာလို့ အမေပုံလားမေးရတာလဲ”တဲ။ ဆရာဦးခင်မောင်ရင်က ပန်းချီပုံတူသည်မတူသည်ကို ရှင်းပြနေမှာမဟုတ်ဘူး။ပန်းချီဟာရှင်းပြစရာမလို၊လက်တွေခံစားတွေးသိမှုသာလျှင်သဘောပေါက်နားလည်မည်လို့ တွေးမြင်ထားသူတစ်ယောက်သာဖြစ်တယ်။ နူးညံ့၊ ခက်ခဲ ၊နက်နဲလှတဲ့  ပန်းချီပညာကို ရိုးရိုးနဲရှင်းရှင်းရေးဖွဲခြင်းဟာအလှတရား တန်ဖိုးကြီး သောအနှစ်သာရလိုယူဆသူဖြစ်တယ်။  “ Simplicity is Beauty ရိုးသားခြင်းဟာအလှတရားဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားပါတယ်၊ ဆရာကပြောဖူးတယ် Inspiration လို့ခေါ်တဲ့ စိတ်ပါခြင်းတက်ကြွခင်းမရှိတဲ့ အနုပညာရှင်ဟာဘာမှလုပ်မရတဲ့၊ အက်ဒီဆင်ကပြောတယ်။ “ချွေထွက်ခြင်းက အဓိက၊Inspiration ကဇီးရိုးတဲ့ အေးပေါ့ အက်ဒီဆင်က အနုပညာရှင်မှမဟုတ်တာတီထွင်သူပဲ ငါတို့ က အနုပညာရှင်ပဲဟာကိုယ်စိတ်၊ ကိုယ်ခံစားချက်၊ တက်ကြွမှုပေါ်မူတည်ပြီးဖန်တီးသူတွေပဲဟတဲ့။ ဈန်ဝင်စားချင်းမရှိပဲ မိမိကိုယ်ကို ဒဏ်ခတ်ပြီး အနုပညာကိုဖန်တီးမယ့်
သူတွေထဲမှာ ခင်မောင်ရင်မပါ။

ဆရာနဲ့ ကျွန်တော့ ညီကျော်ဇံလှရဲ့ အမေးအဖြေမှာတော့  ဆရာ အဖြေတွေက ကျေနပ်စရာအပြင် ပျော်ရွင်ဖွယ်၊ အံသြဖွယ်ရာတွေ အပြင် လန်းဆန်းသွားရတာတွေ ပါပါဝင်သည်ပေါ့ဆရာ။
မေးခွန်း (၂) ဆရာရဲ့ လုပ်ရပ်တွေ ကို ကြိုတွေးထားတာရှိလား။ “မရှိပါဘူး ဘယ်လိုလုပ်သိမလဲ။ ရေးမယ်ဟေဆိုရေးလိုက်တာပဲ” ရှေနိမိတ်ကို ကြို မမြင်ဘူးပေါ့ ။ “မမြင်ပါဘူး၊ မသိဘူး။ ငါတော့ ပုံဆွဲဦးမယ်ဟေ့ အဲဒါစိတ်ထဲရောက်လို့ဆွဲလိုက်တာပဲ။
”မေခွန်း (၆) Artistic Genius ဆိုတာဘယ်ပေါ်မှာမူတည်သလဲ။ “ငါကတော့ လုပ်ယူရတဲ့လူ၊ တတ်အောင်သင်ပြီးမှ လုပ်ရတယ်၊ ကိုယ်ဘာသာကိုယ်လေလာယူရတယ်၊ ပေါ်ဦးသက်တို့ကျတော့ အလို အလျောက်တော်တယ်? ပါရမီရှိတယ် တို့မှာကမရှိဘူး၊ နမူနာနဲ့ တော့ ပြောလို့ရတယ်ပြောရတာခက်တယ်။”
မေးခွန်း (၇)Expression of Emotion ရှင်းပြပါဦး။
“ဘယ်လိုခံစားချက်နဲ့ဆွဲတယ်ငါမသိဘူး၊ ရည်းစားလွမ်းလို့လား အမေလွမ်းလို့ လား ဒါတွေ မရှိတော့ဘူး။အဲဒါတွေ မရှိတော့ဘူး။  Abstract  ပဲ”။ Abstract  ဆိုတာဦးခင်မောင်ရင်က အဆီအနှစ်တဲ့ ၊ သူဟာသူထုတ်ထားတာ ၊ မင်းကဘယ်လိုပြောမလဲ၊ “ Abstract ဆိုတာအဓိပ္ပါယ်မဲ့တာမဟုတ်ဘူး။
မေးခွန်း (၁၂) Inspiration အကြောင်းရှင်းပြပါဦး။
“တစ်ခုကို မြင်ပြီးတော့ ငါဒီလိုလုပ်ချင်တယ်၊ အမြင်ပေါ့။ ဂီတဆိုလည်း အကြားပေါ့ ဒါလေးကြားပြီးတော့  လုပ်ချင်တာ။ အဲဒီအမြင်အကြားလေးတွေကို တွေပြီးတော ကိုယ်က စိတ်ဓါတ်တက်ကြပြီးတော့ ငါလည်းလုပ်ချင်တယ်၊ သူဒီလိုဖန်တီးထားတာမျိုး
ငါလည်း ဖန်တီးချင်တယ်။ အဲဒီတော့ တစ်ခါတစ်ရံ ဘာလုပ်ရမယ်မှန်းမသိတော့ Inspiration  ရအောင်ဒါလေးတွေ ဖတ်၊ ဟိုဟာလေးတွေ လျှောက်ကြည့်လိုက်၊ ကောင်းလိုက်တာကြိုက်လိုက်တာ အဲဒီမှာ Inspiriate  ဖြစ်သွားတာ။ အဲဒီတော့  Inspiration ဆိုတာ တစ်ခုခုကို မြင်ပြီးတော့သိပြီးတော့ အဲဒါလေးကို သဘောကျပြီး၊ ကြိုက်ပြီးတော့ လုပ်တဲ့ အလုပ်”။
မေးခွန်း ( ၁၆ ) ဆရာ Intuition  (ထိုးထွင်းသိမြင်မှု) က ပန်းချီနဲ့ ပတ်သက်ရင် Automatic ဖြစ်တဲ့ သဘောကို ပြောတာလား။ “ကိုယ်ပိုင်ရှိရမယ်လို့ ပြောထားတယ်။ ပြတင်းပေါက်မှာထိုင်နေတဲ့ ကောင်ကို ဟေ့ကောင်လိမ်ကျမယ် ဆင်မြန်မြန်ဆင်းလို့ စိတ်ထဲက ရှိနေလို့ ပြောလိုက်တာ။ သူဘာသာသူ အလိုအလျောက်ပေါ်လာတာ၊ သူဟိုမှာထိုင်နေတာလိမ့်ကျမှာစိုးလို့ ပြောလိုက်တာ၊ ငါပြောတဲ့ စကားက Intuition  ရှိလို့ပြောလိုက်တာ၊ Intuition   ဆိုတာ Auto ဖြစ်ပြီး လုပ်ယူတာ မဟုတ်ဘူး။ အတွေအကြုံနဲ့ လည်းဆိုင်တယ်။
Experience များလေ Intuition  ကများလေပဲ။ များရမယ်ရှိကိုရှိရမယ်။
မေးခွန်း (၂၀)ဆရာ Aesthetic ရသဗေဒဆိုင်ရာ ခံစားမှု)ဆိုတာ။ “အဲဒါမင်းဆီမှာရှိတယ်မွေးထဲက ရှိတယ်”
မေးခွန်း(၂၂) စာ သင်တာနဲ့  အနုပညာ ဘယ်လိုပတ်သက်ပါသလဲ။
“စာသင်တာလည်းအနုပညာပါပဲ Teacher က  Actor လုပ်ရတယ်။ Actor  ဆိုတာသိလား။ Performance သဘောမျိုးလား ၊ အေးဟုတ်တယ် Performance လုပ်ရတာ၊ ဟေ့ကောင် ဟင်း ဟင်း ဘာညာ ကြောက်သွားအောင်ကိုယ်ဖြစ်ချင်တာဖြစ်အောင်
ပြောရတာကိုယ်က မဟုတ်ပဲနဲ့ လုပ်ပြရတာ ”။
မေးခွန်း (၂၆) ဆရာ ရုပ်ရှင်။ “အင်းနှစ်ကားရိုက်ဖူးတယ်၊ ငါပထမတစ်ကားပြီး နှစ်နှစ် လောက်ကြာတော့
ရုပ်ရှင်တစ်ကားရိုက်ဖို့ကြိုးစားတယ်။ မဖြစ်နိုင်ဖူး“ကိုနေ၀င်း (ကောလိပ်ဂျင်) တို့ကိုတစ်ကားကူရိုက်ပေးရတယ်၊” ဆရာရိုက်တဲ့ ကားက နှမလက်လျှော့နေလေတော့နော်”။ အင်းရုပ်ရှင်နဲ့ ပန်းချီဘယ်လိုပတ်သက်နေလဲ။ ငါကဇာတ်လမ်းတွေ ဘာတွေနားမလည်ဘူး။ Compose လုပ်ချင်တာ။ သိပ်လှတာ အဲဒီစကား၊ ဘာလာလာ အဲဒါပဲ၊ ငါရိုက်ချင်တယ်ဆိုတာ ဓါတ်ပုံရိုက်ချင်တာ အဲဒါအဓိကပဲ။ သိသွားတယ်။
မေးခွန်း (၃၀) အဲဒီကားရိုက်တော့ စိတ်ချမ်းသာမှုရလား။
ရတာပေါ့  ဘာလို့မရရမှာ တုန်း။၊ တစ်နှစ်နေရတယ်။တစ်နှစ်အကျွေးကျေတယ်။ အဲဒီအထဲမှာ ပန်းချီ အမြင်နဲ့  ဆရာ ဘယ်လိုမြင်လဲ “ဓါတ်ပုံတွေ Composition တွေဘယ်နားကထားရမလဲ၊ အဲဒါ Frame ထဲမှာဘယ်လိုမြင်လည်းဆိုတာ၊ အမည်း၊ အလင်း ၊အမှောင်၊ သိပ်ကောင်းတဲ့ Photography တကယ်ကိုကောင်း”
မေးခွန်း(၃၂) ဆရာဘာလို့ဆက်မလုပ်တာလဲ။ “မလုပ်နိုင်တော့ ဘူးလေ၊ နောက်တစ်ကားက ကိုနေ၀င်း(ကောလိပ်ဂျင်)တို့ ထုတ်တဲ့ ကား ၊နှမလက်လျှောအတွက်ကိုယ်မှာရှိတဲ့ပိုက်ဆံနဲ့ ဟိုကောင်ဆီကချေး၊ဒီကောင်ဆီကချေး၊ အဲလိုလုပ်တာ၊ကိုယ်ဟာကိုယ်ထလုပ်တာ၊ ဟိုဟာကသူများလုပ်ပေးတာက ပိုက်ဆံရတယ်။ ပြီးပြီ။ ပြီးတော့ နောက်ထပ်ရိုက်ဖို့ကြိုးစားတယ်။မဖြစ်လာဘူးသိဘူး။ ပြောချင်တော့ ဘူး”။
ဆရာ Modern Art  ရဲ့သဘောထား Autitude ဘယ်လိုရှိမလဲ။
 “ပစ္စည်းတစ်ခုကို ရိုးရိုးမြင်ရတာမကျေနပ်လို့ ထူဆန်းသောပန်းချီဆရာရဲ့ အမြင်တစ်ခုနဲ့ အမြင်ကိုသိလိုက်လို့ အရသာခံတာ။
“ Modern Art ဆိုတာ အရာရာအားလုံးက လွတ်မြောက်နေတဲ့ အရာလို့ တချို့ကဆိုတယ်၊ မကြိုက်ဘူး၊ အဲဒီစကားမကြိုက်ဘူး”
အဲဒါဆို Modern Art နတို့နိုင်ငံရေးတို့စီးပွားရေး၊ သိပ္ပံစတဲ့ သဘောတရားတွေနဲ့ ဆက်စပ်နေတယ်လို့ဆရာဆိုလိုပါသလား။
“ဟင်အင်း မဆက်စပ်ဘူး”
အဲဒါတွေနဲ့ လည်းလွတ်မြောက်နေတယ်ပေါ့။“အင်းလွတ်မြောက်နေတယ်။ အမြင်ပဲ။ ဘာနဲ့မှမဆိုင်ဘူး ။ အမြင်သက်သက်ပဲ၊ မျက်စိနဲ့ အရသာခံချင်တာကို  ရသခံပေးတာ။ လုပ်ပေးတာ၊ ဒါပဲနေမှာပါ”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...