Friday, May 20, 2016

❝ စောဘွဲ့မှူးအမှတ်တရ ❞ အမှတ် ➌ ✪ ကျွန်တော့် ဆရာ စောဘွဲ့မှူး ✪

Music Crazy Te Te Tar Tar

ကိုဘွဲ့ အကြောင်းက ကျွန်တော့် အတွက်တော့ ရေးစရာတွေအများကြီးပါပဲ။ ဒီလို စာတပုဒ်နဲ့ သူ့ အကြောင်း ပေါ်လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်းအချို့ကို ပရိသတ်တွေလည်း သိရအောင် ပြောပြပါ့မယ်။
သူဟာ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ တယောက်ပါ။ ပထမဆုံး သူနဲ့ စတွေ့တာကတော့ ကျွန်တော် ဆေးတက္ကသိုလ် ပထမနှစ် ပြီးခါနီး ၁၉၈၅ ခုနှစ်လောက်မှာပေါ့။

ကျွန်တော်က ဂစ်တာကို ရှစ်တန်း လောက်ကတည်းက တီးခဲ့တော့ စနစ်တကျမဟုတ်ပေမဲ့ တော်တော်လေး တီးတတ်နေပါပြီ။ ဆေးကျောင်းမှာဆိုလည်း ကျွန်တော်တို့အဖွဲ့ လက်သံတွေချည်းပဲ ဆိုပါတော့။ ဆေးကျောင်းမှာ ကျောင်းပြီးသွားတဲ့ ဆရာဝန် ပေါက်စတွေကို ဂုဏ်ပြုတဲ့ Convocation Dinner ကို တနှစ်တခါ ကျင်းပလေ့ရှိပါတယ်။ ပထမနှစ် ကျောင်းသား Fresher တယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အရမ်းကို ပါဝင် တီးခတ်ဖျော်ဖြေချင်ခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအရ နောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ တီးဝိုင်းကပဲ တီးခတ်ခွင့်ရတော့ သိပ်ပါချင်တဲ့ ကျွန်တော်တို့ အတန်းက ကျောင်းသားတွေ တီးလို့မရလဲ ဆိုမယ်ကွာ ဆိုပြီး စာရင်းသွင်းကြပါတယ်။ ဒါပေမယ့် ဆိုမယ့်သူများလွန်းတော့ ဖျော်ဖြေချိန်နဲ့ လူဦးရေ မလောက်မင ဖြစ်ကြတော့ အသံစစ်ပွဲ (Audition) ကျင်းပပြီး လူရွေးချယ်ဖို့ စီစဉ်ရပါတယ်။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ဆိုမယ့်သူတွေက သတ်မှတ် အရေအတွက်ထက် များနေကြမို့ နှစ်တိုင်း လူရွေးချယ်ပွဲ ကျင်းပနေကြပါ။
အဲဒီအချိန်မှာ အသံစစ်ဖို့ Professional အနုပညာရှင်တွေ ဖိတ်တဲ့အခါမှာ ကျွန်တော်တို့ ကျောင်းက တတိယနှစ်တက်နေတဲ့ ကိုဝင်းစည်သူ (အခု Medi Myanmar ပိုင်ရှင်) က သူ့ရဲ့ ဆရာဖြစ်တဲ့ စောဘွဲ့မှူး ကို ဖိတ်ခေါ်ပေးခဲ့ပါတယ်။ ကိုဝင်းစည်သူက အဲဒီနှစ် ဖျော်ဖြေမယ့် တီးဝိုင်းမှာ Keyboardist ပါ။ အရမ်းလည်း တော်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုဘွဲ့ကို နာမည်ကြီး Guitarist တယောက်အဖြစ် သိရှိထားခဲ့တော့ ကျွန်တော်တို့ Keyboard သမားရဲ့ ဆရာလို့ သိရချိန်မှာ စိတ်ထဲနည်းနည်းတော့ အံ့သြမိပါတယ်။ (Emperor Band က “Leonard မောင်မောင်လွင်” ဟာလည်း ကိုဘွဲ့ ရဲ့ တပည့် အရင်းပါ။)
ဒါပေမယ့် နောက်ပိုင်း သူ့ရဲ့တပည့်တွေကို ဂီတလောကရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားသူတွေအဖြစ် သိလာတဲ့ အချိန်မှာ သူ ဟာ ဂီတနဲ့ ပတ်သက်လာရင် အကုန် ကျွမ်းကျင်နှံ့စပ်ပြီး “ဆရာတဆူ” ဖြစ်ကြောင်း ကောင်းကောင်းကြီး သိခဲ့ရပါတယ်။
အဲဒီ ဆေးကျောင်းပွဲအတွက် သီချင်းတိုက်ကြတဲ့အခါမှာ လိုအပ်တာတွေကို သင်ကြား၊ ညွှန်ပြ ပေးဖို့ သူက သီချင်း တိုက် ရက်တိုင်း လာပေးပါတယ်။ နောက်ဆုံးနှစ် ကျောင်းသားတွေက ကျွန်တော် တီးတတ်တာကို သိတော့ နေရာပေးတဲ့ အနေနဲ့ အချို့သီချင်းတွေကို ပါဝင် တီးခတ် စေခဲ့ရင်းနဲ့ သူကလည်း လိုအပ်ချက်တွေကို ပြောပြရင်းနဲ့ မထင်မှတ်ဘဲ သူ့ရဲ့ တပည့် ဖြစ်ခဲ့ပါတယ်။
ငွေရေးကြေးရေး အကြောင်း လုံးဝ မပြောဘဲနဲ့ စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့တာပါ။ ဒါကြောင့်လည်း သူ့ကို ချစ်ကြပြီး အောင်မြင်ကျော်ကြားတဲ့ တပည့်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆရာ တယောက် ဖြစ်ခဲ့တာ နေမှာပါ။ နောက်ပိုင်း ကျွန်တော်တို့ သူငယ်ချင်းတွေ ပြင်ပမှာ ဖွဲ့ထားတဲ့ တီးဝိုင်းအတွက် သင်ကြားပြသ ပေးတာအပြင် ကျွန်တော်တို့ အဖွဲ့အတွက် တေးသီချင်းတွေကိုပါ သူရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့သူဟာ နေ့ရော၊ ညပါ တွေ့ကြရင်း အလွန်ရင်းနှီးခင်မင်တဲ့ ဆရာတပည့် ဘ၀ကို မမျှော်လင့်ဘဲ ရောက်ရှိခဲ့ပါတယ်။
သူ့အကြောင်းပြောရရင် မပါ မဖြစ်တာကတော့ သူအစားအသောက် အလွန်ခုံမင်တဲ့ အကြောင်းကထိပ်ဆုံးကပါ။ ကျွန်တော်နဲ့ စတွေ့ချိန်မှာ သူဟာ အရင်က “ဆိုးသွမ်းမူးယစ်ခဲ့တဲ့ စောဘွဲ့မှူး” မဟုတ်တော့ ဘဲ သူ ကိုးကွယ်တဲ့ “ခရစ်ယာန်ဘာသာဝင်ကောင်းတယောက်” ဖြစ်နေပါပြီ။ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် အားလုံးကို စွန့်လွှတ်ခဲ့ပြီးပါပြီ။ သူ ကွယ်လွန်ချိန်အထိ လုံးဝ စွန့်လွှတ်နိုင်ခဲ့တာပါ။ ဒါတွေရဲ့ နေရာမှာ အစားအသောက်နဲ့ များ အစားထိုးသလား မပြောတတ်ပါဘူး။ သူမတူအောင် စားရင်းနဲ့ အ၀လွန်တဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။
ကျွန်တော်ဟာလည်း ငယ်ငယ်ကတည်းက ၀ခဲ့သူဖြစ်ပြီး အစားအသောက် ကြိုက်တာတွေလည်း အတူတူဖြစ်နေတော့ ဆရာတပည့်နှစ်ယောက် အတွဲညီခဲ့ ကြပါတယ်။ မနက်အစောကြီး ကျွန်တော့်ရဲ့ မိဘတွေအိမ်ဖြစ်တဲ့ မောင်ထော်လေးလမ်းကို သူစီးနေကျ လေးဘီးကားလေးနဲ့ ရောက်လာတတ်ပါတယ်။ (သေသည်အထိလည်း ကိုယ်ပိုင်ကား မရှိခဲ့ပါဘူး။) ပြီးရင် အောက်ကနေ တပြွတ်ပြွတ်နဲ့ ကျွန်တော့်ကို ခေါ်တတ်ပါတယ်။ ထွက်ကြည့်ရင် “ကိုကို.. ၀က်သားသွားစားကြရအောင်” ဆိုပြီး ပြောပါတယ်။ ၀က်သားကိုတော့ အလွန်ကြိုက်တတ်ခဲ့သူပါ။ ပြီးရင် ဆရာတပည့် နှစ်ယောက် (၁၉) လမ်း ဘက်က ၀က်သားနဲ့ ကြာဇံ ကို မနက်စာ တ၀ကြီး အုပ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်က နှစ်ပန်းကန်လောက်ဆို ဆက်မစားနိုင်တော့ပါဘူး။ သူကတော့ (ပိုတယ်မထင်ကြပါနဲ့) (၇) ပွဲ၊ (၈) ပွဲက အသာလေးပါပဲ။ တခါတလေ စားပြီး ခေါင်းထဲက မူးလို့ မထနိုင်ဘဲ ဆိုင်မှာ ဆက်ထိုင်နေကြရပါတယ်။
တခါကလည်း သူနေတဲ့ (၃၇) လမ်း အိမ်အောက်မှာ ဖွင့်တဲ့ အုန်းနို့ခေါက်ဆွဲဆိုင်မှာ (၇) ပွဲလောက်စားပြီး မထနိုင်တော့ပါဘူး။ ကျွန်တော့်ကို ဖုန်းဆက်ခေါ်လို့ သွားပြီး စားထားတဲ့ ခေါက်ဆွဲဖိုးတွေရှင်း (စားထားတဲ့ ပန်းကန်တွေ ထပ်ထားတာမှ အများကြီးပါပဲ)၊ သူ့ကို မနိုင်မနင်း တွဲခေါ်ရင်း သူ့အိမ် ပထမထပ်ကို ပို့ခဲ့ရပါတယ်။ အဲဒီလောက်အထိစားတာပါ။ ကျွန်တော် လိုက်မစားဖြစ်တဲ့ အခါမျိုးမှာ စားနေရင်း လက်လွန်သွားလို့ ပိုက်ဆံမလောက်တော့ရင်လည်း ကျွန်တော့်ကို လှမ်းခေါ် ပြီး ပိုက်ဆံလာရှင်းခိုင်းတတ်ပါတယ်၊
နောက်တခုကတော့ အပူအပင်မရှိတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တီးဝိုင်းခတွေရလို့ ပိုက်ဆံရှင်းရင် ရတဲ့ ပိုက်ဆံကို လက်ထဲမှာ ဆုတ်ကိုင်ပြီး (ပိုက်ဆံအိတ် မကိုင်တတ်ပါဘူး) သူ့မိသားစုကို ကားငှားပြီး သူ့ဆီလာခိုင်းပါတယ်။ (မိသားစုကို ချစ်မြတ်နိုးတဲ့နေရာမှာလည်း စံပြပါပဲ။) ရောက်လာရင် သူ့ဇနီး မဖောဝါးနဲ့ ကလေး ဗုစုခရုတွေကို ခေါ်ပြီး ၀က်သားသွားစား၊ Video အခွေဝင်ငှား၊ အိမ်ပြန်ပြီး မိသားစုနဲ့ တနေကုန် Video ကြည့်ပါတော့တယ်။ နောက်နေ့အတွက် ပူပင်ခြင်း သောကတွေ သူ့ဆီမှာ ဘယ်သောအခါမှ မတွေ့ခဲ့ရပါဘူး၊
သူ့အကြောင်းပြောရင် “ချစ်စမ်းမောင်” အကြောင်းလည်း ချန်ထားလို့ မရပါဘူး။ သူဟာ ချစ်စမ်းမောင်ကို သူ့ သားသမီးအရင်းနဲ့မခြား သံယောဇဉ်တွယ်ပြီး ပညာ အမွေတွေ ပေးခဲ့တာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုလည်း သူကိုယ်တိုင်ပဲ ဆွဲတင်ပေးခဲ့သူပါ။ သူက ချစ်စမ်းမောင်ကို “ဖိုးခွားလေး” လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ကျန်အဖွဲ့သားတွေက ညီလေးအရွယ်မို့ “ညီလေး” လို့ခေါ်ကြရင်းက ဂီတလောကထဲမှာတော့ “ကိုညီလေး” လို့ သူ့ကို ခေါ်ကြပါတယ်။
အဲဒီ ဖိုးခွားလေးကို အိမ်မှာသင်၊ Studio မှာသင်၊ ခွေတွေမှာ ၀င်တီးခိုင်းရုံတင်မကဘဲ ကျွန်တော့်အိမ်ကို ခေါ်လာပြီး Guitar Lesson ခွေတွေကို ပြလေ့ရှိပါတယ်။ (အဲဒီခေတ်က အောက်စက်လို့ ခေါ်တဲ့ Video Deck က အိမ်တိုင်းမှာ မရှိသေးပါဘူး။)
ပြီးရင် စင်ပေါ်တင်ပြီး ပွဲထုတ်ပေးပါတယ်။
နာမည်ရမယ့် တီးလုံးတွေကို သူမတီးဘဲနဲ့ ချစ်စမ်းမောင်ကို ပေးတီးပါတယ်။
ဘာတဲ့ ….. “အသက် (၁၇ )နှစ်ပဲ ရှိသေးတဲ့ မြန်မာပြည်ရဲ့ အသက်အငယ်ဆုံး Guitar သူရဲကောင်းလေး ချစ်စမ်းမောင် ဖြစ်ပါတယ်ခင်ဗျား…..” ဆိုတာ သူကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။ ဒီလို ဆရာမျိုး လောကကြီးမှာ ဘယ်နှစ်ယောက်ရှိနိုင်မလဲလို့ တွေးကြည့်မိပါသေးတယ်၊
နောက် ကျွန်တော်တို့ Symphony တီးဝိုင်း၊ နောင် Iron Cross ဆိုပြီး ဖြစ်လာတဲ့ အချိန်အထိ ကျွန်တော်တို့ကို ဘယ်သူမှ မသိလို့ “စောဘွဲ့မှူး ဦးစီးသော” ဆိုပြီး အမည်ပေး ကြော်ငြာခဲ့ရပါတယ်။ ဒါကို သူက နောက်ပိုင်း ကျွန်တော်တို့ နာမည်ကြီးလာပြီး နောက်ပြောင် စကားနိုင်လုကြတဲ့ အခါမှာ “မင်းတို့ကို အခုမှ လူသိတာ၊ အရင်ကတော့ ‘စောဘွဲ့မှူး ဦးစီးသော’ ဆိုပြီး လုပ်ခဲ့ရတဲ့ကောင်တွေ” ဆိုပြီး အနိုင်ယူတတ်ပါတယ်။
ရီစရာ အလွန် ပြောတတ်သလို Own Tune တွေလည်း ပြောတတ်ပါတယ်။ Own Tune တွေ တကယ် အရေးကောင်းသလို မဟုတ်တာကို ဟုတ်အောင် ဇာတ်လမ်းစဉ်ပြီး Own Tune လုပ်တတ်ပါတယ်။ ရီစရာ အကြောင်းတခုကို ရခိုင်က လာတဲ့သူနဲ့တွေ့ရင် ရခိုင်မှာတုန်းက ဆိုပြီး Own တတ်သလို၊ ကချင်ပြည်နယ်ကလာတဲ့ သူနဲ့တွေ့ရင် တခါက မြစ်ကြီးနားမှာ ဆိုပြီး ပြောတတ်ပါတယ်။ အမြဲအတူနေကြတဲ့ သူတွေဖြစ်တော့ အကြောင်းသိတွေမို့ ကျွန်တော်တို့က လူရှေ့မှာ သူ့ကို “ကိုဘွဲ့ Own ပြန်ပြီ” လို့ ပြောရင် သူက ကျွန်တော်တို့ကို “ခွေးသားလေးတွေ” ဆိုပြီး ဆဲတတ်ပါတယ်။ တကယ်တော့ စိတ်မဆိုးပါဘူး။
ကျွန်တော်တို့ကလည်း အစသန်တော့ တခါက သူ့ကို “ကိုဘွဲ့ ဒီနှစ် ရုပ်ရှင်နောက်ခံတေးနဲ့ အကယ်ဒမီရမယ်ကြားတယ်” ဆိုပြီး နောက်ကြပါတယ်။ သူကလည်း ကျွန်တော်တို့ကို အမှတ်မရှိဘဲ တကယ်ယုံပြီး ပွဲမှာဝတ်ဖို့ Suit တွေ ဘာတွေ တကယ်သွားအပ်နေပါပြီ။ အစအနောက် အသန်ဆုံး ခင်မောင်သန့်က “ကိုဘွဲ့… အကယ်ဒမီပွဲ တက်မယ်ဆိုရင် မုတ်ဆိတ်ပါရိပ်ရမယ်” ဆိုပြီး နောက်တာ တကယ်ယုံပြီး မုတ်ဆိတ်ရိတ်မယ် လုပ်တော့မှ မနည်း ပြန်ဖြည်ယူရပါတယ်။ ကျွန်တော်တို့ကလည်း ပီပြင်အောင် ရုပ်ရှင်ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေကအစ ဖုန်းဆက်ခိုင်းပြီး အပီအပြင် စီစဉ်ခဲ့တာကိုး။
Iron Cross ဖြစ်တည်စအချိန်မှာ အလုပ်ကလည်း သိပ်မရ၊ အားလုံးကလည်း Session ထွက်တီးကြနဲ့ Iron Cross ဆိုတာ ကျွန်တော် တယောက်တည်း ဖြစ်နေခဲ့ဖူးပါတယ်။ ကိုဘွဲ့ နဲ့ ချစ်စမ်းမောင်က Success နဲ့သွားတီး (Success က စိုးလွင်လွင်၊ ကိုင်ဇာ တို့နဲ့ အရမ်းနာမည်ရနေတဲ့ အချိန်)၊ ခရမ်း နဲ့ ခင်မောင်သန့် က New Wave နဲ့ Session သွားခုတ်၊ Keyboards ကလည်း Permanent မဖြစ်သေးတဲ့ အချိန်ဆိုပါတော့။
တရက်မှာ ကျွန်တော်က အဖွဲ့သားအားလုံးကို အစည်းအဝေးခေါ်ပါတယ်။ Session ဆက်တီးနေကြမယ်ဆိုရင် Iron Cross ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် Session ဆက်တီးကြမယ်ဆိုရင် ကျွန်တော် တီးဝိုင်းက ထွက်မယ်။ မတီးဘဲ တလ၊ နှစ်လ လောက် အောင့်နေမယ်ဆိုရင် ကျွန်တော် အလုပ်ရအောင် ရှာပေးမယ် ဆိုပြီး ပြောခဲ့ပါတယ်။
ဒီအကြောင်းကို အခုပြောပြရတာက အဲဒီ့ အချိန်တုန်းက ကိုဘွဲ့မှူးနဲ့ ခင်မောင်သန့်က လွဲရင် အားလုံးက လူပျိုတွေပါ။ အဲဒီတော့ အိမ်ထောင်သည်တွေရဲ့ သားကျွေးမှု၊ မယားကျွေးမှု တွေကို ကိုယ်ချင်း မစာတတ်ခဲ့ဘဲ ကိုယ်ဖြစ်ချင်တာ တခုတည်းကြည့်ပြီး ပြောခဲ့မိတာကို ကိုယ် အိမ်ထောင်ကျမှ သိခဲ့ရလို့ပါ။ ခင်မောင်သန့်က အိမ်ထောင်သည် ဆိုပေမယ့် သူ့ထက်စာရင် ကလေး ဗုစုခရုတွေ အများကြီးနဲ့ ကိုဘွဲ့အတွက် Session မတီးရတော့ရင်၊ Iron Cross အနေနဲ့လည်း အလုပ်မရသေးခင် သူ့ မိသားစု တစုလုံး ရပ်တည်ရေးအတွက် တကယ့်ကို ရင်လေးစရာပါ။ ဒါပေမယ့် ကိုဘွဲ့ဟာ ကျွန်တော်တို့ အဖွဲ့သားတွေကို ချစ်တဲ့စိတ်၊ ယုံကြည်တဲ့ စိတ်တခုနဲ့ ပဲ Session တီးတာကို ရပ်ပစ်ခဲ့ပါတယ်။ အဲဒီ့အချိန်က သူ ကျွန်တော့်ဆီ ဖုန်းဆက်ရင် ပြောနေကြ စကားလေးတွေ မှတ်မိနေပါသေးတယ်။
“ကိုကို ……. အလုပ်မြန်မြန်ရှာပေးနော်၊ ဒီမှာ ငတ်ကုန်လိမ့်မယ်တဲ့….။”
ကျွန်တော်က ကြိုးစားနေတဲ့အကြောင်း၊ လက်ရှိအခြေအနေကို ရှင်းပြတော့မှ
“နောက်တာပါကွာ…. I believe in you” ဆိုပြီး ပြန်ပြောတတ်ပါတယ်။ အဲဒီ့လို သူဟာ “ခေါင်းဆောင် တယောက်” အနေနဲ့ ဆုံးဖြတ်ချက်ချပြီး အဖွဲ့ အပေါ်မှာ ယုံကြည် အနစ်နာခံခဲ့လို့လည်း Iron Cross ဆိုတာ ဖြစ်လာခဲ့တာပါ၊
အမြဲလို နေမကောင်း ဖြစ်နေကျဆိုတော့ နောက်ဆုံး သူတကယ် နေမကောင်းဖြစ်လို့ Studio ကနေ အိမ်ပြန်မယ်လုပ်တော့ ကျွန်တော်တို့က နေမကောင်းတာကို အကြောင်းပြပြီး Video ပြန်ကြည့်မလို့လား ဆိုပြီးတောင် နောက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူ ဆေးရုံတင်လိုက်ရပြီ ဆိုပြီး ကျွန်တော်တို့ လိုက်သွားတဲ့ အချိန်မှာ သူ ကျွန်တော်တို့ကို စကားမပြောနိုင်တော့ပါဘူး။
သူဆုံးတော့ (၃၉) နှစ်ပဲ ရှိပါသေးတယ်။ အ၀လွန်ပြီး ရောဂါပေါင်းစုံ ဖြစ်နေတဲ့သူဆိုတော့ အဆုတ်အအေးပတ်ပြီး နေမကောင်းဖြစ်ရာက ဆေးရုံတက်လိုက်ရပြီး အိမ်မပြန်နိုင်တော့ဘဲ သူချစ်တဲ့ မိသားစု၊ သူချစ်တဲ့ Iron Cross နဲ့ သူ့ ပရိသတ်တွေကို ခွဲသွားခဲ့ရတာပါ။
ကိုငြိမ်းချမ်းအေး အနေနဲ့ ကိုဘွဲ့ အမှတ်တရ မိုးမခ အွန်လိုင်းမီဒီယာမှာ ဒီလို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဘွဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောရမယ်ဆိုရင်တော့ မလွယ်လှပါဘူး။ ကျင်လည်ခဲ့တဲ့ ဘ၀အစုံမှာ အမှတ်ရစရာတွေကလည်း များလွန်းလှပါတယ်။ ကျွန်တော် ရေးပြခဲ့တာတွေက သူ့ ပုံကြမ်းလေးပေါ်ရုံလောက် ဖြစ်မယ်ဆိုရင်တောင် ရေးရကျိုးနပ်ပါပြီ။
CREDIT
✍ ဒေါက်တာကိုကိုလွင် ✍ .

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...