Friday, May 6, 2016

ခေတ်တစ်ခေတ်နှင့် ပညာရေးဥပဒေ || ဒေါက်တာခင်မောင်ညို ||

The Ladies News Journal
·
၁၉၂၀ က ရန်ကုန်တက္ကသိုလ် ပညာရေးဥပဒေကို ကန့်ကွက်ကြတယ်။ ၂၀၁၃ ခုနှစ်မှာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်တယ်။ ဒီလို ကန့်ကွက်ဆန္ဒပြတဲ့အခါ ရလဒ်ဆိုး၊ ရလဒ်ကောင်းတွေ နှစ်မျိုးလုံးကို တွေ့ရတယ်။ ဒီဆောင်းပါးမှာ ၁၉၂၀ ပြည့်နှစ်က သမိုင်းကို လေ့လာဆန်းစစ်လိုတယ်။
“ပညာရေးဥပဒေကို ကန့်ကွက်တာ ဘာကြောင့်လဲ”
ကျွန်တော် ကိုဘသစ်ကို မေးဖူးပါသည်။

“၁၉၂၀ ပြည့်နှစ်က ရန်ကုန်တက္ကသိုလ် တည်ထောင်တယ်။ အဲဒီအချိန်မှာ University Act ဆိုတာ ကျောင်းသားတွေက ကန့်ကွက်တယ်”
“တက္ကသိုလ်ကို ကန့်ကွက်တာ မဟုတ်ဘူးပေါ့”
“မဟုတ်ဘူး။ အဲဒီခေတ်က ဆန္ဒပြတယ်လို့ မခေါ်ဘူး။ သပိတ်မှောက်တယ်လို့ ခေါ်တယ်။ သဘောမတူ လက်မခံတာကို Boycott လုပ်တယ်လို့ သုံးနှုန်းတယ်။ ကျွန်ပညာရေးကို လက်မခံဘူး။ အမျိုးသား ကျောင်းတွေ ပေါ်လာတယ်”
“တကယ်တော့ နောက်လေးနှစ်အကြာ တက္ကသိုလ်ဥပဒေကို ပြုပြင်ပေးလိုက်တယ် မဟုတ်လား”
“ဟုတ်ပါတယ်။ ဒီနေရာမှာ အမျိုးသားကျောင်းတွေ ပေါ်လာတာက အမြတ်ထွက်သွားတာပါပဲ။ အဲဒီ အမျိုးသားကျောင်းတွေက ဦးသန့်၊ ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း စတဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တယ်”
“ကမ္ဘာက ယူသန့် ( U Thant ) လို့ သိတဲ့ ဦးသန့်လား”
“ဟုတ်ပါတယ်။ ဦးသန့်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုလည်း အမျိုးသားခေါင်းဆောင်၊ ဦးနု ဆိုရင်လည်း ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးတာနဲ့ ချက်ချင်း အစားထိုးနိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ (သူတို့တစ်တွေ ရန်ကုန်တက္ကသိုလ်မှာပဲ ပညာသင်ကြတယ်)
“သူတို့ရတဲ့ပညာဟာ ကျွန်ပညာရေးတွေပဲ မဟုတ်လား”
“ကျွန်ပညာရေးလို့ ပြောရင်ရပါတယ်။ အင်္ဂလိပ်ဟာ သူခိုင်းစားလို့ရနိုင်မယ့် ပညာကိုသာ သင်ပေးတာကိုး။ ဒါပေမဲ့ ကျွန်တော်မြင်တာက တက္ကသိုလ်ရဲ့ပညာရေးအခြေခံမူပဲကြောင့် ဒီလို ခေါင်းဆောင်တွေ ထွက်ပေါ်လာတာပဲ”
“ဆိုပါဦး”
“အချက်နှစ်ချက်ကို ထုတ်ပြချင်တယ်။ ပထမအချက်က လွတ်လပ်တယ်။ တက္ကသိုလ်များမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိတယ်။ အမှတ်များမှ ဆေးသွား၊ စက်မှုသွားဆိုတာမျိုး မရှိဘူး။ ဒုတိယအချက်ကတော့ လွတ်လပ်တဲ့ ကျောင်းသားအဖွဲ့အစည်း ရှိတယ်။ အဓိကက ကျောင်းသားသမဂ္ဂ (student union) ပေါ့။ ကျောင်းသားတိုင်းဟာ သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်တယ်။ ဒါ့အပြင် အဆောင်တွေမှာလည်း သဟာယနဲ့ စာဖတ်အသင်း (S & R ) လို့ခေါ်တဲ့ (Social and Reading Club) တွေ ရှိတယ်”
“ကျောင်းသားသမဂ္ဂက ဘာလုပ်လဲ”
“လုပ်တာတွေတော့ အများကြီးပဲ၊ ဘာသာစာပေ၊ ယဉ်ကျေးမှု အနုပညာ၊ အသင်းတွေ အများကြီးပဲ”
“နိုင်ငံရေးကော မလုပ်ဘူးလား”
“ကျောင်းသားသမဂ္ဂမှာ အလုပ်အမှုဆောင်တွေရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေးလုပ်ဖို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း တို့ကိုကြည့်ပါ။ သမဂ္ဂမှာ ရွေးကောက်ပွဲတွေ ရှိတယ်။ ဒါဟာ နိုင်ငံရေး လေ့ကျင့်ကွင်းကြီး ဖြစ်နေတယ်”
“ဒီလိုဖြစ်တာ ကောင်းကောကောင်းရဲ့လား။ ကျောင်းသားတွေကတော့ ယခု အမျိုးသား ပညာရေးဥပဒေမှာ သမဂ္ဂမဖွဲ့စည်းရ၊ နိုင်ငံရေး မလုပ်ရဆိုတာမျိုး ပါနေတယ်လို့ ယူဆကြတယ်”
“ကျွန်တော်ကတော့ သမဂ္ဂ စတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်မရရင် ဒီဥပဒေကို လက်ခံမှာ မဟုတ်ဘူးလို့ ယူဆတယ်”
“ဟုတ်ပါတယ်။ ကျောင်းသားသမဂ္ဂဟာ ဒီမိုကရေစီ ပညာရေးမှာ အင်မတန် အရေးကြီးပါတယ်။ သမဂ္ဂကနေ ရွေးချယ်တဲ့ ကျောင်းသား ကိုယ်စားလှယ် တစ်ယောက် သို့မဟုတ် နှစ်ယောက်ဟာ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ရပါမယ်။ (Senate) အဖွဲ့ပေါ့။ Senate ထဲမှာ ဆရာ ကိုယ်စားလှယ်တွေနဲ့ ဂုဏ်သရေရှိ လူကြီးတွေလည်း ပါရတယ်”
“အင်မတန် ကောင်းတာပဲ။ Senate ကနေ ကျောင်းသားအရေးကို ကျောင်းသားကိုယ်စားလှယ်နဲ့ တိုင်ပင်တာ အင်မတန် သင့်တော်ပါတယ်။ သမဂ္ဂဟာ နောက်ဘာလုပ်သေးလဲ”
“ကျွန်တော် စောစောကပြောသလို လူမှုရေးကိစ္စတွေကို ဆောင်ရွက်ကြတယ်။ အဓိကကျတာကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တာပဲ”
“နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်လို့ဖြစ်ပါ့မလား”
“ခင်ဗျားတို့က ပါတီနိုင်ငံရေးကို မြင်နေကြတာကိုး။ သမဂ္ဂအ၀န်းအ၀ိုင်းထဲမှာ နိုင်ငံရေးပါတီအတွက် မဲဆွယ်စည်းရုံးမှုတွေ မလုပ်ရဘူး။ အဲဒီနိုင်ငံရေးတွေ မလုပ်ရတာပါ။ နိုင်ငံရေးပညာကို သင်ကြားခွင့်ရှိတယ်။ ဆွေးနွေးတာတွေလုပ်လို့ ရတယ်။ ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက Debate တွေ အများကြီးလုပ်တာကို တွေ့ရတယ်။ ကျွန်တော် အင်္ဂလန်မှာ ကျောင်းတက်စဉ်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်တယ်။ ဘာသာရပ်ဆိုင်ရာအသင်းမှာ အတွင်းရေးမှူး လုပ်တယ်။ ဒါနဲ့ ဆက်နွှယ်ပြီးတော့ သမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်လေ့ရှိတယ်။ အပတ်စဉ် ဆွေးနွေးပွဲတွေ ရှိတယ်။ သူတို့က ပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ဘူး။ ဥပမာ တောင်အာဖရိကမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံတဲ့ ဥပဒေကို Debate လုပ်တာမျိုး၊ ဆင်းရဲတဲ့ နိုင်ငံတွေကို အကြွေးတွေပေးရင် ပိုပြီးဝန်ပိမပိ Debate လုပ်တာမျိုးတွေကို တွေ့ရတယ်”
“ဒါဟာ အင်မတန် ကောင်းတာပဲ”
“ကျောင်းသားတွေအတွက် လေ့ကျင့်ကွင်းကြီးပေါ့။ ဗြိတိသျှဝန်ကြီးချုပ် ဖြစ်လာတဲ့ မာဂရက်သက်ချာဆိုရင် ဒီလို ကျောင်းသမဂ္ဂကနေ Conservative Party ပါတီထဲ ၀င်ရောက်သွားပြီး သက်တမ်း သုံးဆက် ၀န်ကြီးချုပ် ဖြစ်ခဲ့တယ်”
“ဟုတ်တယ်။ အချို့ကတော့ တက္ကသိုလ်မှာ နိုင်ငံရေး မလုပ်ရဘူးဆိုတာကို အဓိကထား ပြောနေကြတယ်”
“မဟုတ်ဘူး။ နိုင်ငံရေးဘာသာ သင်ယူခွင့်ရသလို နိုင်ငံရေး လေ့ကျင့်ပြီး မိမိရဲ့ဘ၀ကို ပြင်ဆင်နိုင်တယ်။ ကျောင်းသားတွေအကြား စိတ်ဝမ်းကွဲစေမယ့် ပါတီမဲဆွယ်တာမျိုးတွေ ပါဝင်တဲ့ နိုင်ငံရေးမျိုးကို မလုပ်ရတာပဲလို့ ကျွန်တော်ယူဆတယ်”
“အင်း၊ ခင်ဗျားပြောသလို သမဂ္ဂဖွဲ့လို့ရမယ်၊ နိုင်ငံရေး Practice လုပ်လို့ရမယ်ဆိုတာမျိုးကို မယုံကြဘူး”
“မှန်ပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ လူတွေဟာ ဘာကိုမဆို အလွယ်တကူ မယုံကြဘူး”
တကယ်လည်း ယုံကြည်လောက်အောင် လုပ်ပေးဖို့လည်း လိုတယ်လို့ထင်တယ်။ ခုလည်း တက္ကသိုလ်များမှာ Coordination လုပ်နိုင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းမယ်တဲ့။ အားလုံးက အရင်တက္ကသိုလ်များ ဗဟိုကောင်စီနဲ့ အတူတူပဲ။ အဆင်မြင့် ပညာဦးစီးဌာန (အဆည) လို အဖွဲ့ပဲလို့ ယူဆနေကြတယ်။ တကယ်တော့ တက္ကသိုလ်တွေကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်ရင် ဒီအဖွဲ့ဟာ မှတ်ပုံတင်အဖွဲ့လောက်ပဲ ဖြစ်ပါတော့မယ်”
“ဘယ်လို မှတ်ပုံတင်တာလဲ”
“ကျောင်းအလိုက် သင်ရိုးတွေကို တင်ပြခြင်း၊ မိမိပေးမယ့် ဘွဲ့တွေကို တင်ပြခြင်းတို့ပါပဲ”
“ဆရာ အပြောင်းအရွှေ့ကော”
“ဆရာတွေကို လွတ်လပ်စွာ ခန့်ထားနိုင်တယ်၊ ဖြုတ်လည်း ဖြုတ်လို့ရတယ်။ ဆရာတွေဟာ တက္ကသိုလ်တွေမှာ လစ်လပ်တဲ့ နေရာအတွက်ကို မိမိသဘောနဲ့ လျှောက်ထားနိုင်တယ်။ အပြောင်းအရွှေ့လည်း မရှိဘူး”
“စာအုပ်တွေကော”
“သင်ရိုးကအစ လွတ်လပ်စွာ ပြဋ္ဌာန်းနိုင်တယ်။ မိမိတို့တက္ကသိုလ်မှာ ဘာတွေသင်နေတယ် ဆိုတာမျိုးကိုတော့ ဗဟိုအဖွဲ့မှာ မှတ်ပုံတင်ထားလို့ရတယ်”
“တကယ်ဖြစ်မယ်ဆိုရင် ကောင်းတာပေါ့။ တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆရာတွေ ဘာပြုလို့ ဆန္ဒပြကြတာလဲ”
“သူတို့လည်း တကယ်လုပ်ပေးမယ်ဆိုတာ မယုံကြည်လို့ပေါ့။ အရင်က စံနမူနာတွေ ရှိတယ်လေ”
“ဒါတွေက mind-set ပေါ့ဗျာ။ အားလုံး နားလည် သဘောပေါက်ကြပြီ၊ တာဝန်ရှိသူတွေကလည်း စိတ်ကောင်း စေတနာကောင်းနဲ့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့ လိုတယ်”
“မျှော်လင့်ရတာပေါ့ဗျာ”
ဒေါက်တာခင်မောင်ညို
The Ladies News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...