Thursday, May 26, 2016

“ဆာဗေး နဲ့ ဂျာအေး”


“မြင်းအလုပ် မြင်းလုပ်၊ နွားအလုပ် နွားလုပ်” ဆိုသလိုပဲ မင်းသားမလုပ်ရတော့လို့ ပတ်မကြီးထိုးဖောက်တဲ့သူတွေကလည်း သူတို့အလုပ် သူတို့လုပ်ပါလိမ့်မယ်။ အဲသည်လူတွေက ပေးကျွေးငှားရမ်း စေခိုင်းထားသူများကလည်း အွန်လိုင်းပေါ် တက်တက်ကြွကြွ ဝေါလုံးပြည့် ဝါဒဖြန့်မှိုင်းတိုက်၊ လူထုခေါင်းဆောင်အပေါ် ထောက်ခံမှု ကျဆင်းအောင် မမောမပန်း သူတို့အလုပ်သူတို့ လုပ်ကြပါလိမ့်မယ်။ စေသည့်ကျွန် ထွန်သည့်နွားဘဝတွေကိုး။ ကိုယ်တွေကတော့ အဲ့သလို စိတ်ကောင်းနှလုံးကောင်းမရှိသူတွေ ဘယ်လိုဝေဖန် ဘယ်လိုအမနာပပြောတယ်ဆိုတာ လှည့်လည်ရှာဖွေ ဖတ်ရှုချေပနေဖို့ အချိန်မရှိပါဘူး။ ကိုယ့်မှာလည်း ကိုယ့်အလုပ်နဲ့ကိုယ် မဟုတ်လား။ ပြောချင်တဲ့သူတွေ ပြောချင်တာ ပြောပလေ့စေ။ ကိုယ့်အလုပ်ကိုယ် အရင်ကထက်တိုးတက်အောင် အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲ။ အထူးသဖြင့် လူသစ်စိတ်သစ် ကိုယ်လိုချင်တဲ့ အစိုးရသစ်အောက်မှာ ကိုယ့်တိုင်းပြည်ကြီး သာသာယာယာ အေးအေးချမ်းချမ်းရှိစေဖို့၊ အဆက်ပြတ်ကျန်ရစ်ခဲ့တဲ့ ပြင်ပကမ္ဘာကြီးနောက်ကို အမီလိုက်နိုင်ဖို့အတွက် ကိုယ်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ ဘာတွေကို ဘယ်လိုပိုကောင်းအောင် လုပ်ကြမလဲ ဆိုတဲ့ အပြုသဘော ဝေဖန်ဆွေးနွေး အကြံပေးမှုတွေ လုပ်ကြပါတယ်။
လိုရင်းပြောရရင်တော့ အစည်းအဝေးတွေ တက်တယ် ဆိုပါတော့။ Think Tank တစ်ခုကနေ Output တစ်ခုခု ရေရေရာရာထွက်လာအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပန်းကြတာပေါ့။ အဲသည်အထဲက တစ်ခုကတော့ Cambridge University ဆေးပညာကိုယ်စားလှယ်အဖွဲ့က ကိုယ်တို့ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာလက်ခံဌာနမှာ လူနာတွေကို အခုထက် အဆင်ပြေပြေ ဆေးကုသမှုပေးနိုင်အောင် ဘာတွေပြုပြင်ပြောင်းလဲလို့ ရနိုင်သလဲ ဆိုတာကို အကြံပြုဆွေးနွေးကြပါတယ်။
မောင်ရင်တို့ ဆရာဝန်များဟာလည်း ပြည်ပအားကိုး ပုဆိန်ရိုးတွေပါလေ။ အမေကျော်ပြီး ဒွေးတော်လွမ်းလိုက်ရမှ နေသာထိုင်သာရှိတာ။ အမေရိကန် အင်္ဂလန်က လူတွေပေးတဲ့အကြံမှ ဟန်တယ်လို့ ထင်တာကိုး။ ကိုယ့်ထဲကိုယ့်ဟာ ကိုယ့်အမျိုးသားချင်းက အကြံတွေပေးခဲ့တုန်းကတော့ ဖင်ကြားတောင် မညှပ်ခဲ့ပဲနဲ့။ ကိုယ့်လူကြီးလာလို့ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စီစဉ်ညွှန်ကြားပေးပါ့မယ်ဆိုတုန်းကဖြင့် အားလုံးကောင်းပါသည်ခင်ဗျားဆို တစ်ခွန်းတလေ ဝင်ပြောဖော်မရ။ အောက်စဖို့ဒ်၊ ကင်းဘရစ်ချ၊် ဟားဗာဒ်ကျောင်းဆင်းတွေ တပုံကြီးက မေမြို့ လဲချား မင်္ဂလာဒုံဆင်း တို့ဘကြီးတွေ ဦးနှောက်ကို ဘယ်တုန်းကမီခဲ့ဖူးလို့လဲ။ အဖြူကောင်မြင်တိုင်း အလကားနေ အထင်တွေစွတ်ကြီးနေရင် မင်းတို့တိုင်းပြည် ကျွန်ပြန်ဖြစ်မှာပေါ့။ အခုပဲ ကြည့်လေ။ အစိုးရသစ်တက်ကတည်းက လွှတ်တော်ထဲမှာ သမ္မတရုံးမှာ မျက်နှာဖြူတွေ ခြေချင်းကိုလိမ်နေတာပဲ။ ဒါကတော့ အင်မတန်မှကို မျိုးချစ်စိတ်ရှိလှပါသော၊ တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာထားလို့ မဝနိုင်သေးသော ဘာသာတရားကို အလွန်တရာ အလေးထားသော မူလလက်ဟောင်း အချစ်တုံးကြီးများဆီက စကားသံတွေဖြစ်ပါတယ်။ အနှစ်ငါးဆယ်လောက် နားထောင်လာတာ နားရည်ကိုဝနေပြီ။ မောမယ် မပြောနဲ့။ သဘောပေါက်ပြီးသား။
ဒါပေသိ မတူတာတော့ တူကိုမတူတာပါ။ သူများနိုင်ငံက တတ်သိကျွမ်းကျင်တဲ့ ပညာတတ်တွေလာပြီး အကြံကောင်းဥာဏ်ကောင်းပေးတယ်ဆိုတာ ကိုယ့်ဆီမှာလို ဘုမသိဘမသိ သတင်းထဲပါရုံ မယောင်ရာဆီလူး နှမ်းဖြူးခြင်းအတတ်နဲ့ လိုအပ်သည်များကို မှာစားသွားသော မဟာပညာကျော်များနဲ့ မဆီလေးရယ်တဲ့အိုမဆိုင်။ ဘာစကားမှ မပြောခင် သူတို့တတွေ အရင်ဆုံးလုပ်တဲ့အလုပ်က Survey ဆင်းပြီး Data တွေ ကောက်တာပါ။ အထက်လူလည်းမမေးဘူး။ အောက်လူလည်းမမေးဘူး။ လောလောဆယ် ကိုယ်တို့တတွေ ဘယ်နေရာမှာ ဘာတွေလုပ်နေကြသလဲ စာရင်းနဲ့အင်းနဲ့ သတင်းအချက်အလက်ကိုရအောင် အရင်စုတယ်။ ရော်။ ကိုယ့်နှယ် မနှစ်က တစ်နှစ်လုံး သည်ဆေးရုံမှာ လုပ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ ဘာတွေ ဘယ်လောက်ခွဲပြီးပတုန်း ပြောစမ်း ဆို ကိုယ့်ဘာသာကိုယ် မပြောတတ်ပေါင်။ လုပ်သာလုပ်နေတာ ဘာဒေတာမှ မရှိ။ အခု သူတို့က ကောက်ပြီး အစည်းအဝေးမှာ တင်တော့မှ “ဟင် ဟုတ်လား။ ပေးစမ်းပါဦး။ မယ်မင်းကြီးမရယ်။” ဆို အစည်းအဝေးပြီးမှ လက်တို့တောင်းယူရတယ်။ မြင်းစီးပြီး အထီးမှန်းအမမှန်း မသိတဲ့အဖြစ်။
သူပြောသွားတာတော့ မနှစ်က ၂၀၁၅ နှစ်စကနေနှစ်ဆုံး ကိုယ်တို့ဆေးရုံကြီးက အရေးပေါ်ခွဲစိတ်ခန်း (Emergency Theater) မှာ လူနာ စုစုပေါင်း ၈၉၃၀ ခွဲသွားတယ်တဲ့။ ဒါဆို တစ်နေ့ကို ပျမ်းမျှလူနာ ၂၄ ယောက် ခွဲနေတယ်ဆိုတဲ့သဘော။ အဲ့ဒါ အပေါ် လူနာဆောင်ထဲရောက်မှ Elective Theater မှာ ခွဲတာ မပါသေးဘူး။ ဒါဆိုရင် အဲသည်ခွဲခန်းကြီးဟာ ၂၄ နာရီပတ်လုံး မရပ်မနား ခွဲစိတ်မှုတွေ လုပ်ပေးနေတာပေါ့။ ဟုတ်တယ်လေ။ ဂျူတီဆင်းနေတဲ့သူတွေ အသိဆုံး။ ဖင်ပူအောင်တောင် မထိုင်ရဘူး။ ထူးခြားတာကတော့ အဲသည်ခွဲလူနာ ၈၉၃၀ ထဲမှာ ကိုယ်တို့ ခွဲစိတ်ကုလူနာ ၄၇၃၈ ယောက်ပါပြီး အရိုးအကြောဌာနက ခွဲစိတ်ကုလူနာ ၄၁၉၂ ယောက် ပါနေတာပါ။ သဘောကတော့ ဆတူလောက်နီးပါး ဖြစ်လာတယ်လို့ပြောတာ။ ဆိုလိုတာက လူနှစ်ယောက် အရေးပေါ်အခြေအနေနဲ့ ဆေးရုံရောက်ပြီး ခွဲခန်းဝင်ရတော့မယ်ဆိုလို့ရှိရင် တစ်ယောက်ယောက်ကတော့ သေချာပေါက် အရိုးတွေကျိုးလို့ပဲ့လို့၊ ကျောက်ပတ်တီးဘာလေးစည်း၊ ဆေးထိုးဆေးထည့်နဲ့မပျောက်လို့၊ ရောဂါဘယကြောင့် မဟုတ်ပဲ ထိခိုက်ဒဏ်ရာရလို့သာ ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့ ထိခိုက်ဒဏ်ရာရသလဲ ဆက်လိုက်ကြည့်ရင် ယာဉ်မတော်တဆမှုကို ရောက်သွားဦးမှာ။ လိုရင်းကို ပြန်ကောက်ချက်ဆွဲရရင် မနှစ်တုန်းက ဆေးရုံကြီး အရေးပေါ်မှာ ခွဲရစိတ်ရတဲ့လူနာ ထက်ဝက်လောက်က မတော်တဆဖြစ်လို့၊ ကားတိုက်လို့ချည့်ပဲဆိုတာ သွားတွေ့ရမှာပါ။ အဲ့ဒါ အများအားဖြင့် ခြေတွေ လက်တွေ ကျိုးတာပဲ့တာပဲ ရှိသေးတာ။ ဝမ်းဗိုက်နဲ့ ရင်ခေါင်းပိုင်းထိခိုက်တာ၊ ဦးနှောက်၊ ဦးခေါင်းနဲ့ မျက်နှာ ခံတွင်းမေးရိုး ထိခိုက်တဲ့လူနာတွေ မပါသေးဘူး။
ရောက်လာတဲ့လူနာတွေကို အသက်အပိုင်းအခြား ခွဲကြည့်လိုက်ရင် အများဆုံးဟာ ၂၀ - ၃၀ - ၄၀ ပတ်ဝန်းကျင်မှာချည့်ပဲ။ အရွယ်ကောင်းကလေးတွေ လို့ ပြောရလိမ့်မယ်။ တိတိကျကျဆို ခွဲလူနာဦးရေရဲ့ ၇၄% ဟာ အသက် ၅၀ မကျော်ဘူး။ အလုပ်လုပ်နိုင်တဲ့အရွယ်၊ ပညာသင်တဲ့အရွယ်၊ မိသားစုအတွက် အဓိကဝင်ငွေရှာနိုင်တဲ့အရွယ်တွေဟာ မြင်းကောင်းခွာလိပ်ဖြစ်ပြီး ဆေးရုံတက် ခွဲရစိတ်ရတယ်ဆိုတော့ သူတို့မိသားစုတင်မကဘူး။ တိုင်းပြည်အတွက်ပါ တော်တော်နစ်နာတဲ့ လုပ်အားဆုံးရှုံးမှုတွေပေါ့။ မယ်မင်းကြီးမက ကမ္ဘာနဲ့ချီပြီး ကိုင်တုပ်သွားတာကတော့ တကမ္ဘာလုံးမှာဆိုရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂.၃ ထရီလီယန် ဆုံးရှုံးသွားပါသတဲ့။ အဲသလို ဆုံးရှုံးနေရတာလည်း အဓိကအားဖြင့် သူတို့လို ချမ်းသာတဲ့နိုင်ငံတွေမှာ မဟုတ်ဘူး။ ကိုယ်တို့လို မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံတွေမှာ ဆုံးရှုံးနေတာ ဖြစ်သတဲ့။ သူပြောမှ သိတယ်တော့ မဟုတ်ဘူးပေါ့လေ။ တစ်နေ့တစ်နေ့ အရေးပေါ်မှာ ကားတိုက် ဆိုင်ကယ်တိုက် ကိစ္စတွေ ဘယ်လောက်ပေါသလဲ ဆေးရုံပေါ် ယာဉ်ထိန်းရဲကြီးတွေသာ မေးကြည့်ပါတော့။ သူတို့ဆီမှာလည်း ယာဉ်တိုက်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေ ရှိမယ်လေ။ တိုက်ဆိုင်ကြည့်လိုက်။ တစ်ခုခုတော့ လုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုတဲ့ အသိကို ရလိမ့်မယ်။ ဒီဟာကြီးကို မြင်လိုက်တယ်ဆိုရင် မြန်မာပြည်က ပိုက်ဆံချမ်းသာတဲ့လူတွေ စင်္ကာပူ ဘန်ကောက်ထိ သွားပြီးဆေးမကုရတော့အောင် ဟိုကဆေးရုံတွေ သည်မှာ လာဆောက်ခွင့်ပေးလိုက်မယ် ဆိုတာမျိုးထက်တော့ ဦးစားပေးစဉ်းစားသင့်တယ် ထင်တာပဲ။
သူ့ကိန်းဂဏန်းတွေကို ပြူးပြဲကြည့်ပြီး အထိတ်တလန့်ရှိနေတဲ့အခိုက်မှာ သူက ကိုယ်တို့ကို ဝိုက်လက်သီးတစ်လုံး ကျွေးသွားပါတယ်။ အရေးပေါ်လူနာတွေကို ဆေးရုံရောက်တဲ့အချိန်နဲ့ ခွဲစိတ်မှုတွေ စလုပ်တဲ့အချိန်ကို မျဉ်းဂရပ်ကြီးတဲ့ ပုံဆွဲတင်သွားတယ်။ ကိုယ်တို့အရေးပေါ်မှာ ခွဲခန်းစတဲ့အချိန်ဟာ ညနေ ၃ နာရီလောက်ကနေစလိုက်တာ ဆက်တိုက်ဆက်တိုက်ခွဲသွားရင်း နောက်တစ်နေ့မိုးအလင်း မနက် ၇ နာရီလောက်မှာ လက်စသတ်သွားပါတယ်တဲ့။ မနက် ၉ နာရီကနေ နေ့လည် ၂ နာရီအတွင်းမှာ ဘာခွဲစိတ်မှုမှ မရှိသလာက်ပါပဲတဲ့။ သူက အဲ့ဒါ ဘာဖြစ်လို့လဲလို့ သိချင်တာ။ ကိုယ်ကတော့ သိလျက်သားနဲ့ ပြောရခက်တာကြောင့် ပြုံးချင်ချင် ဖြစ်သွားတာ။ ဒါကတော့ မြေပုံနဲ့ မြေပြင်ကွဲလွဲချက် လို့ ပြောရမှာပဲ။ တကယ့်လက်တွေ့မှာ ကိုယ်တိုင်လုပ်နေရတဲ့သူတွေ ဘယ်လိုအခက်အခဲ ရှိသလဲဆိုတာကို အထက်က ဗျူဟာကိုင်တွယ်သူများအနေနဲ့ အောက်ခြေကိုဆင်းမကြည့်ပဲ သိဖို့ခဲယဉ်းတယ်။ လူတွေက သေချာမသိတဲ့အခါ ထင်ရာမြင်ရာတွေ ကောက်ချက်ဆွဲပြီး မထော်မနမ်းတွေ ပြောကုန်ရေးကုန်ကြရော။ ဟိုတလောလေးက ဖေ့စ်ဘုတ်ပေါ်မယ် အူအတက်ယောင်လို့ အရေးပေါ်ခွဲရမယ့် လူနာကို တစ်နေကုန် မခွဲပဲပစ်ထားပြီး နောက်တစ်နေ့ မနက်လင်းတော့မှ ခွဲလို့ပါဆိုပြီး ပြစ်ပြစ်နှစ်နှစ် ဝေဖန်ရေးသားထားတာ ဖတ်လိုက်ရတယ်။ အခု သူမေးချင်တဲ့ မေးခွန်းဟာလည်း အဲ့ဒါမျိုးခပ်ဆန်ဆန်ပဲ။
ဒီမေးခွန်းမျိုးကို လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကျော် ဘွဲ့လွန်ကျောင်းသား ဘဝမှာကတည်းက ကိုယ်ကိုယ်တိုင်လည်း မေးကြည့်ခဲ့ဖူးပါတယ်။ ဆေးရုံပါးမဝခင်၊ ဆေးရုံကလူတွေ ဘယ်လိုအလုပ်လုပ်နေရတယ်ဆိုတာ သဘောမပေါက်ခင်တုန်းက ဆိုပါတော့။ ခွဲခန်းထဲက မေ့ဆေးဆရာဝန်တွေဟာ ငါတို့က တနေကုန် ခွဲဖို့ထိုင်စောင့်နေတာ ဘာလို့မခေါ်သလဲ မသိဘူး။ ညနေ လူရှုပ်ချိန်ကျမှ အသည်းအသန် စုခေါ်မယ်။ ဆေးခန်းသွား ဝက်ခုတ်နေတာလားမှ မသိတာ လို့ တွေးခဲ့ဖူးတယ်။ အဲ့ဒါ မြန်မာ့နည်း မြန်မာ့ဟန်လေ။ တစ်ခုခုဆို သူများကို အပြစ်တင်ဖို့။ သူများအပေါ် အပြစ်ပုံချဖို့ အရင်စဉ်းစားတာ။ အတူတူပဲပေါ့။ သူတို့မေ့ဆေးတွေဘက်ကလည်း ဆာဂျင်တွေဟာ နေ့ဘက်ဆို Elective တွေ တက်တက်ခွဲနေကြရလို့ ဘယ်တော့မှ လူမရှိဘူး။ ညနေ သူများတကာ ရုံးဆင်းကာနီးတော့မှ အသည်းအသန်ခဲမှန် အတင်းလုခွဲဦးမယ်။ အဲသလိုပဲ တွေးတာပေါ့။ အဲ့ဒါမျိုးကို Blame Game လို့ခေါ်တယ်။ ဆက်ဆံရေး ဖုထစ်တင်းမာရုံကလွဲလို့ ဘာအဖြေမှ မထွက်ဘူး။ တခါတခါမှာ ကိုယ့်အလုပ်ကိုယ် ဇောကပ်ပြီး လုပ်နေရုံနဲ့ မပြီးဘူး။ အသင်းအဖွဲ့နဲ့ လုပ်တဲ့ Team work မျိုးဆိုတာ ကိုယ်နဲ့အတူ တွဲအလုပ်လုပ်နေတဲ့သူတွေမှာ ဘာပြဿနာရှိသလဲ။ ဘာအခက်အခဲရှိသလဲ။ သူတို့ ဘယ်လိုအလုပ်လုပ်နေကြသလဲ တစေ့တစောင်း အကဲခတ်ကြည့်ဖို့သင့်တယ်။
နေ့စဉ်နေ့စဉ် ခွဲလူနာတွေ အရမ်းများတဲ့အခါ ခွဲခန်းထဲမှာ ရှိရှိသမျှ ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ၊ လူနာအပေါ်အုပ်တဲ့ ပိုးသတ်အဝတ်အထည်တွေဟာ မိုးလင်းတာနဲ့ ဘာမှမကျန်အောင် တက်တက်ပြောင်သွားစမြဲပဲ။ အဲ့ဒါတွေကို နောက်တစ်ခေါက်ပြန်သုံးဖို့အတွက် ဆေးကြာသန့်ရှင်း ပိုးသတ်ပေါင်းတင်ပစ်ဖို့လိုတယ်။ တစ်နေ့နဲ့ တစ်ညလုံးလုံး ပွစာတက်အောင် မရပ်မနား ခွဲစိတ်ထားတဲ့ အဲသည်ခွဲခန်းကြီးကိုလည်း ဆေးကြောလှဲကျင်း သန့်ရှင်းရေးလုပ်ပေးဖို့လိုတယ်။ အဲသည်အလုပ်တွေဟာ ထမင်းတစ်အိုးချက်မှ မကတာ။ ခွဲခန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ဘာဖြစ်လို့ ၃ နာရီလောက်မှ ပြန်စသလဲ။ အဲ့ဒါတွေအားလုံး ညနေ သုံးနာရီလောက်ကျမှ အသစ်ပြန်သုံးဖို့ အဆင်သင့်ဖြစ်လို့ပေါ့။ ဒါဖြင့်ရင် အဲ့ဒီကြားထဲမှာ အသည်းအသန်ဖြစ်တော့ ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမလဲ။ ခွဲရတာပေါ့။ ပုံမှန်ဆိုရင် မနက် ၇ နာရီမှာ နောက်အဖွဲ့တစ်ဖွဲ့ကို အခန်းအပ် လက်စသတ်ပြီး လူနာဆောင်ကို ပြန်ရမယ့် တာဝန်ကျခွဲစိတ်ဆရာဝန်အဖွဲ့ဟာ ခွဲဖို့လက်ကျန် မပြီးသေးတဲ့ဟာတွေကို ၉ နာရီ ဆယ်နာရီလောက်အထိ ဆက်ရှင်းပေးရပါတယ်။ မနက်ခင်းမို့ သုံးစရာပစ္စည်း ပေါင်းပြီးသား ကုန်သွားရင် တစ်ခါသုံးအဝတ်အထည်တွေနဲ့ မဖြစ်ဖြစ်အောင် ဆက်ခွဲနေတုန်းပါ။ ဒီအချိန်မှာ နောက်အသစ်ဝင်တဲ့ တာဝန်ကျဆရာဝန်အဖွဲ့က လူနာအသစ်တွေကို မေးမြန်းစမ်းသပ် ဓါတ်ခွဲစစ်ဆေးတုန်းမို့လို့ သူတို့ဘက်ကလည်း လူနာအသစ်တွေနဲ့ ခွဲခန်းစဖို့ မဖြစ်နိုင်သေးပါဘူး။ အဲသည်ကြားထဲက ရှေ့လူ လက်စသတ်ပြီး နောက်လူလက်ကြားလျှိုမဝင်ခင်အချိန်ကလေးမှာ ခွဲခန်းကြီးတစ်ခုလုံး အသစ်ပြန်လည် လည်ပတ်နိုင်ဖို့ သူနာပြုဆရာမတွေရော အလုပ်သမားတွေပါ အလုပ်နဲ့လက်နဲ့ မပြတ်အောင် ပြင်ဆင်နေကြရပါတယ်။ ခွဲတာစိတ်တာ ဝင်ပေးရရုံတင်မဟုတ်ဘူး။ ဆေးတာကြောတာ၊ ထုတ်တာပေါင်းတာ အကုန်လုံး သည်လူတွေကချည့်ပဲ လုပ်နေရတာ ခွဲခန်းမှာ လူဘယ်နှစ်ယောက်များ ရှိလို့ပါလိမ့် လို့ သိရရင် အံ့သြလွန်းလို့ အောက်မေးကြီးတောင် ပြုတ်ကျသွားဦးမယ်။ လိုရင်းပြောရရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ လူအင်အား၊ ပစ္စည်းကိရိယာအင်အား၊ Infrastructure အင်အားတွေ မလုံလောက်တဲ့အတွက်ကြောင့် အခုလိုဖြစ်နေတာ။
တကယ်တော့ အတွင်းစကားဆိုတာ အတွင်းမှာပဲ ကိုယ့်အချင်းချင်း ပြောတာ ကောင်းပါတယ်။ အပြင်လူတွေကြားရင် လုံးစေ့ပတ်စေ့ နားမလည်ပဲ ကောက်ချက်ချတော့ ဆေးရုံကြီးကို နေ့လည်နေ့ခင်းကြီး သွားလည်း အပိုပါပဲကွာ။ ဟိုကျ အလကား ထိုင်စောင့်နေရမယ်။ သူတို့က ညကျမှ ခွဲတဲ့ ညမင်းသားတွေ လို့ အထင်ရောက်သွားဦးမယ်။ အရေးပေါ်ဆိုတာ လူနာဘက်ကသာ အချိန်နဲ့အမျှ အရေးကြီးတယ်ဆိုပြီး လူနာတင်ယာဉ်ကြီးနဲ့ ပီးပေါ်ပီးပေါ်ဆိုပြီး အသည်းအသန်လာရတာ။ ဆေးရုံပေါ်ရောက်တော့ ဆရာဝန်တွေက လှုပ်လီလှုပ်လဲ့နဲ့ဆို သူတို့စိတ်ထဲ တယ်မကျေနပ်ချင်ဘူး။ ဒါကတော့ ဆရာဝန်လုပ်ဖူးမှပဲ သိမယ်။ အရေးပေါ်လူနာတိုင်းဟာ ရုပ်ရှင်ထဲမှာ မြင်ဖူးသလို ရောက်တာနဲ့ လူနာကို ခွဲခန်းထဲတန်းသွင်းပြီး ဆရာမလေးတစ်ယောက်က လူနာရှင် ဘယ်သူလဲ။ သည်မှာ လက်မှတ်ထိုးပါ ဆိုပြီး ထွက်ရှင်းပြရတာမျိုး မဟုတ်ဘူး။ သူများအသားကို ဓါးနဲ့လှီးတယ်ဆိုတာ မေ့ဆေးပါမှ လူနာက ခံနိုင်မှာ။ အဲသည်မေ့ဆေးဒဏ်ကို လူနာခံနိုင်ဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်ရတယ်။ ဥပမာအားဖြင့် အစာနောက်ဆုံး ဘယ်အချိန်က စားထားသလဲ။ ရေနောက်ဆုံး ဘယ်အချိန်က သောက်ထားသလဲဆိုတာ မေ့ဆေးဆရာဝန်တွေအတွက် အရေးကြီးလို့ မေးနေတာ။ မေ့ဆေးပေးရင်း အန်ဖတ်ဆို့မစိုးလို့ အစာအိမ်ထဲမှာ ဘာမှမရှိအောင် အနည်းလေး လေးနာရီက ခြောက်နာရီထိ အချိန်ပေးပြီး စောင့်ရတယ်။ ဘာကြောင့် ဘာအတွက် အရေးပေါ်ခွဲစိတ်ဖို့လိုတယ်ဆိုတာ မသေချာမချင်းလည်း လူနာကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အထပ်ထပ် အခါခါ စမ်းသပ်နေရတတ်တယ်။ အထဲရောက်မှ တွေ့သလို ကြည့်လုပ်ကြတာပေါ့လို့ ဘယ်သောအခါမှ မခွဲဘူး။ ဒါကြောင့် ခွဲလူနာတစ်ယောက်ကို ဘယ်အချိန်ဆေးရုံရောက်သလဲ၊ ဘယ်အချိန်ကျမှ ခွဲခန်းထဲရောက်သလဲ၊ ဆိုပြီး နာရီတစ်လုံးတည်းနဲ့ Time In - Time Out မှတ်တာ အဓိပ္ပါယ် မရှိဘူး။ ဆုံးဖြတ်မှု မပြတ်သားလို့ မလိုအပ်ပဲ အချိန်ဖင့်ပြီး လူနာဒုက္ခဖြစ်တာမျိုး မဖြစ်ရအောင် အကြီးတွေက အဆင့်ဆင့် ကြည့်ကြပ်နေကြတယ်။ ဒါကြောင့်မို့လို့ Professional တွေရဲ့ အရေးကိစ္စကို သူ့ Professional အချင်းချင်းပဲ တည့်မတ်ထိန်းကျောင်းတာ ကောင်းတယ်။
နောက်အကြောင်းတစ်ခုကတော့ အရေးပေါ်လူနာတစ်ယောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ ခွဲခန်းထဲမှာ ဓါးတင်တဲ့ဆီရောက်မှ စ တာ မဟုတ်ဘူး။ အရေးပေါ်တာဝန်ကျ ဆရာဝန်ကလေးတွေ လူနာစမ်းသပ်ကတည်းက စနှင့်ပြီ။ ဒါကြောင့် အသည်းအသန် အလျှင်အမြန် အခုချက်ချင်းဆိုတဲ့ လူနာတွေအတွက်လည်း မပူပါနဲ့။ အရေးကြီးတဲ့ အသက်ကယ်ကုသမှုတွေကို လူနာ ထရော်လီပေါ်က မချခင်ကတည်းက Resuscitation Room မှာ အကုန် လုပ်လို့ ရနေပါပြီ။ လိုအပ်ရင် On Call Trauma Surgeon ကို ဖုန်းဆက်ခေါ်ပြီး သူ ဘယ်အချိန်မှာ လူနာလာကြည့်သွားပါတယ် ဆိုတာအထိကို လူနာမှတ်တမ်းထဲ ဖြည့်ထားတဲ့အတွက် ဆေးရုံရောက်ပြီးမှ မသေသင့်ပဲ သေသွားရရှာတယ်ဆိုတဲ့ အဖြစ်မျိုး မရှိအောင် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ထားပါတယ်။ အသက်မရှူနိုင်သော၊ သွေးထွက်လွန်သော လူနာများမှအပ၊ လူနာက အသည်းအသန်ဖြစ်လေလေ၊ ခွဲတဲ့စိတ်တဲ့ မေ့ဆေးပေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်မှုများ ပြုလုပ်ရလေ ဖြစ်ပါတယ်။ ကြွေလုလုထန်းသီးကို ကျီးတအုပ်ကြီး တက်နားသလို ဖုတ်ပူမီးတိုက် ခွဲစိတ်မှုမျိုးကိုတော့ ကိုယ်တို့လုပ်လေ့မရှိပါဘူး။ ကိုယ်တို့ဆရာတွေ သင်ထားတာကတော့ “Patient must earn the Surgery.” တဲ့။ လူနာအတွက် တစုံတရာ အကျိုးဖြစ်ထွန်းနိုင်မယ်ဆိုမှ ခွဲစိတ်မှုကို စပါမယ်။ လူနာရှင်ဘက်က “ခွဲလည်းမခွဲသေးဘူး။ အကြာကြီးစောင့်နေရတယ်။” ဆိုတဲ့အတွေးတစ်ခုမှာ တခြားတဘက်က ဆရာဝန်တွေအနေနဲ့ သူတို့အချင်းချင်းသာ နားလည်နိုင်တဲ့ အကြောင်းခြင်းရာတွေ များစွာရှိနေပါတယ်။ အဲသည်အကြောင်းခြင်းရာမှာ ပိုက်ဆံငွေကြေးဆိုတဲ့ ကိစ္စပါလာရင် အကြီးကြီးကို ပတ်ရှုတ်တော့တာပါပဲ။
ကလေးဘဝအရွယ် ငါးတန်းခြောက်တန်းလောက်တုန်းက ကိုယ့်အဖေဟာ အူကျပြီးပြန်မဝင်တော့တဲ့ Irreducible Hernia ရလို့ အရေးပေါ် ဆေးရုံတင်လိုက်ရပါတယ်။ နာလွန်းအားကြီးလို့ သွေးပေါင်တိုင်းမရတော့ပါဘူးဆို အိမ်အပေါ်ထပ်မှာနေတဲ့ ဆရာဝန်ကိုယ်တိုင် ဆေးရုံကို အသက်မီအောင် အမြန်သွားပါဆိုပြီး စာရေးလွှတ်လိုက်တယ်။ ဟိုရောက်တော့ ထုံးစံအတိုင်း တစ်နေ့လုံး တစ်ညလုံး စောင့်ရတဲ့ဇာတ်လမ်း လာပါလေရော။ အညာသူကိုယ့်အမေရဲ့မျက်နှာဟာ ဆီးရွက်လောက်ပဲ ရှိတော့တယ်။ ဘယ်သူ့အားကိုးရမှန်းလည်းမသိ။ နဂိုကတည်းက အိမ်က ဆေးရုံဆေးခန်းဆို အင်မတန် ကြောက်ကြတာပါ။ နောက်ဆုံးတော့ ကိုယ်တို့ညီအကိုတွေ ရှင်ပြုဖို့ စုဘူးကလေးဖောက်ပြီး သွားကန်တော့လိုက်တဲ့အခါ ခွဲခန်းထဲတန်းဝင်ပြီး ကိစ္စပြတ်သွားတဲ့အတွက် သူတို့ခမျာ အသက်သခင်ကျေးဇူးရှင်ကို နေ့စဉ်ရိုကျိုး ရှိခိုးဦးတင် အိပ်ကြတဲ့အထိပါပဲ။ သည်အဖြစ်အပျက်တုန်းက ကိုယ်က နားလည်နိုင်လောက်တဲ့ အသိဥာဏ် မရှိသေးပါဘူး။ နားလည်းမလည်ခဲ့ဘူး။ ဆရာဝန်တွေဘက်မှာ စောစောကပြောသလို ကိုယ်တို့နားမလည်နိုင်တဲ့ အကြောင်းအရာတွေ ရှိချင်ရှိပါလိမ့်မယ်။ ကိုယ်တို့ဘက်က အထင်လွဲတာလည်း ဖြစ်ကောင်းဖြစ်မယ်။ သူ့လို ဆရာဝန်မျိုး ကိုယ်တို့လောကမှာ မရှိဘူး ရှိတယ်လည်း ကိုယ်လိုက်မငြင်းချင်ဘူး။ သူ့ဘဝနဲ့သူပဲ။ အရေးကြီးတာ ကိုယ်ကိုယ်တိုင် အဲသလိုဆရာဝန်မျိုး ဖြစ်မသွားဖို့တော့ အသက်တမျှ အရေးကြီးပါတယ်။ အဲ့ဒါ ကိုယ့်ဘဝလေ။ ကိုယ့်ဘက်က မှန်သည်ပဲဖြစ်စေ မှားသည်ပဲဖြစ်စေ လူနာဘက်က ပိုက်ဆံငွေကြေးတွေနဲ့ သွားပတ်သက်မိရင် ဘာတွေဘယ်လို အထင်ခံရနိုင်သလဲ သိအောင် နမူနာပေးတာပါ။
မယ်မင်းကြီးမ အင်္ဂလန်သူဟာ ပြဿနာကို အစကလေးတင် ဆွဲထုတ်ပြီး အမွှေစိန်လုပ်သွားတာ မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်သလဲ သုံးသပ်တယ်။ (မှန်တာမမှန်တာ အပထား) သူများနိုင်ငံတွေမှာ ဘယ်လိုလုပ်နေသလဲ နှိုင်းယှဉ်တယ်။ အပြီးသတ်တော့ ပိုကောင်းအောင် ဘယ်လိုဆက်လုပ်ကြမလဲ။ Plan A, B, C သုံးမျိုး ထုတ်ပြသွားတယ်။ Plan A ကတော့ “မင်းတို့ သည်အတိုင်း ဆက်သွားမလား။ သွား” တဲ့။ “လူနာတွေ ပုံပုံလာမယ်။ ဆရာဝန်တွေ ခြေကုန်လက်ပန်းကျလာမယ်။ မင်းတို့ဆေးရုံ လက်ရည်ကျလာမယ်” တဲ့။ Plan B ကတော့ လူနာတွေကို အရောင်နဲ့ခွဲလိုက်။ အခုချက်ချင်းလုပ်ရမှာလား။ နာရီပိုင်းအတွင်း လုပ်ရမှာလား။ ခြောက်နာရီအတွင်း လုပ်ရမယ့်လူနာလား။ ၁၂ နာရီအတွင်း လုပ်ရမယ့်လူနာလား။ ၂၄ နာရီအတွင်း လုပ်ရမယ့်လူနာလား။ အဲ့သလိုမျိုး လုပ်တာကို Prioritization လို့ခေါ်သတဲ့။ ကိုယ်တို့ဆေးရုံမှာ အရေးပေါ်လူနာတွေကို Prioritization လုပ်ဖို့ Guidelines ဒါမှမဟုတ် Protocol တစ်ခုခု ရှိသင့်နေပြီတဲ့။ လောလောဆယ် ကိုယ်တို့လက်ရှိလုပ်နေတဲ့ပုံစံက သူများနိုင်ငံက Guidelines တွေနဲ့ ယှဉ်ရင် မလေးရှားနဲ့တော့ တော်တော်လေး နီးစပ်သတဲ့။ သူတို့လို အင်္ဂလန် အမေရိကန် Guidelines တွေနဲ့တော့ တော်တော်လေး ကွာသတဲ့။ Plan C ကတော့ Semi scheduling လုပ်တာ လို့ ပြောတယ်။ စောစောက ပြောသလို Prioritize လုပ်ထားတဲ့အထဲက တချို့တလေ သင့်တော်ရာလူနာတွေကို တမင်သက်သက် နေ့ဘက်ခွဲခန်းအားတဲ့အချိန်တွေမှာ တန်းစီပြီး Semi Urgent အနေနဲ့ အပုံဖြိုသလို ဖြိုခွဲခိုင်းတာပါ။ မေရီအန်ထွာနက်နဲ့ လာတွေ့နေပါပေါ့လား။ ပေါင်မုန့်မရှိပါဘူးဆို ကိတ်မုန့်လာစားခိုင်းနေ။
စစ်တမ်းကြီးကောက်၊ သူများနိုင်ငံက စံနှုန်းပေတံကြီးတွေနဲ့ နှိုင်းချိန် ဝေဖန် အကြံပြုတာ ကောင်းပါတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါပေသိ ကိုယ်တို့တတွေလည်း သည်မှာ စမ်းတဝါးဝါး ဆင်ကန်းတောတိုး လုပ်နေတာတော့ မဟုတ်ပါဘူး။ သူ့လို ဒေတာ နဲ့ ပေပါ နဲ့ ရေရေရာရာ မပြောနိုင်တာ တစ်ခုပဲ။ ကိုယ်တို့ဘက်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို သူများနိုင်ငံတွေနဲ့ စာရင် စုတ်ပဲ့နုံချာမနေရအောင် ကိုယ်တို့နည်းကိုယ်တို့ဟန်နဲ့ ကြိုးစားထားနှင့်တာတွေ ရှိတယ်။ အရေးပေါ်မှာ အသက်ကယ်ခန်းတစ်ခန်း ဖြစ်အောင် စီစဉ်ထားပြီး အရေးပေါ်အထူးကုဆရာဝန်များနဲ့ ကနဦးပြုစုကုသမှုပေးနိုင်အောင် စီစဉ်ထားတယ်။ အရေးကြီးတဲ့ ဒဏ်ရာရလူနာတွေကို အချိန်မီလာကြည့် ကုသမှုတွေ ကွပ်ကဲပေးနိုင်ဖို့ Consultant တွေကိုယ်တိုင် Trauma Surgeon အနေနဲ့ တာဝန်ချထားတယ်။ လိုအပ်ရင် ကိုယ်တိုင်လာခွဲတယ်။ အရေးပေါ်က Surgical Team မှာ On Call Consultant တွေ တာဝန်ယူထားပြီး သူတို့လည်း ကိုယ်တိုင်လာခွဲတယ်။ စိတ်မချရတဲ့ လူနာအတွက်ဆို သမားတော်အကြီးနဲ့ပြ မေ့ဆေး အကြီးခေါ် Surgeon လည်း အကြီးကိုယ်တိုင် သူတို့ပြောတဲ့ ရုံးချိန်အတွင်း မဖြစ်ဖြစ်အောင် စီစဉ်ပြီးခွဲတယ်။ သူတို့ပြောတဲ့ Protocol ကြီးအတိုင်း၊ Guidelines ကြီးအတိုင်း ရှိမနေသော်ငြား Principles ကတော့ အဲသည် စာအုပ်ကြီးတွေနဲ့ လွတ်မနေပါဘူး။ မူအနေနဲ့ စံနစ်တကျ ရှိနေရင်တော့ ပိုကောင်းတာ လက်ခံပါတယ်။
အင်မတန်မှကို ပျင်းစရာကောင်းသော လုပ်ငန်းခွင်အကြောင်းအရာတွေကို စာတတန်ပေတဖွဲ့ ရေးရတဲ့ အကြောင်းကတော့ ကိုယ်တို့ဆီမှာ ဘယ်လိုအလုပ်လုပ်နေရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်ပြီး ကိုယ်ချင်းစာစေချင်လို့ပါ။ ဒါမှ လူနာတွေဘက်ကလည်း နားလည်ပြီး အထင်အမြင်လွဲမှားတာ၊ အတွေးမှားအမြင်မှား ပြောများဆိုများ မရှိမှာ ဖြစ်ပါတယ်။ သည်လိုနေရာမျိုးမှာ ကိုယ်ကိုယ်တိုင် အလုပ်မဆင်းဘူးရင် ဆေးရုံအုပ်လုပ်နေတဲ့ လူကြီးမင်းများတောင် ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး။ အရေးပေါ်မှာ ၂၄ နာရီ တစ်ဂျူတီကို ဆရာဝန်အရေအတွက် တစ်ဒါဇင်ထက်မနည်း အလုပ်လုပ်ကြပါတယ်။ အဲ့ဒါ ကိုယ်တို့ ခွဲစိတ်လူနာ စောင့်ကြည့်ကုသဋ္ဌာန တစ်ခုတည်း ရှိပါသေးတယ်။ အဲသည်ဆရာဝန်တွေ နားဖို့နေဖို့ ဆယ်ပေပတ်လည်အခန်းသေးသေးလေး တစ်ခန်းပဲပေးနိုင်ပါတယ်။ ယောက်ကျားလေးနဲ့ မိန်းကလေးတောင် အခန်းခွဲမထားနိုင်။ အဲသည်အတွက် ကိုယ်က အခန်းတစ်ခန်းတောင်းတဲ့အခါ “ဆရာတို့ အလုပ်လုပ်ဖို့လာတာလေ။ အိပ်ဖို့လာတာမှ မဟုတ်တာ။ ဘာအခန်းမှ မလိုပါဘူး။” အပြောခံရပါလေရော။ အခန်းဆိုတာ အလုပ်မလုပ်ပဲ ဝင်အိပ်နေဖို့ မဟုတ်ဘူးဆိုတာ သူတို့သိရင် သိပ်ကောင်းမှာပဲ။ ကိုယ်တို့အလုပ်က ၂၄ နာရီ ဆက်တိုက် ဂျူတီဆင်းရတာပါ။ ဒါပေမယ့် ၂၄ ပြည့်လို့လည်း အိမ်ပြန်ရတဲ့အစား မဟုတ်ပါဘူး။ ခွဲစိတ်ဆရာဝန်တိုင်း ၇၂ နာရီ အီစလန်ဝေနေအောင် ဂျူတီဆင်းဖူးကြပါတယ်။ အဲသည် ၇၂ နာရီဂျူတီဆိုတာ ထိုင်ရာမထ ငုတ်တုတ်မတ်တတ် တနေကုန်အလုပ်လုပ်နေရတာချည့်တော့ မဟုတ်ပါဘူး။။ ကြားထဲမှာ ကြိုကားကြိုကြား စောင့်ဆိုင်းချိန်တွေအများကြီး ရှိပါတယ်။ ဘာမှမလုပ်ပဲ စောင့်နေရချိန်မှာ အဲသည်ဆရာဝန်လေးတွေဟာ ခွဲခန်းထဲက လူနာသယ်တဲ့ထရော်လီပေါ်မှာ ကျောခင်းလို့ဖြစ်ဖြစ်၊ စောင့်ကြည့်ခန်းကောင်တာက စားပွဲပေါ်မှာ ခေါင်းကလေးမှောက်လို့ဖြစ်ဖြစ်၊ နားရပါတယ်။ အလုပ်လုပ်တဲ့သူက အလျင်မီအောင်လုပ်၊ ပင်ပန်းတဲ့သူက အလှည့်ကျနားရတဲ့အခါ သူတို့မှာ ကျောတခင်းစာနေရာမရတဲ့အတွက် ကားထဲသွား တမှေးမှေးတဲ့သူလည်း မှေးရတာပဲ။ ဂျူတီဆင်းတဲ့သူဆိုတာ ဘယ်သူကမှ ကုလားသေကုလားမော အိပ်နိုင်တာ မဟုတ်ဘူး။ စောင့်ရင်းဆိုင်းရင်း ငါးမိနစ် ဆယ်မိနစ်လောက် မှေးကနဲလေး တရေးနားနိုင်ရင် တော်ရောပေါ့။ ကိုယ်တို့ခွဲတဲ့စိတ်တဲ့အချိန်ဟာ ဇာတ်မင်းသားများလို တစ်ညလုံး မိုးအလင်းဆွဲတယ်ဆိုတာ သိရင် မနက်ကတည်းက အလုပ်လုပ်နေတဲ့သူတွေ ခြေကုန်လက်ပန်းမကျအောင် သက်တောင့်သက်သာ အလုပ်လုပ်နိုင်ဖို့ ဖြည့်ဆည်းပေးသင့်တယ် ထင်တာပဲ။ ၂၄ နာရီ တစ်ဂျူတီမှာ ဖုန်းကလေးတွေတောင် အားပြန်မသွင်းပဲ ဆက်တိုက်အလုပ်လုပ်နေနိုင်တာ တစ်လုံးမှ မရှိပါဘူး။ လူကလေးတွေ ချာဂျင်သွင်းဖို့လည်း စီစဉ်ပေးကြပါဦး။
တပြည်သူမရွှေထားကြီးလုပ်တဲ့ ဆာဗေးကောက်တာမျိုးကို ကိုယ်တို့တတွေ တစ်ခါမှ မလုပ်ဖူး မကိုင်ဖူးတာတော့ မဟုတ်ပါဘူး။ ဂျပန်မသွားခင်တုန်းက သူ့လိုပဲ ကိုယ်တို့ဆေးရုံကြီး အရေးပေါ်ကခွဲလူနာတွေ အကြောင်းကို ဆာဗေးလိုက်ကောက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ၂၀၁၂ တစ်နှစ်စာ ဒေတာတချို့ ကိုယ့်မှာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်လိုက်ကောက်ထားတာ ဗိုက်ခွဲရတဲ့လူနာတွေဆိုတော့ အဲသည်တစ်ခုတည်းနဲ့ပဲ နှိုင်းယှဉ်စရာရှိတာပေါ့။ ၂၀၁၂ မှာ လူနာ ၁၁၁၆ ယောက် ဝမ်းပိုက်ပိုင်း ခွဲစိတ်ကုသခဲ့ရပြီး အခု သူ့စစ်တမ်းမှာတော့ ၂၀၁၅ မှာ ၁၇၉၉ ယောက် ရှိပါတယ်။ လူနာအရေအတွက် များလာပေမယ့်လည်း ခွဲခန်းပိုင်း ဝန်ထမ်းပိုင်း၊ ပစ္စည်းကိရိယာပိုင်းက အကုန်အတူတူပါပဲ။ လူနာစောင့်ကြည့်တဲ့အခန်းလေးက ပိုတောင် ကျဉ်းသွားသေးတယ်။ စာရင်းဇယားနဲ့ မကြည့်ပဲ မျက်မြင်ကိုယ်တွေ့မှ ယုံချင်တယ်ဆိုလည်း သူ့စစ်တမ်းထဲမှာ ပါပါတယ်။ လူနာကျချိန်က နေ့စဉ် နံနက် ၁၁ နာရီဝန်းကျင်နဲ့ ညနေ ၆နာရီဝန်းကျင်မှာ အများဆုံးပါပဲတဲ့။ အဲသည်အချိန်လောက်မှန်းပြီး တခေါက်တခါ အရောက်လာခဲ့ကြလေ။ ဂျူတီဆင်းတဲ့ ခရက်ရှ်လေးတွေကို ကြောင်ချင်တာဆိုရင်တော့ အဲ့ချိန်ကြည့်ရှောင်။ ဒေါသတွေ ကိုယ့်ပေါ် ပေါက်ကွဲသွားမယ်။ ပြီးရင်တော့ မဟုတ်မဟပ် အကြံတွေ လာမပေးလေနဲ့။ လူနာတွေ အရမ်းများနေလို့ အလာနည်းသွားအောင် စားပွဲခုံကို အောက်က ပြန်ခေါက်ပါလား၊ လူနာခန်းအဝမှာ တံမျက်စည်းကို ဇောက်ထိုးထောင်ထားပါလား ဆိုတဲ့ အကြံမျိုးလေ။ သည်လိုအကြံမျိုးက စုကြည်ကို ကက်ကင်းရိုက်ဖို့ ကြက်ဆူစိုက်ရတယ် ဆိုတဲ့သူတွေပဲ ကုန်ချင်သလောက်ကုန် ယုံယုံကြည်ကြည် လိုက်လုပ်တတ်ကြတာ မဟုတ်လားလို့စ်။ အဟိ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...