Monday, May 9, 2016

တက္ကသိုလ်နောက်ခံ ဗယာကြော်ဇာတ်လမ်း (မင်းလူ)

မြန်မာဝတ္ထုတိုများ


ကျောင်းတက်ခါစ တစ်ယောက်တည်း အဖော်မဲ့နေစဉ်မှာ သူနှင့် စတင်တွေ့ဆုံ သိကျွမ်းရခြင်း ဖြစ်၏။
ကျွန်တော်တို့ကျောင်းမှ ဆယ်တန်းအောင်သူ အနည်းငယ်တွင် အခြားတက္ကသိုလ် ရောက်သူရောက်၊ လုပ်သားကောလိပ် တက်သူတက်ကြသောကြောင့် ဝိဇ္ဇာသိပ္ပံမှာ အနည်းငယ်ထက် နည်းသော အရေအတွက်သာ ရှိသည်။
ထိုအထဲတွင် ကျွန်တော်နှင့် သိပ်ရင်းနှီးသူတွေ မပါချေ။ ဒီကြားထဲ သိပ္ပံဘာသာတွဲဖြင့် အောင်ပြီး ဝိဇ္ဇာလိုင်းလိုက်သော ကျွန်တော်က ပို၍ အထီးကျန်ဆန်နေသည်။
ကျောင်းရောက်စဖြစ်သဖြင့် အတန်းထဲမှာလည်း အပေါင်းအသင်း မဖြစ်သေး။ မုန့်စားလွှတ်ချိန်ဆိုလျှင် ကျွန်တော်တစ်ယောက်တည်း ယောင်ချာချာ ဖြစ်နေတတ်၏။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အချိန်ဖြုန်းရသည်။ တစ်ခါတစ်ရံ ဟိုလျှောက်ဒီလျှောက်၊ ဟိုကြည့်ဒီကြည့်၊ စီးကရက် စမ်းသောက်ကြည့်လာမိ၏။

ကြားမှာ တစ်ချိန်လွတ်ပြီးမှ ညနေပိုင်း နည်းပြတန်း ရှိသောအခါမျိုးဆိုလျှင် ပို၍ ငြီးငွေ့ဖွယ်ကောင်းသည်။ ပထမနှစ် ဖြစ်သဖြင့် အတန်းလစ်ပြီးတော့လည်း အိမ်မပြန်ရဲသေး။
ပျင်းရိသူတို့၏ ထုံးစံအတိုင်း ဆာလောင်လာတတ်သည်။ ထမင်းဘူးကိုလည်း ၁၁ နာရီလောက်မှာ စားပစ်လိုက်ပြီးပြီ။
ကျွန်တော်ရသည့် မုန့်ဖိုးမှာ ဘတ်စ်ကားခ၊ လက်ဖက်ရည်ဖိုး၊ စီးကရက်တစ်လိပ်ဖိုး အပြင် သိပ်ပိုပိုသာသာ မရှိ။ မုန့်ဟင်းခါးတို့၊ ဝက်သားလိပ်တို့ မစားနိုင်။ ထိုစဉ်အခါတွင်....
“ဗယာကြော်ပူပူလေး စားဦးမလား အစ်ကို”
“လာဦးကွ”
စင်္ကြံအုတ်ခုံမှာ ထိုင်နေရင်းက လှမ်းခေါ်လိုက်သည်။ ဗယာကြော်သည် ကုလားလေးက ဗန်းကလေးကိုင်ပြီး လာရပ်သည်။
“ဘယ်လို ရောင်းလဲ”
“တစ်ခုဆယ်ပြား၊ နှစ်ခု ဆယ့်ငါးပြား”
မဆိုးလှ။ သူ့ဗယာကြော်က အတော်အတန် ကြီးသည်။ နှစ်ခု ဝယ်လိုက်သည်။ ကျွန်တော်က နောက်ချင်သဖြင့်....
“မင်း ခုနအော်တုန်းက ပူပူလေးဆို၊ အခု အေးနေပါလားကွ”
သူက ပြုံးဖြဲဖြဲလုပ်ပြီး..
“ကြော်တုန်းက ပူတာကို ပြောတာပါ အစ်ကိုရ”
သွက်လက်ချက်ချာပုံကို သဘောကျမိ၏။
နောက်ရက်များတွင်လည်း သူ့ဆီက ဗယာကြော် ဝယ်စားသည်။ တချို့ရက်တွေ ဝယ်မစားသည့်တိုင် သူနှင့် စကားစမြည် ပြောဖြစ်သည်။
တက္ကသိုလ်မှာ ကျွန်တော်နှင့် ပထမဆုံး အပေါင်းအသင်း ဖြစ်ခဲ့သူမှာ သူပင်ဖြစ်သည်။
သူ့နာမည်မှာ သံဂေါ်လီ ဖြစ်၏။ သူ့နာမည် မခေါ်တတ်သဖြင့် အလွယ်တကူ ခေါ်လိုက်ခြင်းပင်။ သူတို့အဖေက ကျောင်းမှာ သန့်ရှင်းရေး အလုပ်သမား။
သူ့အမေက ဝိဇ္ဇာဆောင်နှင့် ရွှေဘိုဆောင်ကို ဆက်ထားသော စင်္ကြံဘေးမှာ ဗယာကြော် ကြော်ရောင်းသည်။ သံဂေါ်လီကလည်း ဗယာကြော်တွေ ဗန်းနှင့်ထည့်ပြီး ကျောင်းထဲမှာ လှည့်ရောင်းရသည်။
ကျွန်တော်သည် လအတန်ကြာသောအခါ အတန်းဖော် သူငယ်ချင်းတွေနှင့် တွဲမိလာသည်။ သို့တိုင်အောင် သံဂေါ်လီဆီက ဗယာကြော်ကို ဝယ်စားမြဲ။ သူနှင့် စကားပြောဖြစ်မြဲပင်။
ကျွန်တော့်သူငယ်ချင်းများ ဖြစ်ကြသော တင်မြင့်တို့၊ ဇော်လင်းတို့နှင့်ပါ အဖွဲ့ကျသည်။ ကျွန်တော် သူ့ကို စလျှင် စိတ်မဆိုးတတ်။ ရယ်ကျဲကျဲသာ လုပ်နေတတ်သည်။
သံဂေါ်လီ၏ ဈေးကွက်နယ်မြေများမှာ ဝိဇ္ဇာဆောင်၊ စီးပွားရေးတက္ကသိုလ် အပြင် အင်းလျားကိုလည်း ကြုံသလို လှည့်တတ်သည်။
ထို့ကြောင့် ကန်စပ်ချုံကြားက အတွဲတွေကို တွေ့ဖူးနေသည်။ သူက ဗယာကြော်သည်ကုလားလေး ဖြစ်သဖြင့် အတွဲတွေက ဂရုမစိုက်ဘဲ နေချင်သလို နေကြဟန် တူသည်။ အတွဲချောင်းတာ ဝါသနာပါသော တင်မြင့်ထက်ပင် သူက ပို၍ သိနေသေးသည်။
“ပြောစမ်းပါဦးကွ၊ ဒီနေ့ ဘယ်နှစ်တွဲ တွေ့ခဲ့လဲ”
“ဟာ.. အများကြီးပဲ အစ်ကိုရေ့”
“လုပ်စမ်းပါဦး.. ဘာတွေတွေ့ရလဲ”
“မပြောချင်ပါဘူး၊ ညစ်ပတ်တယ်”
တင်မြင့်က ပိုစိတ်ဝင်စားလာပြီး အတင်းမေးသည်။ ဇော်လင်းကတော့ ရှက်တတ်သူဖြစ်သဖြင့် မျက်နှာကြီး နီပြီး....
“ဟေ့ကောင်.. ညစ်ပတ်ပါတယ်ဆို ဇွတ်မေးနေသလား”
ဟု ဟန့်သည်။
ကျွန်တော်က တင်မြင့်ဘက်လိုက်ပြီး....
“ပြောကွာ.. မပြောရင် နောက် မင်းဗယာကြော် ဝယ်မစားတော့ဘူး”
ဆိုတော့မှ
“အစ်ကိုကြီးတစ်ယောက်နဲ့ အစ်မကြီးတစ်ယောက် ကိုက်နေကြတယ်”
“ဘာ.. ကိုက်နေကြတယ် ဟုတ်လား”
“ဟုတ်တယ်.. အစ်မကြီးရဲ့ ပါးစပ်နော် အစ်ကိုကြီးရဲ့ ပါးစပ်ထဲ ဝင်နေတယ်”
တင်မြင့်က ရယ်ပြီး....
“အဲဒါ ကစ်စ်ပေးတာကွ၊ မင်း အင်္ဂလိပ်ကားတွေထဲမှာ မကြည့်ဖူးဘူးလား”
“အားယို.. အာပုပ်စော် နံမှာပေါ့”
“မကောင်းဘူး မကောင်းဘူးနဲ့.. မင်း အားကျနေတယ် မဟုတ်လား”
“ထပ်သရီး.. လူတွေမြင်တဲ့ နေရာမှာ၊ ရှက်စရာကောင်းပါတယ် အစ်ကိုရေ”
ကဲ.. ကုလားလေးက ရှက်စရာ ကောင်းပါတယ်တဲ့။ ဟိုအတွဲတွေသာ သူ့စကားကြားလျှင် ဘယ်လိုနေမလဲ မသိ။
* * *
သံဂေါ်လီက မြန်မာတွေကို အထင်ကြီးသည်။ အားကျသည်။ ကုလားဖြစ်ရတာ အောက်ကျနောက်ကျနိုင်သည်ဟု ထင်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ သူတို့လူမျိုးတွေကလည်း သန့်ရှင်းရေး၊ ညစောင့်၊ မာလီ စသည်တို့ချည်း မဟုတ်လား။
“ကုလားဖြစ်တာ မကောင်းဘူး အစ်ကိုရ”
ဟု သူက ပြောတတ်သည်။
“ဘာဖြစ်လို့လဲကွ”
“ဘာဖြစ်လို့လဲဆိုတော့ အသားမည်းတာပေါ့”
“ဟာ.. ငါလည်း မည်းတာပဲကွ”
ကျွန်တော်က ပြောသည်။ သူက..
“ကျွန်တော်သာ မြန်မာဖြစ်ရင် အစ်ကိုတို့လို တက္ကသိုလ်ကျောင်း နေရမှာ”
“ဘာဆိုင်လဲကွာ၊ တို့ကျောင်းသားတွေထဲမှာလည်း မင်းတို့လို ကုလားတွေ ရှိတာပဲ”
“မတူဘူးအစ်ကို.. သူတို့က အပေါ်ရောက်တယ်”
သူတို့လူမျိုး၏ ဇာတ်အနိမ့်အမြင့် ကွာခြားခြင်းကို ဆိုလိုခြင်းဖြစ်လိမ့်မည်။
“ကဲကွာ.... ငါတို့ မြန်မာထဲမှာရော တူလို့လား၊ ဟို စီးကရက်လိုက်ရောင်းတဲ့ ကောင်မလေးဆိုရင် ဘယ်မှာ ကျောင်းနေနိုင်လို့လဲ”
“သူကတော့ ဆင်းရဲတာကိုး”
“အေး.. ဒါပဲလေ၊ မြန်မာဖြစ်ဖြစ် ကုလားဖြစ်ဖြစ် အတူတူပဲကွ၊ ဆင်းရဲတာနဲ့ ချမ်းသာတာပဲ ကွာတယ်”
သူ သိပ်နားလည်ဟန် မတူသော်လည်း ထပ်မပြောတော့။ ခဏ ငြိမ်သွားပြီးမှ....
“ကျွန်တော် တစ်ခုသိချင်တယ်”
ဟု ပြောသည်။
“ဘာလဲကွ”
“ကျွန်တော် သေသွားရင်.. ဟိုဥစ္စာ အစ်ကိုရာ”
အတန်ကြာ ခေါင်းကုတ်ပြီး..
“ကျွန်တော် ပြန်ရှိနိုင်လား”
“ဪ.. နောင်ဘဝကျရင် လူပြန်ဖြစ်နိုင်သလားလို့ မေးတာလား”
“အား.. ဟုတ်တယ် အစ်ကို”
“ဖြစ်နိုင်တာပေါ့”
“အဲဒီ နောက်.. ဘာလဲ”
“နောက်ဘဝ”
“အင်း.. နောက်ဘဝကျရင် မြန်မာ ဖြစ်နိုင်မလား”
သူကျေနပ်အောင် “ဖြစ်နိုင်တာပေါ့” ဟု ပြောလိုက်သည်။
“နောက်ပြီး အိန္ဒိယမှာ သွားပြီး လူဖြစ်နိုင်မလား”
“ဖြစ်နိုင်တယ်၊ ဟ.. နေဦးကွ၊ မင်းက မြန်မာလည်း ဖြစ်ချင်တယ်၊ အိန္ဒိယမှာလည်း လူဖြစ်ချင်တယ်ဆိုတော့ အိန္ဒိယမှာ မြန်မာသွားဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ”
သူ့နဖူးသူ လက်ဝါးနှင့် ဖြန်းခနဲရိုက်၍..
“ဟုတ်တယ် အစ်ကိုရေ့.. အဲဒါမှ ဒုက္ခရောက်မယ်”
* * *
သူက မြန်မာစာ သင်ပေးပါဟု ပူဆာသည်။ ထို့ကြောင့် နွေကျောင်းပိတ်ရက်တုန်းက အသုံးလုံးလုပ်အားပေး လိုက်ဖူးသော ဇော်လင်းက အားသည့်အချိန်မှာ သင်ပေးသည်။
သံဂေါ်လီက ဉာဏ်ကောင်းသည်။ ကြိုးလည်း ကြိုးစားသည်။ ထို့ကြောင့် တစ်လကျော်ကျော်လောက်မှာပင် အတော်အတန် ရေးတတ်ဖတ်တတ်လာသည်။
တစ်နေ့တွင် သူသည် စာတစ်စောင်ရေးပြီး ကျွန်တော့်ကို လာပြသည်။ ဖတ်ကြည့်ပြီး ပြင်ပေးပါ ဆို၏။ ထိုစာကို တွေ့တော့မှ ဘာကြောင့် ဒီလောက်တောင် အပြင်းအထန် စာသင်ချင်နေသလဲဆိုတာ သိရတော့သည်။
သူရေးထားသော စာမှာ..
ကျနုပ်နာမယ် သံကောလီ ဖြစ်ပါသည်။
ကျနုပ် စံဒီးမားကို ကြိတ်လိုက်သည်။
စံဒီးမား ကျနုပ် ကြိတ်ပါး
“စံဒီးမားဆိုတာ ဘယ်သူလဲကွ”
သူရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ စီးပွားရေးတက္ကသိုလ်ဘက်မှာ စီးကရက်တို့ ချိုချဉ်တို့ရောင်းသော ကောင်မလေးတဲ့။
“နေစမ်းပါဦး သံဂေါ်လီရ၊ မင်းက ရည်းစားထားချင်ရအောင် အသက် ဘယ်လောက်ရှိသေးလို့လဲ”
“၁၆ နှစ် ရှိပြီ အစ်ကို”
ကျွန်တော်တို့ အံ့ဩရသည်။ သူ့အရပ်အမောင်း၊ သူ့ကိုယ်လုံးညှက်ညှက်ကို ကြည့်၍ ဆယ့်သုံးနှစ်လောက် ထင်ထားခဲ့သောကြောင့် ဖြစ်၏။
နေ့တိုင်း ဗယာကြော်နှင့်သာ ထမင်းစားနေခဲ့ရသည်ကို ကျွန်တော် ထည့်မစဉ်းစားမိ။ သူ ဒီလောက် သေးညှက်နေတာ ဘာမှ မဆန်း။
သူ့စာကို ကျွန်တော် စိတ်ကြိုက်ဖြစ်အောင် မပြင်တော့ပါ။ အရေးကြီးတာက စံဒီးမားဆိုသော ကောင်မလေး နားလည်ဖို့သာ ဖြစ်၏။ ထိုစာသည် ပညာတတ်ကျောင်းသူ တစ်ယောက်ကို ပေးဖို့မှ မဟုတ်ဘဲ။ ထို့ကြောင့် သတ်ပုံပြင်ပေးခြင်း၊ စာချောအောင် တည်းဖြတ်ပေးခြင်းလောက်သာ လုပ်ပေးလိုက်၏။
နောက်တစ်နေ့ မုန့်စားဆင်းချိန်မှာ သူရောက်လာသည်။ မျက်နှာအမူအရာ ကြည့်ကတည်းက ဟန်မကျခဲ့ကြောင်း သိသာ၏။
“ဘယ်လိုလဲ.. စာပေးလိုက်ပြီလား”
“ပေးလိုက်ပြီ အစ်ကို”
“တယ်ဟုတ်ပါလား၊ ဒါကြောင့်လည်း သံဂေါ်လီလို့ ကျော်ပေတာပဲ”
“မဟုတ်ဘူး အစ်ကို၊ ကျွန်တော် စာပေးတာ မယူဘူး၊ ဒါနဲ့ အတင်းပေးတော့ ယူပြီး ဆွဲဆုတ်ပစ်လိုက်တယ်”
“ဟေ”
“ပြီးတော့ ပြောသေးတယ် အစ်ကို၊ ကျွန်တော် ပြန်မပြောတတ်ဘူး၊ အမဲသားကို ဟင်းအိုးထဲ ထည့်လို့ မရဘူးတဲ့”
ကျွန်တော် ဝါးခနဲ ရယ်မိသည်။ သူက မျက်နှာသေကလေးဖြင့် ကြည့်နေသဖြင့် ကျွန်တော် သနားသွားသည်။ မျက်နှာပိုးသတ်လိုက်ပြီး..
“အမဲရိုးက ဟင်းအိုးမှ အားမနာဘူးလို့ ပြောတာပါကွ”
“ဟုတ်တယ် ဟုတ်တယ်.. အဲဒါ ဘာပြောတာလဲ”
“တန်ရာ တန်ရာ မလုပ်ဘူးဆိုတဲ့ သဘောပေါ့”
“ဟုတ်ပါတယ်လေ.. သူတို့က လူမျိုးမြင့်တာကိုး”
ကောင်မလေးက ဇာတ်မြင့်တာကို ပြောခြင်းဖြစ်၏။ သူက ဆက်၍..
“နောက်ပြီး သူတို့အမေက သူဌေးအိမ်မှာ အဝတ်လျှော်လို့ သူက လူပါးဝနေတာ”
“ဒီမှာ သံဂေါ်လီ၊ နောက်တစ်ခါတွေ့ရင် ပြောလိုက်၊ မြန်မာပြည်မှာ လူတန်းစားခွဲခြားမှု မရှိဘူးလို့”
နိုင်ငံရေးစကားလုံးဖြင့် ဇော်လင်းက ပြောလိုက်သည်။ သို့ရာတွင် သူ့အကြံပေးမှုက မအောင်မြင်။ သံဂေါ်လီက ကောင်မလေးနှင့် တွေ့ရာတွင် “လူတန်းစား” ကို မပြောတတ်ဘဲ “မြန်မာပြည်မှာ လူသားစားတာ မရှိဘူး” ဟု ပြောလိုက်သောကြောင့် ဖြစ်၏။
* * *
သူ စကားလိုက်ပြောမည်၊ အဖော်လိုက်ခဲ့ပါ ဆိုသဖြင့် ကျွန်တော်တို့ ပါသွားရသည်။
ယုဒဿန်မျှော်စင်နားမှာ စောင့်နေကြရာ အတန်ကြာတွင်..
“ဟော.. လာပြီ၊ ကျွန်တော့် ဗယာကြော်ဗန်း ခဏယူထားပါ”
ကျွန်တော့်လက်ထဲ ဗန်းကိုထည့်ပြီး သူထွက်သွားသည်။ ကောင်မလေးကို မြင်ရသည်။ မဆိုးလှ။ ကြည့်ပျော်သည်။ သံဂေါ်လီလို အသားမမည်း။ နည်းနည်း လတ်သည်။ သံဂေါ်လီထက် အသက် နည်းနည်းကြီးပုံရသည်။ ဒီကောင်က ညှက်နေလို့လည်း ဖြစ်ချင်ဖြစ်မည်။
ပြီးတော့ သံဂေါ်လီ ကောင်မလေးကို မီသွားသည်။ ဘာတွေပြောမှန်း မသိ။ ကောင်မလေးက ရန်တွေ့နေပုံ ရသည်။ ခပ်သွက်သွက်လျှောက်သည်။ သံဂေါ်လီ လိုက်သည်။
“ဟာ.. ဒီကောင် လုပ်ပြီ”
တင်မြင့်အသံ ထွက်လာသည်။ သံဂေါ်လီ ကောင်မလေးလက်ကို လှမ်းဆွဲလိုက်သောကြောင့် ဖြစ်၏။ ကောင်မလေးက လက်ကို ဆောင့်ရုန်းလိုက်ပြီး သံဂေါ်လီ၏ပါးကို ဖျောင်းခနဲ ရိုက်လိုက်သည်။ တကယ် အင်နှင့်အားနှင့် ဖြစ်၏။ သံဂေါ်လီ လည်ထွက်သွားသည်။
သံဂေါ်လီ အတော်ကြာအောင် ကောင်မလေးကို ငေးကြည့်ရင်း ကျန်ခဲ့သည်။ သူ့မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ ပြီးတော့ ရေတမာပင်၏ ပင်စည်ကို လက်သီးနှင့်ထိုးသည်။ ဘေးမှ ဖြတ်လျှောက်သွားသော ကျောင်းသူနှစ်ယောက်က အထူးအဆန်း လှည့်ကြည့်သွားသည်။ ကျွန်တော်တို့ သူ့ဆီ ပြေးသွားကြ၏။
နောက်တစ်နေ့မှစ၍ သံဂေါ်လီကို မတွေ့ကြရတော့။ သူရှက်လို့ ရှောင်နေတာဖြစ်မှာပဲဟု ထင်မိသေးသည်။
တစ်လလောက်ထိ ပျောက်နေတော့မှ သူ့အမေ ဗယာကြော်ဆိုင်ကို သွားမေးသည်။ သူ တောကို ထွက်သွားပြီဟု သိရသည်။ သူတို့အမျိုးတွေဆီမှာ နေရင်း လယ်သူရင်းငှားလုပ်မည်ဟု ဆိုသည်။
ကျွန်တော်တို့သည် သူ့အကြောင်း မကြာခဏ ပြောဖြစ်ကြသေးသည်။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွား၏။
နှစ်တွေ ကြာလာသည်။ ကျောင်းက ဘွဲ့ရပြီးနောက် ကျွန်တော် စာပေနယ်ထဲ ရောက်သည်။ တင်မြင့်တို့ ဇော်လင်းတို့က နယ်ကောလိပ်တွေမှာ ဆရာဖြစ်ကုန်ကြသည်။
* * *
ဆယ့်ငါးနှစ်ဆိုသော အချိန်သည် တစ်ခါတစ်ရံ ကုန်ခဲသည်ထင်ပြီး တစ်ခါတစ်ရံ ဘာမှမကြာလိုက်ဟု ထင်မှတ်ရင်း ကုန်ဆုံးခဲ့သည်။
တက္ကသိုလ်ထဲ မရောက်တာ ကြာပြီ။
ဇော်လင်း ရန်ကုန်ကို ပြောင်းလာပြီဆိုသဖြင့် တွေ့ရန်သွားသည်။ အပြောင်းအလဲများစွာကို အံ့ဩငေးမောရင်း လျှောက်အလာ....
“ဗယာကြော် ပူပူလေး”
ဖျတ်ခနဲ ကြည့်မိသည်။
“ဟင်.. သံဂေါ်လီ”
ခေါ်တော့မလို ဖြစ်သွားသည်။ ချက်ချင်း သတိရသွားသည်။ ဒီကောင်လေးက ဆယ်နှစ်၊ ဆယ့်တစ်နှစ် ရှိဦးမည်။ သံဂေါ်လီက ခုချိန်မှာ သုံးဆယ်ကျော်ပြီ။ ထူးဆန်းတာက ခုတွေ့နေရသော ဗယာကြော်သည်လေးသည် သံဂေါ်လီ ငယ်ငယ်ကနှင့် တစ်ပုံစံတည်း။
“လာပါဦးကွ”
“ဗယာကြော်လား ဆရာ၊ တစ်ခု သုံးဆယ့်ငါးပြား၊ တစ်ကျပ်ဖိုး သုံးခု”
“မဟုတ်ပါဘူးကွ၊ မေးစရာ ရှိလို့ပါ၊ မင်းအဖေနာမည် ဘယ်သူလဲ”
ကောင်လေးက ပြောသည်။ ကျွန်တော် မခေါ်တတ်ခဲ့သော နာမည်။ သံဂေါ်လီ၏ နာမည်။
“မင်းအဖေ အခု ဘယ်မှာနေလဲ”
“ဆိုင်မှာရှိတယ် ဆရာ”
“ငါ့ကို လိုက်ပြစမ်း”
ကောင်လေးနောက်က လိုက်သွားသည်။ ရွှေဘိုဆောင်ဘေးမှ ဖြတ်၍ စင်္ကြံအတိုင်း။ ဘာကြောင့်မှန်းမသိ။ သံဂေါ်လီနှင့် တွေ့ရတော့မည်ဆို၍ ကျွန်တော် ရင်တွေ ခုန်နေမိသည်။
“ဟိုမှာ ဆရာ”
အရင်က သံဂေါ်လီတို့အမေ ဗယာကြော် ကြော်ခဲ့သော နေရာမှာပင် ကုလားမတစ်ယောက် ကြော်နေသည်ကို တွေ့ရသည်။ ဘေးမှာ သံဂေါ်လီ ရပ်နေ၏။ သူသည် အသက်သုံးဆယ်ကျော်သာ ရှိသေးသော်လည်း တကယ့် လူကြီးတစ်ယောက်လို ရင့်ရော်နေပြီ။
သူ့သားက ပြ၍ သံဂေါ်လီပဲဟု သိရခြင်းဖြစ်၏။ သို့မဟုတ်လျှင် မမှတ်မိနိုင်။ အချိန်ကာလသည် သူတစ်ယောက်တည်းအပေါ် ကွက်၍ သက်ရောက်သလားဟု ထင်ရ၏။
“ဟေ့ကောင်.. သံဂေါ်လီ”
ကျွန်တော် မနေနိုင်တော့ဘဲ အော်ခေါ်လိုက်သည်။ သူလှည့်ကြည့်သည်။ ချက်ချင်း မှတ်မိသည်။ ဝမ်းသာအားရ ပြေးလာသည်။ ကျွန်တော့်လက်ကို သူ့လက်ကြမ်းကြမ်းကြီးဖြင့် ဆုပ်ကိုင်ရင်း “အစ်ကို အစ်ကို” ဟု ရေရွတ်နေသည်။
“မင်း မိန်းမရနေပြီပေါ့”
“ဟုတ်တယ်အစ်ကို၊ ကလေးငါးယောက်”
သူ့မိန်းမကို လှမ်းကြည့်သည်။ သူ့လိုပင် အသားမည်းသည်။ ရုပ်ဆိုးသည်။ ရင့်ရော်သည်။ ဗယာကြော်ကြော်ရင်းက အပူရှိန်နှင့် ဆီပူငွေ့ကြောင့် မျက်နှာကို ရှုံ့မဲ့၍ မျက်လုံးမှေးထားသည်။
ကျွန်တော် တစ်စုံတစ်ခု သတိရသွားသဖြင့်..
“ဟေ့ကောင်.. မင်းရဲ့ စံဒီးမားကောကွ၊ သတိရသေးလား”
သူက မျက်မှောင်တစ်ချက် ကုတ်လိုက်ပြီးမှ “ဪ” ဆိုပြီး တဟားဟား ရယ်သည်။
“ကျွန်တော် မေ့တောင်နေတယ်၊ ဟားဟား.. ငယ်ငယ်က အရူးထတာပါ၊ သူနဲ့မရတာ ကံကောင်းပါတယ်၊ စံဒီးမားက သိပ်ဘဝင်မြင့်တယ်၊ ဆွဲကြိုး ဆွဲချင်တယ်၊ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း ဝတ်ချင်တယ်၊ သူ့ယောက်ျားလည်း သူ့ကြောင့် ထောင်ကျတာပဲ၊ သူခိုင်းလို့ အလုပ်ထဲက ပစ္စည်းခိုးတာပေါ့၊ ခုကျတော့ သူ့ကို တစ်ခါတလေ တွေ့ရင်တောင် မကြိုက်ချင်တော့ဘူး၊ ငါးခြောက်လို ဖြစ်နေပြီ၊ ဟား ဟား”
သူသည် ကျောင်းမှာ ညစောင့်လုပ်နေသည်ဟု ပြောသည်။ ဇော်လင်း ဌာနမှာ ဆရာဖြစ်နေကြောင်း ပြောသဖြင့် သူဝမ်းသာသည်။
“ဇော်လင်းကိုခေါ်ပြီး ပြန်လာခဲ့မည်၊ ဦးချစ်ဆိုင်မှာ စောင့်နေ” ဟု သူ့ကို မှာခဲ့သည်။
* * *
သံဂေါ်လီနှင့် လမ်းခွဲလာပြီးနောက် ဇော်လင်းဆီအသွား အပန်းဖြေရိပ်သာ အနောက်ဘက် အရောက်တွင် ကွန်ကရစ် ခုံတန်းလျားကလေးများကို ငေးကြည့်မိသည်။ စိတ်က အတိတ်ဆီသို့ ပြန်သည်။
ဇာတ်အနိမ့်အမြင့်၊ လူတန်းစားအလွှာ ကွာခြားမှု မရှိသော်လည်း နိုင်ငံခြားဖြစ် ဒေါက်မြင့်ဖိနပ်တစ်ရန်နှင့် ကဗျာတစ်ပုဒ်တို့၏ ပဋိပက္ခကြောင့် လမ်းခွဲခဲ့ရသာ မိန်းမတစ်ယောက်။
ခုအခါတွင် သူသည် သံအရာရှိကတော်အဖြစ် နိုင်ငံခြား တစ်နေရာရာမှာ အေးချမ်းသာယာစွာ ရှိနေလိမ့်မည်။
ကလေး ဘယ်နှစ်ယောက်လဲ။ လှကော လှသေးရဲ့လား။ သံဂေါ်လီ ပြောသလို ငါးခြောက် ဖြစ်နေမလား။ ပုံပျက်ပန်းပျက် ဝနေမလား။
ကျွန်တော့်မျက်စိထဲမှာတော့ ရှည်လျားနက်မှောင်သော ဆံပင်များကို ဥစ္စာစောင့်တစ်ယောက်လို ဖားလျားချ၍ ကွန်ကရစ်အုတ်ခုံပေါ်မှာ ထိုင်ရင်း ကျွန်တော်ပေးသော နှင်းဆီပန်း၏ ပွင့်ဖတ်များကို တစ်ချပ်ချင်း ခြွေချနေသော သူ့ရုပ်လွှာကိုသာ မြင်ယောင်နေဆဲ။
ကျွန်တော် သူ့ကို မမေ့။ ခုထိ လွှမ်းမိုးတုန်း။ ခုထိ ချစ်ဆဲ။
သံဂေါ်လီနဲ့ ပြန်တွေ့လို့ “အစ်ကိုကော မိန်းမရပြီလား” လို့ မေးလာလျှင် ဘယ်လိုဖြေရမည် မသိချေ။
---------------
မင်းလူ
ရနံ့သစ်၊ မေ၊ ၁၉၈၈။
Credit to rat @ mmcybermedia
====
မာတိကာသို့
https://www.facebook.com/notes/မြန်မာဝတ္ထုတိုများ/မာတိကာ/1650665011870716

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...