Sunday, June 19, 2016

အရှေ့ကိုလျှောက်ပါလို့ အီသီယိုးပီးယားကိုတဲ့ မျှော်လိုက်ရင် မင်းဒင်

မင်း ဒင်

(၁)
ပြီးခဲ့တဲ့တပတ်က ဗီဇာသက်တမ်းတိုးဖို့ ကိစ္စနဲ့ ကျုပ်ဖူးခက်ကနေ ဘန်ကောက်ကို ရောက်တယ်ဗျ။ ထိုင်းမှာအနေကြာပြီး ထိုင်းပါးဝနေပြီမို့ ဗီဇာကိစ္စကို ထုံးစံအတိုင်း ထိုင်းပွဲစားလက်ထဲ အပ်လိုက်တော့ နက်ဖြန်နေ့လယ် လာယူပါတဲ့။ လွယ်လိုက်တဲ့ဖြစ်ခြင်း။ ဒီတော့ ဘန်ကောက်မှာ တစ်ညအိပ်စောင့်ပြီး နောက်နေ့ညနေ ဖူးခက်ကိုပြန်ရုံပဲပေါ့။
ဖူးခက်ကနေ ဘန်ကောက်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးနေကျမို့ ဟိုဟိုဒီဒီ လျှောက်မသွားချင်တော့တာနဲ့ ဟိုတယ်ခန်းထဲမှာပဲ တယ်လီဖုန်းပွတ်ရင်း အချိန်ဖြုန်းပြီး အိပ်ယာဝင်လိုက်တာ.. အိပ်ခန်းတံခါးကို တဒုန်းဒုန်းထုသံကြောင့် ကျုပ်လန့်နိုးသွားတယ်ဗျ။
အိပ်ယာကနေ လူးလဲထပြီး တံခါးဖွင့်ပေးလိုက်တော့ လေးငါးယောက်လောက်ရှိတဲ့ တရုတ်မိသားစုတစ်စုဟာ ကွိစိကွစအသံတွေနဲ့ အခန်းထဲကို စွတ်ဝင်လာပါရောဗျာ။ ဒေါ်တရုတ်မတို့မိသားစုဟာ ကျုပ်ကိုဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် သဘောမပိုက်ဘဲ အခန်းထဲမှာ အတော် ကြာအောင် လှည့်ပတ်ကြည့်၊ ကျုပ်မျက်နှာကို သေချာအကဲခတ်ပြီးမှ အခန်းမှားဝင်လာတာကို သဘောပေါက်ဟန်တူပါရဲ့။ ကွိစိကွစ ဆူညံသံတွေနဲ့အတူ ပြန်ထွက်သွားပါလေရော။
အပြင်မှာ မိုးစင်စင်လင်းနေပြီမို့ ဟိုတယ်ကကျွေးတဲ့ မနက်စာကို အောက်ထပ်ဆင်းစားဖို့ အခန်းအပြင်ကို ထွက်လိုက်တော့ အယောက် နှစ်ဆယ်လောက်ရှိတဲ့ စိနလူအုပ်ကြီးနဲ့ ပက်ပင်းတိုးပြန်တာပါပဲ။ ဘာပြောကောင်းမလဲဗျာ။ ဟိုတယ်စင်္ကြန်တစ်လျှောက်နဲ့ ဓာတ်လှေခါးထဲမှာပါ ကွိစိကွစအသံတွေ ကုလားတိုက်..အဲ၊ တရုတ်တိုက် ကျားဝင်ကိုက်သလို ဆူညံနေတာပေါ့။ ဘန်ကောက်ကိုလာတာ တရုတ်ပြည်ကို ရောက်နေသလိုပါပဲဗျာ။
ဒီလိုနဲ့ မနက်စာဘူဖေးကျွေးတဲ့ အခန်းထဲရောက်ရော ကိုရွှေတရုတ်တွေ များလိုက်ပုံကတော့ ဘူဖေးအစားအသောက် ခင်းကျင်းထားတဲ့ ပန်းကန်ခွက်ယောက်တွေကိုတောင် မမြင်ရလောက်အောင် အုံခဲပြီး အငမ်းမရ တိုးဝှေ့နေကြလေရဲ့။ ပန်းကန်ပြားကိုယ်စီကိုင်ရင်း ဆူညံကျယ်လောင်တဲ့ အာပြဲသံတွေနဲ့ ရရာအစားအစာကို အလှည့်ကျတန်းမစီဘဲ အူယားဖားယား ပန်းကန်ပြားတွေနဲ့ အမောက်အလျှံ ထည့်ယူကြတာကိုကြည့်ရင်း အင်း…၊ ဒင်းတို့ ဘယ်တုန်းကတည်းက ငတ်ကြီးကျနေကြပါလိမ့်။ ဝေသာလီပြည် ဘီလူးကျသလိုပါပဲကလား။ အီသီယိုးပီးယားက လာတဲ့ တရုတ်တွေများလားလို့တောင် စိတ်အချဉ်ပေါက်မိတဲ့ အထိပါပဲ။
(၂)
အေးလေဗျာ။ ဘူဖေးကျွေးပါတယ်ဆိုမှ ဗိုက်မပြည့်သေးရင် မဝမချင်း ကြိုက်သလောက် ထပ်ထည့်လို့ရနေတာပဲ ဥစ္စာ။ ကျုပ်လည်း သူတို့ကြားမှာ ပန်းကန်ပြားလေး တစ်ချပ်ဆွဲ ကိုယ်စားချင်တဲ့ ဟာလေး ရွေးထည့်ပြီး ကော်ဖီတစ်ခွက် ဘေးချရင်း သင်းတို့လုပ်သမျှ ငေးကြည့်နေမိတယ်။ ဧကန္တ မဟုတ်မှလွဲရော လူတွေကြားထဲမှာ ဒီလောက်တောင်၊ ဣနြေ္ဒပျက်နေပုံ ထောက်ရင် ဒီကောင်တွေဟာ ယူနန်တရုတ် အညာသားတွေပဲ ဖြစ်ရမယ်။
ကြားဖူးသလောက်တော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ဟာ တရုတ်တစ်နိုင်ငံလုံးမှာ အဆင်းရဲဆုံး ပြည်နယ်ပဲတဲ့ဗျ။ ယူနန်ကျေးလက် တွေမှာဆို အများပိုင် ဘုံအိမ်သာကို တစ်ရွာလုံး သုံးနေကြတုန်းပဲတဲ့။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ်သုံးဆယ် ဝန်းကျင်မှာတော့ မြန်မာပြည်ဘက်ကနေ သစ်မျိုးစုံ၊ ကျောက်မျက်သယံဇာတ မျိုးစုံကို ဘုံးဘောလအော စိတ်ထင်တိုင်း သူခိုးဈေးနဲ့ အချောင်နှိုက်ခွင့်ရခဲ့တာမို့ ယူနန်မှာ မြန်မာ့ကျောက်စိမ်း တစ်မျိုးတည်း အရောင်းအဝယ်ရဲ့ တစ်နှစ်တာ တန်ဖိုးငွေပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ တစ်သန်းကျော် ရကုန်ကြပြီဆိုပဲ။ ဒါကြောင့် ကျေးလက်နေ ယူနန်တရုတ်တွေ ကမ္ဘာလှည့်ခရီးသည်ဘဝကို ရောက်ကုန်ကြတာဟာ ကျုပ်တို့ မြန်မာခေါင်းဆောင် ဟောင်းကြီးများရဲ့ ကျေးဇူးလည်း မကင်းဘူးလို့ ဆိုရမှာပေါ့ဗျာ။
ပေါက်ဖော်အုပ်စု တစ်အုံတစ်မကြီးကို တွေ့ရတာ ဘန်ကောက်တစ်ခုတည်း မဟုတ်ပါဘူး။ ချင်းမိုင်၊ ပတ္တယား၊ ဟွာဟင်းအစရှိတဲ့ ထိုင်းနိုင်ငံရဲ့ အထင်ကရမြို့တွေ၊ နာမည်ကျော် ကမ်းခြေတွေမှာလည်း သင်းတို့ ခြေရာတွေချည်းပဲဗျ။ ကျုပ်နေတဲ့ ဖူးခက်မှာဆိုပိုဆိုးပေါ့။ စားသောက်ဆိုင်၊ ကုန်တိုက်နဲ့ လူစည်ကားရာ အရပ်မှန်သမျှမှာ ဧရာမ (Tour)ကားကြီးတွေနဲ့ အုံလိုက်ကျင်းလိုက် ရောက်ချလာတာ တရုတ်တွေချည်းပါပဲဗျာ။ တရုတ်တွေချည်း အုပ်စုလိုက် လာတာများတော့ ဟိုတယ်တွေလည်း အပြိုင်အဆိုင် လျှော့ဈေးဒစ်စကောင့် ပေးလိုက်ကြတာ တည်းခိုခ တစ်နေ့သုံးထောင်လောက် တန်တဲ့ ဟိုတယ်တွေတောင် ဘတ်ထောင့်ငါးရာ ဝန်းကျင်အထိ ထိုးကျကုန်တဲ့အပြင် လေဆိပ်၊ စားသောက်ဆိုင်၊ မွေထိုင်းလက်ဝှေ့ရုံနဲ့ မြင်မြင်သမျှ ဆိုင်းဘုတ်အားလုံး တရုတ်စာတွေချည်း ဖြစ်ကုန်တော့တာပေါ့။
ရောင်းဝယ် ဖောက်ကားကြတဲ့ ခေတ်ကြီးမှာ ဝယ်သူအမြဲမှန်တာမို့ သူတို့မျက်နှာပွင့်ကြတယ်။ သူတို့ အလိုလိုက်ရတာ သူတို့ သည်းညည်းခံရတာ၊ ဘာမှ ဆန်းလှပါဘူးလေ။ တကယ်တော့ သူတို့ဟာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူလို အာရှနိုင်ငံတွေကို သာမက အမေရိကနဲ့ ဥရောပကိုပါ ခရီးယာယီလှည့်နေကြပါပြီ။
အင်းလေ..၊ ဒီကိစ္စကို သေချာတွေးကြည့်ရင် မနာလိုဖြစ်စရာတော့ မဟုတ်ပြန်ဘူးဗျ။ တရုတ်ပြည်ဟာ သွားလေသူ ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်ရဲ့ ချမ်းသာကြွယ်ဝခြင်းသည် ကျက်သရေမင်္ဂလာမည်၏ ဆိုတဲ့ အဆုံးအမနဲ့အညီ ချမ်းသာတဲ့ နိုင်ငံဖြစ်အောင် မူဝါဒတွေချ၊ အကျင့်ပျက်ခြစားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်ပစ်ခဲ့ရတာပဲ မဟုတ်လား။
(၃)
အေးဗျာ။ ကျုပ် တရုတ်တွေကို ထိုင်ကြည့်နေရင်း တောင်တွေးမြောက်တွေး လုပ်နေလိုက်တာ ကျုပ်ရင်ထဲမှာ ပြည့်လာသလိုပဲဗျာ။ စိတ်ထဲ တယ်မလန်းချင်တော့ဘူး။ ဒါနဲ့ စိတ်ပြေလက်ပျောက် ဟိုတယ်အပြင်ဘက် ထွက်လာလိုက်တယ်။ သြ..၊ ကျုပ်ပြောဖို့ မေ့နေတယ်။ ကျုပ်တည်းတဲ့ ဟိုတယ်က ပသူနန်းရပ်ကွက်နဲ့ မလှမ်းမကမ်းမှာဗျ။
ကျုပ်စိတ်ထင် ဘန်ကောက် ပသူနမ်းအရပ်ဟာ ထိုင်းရောက် မြန်မာအလုပ်သမား အများစု ကျက်စားတဲ့နေရာပဲဗျ။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသည်တွေ အဖြစ်နဲ့တော့ မဟုတ်ဘူးပေါ့ဗျာ။ မြန်မာ ကျေးလက်အနှံ့အပြားနဲ့ မြို့ကြီးတွေကပါမကျန် အရွယ်ကောင်းတဲ့ သူတွေမှန်သမျှ ထိုင်းတွေမလုပ်ချင်တဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ဖို့ ထိုင်းကို ရောက်နေကြတာများ ထိုင်းတစ်နိုင်ငံလုံးမှာဆို သုံးသန်းဝန်းကျင်တောင် ရှိသတဲ့။
ပလက်တီနန်၊ ဒိုင်းမွန်း၊ ပန်ဒစ်စတဲ့ ပလာဇာအားလုံးလိုလိုရဲ့ ရှိရှိသမျှဆိုင်တွေမှာ မြန်မာ အလုပ်သမားတွေချည်း ပါပဲ။ လမ်းဘေးကြက်ကြော်ဆိုင်၊ အအေးဆိုင်၊ ကွတ်တီယိုဆိုင်၊ အထည်ဆိုင်တွေ တိုင်းတွေမှာလည်း မြန်မာအလုပ်သမားတွေနဲ့ မကင်းကြပါဘူး။ ထိုင်းလူမျိုး တစ်ယောက်ယောက်ရဲ့ နာမည်ခံ၊ ထိုင်းရဲကို လိုင်းကြေးပေးပြီး ကိုယ်ပိုင်အဖြစ် ဖွင့်ထားတဲ့ မြန်မာထမင်းဆိုင် ခပ်စုတ်စုတ်နဲ့ ကွမ်းယာဆိုင်တချို့လည်း ရှိပါ့ဗျာ။
ဘာမှဝယ်စရာ ခြမ်းစရာမရှိဘဲ ပသူနန်းတစ်ဝိုက်မှာ ပွဲဈေးတန်း လျှောက်သလို လုပ်နေလိုက်တာ တစ်နာရီကျော်လောက် ကြာတော့ ကျုပ်ဗိုက်ထဲက ဟာတာတာ ဖြစ်လာတာနဲ့ အိန္ဒိယစာ စားမဟဲ့ဆိုပြီး ပသူနန်းဈေးနားက ဆိုင်တစ်ဆိုင်ကိုလည်း ဝင်လိုက်ရော ဒယ်အိုးဖင်က အဖေခေါ်ရလောက်အောင် မဲပြောင်နေတဲ့ ကိုရွှေကပ္ပလီတွေနဲ့ တိုးပြန်ပါလေရောဗျာ။ ကျုပ်သိသလောက်တော့ အဲဒီဆိုင်ဟာ ဂျော်ဒန်နိုင်ငံသား တစ်ယောက် ဖွင့်ထားတဲ့ဆိုင်ဗျ။ နံပြားတို့၊ ဒံပေါက်တို့လို အိန္ဒိယအစားအစာလည်း ရနိုင်လေရဲ့။
လူမည်းတွေချည်း ပြည့်နေတာမို့ ကျုပ်လည်း မရ၊ရတဲ့ စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်တာ အသက်အစိတ်ဝန်းကျင် လူမည်းလေးနဲ့ တစ်ဝိုင်းတည်း မျက်နှာချင်းဆိုင် ထိုင်မိကြတယ်ဆိုပါတော့။ ကျုပ်က ဒံပေါက်တစ်ပွဲ မှာထားတုန်း သူက နံပြားနဲ့ပဲဟင်းကို ပယ်ပယ်နယ်နယ် လွေးနေပြီဗျ။ ကျုပ်လည်း ငြိမ်ပြီးထိုင်နေရတာ ခပ်ငူငူဖြစ်လာတာမို့ အဲဒီလူမည်း ကလေးကို ဘိုစကားနဲ့ လှမ်းပြီးစပ်စုလိုက်မိတယ်။
“ကိုရင်က၊ ဘယ်နိုင်ငံကပါလိမ့်” ဆိုတော့..
“အီသီယိုးပီးယားကဗျ”…တဲ့။ အမယ်။ သူ့အင်္ဂလိပ်စကားပြော အသံထွက်က တယ်ပီသကိုး။
(၄)
ဟုတ်တော့နေပါပြီ။ အီသီယိုးပီးယားဆိုတာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ဝန်းကျင်ကတော့ အငတ်ဘေးကြီး ဆိုက်ခဲ့တာမို့ ကမ္ဘာကျော်ခဲ့သပေါ့။ အီသီယိုပီးယားမြို့ကြီး တချို့ ခေတ်မီနေတဲ့ သတင်းတွေ ကျုပ်မကြာခင်က ဖတ်ခဲ့ဖူးပေမယ့် မြို့တော် အဒစ်အဘာဘာလို မြို့ကြီးတွေလောက်သာ ဖြစ်မှာပါလေလို့သာ သဘောပိုက်ခဲ့တာကြောင့် ကျုပ်ဆက်ပြီး အာချောင်လိုက်မိတယ်။
“အီသီယိုးပီးယား ဘယ်မြို့ကပါလိမ့်”
“မြို့ပေါ်က မဟုတ်ပါဘူး။ တောရွာလေး တစ်ရွာကပါ။ သိပ်ခေါင်တဲ့ နေရာဆိုပါတော့”
“ဒါနဲ့ ဘယ်တက္ကသိုလ်က ကျောင်းပြီးခဲ့ပါလိမ့်”
“ကျွန်တော် ကျောင်းစာ ငါးတန်းပဲသင်ခဲ့တယ်”
“သြော်၊ သြော်၊ ဒါဆို အခုထိုင်းကို အလည်လာတာပေါ့နော်”
“မဟုတ်ဘူးလေ။ ထိုင်းက အဝတ်အထည်တွေကို အီသီယိုးပီးယားကို တင်ပို့တဲ့အလုပ် လုပ်နေတာဗျ။ အီသီယိုးပီးယား တောသားတွေ အတော်များများ ပသူနန်းတစ်ဝိုက်မှာ တောင် အခြေချနေကြပြီလေ။ ဟိုဘက်စားပွဲက အုပ်စုလည်း အီသီယိုးပီးယားတွေဗျ”
“သြ။ တယ်ဟုတ်ပါလား။ ဒါဆိုကိုရင်က အီသီယိုးပီးယားနဲ့ ယိုးဒယားကို သွားချည်လာလှည့်ပေါ့။ ဟုတ်လား”
“ဆိုပါတော့ဗျာ။ ဒါပေမယ့် မွမ်ဘိုင်းမှာလည်း အနေများတယ်။ မွမ်ဘိုင်းမှာ ကျွန်တော့်ရုံးခန်း ဖွင့်ထားတယ်လေ”
“မြတ်စွာဘုရား” လို့ အာမေဋိတ်သံ အကျယ်ကြီး ထွက်မသွားအောင် ကျုပ် အတော်ထိန်းလိုက်ရသဗျာ။ သူက ဆက်ပြီး သူ့အဝတ်အထည်တွေကို ထိုင်းကနေ အီသီယိုးပီးယား အရောက် ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ အိန္ဒိယဆိပ်ကမ်းမြို့တွေက တစ်ဆင့် သယ်ယူပုံကို သူ့လက်ကိုင် တယ်လီဖုန်းထဲကနေ ဂူဂဲလ်မှာရှာပြီး ကျုပ်ကို ရှင်းပြနေတာ ကျုပ်ဖြင့် ကြားတစ်ချက် မကြားတစ်ချက်ပါပဲ။
တရုတ်တွေကို မြင်ရလို့ စိတ်မသက်မသာ ဖြစ်ရတဲ့ ကျုပ်ဟာ အီသီယိုးပီးယား ကပ္ပလီလေးကိုမြင်တော့ ပိုဆိုးလာတာပေါ့ဗျာ။ ဒါနဲ့ပဲ စားပွဲထိုးလေး လာချပေးတဲ့ ဒံပေါက်ပန်းကန်ကို ဘယ်လို စားမိလိုက်မှန်းတောင် မသိတော့ပါဘူး။ ကျသင့်ငွေကိုရှင်း အီသီယိုးပီးယား ချာတိတ်လေးကို နှုတ်ဆက်ပြီး ဆိုင်ပြင်ထွက်လာလိုက်တာ ကျုပ်ခြေလှမ်းတွေဟာ ဘယ်ကို ဦးတည်နေတာ ဆိုတာကိုတောင် ကျုပ်သတိမထားမိတော့ဘူးဗျာ။
သြ..၊ မေ့နေပြန်ပြီ။ အဲဒီဆိုင်က စားပွဲထိုးချာတိတ်လေးဟာ ကျုပ်နဲ့ အတော်ခင်သဗျ။ မော်လမြိုင် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ မွန်လူငယ်လေးပေါ့။ ထိုင်း၊ အင်္ဂလိပ်နဲ့ အာရဗီစကားတွေကို မွှတ်နေအောင် ပြောတတ်တယ်ဗျ။
(၅)
စကားကြီး စကားကျယ်ပြောရမယ် ဆိုရင်တော့ ကျုပ်စိတ်ဟာ ကျုပ်နိုင်ငံရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးမှာ လူးလာခတ်နေတော့တာပါပဲ။ သြော်.. သူတို့ ကမ္ဘာလှည့်ပြီး အပန်းဖြေနေကြပြီ။ ဗဟုသုတ ရှာဖွေနေကြပြီ။ ကမ္ဘာကြီး ခါးစောင်းတင်ပြီး စီးပွားရှာနေကြပါပကော ဆိုတဲ့ အတွေးတွေဟာ ကျုပ်စိတ်ကို ဖိစီးနှိပ်စက်လာပြန်ပါတယ်။
အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ်မျက်နှာ တွေကိုတောင် သတိမမူတော့ဘဲ လှမ်းနေမိတဲ့ ကျုပ်ခြေလှမ်းတွေကို ကျုပ်ပြန်ပြီး သတိချပ်မိချိန်မှာတော့ ကျုပ်ဟာ ပါ့စပို့စ်ပွဲစားရဲ့ ရုံးခန်းဝကို ရောက်နေပါပြီ။
အဲဒီနေ့က ကျုပ်အဖြစ်ဟာ တွတ်ပီကံမကောင်းပါလားလို့ ညည်းချင်းချရမယ့် နေ့ပါပဲ။ ကျုပ်အဲဒီရုံးခန်းထဲ ရောက်ချိန်မှာ ထိုင်းပတ်စပို့စ်ပွဲစားဟာ ထိုင်းသတင်းစာ တစ်စောင်ကိုကိုင်ပြီး သူ့မိတ်ဆွေ လေးငါးယောက်နဲ့ အကြီးအကျယ် စကားကောင်းနေကြလေရဲ့။ သူတို့ပြောနေတဲ့ အကြောင်းအရာကို ကျုပ်ကောင်းကောင်းကြီး နားလည်ပါသော်ကောဗျာ။ တခြား ဟုတ်ပါရိုးလား။ ဘန်ကောက် မြို့လယ်ခေါင်က နာမည်ကြီး ရေချိုးခန်းတစ်ခုကို ထိုင်းထောက်လှမ်းရေးတွေ နှစ်လကြာ အချိန်ယူပြီး ထောက်လှမ်း ဖော်ထုတ်ရာမှာ တရားမဝင် လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ရာနဲ့ချီပြီး ဖမ်းမိတဲ့သတင်းပေါ့။ အဲဒီဖမ်းမိတဲ့ ပြည့်တန်ဆာတွေထဲမှာ ကျုပ်တို့ မြန်မာအမျိုးသမီး ပြည့်တန်ဆာဦးရေက အများဆုံးပဲတဲ့။
ကျုပ်ကတော့ သူတို့ အာပေါင်အာရင်းသန်သန် အချီအချ ပြောနေကြတာကို မသိချင်ယောင်ဆောင်ပြီး ပတ်စပို့ပွဲစား ထိုးပေးတဲ့ ကျုပ်ပတ်စပို့စ်စာအုပ်ကို အသာလှမ်းယူလိုက်ချိန်မှာတော့ စကားဝိုင်းထဲက ကိုယ်တော်ချောတွေဟာ ကျုပ်ပါ့စပို့စ်အရောင်ကို သတိထားမိ သွားကြဟန်တူပါရဲ့။ သူတို့မျက်လုံးတွေဟာ ကျုပ်ဆီကို စုပုံကျရောက်လာပါတော့တယ်။
(၆)
ဘယ်လိုမှ မျက်နှာမထားတတ်တော့တဲ့အဆုံး ကျုပ်လည်း ဗီဇာသက်တမ်းတိုးခ ကျသင့်ငွေကို ရှင်းပေးရင်း မျက်နှာပူပူနဲ့ ပွဲစားရုံးခန်းကနေ အပြင်ကိုထွက်လာခဲ့တာပါပဲ။ ကျုပ်ဣနြေ္ဒပျက်ပြီး ဂဏှာမငြိမ်ဖြစ်နေပုံများဗျာ။ ငါ့တယ်လီဖုန်း ဘယ်ကျန်ခဲ့ပါလိမ့်ဆိုပြီး ဘောင်းဘီနဲ့ အင်္ကျီအိတ်ကပ်တွေကို အလန့်တကြား လျှောက်စမ်းမိတဲ့အထိပါပဲ။
ဘောင်းဘီအိတ်ထဲမှာ ဖုန်းကိုတွေ့တော့ အရေးထဲ အရာပေါ်ဆိုသလို ကျုပ်ဘယ်ခလုတ်ကို နှိပ်မိတယ်မဆိုနိုင်ဘူး။ ကျုပ် ဒေါင်းလုပ်လုပ်ထားပြီး အမြဲဖွင့်နားထောင်နေကျ သီချင်းတစ်ပုဒ်ဟာ ဘန်ကောက်မြို့ ပသူနမ်းအရပ်မှာရှိတဲ့
တစ်ခုသော လမ်းမပေါ်မှာ လွင့်ပျံလာလေရဲ့ဗျာ။
“တကောင်း အဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျှက် ထင်းတလှည့်ကြုံရ၊ ထုံးနှင့်မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ကံခေ ပြန်ရသလေ၊ သို့သော် အရင်းကိုစစ်လျှင်၊ ဗမာပြေ ၊ ငါတို့ ငါတို့ပြေ။
နောင် ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား။ တို့ဗမာ ၊ တို့ဗမာ မဟုတ်လေသလား။
(တို့ဗမာ ၊ ငါတို့ဗမာ) ၂ (ဒါ- ငါတို့ဗမာ)၂
အားလုံးညီညီ၊ ယောင်္ကျားဘသား တို့ဗမာ၊ နောင်လာနောက်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ၊ တို့ဗမာတို့ပါ။
သခင်ကျင့်ကိုကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ၊ အထက်တန်းနှင့် စာမရီသွေး၊ တို့ဗမာ”

၁၇ ဇွန် ၂၀၁၆နေ့ထုတ် စောင့်ကြည့်အပတ်စဉ်ဂျာနယ်မှ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...