Monday, June 27, 2016

မြန်မာနိုင်ငံသမိုင်းသစ် ၏ လမ်းဆုံလမ်းခွသို့ရောက်ရှိခြင်း

2011+ publishing

တရုတ်-မြန်မာ ၃.ဝ

တကယ်လို့များ နိုင်ငံရေးဝါသနာပါတဲ့သူ တယောက်ယောက်ကို ဒီနေ့တရုတ်ပြည်အပေါ် ဘယ်လိုမြင်သလဲ မေးကြည့်ရင် စီးပွားရေးအရနိုင်ငံတော်ကဦးဆောင်တဲ့ အရင်းရှင်စံနစ် (State Capitalism) ဖြစ်ပြီး နိုင်ငံရေးအရ လူထု အပေါ် ဖိနှိပ်ချုပ်ချယ်မှု နဲ့ အစိုးရအရာရှိတွေရဲ့ ခြစား မှုတွေနဲ့ ပြည့်နေတဲ့ နိုင်ငံပါလို့ ပြန်ကြားရဖို့ရှိနေပါတယ်။ ဒါပေ မယ့် ဒီအနေအထားကို ကြာကြာ ထိန်းထားလို့မရနိုင်ဘူး ဆိုတာကို တရုတ်ခေါင်းဆောင်တွေက သိနေတယ်။ တရုတ် နိုင်ငံရေး သိပ္ပံပညာရှင်တွေကလည်း လေ့လာထောက်ပြနေကြတယ်။
တရုတ်ပြည်တွင်း ပြသနာတွေ လိပ်ခဲ တင်းတင်း ဖြစ်နေတာတော့ ကြာပါပြီ။ တကယ့်ဇတ်လမ်းက ၂၀၁၂ မှာ ပိုပီပြင်လာတာပါ။
တရုတ် ၃.ဝ
၂၀၁၂ ဇန္န၀ါရီ မှာ ဂွမ်ဒေါင်းကရွာတရွာမှာ ကျေးရွာအဖွဲ့အစည်းပိုင်မြေတွေကို လာဘ်စားပြီး ဈေးပေါပေါနဲ့ ရောင်းထုတ်လိုက်တဲ့ အရာရှိတွေကို ဖြုတ်ပစ်ဖို့ လူထုကို ဆန္ဒမဲပေးခွင့် ပြုခဲ့တယ်။ လူမှု မငြိမ်သက်မှုကို နိုင်ငံရေး လွတ်လပ်ခွင့် နဲ့ ဖြေရှင်းအောင်မြင်တဲ့ အတွေ့အကြုံကောင်းတခုကို တရုတ်ရလိုက်တာပါ။ ဖေဖော်ဝါရီမှာ ကမ္ဘာ့ ဘဏ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးမှုနဲ့ပြင်ဆင်ရေးကော်မရှင်က အစီရင်ခံစာမှာဈေးကွက်ပြင်ဆင်မှုတွေလုပ်ဖို့ ပါလာခဲ့တယ်။ မတ်လ ရောက်တော့ ချုံကင်းပါတီအကြီးအကဲ ဘိုလျောက်လိုင် (Boxilai) ကိုပါတီကနေထုတ်ပြီး ထောင်တသက် ပစ်ဒါဏ် ပေးခဲ့တယ်။ (ဘို ဟာ မော်ဝါဒီတဦးဖြစ်ပြီး ပူတင်ပုံစံအုပ်ချုပ်ရေးနဲ့ ချုံကင်းကို ထိမ်းထားတဲ့ လက်ဝဲသစ် တဦးပါ။ သူ့ရဲ့ တကယ့် ပြဿနာက သူတို့ပိုင်ဆိုင်မှုတွေနဲ့လုပ်ငန်းတွေ၊ သူ့သားနိုင်ငံရပ်ခြား ကျောင်းပညာရေးတွေ အားလုံး ကြားခံ ဆောင်ရွက်နေတဲ့အင်္ဂလိပ်တယောက်သေဆုံးမှုနဲ့ အဓိကပတ်သက်ပါတယ်။ ဘို ဟာ တရုတ် ဗဟိုက ၉ဦး ပေါ်လစ်ဗျူရို ထဲမှာ ၁၈ကြိမ်မြောက်ကွန်ဂရက်မှာ ပါမယ်လို့ထင်ကြေးပေးခံထားရသူပါ။ ၂၀၁၂ တရုတ် ကွန်မြူနစ်ပါတီ၁၈ကြိမ်မြောက်ကွန်ဂရက်ဆိုတာ ရှီကျင်းပင်ကိုအာဏာလွှဲပြောင်းတဲ့ကွန်ဂယက်ပေါ့။ ဆိုတော့ သူပြုတ် သွားတာဟာ အပြောင်းအလဲ ကြီး တခုလို့ပြောရမှာ ပါပဲ)။ တရုတ် ကြွယ်ဝမှု နဲ့ အတူတွဲ နေတဲ့ ခြစား မှုတွေနဲ့ လူမှု အကျပ်အတည်း အသစ်တွေဟာ တရုတ်ကို ခေတ်ဟောင်းကို ပြန်မျှော်ကြည့် စေခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် ဘို နဲ့ သူ့မိန်းမကို ရှင်း လိုက်တာ၊ ရှီကျင်းပင် လူမြင်ကွင်းက ခန ပျောက်သွားတာ၊ ထင်ရှားတဲ့ ခေါင်းဆောင် တချို့ အရေး မပါတဲ့ နေရာတွေ ပထုတ်ခံရတာတွေ စတဲ့ ပြည်တွင်း အကျပ်အတည်းတွေ အပြင် နိုင်ငံရပ်ခြားကို ကြည့်တော့ ဂျပန် နဲ့ တင်းမာမှုလည်း ကြီးထွားလာခဲ့တာတွေ့ရတယ်။ ဆိုတော့ ဒါဟာ တိန့်ရှောင်ဖိန် သတ်မှတ်ခဲ့တဲ့ ဖွင့်ထုတ်ခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်း (Opening and Reform) ခေတ်တခေတ် တကယ်ကုန်ဆုံး သွားပြီး နောက်ထပ်အဆင့်တခုထဲ ၀င်ရောက်ဖို့ လိုလာပြီ ဆိုတာကို တရုတ်ခေါင်းဆောင်တွေ သဘောပေါက်လာ ကြတယ်။
တရုတ်တွေကသမိုင်းကို နှစ်၃၀တခါလောက်ပြောင်းလဲတိုးတက်နေတယ်လို့ သတ်မှတ်တယ်။ တရုတ် ၁.၀ ဟာ မော်စီတုန်းလက်ထက်ဖြစ်ပြီး ၁၉၄၉ ကနေ ၁၉၇၈ အထိသတ်မှတ်ထားတယ်။ အဲသည်အချိန်ကို ကြည့်တော့ စီးပွားရေးမှာ စီမံကိန်းစနစ်၊ နိုင်ငံရေးမှာ လီနင်ဝါဒ နဲ့ နိုင်ငံခြားရေးပေါ်လစီအနေနဲ့ တကမ္ဘာလုံးကို တော်လှန်ရေး သဘောတရား တွေတင်ပို့ဖို့ပဲ။ တိန့်ရှောင်ဖိန်လက်ထက်ကစတဲ့ တရုတ် ၂.၀ ကို ၁၉၇၈ ကနေ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှာ အမေရိကန်က လေးမင်းဘရားသား ဘဏ် ပြိုကွဲသွားတဲ့ ၂၀၀၈ အထိသတ်မှတ်တယ်။ စီးပွားရေး မှာ တရုတ်ကြံအင်လက္ခဏာတွေနဲ့ညီညွတ်တဲ့ ဆိုရှယ်လစ် စံနစ်လို့ဆိုတဲ့ ပို့ကုန်အဓိကဈေးကွက်စံနစ်၊ တိန့်အင်မင် အရေးအခင်းကို ဖြတ်သန်းခဲ့ရတဲ့ အဲသည်ခေတ် နိုင်ငံရေးကတော့ ခေါင်းဆောင်တွေခြင်းညှိနှိုင်းသဘောတူညီမှုနဲ့ သွားရမယ့် တည်ငြိမ်မှုဦးစားပေးပုံစံ၊ နိုင်ငံခြားရေးပေါ်လစီမှာ ကြောင်လက်သည်းဝှက် (နိုင်ငံတကာမှာ အေးအေး ဆေးဆေး နဲ့ဘယ်ဘက်မှဝင်မယိမ်းပဲ လူမြင်ကွင်းမထွက်ပဲ တရုတ်တိုးတက်ရေးကို ဇောက်ချလုပ်ဖို့) တို့ပဲဖြစ်တယ်။ တိန့်ရှောင်ဖိန်လက်ထက်မှာ တရုတ်အတွက် နယ်ပယ်၃ခုကို မပြတ်လေ့လာဖို့နဲ့ မြှင့်တင်ဖို့ သတိပေးသွားခဲ့တယ်။ အဲဒါတွေက ကြွယ်ဝခြင်း (Affluence)၊ တည်ငြိမ်ရေး (Stability) နဲ့ ပါဝါ (Power) တို့ဖြစ်တယ်။ ပြန်ကြည့်တော့ စီးပွားရေး၊ နိုင်ငံရေး နဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အမြဲဆန်းစစ်နေစေရေးပဲဖြစ်တယ်။
ဒါပေမယ့်ဒီသုံးချက်စလုံးမှာ ပြသနာအသစ်တွေပေါ်ပေါက်နေတာတွေ့ရပြန်တယ်။ ပြီးခဲ့တဲ့ဟူ-၀မ် (ဟူဂျင် တောင် နဲ့ ၀မ်ကြားပေါင်) ခေတ်ကိုတရုတ်တွေက ဆုံးရှုံးဆယ်စုနှစ်လို့ သတ်မှတ်တယ်။ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ် တာတွေကို သေသေချာချာ မလုပ်နိုင်ခဲ့ကြဘူးလို့ဆိုတယ်။ တရုတ် ၃.၀ ဟာ ဒီနယ်ပယ်သုံးခုမှာ ဆက်ပြီး အဖြေ ရှာကြရလိမ့်မယ်။ အပြောင်းအလဲဟာ အခြေခံမှာကို ရှိမယ် ကြီးမားမယ်လို့ ယူဆထားကြတယ်။ တရုတ် ၁.၀ ခေတ် ၁၉၄၉ ကလို ကွန်မြူနစ်စံနစ်ကိုစတည်လိုက်တဲ့ အပြောင်းအလဲမျိုး၊ ၁၉၇၉ တရုတ် ၂.၀ မှာလုပ်ခဲ့တဲ့ ကမ္ဘာ့ ဈေးကွက် ထဲ စ၀င်လိုက်တဲ့ အပြောင်းအလဲမျိုး၊ အခုလုပ်မယ့် အပြောင်းအလဲဟာ ကြီးမားမယ်လို့ နမူနာပေး ပြောကြတယ်။ ဒါပေမယ့် အဲဒီခေတ် ၂ခုစလုံးနဲ့မတူတဲ့ ပြသနာ တခုရှိနေတယ်။ အဲဒါကဘာလည်း ဆိုတော့ အခု တရုတ် ၃.၀ မှာ ဟိုတုန်းကပြောင်းသလို မှီငြမ်းသွားရမယ့် နိုင်ငံတကာ မော်ဒယ် မရှိဘူးဖြစ်နေတယ်။ ဘာကိုးကားစရာမှ မရှိ၊ ရှောင်ရန် ဆောင်ရန်တွေမရှိဖြစ်နေတယ်။ ခုအချိန်က ပီကင်းမျှခြေ ပြန်ရှာနေရုံသက်သက်မဟုတ်ဘူး။ အနောက် မှာလည်း ပြသနာတွေနဲ့ သူတို့မလည်း သုမနကျောလို ဒါဏ်ရာတွေနဲ့ မလား။ ရှီကျင်းပင် ဦးဆောင်တဲ့ တရုတ် ၃.၀ ဟာ မြေပုံ မရှိတဲ့ နယ်မြေသစ်တခုထဲမှာ။ ရှေ့ကို စမ်းတ၀ါးဝါး ၀င်လာခဲ့ကြတယ်။
လက်ဝဲသစ် နဲ့ လက်ယာသစ်
၂၀၁၂ နောက်ပိုင်းမှာ တရုတ်အနာဂတ်ဆိုတဲ့ ဒီဘိတ်ဟာ တရုတ်ပညာရှင်တွေနဲ့ ကွန်မြူနစ်ပါတီ အတွင်းမှာ လျှံကျလာတယ်။ အရင်ကသူတို့ဟာ ရွေးကောက်ပွဲနဲ့မျှင်းသွားတဲ့ ပုံစံတွေကိုကြည့်တယ်။ ဥပမာ မသေမရှင် အတိုက် အခံပါတီ နဲ့ စင်ကာပူပုံစံအာဏာရှင်တို့က အစ မြန်မာပုံစံတွေအထိပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေ ရေရှည် မှာ အလုပ်မဖြစ်နိုင်ဘူး ဆိုတာသူတို့ ရိပ်မိပါလိမ့်မယ်။ ဒီမိုကရေစီ ကိုပဲလုံးဝ ၀င်လိုက်ဖို့ ထိုင်ဝမ် သက်ရောက်မှု တွေကို လေ့လာတယ်။ တရုတ်တွေ ထိုင်ဝမ်ကိုကောင်းကောင်းလေ့လာရပါတယ်။ တရုတ်အခံ ယဉ်ကျေးမှု ဟာ ဒီမို ကရေစီ နဲ့ မနီးစပ်ဘူးဆိုတာကို ထိုင်ဝမ်က ပယ်ဖျက်နိုင်ခဲ့လို့ပါ။ ခုတော့ သူတို့ ပြည်တွင်းကိုပြန် လှည့်ကြည့် ကြပြီ။ တရုတ်ဒေသ ၂ ခုဖြစ်တဲ့ ချူံကင်း (Chongqing) နဲ့ ဂွမ်ဒေါင်း (Guangdong) ကို သူတို့လေ့လာခဲ့ ကြတယ်။ ဒီမော်ဒယ် နှစ်ခုကြား ခုအားပြိုင်နေကြတယ်။ ဂွမ်ဒေါင်းဟာ ကြွယ်ဝတဲ့ ပင်လယ်ကမ်းခြေဒေသပါ။ မီဒီယာ လွတ်လပ် ခွင့် ရှိတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရှိတယ်။ နိုင်ငံရေးလွတ်လပ်မှု နဲ့ လူမှုတင်းမာမှုတွေကို ဖြေရှင်းတယ်။ စီးပွားရေးလွတ်လပ်တယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ဟာ ချုံကင်းဖြစ်တယ်။ ကုန်းပိတ်ပြည်နယ်တခု ဖြစ်ပြီး လူမှုစီးပွား တန်းတူညီမျှရေးပေါ်လစီနဲ့ ဒေသတွင်းစားသုံးမှုကို အားပြုထားရတာဖြစ်တယ်။
ဖြုတ်ခံရတဲ့ ဘိုလျောက်လိုင်ဟာချုံကင်းပါတီအကြီးအကဲဖြစ်တယ်။ သူ့ပြိုင်ဘက်ဂွမ်ဒေါင်းပါတီ ခေါင်းဆောင် ၀မ်ယန်း ဟာ ဘို ပြုတ်ပြီးကတည်းက လူလုံးသိပ်မပြတော့ဘူး။ တရုတ်ပါတီခေါင်းဆောင်တွေလေ့လာနေတဲ့ ဒီ မော်ဒယ် နှစ်ခုကို တရုတ်ပညာရှင်တွေကပံ့ပိုးပေးနေကြတာ ဖြစ်တယ်။ တရုတ်ပညာရှင် တွေထဲမှာလည်းအမြင်တွေ မတူကြဘူး။ အဓိက အမြင်၂ မျိုးကွဲနေတယ်လို့ပြောလို့ရတယ်။ တဖွဲ့က လူမှုညီမျှရေးဆိုတဲ့ လက်ဝဲသစ်တွေ ဖြစ်ပြီး၊ နောက်တဖွဲ့က ယှဉ်ပြိုင်နိုင်တဲ့ကောင်က ရှင်သန်ကျန်ရစ်မှာပဲဆိုတဲ့ လက်ယာသစ်တွေပါ။ ဒီတော့ ရှင်းပါတယ် ချုံကင်း မော်ဒယ် ကို လက်ဝဲသစ်တွေက သဘောကျပြီး၊ ဂွမ်ဒေါင်းမော်ဒယ်ကို လက်ယာသစ် တွေက လိုက်စေချင်တယ်။ လက်ယာသစ် ဆိုတဲ့ တဘက်က နိုင်ငံရေး နဲ့ စီးပွားရေး ကို ဖွင့်ပြီးရှင်း၊ ပြည်သူတွေရဲ့ နိုင်ငံရေး ပါဝင် ပတ်သက်မှု ကိုလက်ခံ၊ ရွေးကောက်ပွဲတွေ၊ ဥပဒေတွေ၊ နဲ့ နိုင်ငံတော်ရဲ့ပါဝါကိုကန့်သတ်ထားဖို့ နဲ့ လက်ဝဲသစ် ဆိုတဲ့ အခြား တဘက်က ဗဟိုကချုပ်ကိုင်ထားပြီး နိုင်ငံရေးပွင့်လင်းမှုကိုအရမ်းမပေးဘဲ ခရိုနီစီးပွားရေး နဲ့ ထိမ်းကျောင်း သွားကြ ဖို့ပဲ။ ဒီနှစ်ဘက် ဘယ်ဘက်ကို ယိမ်းမလဲဆိုတာ သိဖို့ လက်ရှိတရုတ် တွေအဖြေရှာနေတဲ့ နယ်ပယ် ၃ခုကို ကြည့်ကြ ရအောင်။
ကြွယ်ဝခြင်း၊ တည်ငြိမ်မှု နှင့် ပါဝါ
အပေါ်မှာပြောတဲ့လက်ဝဲသစ် တွေဟာ ဈေးကွက်ဖွင့်ထားပြီး လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အကုန်လုပ်ပစ်မယ့် အစား ဗဟိုချုပ်ထားတဲ့စီမံကိန်းစံနစ်၊ ဈေးကွက်နဲ့ စီမံကိန်းရောသွားချင်တဲ့နည်းပါ။ ပြည်တွင်းစားသုံးမှုကိုအခြေခံပြီး နိုင်ငံတော် နဲ့ ပုဂ္ဂလိကပေါင်းထားတဲ့ စီးပွားရေးဖြစ်တယ်။ ဘိုလျောက်လိုင် အရာကျသွားမှ ဒီပုံစံအားလျော့သွားတယ်။ ဒါပေမယ့် ခရိုနီအားပြုအရင်းရှင်ပုံစံဟာ တရုတ်စီးပွားရေးကို ဆင်းရဲချမ်းသာ အရမ်းကွာဟသွားအောင်လုပ်ပစ်ခဲ့တယ်။ သမ္မတ ရှီကျင်းပင်ရဲ့ ဒေါက်တာဘွဲ့ကိုကြီးကြပ်ခဲ့တဲ့ တရုတ်လူမှုပညာရှင် စန်းလီပင်း (Sun Liping) လေ့လာချက် အရ နိုင်ငံတော်ကနေ ဦးဆောင်သွားတဲ့ တရုတ်စီးပွားရေးပုံစံဟာ အကျိုးအမြတ်ကြီးမားတဲ့ အုပ်စုတွေကိုဖန်တီး ခဲ့တယ်။ ဒီခရိုနီတွေဟာ မြေယာ၊ ဓာတ်သတ္တု၊ ငွေကြေးမြုပ်နှံမှု၊ အခြေခံစီးပွားရေး အဆောက်အဦတွေ၊ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တွေ၊ စွမ်းအင်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ နဲ့ အခြားအရေးပါတဲ့လုပ်ငန်းတွေအားလုံးမှာ လွှမ်းမိုးချုပ်ကိုင်ထား နိုင်ခဲ့တယ်။ ခြစားမှုတွေလည်း အကြီးအကျယ်ပေါ်ထွန်းခဲ့တယ်။ ပြဿနာက လက်ဝဲသစ်နဲ့ လက်ယာသစ် ရဲ့ စီးပွားရေး သဘောတရားတွေမဟုတ်ပဲ မသမာမှုတွေနဲ့ခြစားထားတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ခရိုနီ စီးပွားရေးတွေက စီးပွားရေးမှာလက်ဝါးကြီးအုပ်ကျိုးကိုင်ထားတာကို ဘယ်လိုအဆုံးသတ်မလည်း ဆိုတဲ့ နိုင်ငံရေး ပြဿနာ ဖြစ်တယ်ဆိုတာပါပဲ။
၁၉၈၉ မတိုင်မီအထိ တရုတ်ပညာရှင်အများစုနားလည်ထားကြတာက တရုတ်ဟာ ဒီထက်ဖွံ့ဖြိုးတိုးတက် လာလေလေ အနောက်ပုံစံလွတ်လပ်မှု နဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ကျိုးစားလေလေ ဆိုတာပါ။ ဒါပေမယ့် ပြည်ပမှာ ဆိုဗီယက်ပြိုကွဲသွားပြီး ပြည်တွင်းမှာ တိန့်အင်မင် အရေးအခင်းကို ကြုံလိုက်ရတဲ့ တရုတ်တွေဟာ နိုင်ငံရေး လွတ်လပ်မှု နဲ့ပြန်လည်ပြင်ဆင်ရေးတွေအပေါ်မှာ ထိတ်လန့်ခဲ့ကြတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့တဲ့ စန်းလီပင်း ရဲ့စာတမ်း မှာ တရုတ်တွေဟာတည်ငြိမ်မှုကိုဦးစားပေးလွန်းတာဟာ လူမှုပြဿနာတွေကို ပိုပြီပေါ်ပေါက်လာ စေတယ် ဆိုတာပါပဲ။ တည်ငြိမ်မှု အသားပေးဆိုပြီး တရုတ်တွေ ဆယ်စုနှစ် ၂ခုလောက်ပစ်ထားခဲ့တဲ့ နိုင်ငံရေး အနေ အထားကို ခုပြန်ပြီးစီစစ်လာကြတယ်။ အမေရိကန်မှာ ပညာသင်လာခဲတဲ့ ပညာရှင်တဦးဖြစ်တဲ့ ပိုင်မင်ဇင် (Pei Minxin) နဲ့ သူ့ နောက်လိုက်အများအပြား က တိန့်အင်မင် ဖွဲ့စည်းမှု အသစ်တွေကိုတွေ့လာရတယ်လို့ ပြောလာခဲ့တယ်။ ၁၉၉၅ မှာ တရုတ် ထောက်လှမ်းရေးက ထုတ်ပြန်တဲ့စာရင်းအရ တနှစ်ကို ၉၀၀၀ လောက်ရှိတယ်ဆိုတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု တွေဟာ ၂၀၁၁ မှာ ၁၈၀၀၀၀ အထိတက်လာခဲ့တယ်။ ဒီစာရင်းတွေသာမှန်ရင် တရုတ်တနိုင်ငံလုံးမှာ တနာရီတိုင်းကို ဆူပူမှု နဲ့ဆန္ဒပြ မှု ၂၀ ခုလောက် ဖြစ်နေတဲ့သဘောပါ။ တရုတ်လက်ယာသစ်တွေက လူမှုမညီမျှမှုတွေ ဆိုတာ ရှိမှာ ပဲမို့ အစိုးရရဲ့ ဥပဒေအရ ဖြစ်တည်မှုကို အင်စတီကျူးရှင်းနဲ့သွားဖို့လိုလားကြပါတယ်။
ဆိုလိုတာက ပါတီတွေ ရွေးကောက်ပွဲတွေ နဲ့ရှင်းဖို့ပါ။ ဒါပေမယ့် တရုတ်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ပေးဖို့ အမြဲရပ်တည်ခဲ့တဲ့ စန်းလီပင်း သည်ပင် ရွေးကောက်ပွဲတွေ အပြည့်အ၀လုပ်ဖို့ကို တုံ့ဆိုင်းနေတယ်။ အကြောင်းပြချက်ကတော့ တရုတ် ဗဟိုချုပ် ပုံစံဟာ ပြည်သူတွေကို ကြီးမားတဲ့ လူမှုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ ပွင့်ထွက်သွားမှာကို စိုးရိမ် နေတဲ့သဘောပါ။ နောက် တမျိုး စဉ်းစားနေကြတာက ဗဟိုမှာ ခုလိုအပေါ်ပိုင်းက ရွေးချယ်တာကို ဆက်ထားပြီး အောက်ခြေမှာရွေးကောက်ပွဲ စံနစ်ကိုကျင့်သုံးနိုင်မလားဆိုတာပါ။ လက်ရှိအနေနဲကတော့ သတင်းနည်းပညာခေတ်ရဲ့ ဈေးကွက် ဖွင့်ထားတဲ့ စီးပွားရေးကို နိုင်ငံရေးအရ ဗဟိုကချုပ်ထားတာဟာ တရုတ်စံနစ်ရဲ့ အတွင်းပဋိပက္ခလို့ပဲ ပြောရ မှာဖြစ်တယ်။
မော်လက်ထက်က နိုင်ငံတကာကို တော်လှန်ရေးသဘောတရားတွေတင်ပို့ခဲ့တဲ့ တရုတ်ဟာ တိန့်ရှောင်ဖိန် လက်ထက်မှာ အနောက် အထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ကမ္ဘာ့တည်ငြိမ်ရေးအစီအစဉ်ထဲခိုဝင် အမေရိကန် အကာအကွယ် ပေးထားတဲ့ ဈေးကွက် နဲ့ ရင်းနှီးမြုပ်နှံမှုတွေ အကူအညီနဲ့ စီးပွားရေးဦးမော့လာခဲ့ပါတယ်။ သည်ရေစီး ကို အသာမျှောလိုက်ပြီး တရုတ်ကို ငြိမ်ငြိမ်သက်သက်နဲ့ကမ္ဘာ့နိုင်ငံကြီးတခုဖြစ်လာစေရေးဟာ တိန့်ရှောင်ဖိန် ရဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ်။
ခုတော့အကောင်ကပုန်းနေလို့မရတော့လောက်အောင် ကြီးလာတာမို့ ဒါကိုဘယ်လို တုန့်ပြန်ကြ မလည်းဆိုတာမှာတော့ ခေါင်းဆောင်တွေကြား သဘောထားတွေမတူခဲ့ကြဘူး။ အနောက်ပါဝါ နဲ့ လိုက်လျော ညီထွေနေ၊ ကမ္ဘာ့တည်ငြိမ်မှုအစီအစဉ်ထဲဝင်ဖို့လိုလာပြီဆိုတဲ့ Globalist တွေရှိသလို ပိုပြီးတော့တောင် သထိထားနေ ရမယ် ဆိုတဲ့ Realist တွေလည်းရှိနေပါတယ်။ (တရုတ်နိုင်ငံရေးသိပ္ပံပညာရှင် ၀န်ဇီစီ - Wang Jixi ဟာ အမေရိကန် အထူးကျွမ်းကျင်သူ၊ ပြီးခဲတဲ့ သမ္မတဟောင်း ဟူဂျင်တောင်ရဲ့ အတန်းဖော်ဖြစ်ပြီး တရုတ်အကျိုးစီးပွားကို ပိုအလေး ထားတဲ့ realist တဦးဖြစ်တယ်)။ သတိထားရမယ့် အထဲမှာ ၀ါရှင်တန်က နိုင်ငံခြားရေး ပေါ်လစီတွေ ကို မှီးပြီးသွား နေမယ့် အစား ကိုယ်လည်းအင်အားကြီးဖြစ်လာပြီမို့ ကိုယ်ပိုင်သဘောတရားနဲ့မူဝါဒတွေကို ချမှတ်ရမယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒီသဘောထားအတိုင်းဆက်ဆံရမယ်ဆိုတဲ့ အယူအဆတွေ ထွက်ပေါ်လာတာ ပါပဲ။ နောက် တခုက နိုင်ငံရပ်ခြားမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားပဲဖြစ်တယ်။ တရုတ် နိုင်ငံသား သန်း၅၀ ဟာ တရုတ်ပြည်ပြင်ပမှာရှိနေပြီး နိုင်ငံသားမဟုတ်တဲ့ တရုတ် သန်း၈၀ ဟာ တခြားတိုင်းပြည် တွေမှာ နေထိုင်နေ ပါတယ်။ အဲဒီ၂ ခုပေါင်းသန်း ၁၃၀ကိုသာ တနိုင်ငံထဲစုထားရင် ၁၀နိုင်ငံမြောက် ကမ္ဘာ့လူဦးရေ အများဆုံး ဖြစ်လာမှာ ဖြစ်ပြီး ဂျပန်ထက်ပိုလူဦးရေများတယ်လို့ ပြောနိုင်လာမှာဖြစ်တယ်။ ချမ်းသာလာတဲ့ တရုတ်တွေဟာ နိုင်ငံတကာ ကုမဏီကြီး တွေ ထောင်ပြီး နိုင်ငံအနှံ့ သွားလာလုပ်ကိုင်ကြတော့ သူ့လူမျိုးတွေ နိုင်ငံရပ်ခြားနေထိုင် တာပိုများလာ တဲ့သဘောပါ။ လစ်ဗျားမှာစစ်ဖြစ်တော့ တရုတ်ဟာ သူ့နိုင်ငံသား ၃၈၀၀၀ ကို လေယဉ်တွေနဲ့ မထုတ်သွားခဲ့တယ်။ တရုတ် အကျိုးစီးပွားကို ပါးပါးနပ်နပ်လုပ်ဖို့ နိုင်ငံတကာထဲဝင်ဆန့်နေထိုင်ဖို့ကို အကြံပြုကြတာတွေလည်း ရှိပြီး တရုတ်နိုင်ငံခြား ရေးပေါ်လစီမှာ ဒါကို တီထွင်ဖန်တီးမှုရှိတဲ့ပါဝင်ပတ်သက်မှု (Creative Involvement) လို့ဆို ပါတယ်။ ဒါပေမယ့် နောက်ပိုင်းလူငယ် မျိုးဆက်တွေက တရုတ်ကို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်စေလိုကြတယ်။ အမေရိကန်နဲ့ ယှဉ်ပြိုင်မယ့် ၀န်ရိုး၂ခုကမ္ဘာ (bipolar world) ကိုရွေးချယ်လိုကြပြီး အမျိုးသားရေးကဲတဲ့ နိုင်ငံခြားရေး ၀ါဒ ကိုအားပြု ထားတာတွေ့ရတယ်။ ဥရောပနိုင်ငံခြားရေးကျွမ်းကျင်သူတယောက်က ဆွေးနွေးပွဲတခုမှာ တရုတ် နိုင်ငံရေးသိပ္ပံပညာရှင် လူငယ်တဦးကို ခင်ဗျားတို့ ဥရောပကဘာလိုချင်တာလဲမေးတော့ တရုတ်မျိုးဆက်သစ် ပညာရှင်က ကျနော်တို့ တနေ့ အမေရိက နဲ့စစ်ဖြစ်ဖို့ကြုံလာရင် ကြားနေပေးဖို့ပါပဲလို့ဆိုတယ်။ နိုင်ငံတကာမှာ တရုတ်ပါဝါဟာ နိုင်ငံအရ အင်အားကြီးထွားလာတယ် ဆိုပေမယ့် နိုင်ငံရေးစံနစ်အရအားနဲမှုကြောင့် အဲသည်နှစ်ခုကြား ဒွိဟတွေနဲ့ စမ်းပြီး သွားနေရဆဲပဲ ဖြစ်တယ်။
မြန်မာစစ်အာဏာရှင်စံနစ် ၃.ဝ
တရုတ်နဲ့ မြန်မာကိုနှိုင်းယှဉ်ကြည့်ဖို့ဆိုတာ သိပ်သင့်တဲ့ကိစ္စလို့တော့မထင်ရဘူး။ တနိုင်ငံက ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး အချမ်းသာဆုံးဖြစ်နေပြီး တခြားနိုင်ငံတခုက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု စာရင်းဝင် နေလို့ပဲ ဖြစ်တယ်။ ဒါပေမယ့် တရုတ်နဲ့ဆက်စပ်ပြီး မြန်မာတွေ အတွက် တင်ကြိုနားလည်ထားလို့ရတဲ့ အချက်တွေရှိနေပြီး တရုတ် အပြောင်းအလဲ နဲ့ အဲသည်အပြောင်းအလဲကို ဖန်တီးနေတဲ့ နောက်ကွယ်က အယူအဆတွေဟာ မြန်မာတွေ သိထား သင့်တာလည်း ဖြစ်တာကြောင့် တရုတ်နဲ့ အစပျိးလိုက်ရတာပါ။
ပထမဆုံးမြန်မာစစ်အာဏာရှင်စံနစ်အဆင့်ဆင့် ပြောင်းလဲသွားပုံအကျဉ်းကို ပြန်ကြည့်ရအောင်။ မြန်မာ စစ်အာဏာရှင် စံနစ် ၁.၀ ဟာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့ ၁၉၆၂ ကစပြီး ၈၈၈၈ အရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ မှာ ပြီးတယ်။ ဦးနေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ ဆိုရှယ်လစ်စံနစ်လို့ဆိုတဲ့ ဆိုရှယ်လစ်စီးပွားရေး အမည်ခံပြီး ဗဟိုကအားလုံးစီမံပေးတဲ့ တပါတီအာဏာရှင်စံနစ် နဲ့ တိုင်းပြည် ကို အုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒလို့ ပြောတယ်။ ဆိုဗီယက် အမေရိကန် လက်ဝဲ လက်ယာ နှစ်ဘက်ကြားမှာ ဘယ်ဘက်မှဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့တယ်။ တိုင်းပြည်ကို ပြင်ပ ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး ပြည်တွင်းစီးပွားကာကွယ်ရေး (သို့) ဖူလုံရေး ဆိုတဲ့မူနဲ့သွားခဲ့တယ်။ အကျိုးဆက်က စီးပွားရေး လူမှုရေး နိုင်ငံရေး အားကစားကအစ အာရှမှာစောင့်ကြည့်ခံရတဲ့ နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အဆက် ဖြတ်ခံထားရတဲ့ နှစ်၂၀ကျော် အစိတ်အတွင်းမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းကိုဝင်ခဲ့တယ်။ မြန်မာ အာဏာရှင်စံနစ် ၂.၀ ကို နောက်တကြိမ်စစ်အာဏာသိမ်းတဲ့ ၁၉၈၈ ကစပြီး ၂၀၁၀ အထိ သတ်မှတ်တယ်။ အာဏာ သိမ်းခါစ အချိန်က စစ်ခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေး အကြောင်း ပြပြီး ဖယ်ထုတ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ကခေါင်းဆောင်မှုကိုယူခဲ့တယ်။ ဒီကာလအတွင်း အရေးပါတဲ့ ဖြစ်ရပ်တွေကို ခုနှစ် အလိုက် နဲနဲ ကြည့်လိုက်ရုံနဲ့ မြန်မာအာဏာရှင်စံနစ် ၂.၀ ရဲ့ နိုင်ငံရေးကို ခြေရာခံနိုင်ပါလိမ့်မယ်။
၁၉၉၀ မေ ။ ။ အာဏာသိမ်းအစိုးရက ရွေးကောက်ပွဲ ပြုလုပ်ပေး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
၄၈၉ နေရာတွင် ၃၉၂ နေရာ အနိုင်ရ။ သို့သော် အာဏာလွှဲမပေးခဲ့။
၁၉၉၀ ဇွန် ။ ။ အခြေခံဥပဒေရေးဆွဲရန် အမျိုးသာညီလာခံဆင့်ခေါ်
၁၉၉၅ နိုဝင်ဘာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားညီလာခံမှ နှုတ်ထွက်
၂၀၀၄ အောက်တိုဘာ။ ။ စစ်ထောက်လှမ်းရေး တဖွဲ့လုံး ကိုရှင်းထုတ်
၂၀၀၇ စက်တင်ဘာ။ ။ သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးဖြစ်
၂၀၀၈ မေ ။ ။ နာဂစ်ကာလအတွင်း အခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု
၂၀၁၀ နိုဝင်ဘာ ။ ။ ၂၀၀၈ အခြေခံဥပဒေဖြင့် ပထမဆုံးရွေးကောက်ပွဲပြုလုပ်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီတရားမ၀င်ဟုသတ်မှတ်ခံထားရ။ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး
ယှဉ်ပြိုင်ခြင်း မပြုခဲ့။ ရွေးကောက်ပွဲအပြီးတပတ်အကြာ ဒေါ်အောင်ဆန်းစုကြည်
အိမ်ချုပ်လွှတ်။
ဒီ ၂.၀ ကာလအတွင်း အရေးပါတဲ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စစ်အာဏာရှင်က မွေးထုတ်လိုက်တဲ့ ခရိုနီ် စီးပွားရေးသမားတွေ ပေါ်ပေါက်လာခဲ့တယ်။ တရုတ်မှာလို အရေးကြီးတဲ့ နယ်ပယ်တိုင်း ဂဏ္ဍတိုင်း မှာ ခရိုနီ စီးပွားရေး သမားတွေက သိမ်းပိုက်ထားလိုက်ကြတယ်။ ပြီးမှနောက်ကွယ်က သူ့ စစ်အာဏာရှင်ကိုပြန်ပြီး အလုပ် အကျွေး ပြုတယ်။ ဒါ့ကြောင့်မို့ မြန်မာပြည်မှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ချမ်းသာတဲ့ ခရိုနီနဲ့ စစ်အာဏာ ရှင်တွေ ပေါ်လာသလို စားဝတ်နေရေး အခြေခံလူ့ဘ၀လိုအပ်ချက်တွေလုံးဝ နီးပါး ပျောက်ဆုံးပြီး ရုန်းကန်နေရတဲ့ ပြည်သူ တွေလည်း ပေါ်ပေါက် လာခဲ့ရတယ်။ နိုင်ငံရေးအရ တရုတ်ထောက်ခံမှုကို လုံးလုံးလျားလျားမှီခိုထား ခဲ့ရတာ ကြောင့် သူ့စိတ်ကြိုက်စီမံကိန်းတွေ ပြန်ပေးပူဇော်ပသထားခဲ့ရတယ်။ တရုတ်ထွက်ပေါက်ကို နိုင်ငံတော်က လက်သင့် ရာ ပံ့ပိုးပေးတဲ့ ခရိုနီအရင်းရှင်နဲ့ဈေးကွက်နဲ့ ပေါင်းလိုက်တော့ ဆယ်စုနှစ်၂ခုလောက် နေတော့ ကမ္ဘာ့ အဆင်းရဲဆုံး စာရင်း ၀င် နိုင်ငံတနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးသွားတော့တယ်။ နိုင်ငံဟာ အတွင်းလှိုက် ခြစား ခံထားရ သလိုဖြစ်ပြီး ဘယ်ဂဏ္ဍမှာမှ တိုးတက်မှုမရှိ ပဲ တအိအိပြိုကျ နေခဲ့တယ်။
၂၀၁၁ မတ်လ ၃၀ရက်နေ့မှာ စစ်ထွက် အရပ်သားဦးသိန်းစိန် အစိုးရတက်လာတော့ စစ်အာဏာရှင် စံနစ် ၃.၀ ထဲကို ၀င်ရောက်လာပါတော့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ စစ်အာဏာရှင် ၂.၀ ကို ကောင်းကောင်း အလုပ်ပေးခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ဒါဟာပုံစံအသစ်ပြောင်းဖို့ အချက်ပေးသံချောင်း ခေါက်သံပါပဲ။ ဒါကြောင့် ၂၀၀၈မှာ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေကို အတည်ပြုပြီး ရွေးကောက်ပွဲ ပုံစံနဲ့ အသွင်ပြောင်း အရပ်သား အစိုးရကိုဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် စစ်အာဏာရှင် ၃.၀ ဟာ ၂.၀ နဲ့ တည်ဆောက် ထားပုံမှာ လုံးလုံး လျားလျား ကွဲသွားခဲ့တယ်။ အာဏာရှင်ဆိုတာ ကျားစီးနေရတာ ဆိုတဲ့စကားကို လက်ခံမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရှင် ထွက်သွားတယ်လို့ ယူဆစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် အာဏာနောက်ကွယ်ကို ၀င်သွားရတဲ့ အတွက် တရားဝင်မှာ ခေါင်မှာ အကုန်ချုပ်ထားတဲ့ အာဏာကို ဖြည်ထုတ်ထားခဲ့တယ်။ စစ်အာဏာရှင် ၂.၀ တုန်းက နံပါတ်၃ နေရာဖြစ်တဲ့ ကြီးရေလေ ကွပ်ကဲညှိနှိုင်းရေးမှူးဖြစ်တဲ့ သူရဦးရွှေမန်းဟာ စစ်အာဏာရှင် ၃.၀ မှာ လွှတ်တော် အကြီး အကဲဖြစ်လာတယ်။ ကာကွယ်ရေးဦးစီးချုပ်က ဂျူနီယာတဦးဖြစ်တဲ့ စစ်တက္ကသိုလ်အပတ်စဉ်(၁၉) က ဗိုလ်ချုပ် မင်းအောင်လှိုင် ဖြစ်လာတယ်။ နိုင်ငံရေးစီးပွားရေး မူဝါဒတွေမှာတော့ စစ်အာဏာရှင် ၃.၀ ဟာ ၂.၀ နဲ့ အတူတူပါပဲ။ ဦသိန်းစိန် အာဏာရခါစ တနှစ်လောက် အပြောင်းအလဲတွေ မဆိုသလောက်ရှိခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ အစိုးရကခြစားမပျက်၊ ခရိုနီ တွေက အရေးပါတဲ့ တိုင်းပြည်စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်မပျက်ပါ။ ပိုဆိုး သွားတာက အစိုးရဋ္ဌာနတိုင်းလောက်မှာ အရာရှိတွေဟာ ၂၀၁၅ အစိုးရသစ်မတက်ခင် နောက်ဆုံးအခွင့်အရေးလို့ သတ်မှတ်ပြီး ပိုက်ဆံမရရင် ဘာအလုပ်မှမလုပ်တော့တဲ့ အနေအထားကိုရောက်လာခဲ့တယ်။ အပြောင်းအလဲကို နိုင်ငံခြားရေး ပေါ်လစီမှာတော့ တွေ့ရတယ်။ မြန်မာ အာဏာရှင် ၂.၀ တလျောက်လုံး တရုတ်နဲ့ နှစ်ပါးသွားနေရတဲ့ ဇတ်ကို ၂၀၁၁ နိုဝင်ဘာ မှာ နှစ်ငါးဆယ်အတွင်း ပထမဆုံးရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ အမေရိကန်ရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေး ပေါ်လစီက အဆုံးသတ်ပေးနိုင်ခဲ့တယ်။
ဘာကြောင့်အပြောင်းအလဲလိုအပ်လာရသလဲ
[to be continued...]
@Kz Khine @Hninn Si Phyu
Image>> Wikimedia Commoms

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...