Saturday, July 2, 2016

ပျံသန်းခြင်း အိပ်မက်များဆီသို့

မှတ်စုကြမ်း

(၁)
တကယ်တော့… တိမ်တွေက သူထင်ထား သလို အငွေ့သက်သက် မဟုတ်…...။
ကြည့်….. သူ ပျံသန်းတိုးဝင်နေတဲ့ အရှိန်ပြင်းပြင်းလေထုကြားမှာတောင်မှ တိမ်တွေဆီက အထိအတွေ့ကို သူခံစားနေရတာကိုး…။
ဖြူလွလွ တိမ်မီးခိုးတွေက…………..ဂွမ်းစိုင်တွေလို သူ့ မျက်နှာပြင်ကို ပွတ်သပ်ကျီစယ်သွား..။
ဟိုးအောက်ဘက်မှာ ခပ်စိမ်းစိမ်းလယ်ကွင်းပြင်တွေ…..
ပြီးတော့ သူချစ်တဲ့ ရှမ်းရိုးမ….
နောက် သူနေတဲ့ နောင်ချို မြို့ကလေး……………….တရွေ့ရွေ့ကျန်ရစ်ခဲ့…။


သူ့လက်တွေကို ဆန့်တန်း……လေဟုန်ကိုစီးပြီး လေဆန် ကို ပျံရင်း…..။
သူလိုပဲ ပျံသန်းဖော် ကြိုးကြာတစ်အုပ်က တစ်ဖက်မိုးသားအစွန်းဆီက သူ့ကို လှမ်းနှုတ်ဆက်တယ်………….။
“အောက် အီး အီး အွတ်”
ဟင် ကြိုးကြာသံကလည်း အောက်အီးအီးအွတ် တဲ့…။
အောက်အီအီး နှစ်ခါ အွတ်အပြီးမှာ ဖိုးလုံး ဖြတ်ခနဲ လန့်နိုးသွားတယ်…။
ရော်…သူခုနလို ကောင်းကင်ပေါ်ပျံနေတာ မဟုတ်..။
သူ့အိပ်ရာစောင်ပုံကြီးအောက်မှာ ကွေးကွေးလေး…………။
ဒါဆို ခုနက အသံက ကြိုးကြာသံမှ မဟုတ်တာ….နောက်ဖေးခြံက လင်းကြက်ကြီးတွန်သံပေါ့..။
"အောက် အီး အီး အွတ်"
ဟုတ်ပ….ဒီကြက်ကြီးက မနက် ငါးနာရီ ဆို တွန်နေကျပဲ…။
ဖိုးလုံး အိပ်ရာက လူးလဲထလိုက်တယ်…။
မထလို့က မဖြစ် ။
ဖိုးလုံးရဲ့ ပြင်ပဘ၀က အိပ်မက်ထဲကလို မိုးပေါ်ပျံနေရတာမဟုတ် ။
ချမ်းချမ်းစီးစီး ဆောင်းမနက်ကြီးထဲ ချပါတီ ရိုက်နေရတာ…..တကယ်…။
…………………………………………………………………………………..
“ကျွန်တော်က မနက်ဆို တစ်မိသားစုလုံးရဲ့ မနက်စာအတွက် ချပါတီ ထရိုက်ရတယ် ။ ဂျုံ ကို လက်နဲ့ နယ်တယ် ပြီးရင် ဘိလပ်ရည်ပုလင်းနဲ့ ကျိတ်ပြီး ချပါတီ လုပ်ရတာ”
ဖိုးလုံး အဖေက ရုပ်ရှင်ရုံပိုင်ရှင် ။
ဒါပေမယ့် နောင်ချိုလို မြို့လေးက ရုပ်ရှင်ရုံဆိုတော့လည်း သိပ်ခမ်းခမ်းနားနားကြီးမဟုတ် ။ အလုပ်သမားလည်း အများကြီး မငှားနိုင် ။ အလုပ်က ရှုပ်မှရှုပ် ။
အမေကလည်း ညမိုးချုပ်သည်အထိ တကုပ်ကုပ်နှင့် စက်ချုပ် ..။
ဒီလို မိဘတွေက ဖိုးလုံး တို့ညီအစ်ကို လေးယောက်အတွက် ရုန်းကြ ကန်ကြ ရှာဖွေကြ…။
ဒီတော့ သားအကြီးဆုံး မောင်ဖိုးလုံး က သိတတ်မှလေ ။
ဒီလိုနဲ့ပဲ တစ်အိမ်လုံး ဘယ်သူမှ မနိုးခင် အားလုံးရဲ့ ဘရိတ်ဖတ် အဖြစ်စားဖို့ ချပါတီ ထရိုက်ရသည့် တာဝန်ကို ဖိုးလုံး ပဲ ကန်ထရိုက်ယူလိုက်ရတယ်…ဆိုပါတော့။
တစ်ခါတစ်ခါလည်း ချပါတီရိုက် ရင်း နှင်းငွေ့တွေ ပိန်းကြားမှာေ၀၀ါးနေတဲ့ ရှမ်းတောင်တန်းတွေအထက်က ကောင်းကင်ကို ဖိုးလုံး လှမ်းလှမ်းငေးပေါ့..။
တစ်နေ့…ဟိုး ရှမ်းရိုးမတောင်တွေရဲ့ အထက် ကောင်းကင်ဆီသို့..မလွဲမသွေ………..ဖိုးလုံးရဲ့ အိပ်မက်တွေ….။


(၂)
ဖိုးလုံးကို မွေးတော့ ရှမ်းပြည်နယ် ၊ ကျောက်မဲမြို့မှာ…။
ဖိုးလုံး အဖေက ဦးကျော်ကျော်အောင် ၊ အမေက ဒေါ်စန်းစန်းမြင့် ။ ရှမ်းအမျိုးသားမိဘနှစ်ပါးက မွေးလာတဲ့ ရှမ်းအမျိုးသား…။
နာမည်အရင်းက………. ကျော်စိုးအောင် ။
ဖိုးလုံး နှစ်နှစ်သားရောက်တော့ နောင်ချိုမြို့ကို မိသားစုလိုက် ပြောင်းလာကြတယ်..။
နောင်ချို မြို့နယ်ကောင်စီက လုပ်ပေးတဲ့ ကလေးပြိုင်ပွဲမှာ ၀၀လုံးလုံး ကျော်စိုးအောင် လေးက ပထမ ဆုရှင် ။
ပထမဆု နဲ့အတူ တွဲဖက် ရခဲ့တဲ့ နာမည်က ဖိုးလုံး…။
ဖိုးလုံး…. ဖိုးလုံး………တကယ့်ကို အိပ်မက်တွေ.. တီထွင်မှုတွေ.. အသစ်အဆန်းတွေ…. ဖောက်ထွက်မှုတွေနဲ့ လုံးဝန်းနေတဲ့ ဖိုးလုံး..။
အဖေ့ရုပ်ရှင်ရုံမှာ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်……. အမေ့စာအုပ်စင်က စာပေဗိမာန်ထုတ် စာအုပ်တွေဖတ်…….။
ဒီလိုနဲ့ ကလေးဘ၀ကို ဖြတ်သန်းတယ်..။
ဖိုးလုံးလေး ရဲ့ ပထမဆုံး တီထွင်မှု ဇာတ်လမ်းက ဒီလို..။
ခြောက်တန်းကျောင်းသား ဖိုးလုံး စိတ်ကူးရတာက ရေငုတ်သင်္ဘော.တစ်စင်း လုပ်ဖို့.။
အဖေ့ရုပ်ရှင်ရုံမှာ ပြတဲ့ ဒုတိယကမ္ဘာစစ်ဇာတ်ကားတွေထဲက ရေငုတ်သင်္ဘော…။
"ကျွန်တော် နဲ့ ဒုတိယ ကမ္ဘာစစ် က ပဌာန်းဆက်ရှိတယ်ထင်တယ်ဗျ.. ကျွန်တော်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အကြားကာလ က ကိစ္စတွေဆို ငယ်ငယ်ကတည်းက အရမ်းစိတ်ဝင်စားတာ၊ လီဒိုလမ်းမကြီးဖောက်တာတို့ ၊ ၀င်စတန်ချာချီတို့ အဲ့ဒီစာအုပ်တွေဆို အရမ်းသဘောကျတာ"
ဒုတိယကမ္ဘာစစ်ရဲ့ ပဌာန်းဆက်လို့ ဆိုလာတဲ့ မောင်ဖိုးလုံးလေး ကျွမ်းကျင်တာက သစ်သားကို အရုပ်ရအောင် ထွင်းတဲ့ အတတ်…။
ဒီတော့ အိမ်ရှေ့မှာ ပုံထားတဲ့ ထင်းပုံထဲက သစ်သားတစ်ချောင်းက ဖိုးလုံးရဲ့ ဓားသွားဖျားမှာ ရေငုတ်သင်္ဘောပုံစံငယ် ဖြစ်သွားတယ်…။
စာပေဗိမာန်ထုတ်စာအုပ်တွေထဲမှာက ပန်ကာရဲ့ ယက်အား နဲ့ ရေကို တွန်းကန်ခြင်း သဘောတရား…။
အဲဒါနဲ့ ၀ါးခြမ်းပြား နဲ့ သားရည်ပင် က ရေငုတ်သင်္ဘော ရဲ့ ပန်ကာဒလက်တွေပေါ့…။
အဲ..အရေးကြီးတာက ရေငုတ်သင်္ဘောဆိုတာ ရေထဲ ငုတ်ဖို့…….။
သံလိုက်တုံးတွေကို သင်္ဘောရဲ့ အောက်ဖက်မှာ ဟိုးဘက် ဒီဘက် သံနဲ့ ရိုက်…။ ရေငုတ်ဖို့ အလေးချိန်..ကို .စမ်းသပ်..။
အိုကေ………………..ဖိုးလုံး ရဲ့ သင်္ဘောလေး ရေထဲ ငုတ်သွားသမှ…. ရုပ်ရှင်ထဲကလို ပယ်ရီစကုတ်လေးပဲ ပေါ်တာ……………။
ဗုတ်..ဗုတ်..ဗုတ်..ဗုတ်…..။
နောင်ချို ကလေးလောကမှာ………ပွက်လောရိုက်သွားတယ်…။
ဦးအောင်ရှိန် ကာတွန်းထဲ က တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ………………တဲ့..။
တောင်ပေါ်မြို့လေးဆီက ရေငုတ်သင်္ဘော နဲ့တင် ဖိုးလုံး နာမည်တစ်ခု ထပ်တိုးသွားတာလေ…။
နောင်ချို ဖိုးဆိတ်ဖြူက ဒီအတိုင်း ရပ်မနေဘူး…။
ငယ်ငယ်က ချာပါတီထမရိုက်ခင် မက်ခဲ့တဲ့ ဆောင်းအိပ်မက်တွေထဲက ပျံသန်းခြင်းလည်း မမေ့ဘူး…။
“စွန်ကို တစ်ခြားကလေးတွေက စိုင်းကြိုး နှစ်ချောင်းတည်းနဲ့ လွှတ်တာ..ကျွန်တော်က စိုင်းကြိုး လေးချောင်းတတ်ကြည့်ပြီး ကိုယ့်စိတ်ကြိုက် ကွန်ထရိုးလုပ်ပြီး လွှတ်ကြည့်တယ်… အဲ့ဒီမှာ ပျံသန်းခြင်းသဘောကို နည်းနည်းနားလည်လာတယ်”
ဟုတ်ပြီ ။ မိုးပေါ်ပျံ တဲ့ စွန် ကို တော့ မြေကြီးကနေ လိုအပ်သလို ထိန်းနိုင် သိမ်းနိုင်ပြီ..။
လေဆန် လေစုန် သဘောတရားကိုလည်း ကျက်မိလာပြီ..။
ဒါဆို စွန်နဲ့အတူ လူရော….မိုးပေါ်လိုက် ပျံလို့မရဘူးလား…။
အကြံထုတ်..အကြံထုတ်………………….တီထွင်ပါရဂူ.ဖိုးဆိတ်ဖြူ အကြံထုတ် ။
လူလောက်ကြီးတဲ့ စွန်……။
ဒါမှ မဟုတ်…………..လူ ထက် ကြီးတဲ့စွန် ဆိုရင်ရော…။
လေကိုဆန်ပြီး လူကိုသယ်ဖို့………….။
အဲဒီတုန်းက ရှမ်းပြည်ဆောင်း က အရိုးကွဲမတတ် ချမ်းတယ်..။ သစ်တောတွေလည်း စိမ်းသေးသကိုး..။
ဒီတော့ ဖိုးလုံး အမေက အညာစောင်ကြီးတွေ အများကြီးဝယ်ထားရတယ် ။
ဖိုးလုံးတို့ ခြုံတဲ့စောင်လေးတွေက တော့ သေးသေးလေး..။ မဖြစ် ။
အမေခြုံတဲ့ စောင် ကမှ အကြီးကြီး…။ ဖြစ်တယ်..။
အဖေ့ရုပ်ရှင်ရုံ ကို အမေ လိုက်သွားတဲ့ တစ်နေ့…. ဖိုးလုံး အကြံကို အကောင်ထည်ဖော်တယ်..။
အိပ်ခန်းထဲက အမေ့ဆောင်ကြီးကို သွား သမ လာတယ်.။
သူ့နောက်လိုက် ဘုစုခရုတွေနဲ့ မြို့နောက်ဘက်က တောင်ကြောပေါ်တက်တယ် ။
တောင်ကြောပေါ်မှာ ၀ါးအလုံးသေးသေးတွေကို ရှေ့ရှူးနောက်ပြန့် တြိဂံ ကိုင်း ပုံစံ အဆင်သင့်ချိုးထားတာလည်း ရှိပြီးသား..။
ဝါးကိုင်းလေးထောင့် အစွန်းတွေမှာ စောင်ကို နှီးတွေနဲ့ ကပ်ချီလိုက်တယ်…။
ဒါပဲ..ဒါပဲ..ဖိုးလုံး ရုပ်ရှင်ထဲမှာ ကြည့်ရတဲ့ ဂလိုက်ဒါ ။
စာအုပ်ထဲမှာ ဖတ်ရတဲ့ ရိုက်ညီနောင် မိုးပေါ်ပျံတဲ့ အရာ…။
ကဲ.ဒါဆို.နောင်ချိုက ရိုက်ညီနောင်က ဘယ်သူတွေများတုန်း…။ ဖိုးလုံးတော့ မဟုတ် ။
"ကျွန်တော်နောင်ချိုမြို့ပေါ်ကို အခု Paramotor နည်းပညာနဲ့ ပန်ကာတွေ လေထီးတွေတပ်ပြီး ပျံတဲ့အခါကျ နောင်ချို စားသောက်ဆိုင် တစ်ခုမှာ ညိုစန်း ဆိုတဲ့ ညီလေးတစ်ယောက်နဲ့တွေ့တယ်ဗျ.. သူက အဲ့ဒီတုန်းက ကျွန်တော် ဂလိုက်ဒါ စမ်းတဲ့အခါ လိုက်စီး ရင်းနဲ့ မိုးပေါ်မတတ်ဘဲ ရေကန်ထဲ ကျသွားတဲ့တစ်ယောက်ပေါ့"
ဟုတ်တယ် ။ ဖိုးလုံးရဲ့ အိမ်တွင်းဖြစ် အညာစောင်ဂလိုက်ဒါ က မိုးပေါ် မတတ်ခဲ့ဘူး…။
ဖိုးလုံးရဲ့ စောင်ဂလိုက်ဒါ မှာ လိုက်ပြီးစီးခဲ့တဲ့ ညိုစန်း လည်း တောင်စောင်းက ပြေးအဆင်းမှာ လေထဲ မ၀ဲပဲ..အောက်က ရေကန်ထဲ ကျွမ်းပြန်ကျခဲ့တာ..။
ညိုစန်း ခမျာ ရိုက်ညီနောင် တော့ မဖြစ်လိုက်ဘူး…။ အိမ်ရောက်တော့ ရေကန်ထဲ ဆင်းဆော့ရသလားဆိုပြီး သူ့အမေ ရိုက်တာတော့ ငြီးနေအောင်ခံလိုက်ရသတဲ့လေ…။
ဒီလိုနဲ့ ဖိုးလုံး ရဲ့ ဂလိုက်ဒါ စီမံကိန်းကြီး မအောင်လိုက်ဘူးဆိုပါတော့..။
ရတယ် ကိစ္စမရှိဘူး..။
အခုတလော အဖေ့ ရုပ်ရှင် ရုံ မှာ တင်သမျှ စစ်ကားတွေထဲမှာ ဖိုးလုံး အာရုံကျတာ သေနတ် ။
သေနတ်လုပ်နည်းကတော့ အမေ့စာအုပ်စင်က စာပေဗိမာန်ထုတ်စာအုပ်တွေထဲ ရှာလို့မရ…။
ဘာဖြစ်လဲ…နည်း ဆိုတာ ရှာရင် တွေ့မှာပဲ….။ ငှက်ဆိုတာ ပျံရင်းသေ..လူဆိုတာ ကြံရင်းသေပဲ..။
ဖိုးလုံးနေတာ ရှမ်းပြည်….. တူမီးသေနတ် အပေါဆုံး…။
တူမီးလုပ်နည်း သိချင်တာများ ဖိုးလုံးကို အရမ်းချစ်တဲ့ နောင်ချိုမြို့ထဲက ဂေါ်ရခါးအဘိုးကြီး ဆူလနန် ဆီ ပြေးပေါ့ ။ မေးပေါ့ ။ မြန်းပေါ့..။
ဖိုးလုံး ဆိုတာ ငယ်ငယ်ကတည်းက အဖိုးကြီး ဆူလနန် ရဲ့ နွားနို့ခြံမှာ အဖိုးကြီးတိုက်တဲ့ နွားနို့ကို တစ်ရက်တစ်ပိသာသောက်ပြီး အဖိုးကြီးလက်ပေါ်တင်ကြီးခဲ့တာ..။
ဒီတော့……စစ်ပြန်ဂေါ်ရခါးကြီးဆီက သေနတ်တစ်လက်ရဲ့ အလုပ်လုပ်ပုံအစအဆုံး…က လူကလေး ဖိုးလုံးအတွက်ပဲပေါ့..။
အိုကေ……………..အဖေမဆောင်းတော့တဲ့ ထီးအစုတ်ကြီးရဲ့ အရိုးကပြောင်း..။
တူမီးအဟောင်းတွေဆီက ကျည်ရိုက်တံ ။ ယမ်းထောင်းဖို့က စမုတ်တံ…။ တူမီးသမားတွေဆီက ယမ်းနည်းနည်းတောင်း..ထောင်း..ထည့်..။
ထီးရိုး သေနတ် ရပြီ………..။
ထုံးစံအတိုင်း မြို့အနောက်က တောင်ကုန်းပေါ် ကလေးတစ်သိုက်နဲ့ ဖိုးလုံး ချီတက်တာပေါ့..။
"ဒိန်း" ခနဲပဲ….။
နောင်ချို မြို့ထဲက လူကြီးတွေ ချက်ချင်းရောက်လာတယ်…။
သူပုန်လား…ဓားပြလား..ပြည်သူ့စစ်လား…..စစ်တပ်လား...။
မဟုတ်ဘူး….ရုပ်ရှင်ရုံပိုင်ရှင်သား…ဖိုးလုံး တို့ အုပ်စု ရဲ့ ကစားနည်းအသစ်တဲ့လေ…။
နောင်ချို့က လူကြီးတွေ သူ့ ထီးရိုးသေနတ်လေးကို ချက်ချင်း သိမ်းသွားတယ်..။
အားလုံးက ပြောကြတာက…
"ဟာ..ဒီဖိုးဆိတ်ဖြူ ကတော့ လုပ်ချလိုက်ပြန်ပြီ"
(၃)
ဒါတင် ဘယ်ကသေးမလဲ…။
အလယ်တန်းကျောင်းသား ဖိုးလုံး က ကျောင်းကပွဲရဲ့ ပင်တိုင် လူရွှင်တော်လည်း လုပ်လိုက်သေး..။
ဆရာမတွေ သင်ပေးထားတဲ့ ပျက်လုံးတွေအပြင် ကိုယ်ပိုင်စိတ်ကူးနဲ့ ပျက်လုံးတွေကြောင့် ပရိသတ်က တ၀ါးဝါးရယ်ကြ..ဆရာမတွေ က အံသြကြ…။
ဖိုးလုံး တကယ် မလွယ်တဲ့ကောင်….။
အထက်တန်းရောက်ပြန်တော့…ကျောင်းက ပုံဆွဲဆရာ..။
လေယာဉ်ပျံပုံလာမလား..အဆောက်အဦပုံလာမလား…ဘေးတိုက်ပုံလား..အပေါ်တည့်တည့်ကလား. တစ်ထပ်တည်း..တစ်ပုံစံတည်း..။
အာခီတတ်ဖိုးလုံး….ပန်းချီဆရာဖိုးလုံး….။
အဲ့ဒီလို ဘာလာဒေါင်းနေလေတဲ့ မောင်ဖိုးလုံး…..။
"ကျွန်တော်က ငယ်ငယ်ကတည်းက မိုးလင်းတာနဲ့ တစ်ခြားကစားနည်းမဆော့ဘူး… ကစားစရာကို ကိုယ့်ဘာသာတီထွင်တယ်…သေနတ်ဆိုသေနတ် ၊ လေယာဉ်ဆို လေယာဉ် ၊ လျှောက်ဆော့နေတာ.. ကျွန်တော့်မှာ ရှိတဲ့အကျင့်တစ်ခုက သူများက ဒီအပေါက်က ၀င်နေကြတယ်ဆို ကျွန်တော်က တစ်ခြားဘေးကနေ ကွေ့ဝင် ကြည့်ချင်တယ်..ဘာဖြစ်မလဲ စမ်းသပ်ကြည့်ချင်တယ်"
၁၉၈၃ မှာ ဖိုးလုံးလေးက နေ မောင်ဖိုးလုံးဖြစ်လာတဲ့ သူ…ဆယ်တန်းအောင်တယ် ။
သူများဝင်နေတဲ့အပေါက် မ၀င်ချင်တဲ့ မောင်ဖိုးလုံး လားရှိုးတက္ကသိုလ်ကိုတော့ သူများဝင်တဲ့အပေါက်ကပဲ ရူပဗေဒ အဓိကနဲ့ ၀င်ခွင့်ရခဲ့တယ်..။
"ကျွန်တော်က ရူပဗေဒကို အရမ်းရူးသွပ်တာဗျ . သက်ရောက်အားတွေ..လားရာတွေကို အရမ်းသဘောကျတယ်. သင်္ချာကျပြန်တော့ လုံးဝ ကို စိတ်မ၀င်စားတာ."
နယူတန်ရဲ့ ရူပဗေဒ ၊ အဲလ်ဘတ်အိုင်စတိန်းရဲ့ ရူပဗေဒ ၊ စတီဗင်ဟော့ကင်းရဲ့ ရူပဗေဒ.. အခုတော့ နောင်ချိုသားလေး ဖိုးလုံးရဲ့ ရူပဗေဒ……ကဲ..အဲဒီမှာ စတွေ့ပြီ ။
သိုပေသိလည်း ရူပဗေဒကျောင်းသား ကိုဖိုးလုံး ရဲ့ တက္ကသိုလ်နေ့စွဲများက ထင်သလောက် မချော့မွေ့ခဲ့…။
ဆိုရှယ်လစ်ခေတ်ဆိုးကြီးရဲ့ ရေစုန်မှာ အဖေ့ရုပ်ရှင်ရုံလေးက ယဲ့တဲ့တဲ့…. အမေ့ စက်ချုပ်ခုံလေးကလည်း လှုပ်လီလှုပ်လဲ့..။
မဆလရဲ့ မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်ကြီးရဲ့ အကောင်းလွန်နေတဲ့ ဒဏ်ကို မခံနိုင်လို့ ရှိသမျှ ဆွေမျိုးတော်တော်များများကလည်း နိုင်ငံခြားကို ထွက်သွားကြတယ်..။
ဒီတော့…နောင်ချိုမှာ ဖိုးလုံး တို့ မိသားစုလေးပဲ…ယိုင်နဲ့နဲ့ကျန်ရစ်တာပေါ့…။
"တစ်လမှ အိမ်က ၃၀၀ ပဲထောက်ပံ့နိုင်တော့တာ.. အဆောင်လခ ၆၀ ထမင်းလခ ၆၀ တစ်ခြားကျောင်းလခ စာအုပ်ဖိုးတွေနဲ့ မနည်းရပ်တည်ခဲ့ရတယ်ဗျ.. တစ်လတစ်လ အပိုသုံးငွေဆိုလို့ ငွေအစိတ်လောက်ပဲ ကျန်တာ..အဆောင်ကလည်း နေ့လည်စာနဲ့ ညစာပဲကျွေးတာ… မနက်စာအတွက်က လက်ဘက်ရည်တစ်ခွက်ကလည်း တစ်ကျပ် ၊ပေါင်မုန့်တစ်လုံးတစ်ကျပ်လေ ။ နေ့တိုင်းဘယ်စားနိုင်မလဲ"
ငတ်..ငတ်…ဘယ်လောက် ငတ်ငတ် ဖိုးလုံးက အပေအတေခံတယ်..။ အိမ်ကို ပိုက်ဆံပြန်မတောင်းဘူး ။ပေးသမျှနဲ့ လောက်အောင်သုံးတယ်..။
တစ်ခါတစ်ခါလည်း ကလေးဘ၀က ကိုယ်တိုင်ရိုက်ခဲ့တဲ့ နောင်ချို ချာပါတီ ဘရိတ်ဖတ် ကို လွမ်းတာပေါ့လေ..။
ဘရိတ်ဖတ် တောင်မှ ရပ်တဲ့အခါ ရပ်နေတော့လည်း ငယ်ငယ်က တီထွင်ပိုး လည်း အလိုလို ရပ်တော့တာပဲ..။
ရူပဗေဒကျောင်းသားကြီးက ငယ်ငယ်ကလို ၀ါးတို သစ်တို နဲ့ တီထွင်မှုလုပ်လို့လည်း မဖြစ်တော့..။
ဒီတော့ ၀ါသနာလည်း ငတ်.. ဖိုးဆိတ်ဖြူလည်း ရပ် ပေါ့လေ…။
"နောက်ဆုံးနှစ်မှာ တောင်ကြီးတက္ကသိုလ်တက်ရတယ်.. သူက ပိုအဆင့်မြင့်တာပေါ့..အဲဒီမှာ ရူပဗေဒနဲ့ပတ်သက်တဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ရတယ်..ကျွန်တော့်အကြိုက်ပေါ့"
လက်တွေ့စမ်းသပ်ခန်းထဲမှာ ဆားကစ်ပတ်လမ်းတွေ အကြောင်းကို ဆရာက သင်တယ်..။
ဖိုးလုံးက ရယ်တယ်..။
ဒါ ဖိုးလုံး ငယ်ငယ်က ဆော့ခဲ့တဲ့ သဘောတရားတွေ…မဟုတ်လား…မိုင်နာ..အေးဆေး.။
လက်တွေ့သင်ခန်းစာဖြေတော့ ရူပဗေဒမှာ အခက်ဆုံး ဆိုတဲ့ ရေစက်တစ်စက်ရဲ့ အချင်းဝက် ကိုတိုင်းတဲ့ မေးခွန်း ကျတယ်…။
လက်တွေ့ခန်းမှာ နည်းပြဆရာ နှင့် ဖိုးလုံး အပြိုင် …။
ဖိုးလုံး လက်တန်းဖြေတယ်.. ဘယ်လောက် နာနို မီတာ မှာ ဘယ်လောက်ရှိတယ်…။
"ဒီလောက် ဆို ရပြီ တပည့်..ရပြီ..မင်းအဖြေတွေ သိပ်တိကျတယ်"
"ဟာ မရသေးဘူးဆရာ..အဲ့ဒီထက် တိကျတဲ့ အတိုင်းအတာကို ထပ်တွက်ပြမယ်
ဒီရေစက်ရဲ့ မီနီမန်က ပွိုင့်ဇီးရိုးဇီးရိုးဝမ်း မီလီမီတာ အတိအကျပဲဆရာ"
ဖိုးလုံး အမှတ်ပြည့်ပဲ…………….။
"ကျော်စိုးအောင် မင်းတော်တယ်….ခက်တာက မင်းက တစ်နှစ်လုံး ကျောင်းမတတ်ပဲ လက်တွေ့လုပ်တာနဲ့ စာမေးပွဲဖြေမှ လာတာပဲကွာ"
ဆရာက ညည်းတယ်…။
ဟုတ်တယ်…..တစ်နှစ်လုံး ဖိုးလုံး လေတယ်..။ မိန်းကလေးအဆောင်ရှေ့တွေမှာ ။ ချစ်သူရသွားပြန်တော့ ကျောင်းကန်တင်းမှာ..။ ရုပ်ရှင်ရုံတွေမှာ..ပန်းခြံထဲမှာ..။
အဲ..စာမေးပွဲဖြေဖို့ နှစ်လအလိုကျတော့မှ အချိန်ဇယားကို အဆောင်က အိပ်ရာခေါင်းရင်းမှာ ကပ်တော့တာ..။
တစ်ရက်ကို…ဘယ်နှစ်နာရီ….ဘယ်နှစ်ဘာသာ..ဘယ်နှစ်ရက်မှာ..ဘယ်ဘာသာအပြီး..ဒါ ဖိုးလုံးရဲ့ Planning။
ဖိုးလုံးရဲ့ Planning ထဲမှာ အဆောင်က အခန်းတက်မှန်တဲ့ သူငယ်ချင်းတွေလည်းမလွတ်..။
တစ်နေကုန်ကျောင်းပြေး..ညနေဆောင်းတော့ … သူတို့ရေးလာတဲ့ လက်ချာစာအုပ်ကို ငှား..။
ပြဌာန်းစာအုပ်နဲ့တိုက်ကြည့်..။
ဘာတွေကွဲလဲ..မျဉ်းတွေတား…။
မသိရင်……..သူငယ်ချင်း ဒါလေးရှင်းပြပါအုံး…။
ဒါကလည်း တစ်ခါတစ်လေ ကျောင်းပြေး ဖိုးလုံးရဲ့ Self Study ။
ဖိုင်နယ်မှာတော့ ဖိုးလုံး ဂုဏ်ထူးနဲ့ အောင်တယ်…။
စိတ်မကောင်းစရာက ဖိုးလုံးအမြဲတမ်းစာမေးနေကျ အတန်းချိန်မှန်တဲ့ ဘော်ဒါက စာမေးပွဲကျတယ်..။
(၄)
ကျောင်းပြီးခါစ ၁၉၉၂ မှာ ကိုဖိုးလုံး အိမ်ထောင်ကျတယ်..။
မိသားစု စီးပွားရေးကလည်း ရုပ်ရှင်ရုံကနေ ဗွီဒီယိုရုံအဆင့် ဖြစ်သွားပြီ..။
ပညာလည်းစုံ ၊ ကြင်ယာလည်း စုံလာတဲ့ သားကြီးဖိုးလုံးကို မိဘနှစ်ပါးက သိပ်မကြည်..။
ဒီတော့ အိမ်ဦးနတ်ပေါက်စန ကိုဖိုးလုံး ကိုယ့်ဘာသာ ရုန်းတော့ ပေါ့..။
နောင်ချို မှာပဲ ဖိုးလုံး အီလက်ထရောနစ်ပစ္စည်းတွေပြင်တယ်…။
မီးအားမြှင့်စက်တွေ ၊ မီးစက်တွေ ၊ ကက်ဆက် ၊ ရေဒီယို..လာထား အကုန်ပြင်..။
အရင်းအနှီးနည်းနည်းရလာတော့ ဘက်ထရီအိုးဆိုင်လေး ထပ်ဖွင့်တယ်..။
ဘက်ထရီအိုး လက်အပ်သမျှလူကို ဆိုင်အပြင်ကနေ ထွက်ကြို ဂရုတစိုက်…. အက်ဆစ်ဖြည့်ပေး…….ဂရုစိုက်ပေး.. ၀န်ဆောင်မှုအပြည့်ပေး…စေတနာသည် အလုပ်..။
"ရှာလို့ ရသမျှ ပိုက်ဆံ ကို မိသားစုစားဖို့ သက်သက်ဖယ်တယ်.. ပြီးတော့ တစ်လကိုတစ်ယောက်နှစ်သောင်းစုကြေး နဲ့ လူသုံးဆယ် ရှာပြီး စုတယ်"
၁၉၉၅ ခုနှစ်ကျတော့ စုကြေး က ခြောက်သိန်း ရပြီ..။
ကိုဖိုးလုံးလက်ထဲ စုထားတာက တစ်သိန်းခုနှစ်သောင်း..။
အိုကေ… ပိုက်ဆံ ခုနှစ်သိန်းခြောက်သောင်း နဲ့ သူငယ်ချင်းဆီက ဒိုင်နာကားတစ်စီးဝယ်လိုက်တယ်..။
ကားက သိပ်မမောင်းတတ်တော့ ဒရိုင်ဘာငှား… မူဆယ်တက်.. ကုန်ကူး…။
ဒါ ဖိုးလုံးရဲ့ စီးပွားရေး လောက သို့ ၀င်ခွင့်စာမေးပွဲ….။
အောင်တယ်…. ကားကလေးအောင်မြင်တယ်… နောက်ထပ် နောက်ထပ် ကားကလေးတွေဖြစ်လာတယ်.. ကားကြီးတွေ ဖြစ်လာတယ်…။
ပထမဆုံး ဒိုင်နာကားလေးက ကိုဖိုးလုံးအတွက် အကျိုးပေးတာများလား…။
"အကျိုးပေးတယ်ဆိုတဲ့ စကားကို ကျွန်တော်က သိပ်လက်မခံဘူးဗျ ။ ကိုယ့်လုပ်ငန်းအပေါ် ကိုယ်ဂရုစိုက်လို့ ကိုယ်လုပ်လို့ ကိုယ်ဖြစ်တယ်လို့ပဲ ကျွန်တော်မြင်တယ် ။ အခု ကျွန်တော် လေထဲပျံဖို့ဆို လေ့ကျင့်တယ် ။ ပစ္စည်းဝယ်တယ် ။ လေ့လာတယ် ။ ဒါကြောင့်ဖြစ်တာပဲ ။ အကျိုးပေးတယ်ဆိုရုံနဲ့ ဒီအရာဖြစ်မလာဘူး..။ ဒါပေမယ့် ကံတော့ နည်းနည်းပါတာပေါ့"
ကိုဖိုးလုံး လက်ခံထားတာက တစ်ခုပဲ..။
အလုပ်တစ်ခုရဲ့ အောင်မြင်မှုမှာ ကံက (၁၀)ရာခိုင်နှုန်းပဲ…။ ကျန်တဲ့ အားစိုက်မှုတွေက (၉၀)ရာခိုင်နှုန်း..။ လုပ်မှ ဖြစ်တယ်..ဒါပဲ..။
စီးပွားရေး လုပ်ခါစ.. အတိမ်းအစောင်းလည်းရှိ..အလှည့်အပြောင်းလည်းရှိ ။
တစ်ခါတစ်လေ ဆန် တောင် အကြွေးဝယ်ခဲ့ရသည့် အခြေအနေ..။
ဘာဖြစ်လဲ..ဖိုးလုံး…တစ်ခါလဲရင် တစ်ခါ ပြန်ထ ။ နှစ်ခါလဲ ရင် နှစ်ခါ..။ သုံးခါလဲ..သုံးခါ..ထ..။
နှစ်နှစ်ဆယ်တိတိ…….. ကိုဖိုးလုံး စီးပွားရေးလောက ထဲ အသည်းအသန် လှော်ခတ်တယ်..။
ကို်ယ်ပိုင်တဲ့ကားတွေကို ကိုယ့်ဘာသာကိုယ် ပြင်တယ်…။
အင်ဂျင်ကအစ …ဘော်ဒီက အဆုံး.. ကိုဖိုးလုံး စိတ်တိုင်းကျ သနေရမှ..။
"ကျွန်တော့် ဘ၀ ကို စခဲ့တဲ့ ဒိုင်နာလေးတောင် အခုထိ လိုင်းထဲမှာပြေးနေတုန်းပဲ.. အဲ့ဒီကားလေးကိုတော သံယောဇဉ်ရှိတယ်ဆိုရမလားပဲ.. ဘယ်လောက်ပျက်ပျက် ဘယ်လောက်ကုန်ကုန် ကျွန်တော်ပြင်တယ်ဗျ"
အူမတောင့်မှ သီလစောင့်မှာ…. ပြီးတော့…. ငွေစလေး ရွှင်မှလည်း အိပ်မက်လမ်းစ ကို သူ မြင်ခွင့်ရမှာ…မဟုတ်လား…။
ကြိုးစားထား…ဖိုးလုံး…မင်းတစ်နေ့…...မိုးပေါ်ပျံရဦးမယ်…။
(၅)
လှော်ဆဲ ခတ်ဆဲ ကိုဖိုးလုံး ဘ၀ ထဲမှာ လောကဓံ မုန်တိုင်းတွေက တစ်ခုပြီး တစ်ခု..။
မိသားစုထဲက သိပ်ချစ်ရတဲ့ ညီအရင်းတစ်ယောက်က မူးယစ်ဆေးဝါးသားကောင်ဘ၀ နဲ့ လောကကြီး က ထွက်သွားတယ်…။
စီးပွားရေးကိုသာ အားစိုက်ခဲ့တဲ့ ကိုဖိုးလုံးရဲ့ ဇနီးတစ်ယောက်နဲ့ သမီးသုံးယောက်တို့ရဲ့ မိသားစုလေးလည်း စလယ်ဝင်အိုး ဖင်မဲခါမှ ပြိုကွဲခဲ့ရ…။
ညောင်ညိုပင် လမ်းခွဲမှာ ဒီဘ၀ ဒီမျှ နဲ့ ပြည်ဖုံးကား ချပေါ့…။
တော်ပြီ…..အိမ်ထောင်ရေးမုန်တိုင်းမှာ လူးလိမ့်ခဲ့ရတဲ့ ကိုဖိုးလုံး…အိမ်ထောင်ရေးကို ကြောက်သွားပြီ..။
ချစ်သမီးလေး သုံးယောက်မျက်နှာနဲ့ နောက်တစ်ပင်စိုက်ဖို့တောင် စိတ်မကူးချင်တော့..။
သို့သော်……………………
"ငါ့သား ဒီတိုင်းနေလို့ မရဘူး… မင်းအိမ်ထောင်ပြုရမယ် … အမေတို့ ပေးစားတဲ့ ကလေးမကို ယူလိုက်တာဟာ အမေ့ကျေးဇူး ကို ကြေအောင်ဆပ်လိုက်တာလို့ သာ သဘောထားပါ"
တစ်ချိန်က ကိုယ်ရွေးချယ်ရာလမ်းမှာ လျှောက်ရင်း လမ်းချော်ခဲ့တဲ့ ကိုဖိုးလုံးအတွက် အမေက မိဘ၀တ် ထပ်ကြေချင် တယ် တူပါရဲ့…။
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် တဲ့..။
ကိုဖိုးလုံး စဉ်းစားတယ်…။
ပိုနေရင်သာ မသိသာတယ်… လိုနေရင် ဘ၀တစ်ခုလုံးစာ မဟုတ်လား…။
ပြတ်ပြီးသားကြိုးစကို ငေးပြီး ဆွေးနေတာထက်…. ဘ၀ကို ဖဲကြိုးအသစ်လေးချည်ပြီး ခရီးဆက်ခဲ့ရင်….။
"ဟုတ်ကဲ့အမေ……ဒီလိုမျိုးဆို…… ကျွန်တော့် အမေ့ကျေးဇူးကို သုံးခါလောက် ဆပ်ချင်ပါသေးတယ်"
ရယ်ကျဲကျဲ နှင့် ကိုဖိုးလုံး ခေါင်းငြိမ့်ပေါ့…။
ဘာပဲဖြစ်ဖြစ် နာကျင်တဲ့အခါ ရယ်မော တတ်ဖို့လည်း ဘ၀က သူ့ကို သင်ပေးခဲ့ပြီ မဟုတ်လား…။
ဒီလိုနဲ့ ကိုဖိုးလုံးထက် (၁၆)နှစ်ငယ်တဲ့ ကျောက်မဲမြို့သူ ရှမ်းမလေး နဲ့ အိမ်ထောင်ထပ်ကျတယ်…။
အမေ့ချွေးမ လှလှလေး က မေတ္တာတရား ၊ ရိုသေသမှု ၊ မယားဝတ္တရား ၊ အိမ်ထောင်ထိန်းသိမ်းခြင်း ….အားလုံး ကိုဖိုးလုံး စိတ်နဲ့ ကွက်တိ… ဒီတော့ ဖရဏပီတိ ဂွမ်းဆီထိ .အခုထိ..အခုထိ... ပေါ့။
"ကျွန်တော်တို့ ငယ်ငယ်တုန်းက မှားတာတစ်ခုရှိတယ်ဗျ .. ကိုယ့်နှလုံးသားကို ကိုယ်ပဲ ဆုံးဖြတ်မယ်ပေါ့.. အမှန်က မဟုတ်ဘူးဗျ.. အကို ကားဝယ်မယ်ဆို ၀ပ်ရှော့ဆရာရဲ့ အကြံပြုချက်လိုတယ်.. အိမ်ဝယ်မယ်ဆို နားလည်တဲ့ ရှေ့နေလိုမယ်.. ဒီအိမ်က ဘာဂရမ် ဘယ်လိုပေါက်လဲပေါ့… ကျွန်တော်တို့ကလည်း တကယ့်တစ်ဘ၀လုံး လက်တွဲရမဲ့ ကိစ္စကျမှ ကိုယ့်ရဲ့ ဆယ့်ကိုးနှစ် နှစ်နှစ်ဆယ် အတွေ့အကြုံလေးနဲ့ သွားရွေးတာ အင်မတန်မှားတယ်လို့ ထင်တယ်…
ငယ်ငယ်ကတော့ ကျွန်တော်လည်း ငါရွေးတာ ငါ့ဘုရင်မပေါ့.. အမှန်က လူကြီးတွေ ရွေးပေးတာက မှ ကိုယ့်အတွက် ဒေါက်ခနဲနေအောင် မှန်တဲ့ လက်တွဲဖော်ပြ.. သူတို့မှာ နှစ်ပေါင်း လေးငါးဆယ်စာ အတွေ့အကြုံတွေရှိတယ်"
ဒါ ကိုဖိုးလုံး ဘ၀ နဲ့ ရင်းပြီး ရလာတဲ့ အသိ ။ ယုံကြည်ချက်..။
အားလုံးနဲ့တော့ တစ်ထပ်တည်းကျချင်မှ ကျမှာပေါ့..။
ဒါပေမယ့်…………ဒါတွေက…………. ဘ၀နဲ့ရင်းပြီး..သူ သိလိုက်ရတဲ့..သူ့အတွေ့အကြုံလေ..။
"ကျွန်တော့် သမီးတွေကို ကျွန်တော် အမြဲဆုံးမနေကျစကားရှိတယ်… စာမေးပွဲ ပဲ ဖြေဖြေ ၊ ဘာအလုပ်ပဲလုပ်လုပ်…ရလာဒ်က အရေးမကြီးဘူး..အကောင်းဆုံး မင်းကြိုးစားခဲ့တယ်ဆိုတာကိုပဲ လိုချင်တယ်..လို့..။ သမီးတို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဆိုတဲ့ စကားကိုပဲ အဖေလိုချင်တယ်.. စာမေးပွဲကျသွားလည်း အဖေစိတ်မ၀င်စားဘူး.. ဒါပေမယ့် အကောင်းဆုံးတော့ ရုန်ရမယ်"
တွက်နည်း နှင့် အဖြေ ဘယ်အရာက အရေးကြီးလဲ..။
ဇာတ်သိမ်းနှင့် ဇာတ်လမ်း ဘယ်အခန်းကြောင့် အော်စကာရကြသလဲ…။
ဒီမေးခွန်းတွေအတွက် ကိုဖိုးလုံးမှာတော့ သူအဖြေ နှင့် သူ..။ သူ့ယုံကြည်ချက် နှင့် သူ..။
(၆)
ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေဟာ သူ့တစ်သက်လုံးမှာ သူ့ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းရည်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုသွားသတဲ့..။
ဒီစာကို ဖတ်မိတော့ ကိုဖိုးလုံး……………စဉ်းစားတယ်.. ဆုံးဖြတ်တယ်..။
တစ်သက်လုံးမှာ ဦးနှောက်ကို ဘယ်လောက်အထိ သုံးမလဲ………………။
နာကျင်မှုမှသည် ခွန်အား…ခွန်အားနှင့် ဦးနှောက်ပေါင်းစပ်ခြင်းမှသည် …အိပ်မက်ဆီသို့… ။
ဒါ ကိုဖိုးလုံး ဆက်လျှောက်ရမယ့် Planning…။
ကိုဖိုးလုံး ပြင်ဦးလွင် ပြောင်းလာပြီ ။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီ ။ ငွေကြေးကိစ္စက ပူပန်စရာမရှိ ။ နောက်ထူထောင်တဲ့ မိသားစုမှာလည်း သမီးလေးနှစ်ယောက်နှင့် အခြေကျပြီ ။ ပထမအိမ်ထောင် သမီးသုံးယောက်ကလည်း ဆေးတက္ကသိုလ်ကို ရောက်နေပြီ..။
ကိုဖိုးလုံး…………ဘာကျန်သေးလဲ…။
အိုကေ…………..အိပ်မက်များဆီသို့ ပျံသန်းဖို့…..ဒါမှမဟုတ် ပျံသန်းခြင်း အိပ်မက်များဆီသို့…။
"၂၀၁၀ မှာ ကျွန်တော် ဘန်ကောက်သွားလည်တော့ ကျောက်မဲက ကောင်လေးတစ်ယောက်နဲ့ တွေ့တယ် ။ သူနဲ့ ခင်သွားရာကနေ ကျွန်တော်က မိုးပေါ်ပျံချင်တဲ့ ဆန္ဒကို ပြောပြခဲ့တယ် ။ မြန်မာပြည် ပြန်ရောက်တော့ သူက အဝေးထိန်းခလုတ်နဲ့ ထိန်းရတဲ့ လေယာဉ်တွေ ရဟတ်ယာဉ် ပုံစံတွေ ပို့ပေးလာတယ်ဗျ ။ အဲဒီ ရီမုဒ် ကွန်ထရိုး လေယာဉ်တွေက တကယ့် လေယာဉ်တစ်ခုကို ထိန်းရတဲ့ ခလုတ်အတိုင်းပဲ ပါတယ် ။ ဒရုန်းအနိမ့်စားလေးတွေလို့ ဆိုရမှာပေါ့"
ပေးပို့လာတဲ့ ပုံစံတွေထဲကမှ ထိန်းကြောင်းပျံသန်းဖို့ အခက်ဆုံးဆိုတဲ့ ချော်ပါ (….) ဒလက်ပန်ကာနဲ့ ပျံသန်းတဲ့ ဟယ်လီကော်ပရာကို ကိုဖိုးလုံး ရွေးလိုက်တယ်..။
ဘန်ကောက်ကို လှမ်းမှာတယ် ။ ရောက်လာတယ်.။
ခြောက်ပလောက်နီးနီးရှိတဲ့ ပန်ကာနဲ့ ဟယ်လီကော်ပရာအဟောင်းတစ်ခုကို မြန်မာငွေ ဆယ်သိန်း..။
ကိုဖိုးလုံး မိတ်ဆွေ ကျောက်မဲသားလေးက ဆိုင်မှာ အဲ့ဒီလေယာဉ်ကို သွားဝယ်တော့ ဆိုင်ပိုင်ရှင်က မေးတယ်..။
"မောင်းတတ်လို့လား…."
"ဟင့်အင်း…မြန်မာပြည်ထဲက ကျွန်တော့် မိတ်ဆွေအတွက်ပါ.."
'ဟုတ်ပါ့မလား ဘန်ကောက်မှာတောင် ဒီလို ရဟတ်ယာဉ် ကို ကွန်ထရိုးနဲ့ မောင်းဖို့က ဘတ်ငါးသိန်းလောက် သင်တန်းကြေးသွင်းပြီးမှ မောင်းလို့ရတာ.. မင်းမြန်မာပြည်က လူမောင်းရင်း ပျက်မှာပဲ…"
ယပက်လက် က ဖမာ့ ကို အထင်သေးသည်ပေါ့…။
မြန်မာပြည်ရောက် ရဟတ်ယာဉ်လေးကို ရီမုဒ်နဲ့ ကိုဖိုးလုံး စမ်းမောင်းတယ်…။
တီကျစ်ဘုရား မီးပုံပျံကွင်းလေးထဲမှာ လေယာဉ်ကို ရမုဒ်နဲ့ စမောင်းတယ်…။
စက္ကန့် သုံးဆယ်ပဲ လေ ထဲ ၀ဲတယ်..ဖုန်းဆိုပျက်သွားတယ်..။
သွားပြီ…ဆယ်သိန်း….။
လဲကျသလား… ပြန်ထ…။
ပျက်ကျသွားတဲ့ လေယာဉ်က တောင်ပံတွေအားလုံးကို ကိုဖိုးလုံးလိုက်ကောက်တယ် ။
ပြီးတော့ အကောင်းကိုသက်သက် ပျက်သွားတဲ့ ပစ္စည်းတွေကို သက်သက် ခွဲထားလိုက်တယ်..။
လိုအပ်တဲ့ ပစ္စည်းစာရင်းကို ဘန်ကောက်ကို ပြန်မှာ……ကျောက်မဲသားလေး..လုပ်ပါအုံး……။
မြန်မာပြည်ရောက်လာရင် ပြန်ဆင်……………။
ရှပ်တွေကအစ…တွင်ခုံတင်..အလိုင်းမင်းချိန်.. ကိုယ့်ဘာသာ ထု..ကိုယ့်ဘာသာထွင်…။
ပြီးတော့ ပြန်မောင်းတယ်……….။
တစ်ပေ.. ဆယ်ပေ..ဆယ့်ငါးပေ…. ပေ လေးငါးခြောက်ဆယ်လောက်ရောက်တော့… လေယာဉ်ကို ကို ကျွမ်းထိုးကြည့်တယ်..တစ်ပတ်….။ အိုကေ..။
နောက်ထပ် နှစ်ပတ်..သုံးပတ်…။ ဖုံးခနဲ….ပျက်ကျတော့တာပဲ..။
ဒီလိုနဲ့ ကိုဖိုးလုံး ရဲ့ ရိမုဒ်ကွန်ထရိုး လေယာဉ်နဲ့ ပျံသန်းခြင်းဟာ နှစ်နှစ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပျက်ကျတာ (၁၂)ခါ တိတိ..။
ဘာကြောင့်ပျက်ကျသလဲ ။ ရူပဗေဒသဘောတရား နဲ့ ကိုဖိုးလုံး စဉ်းစားတယ် ။
အဖြေရှာတယ်..။ အင်ဂျင်ပါဝါ နဲ့ လေထုဖိအား…မကိုက်လို့..။ အိုကေ..။
ဘာဖြစ်လဲ.. ဆယ့်နှစ်ခါပျက်တော့ ဆယ့်နှစ်ခါသိတယ်…။
ဒီတော့……..ဆယ့်နှစ်ခါပြင်..ဆယ့်နှစ်ခါ ထပ်ပျံ ပေါ့…။
"ကျွန်တော့်က ပစ္စည်းတွေထပ်မှာရင်း မှာရင်းနဲ့ ထိုင်းမှာရှိတဲ့ ကောင်လေးရော.. ဆိုင်ပိုင်ရှင်ကပါ ကျွန်တော့်ကို တော်တော် အံသြလာတယ်.. ထိုင်းတစ်နိုင်ငံလုံးမှာ ဒီလို ဒရုန်းပုံစံ လေယာဉ်မျိုးကို ပြန်ဆင်နိုင်တာ သုံးယောက်ပဲ ရှိတာ...တဲ့"
ရီမုဒ်ကွန်ထရိုးနဲ့ထိန်းရတဲ့ ရဟတ်ယာဉ်ဆိုပေမယ့် အထင်သေးလို့မရ..။
တကယ့် ရဟတ်ယာဉ်တစ်စင်း မှာ ပါတဲ့ ထိန်းချုပ်တဲ့ ခလုတ်အားလုံး ကွန်ထရိုးပေါ်မှာ ပါတာ..။
တကယ့် ရဟတ်ယာဉ်အစစ်အသေးစားလေးကို ထိန်းမောင်းရတာမျိုးပေါ့..။
ထည့်ရတဲ့ လောင်စာဆီကလည်း မက်သနောအယ်လ်ကိုဟော နဲ့ ကြက်ဆူဆီ ။
ဒီတော့….ကိုဖိုးလုံးအတွက် ပန်ကာနဲ့ ပျံသန်းရတဲ့ ရဟတ်ယာဉ်သဘောတရားကို နားလည်နေပြီ..။
လေဆန် လေစုန်သဘောကိုလည်း နောကြေခဲ့ပြီ…။
ရဟတ်ယာဉ်လည်း ထပ်မပျက်ကြတော့…။
ကဲ..နောက်တစ်ဆင့်တက်မယ်..။
လီဗာ ဂျွိုက်စတစ် အင်ဂျင် ပဲ့ ပန်ကာ.. အားလုံးသဘောကို နားလည်ပြီ…။
ငယ်ငယ်က တီထွင်ခဲ့တဲ့ အညာစောင် ဂလိုက်တာ လိုမျိုး လူလိုက်စီးလို့ ရတဲ့ ရဟတ်ယာဉ် ကိုဖိုးလုံးထွင်မယ်..။
ဒီတစ်ခါတော့ ညိုစန်းလည်း လိုက်ရဲမည်မဟုတ်..။
ဒီတစ်ခါ ရိုက်ညီနောင်လုပ်ရမှာက ကိုဖိုးလုံး ကိုယ်တိုင်…။
(၇)
'အကိုလေယာဉ်မှာ ဒီလောက်ရူးနေတာ…ကိုယ်တိုင်ပျံ ကြည့်ပါလား"
ဘန်ကောက်က ကျောက်မဲသားမိတ်ဆွေလေးဆီက အီးမေးလ်ဝင်လာတယ်…။
"အကို ကိုယ်တိုင် ပျံတဲ့ နည်းပညာရှိတယ်……… လေထီး ရယ် အင်ဂျင်ပန်ကာ ရယ်နဲ့ ပြန်ရတာ Paramotor နည်းပညာ လို့ခေါ်တယ်.."
ဟုတ်သလား ကျောက်မဲသားလေး..ကြာသလားလို့..လေထီး ပို့ပေးကွာ.. စက်က နည်းပညာသိရင် ကိုယ့်ဘာသာထွင်လို့ ရတယ် ။
လေထီးအဟောင်းတစ်ခု တာချီလိတ်ကတဆင့်ရလာတယ် ။
လေထီး စီးတာ အရင်လေ့ကျင့်ရမယ်..။
သူငယ်ချင်းတစ်ယောက်ခေါ်………… တောင်ပေါ်ကိုတက်..။
မလွယ်..လေထီးကို ထောင်ဖို့ လူနှစ်ယောက်အားနှင့် အနိုင်နိုင်..။
ကိုဖိုးလုံ ဇွဲ မလျော့..တစ်ပတ် နှစ်ရက်..မပျက်မကွက်…လေထီးထောင်တာကို ၀တ်စုံပြည့် ကျင့်တယ်..။
မိုးကုတ်လမ်းမှာ လေထီးအထောင်ကျင့်တာ ခြောက်လတိတိ ။
အလုပ်သမား နှစ်ယောက် ငှားတယ် ။ တစ်ခါတစ်လေ ဆိုင်ကယ်ငှားဆွဲ..။
လေလာတဲ့နေ့ဆိုရင် လေထီးနဲ့ ကိုဖိုးလုံးကို အလုပ်သမားတွေက ဆွဲပြေး…။
ဖြည်းဖြည်းချင်း ကောင်းကင်ပေါ်တက်သွားတယ်..။ စွန်လွှတ်တဲ့ နည်းပညာလိုပဲပေါ့…။
တစ်ရက်ကို အခါ နှစ်ဆယ် သုံးဆယ် ။ ပေသုံးဆယ်..လေးဆယ်… ဒီလိုနဲ့ လေထီးနဲ့ လေဟုန်စီး ရတာ ကိုဖိုးလုံး အကြိုက်ပေါ့..။
တစ်ခါတစ်ခါလည်း လေထီးက အကျမတော်တဲ့အခါ ခုနှစ်ရက် လမ်းမလျှောက်နိုင်တော။
ဒီတော့ ချစ်သော အိမ်သူက အကိုရယ် တော်ပါတော့ပေါ့…။
ဟင်အင်း..ဆက်ရုန်းမယ်..။
ဒါ လေဟုန်ကို စီးတာ ။ လေဆန်ကို ပျံသေးတာ မဟုတ်ဘူး..။
Paramotor အကြောင်း အင်တာနက်မှာ ရှာတယ်..။
"ကိုယ့်ဘာသာ စက်ဒီဇိုင်းဆွဲတယ်….မြန်မာပြည်မှာ မရတဲ့ပစ္စည်းအချို့ကို နိုင်ငံခြားကို မှာတယ် ။ ပန်ကာဒလက်တို့ ၊ ပန်ကာကို ကာဖို့ ၊ ထိုင်ခုံလုပ်ဖို့ အလျူမီနီယမ်ကိုင်း တို့က မြန်မာပြည်မှာ လုံးဝမရှိဘူး..။ ကိုယ့်ဘာသာ ကွေးတယ် ဂဟေဆော်တယ် ။
ဆိုင်ကယ် Yamaha အင်ဂျင်ကို ဂီယာဘောက်တွေဖျက်ချ ။ နက်တွေ မူလီတွေ ထိုင် ။ ကိုယ်ပိုင်အင်ဂျင် နဲ့ ကိုယ်ပိုင် မိုးပျံယာဉ် ဖြစ်ပြီ..။
"ကျွန်တော့်အယူအဆက ကမ္ဘာမှာ ဘယ်လိုပဲ လုပ်လုပ်.. ကျွန်တော်က ကျွန်တော့်နည်းနဲ့ ကျွန်တော်လုပ်တယ် .. ကမ္ဘာပေါ်ကနည်းပညာတွေကို ကြည့်တယ်.. သူ့အတိုင်း လိုက်မလုပ်ဘူး.. သူတို့ပစ္စည်းမှာလည်း အားနည်းချက်တွေအများကြီးပဲ.. ဥပမာ သူတို့ဆီက ထုတ်တာဆို ကာဗရိုက်တာ နဲ့ ဆီပိုက်အောက်မှာ အီဂနေးရှင်းကွိုင်တွေထားတာမျိုးပေါ့.. အဲဒါဆို မတော်တဆ ဆီယိုကျရင် မီးထတောက်နိုင်တယ်.. ဒီတော့ ကျွန်တော်ကအီဂနေးရှင်းကို ဘယ်ဘက်မှာ သက်သက်ခွဲထုတ်လိုက်တယ်…. ကာဗရိုက်တာကို ညာဘက်မှာ သက်သက်ထားလိုက်တယ်.."
ဘာပဲဖြစ်ဖြစ် ကိုဖိုးလုံးရဲ့ Paramotor မိုးပျံယာဉ်….. မြန်မာပြည်တွင် လုပ်သည် ။
စက်တော့ ရပြီ..။ မိုးပေါ်ပျံဖို့ပဲ.။ ဘယ်လို ဘယ်တော့ ပျံကြမလဲ..။
"လေယာဉ်ပျံတို့ ရဟတ်ယာဉ်တို့ Paramotor တို့ ဆိုတာ ကားလိုမဟုတ်ဘူးဗျ… လေထဲကို ရုန်းရတဲ့ ပစ္စည်းတွေက အင်ဂျင်အပတ်ရေများလာလေလော ဆွဲအားများလာလေလေပဲ.. ပန်ကာရွက် တစ်ရွက်ဟာ မြန်မြန်လည်လေ လေရဲ့ ခုခံမှုကို ရုန်းရလေပဲ.. ကားဆိုတာက စထွက်ပြီးဆိုတာ နဲ့ ရုန်း.. အရှိန်ရသွားတာနဲ့ ဂီယာကို လျော့ထိုးသွားရတာ.. လေယာဉ်ပျံကအဲ့ဒီလို မဟုတ်ဘူး.. မြန်လေလေ ဂီယာသေးသုံးရ လေလေ ပဲ.."
ကြိမ်နှုန်း ၊ အရှိန် ၊ လေထုပွတ်အား၊ ပင်လယ်ရေမျက်နှာပြင်အမြင့်နှင့် မော်လီကျူလာကျစ်အား..….ဒါတွေကို ကိုဖိုးလုံးလေ့လာတယ်..။
တစ်ခြားနိုင်ငံက စက်တွေလိုမဟုတ်….ကိုဖိုးလုံးရဲ့ မြန်မာ့ Paramotor က ဆိုင်ကယ်အင်ဂျင် နဲ့ပျံရတာ..။
Yamaha ဆိုင်ကယ် JR အင်ဂျင်ပါဝါက 115 CC ၊ 2 Stoke တူးဒီ တစ်ဆ ၊ ဓာတ်ဆီ လေးဆ..။
လောင်ဆာဆီက (၁၀)လီတာ ၊ နှစ်နာရီ လေထဲပျံ..။
Paramotor တည်ဆောက်ပုံအကြမ်းမျဉ်းက အင်ဂျင်တစ်လုံး ၊ ဒလက်တစ်ခု ၊ ကြားမှာ ရော်ဘာတုံးခံပြီး အလျူမီနီယမ်ထိုင်ခုံနဲ့ တွဲဆက် ၊ ပေါင်နှင့်လက်မောင်းတွေအတွက်က ကားခါးပတ်ကြိုးက လော့ခ်များ..။
ကိုဖိုးလုံး စပျံပြီ………..။
နီးစပ်ရာ ၀ါသနာတူရာ သူငယ်ချင်းတွေ က ပထမအကြိမ်ပျံသန်းမှုရဲ့ ပရိသတ်ပေါ့..။
လေထီးထောင် ပြီးပြီ… လီဘာကို ဆွဲတင်လိုက်…။
ဆယ်ပေ ဆယ့်ငါးပေ…အမြင့်ကနေ တည့်တည့်လေးမောင်း..။ တစ်ဖာလုံလောက်ရောက်တော့ ပြန်ဆင်း..။
သူငယ်ချင်းတွေကို ကားနဲ့လာကြိုခိုင်း ။ လေထီးကိုပြန်တင်။
ပထမနေရာကိုပြန်မောင်းသွား…။ နောက်တစ်ခေါက် ထပ်ပျံ…။
တလလည်း ဆယ်ပေ ဆယ်ငါးပေ..။ နောက်တစ်လလာလည်း ဆယ်ပေဆယ့်ငါးပေ..။ အမြင့်ဆုံးက ပေသုံးဆယ် ။
တစ်ခါ တောင်ပေါ်က လေထီး အစီးကျင့်ရင်း လေကြောင်းလွဲပြီး နဂါးမောက် ခင်းနဲ့ ထိုးအကျ..။
နဂါးမောက်ပင်ဆိုတာက ကွန်ဂရစ်တိုင်တွေမှာ ရစ်ပတ်ပြီး စိုက်ရတဲ့အမျိုး..။
ကွန်ကရစ်တုံးတွေ နဲ့ ကိုဖိုးလုံး ခြေထောက်တွေ မိတ်ဆက်ကျရောပေါ့.. ဒုန်း..ဒုန်း..ဒုန်း..။
ကွန်ကရစ်တိုင်တွေလည်း ကျိုး… သူ့ခြေထောက်တွေလည်း ထိပေါ့..။
အဲ့ဒီကတည်းက ကိုဖိုးလုံး မိုးပျံရင် အိမ်သူသက်ထား လိုက်မလာတော့..။
အသည်းယားသတဲ့လေ…။ ဟတ်ထိသတဲ့လေ..။
"ဒီလိုနဲ့ ပေနှစ်ဆယ်သုံးဆယ်လောက်နဲ့ မတင်းတိမ်တော့ဘူး..ကျွန်တော်လည်း ကြောက်တော့ကြောက်တာပေါ့..ဒါပေမယ့်လည်း ကဲ မဖြစ်တော့ဘူး ဖောက်ထွက်မှကို ဖြစ်မှာဆိုပြီး…အမြင့်ဆုံးကို ရအောင်ပျံတာ.."
နောက် ပေသုံးထောင်…။ နောက် ငါးထောင်.အထိ.။ တစ်နာရီ ကီလိုမီတာ တစ်ရာကျော်အထိ ..။
ပင်လယ်ရေမျက်နှာပြင်အလိုက်………..လေရဲ့ ခုခံမှုအလိုက် အမြန်နှုန်းတွေ…………. အလိုက်သင့် အလိုက်သင့်…ဟိုးအမြင့်ပျံ တောင်ပံတွေ…………………………။
"တစ်ခါတော့ ကျွန်တော်ပျံရင်း ပျံရင်း အချိန်ကြာတော့ မဆင်းခြင်တော့ဘူး.. လယ်ကွင်းတွေ ကျော်သွားပြီး သစ်ပင်တွေ တွေ့တာနဲ့ ကျွန်တော်ပြန်ကွေ့လိုက်တဲ့အချိန်မှာ.. စက်က အပေါ်မတတ်တော့ဘူး.. အရှိန်နဲ့ မြေကြီးထဲကျပြီး ပန်ကာရွက်ကြီး ကြိုးသွားတယ်.. လူကတော့ ဒလိမ့်ခေါက်ခွေးပေါ့.."
အဲ့ဒီလို ပျံနိုင်ဖို့..ခံနိုင်ဖို့ အတွက် ကိုဖိုးလုံး ညနေတိုင်း အပြေးလေ့ကျင့်ခန်း ဆင်းရတယ် ။
အနည်းဆုံး တစ်မိုင် ။ အိပ်ထမတင် အခါသုံးဆယ်..။
အသက်(၄၇)နှစ် အရွယ် မိုးပျံသမား… (၂၅)ပိသာ စက်အလေးချိန်ကို သယ်နိုင်ဖို့… ဒီလောက်တော့ ထရိန်းမှ…လေ..။
ဘာပဲဖြစ်ဖြစ်…………………ကိုဖိုးလုံး မိုးပေါ်ပျံနိုင်ပြီ………။
(၈)
"အရက်ကြော်ညာ ၊ စီးကရက်ကြော်ညာတွေအတွက် မိုးပေါ်ပျံပြဖို့ လာကမ်းလှမ်းတာရှိတယ်.. ကျွန်တော်လုံးဝ လက်မခံဘူး.."
ဟုတ်တယ်…မူးယစ်ဆေးဝါးနဲ့ပတ်သက်သမျှ ကိုဖိုးလုံးမှာ အနာရှိတယ်..။
ဒီတော့ လူငယ်တွေ အားကစားအတွက်.. မူးယစ်ဆေးတိုက်ဖျက်ရေးပွဲတွေအတွက် MANA အဖွဲ့နဲ့ပေါင်းပြီး ပျံသန်းပြတယ်..။
ကောင်းကင်ကနေ ဓာတ်ပုံလိုက်ရိုက်ပေးတယ်..။
"ကျွန်တော့်ညီလေး မူးယစ်သားကောင်ဘ၀ နဲ့ သေသွား၇တာ..ဒီမူးယစ်ဆေးဟာ တော်တော်ဆိုးပါတယ်ဗျာ… ဘာပဲဖြစ်ဖြစ် မူးယစ်ဆေးနဲ့ လူငယ်တွေအညွန့်မတုံးစေပဲ တီထွင်ဥာဏ်တွေ လုပ်နိုင်တဲ့ခွန်အားတွေကို ကျွန်တော်တို့က ရှေ့ဆောင်လုပ်ပြမှဖြစ်မှာ.."
ကောင်းကင်ပျံ လူသား……………….။
အခုတော့……………ကောင်းကင်မှာရော… လူသားအကျိုးပြုလုပ်ငန်းတွေမှာ သူပျံသန်းနေပြီ…….။ ပျံသန်းခဲ့ပြီ..။
(၉)
တကယ်တော့… တိမ်တွေက သူသိထားတဲ့အတိုင်း အငွေ့သက်သက် …...။
ကြည့်….. သူ ပျံသန်းတိုးဝင်နေတဲ့ အရှိန်ပြင်းပြင်းလေထုကြားမှာတောင်မှ တိမ်တွေဆီက အထိအတွေ့ကို သူ ဘာမှ မခံစားရ…..။
ဖြူလွလွ တိမ်မီးခိုးတွေက…………..မီးခိုးငွေ့တွေလို….ပျယ်လွင့်သွား..။
ဟိုးအောက်ဘက်မှာ ခပ်စိမ်းစိမ်းလယ်ကွင်းပြင်တွေ…..
ပြီးတော့ သူချစ်တဲ့ ရှမ်းရိုးမ….
နောက် သူနေတဲ့ ပြင်ဦးလွင် မြို့ကလေး……………….တရွေ့ရွေ့ကျန်ရစ်ခဲ့…။
သူ့လက်တွေကို ဆန့်တန်း……လေဟုန်ကိုစီးပြီး လေဆန် ကို ပျံရင်း…..။
သူလိုပဲ ပျံသန်းဖော် ကြိုးကြာတစ်အုပ်က တစ်ဖက်မိုးသားအစွန်းဆီက သူ့ကို လှမ်းပြီး စပ်စုကြတယ်..။
ငယ်ငယ်တုန်းကလိုတော့ အောက်အီးအီးအွတ် လို့ မနှုတ်ဆက်တော့………..။
သူလည်း..ချာပါတီရိုက်ရသည့် ကောင်လေး ဖိုးလုံး မဟုတ်တော့…။
သူက အခု………………………………………………..
ပျံသန်းခြင်း အိပ်မက်များအား..လက်တွေ့ ဖန်ဆင်းပြနိုင်ခဲ့သော……………..စီးပွားရေးလုပ်ငန်းရှင်.. တီထွင်ပါရဂူ.. လူစွန့်စား ဖိုးလုံး..။
ခက်ဇော် ၊ Real Lives Real Story , Volume 25,Murch
……………………………………………………………………………………..
- မှတ်စုကြမ်းမှ မျှဝေဖော်ပြလိုက်ရပါသည်။ ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...