Tuesday, July 5, 2016

အတုများ။ ခိုင်ထူးသစ် ၊

Nude Woman Reclining By Vincent Van Gogh
Painting, Oil on Canvas
Paris: early year, 1887
အတုများကို သူမုန်းမိသည်။ ဆံပင်အတု၊ သွားအတု၊ ခြေအတု၊ လက်အတုကအစ မုန်းသည်။ အသက်ကြီးလို့ သွားတွေ ကျိုးရင်တောင် ‘သွားတုမစိုက်ဘူး’ လို့ ဆုံးဖြတ်ထားသည်။ သူ့စိတ်အစွဲက အဲသည်လောက်ထိ ကြီးသည်။ ပစ္စည်းတစ်ခု၊ အသုံးအဆောင်တစ်ခု နာမည်ကြီးလာလျှင်၊ လူကြိုက်များလာလျှင် အတုလိုက်လာ တတ်သည်မှာ သဘာဝ။ အလွယ်လိုက်၍ အမြတ်ယူလိုသော စီးပွားရေးသမားများမှာ ခေတ်တိုင်းခေတ်တိုင်း ရှိနေလိမ့်မည်။
ဘယ်လိုပင် တားဆီးတားဆီး လုံးဝ ပျောက်သွားမည်မဟုတ်။ မိမိတို့ ၀ယ်ယူသုံးစွဲသူတွေဘက်က ရှောင်ဖို့ရှားဖို့သာ အရေးကြီးသည်။

အတုတွေကလည်း ပေါမှပေါ။ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးသည်ကပင် ‘အစစ်ယုမလား၊ အတုယူမလား’ လို့မေးလာတတ်သည်။ ထင်ယောင်ထင်မှား တံဆိပ်တွေနှင့် ပုံစံတွေကလည်း သေချာကြည့်မှသိရသည်။

ဟိုတစ်လောက သူ့သားလေး နာရီပူဆာ၍ လိုက်ဝယ်ပေးရာ ကောင်တာထဲတွင် RADO နာရီတစ်လုံး ကိုတွေ့လိုက်ရသည်။ နာရီဒီဇိုင်းလေးက လှမှလှ။ အိုးကလေးက အနက်ရောင်။ အထဲကစိန်ပွင့်ကလေးတွေက တလက်လက်။ လက်ပတ်ကြိုး အလယ်မှာလည်း ရွှေရောင်လိုင်းလေးတွေ ပြေးထားသည်။ နာရီကို ထုတ်ကြည့်ပြီး ဈေးမေးလိုက်တော့ ထောင့်နှစ်ရာတဲ့။ သူ အံ့သြသွားသည်။

‘ဟ..ဟုတ်ရဲ့လားကွ၊ ဒီလို ဆွစ်မိတ်နာရီက ထောင့်နှစ်ရာပဲရှိသလား၊ ဈေးများ မှားနေသလား’  ဆိုတော့ ဆိုင်ရှင်ကောင်မလေးက တခစ်ခစ် ရယ်လေသည်။ ပြီးမှ ‘မဟုတ်ဘူး ဦးရဲ့၊ ဒါက RADO အတုကြီး၊ ဆွစ်မိတ်မဟုတ်ဘူး၊ ချိုင်းနားမိတ်’

လက်ထဲတွင် ကိုင်ထားသော နာရီကို ချက်ချင်း ပြန်ချမိသည်။ သူ့သားလေးကတော့ ထိုနာရီကို သဘောကျသွားပြီး ‘ဖေဖေ ဒီနာရီပဲ လိုချင်တယ်၊ ဒီနာရီပဲဝယ်ပေး’ လို့ တဆာဆာ တောင်းဆိုနေသည်။ ဘယ်လို ပြောပြောမရ။ သူကလည်း အစစ်ကို ၀ယ်မပေးနိုင်။ အတုကျ တော့လည်း မသတီ။ သို့သော်လည်း သားလေးကြိုက်နေသောကြောင့် အောင့်သက်သက်နှင့် ၀ယ်ခဲ့ရသည်။ သားလေးလက်ထဲက RADO နာရီကိုကြည့်မိတိုင်း သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မိသည်။

‘ထီပေါက်လို့ကတော့ ဒီနာရီကို ပေါက်ခွဲပြီး အစစ်တစ်လုံး ၀ယ်ပေးမည်’ ဟုစိတ်ကူးမိသည်။ မသိနားမလည်သော သားလေးကတော့ ပျော်နေရှာသည်။

သို့သော်လည်း သားလေးကြာကြာ မပျော်နိုင်ပေ။ တစ်လလောက် ကြာတော့ လက်ထဲက နာရီမှာ ရွှေရောင်တွေ ကျွတ်လာသည်။ အထဲက စိန်ပွင့်ကလေး တွေကလည်း အရောင် သိပ်မလက်တော့ပေ။ လက်ပတ်ကြိုးမှာလည်း  ခပ်မည်းမည်း ခပ်မွဲမွဲနှင့် အကြည့်ရ ဆိုးလာသည်။ ပြုံးပျော်နေသော သားလေး၏ မျက်နှာမှာလည်း နာရီကြည့်မိတိုင်း ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။

‘တောက်…အတုတွေကတော့ အကုန်လုံး မီးရှို့ပစ်ဖို့ကောင်းတယ်၊ အတု လိုက်လုပ်တဲ့ ကောင်တွေကိုလည်း အရေးယူရမယ်။ ’သူ့စကားကြောင့် မိန်းမ၏ မျက်နှာမှာ တွန့်လိမ် သွားသည်။

“အိုတော်..ကျုပ်တို့လိုလူလတ်တန်းစား     တွေအတွက်တော့အတုရှိမှပေါ့၊ရတဲ့ငွေကလေးနဲ့ အစစ်ကိုဘယ်ဝယ်နိုင်ပါ့မလဲ၊တချို့အတုတွေကျတော့ လည်းအစစ်နီးပါးကောင်းပါတယ်။ဒါနဲ့ နေပါဦး၊ အစစ်ကို ၀ယ်ရအောင် တော်ကရောငွေ ဘယ်လောက် ရှာပေးနိုင်လို့လဲ”

မိန်းမစကားကြောင့် သူငြိမ်သွားသည်။ ခေါင်းကိုကုပ်၍ မကြားချင်ယောင်ဆောင်ကာ အိမ်အ ပြင် ထွက်လာခဲ့သည်။ ရက်ဆိုင်သို့ ဦးတည်နေသော သူ့ခြေလှမ်းများကို ငုံ့ကြည့်ရင်း ထပ်၍ ဒေါသထွက်မိပြန်သည်။ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်း သူ့ခြေထောက်တွင် စီးထားသော ဖိနပ်မှာ ကျွတ်ချင်သလိုလို ကွာချင်သလို လိုဖြစ်လာသည်။ တကယ်တော့ သည်ဖိနပ်က အစစ်မဟုတ်။ ‘အော်’ ကိုတု၍ ချုပ်ထားသော မိတ် ‘အင်’ ဒီတွင် သာဖြစ်သည်။ ထို့ကြောင့်လည်း တာရှည်မခံ။ ချုပ်ကြောင်းရာတွေ ကွာလိုက်လာသည်။ ဖိန်ပိုမပြတ်အောင် ထိန်းစီးရင်း တောက် တခေါက်ခေါက်ဖြင့် အတုများကို ဆဲရေးနေမိသည်။ အရက်ဆိုင်ထဲ ရောက်သွားတဲ့အထိ တဖျစ်တောက်တောက်နှင့်။

“ဟ..ဆရာခိုင်၊ မျက်နှာကြီးကလည်း စူပုပ်နေတာပဲ၊ မိန်းမနဲ့ ရန်ဖြစ်လာတာလား၊ လာပါဦးဗျ”

လျှပ်စစ်ပစ္စည်း ရောင်းသော ခင်မောင်ဝင်းက အရက်ခွက်ထဲ ရေငှဲ့ရင်း သူ့ကိုလှမ်းခေါ်သည်။ သူလည်း ခင်မောင်ဝင်းတို့ ၀ိုင်းမှာပဲ ၀င်ထိုင်လိုက်သည်။

ဟေ့…၀ီစကီနှစ်ပက်ပေးကွာ’ သူ့အမှာကြောင့် ခင်မောင်ဝင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဆရာခိုင်၊ အရင်က ရမ်ပဲသောက်တာနော်၊ အခုဝီစကီ ပြောင်းသောက်နေပြီလား’ ‘အေးကွ၊ ရမ်ကအတုပေါလို့ ၀ီစကီပြောင်း သောက်နေတာ၊ ဟိုတစ်လောက လှတောရွာဘက်မှာ ရမ်အတုသောက်မိလို့ လူသုံးယောက် ဆေးရုံတက်ရတာ မင်းလည်းကြားမှာပါ၊ အတုသမားတွေ တော်တော်ဆိုးတယ်ကွာ၊ ပစ္စည်းအတုလုပ်တာက တော်သေးတယ်၊ အစားအသောက်အတု၊ ဆေးဝါးအတု လုပ်တာကတော့ ဆိုးဝါးလွန်းပါတယ်၊ အဆိုးဆုံးကတော့ အရက်အတုကွအရက်အတု၊ ငါတို့ကို ထိခိုက်တယ်၊ ပိုက်ဆံသာ ရှိလို့ကတော့ ဂျော်နှီဝါကာတွေ၊ ဘလက်လေဗယ်တွေပဲ သောက်မယ်မောင်ရေ၊’ သူ့စကားကြောင့် အရက်ခွက်ကိုမော့ရန် ဟန်ပြင်နေသော ခင်မောင်ဝင်းမှာ တုံ့ဆိုင်းသွားသည်။

‘မထင်နဲ့ ဆရာခိုင်ရေ့၊ အဲ့ဒီဂျော်နီဝါကားတွေ၊ ဘလက်လေဗယ်တွေက ပိုပြီးအတုပေါတယ်။ ခင်မောင်ဝင်းက အရက်ခွက်ကို မော့ချလိုက်ပြီး အမြည်းခွက်ကို နှိုက်ရင်း ဆက်ပြောပြန်သည်။‘ တန်ဖိုးကြီးတော့ ပိုပြီး အတုလုပ်တာပေါ့ဗျာ၊ ပုလင်းအဖုံးကို ဆေးထိုးအပ်စိုက်လိုက်တယ်၊ ပြီးတော့ ပုလင်းကို မှောက် ဆေးထိုးအပ်ကိုဆွဲပြီး အထဲက အရက်အစစ်ကို နည်းနည်းချင်းဆွဲထုတ်တယ်။ ပြီးမှ အရက်အတုကို ဆေးထိုးအပ်နဲ့ ပြန်ထည့်ပြီး အဖုံးပေါ်က အပ်စိုက်ရာကို ပြန်ဖုံးတယ်၊ တကယ်ပိရိတယ်ဗျာ၊ နောက်ထုတ်ထားတဲ့ အစစ်ကိုဆိုင်မှာ ပက်ချင့်ရောင်းပြီး အတုကို တခြားပြန်သွင်းတယ်၊ ကိုယ့်ဆိုင်လာသောက်တဲ့ သူကတော့ အစစ်သောက်ရတာပေါ့ဗျာ၊ တရုတ်နယ်စပ်မှာ ဒီလိုလုပ်နေတဲ့ သူတွေအများကြီးပဲ’

ခင်မောင်ဝင်း ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြီးတော့ ဈေးရောင်းနေသူဖြစ်သောကြောင့် အတုတွေနှင့်ပိုပြီး ရင်းနှီးသည်။ ထို့ကြောင့် သူလည်း ခင်မောင်ဝင်းနှင့် စကားကောင်းနေမိသည်။

‘မင်းတို့ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုပေါမှာပေါ့’ ‘ပေါတာပေါ့ ဆရာခိုင်ရယ်၊ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုတွေ၊ ပုံမှားရိုက်တာတွေ အများကြီးပဲ၊ ကျွန်တော်ဆိုရင် ဆိုင်မဖွင့်ခင်က ခဏခဏခံရတယ်၊ အဲ့ဒီတုန်းက တီဗွီအင်တင်နာဝယ်တာ အမျိုးအစားက TOSHIBUဗျ။ ကျွန်တော်လည်း တိုရှီဘာက ဈေးချောင်လှချည်လားဆိုပြီး၊ ၀ယ်လာတာ အိမ်ရောက်မှ တိုရှီဘာမဟုတ်ဘဲ တိုရှီဘူ ဖြစ်နေမှန်းသိရတယ်။ တိုအိုအက်စ်အိတ်(ခ်ျ)အိုင်ဘီအေ (TOSHIBA) ကိုမသိမသာနဲ့ တိုအိုအက်စ်အိတ်(ခ်ျ)ဗွီယူ (TOSHIBU) လို့လုပ်ထားတယ်။ ‘A’နဲ့ ‘U’ ကို မသိမသာ ပုံမှားလုပ်ထားတယ်။ သေချာ ကြည့်မှ တိုရှီဘူမှန်း သိရတယ်’

ခင်မောင်ဝင်းက ပြောပြီး တ၀ါးဝါးရယ်လေသည်။ သူလည်းမနေနိုင်တော့ ဘဲခွက်ထိုးခွက်လန် ရယ်လေတော့သည်။ အရက်ဆိုင် တစ်ဆိုင်လုံးမှာ ရယ်သံများ ဆူညံသွားသည်။

‘ဟ..ရယ်လှချည်လား၊ ဘာတွေများ သဘောကျနေကြတာလဲ’

‘အသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်။ ထိုလူက  ပြုံးဖြီးဖြီးနှင့် သူ့ပခုံးကို ကိုင်လျှက်။ ‘ဆရာ….ကျွန်တော့်ကို မှတ်မိလား’တဲ့။ သူလည်း စားပွဲခုံပေါ်က  အရက်ခွက် ဘေးရှိမျက်မှန်ကို  ကောက်တပ်၍ ကြည့်လိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် ၀ါးတားတား။

‘ဆရာ့တပည့် သဘောင်္သား ဖိုးထောင်လေ’ ‘ဟ..ဖိုးထောင်ကြီးပါလား။ ပိန်ပြီးအသားတွေ ဖြူလို့ မှတ်တောင် မမှတ်မိဘူးကွာ၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ’ ‘ရောက်တာ ကြာပြီဆရာ၊ ဆရာနဲ့ မတွေ့ဖြစ်လို့၊ လကုန်ရင်ပြန်ထွက်မှာပါ”

ဖိုးထောင်က ထိုင်လက်စ ၀ိုင်းက သောက်လက်စ အရက်ခွက်ကိုသွားယူပြီး သူတို့ ၀ိုင်းထဲပြောင်းလာသည်။ ခင်မောင်ဝင်းကလည်း ခုံကိုချဲ့၍ နေရာပေးသည်။ ကျွန်တော်ဒီမှာ တစ်ယောက်တည်း ထိုင်နေတာကြာပြီ၊ ရယ်သံတွေကြားလို့ ကြည့်လိုက်မှ ဆရာတို့မှန်းသိရတယ်၊ ဘာတွေများ သဘောကျ ပြီးရယ်နေကြတာလဲ’

‘သြော်…ဒီခေတ်ကြီးထဲ အတုတွေပေါတဲ့ အကြောင်းပြောရင်းရယ်မိတာပါကွာ၊  ဒါနဲ့မင်းတို့နိုင်ငံခြား သဘောင်္လောကမှာရော အတုတွေ မပေါဘူးလား’ ဖိုးထောင်က ချက်ချင်းပြန်မဖြေ။ စီးကရက်တစ်လိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။ ပြီးမှရှိုက်ထားသော မီးခိုးများကို ဖွာထုတ်ရင်းပြောသည်။

‘ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်တော်တို့ နိုင်ငံခြားသင်္ဘောလောက၊ ရှိုးဂျော့ လောကတွေမှာ အတုတွေ အများကြီးပဲ၊ အလုပ်ခန့်စာအတု၊ စပွန်ဆာအတု၊ ပတ်(စ်)ပို့အတု၊ ဟောကျွန်တော်တို့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ မိန်းမအတု’

‘ဘယ်လိုဘယ်လို၊ မိန်းမအတုဟုတ်လား’

ဖိုးထောင်စကားပင် မဆုံးသေး၊ သူနှင့်ခင်မောင်ဝင် အံသြစွာဝင်ပြောလိုက်သည်။ ‘ဟုတ်တယ်ဗျ။ သင်္ဘောပေါ်မှာ မိန်းမအတုတွေရှိတယ် ’ဟာကွာ..မင်းကလည်း အတုတပ်ထားတဲ့ မိန်းမနေမှာပါ၊ မိန်းမအတုတော့မဟုတ်ပါဘူး’ နားမလည်သော ခင်မောင်ဝင်းက ၀င်ပြောတော့ ဖိုးထောင်ကရယ်သည်။

‘အတုတပ်ထားတာမဟုတ်ဘူး၊ တစ်ကိုယ်လုံးအတု ဖြစ်နေတဲ့ လေထိုးထားတဲ့ မိန်းမပုံ ရာဘာရုပ်ကြီးတွေကိုပြောတာ’ ထိုအခါကျမှ တ၀ါးဝါး ရယ်လေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသွားရင် သင်္ဘောပေါ်မှာ မိန်းမအတုတွေပဲရှိတယ်ဗျ၊ ကျွန်တော် ကတော့ အတုကို အစစ်ထက် ပိုပြီးကြိုက်တယ်’ သည်တစ်ခါတော့ သူရော ခင်မောင်ဝင်းရော ခေါင်းခါမိသည်။

‘မင်းကလည်းကွာ အစစ်ကို ဘယ်မီပါ့မလဲ၊ မင်းရူးများ ရူးနေလား’ ဖိုးထောင်ကတော့ သူတို့ကိုကြည့်၍ လေးနက်တည်ငြိမ်စွာ ပြုံးသည်။ ‘ဆရာတို့ တကယ်မကြုံသေးလို့ အတုရဲ့တန်ဖိုးကို မသိကြတာပါ’ သူလည်း အတော်လေးမူးနေသော ဖိုးထောင်နှင့် ဆက်၍ အတိုက်အခံ မပြောလိုသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် စကားတွေက မဆုံးနိုင်။ တောင်ရောက် မြောက်ရောက်နှင့် ပြောလိုက်ကြသည်မှာ ညမိုးချုပ်သည်အထိ။ သူရော၊ ခင်မောင်ဝင်းရော၊ ဖိုးထောင်ရော စကားတွေ လေးလံလာပြီး ခေါင်းငိုက်စိုက်ပင် ကျလာသည်။

* * *  * *       *  *  *  *   *         *  *  *   *

အရက်ဆိုင်မသွားဖြစ်တာလည်း အတော်ကြာသွားပြီ။ မိန်းမက သူအပြင်ထွက်သည်ကို မကြိုက်သောကြောင့် ညနေရောက်တိုင်း အိမ်ထဲမှာပဲ တစ်ယောက်တည်း သောက်ဖြစ်သည်။  ဖိုးထောင်လည်း ပြန်ထွက်သွားပြီဟုကြားရသည်။ အရက်ဆိုင်တွင် ကြုံခဲ့သော ညက ဖိုးထောင် ပြောခဲ့သော အကြိုက်ကတော့ တွေးမိတိုင်း အံ့သြ၍ မဆုံးနိုင်။ တော်တော်ထူးတဲ့ ကောင်၊ အတုမှ ကြိုက်ရတယ်လို့’ ဟု ဆိုညဉ်းမိသည်။

သူကတော့ အရက်မူးတိုင်း အိမ်ထဲရှိ အတုမှန်သမျှကို ရိုက်ခွဲပစ်ချင်သည်။ သို့သော်လည်း မိန်းမက သူ့ကိုရိုက်ခွဲမည် စိုးသောကြောင့် အသာငြိမ်နေမိသည်။ တစ်နေ့တော့ သူ့အိမ်ကို လူတစ်ယောက် ကပျာကယာနှင့် ပြေးလာသည်။

‘ဆရာ..ဆရာ…၊ ဆုံးခါနီးလူနာတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်ဆိုလို့၊ အမြန်လိုက်ခဲ့ပါဆရာ၊’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။

“ဗျာ..ဘယ်သူများလဲ’

‘ဟိုရောက်မှ တွေ့လိမ့်မယ်ဆရာ၊ လူနာကဆရာ့ကို အရမ်းတွေ့ချင်နေတယ်၊ အခုလိုက်ခဲ့ပါ၊’

သူလည်း နားမလည်နိုင်ဘဲ ထိုလူလာခေါ်သော ကားလေးနှင့် လိုက်သွားလေသည်။ ခြေတံတိုအိမ်လေးတစ်လုံး ရှေ့ရောက်မှ ‘ကျွိ’ခနဲ့ ရပ်သွားသည်။ သူလည်း သိလိုစိတ်ဖြင့် အိမ်ပေါ်ပြေးတက်သွားတော့ ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ပက်နှင့် လူတစ်ယောက်။ ကိုယ်အနှံ့မှာ အနာစိုများနှင့်။ ဆရာ…ဆရာ၊ ကျွန်တော်ဖိုးထောင်ပါ’

ကြက်သီးများပင် တဖြန်းဖြန်းထသွားသည်။

‘ဟင်…ဖိုးထောင်၊ မင်းပြန်ထွက်သွားပြီဆို’  ‘ဟုတ်တယ်ဆရာ၊ ကျွန်တော်လူတွေကို ပြန်ထွက်သွားပြီလို့ လိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။ ကျွန်တော့်မှာ AIDSရှိနေတာကြာပြီ။ ရှက်လို့ ထွက်ဟန်ဆောင်ပြီး ဒီမှာ တိတ်တိတ်ကလေး နေခဲ့တာ၊ ကျွန်တော့်အဖြစ်က ဆိုးလွန်းပါတယ် ဆရာရယ်။’

ပြောရင်း..ပြောရင်း မျက်ရည်များပင် လိမ့်ဆင်းလာသည်။ ‘အစစ်ကြောင့်ဆရာ၊ အစစ်ကြောင့် ကျွန်တော်ဒီလိုဖြစ်ရတာ၊ သင်္ဘောပေါ်မှာ မိန်းမအတုတွေနဲ့ပဲ ကျေနပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ အခုတော့ သင်္ဘောဆိပ်ကမ်းမှာ ကပ်တိုင်း အစစ်တွေနဲ့ တွေ့ခဲ့ လို့ ဒီလိုဖြစ်ရတာပါ၊ ဒါကြောင့်မို့ အတုတွေက တန်ဖိုးရှိတယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့ ဆရာရယ်၊’

စကားပြောရင်း ဖိုးထောင်မောလာသည်။ ‘စကားတွေ သိပ်မပြောပါနဲ့ ဖိုးထောင်ရယ်’ ဖိုးထောင်ကို ဖြေသိမ့်ရင်း အားပေးစကားတွေ ပြောခဲ့ရသည်။ သို့သော်လည်း ဖိုးထောင်၏ နောက်ဆုံးထွက်သက်ကို မကြားလိုသောကြောင့် ဖိုးထောင်ကို နာနာကျင်ကျင် နှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်သူ့ခြေလှမ်းများမှာ လေးလံပြီး သူ့စိတ်မှာ ထိုင်းမှိုင်းနေ၏။

*  *  *        *  *   *   *     *   *   *

ထိုညက တစ်ညလုံး အိပ်မပျော်ပေ။  ခြင်ထောင် မျက်နှာကြက်ကို မော့ကြည့်ရင်း တွေဝေနေသည်။ ညဉ့်နက်သည်အထိ သူ့စိတ်မှာ ချောက်ချားနေသည်။ လူ့လောက၏ အဖြစ်အပျက်တရားများကို စဉ်းစားရင်း ထိတ်လန့်နေမိသည်။ သူ့ကိုယ်မှာ ခုတင်ပေါ်တွင် ပက်လက်လန်လျှက်။ ဘေးမှာတော့  အအိပ်ကြီး၍ အအိပ်ကြမ်းသော သူ့ မိန်းမက တခေါခေါအိပ်နေရာမှ သူ့ဘက်လိမ့်လာသည်။ ခြေထောက်က သူ့ပေါင်ပေါ်လာခွပြီး လက်က သူ့ရင်ဘတ်ပေါ် လာတင်သည်။ သူ ချွေးများပြန်လာပြီး ခြေထောက်နှင့် လက်ကို သူ့ကိုယ်ပေါ်မှ အလျှင်အမြန်ဖယ်ချလိုက်သည်။

‘အစစ်ကြောင့်ဆရာ.. အစစ်ကြောင့်’ ဆိုသည့်ဖိုးထောင်၏ စကားများကို ကြားယောင်လာသည်။ ထိတ်ထိတ်လန့်လန့် ဖြစ်လာပြီး အိပ်ရာမှ ‘ငေါက်’ ခနဲ့ ထထိုင်လိုက်သည်။

“မဖြစ်ဘူး..မဖြစ်ဘူး၊ ဒီညကစပြီး ဒီမိန်းမနဲ့ ခွဲအိပ်ရတော့မယ်’ ခြင်ထောင်ထဲမှ ထွက်လိုက်ပြီး စောင်တစ်ထည်ကို ဆွဲယူကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ပြီးတော့ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာသည်။ ‘အင်း….ဖိုးထောင်ပြောတဲ့ အတုတစ်ခုလောက်တော့ ရှာဝယ်ရဦးမယ်

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...