Tuesday, July 5, 2016

မြန်မာမများ တရုတ်မယားအန္တရာယ် ပုံစံ(၁)

Soe Lwin Oo

 မြန်မာပြည်လူဦးရေ သန်း ၅၀ ကျော်သည် တရုတ်ပြည်လူဦးရေ သန်း၁၃၀၀ ကျော်၏ အစွန်းထွက်မျှသာ ရှိသည်။ ၁၉၇၈ ခုနှစ်မှစ တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒချမှတ်ခဲ့သည်။ တစ်ယောက်သာယူရမည်ဆိုလျှင် ယောက်ျားလေးသာ ရလိုသော တရုတ်မျိုးရိုးနာမည်ဓလေ့ကြောင့် မိန်းကလေး ကိုယ်ဝန်ဆိုလျှင် ဖျက်ချခဲ့ကြသည်။ ယခု ၎င်း တစ်ဦးတည်းသောသားများ အိမ်ထောင်ပြု ချိန်ရောက်တော့သတို့သမီး မလုံလောက်မှု ပြဿနာဖြစ်လာသည်။
မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှ အသက် ၁၄ နှစ်မှ၃၅ နှစ်ကြား မိန်းကလေး အားလုံးပေါင်း သည် တရုတ်ပြည် ၏ သတို့သမီးလိုအပ်ချက် ၂ နှစ်စာကိုပင်ဖြည့်ဆည်းနိုင်စွမ်းမရှိ။ မြန်မာနိုင်ငံသားအားလုံး သိရှိ သတိထားသင့်သည့် အချက်ဖြစ်သည်။
ပုံစံ(၁)
ကချင်ပြည်နယ်တွင် ဗန်းမော် မှ မြစ်ကြီးနားအထိ၊ လိုင်ဇာမှ မြစ်ကြီးနားအထိ၊၂၀၀၀ ပြည့်နှစ်ကျော်များမှစပြီး တရုတ်ဘက်မှ ငှက်ပျောသီး လာစိုက်ကြသည်။ မြေငှားပြီးစိုက်ခြင်းဖြစ်သည်။ ကချင်စစ်ပွဲ တစ်ကျော့ပြန်မဖြစ်ပွားခင်ကဆိုလျှင် ငှက်ပျောသီး ဧကပေါင်း၂ သောင်း ရှိသည်။
တရုတ်ပြည်မှ အရင်းအနှီး နည်းပညာများဖြင့် မြန်မာ့မြေပေါ်တွင်မြန်မာအလုပ်သမားများနှင့် စိုက်ပျိုးကြပြီး ထွက်သမျှ သီးနှံများကို ၂၂ ဘီးကားများဖြင့်လိုင်ဇာကိုဖြတ်ပြီး တရုတ်ပြည် ကွမ်ကျိုး၊ ရှန်ဟဲ နှင့် မြို့ကြီးအတော်များများသို့တင်ပို့ကြသည်။ နေ့စဉ် ငှက်ပျောသီးကား ၅ စီး မှ ၁၀ စီးထိရှိသည်။
ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်း၊ မြေငှားခရရှိခြင်းကြောင့် အင်မတန် ကောင်းမွန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။
တရုတ်ဘက်မှ ၀န်ထမ်းများအနေနှင့် သူဌေးကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့်အလုပ်ကြပ်များ ပါလာကြပါသည်။
မြန်မာ ၀န်ထမ်း ၂၀-၃၀ လျှင် အလုပ်ကြပ် ၁ ယောက်နှုန်းဖြင့် ကြီးကြပ်စေပါသည်။နေ့စဉ် သတ်မှတ်ပမာဏ ပြီးစီးမှုရှိမရှိ၊ ခိုင်းသည့်အတိုင်း ပုံစံတကျ လုပ်ခြင်းရှိမရှိတို့ကို အလုပ်ကြပ်က ကြီးကြပ်ပါသည်။ နေ့စားစာရင်းမှတ်ခြင်း နေ့စားခရှင်းပေးခြင်းတို့လုပ်ရသည်။
မြန်မာ အလုပ်ကြမ်းသမားအများစုကလည်းအလုပ်ကြပ်သာမရှိလျှင် အလုပ်မပြီးခြင်း နှင့် ဖြစ်ကတတ်ဆန်း လုပ်တတ်ကြပါသည်။
အလုပ်ကြပ် ၁ ယောက်၏ ၁ လ လခမှ မြန်မာငွေ ၄ သိန်းမှ ၅ သိန်းအထိရှိသည်။အလုပ်ကြပ်အများစု မှာ တရုတ်ပြည် စန်းတုန်းပြည်နယ်၊ အန်းဟွေးပြည်နယ်၊ ဟူးပေ့ပြည်နယ်တို့မှဖြစ်ကြသည်။
၎င်းပြည်နယ်များမှ မြန်မာပြည်သို့ အလုပ်ကြပ်အဖြစ် အလုပ်လာလုပ်ရန်အတွက်မက်လုံးမှာ လစာက အဓိကမဟုတ်ဘဲ မြန်မာပြည်တွင် မိန်းမရနိုင်သည်ဆိုသည့် မက်လုံးက အဓိကဖြစ်ပါသည်။
၎င်းတို့နေရာများတွင် သတို့သမီး မရှိသလောက်ရှားပါးပါသည်။ အထက်တန်းအောင်မိန်းကလေးများ ကောလိပ် တက္ကသိုလ် ဆက်တက်ရန် မြို့ကြီးတက်သွားလျှင် ပြန်လာသူ ၁၀%ပင်မရှိ။မြို့ကြီးမှာ ကျောင်းပြီးလျှင် ရရာအလုပ်လုပ်ရင်း မြို့ကြီးမှာ အိမ်ထောင်ကျကုန်ကြသည်။အချို့ရွာတွေမှာ သတို့သမီး ကုန်ကြမ်း တစ်ယောက်မှ မရှိ။
လူပျိုတစ်ယောက် အိမ်ထောင်ပြုခွင့်ရဖို့ အင်မတန်ခက်ခဲသည့် ဒေသများဖြစ်ပါသည်။၎င်းတို့အနေဖြင့် လယ်ယာလုပ်ငန်းကိုစွန့်ပြီး မြို့ပေါ်စီးပွားရေးလုပ်ငန်းများလည်း မလုပ်တတ်။သတို့သမီးကြေးကလည်း အလွန်မြှင့်သည်။ တင်တောင်းငွေ သပ်သပ်ပင် အနည်းဆုံး မြန်မာငွေ ကျပ်သိန်းနှစ်ရာကျော်ရှိသည်။ မင်္ဂလာစရိတ်များ အားလုံးပေါင်းလျှင် သိန်း ၅၀၀ နီးနီးကုန်မည်။
မြန်မာပြည်တွင်တော့
အင်မတန်ချိုသာသော ကုန်ကျစရိတ်ဖြင့် သတို့သမီးများရနိုင်သည်။၎င်းမက်လုံးဖြင့် မြန်မာပြည်တွင် အလုပ်ကြပ်လာလုပ်ကြခြင်းဖြစ်သည်။ အသက်အားဖြင့် ၃၀ ကျော်မှ၅၀ အထိရှိကြသည်။
ရောက်တာနဲ့ စီမံကိန်း အကောင်အထည်ဖော်တော့သည်။ အလုပ်ဆင်းသည့်မိန်းကလေးများကို မျက်နှာသာပေးသည်။ မိန်းကလေး၏ မောင်ဘွားများကို မျက်နှာသာပေးသည်။ ဒီလိုနဲ့သိပ်မကြာပါ။ ငြိကုန်ကြသည်။ ကောင်မလေးများ၏ အိမ်ကို ၀င်ထွက်သည်။ လက်ဆောင်တွေပေးသည်။မိသားစုကို အခွင့်အရေးတွေပေးသည်။ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းပါမည်ဟု အယုံသွင်းသည်။သိပ်မကြာပါ။ ရွာလုံးကျွတ်မီးခိုးတိတ် ကျွေးမွေးပြီး မင်္ဂလာပွဲကျင်းပသည်။ မိန်းကလေးကိုတင်တောင်းတာ သိန်းနှစ်ဆယ်၊ ကျွေးမွေးတာ မင်္ဂလာစရိတ်က သိန်း ၂၀ - ၃၀ နဲ့ အပြီးအစီး သိန်း၅၀ မပြည့်ဘဲ မိန်းမရသွားပြီ။
အိမ်တက်သမက်အဖြစ်နေသည်။ အိမ်ကို လစဉ် ၁ သိန်းမှ ၁ သိန်းခွဲခန့်ထောက်ပံ့သည်။ အဲဒီရွာတွေမှာ ဒီပမာဏက မိသားစုစားလောက်သည်။ အလုပ်ကြပ် တရုတ်ဘက်က ပြန်ကြည့်တော့လည်းထမင်းချက်၊ အ၀တ်လျှော်၊ မီးပူတိုက်အတွက် လူငှားရရင်တောင် ပိုက်ဆံ တော်တော်ကုန်မည်။အခုတော့ ဒီ တစ်သိန်းခွဲနဲ့ ထမင်းဖိုးပါ ပါသေးသည်။ ကန်တော့ပါရဲ့ တစ်ပတ် တစ်ခါ ပြည့်တန်ဆာခန်းသွားရင်တောင်ဒီငွေနဲ့ မလောက်နိုင်။ အခုတော့ ပြည့်တန်ဆာခန်းလည်း သွားစရာမလို။ မိန်းမတစ်ယောက် အပိုင်ရပြီ။
အလုပ်ကြပ် ၈၀% ကျော် အိမ်ထောင်တွေကျသည်။
ဒီလိုနဲ့ နေလာရင်း ကချင်စစ်ပွဲတွေ ပြန်ဖြစ်သည်။ လုပ်ငန်းတွေရပ်ကုန်သည်။ တရုတ်တွေ အိမ်ပြန်ကြသည်။ ဒီမှာမွေးတဲ့ ကလေးတွေ ခေါ်ပြီးပြန်ကြသည်။ (ကလေးကျန်ခဲ့တာလည်းရှိသည်။)တချို့ မိန်းမတွေလည်း တရုတ်ပြည်အထိ လိုက်သွားကြသည်။ (၂၀% မပြည့်ဟုထင်သည်။ အတိအကျတော့မသိ)
တချို့ မိန်းမတွေက ကျန်ခဲ့သည်။ ယောက်ျားရော ကလေးရော ပါသွားသည်။တစ်ခုလပ်။ ရွာမှာ အိမ်ထောင်ထပ်ကျဖို့လည်းနည်းသည်။ ရွှေလီကျယ်ဂေါင်မှာ အလုပ်လာလုပ်ကြသည်။ကောင်းရောင်းကောင်းဝယ် လုပ်ငန်းမှာ အလုပ်ရသည်လည်းရှိသည်။ အနှိပ်ခန်းလို စီဒီအိုကေ လိုသိပ်မကောင်းတကောင်း မျိုးမှာ လုပ်ရသည်လည်းရှိသည်။ လုံးဝ မကောင်းတဲ့ နေရာ ရောက်သွားကြသည်လည်းရှိသည်။
ပြောဖို့ တစ်ခုကျန်သွားသည်။ အလုပ်ကြပ် တရုတ်အချို့သည် မြန်မာမှတ်ပုံတင်ကိုင်ထားကြသည်။အလုပ်တွေရပ်တော့သာ ပြန်သွားကြခြင်းဖြစ်ပြီး အချို့က ဒီမှာဘဲ ရိုးမြေကျ နေသွားရန် ရည်ရွယ်သူများလည်းရှိသည်။
အခုတော့ မြန်မာပြည်တစ်ပြည်လုံးမှ တရုတ်ပြည်က မြေငှားစိုက်တဲ့ဖရဲစိုက်ခင်းတစ်ချို့မှာလည်း တရုတ်ပြည်သား အလုပ်ကြပ်များနှင့် ဒေသခံ မိန်းကလေးများဇာတ်လမ်းတွေလည်း ကြားရသည်။ (နားစွန်နားဖျားကြားတာပါ၊ ဖရဲသီးလာရောင်းတဲ့ တောင်သူ ဗမာတွေကအစ်အောက်မေးရတာ နည်းနည်းခက်သည်။ သိပ်မဖြေချင်ကြ)
ပုံစံ(၂) (၃) (၄) (၅) ရေးပါဦးမည်။
Credit to Kyaw Zwa

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...