Monday, August 1, 2016

လူ့မျက်နှာနဲ့ နေရာ

MOI Webportal Myanmar

ဘတ်စ်ကားစီးရင်း လူ့မျက်နှာတွေကို လိုက်ကြည့်ဖူးပါသလား။ ကျွန်မတို့ရဲ့ အင်္ဂလိပ်ဆရာက တစ်ခါတုန်းက ပြောဖူးတယ်။ စာဖတ်ရတာက လူ့မျက်နှာဖတ်ရတာလောက် စိတ်ဝင်စားဖို့မကောင်းဘူး။ လူ့မျက်နှာကိုလိုက်ကြည့်ရတာ သိပ်အရသာရှိတာပဲတဲ့။ အဲဒီတုန်းက ဆရာက သူကားစီးရင်းမြင်ခဲ့ရတဲ့အဖြစ်အပျက်ကိုပြောပြရင်း အဲဒီစကားကိုပြောပြခဲ့တာ။ စိတ်ထဲ သဘောမပေါက် တဲ့ အတွေးပဲရှိခဲ့တယ်။
ညိန်းရွှေရည်

Final Year(English)
(YUFL)
တစ်နေ့ ကျွန်မသင်တန်းသွားဖို့ ဘတ်စ်ကားစီးခဲ့တယ်။ ကားစီးရင် အန်ရင်အန်၊ မအန်ရင် ကားမူးတတ်တဲ့ ကျွန်မအဖို့ အမေက ရှေ့ခန်းက သွားစီးဖို့ပြောပေမယ့် မမီမှာစိုးလို့ နောက်ကပဲတက်လိုက်တယ်။ ထိုင်ခုံမရခဲ့ဘူး။ နောက်ဆုံးခုံမှာယောက်ျားလေးယောက်ထိုင်နေတယ်။ အမှန်ဆို ငါးယောက်ဆံ့ပါတယ်။
အဲဒီမှာ ကျွန်မ သူတို့မျက်နှာတွေကို ကြည့်လိုက်မိတယ်။ စိတ်ဝင်စားစရာ စတွေ့တာပဲ။ တစ်ယောက်က သီချင်းနားထောင်နေသလိုလို အဝေးကိုငေးနေတယ်။
နောက်တစ်ယောက်က ကျွန်မလှမ်းကြည့်မှ မျက်စိပိတ် အိပ်ချင်ယောင်ဆောင်နေလိုက်သလို နောက် နှစ်ယောက်က စကားဖောင်ဖွဲ့နေတယ်။ သူတို့မျက်နှာတွေ။နေရာဆိုတာ ကားပေါ်မှာအရေးကြီးနေပြီ။
ကျွန်မကလည်း မူးတတ်တဲ့သူ။ သူတို့ကလည်း ကျွန်မသာလာထိုင်နေလိုက်ရင် ပိုကျပ်သွားမှာ။ သူတို့ဖို့ သက်သောင့်သက်သာမရှိလောက်ဘူး။ သူတို့စိတ်ထဲ နည်းနည်းတိုးပေးဖို့စိတ်ရှိနိုင်လောက်ပေမယ့် တကယ် တမ်းက မလုပ်နိုင်ကြဘူး။ အတွင်းစိတ်မှာ လွန်ဆွဲနေကြတယ် ထင်ပါရဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူကများ နည်းနည်းကျုံ့ထိုင်ပေးမလဲဆိုပြီး မသိမသာကြည့် နေကြပါတယ်။
ဒါပေမယ့် စပယ်ယာအသံထွက်လာတယ်။နောက်ဆုံး တန်းက အစ်ကိုများ နည်းနည်းတိုးပေးကြပါတဲ့ ကျွန်မ နေရာတစ်နေရာရတယ်ဆိုပါတော့။ ဟုတ်ပါတယ်။ အမှန်ပဲ ကျွန်မထိုင်လိုက်တဲ့ခါ နေရာလေးကျပ်သွားပါတယ်။ ဘယ်သူမဆို လွတ်လွတ်လပ်လပ်ပဲထိုင်ချင်ကြတာပါ။ ကိုယ့်နေရာလေးမှာ စိတ်သန့်သန့်နဲ့ လေဝဝရှူချင်သူများသာ။ နေရာလေးတစ်ခုကြောင့် လူ့မျက်နှာတွေ သိမြင် ခဲ့ရပါပြီ။ အဲဒါနဲ့ မှတ်တိုင်တစ်ခုရောက်တော့ ရှေ့နားတစ်ခုံ လွတ်တာနဲ့ ကျွန်မပြောင်းထိုင်ပေးလိုက်တယ်။ သူတို့ မျက်နှာကိုကြည့်တဲ့အခါ အခုမှ ငါတို့နေရာလေးဆိုပြီး အသက်ရှူချောင်သွားတဲ့မျက်နှာမျိုးကို တွေ့လိုက်ရပါတယ်။ သိပ်သိသာပါတယ်။ နောက်တစ်မှတ်တိုင်ရောက်တော့ ကလေးချီထားတဲ့ဖခင် တက်လာပါတယ်။ သူ့ခမျာ ကလေး တစ်ဖက်နဲ့ ကျပ်ညပ်နေတဲကားပေါ်မှာ တိုးစီးဖို့ မလွယ်ကူလှပါဘူး။ ကျွန်မလည်း မသိချင်ယောင်ဆောင်မိတယ်လေ။ ကိုယ်ကကားမူးတတ်တဲ့သူမို့ နေရာကအရေးကြီးတယ်။ ပြတင်းပေါက်နားထိုင်ရဖို့လည်း မလွယ်ဘူးလေ။ အကယ်၍ ကိုယ်ဖယ်လိုက်ဦး ပြတင်းနားကနေရာထပ်ရဖို့ ဆိုတာ ထင်သလောက်မလွယ်တော့ဘူးလေ။ သူက ယောက်ျားတစ်ယောက်ပဲ။ ဒီလောက်ကိုတော့ မမှုလောက်ပါဘူး။ မိန်းကလေးသာဆို ဖယ်ပေးလိုက်မယ်လေဆိုပြီး တွေးနေမိလိုက်တယ်။
ဘေးနားက အစ်မတစ်ယောက် သူဆင်းတော့မှာမို့ ဖယ်ပေးလိုက်တာနဲ့ အဲဒီဦးလေးကြီး နေရာရသွားပါတယ်။ နောက်တစ်ယောက်တက်လာတာက ကိုယ်ဝန်ဆောင်ပါ။ ကျွန်မတွေးထားသလို မဖယ်ပေးမိပါဘူး။ အဲဒီအမျိုးသမီး စစတက်လာချင်းနေရာတစ်ဝိုက်က ယောင်္ကျားတွေပါ။ မိန်းကလေးဆိုလို့ ကျွန်မအပါအဝင် သုံးယောက်ပဲရှိတာ ပါ။ အဲဒီမှာ မိန်းကလေးတစ်ယောက်က ကျွန်မတက် ကတည်းက မျက်လုံးမှိတ်အိပ်နေတာမို့ သူတက်လာတာ မမြင်ပါဘူး။ ဘေးကပ်ရပ်ခုံရဲ့ ရှေ့တစ်ခုံက မိန်းကလေး တစ်ယောက်က ဖယ်ပေးလိုက်ရမလားဆိုပြီး ချီတုံချတုံဖြစ် နေပါပြီ။
သူမကလည်း ဘေးဘီဝဲယာလိုက်ကြည့်နေပါတယ်။ ကျွန်မနဲ့ဘေးကပ်ရပ်ခုံက ယောင်္ကျားတစ်ယောက်။ မျက်စိ အတင်းဇွတ်မှိတ်ထားပါတယ်။ မျက်စိကိုအတင်းမှိတ်ရတဲ့ အခါ ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးကြမှာပါ။ နောက် ရုံး ဝတ်စုံနဲ့တစ်ယောက် သူကလည်း မဖယ်ပေးချင်လောက် ဘူး။
ဘာလို့လဲဆိုတော့ ကားတိုးစီးရင်း ရုံးကိုဘယ်သူကမှ အဝတ်ကြေကြေတွေနဲ့သွားချင်မယ်မထင်ဘူး။ ကျွန်မ ရှေ့ခုံကယောကျာ်းတစ်ယောက်က ခြင်းပေးထားလေဆို ပြီး ခြင်းပဲကိုင်ပေးပြီး မျက်နှာလွှဲနေပါတယ်။ အဲဒီ အမျိုး သမီး တိုးရင်းတိုးရင်းနဲ ကျွန်မနားရောက်လာပါတယ်။
စောစောက ချီတုံချတုံဖြစ်နေတဲ့ အစ်မက သိပ်သိသာ နေပါပြီ။ သူ့ခမျာ ဖယ်လည်းဖယ်ပေးချင်တယ်။ အတွင်း စိတ် စစ်တိုက်နေတယ်ထင်ပါရဲ့။ ခုနက ယောက်ျားတွေ ကို လှမ်းကြည့်လိုက်၊ မဖယ်ရကောင်းလားဆိုပြီး ဒေါသရိပ် သမ်းလာလိုက်။ သူထတော့မယ့်ဟန်ပြုလိုက်၊ ပြန်ထိုင်ချ လိုက်နဲ့ သံသရာလည်နေပါတယ်။ ကျွန်မလား။ ထိုင်နေလျက်ပါ။ ကျွန်မစိတ်ထဲမှာ ကျွန်မမျက်နှာကို ပြန်မြင်နေ ရသလိုပါပဲ။ အဲဒီအမျိုးသမီး ကျွန်မခုံနားရောက်လာ ရင်ဆိုတဲ့အတွေးဖြစ်နေပါပြီ။ ဖယ်ပေးရမှာ ကြောက်မိ နေတယ်။ ဖယ်ပေးမယ်ဆိုတဲ့ ခုနကအသိ ပျောက်ဆုံးစပြု နေပါပြီ။ ကျွန်မ မဖယ်ပေးချင်ဘူးလေ ထိုင်ခုံကိုတွယ်တာ နေတာပါ။ နောက်ဆုံး ခုနကအစ်မက ဝုန်းခနဲထရပ်ပြီး အစ်မ ဒီမှာလာထိုင်ပါတဲ့။
သူမ အနိုင်ရသွားပြီ။ သူမစိတ်ကို အနိုင်ရသွားပြီ။ နေရာကိုလွှတ်ချလိုက်ပြီ။ သူပေါ့ပါးသွားသလိုပါပဲ။ မျက်နှာ လေး အေးချမ်းသွားလိုက်တာ။ အဲလိုနဲ့ ကျွန်မဆင်းရမယ့် မှတ်တိုင်ရောက်တာနဲ့ ဆင်းလိုက်ပါတယ်။
ဒါပေမယ့် လမ်းတစ်လျှောက် ပြန်စဉ်းစားမိတယ်။
တကယ်တော့ ကျွန်မလည်း ကားပေါ်က ယောက်ျား တွေနဲ့အတူတူပါပဲ။ ကျွန်မနေရာမရခင်တုန်းက ထိုသူတွေ ကို မဖယ်ပေးရကောင်းလားဆိုတဲ့စိတ် ဖြစ်မိပေမယ့် ကျွန်မ ကိုယ်တိုင်နေရာရလာတဲ့ခါ နေရာကိုခင်တွယ်နေမိပါတယ်။ ကားမူးတယ်ဆိုတဲ့ အတ္တတစ်ခုနဲ့ နေရာကို ယူထားမိပါတယ်။
လူ့မျက်နှာဆိုတာ အချိန်မခါမရွေးပြောင်းလဲနိုင်ပေ မယ့် နေရာနဲ့ပတ်သက်လာရင် ပိုပြီးပြောင်းလဲတတ်တာကို စိတ်ဝင်စားဖွယ်တွေ့ခဲ့ရတယ်။ လူဆိုတာမျိုးက နေရာ တစ်နေရာမရသေးခင်သာ သူများအပေါ် မနာလိုစိတ် ဖြစ်ကောင်းဖြစ်နိုင်ကြပေမယ့် တကယ်တမ်း ကိုယ်နေရာရလာရင် ကိုယ့်နေရာလေးကိုသိပ်ချစ်ကြပါတယ်။ အခြားလူတွေ နေရာအတွက် တိုက်ခိုက်နေတာကို မအံ့သြမိ တော့ပါဘူး။ ကျွန်မလို အညတရမိန်းကလေးတောင် ကားပေါ်က မဖြစ်စလောက်နေရာလေးကို တွယ်တာနေမိရင် အခြားသူတွေဆို နေရာကိုပိုမိုတွယ်တာနေမိနေမှာပါပဲ။ ဒါပေမဲ့လည်း နေရာတစ်ခုရယူရတော့မယ့်အခါ ကိုယ့် အရည်အချင်းနဲ့ကိုယ် သူတစ်ပါးက လိုက်လိုက်လျောလျော ပေးတာမျိုးကို လိုချင်မိပြီး နေရာကိုလွှတ်ချရတော့မယ့် အခါ ဖယ်ပေးလိုက်တဲ့ နောက်ဆုံးအစ်မလိုမျိုး နေရာယူ ထားလိုစိတ်ကို ခုခံပြီး စိတ်သန့်သန့်နဲ့ လွှတ်ချချင်မိတယ်။ နေရာကိုလိုက်ပြီး လူတွေက မျက်နှာဖုံးတပ်ထားကြတာပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့နေရာတစ်ခုကို ''ငါ့နေရာ''ဆိုတဲ့ အတ္တစွဲလေးချွတ်ပြီး ဖယ်ပေးလိုက်တဲ့အခါ မျက်နှာလေး ကြည်လင်တောက်ပအေးချမ်းလာမှာ အမှန်ပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...