Wednesday, August 17, 2016

"အာနာပါနသတိပဌာန် ရှုမှတ်နည်းအကျဉ်း"

ခန္ဓာ-၅ပါး တစ်ဦး

"ဝိပဿနာ" အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ•••••
"ဝိပဿနာ" စတင် အားထုတ်ကြမည့် ဓမ္မ မိတ်ဆွေ များအတွက်.....
"အာနာပါနသတိပဌာန် ရှုမှတ်နည်းအကျဉ်း"
"ဝိပဿနာ" အားထုတ်ရန် "ကမ္မဌာန်း"တရား များစွာရှိတဲ့ အနက် တရားစခန်းတိုင်းလိုလိုက တရားအားထုတ်ကြသူ ယောဂီ များကိုအများအားဖြင့် "အာနာပါန ကမ္မဌာန်း" သာ ပေးလေ့ရှိတာကြောင့် "အာနာပါန သတိပဌာန်" ရှုမှတ် နည်း ကို ဆည်းပူးထားသမျှ တင်ပြရခြင်းဖြစ်ပါသည်။
"အာနာပါ နဿတိ" ဟာ "ကာယာနုပဿနာ သတိပဌာန်" တစ်မျိုး ဖြစ်ပါတယ်။
"မဟာသတိပဌာနသုတ်"မှာ "ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ" ဆိုတဲ့ အာရုံ ၄ မျိုးအနက် " ကာယ"ကို အဖန်ဖန်ရှုမှတ်ခြင်း "ကာယနုပဿနာ" အကြောင်းတင်ပြပါမယ်။

မြတ်စွာဘုရားရှင်က.."ကာယနုပဿနာ" နှင့် ပတ်သက်ပြီး" အာရုံ ၁၄ မျိုး" ဟောထားတဲ့အနက်ထဲက ဓမ္မမိတ်ဆွေများအတွက် အာရုံတခုဖြစ်တဲ့ "အာနာပါန" အကြောင်း ကို ဘဲ လောလော ဆယ် တင်ပြပါရစေ။
ပထမဆုံး ဝင်လေ ထွက်လေကို အာရုံယူ ရှုမှတ်ဖို့ ဟောပါတယ်။ လူတိုင်း အသက်ရှင်နေသ၍ အသက် "ရှုသွင်း၊ ရှုထုတ်"လုပ်နေကြတယ်။ မရှူတာနဲ့ သေမှာပါ။ ဒါပေမယ့် အဲဒီ "ဝင်လေထွက်လေ" အပေါ်မှာ သိနေအောင် သတိကပ်ပြီး နေလေ့မရှိကြပါဘူး။
ဒီ "ဝင်လေ ထွက်လေ"ကို "အာနာပါန" လို့ ခေါ်ကြတာပါ။
တရားစခန်းတွေမှာ ပေးလေ့ရှိတဲ့ ကမ္မဌာန်းတရားပါ။ လေကို ရှူသွင်း ရှူထုတ် နေတာ အာရုံတစ်ခုဘဲ။ ဒီအာရုံကို သတိနဲ့ ကပ်ပြီး ဥာဏ်ကသိအောင် တွဲပြီး အလုပ်လုပ်ရင်း လေ့ကျင့်ရတာပါဘဲ။ "အာနာပါန ပဗ္ဗ" လို့ ခေါ်ပါတယ်။
အသက်ရှူနေကြတဲ့ ဝင်လေ ထွက်လေရဲ့ နှာခေါင်းဝ အသားကို ..ထိ၊ ထိသွားတဲ့ အထိကလေးကိုလိုက်ပြီး သိ သိနေတဲ့ ထိ သိ "သတိ" ဆိုတဲ့ သိစိတ်ကိုထားပြီးတော့ ဝါယောရုပ် လေက ၊ကာယရုပ် အသား ကို တိုးထိသွားတာကိုပဲ မမေ့တဲ့သတိ နဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရပါမယ်။
အဲဒါကို "အာနာပါန ဖုသန ကမ္မဋ္ဌာန်း"လို့ခေါ်ပါတယ်။
ဘုရားသာသနာတော်မှာ ဒီကမ္မဋ္ဌာန်းဟာ "ရှုမှတ်ရလည်း အလွယ်ဆုံး"၊ အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပါဘဲ။
သိုသော် ..ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့ သူတွေကသာ များနေတာပါ။
ဒါကြောင့် သိဒ္ဓိရှင်ဖြစ်ချင်ရင် တော့ အဲဒီအတိုင်း ရှုမှတ်ကြည့်ပါ၊ သမာဓိရှိသလောက် တန်ခိုးသိဒ္ဓိတွေ တော့ ရလာမှာပါပဲ။
ရှုပုံရှုနည်းကို လေ့လာ ဖတ်ရှုထားသလောက် ပြောရယင်
၁။ ဝင်လေ ထွက်လေ ဝါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိတယ်၊ ငါ့ကို ထိတာမဟုတ်.....
"ငါမရှိ၊ ရုပ်ကို ထိတယ် "....အဲဒီလို သိမှတ်လိုက်ပါ၊ အတ္တဒိဋ္ဌိကို တိတိပပ ဖြတ်ချလိုက်ပါ။
၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားတယ်။ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိ၏၊ အဲဒီလို သိမှတ်ကြည့်ပါ။
၃။ဒီ ထွက်လေ ဝင်လေသည် ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာ၊ ငါ့ကြောင့်ဖြစ်တာ မဟုတ်ဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ထားပါ၊ အကြောင်းစိတ်နဲ့ အကျိုးရုပ်ကို ပိုင်းခြားသိထားပါ။
၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ အနိစ္စတရားတွေပဲလို့ သိမှတ်ပါ။
၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ကာ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။
၆။ အဲဒီ အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စ ဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာ ဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်တဲ့ အတွက်ကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း မအောင်မြင်တဲ့ အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားတွေပဲလို့ ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရပါမယ်။
အခုလို့ ထွက်လေ ၀င်လေ ရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ ဆိုတဲ့ နေရာမှာတင် ရပ်မနေဘဲ "ထိတဲ့ရုပ်လည်းပျက်၊ သိတဲ့ စိတ်လည်းပျက်" ၊ ထိသိပျက်တိုင်အောင် အသိစိတ်ကို "အနိစ္စလက္ခဏာ"သို့ ရောက်အောင် ပို့ဆောင်ပေးရပါမယ်။ အလေ့အကျင့်ပြုလုပ်ပေးရပါမယ်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာတဲ့ အခါမှာ သိစိတ် အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ တွေ့ ထိခိုက်၊ ကြံစည်ခိုက် တို့ ပေါ်လာယင် လည်း ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် အလိုလို သိမှတ်သွားတော့တာပါဘဲ၊ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာ နဲ့ အသိ မလုပ်တော့ပါဘူး၊ "ရုပ်နာမ်ဖြစ်ပျက် နဲ့သာ အသိလုပ်နေပါတော့တယ်" ။
"••ရုပ် နာမ် ဖြစ်ပျက် ပြတ်လျက် ငြိမ်းသည်••
ဒီစာသားလေးက-
ကျနော် ရဲ့ ကမ္မဌာန်း ဆရာဖြစ်တဲ့ သထုံမြို့ ၊ရဟန္တာတိုက်၊ ရွှေပြည်လမ်းညွှန် တရားရိပ်သာမှ "ဆရာတော် ဦးဝေပုလ္လ" တရားပြစဉ်အခါက အမြဲဟောပြောတိုင်း ကြားနာခဲ့ရတဲ့ စကားလေးကို အမှတ်ရသွားလို့ ..ခုလို စာရေးယင်း ပူဇော်မိပါသည်။"
ဆက်လက်ပြီး ဖေါ်ပြရယင် စိတ်ရဲ့သဘောသဘာဝ က "အာနာပါန" ထိသိအာရုံကို သိနေဖို့ အကျင့်သာ လုပ် လုပ်ပေးပါ၊ အာရုံနဲ့ အသိအကျွမ်းဝင်အောင် လုပ်ပါများယင် အကျင့်ပါသွားရောပဲ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိလုပ်သွားနေတော့သဖြင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းသောကြောင့် မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ ရောက်မသွားတော့ဘဲ အဲဒီမှာ ဘာဖြစ်မလဲဆိုတော့..."မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက် " နဲ့ သာ ..ခဏတိုင်း ခဏတိုင်း သိ ပျက် နေတဲ့ "ဥဒယ ဝယ ခဏိက သမာဓိ"၊တနည်းဆိုသော်( အနိမိတ္တစေတောသမာဓိ )ထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့ သတည်း လို့ သာ ပြောရတော့ မှာပါဘဲ။
( အနိမိတ္တစေတောသမာဓိ ဟူသော အဓိပ္ပါယ် ကိုတော့ နောက်အခါ ကျယင် တင်ပြပေးပါမယ်။ အကယ်၍ သိချင်ယင်တော့ ခဏိကသမာဓိဆိုတဲ့ ခေါင်းစဉ် နဲ့ YouTube မှာ ဖားအောက်ဆရာတော်ကြီး ဟောကြားထားတာရှိပါတယ်) နာယူနိုင်ပါတယ်။
ဆက်လက်ပြီး ဖေါ်ပြရယင်တော့..အဲဒီ ထွက်လေ၊ ဝင်လေ "အာနာပါန" ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ အဲဒီလို ဥဒယ ဝယ ခဏိက သမာဓိထဲ သက်ရောက်လေ့ရှိလို့ အလွန်ကောင်းသော အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဆရာတော်တွေဟောခဲ့ပါတယ်။
ခု..ပြောပြခဲ့တဲ့ ဒီအလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ် ပါပဲ။
ရှေးသူတော်ကောင်း တို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေတဲ့အတွက်ကြောင့် တွေဝေ ငေးမောကာ အမှားထဲမှာ မေ့မြောနေသော မောဟနှင့် ကင်းဝေးလျက် ဝိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ် လို့  ဆိုပါတယ်။
အဲဒါကြောင့် အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကို မမေ့မလျော့ ကြိုးစားမှတ်သားနေတဲ့ သူဟာ၊ သူရဲ့ သမာဓိ အားကောင်းသလောက် လောကီဘက်ဆိုင်ရာ ဈာနသမာပတ်အထိ သိဒ္ဓိတန်ခိုး အကျိုးအမျိုးမျိုးတွေကို ရရှိခံစားနိုင်တယ်၊ မယုံမရှိနဲ့ လုပ်ကြည့်ပါ၊ သိဒ္ဓိရှင် ဖြစ်သွားနိုင်ပါတယ်။
အဲဒီ ထွက်လေ ဝင်လေ "ထိသိ သတိ" ကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေတဲ့ ယောဂီဟာ လေ့လာလုပ်ယူမှု "သတိ" အပိုင်းက လွန်မြောက်ပြီးတော့ သတိရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိနဲ့ "ကပ်ခနဲ ကပ်ခနဲ" ချက်ချင်းပဲ "သိပျက် သိပျက်" နေတဲ့ “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲပြီး မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးပါလိမ့်မယ်။
အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင်တော့..ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက် လုပ်ခ ရမှာကတော့ အမှန်ပါပဲ
•ဆရာ့...ကိစ္စ
•ဓမ္မ...ကိစ္စ
•ဒကာ့.....ကိစ္စ
ဆရာ့ကိစ္စ...ဆရာ လုပ်ပါတယ်။ ဓမ္မကိစ္စ...ဓမ္မ ကလုပ်ပါတယ်( သဘာဝတရားတွေပါ )။
ဒကာ့ကိစ္စလည်း...ဒကာ လုပ်ရမှာပါ။
ဆရာကပြောတယ်...ဆားဟာ "ငံ တယ်"..လို့ ၊
ဒကာ...က စားကြည့်တယ်၊
"ငံ ပါစေ"လို့ ဆုမတောင်းနဲ့..
ဆားက သူအလုပ်သူ "ငံအောင်"လုပ်မှာ ပါပဲ။
ဒါကြောင့် "ဝိပဿနာ" ဆိုတာ "ကိုယ်တိုင်လုပ်ကြည့်မှ သိလာမှာပါ "ဆိုတဲ့ စကားချပ် နဲ့ ဘဲ ပူဇော်လိုက်ပါရစေ။
သာဓု၊သာဓု၊သာဓု။
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်၊ ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
( ခန္ဓာ-၅ပါးတစ်ဦး )
၁၀ရက်၊ဇွန်လ ၂၀၁၆
မနက်၁၀:၀၀
နယူးယောက်
ကိုးကား (အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ -ဖျာပုံတိုက်သစ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...