Wednesday, August 3, 2016

မြန်မာနိုင်ငံနှင့်ဒီမိုကရေစီ (၂) [အမှတ် ၁ မှ အဆက်]

2011+ publishing

ဒီမိုကရေစီ အသွင်ကူပြောင်းနေတဲ့ မြန်မာနိုင်ငံအတွက် နံပါတ်(၁) အရေးအကြီးဆုံးအနေနဲ့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်သင့် တာကတော့ ဒီမိုကရေစီပညာရေးပါ။ ဒီမိုကရေစီမှာ ပညာရေး အရေးပါတဲ့အကြောင်း ပြောလာတာ ပလေတို တို့ခေတ် ကတည်းစပြီး နောက်ပိုင်းပညာရှင်တွေ ဖြစ်တဲ့ ရူးဆိုးRousseau နဲ့ တော့ဗီလ် Alexis De Tocqueville အပါအဝင်ဖြစ်ပါတယ်။ (၁၉) ရာစု ဒီမိုကရေစီ ရေချိန်မြှင့်လာတဲ့ အချိန်မှာ ဒီမိုကရေစီပညာရေးကနေ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့ အလေးထားလာကြပါတယ်။ နိုင်ငံသားကောင်းတွေ များလာလေလေ နိုင်ငံ ဖွံဖြိုးတိုးတက် လေ အေးချမ်း သာယာ ဝပြောလေ ဆိုတဲ့သဘောဆောင်သလို အုပ်ချုပ်ရတာတွေ လည်းပိုလွယ်ကူ လာလေ ဖြစ်လို့ပါ။
ဒီမှာတင် ဒီမိုကရေစီ နဲ့ ပညာရေး ဟာ အပြန်အလှန် လိုအပ်တယ်လို့ အမေရိကန်ရဲ့ နာမည်ကြီး ပညာရှင်တွေဖြစ်တဲ့ ဂျွန်ဒီဝီ ( John Dewey) နဲ့ လစ်ပ်ဆက် (Seymour Martin Lipset) တို့က အခိုင်အမာပြောဆိုကြပါတယ်။
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွေမှာ မဲဆန္ဒရှင်တွေဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံး အကောင်အထည် ဖော်ပေးမယ့် ခေါင်းဆောင်တွေကို သဘောကျ နှစ်သက်ကြပါတယ်။ အထူးသဖြင့် ပညာရေးလို ကဏ္ဍမျိုးမှာလိုအပ်ချက်တွေ ဖြည့်စည်းပေးနိုင်မယ့် ခေါင်းဆောင်မျိုးပါ။ ဒီမိုကရေစီ ဘိုးအေနိုင်ငံ ဖြစ်တဲ့ အမေရိကန်ရဲ့ ပြီးခဲ့တဲ့ ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲမှာ ဘာနီ ဆန်းဒါးစ် ဟာ ဟီလာရီ ကလင်တန်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အမေရိကန် ကောလိပ် ကျောင်းသား လူငယ်ထုရဲ့ ထောက်ခံမှုကို အများဆုံးရခဲ့ပါတယ်။သူရဲ့မဲဆွယ်ပွဲ မူဝါဒမှာတခုအပါအဝင် ဖြစ်တဲ့ အခမဲ့ ကောလိပ်ပညာ သင်ခွင့်ကိုအကောင်အထည်ဖော်ဖို့နဲ့ ပညာသင်စားရိတ်ချေးငွေတွေ အတွက် လျှော့ပေါ့တဲ့ အတိုးနှုန်း ပြန်လည်သတ်မှတ်ရေး စတာတွေကို ကောလိပ်ကျောင်းသားတွေ နှစ်ချိုက်ကြလို့ ဖြစ်ပါတယ်။ ဒါကတော့ ဒီမိုကရက်တစ်နိုင်ငံတွေမှာတွေ့ရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နိုင်ငံသားတွေအပေါ် မဲဆွယ်စည်းရုံးနည်းတွေ ဖြစ်ပြီး နိုင်ငံသားတွေကလည်း ဘယ်နိုင်ငံရေးသမား ဘယ်ခေါင်းဆောင်က သူတို့အတွက် နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ် အကဲဖြတ်ပြီး မဲပေးဆုံး ဖြတ်ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာရှင် အမြစ်ပြတ်အောင် အားထုတ်နေရတဲ့အတွက် ၁၉၉၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံသားအပေါင်းဟာ အာဏာရှင်တွေ ပြန်ခေါင်းထောင်မလာဖို့ အဓိကရည်ရွယ်ပြီး NLD ဖက်က ဘယ်သူပဲ အရွေးခံ ခံ မဲပုံအောခဲ့ကြတာပါပဲ။ သိတဲ့အတိုင်း ပညာရေး နဲ့ဆက်စပ်လို့လည်း ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အာဏာရှင် အဆက်ဆက်တွေကတော့ နိုင်ငံသားတွေ စာပိုတတ်လာမှာ နဲ့ အသိအမြင် ကြွယ်ဝလာမှာကို မလိုလားကြပါဘူး။ သူတို့ဟာ အာဏာတည်မြဲရေးနဲ့ ကိုယ်ပိုင် အကျိုးစီးပွါးအတွက်သာ စိတ်ဝင်စားကြပါတယ်။ ဒါ့ကြောင့် ဖင်လန်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဗန်ဟန်နန် ( Tatu Vanhanen ) က "အာဏာရှင်တွေ အနေနဲ့သူတို့နိုင်ငံရဲ့ နိုင်ငံသားတွေ စာတတ်မြောက်မှု နှုန်းနဲ့ အသိအမြင် ကြွယ်ဝမှုများတဲ့ နိုင်ငံရေးစနစ် ဖြစ်လာဖို့ရည်ရွယ်လေ့မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စာတတ်တဲ့ဦးရေ နည်းပြီး အသိဉာဏ်မကြွယ်တဲ့နိုင်ငံသားတွေနေထိုင်တဲ့ နိုင်ငံက သူတို့အတွက် အုပ်ချုပ်ရတာ ပိုပြီး လွယ်ကူစေလို့ဖြစ်တယ်" လို့ ဆိုခဲ့ပါတယ်။
United Nations အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် မှ "ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့်ဆင်ခြင်တုံတရား လုံလောက်အောင်ရှိကြရမည်။ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် မဲဆန္နရှင်တိုင်းသည် ပညာတတ်ရမည်။ ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်။ ပညာသည်နိုင်ငံရေး အခြေခံကြီး အစစ်ဖြစ်၏။" လို့ ၁၉၄၅ခု ကရေးသားထုတ်ဝေခဲ့တဲ့ "ဗမာသစ်နဲ့ပညာသစ် "စာအုပ် မှာအတိအလင်းဆိုခဲ့ပါတယ်။ နိုင်ငံသားတွေ ပညာတတ်ဖို့နဲ့ ဆင်ခြင်တုံတရားပြည်ဝ ရမယ်ဆိုရာဝယ် နိုင်ငံသားတွေဟာ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ အခြေခံဗဟုသုတ ရှိမှသာ ကိုယ်စားပြုဒီမိုကရေစီ စနစ်မှာ မိမိတို့ကို ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်ကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် နဲ့ရွေးနိုင်မှာကြောင့်ဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ ပညာရေး သည်သာလျှင် လူမှုပုံစံအမျိုးမျိုးရှိနေတဲ့ လူ့အဖွဲ့အစည်း အားလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအခြေအနေ အနေအထားမျိုးကို ကျနော်တို့မရခဲ့ပါဘူး။ အကောင်အထည် မဖော်ရသေးတဲ့ ဒီမိုကရေစီ ပညာရေးခဏဘေးဖယ်ထားပြီး လက်ရှိ ကိုအမှန်အတိုင်း ဖော်ပြရရင် မြန်မာ့ပညာရေး အဆင့်အတန်းဟာ အရှေ့တောင်အာနိုင်ငံတွေ အကြားမှာ အနိမ့်ဆုံးဖြစ်နေပါတယ်။
ဘာ့ကြောင့် မြန်မာ့ပညာရေး အဆင့်အတန်း အရှေ့တောင် အာရှမှာ အောက်ဆုံးအဆင့် ရောက်သွားတာလည်း ဆိုတဲ့ မေးခွန်းရဲ့အဖြေကို အားလုံးသိကြမယ်ထင်ပါတယ်။ ပညာရေး ကိုနားမလည်တဲ့ အာဏာရှင် အဆက်ဆက်ရဲ့ ဝင်ရောက်စွက်ဖက်တာကစပြီး ၊ ပညာရေး အသုံးစားရိတ်မှာလည်း အရှေ့တောင်အာရှ နိုင်ငံတွေအကြား အနည်းဆုံးဖြစ်နေတာ အပါအဝင် တိကျရေရာတဲ့ ပညာရေးမူဝါဒနဲ့ စီမံကိန်း တွေမရှိတာတွေ တာဝန်ခံမှု မရှိတာတွေအဆုံး အလုံးစုံပျက်သုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပညာ နောက်ကျတော့ တိုင်းပြည်ဆင်းရဲ၊ ဆင်းရဲလို့ ပညာမသင်နိုင် ၊ အကုန် လုံးခြာလိုက်ပြီး ပညာဆင်းရဲ၊လူတွေ ဆင်းရဲဖြစ်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ တကမ္ဘာလုံး ကလေး အလုပ်သမား အညွှန်း ( Child Labour Index ) မှာအဆင့် (၃) နဲ့ ထိပ်တန်းအဆင့်ဝင်ပါတယ်။ ဒါတွင်မကပါဘူး။ အာဏာရှင်အောက် နှစ် (၅၀) လောက်နေခဲ့ရတော့ လူသားအရင်းအမြစ် စွမ်းဆောင်ရည်မှာလည်း အရှေ့တောင်အာရှန်ုင်ငံတွေကို မယှဉ်နိင် ဖြစ်နေပါတော့တယ်။ ပညာရေး နိမ့်ကျတာနဲ့ ဆင်းရဲမွဲတေမှုတွေဟာ ဒီမိုကရေစီ စနစ်တည်ဆောက်ရေး ရဲ့အဓိကရန်သူတွေ ဖြစ်ကြတယ်ဆိုတာ အများသိရှိသင့်ပါတယ်။
ဒီကနေ့ (၂၁) ရာစုခေတ်က အသိပညာခေတ်(Knowledge Age ) ဖြစ်တဲ့အတွက် စီးပွါးရေးကဏ္ဏမှာလည်း အသိပညာအခြေပြုတဲ့ စီပွါးရေး( knowledgebase Economy) ကနေရာယူကြီးစိုးလာပါတယ်။ စက်ပစ္စည်းတွေနဲ့ သမားရိုးကျအလုပ်(routine work) နေရာတွေမှာ အစားထိုးပြီးနောက် ကမ္ဘာ့ ထိပ်တန်းနိုင်ငံတွေမှာ အသိပညာဦးစားပေးအလုပ် ( Knowledge Work ) တွေနေရာယူနေကြပါပြီ။ အထူးသဖြင့် Globalization ရဲ့ ရိုက်ခတ်မှုတွေပါ။ နိုင်ငံ အသီးသီး ယှဉ်ပြိုင်တဲ့ခေတ်တဲ့ကျော်လွန်ပြီး နိုင်ငံသားတွေတဦးချင်းစီရဲ့ အရည်အသွေးတွေ ယှဉ်ပြိုင်လာတဲ့ Globalization 3.0 မှာ မြန်မာနိုင်ငံ ငုတ်တုတ်မေ့ကျန်ခဲ့ပါတယ်။ ဒါ့ကြောင့်လက်ရှိ ဒီမိုကရေစီ အစိုးရအနေနဲ့ အခက်အခဲနဲ့ လုပ်စရာတွေ အများကြီး ရှိတဲ့အနက် မဖြစ်မနေ ဦးစားပေး အကောင်အထည်ဖော်သင့်တာက ပညာရေး ပြုပြင်ေ ပြာင်းလဲရေး လို့တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အနိမ့်ဆုံး မသင်မနေရ ပညာရေး ဖြစ်တဲ့ လူတိုင်းအတွက် အခြေခံပညာရေးကို ထိထိရောက်ရောက် ဦးစားပေး Campaign လုပ်သင့်ပါတယ်။ "အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ်ဖော်ဆောင်ရမည်" ဆိုတာကို ဖွဲ့စည်းပုံဥပဒေရဲ့ နိုင်ငံတော်မူများအောက် ပုဒ်မ ၂၈(ဂ)ဖော်ပြထားပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ မသင်မနေရ မူလတန်းပညာရေးက နည်းနေ ပါသေးတယ်။ အိမ်နီးခြင်း နိုင်ငံအားလုံးနီးပါးမှာ အလယ်တန်းအထိ မသင်မနေရ ပညာရေးအနေနဲ့ ပြဌါန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအနေအထားထက် ပိုမိုတဲ့ အားလုံးသင်ယူနိုင်တဲ့ ပညာရေး မျိုး အထူးစီမံကိန်း ချမှတ် အကောင်အထည်ဖော်သင့်ပါတယ်။
တခါ အလွတ်ကျက် ပညာရေးကြီးစိုးပြီး ဒီမိုကရေစီ နိုင်ငံသားပညာရေးကင်းမဲ့ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အောင်မြင်ဖို့ လိုအပ်တဲ့ အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား ရှိတဲ့နိုင်ငံသားတွေ များများစားစား ထွက်ပေါ်မလာခဲ့ပါဘူး။ (၂၁) ရာစု နိုင်ငံတကာ ပညာရေးရဲ့ ကျောင်းသားကို ဗဟိုပြု သင်ကြားတဲ့စနစ်မှာ creativity နဲ့ critical thinking ကို အသားပေးပါတယ်။ ကျောင်းသားတွေ စိတ်ကူးဉာဏ် ကွန့်မြူးပြီး တည်ထွင်ဖန်တီးစိတ် ရှိအောင်နှင့် ဝေဖန်ပိုင်ခြား၊ ယုတ္တိရှိရှိ စဉ်းစားနိုင်အောင် အလေးထားတဲ့စနစ်တွေပါ။ အခု မြန်မာနိုင်ငံမှာ ကျောင်းသားကို ဗဟိုပြုသင်ကြားတဲ့စနစ်တော့ စတင် ကျင့်သုံးနေပြီလို့သိရပါတယ်။
ဒဿနပညာရှင်နဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးသမား ဂျွန်ဒီဝီ(John Dewey) က ဒီမိုကရေစီစနစ်ဟာ အစိုးရပုံစံ တမျိုးဖြစ်တယ်ဆိုတာထက် ပိုတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးနိုင်ဖို့ ကျောင်းသားတွေမှာ ဒီမိုကရေစီ စရိုက်လက္ခဏာတွေ ရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးရမယ်။ ပညာရေး သည်သာလျှင် လူ့အဖွဲ့အစည်း လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုံခြုံဆုံးနှင့်အထိရောက်ဆုံး၊ အကျိုးသက်ရောက်မှု ဖြစ်စေတာကို အာမခံနိုင်တယ်။ အထွေထွေသော ပညာရေးစနစ် မရှိပဲ လူ့အဖွဲ့အစည်းအတွင်းမှာရတဲ့ လွတ်လပ်ခြင်းနဲ့ညီမျှခြင်း ဆိုတဲ့အခွင့်အလမ်းတွေကို နားလည် သဘောပေါက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုအမျိုးမျိုး ရှင်သန်ရေးအတွက် ကျောင်းတွေနဲ့ ပညာသင်ပေးတဲ့ ဆရာတွေအပေါ် အထူး တာဝန်ရှိတယ်။ လွတ်လပ်စွာ တွေးတောခွင့်၊ပြောဆိုပိုင်ခွင့် ၊ရေးသားထုတ်ဝေခွင့်၊ စုရုံးခွင့် စတဲ့ လွတ်လပ်ခွင့်တွေကို ပညာရေးရဲ့ လုပ်ငန်းစဉ်ထဲမှာပဲ ဆွေးနွေး ဖော်ပြရင်းဖြင့် လွတ်လပ်ခွင့်အမျိုးမျိုးကို အစဉ် ထိန်းသိမ်းနိုင်ပြီး ပိုမိုတိုးတက်လာမယ်လို့ ဆိုပါတယ်။ John Dewey က အသိဉာဏ်နဲ့ယှဉ်တဲ့ လွတ်လပ်ခွင့် Intelligence Freedom ဒါမှမဟုတ် ကိုယ်ကျင့်တရား ကိုအခြေခံတဲ့ လွတ်လပ်ခွင့်, Moral Freedom ကို အခြေခံပါတယ်။ နောက်ပြီး လွတ်လပ်ခွင့် ဆိုတာ နိုင်ငံရေးဆိုတဲ့ ဘောင်တခုအတွင်း မှာရှိနေတာမဟုတ်ပဲ နိုင်ငံသားတွေရဲ့ နေ့စဉ် နှင့်အမျှ သက်ရှင်နေထိုင်မှု၊ ရုန်းကန်လှုပ်ရှားမှုတွေ အပါအဝင် လူမှုရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှုတွေမှာလည်း ဆက်စပ်နေတဲ့အတွက် မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။

နိုင်ငံရေး လူမှုဗေဒ ပညာရှင် လစ်ပ်ဆက် (Lipset) ကတော့ ပညာရေးဟာ နိုင်ငံသားတွေကို ပိုမိုကျယ်ပြန့်တဲ့ အမြင်ရရှိစေတယ်။ သည်းခံရမဲ့ အတိုင်းအတာ စံနှုန်းကိုသိရှိနားလည်စေတယ်။ အစွန်းရောက်စေတဲ့ အယူအဆတွေကို လက်ခံယုံကြည်မှု မရှိစေအောင် တားဆီးပေးတယ်။ ရွေးကောက်ပွဲတွေမှာ ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်မှု မှန်ကန်တဲ့ ရွေးချယ်မှုစွမ်းရည်တွေ တိုးမြှင့်ပေးတယ် လို့ဆိုပါတယ်။ အဆင့်မြင့်ပညာ ပိုတတ်လာတာနဲ့အမျှ ဒီမိုကရေစီရဲ့ တန်ဖိုးကိုပိုမိုလက်ခံယုံကြည်လာပြီး ဒီမိုကရက်တစ် အလေ့အကျင့်တွေကိုအ မြဲ ထောက်ခံအားပေး လာတာတွေ့ရတယ် ပြောပါတယ်။ ပညာရေး ကြောင့် လူတဦးချင်းဆီမှာ အကျိုးသက်ရောက်လာတဲ့ သည်းခံနိုင်မှုတွေ၊ဒီမိုကရက်တစ် တန်ဖိုးတွေဆီ အကောင်းမြင်သဘောနဲ့ ဦးတည်လာတာတွေ၊နိုင်ငံရေး ယုံကြည်ချက်တွေ၊ ဆင်ခြင်တုံတရားအခြေပြုလို့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်တဲ့ စွမ်းရည်၊စတာတွေဟာနိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုအပေါ် များစွာ သက်ရောက်လွှမ်းမိုးမှုတွေ ရှိတယ်လို့ လစ်ပ်ဆက် (Lipset) က ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့နိုင်ငံသားအားလုံးနီးပါး အာဏာရှင်တွေအောက် နှစ်ပေါင်းများစွာအနေကြာလာခဲ့တော့ အာဏာရှင်စရိုက်တွေ လွှမ်းမိုးနေဆဲပါ။ လုပ်ပိုင်ခွင့်အာဏာနဲ့ အတင်းအကျပ် ရယူတာတွေ၊ ကိုယ့်အယူအဆ ကိုသာမြဲမြဲ ဆုပ်ကိုင်ပြီး၊ တဖက်အယူအဆတွေကို လုံးဝလက်မခံတာတွေ၊ တယောက်နဲ့တယောက် သည်းညည်း ခံစိတ်မရှိတာတွေ၊ တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှုမရှိတာတွေဟာ နိုင်ငံရေးအသိပညာ အားနည်းတာထက်ပိုဆိုးပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရာမှာ အဟန့်အတားတွေ ဖြစ်နေပါတယ်။
နိုင်ငံတစ်နိုင်ငံ ကျရှုံးနေတဲ့ အကြောင်းမှာ နိုင်ငံရေးစနစ်က အဓိကကျသလို နိုင်ငံသားတွေရဲ့ အရည်အသွေးနဲ့လည်းဆက်ဆပ်နေပါတယ်။ ဒီမိုကရေစီ ပညာရေး ကင်းမဲ့ရုံမကပဲ အလွတ်ကျက် ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ အရည်အသွေးတွေ ကျဆင်းသွားတာမဆန်းပါဘူး။ ပြဿနာတွေကို စုပေါင်း ညှိနှိုင်းအဖြေရှာတဲ့ အလေ့အကျင့်ရစေတဲ့ အခွင့်အလမ်းကို ကျောင်းပညာရေးမှာ ထည့်သွင်းလေ့ကျင့်ပေးထားတာလည်း မတွေ့ရပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဒီမိုကရက်တစ် စည်းကမ်းရစေဖို့ မူလတန်းအဆင့်လောက်မှာပဲစပြီး စာသင်ခန်းတွင်းမှာ ကြုံတွေ့ရတဲ့ လူမှုဆက်ဆံရေးအပါအဝင် ပြဿနာတွေကို စာသင်ခန်းအတွင်းမှာပဲ စုပေါင်း ညှိနှိုင်းအဖြေရှာတဲ့အလေ့အကျင့်ရယူစေပါတယ်။ဒီလိုအလေ့အကျင့်ရခဲ့တဲ့ကလေးတွေဟာ တဖက်သားရဲ့မတူညီတဲ့ရှု့ဒေါင့်တွေကို မြင်တတ်လာ ပြီး အမြင်မတူတာတွေကို ဘယ်လိုညှိနှိုင်းမယ် ဆိုတဲ့အရည်အသွေးတွေ ရရှိလာပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း သဟာဇာတပိုဖြစ်စေပါတယ်။
နောက်အရေးအကြီးတာကတော့ စုပေါင်းလုပ်ဆောင်မှု Teamwork ပါ။ Teamwork ကောင်းအောင် လေ့ကျင့်ပေးလိုက်တဲ့ ပညာရေးသင်ကြားမှု ပုံစံတွေကိုလည်း ကျနော်တို့ မကြုံခဲ့ရပါဘူး။ Teamwork မကောင်းတော့ ဘာပဲလုပ်လုပ် ရှေ့ကိုမရောက်ပဲ ပြဿနာတွေရဲ့အဖြေကိုမရှာနိုင် မဖြေရှင်းနိုင်ဖြစ်တော့တာပါပဲ။
ဒီမိုကရေစီ ပညာရေး မရှိခဲ့လို့ ပြဿနာတွေကို စုပေါင်းအဖြေရှာ တဲ့ အလေ့အကျင့်မသိ၊ Teamwork နဲ့လုပ်ကိုင်ခဲ့တာ မရှိခဲ့တော့ အသက်တွေသာကြီးသွားပြီး အမြင်မတူလျှင် ရန်သူလို့ သဘောထားတတ်နေတုန်းပါ။ ဒီမိုကရေစီမှာ လူတိုင်း လူတိုင်း သူ့အယူအဆနဲ့ သူ့ယုံကြည်ချက်နဲ့နေနိုင်ပါတယ်။ လိုအပ်လျှင် ဆန္ဒတွေ ဖော်ထုတ်နိုင်ပါတယ်။ နိုင်ငံရေးလောကထဲက တာဝန်ရှိတဲ့သူတွေရော ပြင်ပက နိုင်ငံရေးကို စိတ်ဝင်တစား ရှိတဲ့သူတွေရော အဲဒီအခြေခံရပိုင်ခွင့်တွေကို မမေ့အပ်ပါဘူး။ လိုအပ်လျှင်ငြင်းခုံနိုင်ပါတယ်။ ဒီမိုကရေစီမှာ ငါ့မှာသာ လုပ်ပိုင်ခွင့်အာဏာရှိတယ်ဆိုပြီး ထင်ရာဆိုင်းလို့မရပါဘူး။ အဲလိုပြုမူတာက အာဏာရှင်တွေပါ။ တလောက ရန်ကုန်တိုင်း ဝန် ကြီးချုပ်နဲ့ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ သဘောထားအမြင်မတူတာတွေ FaceBook စာမျက် နှာပေါ်တွေမှာ ပလူပျံနေပါတယ်။ ဘယ်သူမှားတယ် မှန်တယ်အသာထား၊ ဒါဟာ ဒီမိုကရေစီရဲ့ သရုပ်မှန်ကန် တာမို့ကြိုဆိုရမှာပါ။ အားလုံးငြိမ်နေတာ အမြဲငြိမ်နေတာ ဒီမိုကရေစီမှာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ တစ်ယောက်အပေါ် တစ်ယောက် လေးစားသမှုတော့ရှိဖို့ လိုပါလိမ့်မယ်။ ကိုယ့်အယူအဆ ကိုသူများက အသိအမှတ်ပြု အလေးထားစေချင်ရင် ပထမဆုံး သူများအယူအဆကို အသိအမှတ် ပြုရပါလိမ့်မယ်။
ဒီမိုကရေစီန်ုင်ငံမျိုးမှာ ပညာသင်ကြားရတဲ့ ရည်ရွယ်ချက်ဟာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရရှိဖို့တက် ပိုပါတယ်။ နိုင်ငံသားအားလုံးပါဝင်မှ ဒီမိုကရေစီ စနစ်ကိုအောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့ အတွက် လူတိုင်း အရေးပါ ပါတယ်။ နောင်လာမဲ့ မျိုးဆက်သစ်တွေကို ဒီမိုကရေစီရဲ့တန်ဖိုးကို အလေးထားတတ်ဖို့နဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ ရင်ထဲ အမြဲကိန်းအောင်းနေအောင်၊ စိတ်ထဲမှာ စွဲနေအောင်လုပ်ဖို့ အစိုးရမှာ အထူးတာဝန်ရှိသလိုနိုင်ငံသားတွေ အပေါ်မှာလည်းတာဝန်ရှိပါတယ်။
ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် မြန်မာ့ဂုဏ်ဆောင် UN အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ရဲ့ မှတ်ချက်ကိုအမှတ်ရစေချင်ပါတယ်။ "အစ ကောင်းဖို့လိုသည်။ လမ်းမှန်ရောက်ဖို့လိုသည်။ ပညာရေးအတွက် ငွေကို မနှမြောဖို့ လိုသည်။ပညာရေးအတွက် ငွေသုံးရာ၌လည်း မည်သည့်အခါမျှ ဖြုန်းရာမမည်ပါ။ တိုင်းသူပြည်သားများ ကောင်းမွန် လာရန် ငွေပင်ငွေရင်း စိုက်၍ ရင်းခြင်း ဟုဆိုနိုင်ပါသည်။ အမြတ်ကို ကျပ်၊ပဲ၊ပိုင် နှင့်တွက်၍မရပါ။ လူကောင်းများဖြစ်လာခြင်းသည် အမြတ်ဖြစ်ပါသည်။" လို့ ဆိုထားပါတယ်။ လွတ်လပ်ရေးမရမှီ ၁၉၄၅ ခုနှစ် မှာပြောခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ပညာရေးမှာအရေးပါတဲ့ ပြည်သူနီတိဘာသာရပ်ကို တစ်ချိန်က မြန်မာ့ပညာရေးမှာ အထက်တန်းအထိ ဘာသာရပ်တခုအနေနဲ့ ပြဌာန်းခဲ့တာ အမှတ်ရစေချင်ပါတယ်။ ၁၉၂၀ ကျောင်းသား သပိတ်ကိုအကြောင်းပြုပြီး အမျိုးသား ပညာရေးကောင်စီအဖွဲ့မှ အုပ်ချုပ်တဲ့ အမျိုးသားကျောင်းတွေမှာ ပြည်သူ့နီတိ ကိုကျောင်းသင်ဘာသာရပ်အဖြစ် သင်ကြားပေးခဲ့ပါတယ်။ တစ်ခါ လွတ်လပ်ရေးရအပြီး ပါလီမန် ဒီမိုကရေစီ ကျင့်သုံးတဲ့ အချိန် ( ၁၉၄၈-၁၉၆၂) အပြင် တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၇ ထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း များမှာ ပြည်သူ့နီတိပညာရေး ( Civics Education) ကို ထည့်သွင်း သင်ကြားခဲ့တယ်လို့ ယေဘူယျ မှတ်ယူနိုင်ပါတယ်။ အဲဒီတုန်းက ပညာရေးစနစ်ကလည်းကောင်း၊ အများသိတဲ့အတိုင်း ရန်ကုန် တက္ကသိုလ်ကြီးကလည်း အရှေ့တောင်အာရှမှာ အရှိန်အဝါကြီးပါပေ့။ ဒီလိုအကြောင်းတွေ ရှိခဲ့ ဖြစ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလေးကို အမှတ်ရမိပါတယ်။ "အန်တီ တို့ခေတ်တုန်းက ပညာရေးစနစ်ကလည်း ကောင်းလို့ ကိုယ့်ကို ကိုယ်ယုံကြည်မှု အပြည့်ရှိကြတယ်။ ဘယ်နိုင်ငံသွားသွား ဗမာပြည်က လာတာဆိုပြီး ခေါင်းမော့နေနိုင်တယ်" ဆိုတာပါ။
Thet Winn Tint
References:
၁) ဗမာသစ် နှင့် မြန်မာသစ် ( ရေးသူ- ဦးသန့် )
၂) Education and Democracy ( John Dewey )
၃) ပြိုင်တူတွန်းမှရွေ့မည့် မြန်မာ့ပညာရေး Vol 2. No.1.2015,၂၀၁၁+ Study of State Building
Photo>> Owen & Eleanor Hardy @ blog.irtsociety.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...