Tuesday, September 20, 2016

“ဥမၼတက ကြီး”


စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ယောက်နဲ့ သွားပြဖို့လိုနေပြီလား မသိပါဘူး။ လောလောဆယ် မြင်သမျှတွေးသမျှတွေဟာ ကိုယ်သိထားတဲ့ စိတ်ဝေဒနာသည်တွေရဲ့ စရိုက်လက္ခဏာမျိုးတွေဖြစ်နေတယ်။ လမ်းသွားရင်း လူစိမ်းတစ်ယောက်ယောက် အနားကပ်လာရင် “သူ ငါ့ကို သတ်မလို့လား။ ငါ့ဆီက တစ်ခုခု လုမလို့လား” အရင်စတွေးတယ်။ ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက်ကို ကိုယ်ဘယ်မှာနေပါတယ် ဘာအလုပ်လုပ်ပါတယ် ရေရေရာရာ မိတ်မဆက်ရဲဘူး။ ကိုယ့်ဆီကအချက်အလက်တွေ လူတကာသိလို့ မဖြစ်ဘူးလို့ စဉ်းစားမိလာတယ်။ သွားရင်းလာရင်း သူ့ဟာသူ ချစ်ကြည်နူးနေတဲ့ တစ်တီတူးစုံတွဲလေးတွေ မြင်ရင်တောင် သိင်္ဂါရရသကို မခံစားရတော့ဘူး။ “ဒီကောင့်ကြည့်ရတာ ဆေးသမားလား မသိပါဘူး။ ဘယ်အချိန် ကောင်မလေးကို ထသတ်မလဲ။ ကောင်မလေးကရော တအောင့်လောက်နေရင် ဓါးနဲ့ထထိုးမှာလား။ အက်ဆစ်နဲ့ကောက်ပက်မှာလား” ရင်တထိတ်ထိတ် ဖြစ်လာတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မောင်မောင်မြင့် နဲ့ နွဲ့နွဲ့စန်းကြီးရဲ့ အလွန်မုန်းစရာကောင်းတဲ့ပေါ်လစီဝါဒဖြန့် ဇာတ်လမ်းတိုကလေးရှိတယ်။ “အသည်းတွေတုန်မှာပေါ့။ နှလုံးတွေ တုန်မှာပေါ့။ သွေးတွေတိုးမှာပေါ့။ နောက် ဘီဘီစီနားမထောင်နဲ့။ ဗွီအိုအေ နားမထောင်နဲ့။” ဆိုတာလေ။ ကိုယ့်ရောဂါကို စိတ်ဆရာဝန်ဆီသွားပြရင်လည်း “ဖေ့စ်ဘုတ်မသုံးနဲ့တော့” လို့ ပြောမှာ သေချာပါတယ်။
“Bloody Mary” ဆိုတဲ့ ကော့ခ်တေးသောက်ရင် ခရမ်းချဉ်သီးနဲ့ နီအောင်ဖျော်တာ မှန်ပေမယ့် ဖေ့စ်ဘုတ်ကြီးတစ်ခုလုံး ရဲရဲတောက်နေတာကတော့ တကယ့်သွေးအစစ်တွေနဲ့ လိမ်းခြယ်ထားတာပါ။ ကားမှောက်တာတွေကြည့်မလား၊ ရာဇဝတ်မှုတွေ ကြည့်မလား။ သဘာဝဘေးအန္တရာယ်တွေလည်း ကြည့်လို့ရတယ်။ စစ်မြေပြင်က အသေအပျောက်တွေလည်း ကြည့်လို့ရတယ်။ ဒီနေ့ဖြစ်ရင် မနက်ဖြန်တောင် စောင့်စရာမလိုဘူး။ ဘောလုံးပွဲတွေ လိုက်ဖ်ပြတာကမှ ကြော်ငြာဝင်တာ စောင့်ရသေးတယ်။ သည်မှာဖြင့် အက်စီးဒင့်ဖြစ်ရင် ကယ်ဆယ်ရေးတွေထက် အရင်ရောက်တာ၊ လူသတ်မှုဖြစ်နေရင် ရဲတွေထက် အရင်ရောက်တာ ဖေ့စ်ဘုတ်ပေါ်တင်မလို့ ဓါတ်ပုံရိုက်မယ့်သူတွေချည့်ပဲ။ ဗီဒီယိုဖိုင်တွေတောင် လိုက်ဖ်ပြလို့ရတယ်။ နောက်ဆိုရင် လူသတ်မယ့်သူတွေဟာ ဒီဇိုင်နာနဲ့ အဝတ်အစားလေးရွေး၊ မိတ်ကပ်ဆရာနဲ့ ကြည့်ကောင်းအောင်ပြုပြင်ပြီးမှ ကိုယ်ပိုင်ကင်မရာသမားခေါ်ပြီး “ရယ်ဒီ ဂိုး အက်ရှင်” ဆို လုပ်ကြတော့မလား မသိဘူး။
ရာဇဝတ်မှုတွေ ရှေးကထက် ထူပြောတာ ဟုတ်မဟုတ်ကတော့ ကိန်းဂဏန်းအချက်အလက်နဲ့ သေချာ မပြောနိုင်ပေမယ့် အဲသည်ဖြစ်ပျက်သမျှ အလုံးစုံသော ရာဇဝတ်မှုတို့ကို ဖေ့စ်ဘုတ်ပေါ်မှာ အတိုင်းသား ကိုယ်တွေ့မျက်မြင်ကြည့်ရှနိုင်တာကတော့ သိပ်ကိုသေချာပါတယ်။ “တရားဥပဒေမစိုးမိုးတာလေ” လို့လည်း မပြောရဲဘူး။ အဖမ်းခံရမှာ ကြောက်လို့ မပြောရဲတာ မဟုတ်ဘူး။ လူတိုင်းကို အဲ့သလိုမျိုး “တရားဥပဒေမှ မစိုးမိုးတာလေ” လို့ ကျီးလန့်စာစားခံစားမှုတွေ ဖြစ်နေစေချင်တဲ့ “ကယ်လိုက်ရဦးမလား” ချစ်တုံးကြီးတွေက သူလျှိုတွေဒလံတွေ ထောင်ထဲကဖွင့်လွှတ်ပြီး ကိုယ့်အသက်တွေနဲ့ ဖဲဆင်ရိုက်မှာကိုသာ ကြောက်နေရတာ။ မိအေးလည်း အခါခါနာခဲ့ပြီးပြီ မဟုတ်လား။ ဟောကြည့်။ သူများအဘတွေက ကိုယ့်တိုင်းပြည်ကြီးကောင်းစားဖို့ ကျန်စစ်သားလို လိုက်ကယ်နေတာတောင် ကိုယ်က ငရမာန်ကန်းလို သံသယတွေ ဝင်မိပြန်ပြီ။ ဘယ်သူ့လက်ထဲသေသေ၊ ခွေးသေဝက်သေသာ သေပျစီ အဘရယ်။ အဘတို့ကယ်မှာတော့ ကြောက်လွန်းလို့ပါ။
ကိုယ်ကိုယ်တိုင်ကသာ ဇမရှိလို့ မကြည့်ရဲ မကြားရဲ၊ အသည်းတုန် အူတုန် ခံစားနေရတာပါ။ တကယ် လက်တွေ့ ကျူးလွန်နေသူတွေကတော့ လုံးဝတွန့်ဆုတ်တွေဝေမှု မရှိဘူး။ လက်ရဲဇက်ရဲ ခြေသွက်လက်သွက်။ အပြုံးတောင်မပျက်။ ဓါတ်ပုံလာရိုက်နေရင် လက်ကလေးနှစ်ချောင်းထောင်ပြီး စမိုင်းလီး လုပ်မပြရုံတမယ်ရယ်။ အရင်တုန်းကတော့ အဲ့သလိုမျိုး ထောင်မကြောက် တန်းမကြောက် သတ္တိရှိတာ ယုံကြည်ချက်တစ်ခုခုနဲ့ ဖိနှိပ်မှုတွေကို ပြတ်ပြတ်သားသား တွန်းလှန်အာခံသူတွေမှာသာ တွေ့ရတာ။ အခုတော့ အဲ့ခေတ်ကုန်သွားပြီ။ ထောင်ထဲဝင်နေတာကမှ ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးမှာ။ အပြင်မှာနေရင် သူများသတ်လို့ သေလိမ့်မယ်။ ကိုယ်ခိုးဝှက်ထား ဘတ်ထားတဲ့ ပိုက်ဆံတွေနဲ့ဆို အထဲမှာ ဟော်တယ်တည်းသလို နေလို့ရတယ်။ လွတ်ငြိမ်းနဲ့မီလို့ လွတ်လာတဲ့အခါ ကွန်ဒိုနဲ့နေမလား၊ နိုင်ငံခြားထွက် ကုမ္ပဏီထောင်မလား ခိုင်သွားပြီဆိုတော့ ရဲကမဖမ်းရင်တောင် ကိုယ့်ဘာသာကိုယ် လာဘ်ထိုးပြီး “ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့်။” လုပ်ပြနေကြဦးမှာ။
ခေတ်ကြီးကိုက စပွန်ဆာခေတ်ကြီးဆိုတော့ ထောင်ထဲဝင်တဲ့နေရာမှာလည်း စပွန်ဆာနဲ့ ဂိုးတူဂျေးတဲ့သူ အများကြီးပါ။ လူကြီးအိမ်က၊ သူဋ္ဌေးအိမ်က တစ်ယောက်ယောက်များ ကားမောင်းရင်း လူသေအောင် ကားတိုက်မိထားသလား။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။ မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့ဖြစ်နေရင် နောက်က မီးခိုးကြွက်လျှောက် လိုက်လာမှာ စိုးသလား။ စွပ်ကျယ်အစုတ်နဲ့ ရာဘာဘိနပ် နောက်မြီးပြတ်စီးပြီး အမည်ခံ အမည်ပေါက်လုပ်ပေးမယ်။ အရေးကြီးတာက တရားခံမိရင် အမှုပိတ်လို့ ရပြီ မဟုတ်လား။ စပွန်ဆာခိုင်ရင် လွှတ်တော်ကိုယ်စားလှယ်တောင် မဲဆွယ်နေတုန်း ဓါးနဲ့ တက်ခုတ်ပလိုက်လို့ရတယ်။ အလကားနေအလကား အားလို့ယားလို့တော့ မဟုတ်။ ဒါ ဘိစနက်လုပ်နေတာ။ လူတစ်ယောက် ထောင်ထဲဝင်သွားရင် အပြင်မှာ မိသားစုဆွေမျိုးတွေ အေးအေးချမ်းချမ်း ထမင်းဝဝစားလို့ရတယ်။ ဘာလုပ်ဖို့ နိုင်ငံခြားထွက် အလုပ်လုပ်ရမှာတုန်း။ နေပူစပ်ခါး ပင်ပန်းက ပင်ပန်းသနဲ့။ ထောင်မှူးထောင်ပိုင် ထောင်ဝါဒါများကလည်း အဲ့သလို အထုပ်ပိုက်ပြီး သူဋ္ဌေးဖြုန်းလာဖြုန်းမယ့်သူကိုမှ လာပါတွတ်ပါ လပွတ္တာ၊ နွေးထွေးစွာ ကြိုဆိုပါတယ် လုပ်ချင်ကြမှာပေါ့။ ဒါလည်း ဘိစနက်ပဲဟာကို။
စိတ်ဆရာဝန်တစ်ယောက်က သုံးသပ်တာကတော့ အခုလိုမျိုး သားက အဖေအမေကို၊ မိဘက ကိုယ့်သားသမီးကို၊ သုံးလောင်းပြိုင်တွေ လေးလောင်းပြိုင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကျူးလွန်ရဲတယ်ဆိုတာ စိတ်ကြွရူးသွပ်ဆေးတွေရဲ့ အာနိသင်ပါကောင်းပါနိုင်တယ်လို့ ဆိုပါတယ်။ ဟုတ်မှာပေါ့။ တို့မြန်မာတွေ ဆီကိုရေချိုး ဆေးရိုးကိုမီးလှုံတဲ့ခေတ်ကိုသာ မရောက်ဖူးတာ။ ဆေးပြားတွေ ကွန်တိန်နာလိုက် ပံ့သကူပစ်နိုင်တဲ့ခေတ်တော့ ရောက်နေပါပြီ။ ရခိုင်ကိုသွားမလား။ ဒေါ်လာသန်းချီတဲ့ မူးယစ်ဆေးတွေ စက်လှေထဲကမိသတဲ့။ (တစ်သန်းပြည့်ဖို့ ဆယ်ပြားလိုပါတယ်။ မင်းပြောတာ အမှားကြီးလို့ လာမငြင်းပါနဲ့။ ကိုယ့်ပစ္စည်းတစ်ပြားမှမပါလို့ တန်ဖိုးအတိအကျ မသိပါဘူး) တလောက ဘားအံသွားတော့ မြဝတီမှာ ဒေါ်လာသန်းလေးရာလောက်တန်ဖိုးရှိတဲ့ ဆေးပြားတွေမိလို့ ဟိုဘက်ရော သည်ဘက်ရော စစ်ဆေးရေးတွေ ထပ်ထပ်ကြမ်းနေတာပဲ။ တရုတ်နယ်စပ်၊ လောက်ကိုင် မူဆယ်လား။ ကမ္ဘာမှာ ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံကြီး ရှိဖူးတယ်ဆို။ တမူးဘက်ကရော ဘာတွေဝင်လို့ ဘာတွေထွက်သတဲ့လဲ။ ကိုယ့်နိုင်ငံရဲ့ နယ်စပ်တံခါးပေါက်တိုင်းမှာ လူကုန်ကူးရင်ကူး မကူးရင် မူးယစ်ဆေးဝါးမှောင်ခိုပဲ လုပ်စရာရှိတယ်။ အဲ့ဒါဆို စဉ်းစားကြည့်စမ်းပါ။ အဲသည်မူးယစ်ဆေးဝါးတွေဟာ အဝင်လား အထွက်လား။ အဝင်ဆိုရင် ပြည်တွင်းစားသုံးမှုက သိန်းသန်းထောင်ချီပြီး ရှိနေလို့လား။ အထွက်ဆိုရင် ကိုယ်တို့ပြည်တွင်းထုတ်လုပ်မှုက အဲသလောက် ရှိနေလို့ပေါ့။ ဟင့်အင်း ဟင့်အင်း။ ဝင်လည်းမဝင် ထွက်လည်းမထွက်ပါဘူး။ အဲ့နားလေးမှာပဲ ပျော်သလိုနေနေတာ။
မူးယစ်ဆေးဝါးအကြောင်းပြောရင် ကိုယ်တွေနားရည်ဝနေတာ ကောင်းကျိုးမပေး မူးယစ်ဆေး၊ မူးယစ်ဆေးသုံး လူညွန့်တုန်း။ မသုံးကြနဲ့။ အိမ် ဖွတ်တက်တာထက်ဆိုးမယ်။ ဘယ်ကလေးမေးမေး အဲသလောက်တော့ နားလည်ကြတယ်။ ဘယ်လောက်ပဲ အပျော်အပါးမက်တဲ့သူပဲဖြစ်ဖြစ် အရက်ဆိုလာထား၊ ဆေးလိပ်ဆိုလာထား။ ရှူမလား၊ ကင်မလား၊ ငြိမ့်ကြရအောင်ဆိုရင်တော့ အဲ့ဒါမပါဘူး အဲ့ဒါမပါဘူးဆို ကိုယ်ရှိန်သတ်ကြတာများပါတယ်။ ဒါမျိုးဆိုတာ ဖမရှိပဲ ဇစ်ဖြုတ်လို့မရ။ လက်ဖျားငွေသီးအောင် ပိုက်ဆံရှာနိုင်တဲ့သူတွေ၊ မိဘပိုက်ဆံ အတိုင်းအဆမရှိ သုံးနိုင်တဲ့သူတွေသာ လက်လှမ်းမီတဲ့အရာ။ အခုဖြစ်နေတဲ့ ကြောက်စရာလန့်စရာ ရာဇဝတ်မှုကြီးတွေကိုတောင် မူးယစ်ဆေးဝါးကြောင့် ဖြစ်ရတာလို့ ယိုးစွပ်နေကြပြီ မဟုတ်လား။ သူတို့ထင်တဲ့အတိုင်း ဟုတ်နေဦးတော့ လက်ဝယ်ဖမ်းဆီးပမာဏနဲ့ ယှဉ်ရင် ကိုယ်တို့ဆီမှာ လက်ရှိဖြစ်နေတဲ့ ရာဇဝတ်မှုလောက်က ပျင်းတောင်ပျင်းသေးတယ်လို့ ဆိုရမယ်။
ကိုယ့်အထင်တော့ သုံးစွဲမှုက ဒီလောက်ပြဿနာမတက်သေးဘူး။ Target Customers က ကိုယ်တို့ဆီမှာ မရှိဘူး။ ကိုယ်တို့ဆီမှာရှိတာ ဘေးထွက်ဆိုးကျိုးလောက်ပဲနေမယ်။ တကယ့်တကယ် ပြဿနာရှိတာက ထုတ်လုပ်မှုအပိုင်းမှာပါ။ အဲ့ဒါတွေကို ပြည်တွင်းက မထုတ်ရင်တောင် နယ်စပ်ဒေသမှာ ကိုယ့်နယ်နိမိတ်အတွင်းက အမြောက်အများ ထုတ်လုပ်နေတယ်ဆိုတာ မငြင်းနိုင်ဘူး။ ဘယ်လောက်ထိအောင် များပြားသလဲဆိုရင် အဲသည်လုပ်ငန်းအတွက် ရင်းနှီးမြှုတ်နှံတဲ့ငွေကြေးပမာဏက မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေ အနားမကပ်နိုင်လောက်အောင် ကြီးမားတယ်။ ကွန်တိန်နာအလုံးလိုက်ကို သူမဟုတ် ငါမဟုတ်၊ မသိလိုက်မသိဖာသာနေနိုင်တယ်ဆိုတော့ သူတို့ဆီမှာ နောက်ထပ် ဂိုဒေါင်ဘယ်နှစ်လုံးစာ ရှိနေသေးသလဲမှ မသိတာ။ ဒီလောက်အများကြီးကို လက်စလက်န မပေါ်အောင် ထုတ်လုပ်နိုင်တဲ့သူဟာ ရာဇဝတ်သားဆိုရင်တောင် ကိုယ်တို့မြန်မာပြည်တွင်းနဲ့ပဲဆိုင်တဲ့ ရာဇဝတ်သားမဟုတ်တော့ဘူး။ အင်တာနေရှင်နယ်အဆင့်ရောက်သွားပြီ။ ဒါမှမဟုတ်လည်း မြန်မာပြည်တွင်းမှာ နိုင်ငံတကာအဆင့် ဘိန်းဘုရင်တွေ လာရောက် ရင်းနှီးမြုတ်နှံနေကြတယ်လို့ ယူဆစရာ မဟုတ်ဘူးလား။ ဒီလိုမှ မဟုတ်ရင်လည်း နိုင်ငံတကာက အလိုရှိနေတဲ့ ဘိန်းဘုရင်တွေကို ကိုယ်တို့မြန်မာပြည်က ခိုလှုံခွင့်ပေးပြီး သူတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေတာများလား။ ဘယ်လိုပဲတွေးတွေး မပြေးသော် ကန်ရာရှိနေတဲ့ ပြဿနာဟာ ကိုယ်တို့အစိုးရဆီကိုချည့် ဦးတည်နေတယ်။ အဲ့ဒီအတွက် ဒီမူးယစ်ဆေးဝါးကိစ္စဟာ အစိုးရကိုယ်တိုင် မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမယ့် အနေအထားမှာ ရှိနေတယ်။ (သားက စွပ်စွဲတာ မဟုတ်ဘူးနော်။ မသိမှာစိုးလို့ သတိပေးတာ။ သူတို့တွေက မအားကြဘူး မဟုတ်လား။)
မူးယစ်ဆေးဝါးထုတ်လုပ်တယ်ဆိုတာ စကော့တလန်ကလူတွေ အရက်ချက်သလို စမ်းချောင်းထဲကရေကိုယူပြီး ဝီစကီဖြစ်အောင် လုပ်လို့မရဘူး။ အီရတ်ကလူတွေ ရေနံချက်သလိုလည်း မြေကြီးထဲကဟာတွေ စက်နဲ့လိုက်တူးလို့မရဘူး။ အခြေခံကုန်ကြမ်းပစ္စည်းတွေတော့ မရှိမဖြစ် လိုအပ်တယ်။ အဲ့ဒါတွေ ဘယ်ကရသလဲ။ အဲ့သလောက် အများအပြား ဘယ်ကဝင်သလဲ ခြေရာခံလိုက်ရင် ဖြတ်တောက်ထိန်းချုပ်လိုက်ရင် မရနိင်ဘူးလား။ ဒါတွေက မူးယစ်အထူးအဖွဲ့ကလူတွေ မသိပဲမနေပါဘူး။ သူတို့လက်တံက ဟိုကလက်တံကို မမီတာနေပါလိမ့်မယ်။ အိန္ဒိယမှာ ကြည့်ခဲ့ရတဲ့ “Udta Punjab” ရုပ်ရှင်ကားထဲကလို ဖမ်းဆိုတဲ့ဟာကို တက်ဖမ်းလိုက်၊ ဖမ်းဖို့ပြောမထားရင် မသိချင်ယောင်ဆောင်နေလိုက်။ လမ်းမှာ ကားအစီးလိုက်မှောက်လို့ မဖမ်းချင်အဆုံး လက်ထဲရောက်လာရင်တောင် ဖမ်းရမှာလား မဖမ်းရဘူးလား အထက်ကို ပြန်ကွန်ဖမ်းလုပ်ဦး ဆိုတာမျိုး ကိုယ်တို့ဆီမှာ မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။
လောက်ကိုင်မှာနေတုန်းက JICA နဲ့ INGO အဖွဲ့အစည်းတွေဟာ တောင်ပေါ်ရွာကလေးတွေကို သွားပြီး စားစရာ ရိက္ခာပေး၊ စိုက်စရာမျိုးစေ့ပေး၊ စက်ကိရိယာ နဲ့ နည်းပညာ အကူအညီပေး၊ ရေကန်ဆောက်၊ ကျောင်းဆောက်၊ ဆေးရုံဆောက်၊ လမ်းခင်း လုပ်ပေးတာဟာ ပဋ္ဌါန်းဆက်ပါလို့၊ ကုသိုလ်လိုချင်လို့ မဟုတ်ဘူး။ အဲ့ဒီဒေသကလူတွေ ဘိန်းစိုက်မှာစိုးလို့။ ပေးကျွေးစောင့်ကြည့်ပြီး ရေသောက်မြစ်ကို ဖြတ်နေတာ။ အခု အဲ့ဒီဒေသတွေမှာ မငြိမ်းချမ်းတော့လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်လို့မရတော့ဘူး။ ဘိန်းပြန်စိုက်သလား မစိုက်သလား။ နဂိုကတည်းကရော ခိုးမစိုက်ဘူးလား ဘယ်သူမှ မပြောနိုင်တော့ဘူး။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတဲ့အခါ ဘိန်းခင်းပါ အလိုက်ပေးလဲရမှာလား။ ငြိမ်းချမ်းရေးယူ အပစ်အခတ်ရပ်ပြီးရင် ဘိန်းစိုက်တာ ကိုယ်နဲ့မဆိုင်တော့ဘူးလား။ ဘိန်းစိုက်တဲ့တောင်သူတွေ ချမ်းသာသလား။ ဘိန်းသယ်တဲ့ကယ်ရီတွေ ကြွယ်ဝသလား။ ဘိန်းဖမ်းတဲ့ရဲကြီးတွေ ကားစီးနိုင်လို့လား။ (ဘိန်းမဖမ်းတဲ့ရဲကြီးတွေပဲ စီးချင်စီးနိုင်မှာ) ဒါတွေလည်း ဘယ်သူမှ မပြောနိုင်ဘူးလေ။
ကိုယ်တို့ဆီမှာတော့ မူးယစ်ဆေးဝါးတွေ မိလိုက်ပြီဆိုရင် ဘယ်တော့မှ ကုန်သည်မပါဘူး။ ကယ်ရီတွေဆီမှာချည့်မိတာ။ ငိုအားထက်ရယ်အားသန်တွေ အမ်းမှာတွေ့ခဲ့ဖူးတယ်။ မူဆယ်အနှိပ်ခန်းကနေ မြစ်ဝကျွန်းပေါ်ပြန်တဲ့ ကလေးမလေးနှစ်ယောက်။ အပြန်စားရိတ် ကာမိအောင်ဆို စစ်တွေကို ဆေးပြားသယ်ပေးတယ်ဆိုပဲ။ ကြက်ရေဆမ်းဂိတ်မှာ တန်းမိတာပေါ့။ မမိ ခံနိုင်မလား။ တစ်ကားလုံးမှာ ရခိုင်မဟုတ်၊ ရခိုင်ရုပ်မထွက်တာ သူတို့ပဲရှိတယ်။ ကလေးကအစ မသင်္ကာဖွယ်ရာ လူစိမ်းမိန်းမနှစ်ယောက်လို့ သိသာတဲ့ ကလေးမတွေက သူတို့ကျောပိုးအိပ်ထဲ အဝတ်တွေကြားထဲ ဝှက်သယ်သတဲ့။ သူတို့လောက် အူတိအူကြောင် ကလေးမလေးတွေ မြင်ဖူးပေါင်။ သူတို့များ ယုံယုံကြည်ကြည်နဲ့ ပစ္စည်းသယ်ခိုင်းတဲ့ကောင်က ဘယ်လိုကောင်မျိုးလဲ တွေးလို့တောင်မရ။ ဘယ်လိုကောင်မျိုးဖြစ်ဖြစ်လေ။ ဒီကလေးမလေးတွေဆီကမိတယ်။ ဒီကလေးမလေးတွေကို ဖမ်းပြီးရုံးတင် အပြစ်ပေးလိုက်တယ်။ ပြီးပြီပေါ့။ အမြစ်ကိုလည်း မတူးနိုင်၊ ပင်စည်ကိုလည်းမချိုင်နိုင်၊ ကိုင်းဖျားကိုင်းနားလေးတင် လှည့်ပတ်ထင်းခွေနေသလိုပဲ။
နောက်ဆုံးကျတော့ အသီးတစ်ရာ အညှာတစ်ခုဆိုသလိုပါပဲ။ နယ်စပ်ဒေသဖွံ့ဖြိုးရေးရယ်၊ မူးယစ်ဆေးဝါးပြဿနာရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရယ်၊ တရားဥပဒေစိုးမိုးရေးရယ်၊ လောလောဆယ်သာ အမယ်ဘုတ်ကယ် သူ့ချည်ခင် ဖြစ်နေတာ။ တစ်နွယ်ကို ငင်လိုက်တာနဲ့ တစ်စင်လုံးရှင်းပြီးသားဖြစ်သွားမှာ။ ဒါပေမယ့် အစိုးရကိုယ်တိုင် ရှင်းမှရမယ်။ တရုတ်သိုင်းကျမ်းကြီးတွေထဲကလိုပေါ့ဗျာ။ ယင်ဓါတ်နဲ့ ယန်ဓါတ်နဲ့ မိတ်ဖက်မိပြီး အင်အားတွေဖြစ်အောင် ဖန်တီးနိုင်လို့ရှိရင် ဘာမှမှုစရာမလိုတော့ဘူးတဲ့။ လောလောဆယ်မှာလည်း အစိုးရအဖွဲ့ထဲမှာ အဓိကအင်အားစုက နှစ်စုကျန်တော့တာလေ။ ဒီနှစ်စုညီညွတ်ရင် တိုင်းရင်းသားတွေကို ဆက်စည်းရုံးလို့ရပြီ။ အပြုတ်တွေအသုပ်တွေ တောပြောတောင်ပြော ပြောနေတာ အာရုံမထားစမ်းပါနဲ့။ “မင်းနဲ့တို့ နှစ်ယောက်အကြောင်းများ ရှင်းနေပြီ။ အောင်သွယ်တွေ မလိုတော့ပြီ။” တဲ့။ ကြားစကားများ မယုံနဲ့။ ဘေးဖယ်ထားလိုက်ကြရအောင်။ ငါ့နှယ်နော်။ “ဆင်ဖြူတော်ကို အိုးပုတ်ကလေးထဲ ထည့်ပေးပါဖျား” ဆိုတဲ့ ဦးပေါ်ဦးထက် ပိုဆိုးနေပါပြီ။ တုတ်ကြီးကြီးနဲ့ အရိုက်ခံရတော့မှာပဲ။ ကိုင်း အခုတော့ ယုံပြီမဟုတ်လား။ ဒီစာရေးတဲ့အကောင်ဟာ စိတ်ကုဆရာဝန်နဲ့ သွားပြဖို့လိုနေပါတယ်လို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...