Sunday, September 25, 2016

“နုနုငယ်ငယ်”


ကိုယ်ငယ်ငယ်က တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေဖတ်တဲ့အခါ ဝတ္ထုထဲက ကောင်မလေးက သေသွားတဲ့ ငှက်ကလေးကို မြေကြီးထဲမြှုတ်ပြီး အသုဘအခမ်းအနား လုပ်ပေးတယ် လို့ ဖတ်လိုက်ရပါတယ်။ ကောင်လေးကိုလည်း သူနဲ့အတူတူ အသုဘလိုက်ပို့စေသတဲ့။ ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းပါစေ လို့လည်း ဆုတောင်းပေးလိုက်သေးတယ်။ အသည်းနုနု အတွေးနုနု နှလုံးသားနုနု အရွယ်တွေ မဟုတ်လား။ စာရေးဆရာကြီးရဲ့ အဖွဲ့အနွဲ့ကလည်း အင်မတန်မှ နုလှယဉ်လှတော့ ကိုယ်တို့လို စာဖတ်ပရိသတ် နုနုငယ်ငယ်ကလေးတွေမှာလည်း ကြွေလုဆတ်ဆတ် တဖြတ်ဖြတ်ခုန် ခံစားကြရပါတယ်လေ။ စာရေးတဲ့သူဆိုတော့ ဘာမဟုတ်တဲ့ ငှက်ကလေးသေတာကိုတောင် သည်လိုပဲ ဇာတ်နာအောင် ပိုပိုဟေသာလုပ်ပြီး အိုဗာတင်းတွေဖျော်ရေးတာပေါ့။ ဟုတ်ဘူးလား။ အပြင်မှာတော့ အချစ်ဝတ္ထုဖတ်တဲ့ အပျံသင်စ အူနူးမကလေးတွေပဲ အိမ်ကခွေးကလေးတွေ သေလည်းငို၊ ကြောင်ကလေးတွေသေလည်းငို၊ အိပ်မက်ထဲမှာ မရှိတဲ့ချစ်သူက ပစ်သွားတယ်ဆိုလည်းငို၊ မျက်ရည်တွေယိုကြလွန်းတယ်ဆိုတာ ဟိုးရှေးရှေး ကိုယ်တို့တွေ ကလေးဘဝမှာပဲ ရှိခဲ့လိမ့်မယ်။ ခုခေတ် ခုအခါ လူငယ်များက အဲ့သလိုမျိုး ဖတ်ကောင်းအောင် အနုအရွ အတုအပတွေနဲ့ ဇာတ်နာအောင် ဖွဲ့နွဲ့ရေးသားတာတွေကို ရင်မခုန်တတ်တော့ဘူးတဲ့။
ဟုတ်မှာပေါ့လေ။ ဝတ္ထုထဲ ငှက်ကလေးတွေသေတယ်ဆိုတာ ဘာလုပ်ရမှာတုန်း။ နာဂစ်မိလိုက်တုန်းက ကိုယ့်တစ်မိသားစုလုံး နေ့မြင်ညပျောက်သေကုန်တာတောင် ငိုစရာမျက်ရည် ရှိတော့တာမဟုတ်ဘူး။ မုန်တိုင်းပြီး နှစ်ရက်ကြာအောင် ကိုယ့်ဘယ်သူမှ လာမကယ်တဲ့ဘဝမှာ အသက်ရှင်ကျန်သေးတယ်ဆိုရင်တောင် အသည်းကဒေါင်ဒေါင်မြည်သွားပြီ မဟုတ်လား။ အကျိုးအကြောင်း နားမလည်သေးတဲ့ မူကြိုအရွယ် လူမမယ်ကလေးမျက်စိအောက်မှာ အဖေနဲ့အမေနဲ့ အပြန်အလှန် မသေမချင်းသတ်ကြတာ မြင်လိုက်ရရင် အဲသည်ကလေးက “ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ။” သီချင်းကြားရတဲ့အခါ ဘယ်လိုခံစားပေးရမှာတုန်း။ ဝတ္ထုရေးတဲ့သူတွေက သူများဖတ်လို့ကောင်းအောင် ဒရာမာတွေချိုးတယ်ဆိုတာ အပြင်လောကက တကယ့်အဖြစ်အပျက်တွေ အိပ်နေသလောက်ပဲ ရှိသေးတယ်။ မြန်မာပြည်မှာ လူဦးရေသန်းခေါင်စာရင်းကောက်တုန်းက ရှိသင့်ရှိထိုက်တာထက် လူဆယ်သန်းလောက် ပျောက်နေတယ်ဆိုတာ ကိုယ်တို့ကြည့်နေကျ မြန်မာကားတွေထဲကလို ဟာသကား ထွက်ရိုက်နေတာတော့ မဟုတ်တန်ဘူး။ လူတစ်ယောက်ချင်းတစ်ယောက်ချင်းစီမှာ ကိုယ့်ဘာသာကိုယ်တောင် ပြန်မတွေးချင်တဲ့ ချောက်အိပ်မက်ရှည်ကြီးတွေ ရှိလိမ့်မယ်။ ဒါကတော့ ကိုယ့်ဘဝနဲ့ကိုယ်ပါလေ။ မြင်ဖူးကြုံဖူးတဲ့သူတွေက စာနာနားလည်ပေးနိုင်လိမ့်မယ်။ မမြင်ဖူးမတွေ့ဖူးတဲ့ သူတွေကတော့ သူ့ကိစ္စ သူ့အရေးမှ မဟုတ်တာ။ မစာနာနိုင်လို့လည်း အပြစ်တင်စရာ မရှိပါဘူး။ သူတို့လည်း ထူးပျော်နေတာ မဟုတ်ဘူးတဲ့။ ဒါလည်း သူ့စိတ်နဲ့သူ့သဘောပါလေ။ ကိုယ်နဲ့မဆိုင်ပါဘူး။
ကိုယ်နဲ့ဆိုင်တာကတော့ ရောက်လေရာအရပ်က ကိုယ်တွေ့မျက်မြင် အဖြစ်အပျက်ကလေးတွေကို အတွေးနယ်ချဲ့ပြီး စာမျက်နှာပေါ်တင်တဲ့အခါ မြင်တာကို မြင်တဲ့အတိုင်း၊ တွေ့တာကိုတွေ့တဲ့အတိုင်း၊ စာဖတ်တဲ့သူတွေ သိမြင်ခံစားလာအောင် ရေးပြီးမှ ကိုယ့်အတွေးအမြင်ကတော့ သည်လိုရှိပါတယ်။ စာဖတ်တဲ့သူကရော ဘယ်လိုဆက်တွေးချင်ပါသလဲ လမ်းကလေးဖွင့်ပြီး တွန်းလွှတ်လိုက်ရုံပါပဲ။ သူ့ဓါတ်ခံကိုယ့်ဓါတ်ခံချင်း တူတာမဟုတ်တော့ ကိုယ်တွေးတဲ့အတိုင်း လိုက်တွေးရမယ်လို့တောင် ဝါဒဖြန့်ပြီး ဆွယ်တရား မဟောပါဘူး။ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ မှန်တယ်မှားတယ် ဆုံးဖြတ်ဝေခွဲလို့ရပါတယ်။ တကယ်တမ်း တဘက်သား မခံချိမခံသာအောင် လွန်လွန်ကျူးကျူး ရေးမိမှားတယ်ဆိုရင်လည်း အဲ့ဒါ ကိုယ့်အမှားသာဖြစ်ပါတယ်လေ။ အနာပေါ် တုတ်ကျလို့ ပြုံးဖြီးဖြီးကြီးလုပ်နေရအောင် အနူအရွဲမှ မဟုတ်တာ။ ကိုယ်ကလည်း သွားဆော်ပလော်တီးသေးတယ်။ သူများတကာ မေတ္တာထားတော့ ကက်ကက်လန်အောင် ရန်တွေ့ချင်သေးတယ်ဆိုရင် စာရေးသူလုပ်ဖို့မကောင်းဘူးလေ။ ကိုယ့်စာထဲမှာ အကြောင်းအရာတွေပါတယ်။ အဲ့ဒီအကြောင်းအရာတွေဟာ ဘယ်လိုပဲ အမည်မဖော်ပဲ ထိန်ချန်ရေးသားစေကာမူ တကယ့်အဖြစ်အပျက်တွေ ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ ကာယကံရှင်တွေကတော့ သူ့ကိုရေးထားမှန်း သိကြတယ်။ ဒီအခါမှာ သူတို့ဘက်က ခံစားရမှာကလည်း ဖေ့စ်ဘုတ်ပေါ် သူနံမယ်ကြီးချင်တဲ့စိတ်နဲ့ သူများအတွင်းရေးတွေကို ခုတုံးလုပ် အသုံးချပြီး စောင်းကာမြောင်းကာ အတင်းတုပ်လေတယ်လို့ ဖြစ်မှာပေါ့။ နာထိုက်ပါတယ်။ နာပါစေ။ အန်ချင်တယ်ဆိုလည်း အန်ပါ။ စိတ်မဆိုးပါဘူး။ စိတ်လည်းမကောင်းပါဘူး။ ကိုယ့်အပြစ်ပါ။ ဝန်ခံပါတယ်။
ဒါပေမယ့်လည်း နံမည်ကြီးချင်လို့ လုပ်တာ မဟုတ်ဘူးလို့တော့ ဆင်ခြေပေးချင်ပါတယ်။ အလကားနေရင်း သူများအတင်းတွေ အရပ်တကာလည်တုပ်ချင်တဲ့စိတ်လည်း မရှိပါဘူး။ “အဲ့ဒါ ငါ့အကြောင်းရေးနေတာ” ဆိုတဲ့ စိတ်ကိုဖယ်ပြီး စာတစ်ပုဒ်လုံးကို ဆုံးအောင်ပြန်ဖတ်ကြည့်ပါ။ ဘာကိုပြောချင်တာလဲဆိုတဲ့ Message တစ်ခု ရပါလိမ့်မယ်။ အဲဒီ Message ကသာ ကိုယ်စာရေးရခြင်း အကြောင်းရင်း အကြောင်းခံပါပဲ။ ကိုယ်ဟာ ဇာတ်လမ်းဇာတ်အိမ်တွေ တည်ဆောက်ပြီး ဝတ္ထုအတိုအရှည်တွေ စိတ်ဝင်စားဖွယ်ဖြစ်အောင် မရေးတတ်ဘူး။ အိုးနင်းခွက်နင်း ကမောက်ကမ ဖြစ်ရပ်ကလေးတွေကို အခြေတည်ပြီး ဟာသစာပေကလေးတွေလည်း သြဘာကျအောင် မရေးတတ်ဘူး။ စာရေးမယ်လို့ စားပွဲမှာ ထိုင်လိုက်ရင် ကိုယ့်စိတ်ထဲမှာ ငါးမြားနေတာကိုပဲ မြင်တယ်။ ကိုယ့်စိတ်ကိုယ် ရေထဲမှာ မျှောထားလိုက်။ အတွေးစတစ်ခုခုက လာဟပ်လိမ့်မယ်။ တုန့်ကနဲဆွဲငင်သွားတဲ့အခါ အဲသည်အတွေးစနောက်က တကောက်ကောက်လိုက်ပြီး ကြိုးတွေကို ပြန်သိမ်း။ တခါတခါတော့လည်း ငါးသေးသေးလေးပဲ မိမယ်။ တခါတခါတော့ မမျှော်လင့်ပဲ ငါးအကြီးကြီး ဖြစ်နေလို့ အခန်းဆက်တွေနဲ့ မနိုင်မနင်း ဆက်ဖမ်းရတယ်။ ဘယ်လိုပဲဖမ်းဖမ်း တစ်ခါဖမ်းရင်တော့ ငါးတစ်ကောင်ပါပဲ။ ကိုယ်ရေးတဲ့ Essay တိုင်းမှာ ကိုယ်အဓိကပြောချင်တဲ့ အကြောင်းအရာ Message တစ်ခုခု ပါတယ်။ အဲ့ဒီအကြောင်းကို ပေါ်လွင်လာအောင် သိုင်းကာဝိုင်းကာ ဥပမာအမျိုးမျိုးပေးလို့ သီချင်းစာသားကလေးတွေနဲ့ ရေးတယ်။ စာဖတ်တဲ့သူက သဘောမပေါက်ဘူး။ ဘာကိုဆိုလိုချင်မှန်းမသိဘူးဆိုတာ ကိုယ့်ရဲ့စာရေးခြင်းအတတ်ပညာ မလုံလောက်မှုကြောင့်သာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်သမီးကဆို တစ်ခွန်းတည်းဝေဖန်တယ်။ “သူများတွေ နားလည်လွယ်အောင်မှ မရေးတာ ဘယ်လူကြိုက်များမလဲ။” တဲ့။
ရှည်ရှည်ဝေးဝေး လေချိုသွေးနေပုံကြည့်ရတာ အခုတစ်ခေါက် ပေးချင်တဲ့ မတ်စိဟာ “ဘွာတေးနော် ဘွာတေး။ ကွီးကို ချိတ်မချိုးနဲ့။ ချစ်လို့ စ တာ။ မွချိ မွချိ။ သွားလက်အူးမယ်ညော်။” ဆိုတဲ့ အနန္တသူရိယမျက်ဖြေလင်္ကာမျိုး ဖြစ်လိမ့်မယ် လို့ ထင်သလား။ အထက်မှာ ပြောခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာ အခြေခံပြီး ဆွေးနွေးနှီးနှောလိုတဲ့ အတွေးအမြင်တစ်ခု ရှိလို့ပါ။ အဲ့ဒါကတော့ “ကိုယ်ရေးတဲ့စာများကို အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သို့သော်ငြားလည်း ကိုယ့်စာထဲမှာ ပုဂ္ဂလဒိဋ္ဌာန်တွေကို ကျော်ပြီး ဓမ္မဒိဋ္ဌာန်ကျကျ တွေးတတ်မြင်တတ်အောင် နည်းနည်းလေး ကြိုးစားပေးကြပါဦး။” လို့ ပြောချင်တာပါ။ လူဆိုတာ တွေးတိုင်းတွေးတိုင်း ကိုယ့်အတ္တကို ဗဟိုပြုပြီးတော့ တွေးတယ်။ ကိုယ့်အတွေ့အကြုံနဲ့ ခြုံပြီးတော့ သုံးသပ်တယ်။ ကိုယ့်ရှုဒေါင့်ကနေ အသေရပ်ပြီးတော့ အကဲခတ်တယ်။ ဒါသဘာဝပဲ။ အဲ့ဒါဘာနဲ့တူသလဲဆိုတော့ ဥခွံထဲက အပြင်ကိုမထွက်ရဲသေးတဲ့ ကြက်ပေါက်ငှက်ပေါက်ကလေးတွေနဲ့တူတယ်။ အပြစ်မရှိပါဘူး။ ငယ်သူတို့စရိုက်ပေါ့။ ဒါပေမယ့်လည်း ကောင်းကင်ပေါ်မှာ လေဟုန်စီးနေတဲ့ လင်းယုန်ငှက်ကြီးတို့ နေရာရောက်ချင်ရင်တော့ ဥခွံထဲက အပြင်လောကကို ထွက်လာခဲ့မှပဲ ရမယ်။ ဆိုလိုတာက အသိဥာဏ်ရင့်ကျက်တဲ့ လူကြီးဘဝကို ရောက်ပြီဆိုရင် သူ့ဘက်ကိုယ့်ဘက် ဘက်နှစ်ဘက်တင်မကဘူး။ ပတ်ဝန်းကျင်အခြေအနေအချိန်အခါကိုလိုက်လို့ လေနှင့်ရော တိမ်ကြောမှာ ပျံနိုင်အောင် ကြိုးစားရတယ် လို့ ပြောချင်တာပါ။ ဒါက ကလေးတွေကို မတတ်လို့ သင်တဲ့ မက်စိမဟုတ်ပါဘူး။ နိုင်ငံတော်ကိုတည်ဆောက်နေပါတယ်ဆိုတဲ့ ဂီးဆောင်ကျောင်းများကို ကျွဲပါးစောင်းတီး လုပ်ချင်တာပါ။ အဓိကအားဖြင့်တော့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဆွေးနွေးနေကြသူများကို မေတ္တာရပ်ခံချင်တာပါပဲ။ “ရင်မှာခံစား မမြင်နိုင်ပေ။ ငါ့ရဲ့ အသည်းထဲက အတွင်းကြေ။” ဆိုတဲ့ ဖြူဖြူကျော်သိန်းသီချင်းချည့် ဖွင့်မနေကြပါနဲ့။ ဒီလိုအဖြစ်အပျက်မျိုးတွေ နောက်ထပ်မကြုံတွေ့ရလေအောင် ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ အဖြေကိုရဖို့ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ ဘက်ပါတဲ့အမြင်တွေကို ကျော်ကြည့်လိုက်စေချင်ပါတယ်။
အခုတခေါက် ဘားအံကိုရောက်တဲ့အခါ ဆောက်လက်စမသတ်နိုင်သေးတဲ့ “ချစ်သူမြိုင်” ဆိုတဲ့ အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို ရောက်ခဲ့ပါတယ်။ သစ်ပင်ပန်းမာန်တွေ အခုမှ ပျိုးလက်စပဲ ရှိသေးတယ်။ ဒါပေမယ့် ဧည့်သည်တွေ တဖွဲဖွဲလာရတာကတော့ ရေကန်ကျယ်ကြီးထဲမှာ Speed Boat စီးလို့ရတဲ့အတွက်ပါ။ အဲ့ဒီက ကလေးတွေက တော်တော်ကျွမ်းကျွမ်းကျင်ကျင်ပါပဲ။ ဧည့်သည်ပါလို့သာ ညှာစီးနေတာ။ သူတို့ဘာသူတို့ဆို ဂျိမ်းစဘွန်းကားထဲကထက်တောင် သာအောင်စီးနိုင်သေး။ အလေ့အကျင့်မရှိပဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်နားက ကလေးတစ်ယောက်ကို မိမိရရအင်တာဗျူးပြီး စီးတတ်တာ ကြာပလား။ ဘယ်မှာသွားသင်လာတာလဲ။ ယိုးဒယားဘက်ကလား။ သိချင်တာတွေ လျှောက်မေးဖြစ်ပါတယ်။ မဟုတ်ဘူး။ သူတို့လည်း ဘားအံကပဲ။ သည်ကန်ထဲမှာပဲ သင်ရင်း လေ့ကျင့်ရင်းတတ်ကြတာ။ သူတို့ဥယျာဉ်ကြီးထဲမှာ စစ်တပ်မဟုတ်ပဲ ယူနီဖောင်းဝတ် လက်နက်ကိုင်ကလေးတွေတွေ့လို့ မင်းကရော သူတို့လို စစ်သားလား လို့ မေးတဲ့အခါ ကောင်လေးက ရယ်တယ်။ မဟုတ်ပါဘူး။ အလုပ်သမားပါ။ ဒါပေမယ့်လည်း ကရင်ပြည်နယ်အတွက် လိုအပ်ရင် စစ်သားလည်း လုပ်နိုင်ပါတယ်တဲ့။ ကိုယ့်သားအရွယ် ဆယ်ကျော်သက်ကလေးလေးတစ်ယောက်မှာ သူ့ပြည်နယ်အတွက် အသက်စွန့်ဖို့ ဝန်မလေးဘူးလို့ သိလိုက်ရတဲ့အခါ စိတ်ထဲက သာဓုခေါ်မိပါတယ်။ သူ့မျက်နှာမှာ ဘာအကုသိုလ်အညစ်အကြေးမှ မြင်ရတဲ့ ပကတိ ဖြူဖြူစင်စင် ကလေးတစ်ယောက်ပါ။
သူတို့ဥယျာဉ်ထဲမှာတွေ့ခဲ့တဲ့ လက်နက်ကိုင်စစ်သားကလေးတွေကလည်း သူနဲ့မတိမ်းမယိမ်းပါပဲ။ ဘယ်သူမှ နှစ်ဆယ်ကျော်တဲ့ ရုပ်ရည်မရှိဘူး။ “ချစ်သူမြိုင်” လို့ နံမည်ပေးထားရတဲ့အကြောင်းက ချစ်သူတွေ လာချိန်းတွေ့ဖို့ သာသာယာယာ နေရာကောင်းကလေးတစ်ခုလို့ အဓိပ္ပါယ် မပြန်နဲ့နော်။ အဲ့ဒါကြီးကိုပိုင်တာ စောချစ်သူ ဆိုတဲ့ BGF နယ်ခြားစောင့်တပ်က တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်မို့တဲ့။ ဒါဆိုရင် မကြာသေးခင်ကမှ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုပေါ့။ အရင်တုန်းကဆိုရင်တော့ သူပုန်တွေ သူပုန်တွေ လို့ပဲ လွယ်လွယ်ခေါ်ကြတယ်လေ။ ဒါပေမယ့်လည်း အခု ကိုယ့်မျက်စိအောက်က သူပုန်ဆိုတာလေးတွေက ကိုယ်တို့ရုပ်ရှင်တွေထဲမြင်နေကျ အဆီတဝင်းဝင်း အံတကြိတ်ကြိတ်နဲ့ ရွံစရာ လူယုတ်မာကြီးတွေပုံ တစက်မှ မပေါက်တာတော့ သေချာတယ်။ သူလိုကိုယ်လို ဥမမယ်စာမမြောက် လူငယ်ကလေးတွေပဲ။ ဒါက ကိုယ်က အရပ်သားမို့လို့ အရပ်သားအမြင်မြင်တာလေ။ တကယ်လို့များ စစ်သားတစ်ယောက်ယောက်က ကိုယ့်စာကိုဖတ်မိတယ်ဆိုရင် “အောင်မယ်။ သေချင်လို့ သေချင်လို့။ ငပွေးများသွား ယောက်ဖခေါ်ချင်နေတယ်။ အဲ့ကောင်တွေအကုန် မင့်ဖျင်ချလွှတ်မယ့်ကောင်ချည့်ပဲ။” လို့ ထောပနာပေးမှာ သေချာပါတယ်။ ကိုယ်ပြောချင်တာလည်း အဲ့ဒါပါပဲ။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုပြီး တဘက်လူတွေကို သူပုန်လို့ မြင်တဲ့အစွဲ မကျွတ်သေးသမျှ၊ တဘက်လူကလည်း စစ်တပ် နဲ့ အစိုးရ ကို ဗမာတွေလို့ သိမ်းကျုံးပေါင်းရုံး တွေးမြင်နေသမျှ မေမေထိန်းလို့ ပွဲသိမ်းပြီ ထင်နေလည်း “ထင်သာထင်။ မဝင်ဘူး ကျောင်းအမရေ။” လို့ ပြောရမှာပါပဲ။ သူတို့ရောကိုယ်ရော လူသားတွေ၊ အတူတူပဲဆိုတဲ့စိတ်မှ မမွေးနိုင်တာကိုး။
ကိုယ်တို့မြန်မာတွေဟာ လူမျိုးကြီးဝါဒနဲ့ သူတို့တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်လွှမ်းမိုး အုပ်စိုးလိုတဲ့ သဘာဝ ရှိကြတယ် လို့ သူတို့ဘက်ကမြင်တယ်။ အဲ့ဒီအမြင်ကိုပျောက်အောင်လည်း ဘယ်သူကမှ သက်သေပြမပေးနိုင်ကြဘူး။ သူတို့မြန်မာစစ်တပ်က အင်အားကြီးလို့သာပေါ့။ နို့မို့ဆို အိန္ဒိယမှာ မဂိုမင်းဆက်တက်လာသလို ဒီတိုင်းပြည်မှာလည်း ကချင်အစိုးရ ကရင်အစိုးရတက်လုပ်လာတာ ကြာလှရှိရော့မယ်။ ဘာစစ်တပ်မှမရှိ၊ ရွေးကောက်ခံလောက်အောင် ထောက်ခံမဲ မရတဲ့သူတွေကတောင် ဗြောင်တောင်တောင် ဘေဘေ့ ဂျိ ချပြီး တစ်ယောက်တစ်လှည့်စီ သမ္မတလုပ်ကြရအောင်လေ လို့ မရှက်မကြောက် စကားခေါ်နေပြီ။ ကိုယ့်လူမျိုး သူ့လူမျိုးဆိုတာထက်ကျော်ပြီး ကိုယ့်တိုင်းပြည်လို့တောင် တပေါင်းတစည်းတည်း မမြင်နိုင်မတွေးနိုင်ကြတဲ့ အခြေအနေကိုးခင်ဗျ။ စစ်တိုက်ရင် သူ့ဘက်ကိုယ့်ဘက်ခွဲရတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးယူရင် သူရောကိုယ်ရော တသားတည်းဖြစ်သွားပြီ ဆိုတာကို ဘယ်လိုသင်ပေးရမလဲ မသိပါဘူး။
စောမူတူးဆေးဖောဆိုတဲ့ ကရင်အဖိုးကြီး ပြောတာ နားထောင်ဖူးတယ်။ သူတို့စစ်တိုက်လာတာ အနှစ်ခြောက်ဆယ်ကျော်ပြီ။ နောက်ထပ် အနှစ်ခြောက်ဆယ် ဆက်တိုက်ဆိုလည်း မတိုက်နိုင်စရာ အကြောင်းမရှိဘူး။ ဆက်တိုက်ဦးမှာပဲ။ ကုန်ခဲ့တဲ့ နှစ်ခြောက်ဆယ်မှာတောင် ကရင်ကို အမြစ်မဖြုတ်နိုင်ခဲ့တာ နောက်အနှစ်ခြောက်ဆယ်လည်း ကရင်က ဆက်ရှိနေဦးမှာပဲ။ ဆက်တိုက်နေဦးမှာပဲ။ ဒါပေမယ့် တော်ပြီ။ မတိုက်ချင်တော့ဘူးတဲ့။ ကိုယ့်ဘဝအတွက်က ဘာမှ အရေးမပါတော့ဘူး။ စစ်ထဲကြီးလာတာ။ စစ်တိုက်ရင်းအိုလာပြီ။ စစ်တိုက်ရင်းသေလည်း ဘာမှ မထူးဘူး။ ဘယ်သူ့မှလည်း ကြောက်စရာမရှိဘူး။ ဒါပေမယ့်လည်း ဒီကလေးတွေ ဒီကလေးတွေအတွက် စစ်မတိုက်ချင်တော့ဘူး။ စစ်ကိုရပ်ပလိုက်ချင်ပြီတဲ့။ သူပြောတဲ့ကလေးတွေဆိုတာ အခု ကိုယ့်မျက်စိအောက်မှာ မြင်နေရပြီ။ သူတို့မှာ အမုန်းလည်းမရှိဘူး။ အာဃာတလည်း မရှိဘူး။ အတန်းပညာ သင်မှ သင်နိုင်ရဲ့လားမသိဘူး။ လောကကြီးအကြောင်းတောင် ကောင်းကောင်းနားလည်မယ့်ပုံမရှိ။ တကယ့်ကို နုနုငယ်ငယ်ကလေးတွေပါ။ ဒီကလေးတွေလက်ထက်ထိအောင် အမုန်းမီးတွေပျိုးပြီး နင်လက်ဦးအောင်မသတ်နိုင်ရင် နင့်ကိုဟိုကသတ်သွားလိမ့်မယ် ဆိုတဲ့ အလေ့အကျင့်မျိုး ပျိုးထောင်ရမှာ ကိုယ့်လူမျိုးကိုယ် ချစ်တဲ့သူအတွက် ရင်နာစရာကြီးနော်။
ဒီကလေးတွေရဲ့ အနာဂတ်ကိုငဲ့ရင် သူ့ဘက်ကိုယ့်ဘက် သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွားဆိုတဲ့ဟာတွေကို အနစ်နာခံ သင်ပုန်းချေပလိုက်ပြီး ငြိမ်းချမ်းသောကရင်ပြည်နယ်ကြီးဖြစ်အောင် အရင်တည်ဆောက်ရလိမ့်မယ်။ ပြီးမှ ကိုယ့်တိုင်းရင်းသားအကျိုးစီးပွား မထိခိုက်မနစ်နာအောင် နိုင်ငံရေးလမ်းစဉ်နဲ့ ဆက်တိုက်ပွဲဝင်ချင်ဝင်ပေါ့။ လက်နက်ကိုင်လမ်းစဉ်က မအောင်မြင်ဘူး မဟုတ်လား။ နောက်တစ်မျိုးပြောင်း ကြိုးစားကြည့်မယ်လေ။ အဲ့သလိုနိုင်ငံရေးနည်းလမ်းနဲ့ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ဆိုတာ အမျှော်အမြင်ရှိသော၊ အမြင်ကျယ်သော၊ ရှေ့ရေးကို ကြိုတွေးတတ်သော ခေါင်းဆောင်ကောင်းတွေ လိုအပ်လိမ့်မယ်။ ကိုယ်မရှိလို့ သည်ကလေးတွေမျိုးဆက်ကျရင် တောထဲမွေး တောထဲကြီး၊ စစ်တိုက်ရင်း ထမင်းစားလာရတဲ့ ဘဝကြမ်းကြမ်းကနေ ချီဂွေဗားရားလေးတစ်ယောက် ထွက်လာနိုင်ဖို့ ဘယ်လောက်ခဲယဉ်းမလဲ စဉ်းစားကြည့်ပါ။
အခုလက်ရှိ လူကြီးတွေဟာ တိုင်းပြည်ကထွက်တဲ့ သယံဇာတအရင်းအမြစ်တွေကိုလည်း ဘာမှမချန်ခဲ့ဘူး။ ကိုယ့်အိပ်ထဲကိုယ် အပါသယ်သွားခဲ့ကြပြီ။ လူစွမ်းအားအရင်းအမြစ်တွေကိုလည်း ကိုယ့်နေရာလုမှာစိုးလို့ အညွန့်ဆိပ်သလို ဆိပ်ထားရစ်ခဲ့တယ်။ အနည်းဆုံးတော့ ကိုယ့်တိုင်းပြည်တွင်းမှာ ရှင်သန်ခွင့်မပေးဘူး။ ဒါ ငါ့တိုင်းပြည်။ ဒီတိုင်းပြည်မှာနေချင်ရင် ငါ့ကိုပသကြ။ ဒီတိုင်းပြည်ကို လာချင်ရင် ငါ့ကိုဆည်းကပ်ကြ။ ဒီတိုင်းပြည်က လူဖြစ်သွားရင် လူဖြစ်ခ ငါ့ကိုပေးသွားကြဦး။ လို့ အတင်းအဓမ္မ နိုင်ထက်စီးနင့် ပြုကျင့်ကြတယ်။ (ဟောကြည့်။ ပြောရင်းဆိုရင်း ဒရာမာတွေချိုးပြီး ဇာတ်နာအောင် လုပ်နေပြန်ပြီ။) ဒါမျိုးဆိုတာ ကိုယ်တိုင်ခံရတဲ့သူတွေ အသိဆုံးပဲ။ နောင်လာနောက်သားအတွက်အမွေဆိုတာ ဘာတစ်ခုမှ မကျန်ဘူး။ ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုးတွေကိုပဲ ချန်ရစ်ခဲ့ကြတယ်။ ဒါနဲ့ အားမရသေးလို့ စစ်မီးတောက်တွေ ချန်ခဲ့ချင်သေးတယ်ဆိုလည်း ချန်ပေါ့။ မချန်ချင်ဘူးဆိုရင်တော့ အဲ့ဒီမီးကို ကိုယ်ကိုယ်တိုင်ငြိမ်းသွားမှပဲ ဖြစ်မယ်။ အဲ့ဒီမီးကိုငြိမ်းချင်ရင် တဘက်သတ်အမြင်နဲ့အတွေးအခေါ်တွေကို စွန့်လွှတ်ရလိမ့်မယ်။ အဲ့ဒီအစွဲမကျွတ်ပဲ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လို့မှ မရတာ။
ငြိမ်းချမ်းရေး လို့ ပြောလိုက်ရင် သူသူကိုယ်ကိုယ် စိတ်ထဲသဘောပေါက်တာက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ သူတို့အချင်းချင်းပြေလည်အောင် ညှိကြဖို့ပဲလိုတယ်လို့ တွေးကြတယ်။ အဲ့ဒါလည်း မဟုတ်သေးဘူး။ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။ စစ်ဘေးသင့်အရပ်ဒေသမှာ နေထိုင်ကြီးပြင်းရတဲ့ကလေးတွေကို တွေးကြည့်လိုက်။ သည်ကလေးတွေကို စာနာစိတ်ထားမွေးပေးဖို့ လူတိုင်းလူတိုင်းဟာ တဘက်သားစိတ်မှာဘယ်လိုနေရှာမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေး မွေးပေးဖို့ လိုလိမ့်မယ်။ အဲ့ဒီအလေ့အကျင့်ဟာ ကိုယ်တို့ဆီမှာ ပျောက်ဆုံးနေတာကြာပြီ။ သေခါနီးဘဘကြီးတွေ မစာနာနိုင်တာ အကြောင်းမဟုတ်ဘူး။ စောင့်ရလှ လေးငါးဆယ်နှစ်ပေါ့။ သူတို့သားတွေမြေးတွေပါ မစာနာနိုင်ရင် သည်သံသရာကြီးက ဆုံးမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ကတော့ စာဖတ်သူ လူငယ်လူရွယ်ကလေးတွေ အားလုံး ကိုယ်ချင်းစာစိတ်ထားနဲ့ သူများဘက်က စာနာတွေးတောပေးနိုင်မှု (In her shoes) အလေ့အထကလေးကို မွေးမြူဖို့ ကောင်းလေရဲ့လို့ လိုရင်းကို ဘွင်းဘွင်းရှင်းရှင်း အနက်ပါ တခါတည်း ပြန်ပေးလိုက်ပါတယ်လေ။ စာမဖတ်တဲ့ ဟိုလူကြီးတွေကိုတော့ မေတ္တာပို့သ ဆုတောင်းအပ်ပါတယ်။ သားသမီးချင်း လူသားချင်း စာနာထောက်ထားနိုင်ကြစေကုန်သတည်း။
“တစ်ဦးအပေါ်တစ်ဦး ထူးတဲ့မေတ္တာ စေတနာ သဒ္ဓါတရား ထားကြပါကုန်။ မေတ္တာလွှမ်းခြုံ။ တစ်ဦးအပေါ်တစ်ဦး ထူးတဲ့မေတ္တာ စေတနာ သဒ္ဓါတရား ထားကြပါကုန်။ မေတ္တာလွှမ်းခြုံ။ ကိုယ်ချင်းစာတရားလည်းများစွာ ထားပါလေကုန်။ အများသတ္တဝါတွေအကုန် နှစ်ဖြာသောသုခ ပြည့်ဝစေကုန်။ ချစ်သဒ္ဓါမနွမ်းပုံ မေတ္တာလွှမ်းခြုံ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...