Monday, September 5, 2016

တောင်းပန်တာရှက်စရာလား

Zin Wyne

တနေ့ကကျနော့်friend ထဲက ကို #Aung soe moe က ဒေါ်အောင်ဆန်းစုကြည်ထမင်းစားပွဲမှာနှုတ်ဆက်တဲ့ဓါတ်ပုံကိုကြည့်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအပေါ်
အဝေဖန်စောမိလို့တာဝန်သိစွာပြန်တောင်းပန်တဲ့ကိစ္စ။

ဒီလိုပါပဲမန်းဝန်ချုပ်ကို ဇာတိမာန်သီချင်းနဲ့ပါတ်သက်လို့ ပုဂ္ဂိုလ်လေးတစ်ယောက်က အချက်လက်သေချာစွာမသိပဲဝေဖန်မိရာက မှားမှန်းသိတော့ ချက်ချင်းပြန်တောင်းပန်တဲ့ကိစ္စ။
ဒါတွေကိုဖတ်ပြီးစိတ်ထဲကျေနပ်မိလို့ဒီစာစုကိုရေးပါတယ်။
စာရှုသူမိတ်ဆွေတစ်စုံတရာ အကျိုးရှိမယ်လို့လည်း မျှော်လင့်မိပါတယ်ခင်ဗျာ။

လောကမှာ ပုထုစဉ်လူသားတိုင်း အမှားမကင်းနိုင်ကြပါဘူး၊ တစ်ကြိမ်မဟုတ်တစ်ကြိမ် မှားခဲ့ကြသလို။ အဲဒီအမှားအတွက် တောင်းပန်ခြင်းဆိုတာလည်း မလွဲမသွေပြုခဲ့ရမှာ အမှန်ပါ။
ဒါကြောင့်လည်း “တောင်းပန်ပါတယ်”
ဆိုတဲ့ဝေါဟာရဟာ လူမျိုးတိုင်းဘာသာစကားတိုင်းမှာ ရှိနေတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း “သြကာသဘုရားရှိခိုးမှာ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသခပ်သိမ်းသော အပြစ်တို့ကို” လို့ တောင်းပန် ကန်တော့ခန်း ရှိနေပါတယ်။
မတော်တဆလူချင်း တိုက်မိလို့ Sorry ပဲဖြစ်စေ၊ တောင်းပန်ပါတယ်ဗျာ ပဲပြောပြော … အဲဒီလို အသေးအဖွဲ့လေးကအစ ကြီးကြီးမားမား အမှားများအထိ တောင်းပန်မှုပေါင်းစုံကို နေ့စဉ်ပြုခဲ့ပြုနေ၊ နောင်လည်းပြုကြရဦးမှာပါ။
ခုဏပြောခဲ့သလို … အသေးအဖွဲ့လေးတွေကအစ လူတစ်စုက လူတစ်စုကို၊ အစိုးရတစ်ရပ်က အစိုးရ တစ်ရပ်ကို လူမျိုးတစ်မျိုးက တခြားလူမျိုးတစ်မျိုးကို ဝန်ချတောင်းပန်ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်များလည်း.. ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိလို့နေပါတယ်။ ဒီလိုပါပဲ အခြားတစ်ဖက်မှာ ဒီလိုတောင်းပန်ခြင်း မပြုကြလို့... မကျေ မလည်လိပ်ခဲတည်းလဲ ဖြစ်နေဆဲ ပြဿနာတွေလည်း ကမ္ဘာပေါ်မှာ ဒုနဲ့ဒေးပါပဲ။
ကျွန်တော့အနေနဲ့ ဖတ်ရှုကြားနာမိသလောက်… ဗုဒ္ဓဘာသာသမိုင်းမှာ အထင်ကရနဲ့ အမှန်ကန်ဆုံး တောင်းပန်မှုပြုသွားသူကတော့ အများသိကြတဲ့ အဖသတ်သား အဇာတသတ်မင်းပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ အဇာတသတ်ဟာ ဖခင်ရင်းကို သတ်ခဲ့သူဖြစ်တာကြောင့် အလွန့်ကို ကြောက်စရာကောင်းလှတဲ့ ပဉ္ဓ္ဇ္ဇာနန္တရိယ ကံကြီးထိုက်နေသူပါ။ ဒါကိုသိမြင်တဲ့ အဇာတသတ်ဟာ ဘုရားရှင်ကိုလျှောက်ထားပြီး ဘုရားရှင်စေခိုင်းတဲ့ အတိုင်း
 အပြစ်ကို အပြစ်လို့ရှုမြင်ခြင်း
 တရားနဲ့အညီကုစားတောင်းပန်ခြင်း
 နောင်လုံးဝမကျူးလွန်တော့ရန်
အခိုင်အမာဆုံးဖြတ်ခြင်း။
စတဲ့ အင်္ဂါသုံးရပ် အချက်သုံးချက်နဲ့ စနစ်တကျတောင်းပန်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ အဝီဇိငရဲကို ကျရောက်မဲ့ အဖြစ်ကနေလွတ်ပြီး လောဟုကမ္ဘီ္ဘငရဲမှာ အနှစ်ခြောက်သောင်းသာကျခံရပါတယ်။ သူကျူးလွန်တဲ့ အပြစ်နဲ့စာရင် ဒီပြစ်ဒဏ်ဟာ.. သေဒဏ်ကျခံရမဲ့ ပြစ်မှုကြီးကို ပန်းတစ်စည်းနဲ့ တောင်းပန်ပြီး လွတ်မြောက် ရသလောက်ပဲ ရှိတယ်လို့ အဋ္ဌကထာဆရာတော်ကမိန့်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့… သေဒဏ်ကျမဲ့ အမှုကို ရုံးချိန်းတစ်ချိန်း၊ ရုံးမင်းတစ်ထိုင်ပြစ်ဒဏ်နဲ့ လွတ်မြောက်သလိုနေပါလိမ့်မယ်။
ဒီတော့ တောင်ပန်ခြင်းဆိုတာ ဗုဒ္ဓအလိုအရ လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမှုတစ်ရပ်ဆိုတာ ထင်ရှားစေပါတယ်။ ဒီနေရာမှာ ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်လို့ကျေရိုးလားဆိုတဲ့ အရပ်စကားတစ်ခု ကလည်း ရှိလေရဲ့၊ ဟုတ်ကဲ့… ခေါင်းခေါက်လို့ဖြစ်တဲ့ အကုသိုလ်ကတော့.. အထက်ပါဗုဒ္ဓအဆုံးအမနဲ့အညီ အင်္ဂါသုံးရပ်နဲ့ စနစ်တကျ တောင်းပန်ရင်၊ အတန်အသင့် ကျေနိုင်သလို၊ နောက်ဆက်တွဲဖြစ်လာမဲ့ အကုသိုလ်များကိုတော့.. တောင်းပန်ခြင်းနဲ့တင် အတော်ကြီးဖယ်ရှားနိုင်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ အကုသိုလ်တရားအကြောင်းကို အနည်းငယ်ဆန်းစစ်ပြလိုပါတယ်။
ဗုဒ္ဓစာပေများအလိုအရ အကုသိုလ် (၂)မျိုးရှိတယ်လို့ ဆိုပါတယ်။
အာရမ္ဘဇ..လို့ခေါ်တဲ့ မနောကံ၊ ကာယကံ၊ ဝစီကံတို့ ပြစ်မှားပြုမှုမိလို့ ဖြစ်တဲ့ အကုသိုလ်ကတစ်ခု၊ နောက် တစ်ခုက.. အဲ့လိုပြစ်မှားပြုမှုမိတဲ့ အဖြစ်ကို စိတ်ထဲမှာ တအုံနွေးနွေး၊ တကြောင့်ကျကျနဲ့ ပြန်လည်တွေးတောပြီး စိတ်ဆင်းရဲသောကရောက်နေရတဲ့.. ဝိပ္ပဋိသာရဇ..လို့ခေါ်တဲ့ အကုသိုလ်ကတစ်ခု (၂)ခုရှိတယ်လို့ ပြဆိုပါတယ်။
တောင်းပန်တယ်ဆိုတာ ဒုတိယအကုသိုလ်ဖြစ်တဲ့ ဝိပ္ပဋိသာရဇအကုသိုလ်ကို ဖယ်ရှားခြင်းပါပဲ။ တောင်းပန် လိုက်ခြင်းအားဖြင့် မိမိစိတ်မှာ ကြည်လင်သန့်ရှင်းသွားပြီး ထပ်ပွားလာမယ့် အကုသိုလ်တွေ ထပ်မပွားတော့ဘဲ ရပ်ဆိုင်းသွားစေတာမျိုးပါ။ တောင်းပန်ခံရသူက ခွင့်လွှတ်ခြင်း မလွှတ်ခြင်း အပထား၊ တောင်းပန်သူအတွက် အကျိုး ပွားစေတာကတော့ အထင်အရှားပါ။
ဒီနေရာမှာ ဘာသာရေးတွေ ဘေးဖယ်ထားပြီး သာမာန်လောကအလိုအတိုင်းတွက်ရင် တောင်းပန်မှုတစ်ခု ဖြစ်မြောက်ဖို့ အချက်သုံးချက်နဲ့ ပြည့်စုံရမယ်လို့ ကျွန်တော့အနေနဲ့ ယူဆမိပါတယ်။
(၁) မိမိပြုမှားမိသည်ကို မှားမှန်သိရှိခြင်း။
(၂) ယင်းအမှားအတွက် ကာယကံ၊ ဝစီကံအရ တောင်းပန်ရန် စိတ်ဆုံးဖြတ်ခြင်း။
(၃) ကာယကံ၊ ဝစီကံအရတောင်းပန်ခြင်း။
စတဲ့ အချက်(၃)ချက်ပါပဲ။
ဒီနေရာမှာ မိမိပြုမှုပြောဆိုမှုတွေကို မှားလို့မှားမှန်းကိုမသိ (တနည်းအားဖြင့် ငါမှန်တယ်လို့ယူဆထားတဲ့) ပုဂ္ဂိုလ်များအနေနဲ့ တောင်းပန်ခြင်းဆိုတာဖြစ်လာမှာ မဟုတ်တဲ့အတွက် ဒီစာစုမှာ သူတို့အတွက် မဆွေးနွေးလိုပါဘူး။
ဒီစာစုကိုရေးရတဲ့ ရည်ရွယ်ချက်ကိုက မိမိအမှားကို သိပေမဲ့၊ တောင်းပန်ခြင်းအမှုကို ပြုဖို့ မပိုင်းဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်တာပါ။
တောင်းပန်လိုက်ရင် ငါ့သိက္ခာကျသွားမလား၊ ငါများအရှက်ရသွားမလား၊ အရှုံးပေးသလိုများ ဖြစ်နေမလား.. စတဲ့ အတ္တမာနအခုအခံတွေနဲ့ တောင်းပန်ဖို့ တုံ့နှေးနေသူများကို ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီလိုမိမိအမှားကို သိသော်လည်း မတောင်းပန်ပဲ သေသည်အထိ ဒီဝန်ထုပ်ဝန်ဖိုးကို သယ်ဆောင် သွားသူများလည်း ရှိကြမှာပါ။
ဒီနေရာမှာ ဒီလိုပုဂ္ဂိုလ်ထဲက ကျွန်တော်တို့နိုင်ငံမှာ အထင်ကရရှိခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးကို ပြရမယ်ဆိုရင်ဖြင့် ဦးနေဝင်းကို ပြရမှာပဲဖြစ်ပါတယ်။
ဦးနေဝင်းဟာ ၁၉၆၂ခုနှစ်မှာ နိုင်ငံတော်အာဏာကိုရယူခဲ့ပါတယ်။ နှစ်ပေါင်း (၂၆)နှစ်အကြာ ၁၉၈၈ခုနှစ် မှာတော့ ပြည်သူလူထု အုံကြွမှုတွေအရ သူတည်ထောင်ခဲ့တဲ့ တစ်ပါတီ အာဏာရှင်စနစ်ဟာ မှားယွင်းမှန်းသိလာပြီး ပါတီစုံစနစ်ကို လမ်းဖွင့်ဖို့စကားဦးသန်းခဲ့ပါတယ်။
ဒါပေမဲ့
သူနဲ့သူနောက်လိုက်များရဲ့ မှားယွင်းမှုကိုတော့ မတောင်းပန်ခဲ့ပါဘူး။
၁၉၉၅ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့မှ ဦးချစ်လှိုင်၊ ဦးတင်အောင်ဟိန်းတို့နဲ့ တွေ့ဆုံစဉ်မှာ တရားဓမ္မ လိုက်စားစပြုလာတဲ့ ဦးနေဝင်းက ̏ကိုယ့်လူတွေနဲ့ကြုံတုန်း ပြောရဦးမယ်၊ ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ.. သင်္ခါရတရားတွေ.. အနိစ္စ အနတ္တတရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းကသိခဲ့မယ်ဆိုရင် ၁၉၆၂ခုနှစ်၊ မတ်လကိစ္စကို ကိုယ်မလုပ်ခဲ့ဘူး˝လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူပြုခဲ့တဲ့ကိစ္စအတွက် မှားယွင်းမှန်း သူသိနေပြီဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။
သို့သော်သူ့ရဲ့ အတ္တမာနကြောင့်လား.. အခြားမသိနိုင်တဲ့ အခြေအနေအကြောင်းကြောင်းကြောင့်လား.. သူကာယကံ.. ဝစီကံမြောက် မတောင်းပန်သွားပါဘူး၊ သေသည်အထိ ဒီဝန်ထုပ်ဝန်ပိုးကို လေးလံပင်ပန်းစွာ သယ်ပိုးသွားခဲ့ရှာပါတယ်။
ဒီနေရာမှာ အမှားတစ်ခုကို သိရက်နဲ့ မတောင်းပန်ရတဲ့ အဖြစ်ဟာ ဘယ်လောက် ကိုယ့်စိတ်ကို ဖိစီးလေးလံ စေတယ်ဆိုတာ ကျွန်တော့ကိုယ်တွေ့လေးတစ်ခုလည်း ပြောပြချင်ပါတယ်။
အမှားမကင်းတဲ့လူတွေကြားမှာ ကျွန်တော်လဲ ထိုနည်းလည်းကောင်းဆိုသလိုပဲ မကြာခဏမှားတတ်တဲ့ ကျွန်တော့အဖို့ တောင်းပန်ခြင်းဆိုတာ တစိမ်းဆန်တဲ့ ကိစ္စတစ်ရပ် မဟုတ်ခဲ့ပါဘူး။ ကိုယ်မှားမှန်းသိတာနဲ့ ကြီးငယ် နိမ့်မြင့်မဟူ ဖွင့်ဟတောင်းပန်ဖို့လည်း ဝန်မလေးတက်သူပါ။ မကြာခဏဆိုသလိုလည်း မှားတတ်လေတော့ တောင်းပန်ခြင်းနဲ့ အသားကျနေပြီလို့တောင် ပြောလို့ရပါတယ်။ ဒီလိုလူမျိုးမှာတောင် ဒီအဖြစ်ကလာကြုံ ရပါသေး တယ်။
အဖြစ်က ဒီလိုပါ။
၂၀၀၇ခုနှစ်က ဇာတ်ကားရိုက်ကူးရေးတစ်ခုအတွက် အင်းလေးကို ရောက်ခဲ့ပါတယ်။ တစ်မနက်၊ နံနက် (၅) နာရီလောက်ထတော့၊ လုပ်နေကျအတိုင်း ဒူးခေါင်းကနေရေလောင်းပါတယ်။ ခြေထောက်ရေစိုကို ပြန်သုတ်ဖို့အဝတ် စုတ်ကို ကုန်းကောက်လိုက်တဲ့အချိန်မှာ
ပဲ ခါးထဲက သံချွန်နဲ့အထိုးခံရသလို စူးကနဲဖြစ်ပြီး ခါးပြန်ဆန့်လို့ မရတော့ပါဘူး၊ ထုံးစံအတိုင်း
မိတ်ဆွေဟောင်းကြီး နှစ်ရှည်ခံစားခဲ့ရတဲ့ ခါးဝေဒနာပေါ့။ ဒါနဲ့ပဲ ဟော်တယ်မှာစုံစမ်းပြီး ပဲ့ထောင်တစ်စီးနဲ့ ဟဲရားရွာမထဲမှ ဆရာဝန်တစ်ဦးထံရောက်ခဲ့ပါတယ်။
အိမ်မှာပဲဆေးခန်းဖွင့်ထားတာဖြစ်ပြီး ဆရာဝန်နံမည်က ဒေါက်တာ ဦးတင်ဦးပါ။ ထုံးစံအတိုင်း ရောဂါရာဇဝင် မေး၊ စမ်းသပ်၊ ကျနော့်ကို ဆေးထိုးပေးပါတယ်။ မြစ်ကြီးနား၊ ဖားကန့်အထိ (၁၀)ရက်လောက် ကျွန်တော်ဆက်သွား ရမယ်ဆိုတာသိတော့၊ သောက်ဆေးတွေ၊ လိမ်းဆေးတွေ (၃)လစာပေးပါတယ်။ ခါးနာတာနဲ့ မဆိုင်တဲ့အားဆေးတွေ တောင်ပါသေးရဲ့။ ကျွန်တော့်စိတ်ထဲမှာတော့ “ဒီဆရာဝန် တရုတ်ဆေးတွေ ဗုံးပေါလအောပေးပြီး၊ ပိုက်ဆံဘယ် လောက်တောင် တောင်းမလဲမသိ” လို့ ငြူစူမိတာ အမှန်ပါ။
အားလုံးပြီးလို့ ကုသခ၊ ဆေးဖိုးဘယ်လောက်ကျလဲ မေးတော့...
" တစ်ပြားမှ မယူပါဘူး သူချစ်ခင်ရတဲ့ အနုပညာသမားမို့ အခမဲ့ကုသပေးတာပါ” လို့ အရိုးခံမျက်နှာကြီးနဲ့ ပြောရှာပါတယ်။ ကျွန်တော့်မှာ ကိုယ့်ကိုကိုယ် ရှက်သွားမိလိုက်တာလေ၊
သူ့မျက်နှာတောင် မကြည့်ရဲလောက်အောင်ပါပဲ။ ပဲ့ထောင်ထွက်မယ်လုပ်တော့၊ ဆရာ့အမေကြီးက ဘုရားလှူဖို့ဆိုပြီး မေမြို့ပန်းစည်းကြီးတစ်စည်း ထည့်ပေးလိုက်ပါသေးတယ်။ တကယ့်ကို စေတနာဖြူစင်ကြရှာတဲ့
တဲ့ သားအမိပါ။
အဲ့ဒီလိုနဲ့ အတိုချုပ်ပြောရရင် ရန်ကုန်ပြန်ရောက်ရော ဆိုပါစို့ ရဲ့။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူးဗျ။ အဲဒီနောက်ပိုင်း၊ ခါးနာတဲ့အခါ တီဗီမှာ အင်းလေးရုပ်ပုံတွေကြည့်ရတဲ့အခါတိုင်း ဆရာဦးတင်ဦးရဲ့ အရိုးခံမျက်နှာကြီး ကို ပြေးမြင်မိပါတယ်။
ပိုဆိုးတာက တစ်ခါတစ်လေ ညဖက်တစ်ရေးနိုး ဆရာ့မျက်နှာ ဖျတ်ခနဲမြင်မိရင် ဆက်အိပ်လို့ မရဘဲ မိုးစင်စင်လင်းပါရော။
သူတော်ကောင်းကိုမှစော်ကားမိလေခြင်းလို့ စိတ်ထဲမှာတစ်နုံ့နုံ့ဖြစ်ရပါတယ်။
ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ ဗုဒ္ဓဟောကြားတော်မူတဲ့ ဝိပ္ပဋသာရဇ လို့ခေါ်တဲ့ ဒုတိယမြောက် အကုသိုလ် --- ၊ အဖန်တလဲလဲ ကြီးထွားနေခြင်းပါပဲ … ။
ဒီလိုနဲ့ သုံးနှစ်လောက်အကြာ ၊ တနေ့မှာ ကျွန်တော့်အိမ်ကို မြဝတီ ရုပ်သံ ကနေ ဇင်ဝိုင်း တစ်နေ့တာအစီအစဉ် လာရိုက်ပါတယ်။ ရိုက်နေယင်း နတ်ကောင်းနတ်မြတ်များ နှိုးဆော်လေသလားမသိ ၊ ဆရာဦးတင်ဦးကို တောင်းပန်ဖို့ ဖျတ်ခနဲ စိတ်ကူးရတာနဲ့၊ အဲဒီအဖြစ်အပျက်လေးကို ပြောပြပြီး “ခု အစီအစဉ်ကို ဆရာဦးတင်ဦး ကြည့်နေမိယင် ဆရာ့ကို ရိုကျိုးစွာနဲ့တောင်းပန်ပါကြောင်း၊ ဆရာမကြည့်ဖြစ်လို့ ကြည့်နေသူများထဲမှာ ဆရာ့အသိအကျွမ်းများပါယင်၊ ဆရာ့ကို သတင်းစကားပါးပေးပါလို့” တောင်းပန်ခဲ့တယ်။
စိတ်ထဲလည်းအတော့ကို
ပေါ့သွားမိပါတယ်။
သုံးရက်လောက်အကြာ
ကျွန်တော့် (FB) မိတ်ဆွေများထဲက ဦးကိုကိုလေး ဆိုသူက ကျွန်တော့်ကို မက်ဆေ့ခ်ျဘောက်စ်က တစ်ဆင့် ဆက်သွယ်လာပါတယ်။
သူဟာ ဒေါက်တာ ဦးတင်ဦးရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့အကြောင်း တီဗီမှာ ပါလာတဲ့ အစီအစဉ်က ကျွန်တော့် တောင်းပန်စကားကို ကြားရလို့ ဆရာဦးတင်ဦးကို ပြောပြတဲ့အခါ ဆရာဦးတင်ဦးက “သူတောင် မသိတဲ့ .. စိတ်ထဲက ပြစ်မှားမိတာကို … တောင်းပန်တဲ့အတွက် ခွင့်လွှတ်ယုံမက .. ပိုလို့ချစ်ခင်လေးစားရပါတယ်” လို့ ပြောကြောင်းနဲ့ ဆရာဦးတင်ဦး ဖုန်းနံပါတ်ကိုပါ ကျွန်တော့်ကိုပေးပါတယ်။
တိုတိုပြောရယင်ဖြင့် ဒီနေ့အထိ ဆရာဦးတင်ဦးနဲ့ကျွန်တော် မိတ်ဆွေရင်းချာများလို ဆက်ဆံနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကို ပြန်တွေးတိုင်း၊
အကုသိုလ်မဖြစ်ယုံမက
ကျွန်တော့်မှာ ကြည်နူးပီတိ ဆိုတဲ့ ချမ်းသာခြင်းကုသိုလ်စိတ်ကို ခံစားရပါတယ်။
ကျွန်တော့် စာစုလေးကို နိဂုံးချုပ်ရယင်ဖြင့် …
- လောကမှာ လူတိုင်း အမှားမကင်းပါ။
- မှားမှန်းသိယင်ဖြင့် ထိခိုက်သွားသူများကို တောင်းပန်ပါ။
- တောင်းပန်ခြင်းဆိုတာ တောင်းပန်ခံရသူထက်၊ တောင်းပန်သူ့အတွက် ပိုလို့အကျိုးရှိပါတယ်။
အကုသိုလ်
ဆက်မပွားအောင် တားဆီးခြင်းတစ်ခုဖြစ်ပါတယ်။
- တောင်းပန်ခြင်းဆိုတာ ဘုရားကြိုက်၊ နတ်ကြိုက်၊ သူတော်ကောင်းတို့ ကြိုက်နှစ်သက်တဲ့အလေ့အထ တစ်ခုပါ။
- တိုတိုပြောရယင်ဖြင့် ---
တောင်းပန်တာ ရှက်စရာမဟုတ်ကြောင်းပါခင်ဗျာ -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...