Wednesday, September 28, 2016

“ပုတ်သင်ဥများ”


အင်းဝအပ်ချုပ်ဆိုင်အကြောင်း ဖေ့စ်ဘုတ်ပေါ်မှာ ပွနေတဲ့အခါ ဆယ်လီပီပီ Main Stream ထဲကို ဒိုင်ဗင်ပစ်ဝင်လိုက်မယ်လို့ စိတ်မကူးပေမယ့် သူနဲ့ပတ်သက်ပြီး တွေးစရာပြောစရာလေးတွေ ရှိနေတဲ့အတွက် ဒီတစ်ခါလည်းပဲ သားလေးမောင်တင် ကန်တော့ပန်းဆင်လိုက်ရပါတယ်။ သည်းခံ၍သာ အားပေးကြပါတော့။ အင်းဝအပ်ချုပ်ဆိုင်ဆိုတာ ကိုယ်တို့ငယ်ငယ် ကလေးဘဝမှာကတည်းက အနော်ရထာနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ ဖွင့်ထားတဲ့ နံမည်ကြီးတေလာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ရန်ကုန်မြို့မှာ ဈေးအကြီးဆုံး၊ လက်ရာအကောင်းဆုံး၊ နံမည်အကြီးဆုံးလို့တောင် ပြောရမလောက်ရှိပါတယ်။ ရက်ချိန်းလည်း တစ်လတိတိကြာမှ ရနိုင်တယ်။ အမြန်လိုချင် အမြန်ကြေးပေးချုပ်ရတယ်။ ကိုယ့်ဘဝရဲ့ ပထမဦးဆုံးသော အနောက်တိုင်းဝတ်စုံဟာ အင်းဝအပ်ချုပ်ဆိုင်မှာချုပ်ပါတယ်။ ၇ နှစ်သား အရွယ်မှာတုန်းကပါ။
ဆိုင်ကိုကြော်ငြာပေးတာ မဟုတ်ပါဘူး။ အဲ့ဒီတုန်းက ကိုယ့်အဖေက အဲ့ဒီကိုခေါ်သွားတာမို့ သူ့ကိုသတိရသွားတာပါ။ သူက ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ကျောင်းကအပြန် အဲ့ဒီဆိုင်ခေါ်သွားပြီး ပိတ်စရွေး၊ ကိုယ်တိုင်းတိုင်းပါတယ်။
ကိုယ်မှတ်မိသလောက် ကိုယ့်ကို အဝတ်အစားဝယ်ပေးရင် အမေနဲ့ အဖွားကသာ ဆင်ကြတာမို့ သူဝယ်ပေးတဲ့အဝတ် တစ်ခါမှ မဝတ်ဖူးပါဘူး။ တစ်လကျော်ကျော်ကြာမှ ဆိုင်မှာသွားရွေးတဲ့အခါ ကုတ်အင်္ကျီနဲ့ ဘောင်းဘီရှည်နဲ့ အစုံလိုက်၊ ဆာဖာရီကုတ်လို့ ခေါ်သတဲ့။ အရောင်က ကရင်မ်အရောင်၊ တော်တော်လှတာပါ။ ဒါပေသိ အဲ့ဒါကြီး ဘယ်နားသွားဝတ်ရမှန်းမသိလို့ သေတ္တာထဲသိမ်းထားရတာများပါတယ်။ ကလေးဆိုတော့ သွားစရာလာစရာကလည်းမရှိ၊ ရာသီဥတုကလည်း ပူကပူသနဲ့။ သုံးတန်းနှစ်မှာ အတန်းပိုင်ဆရာမက မင်္ဂလာဆောင်ဖိတ်လို့ စတရင်းဟော်တယ်ကို သွားရမယ်ဆိုတဲ့အခါ ဝမ်းသာအားရ အဲ့ဒါကြီးထုတ်ဝတ်ပြီး မင်္ဂလာဆောင်သွားဖို့ ပြင်ပါတယ်။ ဒါပေမယ့်လည်း အရေးထဲကျမှ ဒရိုင်ဘာက ကားကာဘရိုက်တာ မကောင်းဘူးဆို ပေါ်မလာတော့ ကိုယ့်မှာ မျက်ရည်တွေတောင်ဝဲလာတယ်။ ဒီလောက်အဖိုးတန်တဲ့ဟာကြီး ဝတ်ထားတာ ဘယ်သူမှလည်း မမြင်လိုက်ရဘူးပေါ့။ နောက်တော့ အပေါ်ထပ်က ဓါတ်ပုံဆိုင်မှာ ဂီတာတစ်လက်နဲ့ ဓါတ်ပုံရိုက်ပစ်လိုက်တယ်။ ကိုယ့်ဟာကိုယ်တော့ စပ်ဖြဲဖြဲနဲ့မို့ မကြိုက်ပါဘူး။ အဖေနဲ့အဖွားကတော့ အဲ့ဒီဓါတ်ပုံလေး လူတကာပြရတာအမော။ ကြည့်တဲ့လူတွေက ဘိုကလေးအတိုင်းပဲနော် ဆို သဘောတွေကျလို့။ (ဘိုကလေး ဟိုဘက် လပွတ္တာတောင် ရောက်သေး) ကိုယ်ကတော့ ဟင့်အင်း ကုလားနဲ့တူတာပါ လို့ ပြောလေ့ရှိတယ်။ နောက်တစ်ခါတော့ ပူပူမပူပူ ဝတ်မှာပဲ ဆို အတင်းထုတ်ဝတ်သွားတာက အဖွားနဲ့အတူတူ လိုက်ဖြစ်တဲ့ ထီးတင်ပွဲကိုပါ။ ချွေးတလုံးလုံးနဲ့ လူတောထဲဝင်တိုးတာ ဆေးလိပ်မီးနဲ့ထိုးမိပြီး လက်မှာအပေါက်တွေ ဖြစ်ကုန်ရော။ ဈေးကြီးပေးရပြီး တစ်ခါနှစ်ခါပဲ ဝတ်လို့ရတဲ့ အဲ့သလို အဝတ်အစားမျိုးတွေကို အဲ့ဒီအရွယ်ကတည်းက မကြိုက်တော့ပါဘူး။ ကိုယ်က အဝတ်ဆိုရင် မစုတ်မချင်းဝတ်ရမှ၊ ကိုယ်နဲ့မတော်တော့ရင် ကိုယ့်ညီတွေ ဆက်ဝတ်လို့ရမှ တန်တယ်ထင်တာ။ ဘာရယ်မဟုတ်ပါဘူး။ အင်းဝအပ်ချုပ်ဆိုင် လို့ ပြောလိုက်ရင် ကိုယ့်ဆီမှာ ကလေးဘဝအရွယ် နှစ်ပေါင်းလေးဆယ်ကျော်က မှတ်ဥာဏ်တွေထဲမှာ Recall ပြန်လုပ်လို့ရတယ်။ အခုမှ ကြားဖူးတာတော့ မဟုတ်ဘူး။
အခုချိန်မှာတော့ အင်းဝအပ်ချုပ်ဆိုင်ဆိုတာ ဟိုးအရင် ကိုယ်သိတုန်းကထက် အဆပေါင်းများစွာ နံမည်ကြီးပြီး လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေပါပြီ။ ဘယ်တုန်းကမှ ကိုယ်မသိခဲ့တဲ့ မိသားစု ဘယ်နှစ်ယောက်ရှိပြီး နံမည်က ဘယ်လိုခေါ်တယ် ဆိုတာရော သားသမီး မြေးမြစ်များပါ ဓါတ်ပုံနှင့်တကွ ဖေ့စ်ဘုတ်ပေါ်မှာ ပွထနေတယ်။ တွေ့ရင်ပြောပါ။ မိရင်ဖမ်းပါ။ လေဆိပ်တွေမှာ စောင့်ကြည့်ပါ။ ဆိုတာတွေက ရှိသေး။ သူတို့နဲ့ ဓါတ်ပုံတွဲရိုက်ထားမိတဲ့ ဆယ်လီတွေလည်း မျက်ခုံးတလှုပ်လှုပ်၊ ပင်နီတွေနဲ့ ရိုက်ထားတယ် မတွေ့ဘူးလား။ နင်တို့မေမေအားကိုးနဲ့မို့ ဂလောက်ချိုကြွတာ မြင်ပလားဆိုတာတွေကတစ်မျိုး။ အဲ့ဒီကောင်တွေက ဘူးသီးတောင် မောင်းတောက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေပါ ဆိုတာလည်းပါသေး။ အကြိမ်ကြိမ်ပွဲတွေ့မြစ်ချင်းပြီး ဆေးနည်းဟောင်းကြီးသုံးပြီး အိမ်တွေဖျက်ဆိုင်တွေဖျက်၊ ရပ်ကွက်ပါ မီးနဲ့ရှို့မှာကို ပူနေရသေးတယ်။ သွေးအေးလို့မနေသင့်ပြီဆို သွေးမဆူဆူအောင် လိုက်ဆွနေတာတွေ များနေတယ်ဗျ။ အမှန်တရားကို လိုလားလို့ အမှန်အတိုင်းဖြစ်အောင် ကြိုးစားနေတဲ့သူတွေကိုယ်တိုင်က အမှန်တရားကို လှစ်လျူရှုလို့ မရဘူး ဆိုတာကလေးကို သတိပေးချင်တဲ့အတွက် အဖြစ်အပျက်ကို ဘေးကနေထွက်ပြီး သုံးသပ်ပါမယ်။ ပြီးမှ ကိုယ့်သဘောနဲ့ကိုယ် ဝေဖန်ယူကြပါ။
အဲ့သည်အပ်ချုပ်ဆိုင်မိသားစုဟာ သူတို့အိမ်က အိမ်ဖော်ကလေးမလေးနှစ်ယောက်ကို နိုင်ထက်စီးနင်းပြုကျင့်ပါတယ်။ လူမဆန်စွာ နှိပ်စက်ညှင်းပန်းပါတယ်။ မကြည့်ဝံ့ မမြင်ရက်တဲ့သူက သတင်းထောက်တစ်ယောက်ကို သတင်းပေးလို့ သတင်းထောက်က ဟုတ်မဟုတ်ကိုယ်တိုင်စုံစမ်း၊ ရဲကိုသွားတိုင်၊ ရဲက တိုင်တဲ့သူရှိမှ အရေးယူမယ်ဆိုလို့ သူကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့ရသတဲ့။ အမှုသွားအမှုလာကို တရားဥပဒေနဲ့ အမှားအမှန် ဆုံးဖြတ်ရမယ့်အစား လျော်ကြေးငွေနဲ့ ကျေအေးခိုင်းတာကတော့ ပထမဦးဆုံး စမှားတဲ့အမှားပဲ။ မူလပြဿနာမှာ အိမ်ဖော်နဲ့အိမ်ရှင် နှစ်ဘက်ပဲ ရှိတယ်။ ပြဿနာကိုဖြေရှင်းလိုက်တော့ သေးတဲ့အမှုငယ်ရမယ့်အစား ငယ်တဲ့အမှုက မိုးမီးလောင်တဲ့အထိ ကြီးသွားတယ်။ ဝေ့လည်ကြောင်ပတ်တွေပြောနေရင် နားမလည်မှာစိုးလို့ လူပြိန်းနားလည်အောင် ဒဲ့ပဲ လိုရင်းပြောလိုက်ပါ့မယ်။ အိမ်ဖော်တွေ အသုံးမကျဘူးဆိုပြီး အသုံးမကျတဲ့အိမ်ရှင်က နှိပ်စက်တယ်။ အမြင်မတော်တဲ့သူက တရားဥပဒေအရ အကာအကွယ်ပေးဖို့ ရဲကို အကြောင်းကြားတဲ့အခါ အသုံးမကျတဲ့ရဲက ခေါင်းရှောင်တယ်။ အဲ့ဒါနဲ့ လူ့အခွင့်အရေးချိုးဖောက်ပါတယ်ဆို လူ့အခွင့်အရေးကော်မရှင်ကို တိုင်တဲ့အခါ ကော်မရှင်က ကော်မရှင်ယူပြီး ကျေအေးခိုင်းလိုက်တယ် လို့ အထင်ခံရတယ်။ ဆိုရှယ်မီဒီယာပေါ် တက်သွားတဲ့ကိစ္စတစ်ခုကို ပွင့်လင်းမြင်သာစွာ မဖြေရှင်းနိုင်လို့ လူကုန်ကူးမှုပပျောက်ရေးကနေ အမှုပြန်ဖွင့်ရတယ်။ ရဲတွေက ထပ်လက်ခံတယ်။ အပ်ချုပ်ဆိုင်ကလူတွေက ထွက်ပြေးတယ်။ ကောင်းဘွိုင်ကားထဲက အလိုရှိသည် ဆုငွေကြော်ငြာသလို အဲသည်မိသားစုရဲ့ ဓါတ်ပုံတွေ ဝေဝေဆာဆာ ထွက်လာပြီး ငယ်ကျိုးငယ်နာတွေနဲ့ ဖမ်းကြပါ ဆီးကြပါ၊ သတင်းပေးကြပါ။ (တော်ပါသေးရဲ့။ တွေ့တဲ့နေရာ ပစ်သတ်ကြပါ မခိုင်းလို့။) နောက်ဆုံးတော့ လူ့အခွင့်အရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး သတင်းထောက်တွေကို ခေါ်တွေ့ရော။ ပြောပုံက “ဒါလေးက အိမ်ရှင်အိမ်ဖော်ပြဿနာပါ။ အန်တီ့အိမ်မှာလည်း အိမ်ဖော်တွေကို ရိုက်တဲ့အခါ ရိုက်ပါတယ်။” လို့ ရိုက်မစစ်ရပဲ ထုတ်ပြောတဲ့သူကပြော၊ “ဦးလေးကို ပိုက်ဆံပေးပြီး အဲ့လိုမျိုးရိုက်ရင် ဘယ်လိုနေမလဲ။” ဆိုတော့ “ရိုက်ကြည့်ပါလား။” လို့ ပြောတဲ့သူကပြော။ ကိုရီးယားကားထဲကအတိုင်းပြောရရင် ပါးစပ်ဆယ်ပေါက်ရှိတောင် ပြောစရာစကားမကျန်အောင် တုံးလှ အ လှတာမို့ ခြောက်ကျိုးကြီးကိုနည်းနေတာပဲ။
မူရင်းဇစ်မြစ်ကို ပြန်ကောက်ရရင် အပ်ချုပ်ဆိုင်မိသားစုဟာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရပါတယ်။ ဒါပေသိ တရားစီရင်တဲ့အခါ ယူဆချက်နဲ့ အပြစ်ပေးလို့မရပါဘူး။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားအောင် သက်သေပြရပါမယ်။ တရားလိုဘက်ကိုရော တရားခံဘက်ကိုရော သူတို့ကတင်ပြတဲ့ သက်သေတွေနဲ့ နှစ်ဘက်လျှောက်လဲချက်ကို နားထောင်ရပါမယ်။ အမှုကို တရားသူကြီးက စီရင်ချက်မချမချင်း အပြစ်ရှိသူအဖြစ် ယူဆလို့ မရပါဘူး။ အမှုသွားအမှုလာအရ သံသယဖြစ်ဖွယ်ရှိလာရင်တောင် သံသယ၏အကျိုးကို တရားခံသာလျှင် ခံစားခွင့်ရှိရပါမယ်။ အခု ဖေ့စ်ဘုတ်ပေါ်ကလူတွေဟာ သူများရေးထားသမျှ လက်လှမ်းမီသလောက်ဖတ်ပြီး သူတို့ကိုယ်တိုင် စီရင်ချက်ချချင်နေပါတယ်။ အမှုနဲ့ဆိုင်သလားမဆိုင်သလား သေချာမသိတဲ့ မိသားစုဝင်တွေကိုပါ တပေါင်းတည်း ပြစ်ဒဏ်စီရင်စေချင်နေပါတယ်။ သူတို့က ဘာနဲ့တူသလဲဆိုရင် အလယ်ခေတ်တုန်းက ခရစ်ယာန်ကျောင်းတော်ကြီးတွေမှာ စုန်းယိုးပြီး မီးရှို့သတ်ခိုင်းတဲ့ လူထုကြီးနဲ့တူပါတယ်။ ဒီလိုလူတွေဟာ ဆိုခရေးတီးစ်ကိုလည်း အဆိပ်ခွက်ကမ်းခဲ့တယ်။ ဂျုံးဒတ်ကိုလည်း မီးပုံဖိုခဲ့တယ်။ သူများနိုင်ငံတွေမှာ လွန်ခဲ့သော နှစ်တစ်ထောင်လောက်က အမှားမျိုးကို သည်ကနေ့ မြန်မာနိုင်ငံကလူတွေက အဲသည်အတိုင်း လုပ်ချင်နေသေးတယ်။ ဘယ်လောက်ခေတ်မီထားတုန်း။
တရားဥပဒေအရ ပြစ်ဒဏ်စီရင်တယ်ဆိုတာ တရုတ်သိုင်းကားထဲကလို သွေးကြွေး ကလဲ့စားချေတာ မဟုတ်ပါဘူး။ ဟာမူယာဘီခေတ်တုန်းကလို မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အလျော်ပြန်ပေးရတာလည်း မဟုတ်ပါဘူး။ ပြစ်မှုပြစ်ဒဏ်ရဲ့ ရည်ရွယ်ချက်ဟာ အပြစ်သားကို နောက်နောင် ဤသို့မပြုကျင့်စေစိမ့်သောငှာ နောင်ကျဉ်အောင် ဆုံးမဖို့ရယ် အခြားတပါးသောသူတို့လည်း ဤသို့ပြုလျှင် ဤသို့ပြစ်ဒဏ်ခံရလိမ့်မည် လို့ သင်ခန်းစာပေး ကြိုတင်တားမြစ်နိုင်စေဖို့်ရယ်ပဲ ရည်ရွယ်တာပါ။ အဲသည်အတွက် တရားခံကိုယ်တိုင်က သူကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ကျေကျေနပ်နပ် လက်ခံနိုင်အောင် စီရင်ရပါမယ်။ အဲသည်အတွက် သူ့ဘက်က ချေပလျှောက်လဲချက်ကို နားထောင်ရပါမယ်။ သူ့မှာလည်း လူသားတစ်ယောက်နဲ့အညီ အဲသည်အခွင့်အရေး ရှိပါတယ်။ သူက လူမဆန်လို့ ငါတို့ကလည်း လူမဆန်လို့ရတယ်လို့ တရားဥပဒေက မဆိုလိုထားပါဘူး။ ဥပဒေဆိုတာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် လူဆန်ရပါမယ်။ အရင်တုန်းက လူမဆန်တဲ့သူတွေ တရားဥပဒေအထက်က အုပ်ချုပ်ခဲ့လို့ လုပ်ချင်တိုင်းလုပ်ခဲ့တာတွေ ကြေးနှိုင်း အတုမခိုးပါနဲ့။ အခု လူဆန်တဲ့အစိုးရ အုပ်ချုပ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ်ခံယူရင် လူဆန်ဆန်အုပ်ချုပ်ပြရပါမယ်။
ဒီအမှုဟာ တရားလို တရားခံ နှစ်ဦးတည်း၊ အိမ်ရှင် နဲ့ အိမ်ဖော် နှစ်ဘက်တည်း ပြီးပြတ်သွားလို့ရှိရင် အဲသလောက် ကြီးကျယ်စရာ အကြောင်း မရှိပါဘူး။ အခုဟာက တရားဥပဒေမဲ့ပြုကျင့်မှုတစ်ခုမှာ တာဝန်ရှိသူတွေ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့တာကြောင့် အမှိုက်ကစ ပြဿဒ်မီးလောင်ရပါတယ်။ ပထမဦးဆုံးတာဝန်ရှိတာကတော့ ဆွဲထည့်တယ် မအောင့်မေ့ပါနဲ့။ အဲသည်ကလေးမလေးတွေနေတဲ့ ရပ်ကွက်က ဆယ်အိမ်မှူး ရာအိမ်မှူးတွေမှာ တာဝန်ရှိပါတယ်။ တစ်နိုင်ငံလုံး ဟိုးလေးတကျော်သိတဲ့ကိစ္စတစ်ခုကို လွန်ခဲ့တဲ့လေးငါးနှစ်ကတည်းက တစ်ရပ်ကွက်တည်း အတူနေခဲ့တဲ့သူကမှ မသိဘူးဆိုရင် သူက အဲသည်အရပ်ထဲမှာ ဘာအလုပ်မှ မလုပ်ဘူးဆိုတဲ့သဘောပဲ။ အိမ်ဖော်ဆိုတာ ဘယ်သူကမှ အိမ်ထောင်စုဇယားထဲ မသွင်းပါဘူး။ ဒီကလေးမလေးတွေဟာ မလွဲမသွေ ဧည့်စာရင်းလာတိုင်ဖူးပါလိမ့်မယ်။ ရန်ကုန်မှာ အိမ်တွင်းပုန်းလို့မှ မရတာ။ အိမ်ပေါ်အိမ်အောက် ပစ္စည်းတွေ တင်တာချတာ၊ အမှိုက်ပစ်တာ၊ မမြင်စရာတော့ အကြောင်းမရှိပါဘူး။ အနည်းဆုံးတော့ ရဲကိုတိုင်တဲ့အထိရောက်လာရင် သူ့ရပ်ကွက်ထဲမှာနေတာမို့ သူနဲ့သက်ဆိုင်လာပြီ လို့ ဆိုရမှာဖြစ်ပါတယ်။ တကယ်ဟုတ်သလား မဟုတ်သလား၊ သူအကဲခပ်ရတော့မယ်။ ဟုတ်ခဲ့သော် သူအကာအကွယ်ပေးရမယ်လေ။ ကိုယ့်အပိုင်နယ်ထဲမှာ မတရားအနိုင်ကျင့်မှု တစ်ခုခုဖြစ်လာရင် မဆိုင်သလိုနေလို့မရတော့ပဲ စောင့်ရှောက်ကာကွယ်ပေးရမယ့်တာဝန် သူ့မှာရော ရဲစခန်းမှာပါ တာဝန်ရှိပါတယ်။ တိုင်ချက်ဖွင့်မှ အရေးလုပ်မယ်ဆိုတာ တာဝန်မယူတဲ့သဘောပါပဲ။
အပ်ချုပ်ဆိုင်မိသားစုဟာ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်ကတည်းက ရန်ကုန်မြို့ပေါ် ခါးစောင်းတင်ပြီး နေလာတာမို့ ရန်ကုန်အထာ မြန်မာအထာတော့ ကောင်းကောင်းကြီး နပ်နေမှာပါ။ လစ်သလား။ လစ်ရင် အကုန်လုပ်လို့ရတယ်။ မလစ်ဘူးလား။ မိသွားပြီပေါ့။ မိရင် ညှိလိုက်။ ပြေလည်ရင် လေယာဉ်ပျံတောင် အလကားစီးလို့ရတယ်။ အခု သူတို့ မိသွားတော့ ညှိတယ်လေ။ ပိုက်ဆံမရှိလို့ ကိုယ့်သားသမီးအိမ်မှာခိုင်းဖို့ လာထားရတဲ့လူတွေကို ပိုက်ဆံနဲ့ညှိရတာ ဘာခက်တာလိုက်လို့။ ဒီကလေးမလေးတွေရဲ့အခြေအနေဟာ ဘယ်လိုနည်းနဲ့မှ အဲ့ဒီမိသားစုကို အံတုနိုင်စရာ မရှိဘူး။ ကော်မရှင်ကလည်း ဘယ်လိုသဘောထားရှိတယ်ဆိုတာ သိတဲ့အတိုင်းပဲလေ။ သူတို့အားလုံး ထည့်မတွက်ကြတာက အစိုးရပြောင်းသွားပြီ။ အခြေအနေတွေက အရင်နဲ့မတူတော့ဘူးဆိုတာပဲ။ ဆိုရှယ်မီဒီယာ၊ ဂျာနယ်လစ်တွေရဲ့ ဖွအားကို လျှော့တွက်ကြတယ်။
သူတို့ကိုယ်သူတို့ သိပ်သိသိပ်တတ်တယ်ပေါ့လေ။ သတင်းစာရှင်းလင်းပွဲ လုပ်မတဲ့။ ချဲလင်းခေါ်တာပေါ့။ အဟုတ်ကြီးမှတ်လို့ လိုက်ဖတ်ပါတယ်။ အရင်ဆုံး အကြံကောင်းပေးချင်တာက ဖေ့စ်ဘုတ်အကောင့်လေးဘာလေး ဖွင့်လိုက်ကြပါဦး။ မနေ့ညနေက ဖေ့စ်ဘုတ်ပေါ်တက်ဖတ်မိရင်တောင် သူတို့ခမျာ အဲ့လောက် ရုပ်ပျက်စရာမရှိဘူး။ ဘာတွေမေးရင် ဘာတွေဖြေမယ်ဆိုတာ စဉ်းစားမထားဘူး။ ဒီနေ့မေးတဲ့မေးခွန်းတွေဟာ မနေ့ကတည်းက သတင်းထောက်တွေ ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံနေအောင် မေးထားပြီးပြီ။ ဒါလည်းပဲ ထီကနဲနေအောင် ကွဲခဲ့တာပဲ။ အမှန်တော့ အဲ့လိုကိစ္စမျိုးတွေမှာ သတင်းထုတ်ပြန်ချင်ရင် ကိုယ်တိုင်ထွက်မပြောရဘူး။ PR တို့ Spoke person တို့ ထားရတယ်။ ကာယကံရှင် ကိုယ်တိုင်ပြောတော့ Emotion တွေ ပါလာရင် ထိမ်းလည်းမထိမ်းနိုင်ကြပဲနဲ့။ ကိုယ့်သေတွင်းကိုယ်တူးသွားတာကတော့ ဒေါ်စုကြည်ဆိုတဲ့ အခေါ်အဝေါ်ပဲ။ သူ့အစိုးရလက်ထက်မှာ သူ့ကို ဒီလိုခေါ်လို့ သူက အလုပ်ထုတ်မယ် လို့ ပြောတာ မဟုတ်ဘူး။ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည် ခေါ်နေချိန်မှာ သူတစ်ယောက်တည်း ဒေါ်စုကြည်ခေါ်နေတာကိုက နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အပေါ်မှာထားတဲ့ သူ့သဘောထားက ပေါ်လွင်တယ်။ အဲ့သလောက် ခါးခါးသည်းသည်း မေတ္တာထားနေရင်လည်း ဘာဖြစ်လို့ အရှက်မရှိ အဲ့ဒီအမျိုးသမီးလက်အောက်က ထိုင်ခုံပေါ်ထိုင်နေရသလဲ။ ယောက်ကျားပဲဟာ။ ထွက်သွားလိုက်ရင် ထမင်းငတ်မှာမို့လား။ ကိုယ့်မာနတွေကို ပိုက်ဆံနဲ့လဲစားနေတာပေါ့လေ။ ကိုယ်သာ မာမီ့နေရာမှာဆိုရင်တော့ မထုတ်ဘူး။ အဲ့လိုလူမျိုးကို။ မနက်တခေါက် ညနေတခေါက် ပြုံးပြုံးလေးရှေ့ကဖြတ်လျှောက်ပြမှာ။ လူမြင်တိုင်း မတ်တတ်ထရပ်ဖို့သာ ပြင်ထား။ (မထပဲ ဆက်ထိုင်နေရင် ဘာတွေဖြစ်တတ်သလဲ ကုက္ကိုကြီးတွေဆီ ကွကို ပြန်မေးကြည့်လိုက်) ဘာမှလုပ်စရာမလိုပဲ သူ့မနာလိုစိတ်နဲ့သူ ကရွတ်ခွေလို တရိရိဆွေးသွားမှာ။ ညောင်ဦးက ကမ်းပါးပြိုလို့ ရေစကြိုကနွားမတွေ ပေါင်ကျိုးတယ်ဆိုတာ ဟုတ်မှာပါပဲ။ အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်ကောင်မလေးနှစ်ယောက်ကို နှိပ်စက်လိုက်တာ စစ်သားလူထွက်ကြီး အသည်းနှလုံးကဒဏ်ရာတွေနဲ့ ကုလားထိုင်လှုပ်စိလှုပ်စိဖြစ်သွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပဲ။
သတင်းစာရှင်းလင်းပွဲဆိုတာ အရင်အစိုးရတွေ လက်ထက်တုန်းကလို ကြိုပေးထားတဲ့မေးခွန်းတွေနဲ့ ဇာတ်ညွှန်းအတိုင်းရိုက်ရတဲ့ ရုပ်မြင်သံကြားဇာတ်လမ်း မဟုတ်တော့ဘူး။ “အိုက်ကောင် သေချာမှတ်ထားစမ်း။” လို့ အောက်ကလူတွေကို မှတ်ထားခိုင်းပြီး ညဘက်ကျမှ အိမ်မှာလိုက်ဆွဲတဲ့ခေတ်ကလည်း ကုန်သွားပြီ။ မမေးခင်မဖြေခင်မှာ ကိုယ့်ဘာသာကိုယ် ကျေညက်အောင်လုပ်ရမယ့်အပိုင်းတွေရှိတဲ့အကြောင်း ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတွေ သင်ခန်းစာယူသင့်ပါတယ်လေ။ ကိုယ့်အလှည့်ဆိုတာလည်း အချိန်မရွေး ရောက်လာနိုင်တယ် မဟုတ်လား။ ကိုယ့်ဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုရင် ထိပ်တိုက်ရင်မဆိုင်ပဲ ဟိုးတခါ ဘပြောင်ကြီး ပိစ်စင်တာမှာလုပ်သလို နောက်ဖေးပေါက်က လစ်ပြေးသွားလို့လည်း ရတာပဲ။ ဒီလိုအခေါ်အပြောမျိုးနဲ့ နိုင်ငံတကာစင်မြင့်ပေါ်မှာ တကမ္ဘာလုံးက စောင့်ကြည့်နေအောင် Live မိန့်ခွန်းပြောနိုင်သူရဲ့ နှုတ်မှုစွမ်းရည်ကို ထိုင်မနာလိုဖြစ်နေလို့ကတော့ အိုသေရုံပဲရှိမယ်။ လေ့ကျင့်လိုက်ပါဦး။ သင်ကြားလိုက်ပါဦး။ ဆုတောင်းလိုက်ပါဦး။ အမှုထမ်းသက်တလျှောက်လုံး အတွေ့အကြုံအရ လုပ်ရည်ကိုင်ရည်တွေနဲ့ အမျှော်အမြင်တွေကို စုဆောင်းလာတာမဟုတ်ပဲ စားပေါက်အောက်ဆိုက် ခွင် နဲ့ သခင်ကိုပဲ ရှာလာတာဆိုတော့ ပိုက်ဆံကလွဲရင် ဘာမှ မကျန်တော့ဘူး မဟုတ်လား။
လိုရင်းအချက်ကိုပြောရရင် သူတို့ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်တာ ဘွားကနဲပေါ်သွားတာတွေ မနည်းဘူး။ လက်ရှိအစိုးရအဖွဲ့ကြီးရဲ့ ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံတွေကို လျှပ်တပြက် တွေ့လိုက်ရတယ်။ ဘယ်သူတွေက အလုပ်လုပ်တယ်။ ဘယ်သူတွေက မလုပ်မရှုပ် မပြုတ်နေတယ်။ ဘယ်သူတွေက လက်ထောက်ချတယ်။ ဘယ်သူတွေကဖြင့် ဖျက်မြင်းတွေဖြစ်တယ်။ ဘယ်သူတွေနဲ့ဆို ရှေ့ဆက်လက်တွဲအလုပ်လုပ်လို့ မဖြစ်နိုင်ဘူး လို့ တို့ကတော့ တွေ့လိုက်မိတာပဲ။ သူတို့ကျမှ မတွေ့လိုက်မိဘူးဆိုရင် ခံလက်စနဲ့ဆက်ခံလိုက်ဦး။ ခံထိုက်တယ်။ ဒီဦးနှောက်နဲ့။ အိမ်စာပေးလိုက်ရမယ်ဆိုရင်ဖြင့် ဝန်မင်းဖျားတို့ ဖေ့စ်ဘုတ်မှန်မှန်တက်ကြည့်ကြ။ နို့မို့ ဘာတွေဖြစ်လို့ ဘာတွေလုပ်ရမှန်းမသိ ဖြစ်ကုန်လိမ့်မယ်။ နိုင်ဂန်ဂျားသွားဖို့ ကုတ်အိန်းကျီချုပ်မယ်ဆိုရင်တော့ အင်းဝအပ်ချုပ်ဆိုင်က ကောင်းတယ်။ သက်လား။ ခုနေသွားရင် အလကားတောင် ချုပ်ပေးဦးမှာ။ ဓါတ်ပုံသာ အရိုက်မခံရစေနဲ့။ ဖေ့စ်ဘုတ်ပေါ် တန်းရောက်သွားမှာ။ အရေးကြီးတာ အိမ်ကဝန်ကတော်ကြီးကို မှာထားဦး။ ခုရက်ပိုင်း ကြင်ကြင်ကလေးတွေကို လက်ဖျားနဲ့တောင် မထိမိစေနဲ့လို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်ထားပါလေ။ (ဒါမှပဲ ဝန်မင်းအမိန့် ဝန်ကတော်အပေါ် သက်ရောက်မှု ရှိမရှိ သိရမယ်ပ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...