Friday, October 21, 2016

ဦးကိတ္တိနှင့် ကျွန်တော်

Tin Nyunt

တောထဲတောင်ထဲ ငှက်ဖျားဆိုတဲ့ရွာရောဂါကြားထဲ နှစ်ပေါင်းများစွာ နေပေမယ့် ကျွန်တော် ကျန်းမာတယ်။ ဘာကြောင့် ကျန်းမာသလဲဆိုတော့ (၁) အရက်မသောက်ဘူး (၂) ဘယ်မှာအိပ်အိပ် ခြင်ထောင်နဲ့ပဲ အိပ်တယ် (၃) မနက်တိုင်း လမ်းလျှောက် ကျန်းမာရေးလုပ်တယ်။ ဒီအကျိုးတရားကြောင့် ထင်ပါတယ် အတူတူလာတဲ့ ဆရာတွေ ဆရာမတွေ ငှက်ဖျားစွဲကုန်ချိန်မှာ ကျွန်တော်ကတော့ ပန်းပန်လျက်ပဲ။
ဒါပေမဲ့ လူပဲ တစ်နေ့တော့ ဖျားပါတော့တယ်။ မနက်ခင်း ကျောင်းခြံစည်းရိုးဘေးက ရေမြောင်းတွေကို ဖော်နေတာ မိုးရွာထဲမှာ ကြာသွားတယ်။ ဒီတော့ တစ်နေ့လုံး မျက်စိတွေစပ်၊ နှာရည်တွေယို၊ ချောင်းတွေဆိုး တော့တာပဲ။
ဆရာတွေက အဆောင်မှာ သွားပြန်နားဖို့ ပြောပေမယ့် ၉ တန်းတစ်ချိန်ကို အောင့်အည်းပြီး သင်လိုက်သေး တယ်။ နောက်ဆုံးအချိန်တော့ မဟန်နိုင်တော့လို့ “ငါတော့ အဆောင်ပြန်ပြီး နားမှဖြစ်တော့မယ်ဟေ့” လို့ ရုံးခန်း ထဲမှာ ကြေညာလိုက်တယ်။ ဆရာမလေးတွေက “ခုမှပဲ ဒီစကား ကြားဖူးတော့တယ်။ နားသင့်တာ ကြာနေပြီ” လို့ ဝိုင်းပြောကြတယ်။

ကျန်းမာရေးမှူးလေး စောလှမြင့်ရောက်လာတယ်။ ဘယ်က သတင်းကြားလာသလဲတော့ မသိဘူး။ သူက ဆေးထိုးမယ်ဆိုတော့ ကျွန်တော်က ဆေးအထိုး မခံရဲဘူး။ ဒါကြောင့် သောက်ဆေးပဲတောင်းလိုက်တယ်။ သူ့ဆေးသောက်ပြီး အိပ်ပျော်သွားတယ်။
ညဥ့်နက်မှပြန်နိုးတော့ တောင်ထန်းတွေပေါ်ကို မိုးတဖေါက်ဖေါက်ကျနေတယ်။ ချမ်းတာနဲ့ အနွေးထည်တစ်ထပ် ထပ်ဝတ်ပြီးတော့ စောင်ကိုလုံအောင်ခြုံပြီးကွေးနေရတယ်။ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားတယ်။
“ကျောင်းဆရာ … ကျောင်းဆရာ”
အပြင်က ခေါ်သံကြားလို့ ခြင်ထောင်ထဲကနေ ထွက်ပြီးတော့ တံခါးဖွင့်လိုက်တယ်။ အပြင်မှာ “ဦးကိတ်” ပါလား။ ထူးထူးခြားခြားပဲ။
ဦးကိတ်ဆိုတာ တစ်ရွာလုံးကပေးထားတဲ့အမည်။ သူ့ကို ဦးကိတ္တိလို့သိထားပေမယ့် တစ်ရွာလုံးက ဦးကိတ်ပဲ ခေါ်ကြတယ်။ ဦးဇင်းကြီးက စိတ်မမှန်ဘူး။ သင်္ကန်းဝတ်ထားပေမယ့် အမြဲ ဖိုးရိုးဖားရား။ သင်္ကန်းကလည်း ညစ်ပတ် နံစော်။ ဆံပင်က လက်တစ်သစ်။ မနက်တိုင်း ရွာထဲကို ဆွမ်းခံကြွတယ်။
ဦးကိတ်နေတာက ရွာနဲ့ အတော်လေးလှမ်းတဲ့ ရွာဦးစေတီပေါ်မှာ။ ကုန်းထက်ကစေတီမှာ လေတိုက်တိုက် မိုးရွာရွာ တန်ဆောင်းလေးထဲ တစ်ပါးတည်းနေတတ်တယ်။ ဆွမ်းခံပြီး ပြန်သွား၊ နောက်ထပ် ရွာထဲ ပြန်မလာ တော့ဘူး။ ပါးစပ်က ပြောချင်တာတွေ ပြောတယ်။ နားလည်ရခက်တယ်။ ယခင်က စာတတ်ကိုယ်တော်ကြီးလို့ သိရတယ်။ ရွာကျောင်းမှာ ကျောင်းထိုင်ခဲ့ပေမယ့် နောက်တော့ သူ့ဘာသာသူ တစ်ပါးတည်း စေတီပေါ်မှာ ဖြစ်သလို သွားနေတယ်။
ထူးဆန်းတာက ကျွန်တော် ဦးကိတ်နဲ့ တစ်ကြိမ်မှ စကားမပြောဖူးဘူး။ ကျွန်တော့်ကို ကျောင်းဆရာမှန်း သိနိုင် စရာအကြောင်းမရှိဘဲ ကျောင်းဆရာလို့ လာခေါ်နေတာပဲ။ ကျွန်တော်က
“အရှင်ဘုရား အပေါ်ကို ကြွပါလားဘုရား”
“မတက်တော့ဘူး … ငါ့ကို ပဲပြုတ်ကပ်စမ်း” တဲ့။
အဲဒါမှအခက်။ ဒီမနက်စောစောမနိုးလို့ ထမင်းလည်း မချက်ရသေး၊ ပဲပြုတ်လည်း သွားမဝယ်ရသေး။
“တပည့်တော် ခုမှ နိုးလို့ပါဘုရား … ခေတ္တစောင့်ပါလား ပြေးဝယ်လိုက်ပါ့မယ်”
“ကျောင်းဆရာ ဟိုကဘာလဲ”
ဦးကိတ်လက်ညှိုးထိုးပြလိုက်မှ လှေကားအတက်အဆင်းမှာ ပဲပြုတ်ထုပ်လေးတစ်ထုပ် သံတိုင်မှာ ချိတ်ထား တာ တွေ့လိုက်ရတယ်။ ဘယ်ကျောင်းသား လာချိတ်သွားတယ် မသိပါဘူး။ အဲဒီနေရာမှာ မျှစ်တွဲလေး ချိတ်ထား၊ မှိုတွဲလေးချိတ်ထား။ တစ်ခါတလေ ငါးတွဲလေးတွေလည်း ချိတ်ထားတတ်ပါတယ်။ ကျွန်တော်က တိုက်ရိုက်လာပေးရင် သူတို့ကို အော်တတ်လွန်းလို့ ကလေးတွေနဲ့ ရွာထဲက ဒီလိုပဲ မသိအောင် လာထား တတ်ပါတယ်။
ကျွန်တော်က ဦးဇင်းကြီးကို ပဲပြုတ်ထုပ်လေးသွားယူပြီး သပိတ်ထဲကို လောင်းလိုက်ပါတယ်။
“ကျောင်းဆရာ ဘာဖြစ်နေလဲ”
“တပည့်တော် တစ်ကိုယ်လုံးကိုက်ခဲပြီး နေမကောင်းဘူးဘုရား”
“အေး … အေး … အို နာ သေ ဘေး ရှောင်လို့မရ ဒုက္ခ … ဒုက္ခ။ ဒီည ၁၂ နာရီ ဘုရားကိုလာခဲ့”
ဦးဇင်းကြီးက အဲဒီလိုပြောပြီး ကျောင်းဝင်းထဲကပြန်ထွက်သွားတယ်။ ကျွန်တော် တစ်ကိုယ်လုံး ချစ်ချစ် တောက်ပူနေတာ သတိထားလိုက်မိတယ်။ တပည့်ကျော် ဝင်းနိုင်ရောက်လာပြီး ရေနွေးတည်၊ ဆံပြုတ်တည် လာလုပ်ပေးတယ်။ သူက ကျန်းမာရေးမှူး စောလှမြင့်ကို သွားခေါ်တယ်။ စောလှမြင့်က ဘေးနားက ရွာတွေကို လှည့်နေလို့ မတွေ့ခဲ့ဘူးတဲ့။
ဒီနေ့ ကျောင်းပိတ်လို့တော်သေးတယ်။ တစ်ကိုယ်လုံး နာနေတာကြောင့် ထိုင်ပြီးတော့တောင် မနေနိုင်ဘူး။ အိပ်ရာထဲလှဲနေတုန်း တပည့်ကျော် ဝင်းနိုင်က
“ဆရာ … စောစောက ဦးကိတ်ကြီးက ဆရာ့ကို ခေါ်နေတာ ကြားလိုက်ရတယ်။ မသွားနဲ့နော်ဆရာ”
“ငါက သွားပါ့မလားကွာ။ ပြီးတော့ သူခေါ်တာ ည ၁၂ နာရီ”
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ဆရာ။ ထူးခြားတာက ဦးကိတ်က တစ်ရွာလုံး ဘယ်သူ့မှ စကားပြောတာ မဟုတ်ဘူး။ ဆရာ့ဆီကနေ ပဲပြုတ်လာအလှူခံတယ်ဆိုတာ ထူးတာပဲ”
“အေး … ငါလည်း အဲဒါ စဉ်းစားနေတာ”
တစ်နေ့လုံး မသက်သာပါဘူး။ ဒီတစ်ခါတော့ သွားပြီလို့တောင် ထင်ရတယ်။ စောလှမြင့်ကလည်း ကပေါင်းရွာမှ ညအိပ်မယ်တဲ့။ တစ်နေ့လုံး ဘာမှလည်း မစားနိုင်ဘူး။ ပူလိုက် ချမ်းလိုက် ဖြစ်ချင်တိုင်း ဖြစ်နေတော့တာ။ ရွာက လူကြီးတွေက ကြက်ပြုတ်ပြီး လာပေးတယ်။ စားဖို့နေနေသာသာ လှည့်တောင် မကြည့်ချင်ဘူး။
ဒီလိုနဲ့ တပည့်ကျော် ဝင်းနိုင်က ဒီည လာစောင့်အိပ်ပေးတယ်။ ကျွန်တော်လည်း ချမ်းတာနဲ့ မှိန်းနေတုန်းမှာ
“ကျောင်းဆရာ … ကျောင်းဆရာ” ဆိုတဲ့ ခေါ်သံကို ကြားလိုက်တယ်။
“ဝင်းနိုင် … ဝင်းနိုင် ဘယ်သူလဲ ထကြည့်လိုက်စမ်း”
ဝင်းနိုင်ဆိုတဲ့ကောင် လှုပ်တောင် မလှုပ်ဘူး။ ဒါနဲ့ ကိုယ်တိုင်ပဲ ထပြီး မီးခွက်ထွန်း တံခါးဖွင့်လိုက်တော့ အပြင်မှာ ဘာမှ မတွေ့ရဘူး။ အိပ်ရာဘေးက လက်နှိပ်မီးကို ယူပြီးတော့ အဆောင်နဲ့ ကျောင်းပတ်လည် လိုက်ထိုးကြည့် တော့လည်း ဘာမှ မတွေ့ဘူး။
စိတ်ထဲ တစ်မျိုးကြီးဖြစ်တာနဲ့ လက်နှိပ်မီးထိုးပြီး ကျောင်းပြင်ကို ထွက်ခဲ့တယ်။ ကျွန်တော် အပြင်ကို ထွက်လာ ရင်းက ရွာဦးစေတီဘက်ကို သွားတဲ့ လမ်းပေါ်ကို တက်သွားမိတယ်။ လရောင်လေးကလည်းသာလို့။ ကျွန်တော် လမ်းအတိုင်း လျှောက်လာခဲ့တယ်။
စိတ်ထဲမှာ တစ်မျိုးပဲ သာယာကြည်နူးနေမိတယ်။ လျှောက်လာရင်းနဲ့ စေတီ ကိုရောက်လာတယ်။ စေတီပေါ် တက်လိုက်တော့ ဇရပ်ထဲမှာ ဦးကိတ်တစ်ပါးတည်း မီးလှုံနေတယ်။ မီးပုံကြီးကလည်း အကြီးကြီးပဲ။
“ကျောင်းဆရာ လာလာ”
ကျွန်တော် ဇရပ်ထဲဝင်လိုက်တော့ ဦကိတ်က ရေနွေးခွက်နှစ်ခွက်ချထားတယ်။
“ကျောင်းဆရာ နွေးသွားအောင် သောက်လိုက်” လို့ပြောလိုက်တယ်။ ကျွန်တော်က ရေနွေးကို မှုတ်သောက်ရင်းက
“ဦးဇင်းကြီး တစ်ပါးတည်းလား” လို့ မေးလိုက်တော့ ဦးကိတ်က ပါးစပ်ကနေ ဘာတွေမှန်းမသိ ရွတ်လိုက်ပြီး
“ဟောဒီ ဝန်းကျင်မှာ နဂါးတွေ၊ ဂဠုန်တွေ၊ ယက္ခတွေအများကြီးပေါ့။ သူတို့နဲ့နေတယ်”
“တပည့်တော် မမြင်ပါလားဘုရား”
“အင်း … မမြင်ချင်ပါနဲ့ကွာ … ကဲ လိုက်ခဲ့”
ဦးကိတ်က တောင်ဝှေးတစ်ချောင်းဆွဲပြီး ကျွန်တော့် ရှေ့ကထွက်သွားတယ်။ ကျွန်တော်လည်း ယောင်တောင် တောင် သူ့နောက်က လိုက်ခဲ့တယ်။ ကျွန်တော်တို့ ဘုရားအရှေ့ဘက်က လှေကားအတိုင်း ဆင်းသွားကြတယ်။ ဦးဇင်းကြီးက ငှက်ပျောတောထဲ ဝင်သွားတယ်။ တစ်နေရာရောက်တော့ ငှက်ပျောခိုင်ကြီးတစ်ခိုင်က ငှက်ပျောသီး တစ်လုံးကို ခူးလိုက်တယ်။
ငှက်ပျောသီးက ရွှေငှက်ပျောသီး။ အစိမ်းကြီး ရှိသေးတယ်။ သူက ကျွန်တော့် လက်ထဲကို ငှက်ပျောသီးထည့် လိုက်ပြီး
“စားလိုက် … တစ်လုံးလုံး ကုန်အောင် စားလိုက်” လို့ပြောလိုက်တယ်။
စိမ်းနေတဲ့ ငှက်ပျောသီးက ကျွန်တော့်လက်ထဲမှာ ဝင်းနေတယ်။ ကျွန်တော် ဆာဆာနဲ့ တစ်လုံးလုံး ကုန်အောင် စားလိုက်တယ်။ အခွံကို ပစ်မယ်လုပ်တော့ ဦးဇင်းကြီးက
“မပစ်နဲ့ … တွေ့ရာ လျှောက်မပစ်နဲ့” လို့ပြောလိုက်တယ်။ ကျွန်တော်လည်း တိုက်ပုံဘေးအိတ်ထဲ ထည့်လိုက်မိ တယ်။ ဦးဇင်းကြီးက ကျွန်တော့်ကို
“ပြန်တော့ … နေကောင်းသွားမယ်။ ကလေးတွေကို စာဆက်သင်” လို့လည်း ပြောလိုက်တယ်။
မနက်ခင်း ကျောင်းထဲမှာ ကလေးတွေ အော်သံကြားမှ ကျွန်တော် လန့်နိုးသွားတယ်။ တပည့်ကျော် ဝင်းနိုင်က နွားနို့တစ်ခွက်ယူလာပြီး
“ဆရာ အိမ်ကသွားယူလာတာ။ သောက်လိုက်ဦး။ စောလှမြင့် လာလိမ့်မယ်”
“ဟေ … ငါက ဘာဖြစ်လို့တုံး”
“ဆရာ တစ်နေ့လုံး တစ်ညလုံး ဖျားနေတာလေ”
“ကြံကြီးစည်ရာ … ငါဘာဖြစ်လို့လဲ … ကောင်းနေတဲ့ဟာ”
“မဟုတ်ဘူးလေ။ ဆရာ တစ်ညလုံးလည်း စကားတွေလျှောက်ပြော ယောင်နေတာ”
“ဟဲ့ကောင် ဝင်းနိုင် သောက်ရူး … ငါဘာမှမဖြစ်ဘူး။ သွား … ထမင်းတည်လိုက်။ ပဲပြုတ်သွားဝယ်ထား။ ဆာလိုက်တာကွာ”
ဝင်းနိုင်လည်း ခေါင်းလေးပွတ်ပြီးတော့ ထွက်သွားတယ်။ ကျောင်းဝင်းထဲက ရေကန်ကိုသွားပြီး မျက်နှာသစ်၊ သွားတိုက်ဆေးဘူးကို တိုက်ပုံအိပ်ထဲထည့်မယ်လုပ်လိုက်တော့ ခိုးလိုးခုလု ဖြစ်နေတာတွေ့လို့ ထုတ် ကြည့်လိုက်မှ ငှက်ပျောခွံတစ်ခု။ ကျွန်တော် စဉ်းစားလို့ကို မရဘူး။ ဘာကြောင့် ငှက်ပျောခွံက ငါ့ အိတ်ထဲ ရောက်နေရသလဲပေါ့။
ကျွန်တော် ဒီအကြောင်းတွေကို နောက်တော့ အားလုံးပြန်မှတ်မိတယ်။ စိတ်ထဲမှာ မသင်္ကာတာနဲ့ ဘုရား ဘက်ကို မနက်စောစောသွားကြည့်တော့လည်း ငှက်ပျောခင်းကြီးတစ်ခုတွေ့တယ်။ ဒါပေမဲ့ ငှက်ပျောခိုင် မတွေ့ရဘူး။ ဘုရားပေါ်တက်ပြီးတော့ ဇရပ်ကို သွားကြည့်လိုက်တော့လည်း ဦးကိတ်ကထိုင်နေရာက ကျွန်တော့်ကို လှမ်းကြည့်လိုက်တယ်။ သူနဲ့ ဘာမှ မသိသလိုမျိုး။ အဖက်တောင်မလုပ်ဘူး။ ကျွန်တော်က
“ဦးဇင်းကြီး နေကောင်းလား။ ဆွမ်းခံမကြွသေးဘူးလား” လို့ မေးလိုက်တော့လည်း မျက်နှာလွှဲသွားတယ်။
ကျွန်တော် အဲဒီရွာမှာ နေခဲ့သမျှ နောက်ပိုင်း နှာစေးချောင်းဆိုးတောင် မဖြစ်ခဲ့တာတော့အမှန်ပါ။
(မှတ်ချက် - ကျွန်တော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကလွဲပြီး ဘာမှ ယုံကြည်သူတစ်ဦး မဟုတ်ပါ။ ဒီအဖြစ်အပျက်ကတော့ ကျွန်တော်ခုထိ နားမလည်တဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ ပြန်ပြောပြခြင်းသာ)
၁.၁၀.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...