Monday, October 3, 2016

“သတင်းတွေ ကြားနေတယ်”


အခုတလော ဖေ့စ်ဘုတ်ပေါ်မှာ မယ်သီလရှင်အဝတ်ကြီးနဲ့တစ်မျိုး၊ သစ်ခေါက်ဆိုး ယောဂီဝတ်စုံကြီးနဲ့တစ်သွယ်၊ နာရေးအိမ်တွေမှာ စပ်ဟပ်မေးမြန်းရင်း အလှူခံနေတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်အကြောင်း ပလူပျံအောင် ဖတ်ရပါလိမ့်မယ်။ လောလောဆယ် ရေပန်းစားနေတဲ့ Main Stream တွေကို သူ့အဖေဆီက မျက်ခြေမပြတ်ချင်တဲ့သမီးဟာလည်း ဘာထူးသေးလဲ လို့ သိချင်လာတဲ့အခါ ကိုယ့်အနေနဲ့ သူနားလည်အောင် ရှင်းပြရတာပေါ့လေ။ ဒီသတင်းတက်လာတာ သုံးလေးရက်လောက်တော့ ရှိပြီ မဟုတ်လား။ ဒါကတော့ ဒီလိုရေးကြတယ်။ ဒီလိုရှဲကြတယ်။ ဖတ်ရုံပဲဖတ်နှင့်ဦး။ အလျင်စလို စိတ်လိုက်မာန်ပါ သွားမတုန့်ပြန်လိုက်နဲ့။ သတင်းတစ်ခုခု ထင်းကနဲတက်လာရင် အရင်ဆုံး လုပ်သင့်တဲ့အလုပ်က “ကြည့်နေတယ်။ မပြောသေးဘူး။” ဆိုပြီး တကယ့်သတင်းအစစ် ဟုတ်မဟုတ်၊ အချိန်ကလေးတစ်ခု စောင့်ပြီး ကြည့်နေရတယ်။ တချို့သတင်းတွေဟာ အစစ်မဟုတ်ဘူး။ လူစိတ်ဝင်စားမယ့် ဖြစ်ရပ်တွေကို အုတ်အော်သောင်းနင်း ဖြစ်သွားအောင် တမင်ဖွတဲ့ မဟုတ်မဟတ် လုပ်ဇာတ်သတင်းတွေ အများကြီး ရှိတယ်။ အဲ့ဒါတွေကို သူတို့ဆီမှာတော့ Hoax လို့ ခေါ်တယ်။
ကောလာဟလ မဟုတ်ဘူး။ ကောလာဟလက ပြောရင်းပြောရင်း ချဲ့ကားလွဲမှားကုန်တာကို ပြောတာ။ သူ့ဆီမှာ မူရင်းဇစ်မြစ် သတင်းတစုံတရာ ရှိတယ်။ Hoax ကတော့ နဂိုကတည်းကိုက မဟုတ်တဲ့အကြောင်းအရာတစ်ခုခုကို လူယုံလောက်အောင် ယုတ္တိယုတ္တာဖန်တီးပြီး လူဘယ်လောက်များများကို အရူးလုပ်လို့ရမလဲဆိုတာ စောင့်ဖမ်းတာ။ ဥပမာ “ဂျက်ကီချန်းကြီး အခုမနက်ပဲ သေသွားတယ်” တို့၊ “ခများတို့ ကြားချင်နေတဲ့ ဖိုးဖိုးကြီး သည်တစ်ခါတော့ တကယ်ကြီး အဟုတ်ကြီးကို မာလကီးယားသွားပါပြီ” တို့၊ တကယ်လည်း မဟုတ်ပဲနဲ့။ သက်သက်မဲ့ အဟုတ်မှတ်ပြီး ယုံမယ့်သူတွေကို ကလေးတုန်းကလို “သူများပြောတာ ယုံ ယုံ။ တစ်ပုံနှစ်ပုံ ခွေးချေးပုံ။” ဆိုပြီး လှောင်ပြောင်ပျက်ရယ်ပြုဖို့ မဟုတ်ကဟုတ်က လျှောက်ပြောတဲ့သတင်း။ များသောအားဖြင့် နံမယ်ကြီးပြီးသား ဆယ်လီဗျစ်တီတွေနဲ့ သတင်းတည်ဆောက်တယ်။
တခါတခါကျတော့လည်း တမင် နံမယ်ကြီးစေချင်လို့ သတင်းဖန်တီးယူတာလည်း ရှိတယ်။ “မောင်တို့ချယ်ရီမြေ” ထဲက မင်းသမီး ခင်သန်းနု ရဲ့ ဦးလေးကြီးလိုလေ။ အဲ့သလိုပြောတော့ ရုပ်ရှင် မကြည့်ဖူးတဲ့ သမီးက ဘယ်သိမလဲ။ သူသိအောင် ခေတ်ကာလ ဥပမာဆောင်ရရင် မကြာသေးခင်က စိုးမြတ်သူဇာကြီး သငယ်ထောင်ပါတယ်ဆို ကောင်လေးငယ်ငယ်လေးနဲ့ စုံတွဲပုံတွေ တက်လာပါရောလား။ ကိုယ်ကတော့ သည်အဆင်နဲ့သည်အဆင် မြင်ကတည်းက သိလိုက်တယ်။ အဲ့ဒါ “သငယ်” ဇာတ်ကားရိုက်မယ့် မမတွေ တမင်သက်သက် သူတို့ဇာတ်ကား လူစိတ်ဝင်စားအောင် Hoax ထုတ်ထားမှန်း။ ကိုယ့်သူငယ်ချင်းကြီးအကြောင်း ကိုယ်အသိဆုံးပါလေ။ ဟိုက ဒါမျိုးလောက်နဲ့ ရွာရိုးလျှောက်စရာလား။ ကိတ်ဝင်းစလက်ဖြစ်မှတော့ ဂျက်စတင်ဘီဘာနဲ့ တွဲမရိုက်ဘူး။ ဒီသတင်းမျိုးတွေ သူမင်းသမီးဖြစ်ကာစ ရန်အောင်နဲ့ ခိုးပြေးသလေး ရဲအောင်နဲ့ခိုးပြေးသလေး ကတည်းက ရိုးဟိုးဟိုးနေပြီ။ ဒါကြောင့် သတင်းတစ်ခုခု အုတ်အော်သောင်းနင်းဖြစ်လာရင် စိတ်မြန်လက်မြန်နဲ့ ကြားကြားချင်း မယုံလိုက်နဲ့ လို့ ပြောတာ။ နို့မို့ဆို သူများတကာ အပြိန်းဖမ်းတဲ့အထဲ စပ်ဖြဲဖြဲကလေး ပါသွားပါလေရော။
ယုံချင်ရင် ပထမဦးဆုံး “ဘယ်သူပြောတာလဲ။ ဘယ်ကရတဲ့သတင်းလဲ” ဆိုတဲ့ သတင်းရင်းမြစ်ကို အရင်လိုက်ရတယ်။ တချို့သတင်းတွေဟာ သတင်းရင်းမြစ်ကို မြင်လိုက်တာနဲ့ အင်ကြီးမှန်းတန်းသိတယ်။ ဗီယက်နမ်မင်းသမီးကလေးသတင်းတွေကို ဗီယက်နမ်နိုင်ငံရဲ့ နံမယ်ကျော် ငုယင်ငိုးမ သတင်းဌာနကနေ ထုတ်ပြန်လိုက်ပါတယ် ဆိုတာကြီးကို တော်တော်နုံတဲ့သူတွေက ယုံကြသေးသဗျား။ အောင်မယ် မြန်မာအင်တာနက်သတင်းများတို့၊ အင်တာနက်သတင်းဦးသတင်းထူးများတို့၊ Myanmar News Updates တို့၊ အဲ့သလို ယေဘုယျကျကျ နံမယ်ပေးထားတဲ့ စာမျက်နှာတွေဆို ပိုမယုံရသေးတယ်။ နောက်ကျတော့ ဖတ်ရင်းဖတ်ရင်း သိလာပါလိမ့်မယ်။ ဂိုလ်ရှယ်လေးဆိုရင် ဘယ်လောက်ထိ ယုံလို့ရသလဲ။ သူရိယနေဝန်းက အတွင်းသတင်းတွေကရော တကယ့်အစစ်တွေလား။ သစ်ထူးလွင်ဆိုရင်ကော စိတ်ချရပြီလား။ 7 Days မှာပါတာ၊ Eleven မှာပါတာ၊ သံတော်ဆင့်မှာပါတာ၊ အိမ်ရှင်မ မှာပါတာ၊ ဒီလှိုင်းမှာပါတာ၊ ဘယ်ဂျာနယ်ကသတင်းကို ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်လို့ရတယ်ဆိုတာ Credibility index လို့ခေါ်တယ်။ သတင်းဌာနတစ်ခုရဲ့ ဂုဏ်သိက္ခာဆိုတာ အဲ့ဒါနဲ့တိုင်းတယ်။ အဲ့ဒါကြောင့် သတင်းတစ်ခုခု ကြားလိုက်မိတယ်ဆိုရင် ဘယ်သူပြောတာလဲ ဆိုတာကို အရင်မေးပြီးမှ ယုံပါ။ ပြောကြတာပဲလေ။ သိဘူး။ လူတကာပြောနေတာ။ အဲ့သလိုမျိုး ဇစ်မြစ်မရေရာတဲ့ သတင်းစကားတွေဟာ စိတ်မချရပါဘူး လို့ သိစေချင်တာပါ။
တခါတခါကျရင် သတင်းကတော့ အစစ်ပါပဲ။ ဟိုးပဝေသဏီက သတင်းအပုတ်အသိုးကြီးကို အခုလက်ရှိဖြစ်နေတာလိုလို သနပ်ခါးလိမ်းပြီး ပြန်တင်တာလည်း ရှိသေးတယ်။ မုဒိန်းမှုဖြစ်တိုင်း မသီတာထွေးပုံ ပြန်ပြန်တက်လာတယ်။ လူသတ်မှုဖြစ်ရင် လေးလောင်းပြိုင် ငါးလောင်းပြိုင်တွေ ပြန်ပြန်ဖော်လာရော။ သီဟတင်စိုး ဂျပန်ကားရိုက်တဲ့အတိုင်းပဲ။ မပေါ်သေးတာတော့ မပေါ်သေးတာပေါ့။ ဒါပေသိ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ရာဇဝတ်မှုတွေကို အခုချက်ချင်းပဲ ဖြစ်နေသယောင်ယောင် ကျင်းကလေးအိုင်ကလေးယက်ပြီး “အို အရပ်ကတို့ရဲ့။ ကောင်းကြသေးရဲ့လား။” ဆို ရင်ဘတ်စည်တီး ငိုကြပြန်ရော။ အမယ် ငိုတဲ့အထဲမှာ အရင်အစိုးရတုန်းက တာဝန်ရှိခဲ့သူကြီးများကပါ ဝင်ဝင်ငိုနေတော့ ကျုပ်တို့မှာ ငိုအားထက်ရယ်အားသန်ပါဗျာ။ တို့ကွီးစိုင်းစိုင်း “ခိုးကူး ရပ်” ဆိုင်းဘုတ်ကလေး ထောင်ထားတာထက် ဆိုးနေတယ်။ ခေတ်ကာလကြီးကလည်း ရွဲ့လိုက်တာလား စန္ဒာရယ်ပါကွယ်။ လက်ပန်းတောင်းတုန်းက မီးသင်္ကန်းကပ်တဲ့တကာကြီးတွေက သာသနာတော်ကို အသက်နဲ့လဲ စောင့်ရှောက်မလို့တဲ့။ ပါးကွက်အာဏာသားလုပ်ခဲ့ဖူးသူကြီးကလည်း လူ့ခွင့်ရီးတွေကို တစ်လက်မအထိမခံ။ အာရှမှာ သစ်ပင်အခုတ်ဆုံးလူကြီးက ဘဏ်ထောင်တာ “အာရှစိမ်းလန်းစိုပြေရေးဘဏ်” တဲ့။ တို့ ဘယ်လို နားလည်ရမလဲ ပြော။
အချိန်တစ်ခုစောင့်လိုက်ရင်တော့ သတင်းတွေက သူ့ဘာသာသူ ငါးလားဖားလား ကွဲပြားသွားပါတယ်။ ပုတ်တာတွေလည်း ပေါ်လာလိမ့်မယ်။ ဟုတ်တာတွေလည်း ကျော်လာလိမ့်မယ်။ အင်းဝအပ်ချုပ်ဆိုင်တုန်းက ကိုယ်ပြောတယ်။ လူတချို့က နားမလည်ကြဘူး။ ကုလားဘက်လိုက်ရေးတယ်ပဲ လိုရာဆွဲတွေးကြတယ်။ တစ်အိမ်လုံး တွေ့ရာသင်းချိုင်း ဓါးမဆိုင်းနဲ့ဆိုတာလည်း သူတို့ပဲ။ တော်နေကြာ ကလေးလေးနှစ်ယောက်နဲ့ ငိုပြလိုက်ရင် သနားပါတယ်။ မဟုတ်တဲ့လူတွေ မပါစေနဲ့ ဆိုတာလည်း သူတို့ပဲ။ တရားစီရင်ရေးကို အစိုးရအာဏာနဲ့လည်း ဝင်ရောက်စွက်ဖက်လို့မရဘူး။ လူထုအင်အားနဲ့လည်း ဖိအားတွန်းအားပေးလို့မရဘူး။ အဲ့ဒီအရာတွေကိုယ်၌က တရားဥပဒေမဏ္ဍိုင်ကို ယိမ်းယိုင်စေသောသဘောရှိတယ်ဆိုတာ သဘောပေါက်အောင်ကို ရှင်းပြလို့မရဘူး။ ဘယ်လောက်ထိအောင် ဒုံးဝေးသလဲဆို ကိုယ့်စာထဲမှာ ကလေးနှစ်ယောက်အပေါ် ကျူးလွန်တဲ့အမှု မှန်တယ် မမှန်ဘူး တစ်ခွန်းမှ သုံးသပ်မထားဘူး။ တရားသူကြီးကသာ သုံးသပ်ဆုံးဖြတ်ရမှာမို့လို့။ ဒါပေမယ့်လည်း သူတို့တွေးရင် အဲသလောက် သက်သေထင်ရှားနေတဲ့အမှုကြီးမှာ သားသမီးချင်းမစာမနာ ကုလားဘက်က ရှေ့နေလိုက်တယ် လို့ တွေးတယ်။
ရှေ့နေက ရှေ့နေအလုပ်လုပ်လိမ့်မယ်လေ။ တရားသူကြီးကလည်း တရားသူကြီးအလုပ် လုပ်လိမ့်မယ်။ ကိုယ်က အဲ့သည်အမှုမှာ တရားလိုလည်းမဟုတ်၊ တရားခံလည်းမဟုတ်၊ သက်သေလည်းမဟုတ်။ ဘယ်နေရာက ဘာလိုက်လုပ်စရာ ရှိလို့တုန်း။ တကယ်တော့ အဲသည်ကလေးမကလေးတွေလို ပြစ်မှုမျိုးတွေ့ရင် ဖေ့စ်ဘုတ်ပေါ်မှာတင် စတေးတပ်စ်တွေနဲ့ အသံကျယ်နေတဲ့လူစားမျိုး မဟုတ်ပါဘူး။ ဆရာဝန်ဖြစ်ကာစဘဝကတည်းက ကိုယ်အလုပ်လုပ်နေတဲ့ဆေးခန်းကြီးရော၊ ကိုယ့်အထက်က ဆရာဝန်ကြီးတွေကိုပါ၊ ဘယ်သူ့မျက်နှာမှ မထောက်ပဲ လူနာရဲ့အိမ်ရှင်နဲ့လည်း ရန်ဖြစ်ဖူးတယ်။ ၁၉၉ ရော ထောက်လှမ်းရေးကိုရော ဖုန်းဆက်ခေါ်ပြီးပြသနာတွေတက်ကုန်အောင်လည်း မီးရှို့ဖူးတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်လုပ်ရမယ့်တာဝန်ကို ဌာန်ကုန်အောင် သိလည်းသိတယ်။ လုပ်လည်းလုပ်တယ်။ မသိတဲ့သူတွေကို လိုက်ရှင်းမပြတော့ဘူး။
အခုလောလောဆယ် သီလရှင်အတုကြီးအကြောင်းကို သတင်းငြိမ်အောင် စောင့်လိုက်တော့ တဖြေးဖြေး ရုပ်လုံးပေါ်လာတယ်။ မှန်ပါတယ်။ သတင်းအစစ်ပါ။ အောက်မှာ ကွန်မန့်တွေတက်လာတာရော၊ ရှယ်ကြဖတ်ကြရင်း ကိုယ့်အချင်းချင်း စကားစပ်မိတဲ့အခါရော၊ ဒီမိန်းမကြီးက တော်တော်လာတဲ့ ဒေါ်အဝှာပါ။ လက်ခံလိုက်ပြီ။ ဒါ သတင်းအစစ်။ ဒီဟာ လူလိမ်။ ရှဲကြပါဟဲ့။ ဖြန့်ကြပါဟဲ့။ မတော် ကိုယ့်အိမ် လာလိမ်နေတော့ အိမ်ကလူတွေ မသိလိုက်ပဲနေဦးမယ်။ သေချာကြည့်ထားနော်။ လမ်းမှာတွေ့ရင် မမှတ်မိပဲနေဦးမယ်။ သမီးလေးကိုလည်း ပြထားဦးမှပါ။ မတော်လို့များ ဒီမိန်းမကြီးက သမီးဆီလာပြီး “ဒါလေးက ဆြာစိုးမင်း သမီးလေးလားဟင်။ ဖေ့စ်ဘုတ်ပေါ်တွေ့ဖူးနေတာတော့ ကြာပါပြီ။ ဆြာက သူ့သမီးလေးအကြောင်း အမြဲပြောတယ်။ အခု သမီးရဲ့ဖေဖေလေ။ သမီးရဲ့ဖေဖေပေါ့။ ဆေးရုံပေါ်မှာ ကောင်မလေးတွေ ဝိုင်းဆိပ်ကြလို့ လက်ယောင်လိုက်ပြီး ကယောင်ကတမ်းနဲ့ သတိလစ်နေပြီ။ အသက်မီချင်ရင် ဘွားဘွားခေါ်လာတဲ့ တက္ကစီကားနဲ့လိုက်ခဲ့။” ဘာညာဘာညာနဲ့ ညာခေါ်သွားမှာ စိုးရပါတယ်လေ။ မယုံနဲ့ သိလား။ မယုံနဲ့။
ကိုယ်ဆိုတဲ့ကောင်ကလည်း အဲ့သလို မဟုတ်မဟတ် ပေါက်ကရတွေ တွေးချင်တွေး၊ ဒါမှမဟုတ်လည်း သူများနဲ့မတူ ကိုးလို့ကန့်လန့်အတွေးတွေ တွေးချင်တွေးတတ်သူပါ။ ကောင်းပြီလေ။ ဟုတ်တယ်။ အဲ့ဒီအဖွားကြီး လူလိမ်။ လိမ်နေတာ ကြာလှပြီ။ ဘာဖြစ်သေးတုန်း။ သူ့အသက်အရွယ် ငယ်တော့တာ မဟုတ်ဘူး။ ခုနစ်ဆယ်ကျော် ရှစ်ဆယ်ဝန်းကျင်တော့ ရှိရောပေါ့။ သူမို့လို့ ဒီအသက်ဒီအရွယ်နဲ့ မသာအိမ်အဝ အမာစိန်ကမလို့ ဇာတ်ထုပ်ထွင်လေတယ်။ တစ်အိမ်လိမ်ရင် သူဘယ်လောက်ရမလဲ။ တစ်သိန်းနှစ်သိန်း၊ အများဆုံးရ လေးငါးဆယ်သိန်းပေါ့။ (ဒီ့ထက်များတဲ့ ပိုက်ဆံဆို ဘယ်အလှူရှင်မှ ကိုယ်တိုင်လိုက်မကြည့်ပဲ တစိမ်းနဲ့ လမ်းကြုံမလှူဘူး။) သူ့အရွယ်နဲ့ ကလပ်တက် စပါးသွား ကပူရှီနိုသောက် ဆူရှီစားလို့လည်း မရတော့ပါဘူး။ အဲ့ဒီပိုက်ဆံလေးနဲ့ သူထမင်းပဲစားမှာ။ အချီကြီးမိလို့ မျိုးမျိုးမြက်မြက်ရမှ တစ်လနှစ်လထိုင်စားနိုင်ရုံပေါ့။ အသက်အရွယ်အရ ရောဂါကြီးကြီးမားမား ရှိလို့ကတော့ ဆေးကုဖို့ကို မလောက်နိုင်ဘူး။ သူ့ကိုလုပ်ကျွေးမယ့် သားထောက်သမီးခံ ရှိလား မရှိလား၊ သူကလုပ်ကျွေးနေရတဲ့ မစွမ်းမသန်မှီခိုသူ ရှိလား မရှိလား ဘယ်သူမှ ပြောနိုင်တာ မဟုတ်။ အဟုတ်ပြောတာ။ သူ့အိမ်မှာ အိပ်ယာထဲလဲနေတဲ့လူမမာ တစ်ယောက်ပဲရှိလိုက်။ သူ့အသက်အရွယ်နဲ့ အိမ်ပေါက်စေ့ တောင်းရိုးတောင်းစဉ် ခွက်ဆွဲတောင်းစားလို့ မလောက်ငှတော့ဘူး။ ထမင်းဖိုးချည့်မှ မဟုတ်တာလေ။ ဆေးဖိုးဝါးခဆိုတာ မှန်းဆလို့မရနိုင်တဲ့အတိုင်းအတာရှိတယ်။ ကိုယ်တွေ့ကြုံတော့ သိလိမ့်မယ်။ သည်အမယ်ကြီးဟာ သေခါသည်လောက်နီးကာမှ ကိုယ့်ဘုရားကိုယ် ရှေ့ချ၊ မင်သေသေနဲ့ လိမ်ပြောပြီး ငရဲနဲ့ထမင်းနဲ့လဲဖို့ဆိုတာ တော်ရုံအကုသိုလ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။
ဟောကြည့်။ အဖွားကြီးဘက်က ရှေ့နေလိုက်ပြန်ပြီ။ ဟုတ်ဘူးဗျ။ သူ့ဘက်က ရှေ့နေမလိုက်ဘူး။ ခများတို့ပါ အမှုတွဲ ဆွဲထည့်မလို့။ ဒီအဖွားကြီး ဒီလိုလုပ်တာ သူများပိုက်ဆံကို မတရားသဖြင့် လိမ်ညာယူရုံတင်မကဘူး။ ဘာသာ သာသနာကိုပါ ညှိုးနွမ်းစေတယ်။ ဘာသာခြားတွေက ကိုယ့်ဘာသာကို အထင်သေးမှာပေါ့။ သူ့လို လူလိမ်တွေများတဲ့အတွက် အလှူခံတွေအပေါ် သဒ္ဓါတရား လျော့ပါးလာရင် အမှန်တကယ် သီလရှိတဲ့ ရဟန်းသံဃာတွေပါ ရောယောင် အထင်သေးခံရမယ်။ အတုတွေများလာတော့ အစစ်ကိုလည်း အတုနဲ့ အုတ်အရောရော ကျောက်အရောရော ထင်လာမယ်။ သူတော်စင် ရဟန်းသံဃာ၊ သီလရှင်များ ဆွမ်းကွမ်းရှားပါးလာမယ်။ ဒါ သာသနာ့အန္တရာယ်ပဲ မဟုတ်ဘူးလား။ နဂိုကမှ မြို့ကြီးပြကြီး ဆွမ်းကွမ်းခက်ခဲရတဲ့အထဲ သူတို့လို အလှူခံလိမ်တွေကြောင့် လူတွေက မယုံမကြည်ဖြစ်လာရင် ကုသိုလ်တရားတွေ ပွားများဖို့ ခက်တော့မယ်။ နတ်ရွာနိဗ္ဗာန်လမ်းနဲ့ အဝေးကြီးဝေးကုန်ကြတော့မှာပဲ။
ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ လောကကြီး ရန်ကုန်မြို့လောက် အလှူခံပေါတာ ရန်ကုန်မြို့ပဲ ရှိမလား မပြောတတ်ဘူး။ ၃၉ လမ်းမှာ မနက် ငါးနာရီ အရုဏ်တက်ရင် “ဘွန္တော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့…။” ဆို ကြေးစဉ်ကြီး နောင်ကနဲထုပြီး ဆွမ်းခံကြွလာပြီ။ ကိုယ်သာ အိပ်ပုတ်ကြီးလို့ မလောင်းတာ။ သူများတကာတွေ လှေကားရင်း ဆွမ်းအိုးကလေးနဲ့ တဘက်ကလေး ပုခုံးတင်လောင်းကြပြီ။ ၇ နာရီမှာ ကားတစ်စီးနဲ့ လော်စပီကာတင်ပြီး ကျောင်းတိုက်တစ်ခုက တန်းဆွမ်းခံလှည့်ပြန်တယ်။ သူတို့အချင်းချင်း ဘယ်လိုညှိကြတယ် မသိပါဘူး။ တစ်ပတ်လုံးအပြည့် သူ့ရက်နဲ့သူ မထပ်အောင်ကြွတယ်။ သူတို့ပြီးလို့ သီလရှင်ဆန်ခံတဲ့အသံကြားရင် ၇ နာရီခွဲတာ။ အဲ့ဒီအသံကြားမှ ကိုယ် အိပ်ယာက လူးလဲထတာ။ ကမန်းကတမ်း ရေမိုးချိုးပြီး ကားပေါ်ထက် ဆေးရုံကိုထွက်ရင် နောက်ထပ်ကျောင်းတစ်ကျောင်းက ဆွမ်းခံကြွတဲ့ သံဃာတွေနဲ့ အကိုက်ပဲ။ စနေ တနင်္ဂနွေ ဥပုသ်ဆိုရင် ဆွမ်းဆန်စိမ်းအိပ်ကလေးတွေ ခေါင်းလောင်းဆွဲတဲ့ ကြိုးကလေးတွေမှ လာချိတ်ပြီ။ ညနေ ဆေးရုံကအပြန် အမေအိမ်ဝင်လို့ မမှောင်သေးဘူးဆို လော်စပီကာကြီး ဆိုက်ကားနဲ့တင်ပြီး အလှူခံများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကြွလေတယ်။ ကိုယ်တို့မြန်မာဆိုတာ အလှူရေစက် လက်နဲ့မကွာတဲ့အမျိုးဆိုတာ အဟုတ်ပဲ။ (ကိုယ်သာ အကွာကြီးကွာနေတာ) ဒါတောင် မီးပွိုင့်တွေ ခုံးကျော်တံတားအောက်တွေက ရေဘေးအလှူခံတွေ မပါသေးဘူး။ အခုလို အလိမ်အညာ သီလရှင် အတုကြီးတွေ့လို့ လာလာသမျှသော အလှူခံအဖွဲ့တွေကို ဖလားကြီးထဲက ဝါးဝါးနေတဲ့ ဖလားဝါးမောင်မယ်တွေလို့ ထင်သွားရင် ဘယ်လောက်ငရဲကြီးလိုက်မလဲ စဉ်းစားကြည့်စမ်းပါ။
အိုကေလေ။ ဒါဖြင့်ရင် လာလာသမျှ သိသော မသိသော အလှူခံတွေအားလုံးဟာ အစစ်အမှန်၊ အော်ရီဂျင်နယ်၊ စံပယ်ပန်းကလေးတွေချည့်ပဲပေါ့နော်။ “အလှူ့ရှင်တွေ ဝမ်းသာဖို့ အမျှလေးပေးကာ မေတ္တာပို့။ ပြုံးလို့ရွှင်လို့ ကလို့ခုန်လို့ အဖြူရောင်လေးကိုဆင်မြန်းလို့” နိဗ္ဗာန်ဆော်ကလေးတွေချည့်ပဲပေါ့။ “သာသနာတဝက် ဒါယကာတဝက် တည်တံ့ခိုင်မြဲ ရှည်ကြာစေသော်။” ဆိုတာတွေ မပါရတော့ဘူးလား။ သိချင်ရင် အဲ့သည်အလှူခံအဖွဲ့တွေနဲ့ တစ်ရက်လောက် လိုက်ကြည့်ပါလေ။ အလှူခံလာတဲ့ကျောင်းတွေဟာ မြို့ထဲနဲ့ အလှမ်းဝေးတဲ့ ဆင်ခြေဖုံးက ကျောင်းကလေးတွေချည့်ပဲ။ ဘယ်လောက်ဝေးသလဲဆို တကယ်ရှိလားမရှိလား သေချာမသိလောက်အောင်ကိုဝေးတယ်။ ဒါပေမယ့် တကယ်မရှိပဲ အလှူခံလိမ်လုပ်လို့မရပါဘူး။ သူတို့ကို ဘယ်သူက ရယ်ဂျစ်စတာလုပ်မှန်းမသိပေမယ့် သူတို့မှာလည်း စာရွက်စာတမ်းထောက်အထား အကုန်ရှိရတယ်။ မရှိရင် အင်းစိန်တောရဝင်ရမှာ။ အဲ့ဒီတော့ သူတို့မလိမ်ပါဘူး။ ကျောင်းအစစ်ပါ။ သံဃာအစစ်ပါ။ သီလရှင်အစစ်ပါ။ ဒါဖြင့် ဘယ်ဟာက မစစ်သတုန်း။ ဘယ်ဟာမှ မစစ်မရှိပါဘူး။ အကုန်အစစ်ပါဆို။ ဒါပေသိ အဲ့ဒီအစစ်ကြီးတွေကိုမြို့ထဲရောက်အောင် ခေါ်လာဖို့ ကားအစစ်ကြီးတွေကို ဆီအစစ်ထည့်မောင်းပြီး လော်စပီကာအစစ်ကြီးတွေကို ဘက်ထရီအိုးအစစ်ကြီးတွေနဲ့ မိုက်အစစ်ကြီးတွေသုံးပြီး အော်ရပါတယ်။ အဲ့ဒီကုန်ကျစားရိတ်က ပိုက်ဆံအစစ်ကြီးတွေ ပေးရတာနော်။ အဲ့ဒီအတွက် အလှူ့ရှင်အစစ်ကြီးတွေနဲ့ အလှူခံပုဂ္ဂိုလ်အစစ်ကြီးတွေအကြားမှာ အကျိုးမျှော်လို့ နှိုးဆော်ပေးမယ့် နိဗ္ဗာန်ဆော်အစစ်ကြီးတွေဟာလည်း အလုပ်ပျက်အကိုင်ပျက်၊ လုပ်အားငွေကြေး ရင်းနှီးလိုက်ပါဆောင်ရွက်ရတာမို့ ဝန်ဆောင်ခ (Service Charges) ဘောက်ချာတက်ပါတယ်။ အလှူခံပုဂ္ဂိုလ်ကြီးတွေဆိုတာ အဲ့ဒီဘောက်ချာချေပြီးမှ ကျန်တာကို နဝကမ္မနိုင်တာပါ။ ဒါတွေကို ဖလားထဲကမှ မဝါးရင် ဘယ်ကမှ ဝါးလို့မရပါဘူး။ ကိုယ့်ကျောင်းကိုယ်ထိုင်နေရုံနဲ့ တစ်နှစ်နေနေ တစ်နွေဆန်းဆန်း ရေဆွမ်းတောင် နပ်မှန်ဖို့ လွယ်တာမှတ်လို့။ သဒ္ဓါထက်သန်တဲ့သူကလည်း သူ့ရှိတဲ့ပစ္စည်း ဝတ္ထုကာမကို တွယ်တာမထားပဲ စေတနာတရားနဲ့ ပေးလှူတယ်။ သီလစင်ကြယ်သော သာသနာ့အနွယ်ဝင်တို့ကလည်း ဒါယိကာ ဒါယိကာမတို့ရဲ့ ကောင်းမှုကုသိုလ်တို့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် အကျိုးပေးသန်စေခြင်းငှာ သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိကြတယ်။ ပေးသောလက်နဲ့ ခံယူသောလက်တို့ လွယ်လင့်တကူ ဆုံမိစေရေးအတွက် ဒါနအကျိုးဆောင်တို့က ဝန်ဆောင်ခယူလို့ ကူညီပေးတယ်။ သူတို့ကုသိုလ်ရရင် ဒါနကုသိုလ်တော့မရဘူး။ အနုမောဒနာကုသိုလ်တော့ ရလိမ့်မယ်။
ဒါနကုသိုလ်ဆိုတဲ့နေရာမှာ ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိုးပေးတယ်။ ညောင်ပင်ကြီးလောက် လှူသော်လည်း ညောင်စေ့လောက်အကျိုးပေးတယ်ဆိုတဲ့ ကိစ္စတွေ ရှိလာပါတယ်။ အဲ့ဒါတွေက သည်ဘက်က သည်လောက် ဘောက်ချာဖြတ်လိုက်ရင် ဟိုဘက်မှာ ဘယ်လောက် အတိုင်းအတာအထိ အသားတင်ကျန်တယ်ဆိုတဲ့ ငွေစာရင်းရှင်းတမ်းတွေ မဟုတ်ပါဘူး။ အလှူပေးတဲ့ပုဂ္ဂိုလ်မှာ ရှိနေတဲ့ စေတနာ သဒ္ဓါတရားနဲ့ပဲ တိုင်းတာပါတယ်။ အဲ့ဒါကိုမှ ထပ်ခွဲချင်ရင် မလှူခင်၊ လှူဆဲ နဲ့ လှူပြီးတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတနာလို့ပဲ ခွဲစရာ ရှိတယ်။ စေတနာပြီးတာနဲ့ ကာယကံ ဝဇီကံ မနောကံနဲ့ လှူလိုက်တဲ့ကံက လိုက်လာတယ်။ အဲသည်ကံအတိုင်း ကံ၏အကျိုးက တစ်ခါတည်းလိုက်ပေးမှာ။ ဟိုဘက်မှာဆက်ဖြစ်မှာက အလှူခံပုဂ္ဂိုလ်နဲ့ အလှူအကျိုးဆောင်တွေရဲ့ ကံတွေပဲ ရှိတော့မယ်။
ဆိုလိုတာက မယ်သီလရှင်အဖွားကြီးတစ်ယောက်ကို သဘာဝဘေးကြောင့် ဒုက္ခရောက်နေတဲ့ ကလေးသူငယ်တွေနဲ့ သာသနိကအဆောက်အဦတွေအတွက် ရည်မှန်းလို့ ကိုယ့်ချွေးနည်းစာကလေးကို လှူဒါန်းလိုက်တယ်ဆိုပါစို့။ ဒီဓါတ်ပုံထဲက အဖွားကြီးကို လှူတာမဟုတ်ဘူး။ သာသနာ့အနွယ်ဝင် သီလရှင်အနေနဲ့ ရည်ရွယ်တာ။ စိတ်စေတနာကလည်း ငါ့စည်းစိမ်တွေသေရင်မသယ်နိုင်လို့ နောက်ဘဝဆက်ချမ်းသာအောင် ဟွန်ဒီလွှဲသလို လွှဲယူသွားမယ်ဆိုပြီး အကျိုးမျှော်ကိုးပြီး လှူတာ မဟုတ်ဘူး။ ကိုယ့်ရှိတဲ့ ပစ္စည်းတွေကို မရှိတဲ့သူတွေ သုံးဆောင်ကြပါစေဆိုပြီး လှူတာ။ စေတနာ သုံးတန် အကုန်ပြတ်နေပြီ။ အဲ့ဒီအတွက် အကျိုးမပေးစရာ ဘာတစ်ခုမှ မမြင်မိဘူး။ သူလိမ်တာ သူ့အကုသိုလ်၊ ကိုယ်လှူတာ ကိုယ့်ကုသိုလ်။ အဲ့ဒီတော့ အရင်တုန်းက ဒီအဖွားကြီးကို ယုံကြည်ပြီး လှူခဲ့မိတဲ့သူတွေဟာ ငါတို့တော့ ကုသိုလ်မရတော့ပါဘူး။ အလိမ်ခံလိုက်ရလေခြင်းလို့ ဝမ်းနည်းစရာ ရှိပါ့မလား။ အလှူကပြီးသွားပြီလေ။ ၃၁ ဘုံ ကျင်လည်ကုန်သော ဝေနေယျ သုခိတ ဒုက္ခိတဆိုတဲ့အထဲမှာ ဒီအဖွားကြီးလည်းပါတယ်။ ပါတာမှ ဒုက္ခိတအနေနဲ့ကို ပါတာ။ သူစားလည်း စားပါစေတော့။ သူ့အပေါ်မှာ ဒေါသစိတ်တွေပွားရင် ကိုယ်ရထားတဲ့ ကုသိုလ်ထဲက အနှုတ်ပြနေပါ့မယ်။
သဘောမတူလို့ ငြင်းမယ့်သူတွေလည်း ငြင်းနိုင်ပါတယ်။ ဘယ်ဟာကို ဘယ်လိုတော့ဖြင့် ဘယ်နည်းနဲ့မှ သဘောမတူနိုင်ပါဘူးဆိုပြီး ဦးနှောက်ကလေးနဲ့တွေးပြီးတော့ ငြင်း။ လက်ခံတယ်။ ဘယ်သတင်းအချက်အလက်မဆို အလျင်စလို စိတ်လိုက်မာန်ပါနဲ့ အလွယ်တကူ မယုံလိုက်ပဲ ဟုတ်သလား မှန်သလား ကိုယ့်ဘာသာ သုံးသပ်ဆုံးဖြတ်။ အမှန်ရယ်လို့ လက်ခံပြီးရင် အကျိုးအပြစ်က ဘာလဲ နောက်လာမယ့်ခြေတစ်လှမ်းက ဘာလဲ ကြိုတွေးထား။ သည်သတင်းအချက်အလက်ပေါ်ကနေ ကိုယ့်အတွက် အကျိုးဖြစ်အောင်ထုတ်သုံးနိုင်တာ ဘာရှိသလဲ စဉ်းစား။ ဒါဆိုရင်တော့ ဖေ့စ်ဘုတ်ကြီးသုံးရတာ အဟောသိကံ မဖြစ်ဘူး ပြောရမှာပဲ။ ချင့်ယုံကြပေါ့ကွယ်။ “သတင်းတွေ ကြားနေတယ်။ မောင် ကောင်မလေးတစ်ယောက်နဲ့။” ဆိုရင်တော့ တို့ကလည်း “မဟုတ်ပါဘူး။ မရှုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” ပဲ ပြောရတော့မှာပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...