Saturday, October 1, 2016

“လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့လေ”


ဆရာအတ္တကျော်ရဲ့ မကြာမီထွက်ရှိတော့မယ့် စာအုပ်ကြော်ငြာဖတ်ရတဲ့အခါ “ဖှက်ဒရယ်ဝါဒမိတ်ဆက်” ဆိုလို့ ကိုယ့်မှာ ပြုံးရပါသေးတယ်။ မကြာသေးခင်ကမှ ဆရာမင်းလူရဲ့ “မျောက်လက်” စာအုပ်ထဲမှာ အင်္ဂလိပ်စာလုံးတွေကို သူအသံထွက်လိုက်ရင် သူများနဲ့ကို မတူအောင် ဋ္ဌာန်ကရိုဏ်းကျလွန်းတယ် လို့ ဖတ်လိုက်မိသေးတာကိုး။ ငါ့ဆရာကတော့ လုပ်ပြန်ပြီ။ ကိုမင်းလူကြီးကပဲ သူ့ကိုသရုပ်ဖော်တာ တော်လွန်းတာလား သူကပဲ ကိုမင်းလူကြီးသရော်တဲ့စရိုက်ကို မဖျောက်နိုင်သေးတာလားတော့ မသိဘူး။ ဟော ကြည့်။ ဖှက်ဒရယ်တဲ့။ ဒါပေမယ့်လည်း အဲ့လို စာလုံးပေါင်းမှပဲ မူရင်းအင်္ဂလိပ်အသံထွက်ကလည်း ပီပြင်ပေမယ် မဟုတ်လား။ နို့မို့ရင် ငပိသံကြီး ပါနေမယ်လေ။ ဖက်ဂျီ (G Fatt မဟုတ်) ပဲ ကြားဖူးပါတယ်။ ဖက်ဒရယ်လည်း ရှိသကိုး လို့ ဒရယ်ကောင်သေးသေးလေးကို မျက်စိထဲ မြင်နေဦးမယ်။ နှုတ်ကျိုးသွားရင် ပြင်ရခက်ပါဘိသနဲ့။ အခုဆို ဒီမိုကရေစီ လို့ ခေါ်တာ ကိုယ်တို့တစ်နိုင်ငံပဲ ရှိမယ်။ သူများတွေ ဘယ်သူ့မေးမေး ဒမော်ခွေစီ လို့ ပြောမှ နားလည်မယ်။ အခုတော့ အင်္ဂလန်မှာ ဘွဲ့တွေတသီကြီးရခဲ့တဲ့ တို့မေမေတောင် မြန်မာလိုပြောရင် မြန်မာတွေ နားမလည်မှာစိုးလို့ ဒီမိုကရေစီလို့ပဲ အသံထွက်ပေးနေရတယ်။ ဘိုစာကို ဘိုလိုပဲ ပီပီသသဖတ်တာ ကောင်းပါတယ်လေ။
ကိုယ့်အဖွားတွေတုန်းကလို “ကာဖီရေကလေး သောက်ရဖို့အရေး ဘတ်စကားနဲ့ စကော့မတ်ကက်ထိအောင် သွားမိတာ ဘိုင်စကုတ်တောင် မမီတော့ဘူး။” ဆိုတာမျိုးပြောရင် ကိုယ့်ဗမာချင်းပဲ နားလည်မှာပေါ့။
ကိုယ့်ဆရာထွက်မယ့်စာအုပ်ကလေး နတ်ကရာကျီးမောနေမိတုန်း ဆရာအေးမောင်ကျော် နဲ့ တွေ့တဲ့အခါ “အဲ့ဒါ ကိုယ် ဘာသာပြန်ထားပြီးသား ရှိတယ်လေ။ “ပြည်သူ့ခေတ်” ထဲမှာ အခန်းဆက်ရေးနေတာ ကြာကြာလှပေါ့။ စာအုပ်လည်းထွက်တောင်ပြီးနေပြီ။ သူ မသိဘူးလား။” လို့ ကြားရပြန်တယ်ဗျ။ ဟေဟေ။ ဖေ့စ်ဘုတ်ပေါ်တော့ ဖွစရာရပြန်ပေါ့။ ဒါမျိုးဆိုတာ ထီးမရှိလည်း ခမောက်ကလေးဆောင်းပြီးတော့ အရပ်လည်ပြောရတဲ့အမျိုး ဆို။ မိုးတိတ်အောင်မှ မစောင့်နိုင် ဟိုဘက်ပြေးလိုက်သည်ဘက်ပြေးလိုက်လုပ်ပြီး “ဆရာ့ကို အဲ့လိုပြောနေတယ်ဗျ။ သိလား။” တို့၊ “ဆရာကသာ သည်လိုပြောတာ သူကဖြင့် ဟိုလိုပြောနေတာဗျ။ ကျွန်တော်ဖြင့် မခံချင်လိုက်တာဗျာ။” တို့၊ “သိပြီးကြပလား။ ဟိုဆရာကြီးနှစ်ပါးလေ။ ပြောမပြောချင်ပါဘူး။ ဒီလိုဗျ ဒီလို။” တို့။ အတ်လိုညိုး အတ်လိုညိုးတွေ အမွှေဇယားခင်းတော့မယ်လို့ ချစ်ပြိတ်သတ်ကြီးကဖြင့် ထင်ရှာရော့မယ်။ ကိုယ်လည်းပဲ ကိုယ့်စရိုက်က ဖျောက်မရဘူးလေ။ ကိုမင်းလူ အသေစောပေလို့ပေါ့။ နို့မို့ အဲသည်ဇာတ်ရုပ်နေရာ ကိုယ့်ကိုထားပေးလိုက်ရင် ခင်အေးဟန်ကြီး ထိုင်ငိုသွားလိမ့်မယ်။ အထင်မလွဲပါနဲ့ ပြိတ်သတ်ကြီးရယ်။ တကယ်တော့ အဲ့သည်စာအုပ်ကို ကိုယ်တို့ဆီက စာရေးဆရာနှစ်ယောက်က ဘာသာပြန်ပေးတာ သိပ်ကိုနည်းလွန်းလှပါတယ်။ ကိုယ့်စိတ်ရှိတိုင်းသာဆို အယောက် တစ်ရာနှစ်ရာလောက်က မူဟန်သွယ်သွယ် ပြန်ကြမယ်ဆိုပြီး အပြိုင်အဆိုင် ဘာသာပြန်လို့ မြန်မာပြည်သူလူထုတစ်ရပ်လုံးက အားရပါးရဖတ်ကြစေချင်တာပါ။ မပလီပါဘူး။ အဟုတ် အဟုတ်။ အနည်းဆုံးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအားလုံး မဝယ်မနေရ တစ်ယောက်တစ်အုပ်စီ ဝယ်ခိုင်းပြီး အထဲကစာတွေကို သေချာဖတ်မဖတ် ပြန်လှန်ဆွေးနွေးပွဲတွေတောင် လုပ်ပေးသင့်တာပါ။
ဘာဖြစ်လို့ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စလာတော့မယ်။ တိုင်းရင်းသားအရေးတွေကို လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာကြတဲ့အခါ အပေါ်မှာ ဆရာတွေ ပြောနေတဲ့ ဖက်ဒရယ်ဆိုတာကြီးနဲ့ သိသိ မသိသိ ကိုင်ပေါက်ရတော့မယ်။ ဒါကတော့ သိကိုသိမှဖြစ်မှာဗျ။ မသိရင် စာမတတ်ပေမတတ် ကြက်ခြေခတ်နှိပ်ပြီး လူကုန်ကူးခံရတဲ့ ကျွန်တွေသဘောက်တွေထက် အဖြစ်ဆိုးသွားမယ်။ ကိုယ့်အခွင့်အရေး ကိုယ့်ရပိုင်ခွင့်က ဘာမှန်းမသိရင် အဲ့ဒါကို မထိခိုက်အောင် ဘယ်လိုလုပ်ကာကွယ်နိုင်မှာတုန်း။ အဲ့ဒီတော့ ဖက်ဒရယ်ဆိုတဲ့ မူဝါဒကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ သိထားနားလည်ထားဖို့တော့ အရေးကြီးတယ် မဟုတ်ဘူးလား။ သိပြီးတော့မှ ကြိုက်ရင်လည်း ဘာကြောင့်ကြိုက်ရတယ်။ မကြိုက်ရင်လည်း ဘာကြောင့် မကြိုက်ရတယ်။ ဘာကိုကြိုက်ပြီး ဘာကို မကြိုက်ဘူးလဲ။ ဘာကို ဘယ်အတိုင်းအတာအထိ လက်ခံနိုင်ပြီး ဘာကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် ဆက်စဉ်းစားရမယ့် အရာတွေ ဖြစ်ပါတယ်။ “အို နိုင်ငံရေးတွေ စိတ်မွင်ဇားပါဘူး။ ဖတ်ရတာ ပျင်းစရာကောင်းပါဘိသနဲ့။” လို့တော့ မတွေးစေချင်ဘူး။ အဲ့လိုတွေးခဲ့လို့ ၂၀၀၈ ခြေ/ဥကြီးကို သူတို့ဟာသူတို့ ရေးချင်တာတွေရေးပြီး “တစ်နိုင်ငံလုံး တခဲနက်ထောက်ခံထားပါတယ်။ တွေ့ဘူးလား။” လို့ ချည်ပြီးတုပ်ပြီး လုပ်သွားတာ မြင်တဲ့အတိုင်းပဲ။ ဖက်ဒရယ်မူကို ကိုယ်ကရေရေရာရာ နားမလည်ရင် သူများက ကိုယ့်ကို လုပ်ချင်ရာလုပ်သွားသမျှ ခံရလိမ့်မယ်။ ပျင်းကာမှပျင်းရော။ ဒီအထဲမှာ ငါ့နံမယ်များပါနေလေမလား။ ငါ့ကို ဘယ်နားသွား ရောင်းစားစရာ ရှိပါလိမ့်။ အမယ် ဟိုနားလေး ကြောင်တောင်နှိုက်နေတာ ငါ့အိပ်ထဲကဟာတွေပါလား။ အဲ့သလိုမျိုး ကိုယ့်အရေးကိုယ့်အရာ ကိုယ်နဲ့လည်းဆိုင်တယ်ဆိုတဲ့စိတ်နဲ့ နားလည်အောင် ဖတ်စေချင်ပါတယ်။
တကယ်တမ်းကျတော့ ဖက်ဒရယ် လို့ ပြောလိုက်ရင် ကိုယ်တို့မှာ အနှစ်လေးငါးခြောက်ဆယ်စာ အိပ်မက်ဆိုးကြီး ရှိတယ်။ စစ်တပ်ထဲကထွက်လာတဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် လို့ နံမယ်အပြည့်အစုံခေါ်လိုက်မိရင် ကျင်စက်နဲ့အတို့ခံရသလိုလို လျှာထဲကယားလာသလိုလိုပေါ့။ (အကုန်မဟုတ်ဘူးလို့ ပြောချင်ပြော၊ လုံးဝမဟုတ်ဘူးလို့တော့ မငြင်းနဲ့။) ဦးနေဝင်းလက်ထက် ပညာရေးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကိုယ်တို့လို လေးငါးခြောက်ဆယ်တန်းတွေဟာ ဖက်ဒရယ်ဆိုတဲ့စကားကို ကြမ်းကြားလေကြားတောင် မပြောရဲခဲ့ဘူးဗျ။ ဘာဖြစ်လို့ဆိုတော့ ၁၉၆၂ မှာ ဦးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းရတဲ့ အကြောင်းရင်းက တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်မူကို တင်ပြလာပြီး ပြည်ထောင်စုကြီးပြိုကွဲမယ့်ဘေးက လက်မတင်လေး သူ ကယ်တင်ထားရတယ် လို့ ဆိုတယ် မဟုတ်လား။ အဲ့ဒီတော့ ကိုယ်တို့အားလုံး အလိုလိုနားလည်ထားလိုက်တာက ဖက်ဒရယ်မူဆိုတာ ပြည်နယ်တွေကို ပြည်ထောင်စုကနေ ခွဲထွက်ခွင့်ပေးလိုက်တဲ့ဝါဒ လို့ပဲ သဘောပေါက်ထားတယ်။ ဒီ့ထက်ပို သိလည်း မသိချင်နဲ့။ ဆွေးလည်းမဆွေးနွေးနဲ့။ ကိုကိုကျွန်းရောက်သွားမယ်။ အခု ကိုယ်တို့မြန်မာပြည်ကြီးဟာ ကရွတ်ပေါ် ကင်းလျှောက်သလိုလျှောက်ပြီး လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော်က တွေဝေနေခဲ့တဲ့ ဖက်ဒရယ်လမ်းဆုံကြီးကို ပြန်ရောက်လာပြီ။ ဘယ့်နှယ်လဲ။ ဆက်လျှောက်ကြဦးမလား။ နောက်ထပ် အနှစ်ခြောက်ဆယ်။ အောင်မယ်လေး။ ရာစုနှစ်သာ တဝက်ကျိုးလာတယ်။ ခံစားချက်ကတော့ အရင်အတိုင်းပါပဲဗျာ။ မပြောရဲပါဘူး ဖက်ဒရယ်။ နောက်တစ်ခါ အာဏာထပ်သိမ်းတော့ ဘယ့်နှယ်လုပ်မလဲ။
ကိုယ်တို့ငယ်ငယ်တုန်းက ဒေဝေါကြီး ဒေဝေါကြီးဆိုရင် မြင်လည်းမမြင်ဖူးပဲနဲ့ ဘာကိုမှန်းမသိ ရမ်းသမ်း ကြောက်နေမိသလိုပဲ။ ကိုယ်တို့အဖို့ရာလည်း ဖက်ဒရယ် လို့ အသံကြားလိုက်ရင် ရှမ်းပြည်သွားချင် ဗီဇာယူရတော့မှာလား၊ ပြည်တွင်းစစ်ကနေ ကျူးကျော်စစ်တွေ ဆက်ဖြစ်ရတော့မှာလား၊ စစ်တပ်ကြီးကမှ မကယ်ရင် သေဖွယ်သာ ရှိတော့မှာလား လို့ စိုးရိမ်စိတ်တွေ ဝင်ရပါတယ်။ ဘာမှန်းမသိပဲ ကြောက်နေရတာထက်စာရင် အဲ့ဒါ ဘာကြီးလဲလို့ သေသေချာချာ သိလိုက်တော့ ကြောက်စရာ မလိုတော့ဘူးပေါ့။ ဖက်ဒရယ်မှာ ခွဲထွက်ပိုင်ခွင့်ဆိုတာ ပါချင်ပါနိုင်တယ်။ ဒါပေမယ့် ခွဲထွက်ချင်တိုင်း ခွဲထွက်လို့မရအောင်တော့ ထိန်းချုပ်ထားတာတွေလည်း ပါပါလိမ့်မယ်။ သိချင် ကိုယ့်ဘာသာကိုယ်သာ ဖတ်ကြည့်ကြပေတော့။ ဒါပေမယ့် ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ ခွဲကိုခွဲထွက်ရမယ့် ကိစ္စလို့ အနက်မပြန်တာက ပိုကောင်းပါလိမ့်မယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာ ပြည်နယ်တွေကို ခွဲထွက်ခွင့်ပေးတာမဟုတ်ပဲ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာသာ ဖြစ်ပါတယ်။ ဥပမာ နဲ့ နားလည်အောင် ရှင်းရရင် အရွယ်ရောက်ပြီး အိမ်ထောင်ကျလာတဲ့ သားကြီးသမီးကြီးတွေကို မိဘက အရာခပ်သိမ်းလိုက်မစီမံတော့ပဲ ကိုယ့်အိုးကိုယ့်အိမ်ကလေးနဲ့ သီးခြားခွဲနေစေတဲ့သဘော သို့သော် မျက်စိအောက်မှာ ရင်အုပ်မကွာတော့ ဆက်ရှိနေစေချင်သေးတဲ့သဘော။ အုပ်စည်းမပျက် အေးအတူပူအမျှ စောင့်ရှောက်ဆုံးမနေသေးတဲ့သဘောပါ။ ဒီ့ထက်ပိုပြီး နားလည်အောင်တော့ မရှင်းချင်တော့ပါဘူး။ တော်ကြာ နောက်ထပ် ဘာသာပြန်မယ့်သူ တစ်ယောက် ထပ်တိုးလာသလို ဖြစ်မှာစိုးလို့။ ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်ကြပါ။ ဘယ်စာကို ဘယ်ဆရာက ဘယ်လို ဘာသာပြန်လိုက်သလဲ။ ဘယ်စကားလုံးကလေးမှ အနက်ပွား ဘယ်နှစ်လုံးလောက် ထွက်လာသလဲ။ စိတ်ဝင်စားစရာကြီး။
မယောင်ရာဆီလူးပြီး နှမ်းဖြူးတတ်တဲ့နေရာမှာတော့ ကိုယ့်ကိုမီတဲ့သူ တော်တော်ရှားပါလိမ့်မယ်။ လုပ်နေတာက ဆရာဝန်၊ ပြီး ဖေ့စ်ဘုတ်ပေါ် စာတွေတက်တက်ရေးလိုက်တာ ဘာရောဂါအကြောင်းမှမပါ။ ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ဖက်ဒရေးရှင်းဖိုရမ်တွေလည်း စပ်စပ်စပ်စပ်နဲ့ သွားတက်သေး။ ဘယ်အဖွဲ့အစည်းကတုန်း လို့ မေးရင် ခပ်တည်တည်နဲ့ ဆေးရုံကြီးက လို့ ဖြေပခဲ့တာ။ အခုလည်း သူများစာအုပ် အတင်းဖတ်ခိုင်းနေတယ်။ ဖက်ဒရယ်ဝါဒမိတ်ဆက်၊ ဘယ့်နှယ်ညာ့နှယ်။ ကိုယ်ကိုယ်တိုင်ရော ဖတ်ပြီးပလားလို့ မမေးပါနဲ့။ ဖတ်ကိုမဖတ်ရသေးတာ။ လောကကြီး ကိုယ်တစ်ခါမှ မဖတ်ဖူးသေးတဲ့စာအုပ်တစ်အုပ်ကို သူများတွေ ဖတ်ချင်လာအောင် လော်ဘီလုပ်တဲ့သူဆိုတာ ကိုယ်ကလွဲရင် နောက်တစ်ယောက် ရှိနိုင်ပါဦးမလား။ ဟင့်။ ဒါပေသိ မဖတ်ပဲတော့ မနေနဲ့နော်။ ဖတ်ဖြစ်အောင်တော့ ဖတ်လိုက်ကြဦးဗျ။ အကြောင်းကတော့ ကိုယ်တို့မြန်မာလူငယ်တွေကို ဘုမသိဘမသိ ထုံထုံထိုင်းထိုင်း၊ သူများပြောသမျှယုံ၊ သူများလှည့်စားသမျှခံ။ ကြပ်တိုင်းဝင် ကင်တိုင်းကျွမ်း၊ အပြိန်းဇာတ်ထဲက လွတ်စေချင်လှပြီမို့။
ကိုယ်တို့မေမေက နောက်ဆယ်နှစ်လုပ်နိုင်ဖို့ မသေချာတော့ဘူး။ လုပ်ရင်တောင် အရမ်းအားနာဖို့ သနားဖို့ကောင်းနေပြီ။ သူမရှိရင် အမျှော်အမြင်ရှိတဲ့ ပညာတတ်လူငယ်လေးတွေ တက်လာဖို့ မျှော်လင့်နေမိတယ်။ (ကိုယ်ကတော့ တက်လုပ်ဖို့ စိတ်ကူးမရှိဘူးနော်။ အာ့ကြောင့် ဖတ်ကိုမဖတ်တာ။) နိုင်ငံရေးသိပ္ပံဆိုတဲ့ဘာသာရပ်ကို စစ်တပ်ထဲမဝင်ရင် ပတ်ကိုမပတ်သက်နဲ့ဆို မျိုးဆက်ဖြတ်ထားလို့၊ သင်ရင်လည်း တကယ့်နိုင်ငံရေးသိပ္ပံအစစ်မဟုတ်ပဲ ဝါဒဖြန့်၊ ဦးနှောက်ဆေးတဲ့ မှိုင်းမှုန်ပြာရီတွေပဲ သင်တာမို့လို့ ကိုယ်နဲ့ရွယ်တူ ကိုယ့်အောက်လူ လူငယ်လူရွယ်လေးတွေအားလုံး နိုင်ငံရေးမျိုးဆက်ပြတ်ကုန်ပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အာဏာကို တစ်သက်လုံးမောင်ပိုင်စီးထားခဲ့သူတွေက ရိတယ်လေ။ မင်းတို့ပါတီ အကုန်လုံး ထောင်အတွေ့အကြုံကလွဲရင် ဘာရှိလို့ အစိုးရဝင်လုပ်ချင်ရတာတုန်း တဲ့။ အခု အဲ့ဒီထောင်ထွက်တွေက စစ်ဗိုလ်ချုပ်ကြီးတွေကို နည်းမှန်လမ်းမှန် အုပ်ချုပ်ပုံတွေ ပြလိုက်ကြရအောင်။ လောလောဆယ်တောင် နိုင်/ကျဉ်းဟောင်းတွေက ထောင်မှူးဟောင်းကြီးကို တရားဥပဒေဘောင်အတွင်း ပို့ခဲ့ပြီ မဟုတ်လား။ ကလဲ့စားချေရတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ စောစောကပြောခဲ့တဲ့ နိုင်ငံရေးသိပ္ပံသဘောတရားတွေကို နားလည်သဘောပေါက် ကျေညက်နေရမယ်။ သူတို့မှ မဟုတ်ဘူး။ အရပ်ဘက်လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ လူငယ်လူရွယ်တွေကလည်း အတူတူပဲ။ သူတို့တတွေ အားကောင်းမှ အစိုးရအဖွဲ့ထဲမှာရှိတဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးက တဘက်စောင်းနင်း မဖြစ်မှာ။ လူရှိန်အောင် ပြောပြရမလား။ Civil Society မှာ Capacity Building လုပ်နေတာပေါ့ကွယ်။ ဟီးဟီး။
သူတို့ပြောသလိုပါပဲ။ ကိုယ်အားကိုးတဲ့သူတွေမှာ ထောင်သက်ကလွဲလို့ မယ်မယ်ရရ ပညာဆည်းပူးဖို့ အခွင့်မကြုံခဲ့ရဘူး။ ပွင့်လင်းလာတဲ့ နိုင်ငံရေးရောင်နီကလေးလာသခိုက် ကိုယ့်တိုင်းပြည်နိုင်ငံရေးရော၊ ကိုယ့်အိမ်နီးချင်းနိုင်ငံရေးရော ကမ္ဘာ့နိုင်ငံရေးကိုပါ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ဖို့ စာများများဖတ်ကြရတော့မယ်။ ပြည်သူကိုလှည့်စားတတ်ဖို့ လေ့ကျင့်သင်ကြား တာဝန်ပေးထားသူတွေရဲ့ မာယာတောမှာ လမ်းမမှားအောင် အသိလေးနဲ့သတိလေးနဲ့ မြဲမှ ဖြစ်တော့မယ်။ အဲ့တော့ ဒီ “ဖှက်ဒရယ်ဝါဒမိတ်ဆက်” ဆိုတာလေးနဲ့ စလိုက်ကြရအောင်နော်။ (ဆရာရေ။ ကြော်ငြာခလည်း မရဘူး။) ပြီးရင် ပြန်ပြောပြကြဦး။ ဖက်ဒရယ်ဝါဒဆိုတာ ဘယ်လိုဝါဒမျိုးလဲ။ ရခိုင်တွေလိုချင်တဲ့ ဖက်ဒရယ်ပုံစံနဲ့ ရှမ်းတွေတောင်းဆိုတဲ့ ဖက်ဒရယ်ပုံစံက တူရဲ့လား။ ဘာတွေကွာသလဲ။ ဘာတွေက ဖြစ်နိုင်ပြီး ဘာတွေက မဖြစ်နိုင်ဘူးလဲ။ ရှရှားဖက်ဒရေးရှင်းဆိုတာမျိုးကြီး မြန်မာဖက်ဒရေးရှင်းရယ်လို့ ဖြစ်သွားရင် ကိုယ့်အစိုးရနဲ့ကိုယ်ဆိုတော့ ပြီးခဲ့တဲ့အစိုးရတုန်းကလို တောင်ကြီးပတ်ပတ်လည်ကတောင်တွေကို လက်ညှိုးထိုးပြီး အလုံးလိုက် ပုတ်ပြတ်ရောင်းစားလို့ ရဦးမှာလား။ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး အားရပါးရ ငြင်းကြခုန်ကြရအောင်လေ။ ပျော်စရာကြီးနေမှာဗျနော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...