Friday, October 21, 2016

"စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ပထမပိုင်း )"

ခန္ဓာ-၅ပါး တစ်ဦး

"ပဋိစ္စသမုပ္ပါဒ်" ဒေသနာတော်ဟာ ခက်ခဲနက်နဲ လှတဲ့အတွက်..
"ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း" လို့ အမည်ပေးထားတဲ့ ဒီစာစု ကို ပြုစု ရေးသားဖို့ အတော်အချိန်ယူခဲ့ရတဲ့အပြင်၊ အတတ်နိုင်ဆုံး နားလည်ရ လွယ်အောင်နဲ့ စာကြောင်းရေ နည်းအောင် ကြိုးစားထားပေမယ့် စာကြောင်းရေ က များရသည်က တစ်ကြောင်း၊ ဖေ့စဘုတ် စာမျက်နှာတွင် စာကြောင်း အရေအတွက် ကို ကန့် သတ်ချက်ရှိတဲ့အတွက်ကြောင့် ( နှစ်ပိုင်း) ခွဲပြီး ရေးသား ဖေါ်ပြလိုက်ခြင်းကြောင့် ဓမ္မမိတ်ဆွေတို့ အနေ ဖြင့် ဖတ်ရှုမှု လွယ်ကူစေရန် အတွက် အရင်ဆုံး လက်ကိုင်ဖုန်းမှာသော်လည်းကောင်း၊ မိမိတို့ ကွန်ပြူတာ မှာ သော်လည်းကောင်း သိမ်းဆည်းပြီး၊ အချိန်ပေးနိုင်မှသာ အေးအေးဆေးဆေးဖတ်ရှုကြဖို့ တိုက်တွန်းအပ်ပါသည်။


ဝိပဿနာတရားကျင့်ကြံအားထုတ်ကြသူ ဓမ္မမိတ်ဆွေများအနေနဲ့  မိမိတို့ ကျင့်ကြံအားထုတ်လို့ တော်တော်လေးအရှိန်ရလာပြီ၊ဉာဏ်စဉ်လေးတွေ မြင့်လာပြီဆိုရင်တော့..
ဓမ္မစာပေတွေကို လေ့လာခြင်း၊ တရားတော်တွေ နာကြားခြင်းစတဲ့ လုပ်ဆောင်မှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို တရားတော်တွေကို နာယူတာတွေ၊ တရားစာပေတွေ လေ့လာဖတ်ရှုတာတွေဟာ မိမိတို့ ရဲ့ကျင့်ကြံအားထုတ်မှုကို ယခင်က နဲ့ မတူဘဲ ပိုမိုလွယ်ကူစေပြီး ၊ အားထုတ်ရင်း မိမိတို့ တွေ့ ကြုံရတဲ့အပေါ်ပိုပြီးရှင်းလင်းစွာ နားလည် သဘောပေါက်လာနိုင်ကြမှာ ဖြစ်ပါတယ် လို့ ဦးစွာပြောကြားလိုပါတယ်။
အဲဒီလို အားထုတ်လာကြရင်းက ဓမ္မမိတ်ဆွေတို့ဟာ ရုပ်၊နာမ်တို့ ရဲ့ ဖြစ်ပျက်သဘာဝ၊ ကျိုးကြောင်းဆက်နွယ်မှုတွေ အစရှိသည်တို့ ကို မိမိတို့ ရဲ့ ဉာဏ်အားတွေ မြင့်လာတာနဲ့ အမျှ ထိုးထွင်းသိမြင်လာကြပါလိမ့်မယ်။ အဲဒီအခြေနေမှာ "အကြောင်း၊အကျိုး" တွေ အတွက် မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ " ပဋိစ္စသမုပ္ပါဒ်ဒေသနာ" ဟာ ဓမ္မမိတ်ဆွေ ရဲ့ တရားအားထုတ်မှုအတွက် အကောင်းဆုံးသော အထောက်ပံ့ကောင်းပါဘဲ။
ဘယ်လိုဘဲဖြစ်စေ..
မိမိကိုယ်တိုင်ကလည်း အရင်က ဘာတွေရေးထားမှန်းမသိတဲ့ ဒီ"ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်းကို ကြည့်ပြီး တရားအားထုတ်ချင်စိတ် မရှိခဲ့သူ၊ ပရိယတ်အားနည်းသူတစ်ယောက် ဖြစ်ခဲ့သူတစ်ဦး အနေနဲ့  မိမိသိလာသလို ဓမ္မမိတ်ဆွေတို့ သိရှိကြစေရန် နဲ့ တရားအားထုတ်တဲ့အခါ ပိုမိုလွယ်ကူထိရောက်စေရန် သိသင့်တယ်လို ယူဆပြီး ကြားနာခဲ့ရ၊ဖတ်ရှုခဲ့ရတဲ့ "ပဋိစ္စသမုပ္ပါဒ်"ဒေသနာတော် အကြောင်း ကို ဓမ္မမိတ်ဆွေတို့ နားလည်လွယ်အောင် အတတ်နိုင်ဆုံး အတိုချုံးပြီးရေးသားပေးလိုက်ပါတယ်။
" ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်" ဟာ အင်မတန်ခက်ခဲနက်နဲလွန်းလို့  နားလည်လွယ်အောင်လို့ ဆရာတော်တွေဟာ စက်ဝိုင်းပုံ နဲ့ ပြပြီး၊ ရှင်းလင်း ဟောကြားပြကြတာများပါတယ်။ အထက်ကပြောသလိုပါဘဲ တကယ်တော့ "ပဋိစ္စသမုပ္ပါဒ်" ကို လေ့လာတဲ့နေရာမှာ အခုလို စာမှာဖတ်ရှုရတာထက် "ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် " စက်ဝိုင်းကို ရှေ့ ချပြီးဆရာတော်တွေရဲ့ တရားတွေကို နားကြားပြီးမှ သင်ယူတာက ပိုပြီး နားလည်လွယ်နိုင်ပါတယ်။
အခုရေးသားတဲ့ "ပဋိစ္စသမုပ္ပါဒ်ရှင်းတမ်း" လို့ အမည်ပေးထားသော ဒီစာစု ဟာ ဖတ်ရှုနေယင်း နဲ့  "ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း"ပုံကို ကြည့်လိုက်၊ စာဖတ်လိုက် လုပ်ရင်ဖြင့် ပိုပြီး ရှုပ်ထွေးကုန်မှာစိုးတဲ့အတွက်ကြောင့် " ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း" ပုံကို မကြည့်ဘဲ နားလည်လွယ်အောင် လို့ အဓိကကျတဲ့ လိုရင်းအကျဉ်းချုပ် ကို ရှင်းလင်းအောင်ပြန်လည်ရေးသားပြီးဓမ္မဒါနပြုလိုက်ပါတယ်။ နားလည်မှု ခက်ခဲပါက ပြန်လည်ရေးသားသူ မိမိ၏ ရှင်းလင်းတင်ပြပုံ ညံ့ဖျင်းမှုကြောင့်သာဖြစ်ကြောင်း ဝန်ခံပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••
ပထမဆုံးဖေါ်ပြရရင် "ပဋိစ္စသမုပ္ပါဒ် " စကားလုံး ဟာ ဘာလဲ ဆိုတာ ကတော့ ပါဠိစကားလုံး သုံးခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။
ပဋိစ္စ = အကြောင်းကြောင့်၊ ကို မှီလျက်၊
သံ = ကောင်းစွာ၊
ဥပ္ပါဒ = အကြောင်းအားလျော်စွာ အကျိုး ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းတရားကို အမှီပြုပြီး အကျိုးတရား ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။
ပြီးတော့ "ပဋိစ္စသမုပ္ပါဒ်"တရားတော်ဟာ ခန္ဓာတို့ ရဲ့ အဓိပ္ပာယ်နှင့် ခန္ဓာဖြစ်ခြင်းအကြောင်း အကျိုးဆက်တွေကို ဖော်ပြတဲ့တရားဖြစ်ပါတယ်။
တဖန် "ပဋိစ္စသမုပ္ပါဒ်"တရားတော် ဟာ သာမန် ပုထုဇဉ် လူသားတို့ အတွက်
(၁) သက္ကာယဒိဋ္ဌိ
(၂) သဿတဒိဋ္ဌိ
(၃) ဥစ္ဆေဒဒိဋ္ဌိ
(၄) အဟေတုကဒိဋ္ဌိ စတဲ့
ဒိဋ္ဌိအမြင်မှား တွေ ကို ဖယ်ရှားသုတ်သင်ရာမှာ အလွန် အရေးပါတဲ့ တရားတော် ဖြစ်ပါတယ်။ဒါ့ကြောင့် ဝိပဿနာ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ အတွက် မလွဲမသွေ သိသင့်တဲ့တရားပင် ဖြစ်ပါတယ်။
ဒီတော့ ပြောလိုတာက "ပဋိစ္စသမုပ္ပါဒ်" ဆိုတာ "အကြောင်းနဲ့  အကျိုးဆက် အကြောင်းတရား"ပင် ဖြစ်ပါတယ်။
အများအားဖြင့် သိကြတာကတော့
"ပဋိစ္စသမုပ္ပါဒ်" ဟာ "အကြောင်း နဲ့ အကျိုး"၊ "အကျိုး"တစ်ခုခု ဖြစ်လာတယ်ဆိုရင်၊ "အကြောင်း"တစ်ခုခုရှိခဲ့လို့ ဖြစ်လာရတာပါ။ အမှန်ပါဘဲ။ ဒါဟာ "ပဋိစ္စသမုပ္ပါဒ်" ပါဘဲ။
သို့သော် အဲဒီ အကြောင်းအကျိုး မှာ
◆အကြောင်းကြောင့်..အကျိုးဖြစ်ရသလို၊
◆အကြောင်းကြောင့်..အကျိုးကို လုပ်ရတာလည်း ရှိပါတယ်။
ဓမ္မမိတ်ဆွေတို့ မျက်စိလည်သွားပုံရပါတယ်။
"အကြောင်း နဲ့ အကျိုး" နှစ်ခုရှိတဲ့အနက် ၊ "အကြောင်း"က အရင်လာသလား၊ "အကျိုး" ကအရင်လာသလား ပြန်လည်စမ်းစစ်ကြရပါလိမ့်မယ်။ အကျိုးတစ်ခု ဖြစ်လာတယ် ဆိုတာ အကြောင်းရှိလို့ ဖြစ်တယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။ ဒါက ဓမ္မမိတ်ဆွေ တို့ သိထားတဲ့ အချက်ပါ။ ဒီတော့ .."အကြောင်း" က အရင်လာပြီး "အကျိုး"က နောက်ကလာပါတယ်။
ဥပမာအားဖြင့်ကြည့်ကြရအောင်..
"ဗိုက်ဆာလို့ ထမင်းစားတယ်"..
ဗိုက်ဆာတာတာ "အကြောင်း"၊ ထမင်းစားတာက "အကျိုး"။
ဗိုက်ဆာတဲ့ "အကြောင်း"ရှိနေလို့ ထမင်းစားတဲ့ "အကျိုး" ဖြစ်စေပါတယ်။
ဒါက ဓမ္မမိတ်ဆွေတို့ သိထားတဲ့ "ပဋိစ္စသမုပ္ပါဒ် " အကြောင်းအကျိုး ပါ။ ဒီတော့..ဗိုက်ဆာလို့ ဆိုတဲ့ "အကြောင်း"က အရင်လာပါတယ်။
နောက်တစ်ခုကြည့်ရအောင်
"ထမင်းစားဖို့ ထမင်းချက်တယ်"ဘယ်ဟာက အကြောင်း၊ဘယ်ဟာက အကျိုးလဲ၊ ဓမ္မမိတ်ဆွေတို့ သိပါတယ်။
ထမင်းစားဖို့က "အကြောင်း" ၊ ထမင်းချက်တာ က"အကျိုး"ပါ။ အဲဒီမှာ ဘယ်ဟာက အရင်လာသလဲဆိုတော့ ထမင်းချက်တယ်ဆိုတဲ့ "အကျိုး"က အရင်လာပါတယ်။ "အကျိုး"က အရင်လာပြီးမှ "အကြောင်း"က နောက်မှပါ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတာက "ပဋိစ္စသမုပ္ပါဒ်" အကြောင်းနဲ့ အကျိုးကို ဒါပြီးမှ ဒါလာမှာ လို့ ဟောပြောပြီး သိစေချင်ခဲ့တာ မဟုတ်ပါဘူး။ အကြောင်းနဲ့ အကျိုးဆက်စပ်ပုံကိုသာ ဟောကြားခဲ့တာပါ။ ဓမ္မမိတ်ဆွေ အဲဒါ ကို သေသေခြာခြာသဘောပေါက်ရပါလိမ့်မယ်။
နောက်တစ်ခုကတော့..
ထမင်းချက်နေရင်း နဲ့ ယောင်းမ က ကြမ်းပြင်ပေါ် ပြုတ်ကျတော့ ခွက် ခနဲဆိုပြီး အသံမြည်ပါတယ်။ " ဟော..ပြုတ်ကျတော့ အသံမြည်တယ်"။ ဘယ်ဟာက "အကြောင်း"၊ဘယ်ဟာက "အကျိုး"လဲ။
ပြုတ်ကျတာက "အကြောင်း"၊ အသံမြည်တာက "အကျိုး" ပေါ့။ "အကြောင်း"က အရင်လား၊"အကျိုး"က အရင်လား။ အဲဒီအခါ မှာ "အကြောင်းနဲ့ အကျိုး" က ပြိုင်တူဖြစ်ပါတယ်။
ဒါ့ကြောင့် "အကြောင်းနဲ့ အကျိုး" မှာ ..
"အကြောင်း"က အရင်ဖြစ်သလို၊ "အကျိုး"ကလည်း အရင်ဖြစ်နိုင်ပါတယ်၊ ပြီးတော့ "အကြောင်းနဲ့ အကျိုး"တပြိုင်တည်းလည်း ဖြစ်နိုင်တယ် လို့ မှတ်ယူရပါမယ်။
"အကြောင်းကြောင့် အကျိုး" ဖြစ်သလို၊
"အကြောင်း ကြောင့် အကျိုး"ကိုလုပ်ပါတယ်။ "အကြောင်းနဲ့အကျိုး" ဟာပြိုင်တူလည်းလုပ်ပါတယ်။
ဒါက " အကြောင်းနဲ့ အကျိုး" နဲ့ ပတ်သက်လို့ ဦးစွာဖေါ်ပြလိုက်ရတာပါ။
"ပဋိစ္စသမုပ္ပါဒ်" ဆိုတာ ရှုပ်ပါတယ်။
ဘာလို့ ရှုပ်သလဲလို့ ဆိုတော့ အများကြီးရေးထားလို့ ပါ။
အလွန်တစ်ရာမှလည်း ခက်ခဲတယ်၊ နက်နဲ့ တယ်။တော်ရုံဉာဏ်နဲ့ နားလည်ဖို့ အတော်ခက်တယ်။
လွယ်အောင်ဆိုပြီး ဆရာတော်ကြီးတွေက "ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်း နဲ့ ရှင်းပြဟောပြောပေမယ့်လည်း ဉာဏ်အားမကောင်းတဲ့ ပုဂ္ဂိုလ်တွေက တော့ နားလည်သယောင်ယောင် ထင်ရပေမဲ့ လည်နေကြတာ တစ်ပုံကြီးပါဘဲ။ လည်အောင်လည်း စက်ဝိုင်းလုပ်ထားမိသလို ဖြစ်နေတာကိုး.. လို့ ပြောရမလို ဖြစ်နေပါတယ်။
အဲဒီလို ခက်ခဲနက်နဲ တဲ့ "ပဋိစ္စသမုပ္ပါဒ်" ဒေသနာတော် ကို ရှင်းလင်းအောင် ဓမ္မဒါနပြုတဲ့နေရာမှာ ဒီလိုရှင်းလင်းပြလို့  "ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့တရား" က လွယ်သွားတာ တော့ မဟုတ်ပါဘူးဆိုတာ ကိုတော့ နားလည်ပေးပါ..။ အခုလို ရှင်းလင်းပြတဲ့ အပေါ်ကိုယ့်ဉာဏ်နဲ့ လိုက်မှီတယ်လို့ သာ ယူဆပေးကြပါ။
အများသိထားတာက..
"အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ" ၊ စသည်အားဖြင့် ..နောက်ဆုံးတော့.. "ဇရာ မရဏ" အထိ...သွားတာကိုး.. ။ "ပဋိစ္စသမုပ္ပါဒ်" ကို အဲဒီကနေ စပြီး ရှင်းရင်လည်းရပါတယ်။
ဒါပေမဲ့ ဓမ္မမိတ်ဆွေ တို့ အတွက် နားလွယ်အောင် ရေးသားရမှာဆိုတော့...
"ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ" ပြန်လည်ဟောကြားထားတဲ့အတိုင်း "ပဋိစ္စသမုပ္ပါဒ်" ကို အလယ် လောက်က စပြီးရှင်းပြပါ့မယ်။
အလယ်လောက်ဆိုတော့..မူလနှစ်ဖြာ လို့ ပြောကြတဲ့ " အဝိဇ္ဇာ နဲ့ တဏှာ" ပေါ့။
" အဝိဇ္ဇာ" ဆိုတာ မသိမှု။
ဓမ္မမိတ်ဆွေ တို့ သိထားတာက " အဝိဇ္ဇာ ပစ္စယာ သင်္ခါရ" .. မသိတဲ့ "အဝိဇ္ဇာ" ကြောင့် မမြဲတဲ့ " သင်္ခါရ" ကို ပြုလုပ်တယ်။ဒီလိုသိထားတာကိုး...။
" အဝိဇ္ဇာ" ဆိုတာ မသိမှု။
" သိမှု" ကို လည်း အဝိဇ္ဇာ လို့ ခေါ်ပါတယ်။
ဘာတွေကို မသိ သလဲ ဆိုတော့.. အမှန်တရား တွေ ကို မသိပါဘူး။
ဘယ်အရာတွေကို သိလည်း ဆိုတော့ မသိသင့်တာတွေ ကို သိပါတယ်။
အကြောင်းအကျိုးကို သာ သိရင် မိမိယုံထားတာ မှန်တယ်လို့ ထင်ထားတာတွေ အကုန်ပျောက်ပါတယ်။
" အဝိဇ္ဇာ ပစ္စယာ တဏှာ" .. မသိတဲ့ "အဝိဇ္ဇာ" ကြောင့် တက်မက်နှစ်သက်တဲ့ " တဏှာ" ဖြစ်ရတယ်။ " တဏှာ" ကြောင့်လည်း " အဝိဇ္ဇာ" ဖြစ်ရတာတွေ ရှိတယ် ဆိုတာ သဘောပေါက် နားလည်ရပါမယ်။
"ပဋိစ္စသမုပ္ပါဒ်" ဆိုတာက အကြောင်းအကျိုးကို သိစေချင်တာပါ။
"အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ" ဆိုတာ " အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်" ဆိုတာ သိစေချင်တာ၊
ဒီတော့.."သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ" ၊
"သင်္ခါရ" ကြောင့် "ဝိညာဏ်" ဖြစ်၊ "ဝိညာဏ်" ကြောင့် "နာမ်ရုပ်".. ဖြစ်..။ ဒီလိုပါဘဲ.... ဘာကြောင့်ဖြစ်..ဘာကြောင့်ဖြစ်..ဘာကြောင့်ဖြစ် ဆိုပြီး စသည်ဖြင့် ဒီလို နဲ့ သွားလိုက်တော့ နောက်ဆုံး "ဇာတိ" ကြောင့် "ဇရာ မရဏ"...ဖြစ်.. ဆိုတာရောက်သွားရော...ဒါတွေပါဘဲ။
အဲဒီ "ဇာတိ နဲ့  ဇရာ မရဏ"က" မွေးပြီးတာ နဲ့ ပြီးတော့ အိုပြီးသေ တာ "ပါ။
ဒီတော့ "မွေးရင် သေမယ်"။
နောက်ဆုံး အဖြေက ဒါပါဘဲ။
မသေချင်ရင် မမွေး နဲ့ ပေါ့။
မွေးလို့ သေတာပါ။ အလကားနေရင်း အိုပြီး သေတာ မဟုတ်ပါဘူး။ ရုတ်တရက် မတော်တဆ ထိခိုက်မိလို့ ၊ သူများသတ်တာမို့ လို့ သေတာ မဟုတ်ပါဘူး။မွေးလို့ သေတာပါ။ မမွေးရင် မသေပါဘူး။
အဲဒါကို မသိကြတာ။ ကင်ဆာကြောင့်သေတယ်၊ ကားတိုက်လို့ သေတယ်.ရေနစ်လို့ သေတယ် ၊ သေတာကို ပုံစံအမျိုးမျိုး နဲ့ ညွှန်းနေကြတယ်၊ အဲဒီလိုထင်နေကြတယ်။အမှန်တရားကိုမသိကြဘူး။ မွေးလို့ သေတာကို မသိကြပါဘူး။
မွေးတဲ့ သတ္တဝါတိုင်း သေတယ်၊ သေတဲ့ သတ္တဝါတိုင်းကတော့ မွေးချင် မွေးမယ်၊ မမွေးချင် မမွေးဘူး၊ ဘုရား ရဟန္တာ တို့ ကျတော့ သေတော့သေတယ်၊မမွေးတော့ဘူး။
ပြသနာက မွေး လို့ သေတယ် ဆိုတာကို မသိကြတာ။
" မွေးပြီးမှ သေတယ်" ဆိုတာ ကို တော့ လူတိုင်းသိတယ်..နော်။ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတာက "ဒါကြောင့်..ဒါဖြစ်တာ"ကို သိစေချင်တာ။ မွေးပြီးမှ သေတာ ကို သိစေလိုတာ မဟုတ်ဘူး။ သိစေချင်တာက.." မွေးလို့ ..သေတာ" ပါ။
ဒါဆို ဓမ္မမိတ်ဆွေ တို့ သဘောပေါက်မယ်ထင်ပါတယ်။
ဒါကြောင့် မသေချင်ရင် ဘယ်လို လုပ်မလဲ ဆိုတော့..မမွေးအောင် လုပ်ပေါ့၊ မမွေးအောင်ဘယ်လို လုပ်ကြမလဲ။
ကဲဒီတော့ " အဝိဇ္ဇာ နဲ့ တဏှာ" က စရမယ်ဆိုရင်.
"အဝိဇ္ဇာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ အဝိဇ္ဇာ"
" အဝိဇ္ဇာကြောင့် တဏှာဖြစ်တယ်"
" တဏှာကြောင့် အဝိဇ္ဇာဖြစ်တယ်"
အဲဒီ "အဝိဇ္ဇာ၊ တဏှာ" တွေ မြန်မာလို ပြန်ရေးရရင်..
"အဝိဇ္ဇာ"ဆိုတာ ..မသိတာ၊ "တဏှာ"က လိုချင်တယ်။
ဒီတော့..
"အဝိဇ္ဇာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ အဝိဇ္ဇာ"
"မသိလို့ .. လိုချင်တယ်"။ " လို ချင်တော့ ..မသိဘူး"
ဘာကို "မသိတာ"လည်းဆိုတော့ ..
လိုချင်စရာ မကောင်းမှန်း..."မသိတာ"၊
လိုချင်စရာ မကောင်းမှန်း "သိရင်"... မလိုချင်ဘူး။
"အဝိဇ္ဇာ ပစ္စယာ တဏှာ" ဆိုတဲ့..
"အဝိဇ္ဇာ" ကြောင့် "တဏှာ" ဖြစ်တာ...ပါ။
ထပ် ပြောရရင်..
"လိုချင်စရာ မကောင်းမှန်း "မသိတဲ့ အတွက်ကြောင့် လိုချင်တာ" ဖြစ်ပါတယ်၊ ဒါ့ကြောင့် လိုချင်တဲ့ "တဏှာ" ပေါ်ရတယ်။ အဲဒီ "တဏှာ" မပေါ်ချင်ရင် ဘာလုပ်မလည်းဆိုတော့... "အဝိဇ္ဇာ" မဖြစ်နဲ့ ပေါ့။ ကောင်းမှန်း မကောင်းမှန်း "သိလို့ " ကတော့ မလိုချင်တော့ဘူး၊ အဲဒီတော့ .."တဏှာ "မဖြစ်ဘူးပေါ့။
အဲဒါကြောင့် ရှေးဆရာတွေက လွယ်လွယ်နဲ့ ဘာပြောကြသလဲ ဆိုရင်..." မကောင်းမှန်း မသိလို ယူတာ၊ မကောင်းမှန်းသိရင် ဘယ်ယူပါ့မလဲ" ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားရပ်ပါဘဲ။
"တဏှာ ပစ္စယာ အဝိဇ္ဇာ"
" တဏှာ" ကြောင့် "အဝိဇ္ဇာ"ဖြစ်တာ ပြောပါ့မယ်။
လိုချင်တဲ့ "တဏှာ" ဖြစ်ပြီဆိုရင် ကောင်းတာမကောင်း မစဉ်းစားတော့ဘူး။
လိုချင်နေတာဘဲ သိတော့တယ်။
ကျန်းမာရေး မကောင်းလို့  ဆရာဝန်က ဒါမတည့်ဘူးလို့ ပြောထား ပေမယ့်လည်း စားချင်ပြီ ဆိုရင်..တည့်တာ မတည့်တာ မစဉ်းစားတော့ဘူး...စားတာဘဲ။
တစ်ခုတော့ ရှိတယ်.. လိုချင်ပြီဆိုရင်တော့ ရအောင် လုပ်တတ်ကြတယ်နော်။ ရလဲရကြပါတယ်။ ပြသနာ က ဘာလည်းဆိုတော့ ကောင်းမှန်း မကောင်းမှန်း မသိတာ၊ အတုလား အစစ်လား ဆိုတာမသိဘူး..လိုချင်တာဘဲ သိတော့တယ်။
"တဏှာ"ဟာ လိုချင်လွန်း လို့ စဉ်းကို မစဉ်းစားတော့ဘူး.. ကောင်းကောင်း မကောင်းကောင်း ရမှ ဖြစ်မယ် ဆိုတဲ့ "လောဘ" နဲ့ အတူ မသိတာ က ကပ်ပါလာပြီး.." လိုချင်လာတော့.. ဘာမှမသိတော့ဘူး" ဖြစ်လာပါတယ်။
ဒါနဲ့ ဘဲ သံသရာ က လည်ရတော့တာပါဘဲ။
ဒါ့ကြောင့် "ပဋိစ္စသမုပ္ပါဒ်"စက်ဝိုင်းမှာ ဆိုရင် ဒီ " အဝိဇ္ဇာ နဲ့  တဏှာ" ကို အလည်တည့်တည့် မှာထားထားတာပါ။ အဲဒီ နှစ်ခုက အဓိကဘဲ...။ သူတို့ နှစ်ခုက အမြဲတည့်နေတာ။ သူငယ်ချင်းတွေလိုဘဲ..။
"အဝိဇ္ဇာ" က လှည့်လိုက်၊ "တဏှာ" က လိုချင်လိုက်၊ " တဏှာ" က လို ချင်တဲ့အတွက် မသိတာတွေ ရလိုက်နဲ့ ..။သူတို့ ကိုယ်တိုင်လည်း အကြောင်း နဲ့ အကျိုးတွေ ဖြစ်ပြီး အပြန်အလှန် အကျိုးပြုနေတော့တာပါဘဲ။
နောက်ပြီးတော့...
"တဏှာ" က ဘာကို နှစ်သက်နေသတုန်း ဆိုရင်.. "ဝေဒနာ" ကို နှစ်သက်ပါတယ်။
" တဏှာ ရော၊ ဝေဒနာ" နှစ်ခုစလုံးဟာ " သဟေတုဓမ္မ" တွေပါဘဲ။ " သဟေတု ဓမ္မ" ဆိုတာ..အဓိပ္ပါယ်ကတော့.."အကြောင်းရှိလို့ ဖြစ်လာတဲ့ တရား"..ပါ။
အဲဒီလို အကြောင်းရှိလို ဖြစ်လာတဲ့တရား ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မြင်တော့..
ဘယ်သူဘဲမြင်မြင်ပါ၊ အဲဒီ "သဟေတု ဓမ္မ" ကို မြင်လိုက်တာနဲ့ အမှန်လို့ ကိုယ်ထင်ထားတဲ့ ယုံမှားမှု သံသယ တွေ အကုန်ပျောက်ကုန်ပါတယ်၊ အရင်က ကိုယ်ထင်တာတွေ ဟာ တစ်ခုမှ အမှန်မဟုတ်တော့ပါဘူးဆိုတာ သိလာပါတယ်။အဲဒီလို သဘောပေါက်လာပါလိမ့်မယ်။
ဒီလောကကြီးမှာ "အကြောင်းမရှိဘဲ ဖြစ်တဲ့တရား"ဆိုတာမရှိပါဘူး။
ခုန ပြောခဲ့ တဲ့ " တဏှာ" ဆိုတာက သူ့ မှာ လိုချင်တာဘဲ ရှိတယ်၊ ကောင်းတာမကောင်းတာ မစဉ်းစားတော့ဘူး။ ဘာကို လိုချင်သလဲ ဆိုတော့.. "ဝေဒနာ" ကို လိုချင်တယ်။ "ဝေဒနာ" မှာရှိတဲ့ ချိုတယ်၊ချဉ်တယ်၊ငံတယ်၊စပ်တယ်၊အဲဒီလို အရသာမျိုးတွေက အစ ဖြစ်လာတဲ့ ဝေဒနာ ကို လိုချင်နေတယ်။ဒီနေရာမှာတော့ အရသာ ပေါ့လေ။ အရသာ ကို "ဝေဒနာ" လို့ ထားလိုက်ရအောင်၊
ဒီတော့ "တဏှာ" က "ဝေဒနာ" ကို လို ချင်နေတယ်။ ဘာလို့ လိုချင်သလည်း ဆိုတော့ ကြိုက်စရာရှိလို့ ၊ လိုချင်တတ် တဲ့ "တဏှာ" က လိုချင်စရာတွေ ရှိလို့ ပါဘဲ။ ဘာ ကို လိုချင်တာလဲ ၊ ဘာတွေကြိုက်တာ တွေ့ လို့ လည်းဆိုတော့...
"တဏှာဟာ"..."ဝေဒနာ" ကို ကြိုက်တယ်။
"တဏှာဟာ".. "ဖဿ" ကို ကြိုက်တယ်၊
"တဏှာဟာ".. "သဠာယတန" ကို ကြိုက်တယ်၊
"တဏှာဟာ".. "နာမ်ရုပ်" ကို ကြိုက်တယ်၊
"တဏှာဟာ".. "ဝိညာဏ်" ကို ကြိုက်တယ်၊
ပါဠိ လိုတွေ ပြောတော့ နည်းနည်းရှုပ်သွားပုံရပါတယ်။ "သဠာယတန" နဲ့ ပြောမယ် ဆိုရင်တော့...
"မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေ ကို ကြိုက်တာပါဘဲ။ ဒီ ( ၆) မျိုးကိုတော့ "ဆအာယတနခြောက်ပါး"လို့ ဆိုပါတယ်။ " အာယတန" ဆိုတာက အကျယ်ချဲ့ တတ်လို့  "အာယတန" လို့ ခေါ်တာပါ။
ဒီ"သဠာယတန"ကို မြင်ပြီးတော့ စိတ်ထဲက ဘာကို သဘောပေါက်လိုက်ရမလည်း ဆိုတော့ " မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် " လို့ သဘောပေါက်လိုက်ရပါမယ်။
ဒီ "တဏှာ" ဆိုတာက ကြိုက်ပြီဟေ့ ဆိုရင် ဘာမှ ပြောမနေ နဲ့ ကြိုက်နေတော့တာ..
တကယ်တော့..
"တဏှာဟာ"...ကိုယ့် "မျက်စိ" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"နား" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"နှာခေါင်း" ကိုကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"လျှာ" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့် "ကိုယ်ထိတွေ့ မှု" ကို ကိုယ် ကြိုက်တယ်။
"တဏှာဟာ"...ကိုယ့်"စိတ်" ကို ကိုယ် ကြိုက်တယ်။
ဒါကတော့ စာထဲမှာရေးထားတာပေါ့နော်။
"တဏှာ" ရှိသ၍ကတော့ သူက လိုချင်နေမှာဘဲ၊ကြိုက်ချင်နေမှာဘဲ၊ ဘာလို့ ကြိုက်သလဲဆိုရင် ဒါက "တဏှာ"ရဲ့ သဘာဝ ကိုး..။
ဥပမာ..ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပြောရင်ရော ဓမ္မမိတ်ဆွေတို့ ..ကိုယ့်မျက်စိ ကိုယ် ကြိုက်လား၊မကြိုက်ဘူးလား။ ကြိုက်တယ်ဆိုတာ ဒီလို ပြောတာ ဓမ္မမိတ်ဆွေ တို့ စဉ်းစားကြည့်၊ ကိုယ့်မှာ မျက်စိမရှိရင် ဖြစ်မလား၊ မဖြစ်ဘူး။ဒါကတော့ ဥပါဒန် ပါလာပြီ။ ထားပါတော့..။
ဓမ္မမိတ်ဆွေတို့  မျက်စိအကန်းခံမလား၊ အသေခံမလား။
တစ်ချို့ က မျက်စိ ကို ကိုယ့်အသက်ထက်တန်ဘိုးထားတတ်တဲ့လူတောင်ရှိတယ်နော်။ "လောဘ" ဆိုတာ..
တစ်ခြား ပစ္စည်း ဘာညာကြိုက်တာတွေ ခဏထားလိုက်အုံး...
"တဏှာ" က ဘာလာလာကြိုက်မှာဘဲ။အဲဒီလောက် ထိ ကိုယ့်မျက်စိကို ကြိုက်နေတာ၊ ကိုယ့် "နား"ကို ကြိုက်နေတာ၊ ကိုယ့် နှာခေါင်းကို ကြိုက်နေတာ...။ကိုယ်ပိုင်တာကျနေတာဘဲ ကို ကြိုက်တာ..။တကယ်တော့ တဏှာဟာ မျက်စိ၊ နား ၊ နှာခေါင်း တို့ ကို သူပိုင်တာလား၊ သူလုပ်လို့ ရတာလား ပြန်ကြည့်ပေါ့၊
ဥပမာ...
မျက်လုံးကန်း သွားလို့ ရှိရင်၊ ဒါ "တဏှာ"ကုန်လို့ ကွယ်တာ မဟုတ်ဘူး၊ ကံကုန်လို့ ကွယ်တာဖြစ်တယ်။ ကြားဘူးမှာပေါ့.. မျက်လုံးကွယ်သွားတာကြားရင်.. ဪ ကံမကောင်းလိုက်တာ မျက်လုံးကွယ်သွားပါရောလား..ဆိုပြီး။ ဒါက ကံကြောင့် ဖြစ်တာ။ ဒါပေမယ့် "တဏှာ"သူဟာ မှတ်ပြီး ကြိုက်ကို နေတာ.။ဒီ မျက်လုံးလေး နဲ့ လှတာလေးကို မြင်ချင်တယ်။ လှတာမြင်တော့ ကြိုက်လာပြန်တယ်။တဏှာဖြစ်ရပြန်တယ်။ ဒါက နောက်ထပ် တဏှာနော်..မူယင်း ဟို တဏှာက ရှိနေပြီးသား။ ကိုယ့်မျက်စိ လေးကို ကောင်းတာ မြင်စေချင်တဲ့... လောဘ။ မကြိုက်တဲ့ဟာ မြင်တော့. ဒေါသ ဖြစ်ပြီ။
မိမိတို့ ကတော့...ကိုယ့်မျက်စိကို အမြဲတမ်း ဒီအတိုင်းသွားနေမယ်လို့ ထင်တတ်ကြတယ်။
မျက်စိဟာ မှုန်တတ်တယ်၊
ကန်းတတ်တယ်၊
ကြိမ်းတတ်တယ်၊
ကွယ်တတ်တယ်... ဆိုတာ သိတော့သိတယ်။ ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့..မေ့နေတာ။ ဘယ်သူက မေ့အောင် လုပ်တာလည်း ဆိုတော့ " အဝိဇ္ဇာ" ဆိုတဲ့" မောဟ" က မသိအောင်လုပ်ထားတာပါ။
အကြောင်းရင်းက မျက်လုံးကွယ်တတ်တယ်၊မှုန်တတ်တယ် ဆိုတာကို ဘဲ "သိ"ဖို့ ဘဲ လိုတာ။ဒါပေမယ့် ဘယ်လိုဘဲ ဖြစ်ဖြစ် "အဝိဇ္ဇာ "က တော့လက်မခံပါဘူး။ သူ့ ကိစ္စက မသိအောင်လုပ်ဖို့ က သူ့ တာဝန်လေ။
ဥပမာ...တစ်နေ့ ကို ထမင်း ၁၀နပ်လောက်စားရမှ ကြိုက်တဲ့လူ နဲ့ ထမင်းတနပ်ဘဲ စားပြီး နေနိုင်တာ ကို ကြိုက်တဲ့ လူ... ဘယ်ဟာက ကောင်းတုန်းဆိုတော့.. ထမင်း တစ်နပ်ဘဲစားပြီးနေနိုင်တာ ကြိုက်တဲ့လူ လို ဖြေကြမှာပါ။
လောကကြီးမှာ လူတွေ ၊လူတွေ တစ်ချို့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို အများကြီး စားမှ ကောင်းတယ် လို့ ထင်ကြပါတယ်။ အများကြီးစားတဲ့ဟာက ဒုက္ခ ဆိုတာ မသိကြပါဘူး။ ဘယ်သိပါ့မလဲ ၊ကြိုက်နေကြတာကိုး။
အဲဒီလို တစ်နပ်ထဲ စားနေရတာကို ကြိုက်တဲ့လူကလည်း၊ ကြာတော့ ထမင်းစားရတာကိုပဲ အပို အလုပ်တခုလို့ ထင်ကြပြီး၊ ကြာတော ကိုယ့်ပီတိလေး နဲ့ သာ နေချင်တဲ့ သဘောလို ဖြစ်လာတာတွေလည်းရှိကြတယ်။ ပီတိ နဲ့ သာ နေတဲ့ ဗြဟ္မာ၊ဘာညာ တွေ ဆိုတာမျိုးတွေ လိုပေါ့။ အဲဒီလို အပိုအလုပ်တွေ သိလာတာ နဲ့ အမျှ "တဏှာ"ကလည်း လျော့လျော့သွားတာ ပါဘဲ။ ဒါပေမဲ့ အပို အလုပ်တွေ ကို" အဝိဇ္ဇာ" ကတော့ ပေးမသိပါဘူး။အဲဒီလို မသိတာများလေလေ "တဏှာ" ကကြိုက်လေလေပေါ့ ။
ဒီလို ကြိုက်စရာကောင်းအောင် လုပ်ထားတာကို က "အဝိဇ္ဇာ"ပါဘဲ။"ဒုက္ခသစ္စာ" မှန်း မသိအောင် လုပ်ထားတာ " အဝိဇ္ဇာ"၊တကယ်တန်းကျတော့ ဒုက္ခရောက်နေတာကို ဒုက္ခရောက်နေမှန်းမသိအောင်လုပ်ထားတာက "အဝိဇ္ဇာ"။ အဓိက တရားခံဟာ သူပါဘဲ။
ဒီတော့ သူ့ ကို လက်ခံလို့ မဖြစ်ဘူး။ မိတ်ဖွဲ့ လို့ မဖြစ်ဘူး။ သူ့ ကို ကိုယ်က ပယ်ထားပြစ်လိုက်ရမှာပါ။လစ်လျူရှု ရမှာတော့ မဟုတ်ဘူးနော်..။ "အဝိဇ္ဇာ" မလာအောင် လုပ်ဖို့ ကတော့ တော်တော် ခဲယဉ်းပါလိမ့်မယ်။ဘုရား၊ ရဟန္တာ တွေ သာ " အဝိဇ္ဇာ" မလာအောင် လုပ်လို့ ရတာပါ၊
" အဝိဇ္ဇာ" ရှိနေတယ် ဆိုတာကို တော့ သိထားရပါမယ်၊ သူ့ မလာနိုင်အောင်လုပ်ဖို့ ပါဘဲ။
"တဏှာ" ဆိုတာက "လောဘ"၊ အဝိဇ္ဇာ" ဆိုတာက " မောဟ" ၊
ဒီ " အဝိဇ္ဇာ" ဆိုတဲ့ မသိတာ ပျောက်အောင် ဘာနဲ့ နေမလဲ ဆိုတော့ " သိတာနဲ့ " နေမှာပေါ့။ ဒီနေရာမှာ "သိတာ" က ဘာလည်း ဆိုတော့ " ဉာဏ်" ဘဲ။ "ဉာဏ် " နဲ့ နေမယ်ပေါ့။ ဒီ မသိတဲ့ " အဝိဇ္ဇာ" ကို ဘယ်လို လုပ်မလဲ ဆိုတော့.."ဉာဏ်"နဲ့ စောင့်ကြည့်ပြီး ထိမ်းထားပေးလိုက်ရပါမယ်။ အဲဒီလို "ဉာဏ်"နဲ့ စောင့်ကြည့်နေလို့ ကတော့ "အဝိဇ္ဇာ"မလာပါဘူး။အဲဒီတော့.. "တဏှာ" လည်းမဖြစ်ဘူးပေါ့။
ဓမ္မမိတ်ဆွေ တို့  ဝိပဿနာ အားထုတ်တယ် ဆိုတာ "ဉာဏ်"အလုပ်ပါ။
အားထုတ်လို့  "ဉာဏ်" ပေါ်လာပြီဆိုရင် "ဝိဇ္ဇာဉာဏ်" ဆိုတာ ပေါ်တဲ့ အတွက်၊ "အဝိဇ္ဇာဉာဏ်" အကုန်ပျောက်ပါတယ်။ အဲဒီလို" ဉာဏ်" ပေါ်အောင် အားထုတ်နေရင်းက တစ်ချက်ကလေး လွတ်ထွက်သွားတာ နဲ့ အသင့်စောင့်နေတဲ့ " အဝိဇ္ဇာ" က ဝင်လာတော့ တာပါ။ အဲဒီအခါ မှာ ဓမ္မမိတ်ဆွေ တို့ ဟာ စိတ်လွင့်ပြီး ဟိုဟိုဒီဒီ ရှောက်ပြီး စဉ်းစားကုန်တော့ တရားထိုင်ရင်း စိတ်မငြိမ်ဘူးဆိုတာ ဖြစ်လာတာပါ။ ဒါဟာ သဘာဝပါဘဲ။ စိတ် ဆိုတဲ့ သဘောက မငြိမ်ရပါဘူး။ "အဝိဇ္ဇာ"ရဲ့ သဘောက မသိစိတ်ကို တိုက်တွန်းရမယ်။ "တဏှာ" က လိုချင်တဲ့ သဘောဖြစ်ရမယ်။ ဒါပုံသေနည်းတစ်ခုလိုပါဘဲ။ အဓိက တရားခံ ဖြစ်တဲ့ "အဝိဇ္ဇာ" ကို " ဉာဏ်" နဲ့  စောင့်ကြည့်မှသာ ဝိပဿနာ ဉာဏ် တွေ ဖြစ်လာပြီး "အဝိဇ္ဇာ" လည်း အရင်လို ခဏခဏ မလာနိုင်တော့ဘဲ နဲ့ .. စိတ်လွင့်တယ် ဆိုတာလည်း ကျဲကျဲ သွားပြီး နောက်ဆုံး မိမိက "စိတ်" ကို တစ်နေရာထဲမှာ ငြိမ်သက်နေအောင်ထားနိုင်ပြီးတော့ မိမိလိုချင်တဲ့ "မဂ်ဥဏ်၊ဖိုလ်ဉာဏ်" ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ "ဝိပဿနာ" အားထုတ်တယ် ဆိုတာ စာကျက်သလို မျိုး " ငါ ဘယ်လောက်ရအောင် ကျက်ပစ်လိုက်မယ်" လို့ လုပ်လို့ မရပါဘူး။ တစ်ညလုံးစာထိုင်ကျက်သလိုမျိုး၊ တရားမြန်မြန်ရအောင် တစ်ညလုံး အားထုတ်ပစ်လိုက်မယ်ဆိုလို့ မရဘူးဆိုတာ သဘောပေါက်ရမှာပါ။
တရားအားထုတ်တယ် ဆိုတာ အတင်းအားထုတ်လို့ မရပါဘူး။ တရားဆိုမှတော့ တရားတဲ့နည်းအတိုင်းသွားမှသာ တရားရကြမှာပါ။ စာကျက်သလိုသာ ဝိပဿနာ အားထုတ်လို့ ရရင်... စာတော်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ... နိဗ္ဗာန်ကတောင် သုံးခေါက်လောက်တောင်ပြန်လို့ ရနေပြီ။မှတ်ဉာဏ်ကောင်းပေမယ့် လည်း "ဉာဏ် " ဆိုတာ အဲဒီလို လုပ်လို့ မရပါဘူး။
( ဒုတိယပိုင်း ကို ဆက်ဖတ်ပါရန် )
•••••••••••••••••••••••••••••••
ခန္ဓာ( ၅ )ပါးတစ်ဦး
LikeShow more reactions
Com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...