Wednesday, November 2, 2016

"စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ဒုတိယပိုင်း )"

Image may contain: text

"ပဋိစ္စသမုပ္ပါဒ် " ရှင်းတမ်း လို့ အမည်ပေးထားတဲ့ .. ဒုတိယပိုင်း ကို ဆက်လက်လက် ရေးသား ဖေါ်ပြရရင်..
ပထမပိုင်းတုန်းက ရေးလက်စ စကားကို ပြန်ကောက်ရရင်တော့.."ပဋိစ္စသမုပ္ပါဒ် " ကို ပြတ်အောင် လို့  ဓမ္မမိတ်ဆွေတို့ ဟာ တရားအားထုတ်ကြပါတယ်။ အဲဒီလို တရားအားထုတ်တယ် ဆိုတာ အတင်းအားထုတ်လို့ မရပါဘူး။ ခက်နေကြတာက အတင်းအားထုတ်မှ ရတာဆိုတာချည်းကို က ခက်နေကြတာပါ။

မရပါဘူး၊ စာထဲမှာလည်း အဲဒီလို အားထုတ်ရမယ်လို့ လည်း မပါပါဘူး။ ဒီတော့ ဓမ္မမိတ်ဆွေတို့ လည်း ဗဟုသုတ ရအောင် ပြောရရင်..
ဘုရားရှင်ကိုယ်တော် မြတ်ကြီး ဗောဓိပင်အောက် ရွှေပုလ္လင် အထက် ဘုရားဖြစ်တော့မယ့် နေ့ က " ငါ ဟောဒီနေရာကနေ ဘုရားမဖြစ်ရင် မထဘူး"ဆိုတဲ့ အဲဒီစိတ် .. အဲဒါကို " မဟာဘရဏယဂ္ဂီဂ"ခေါ်ပါတယ်။ဝီရိယ လေးပါးပါ။အသက်သေချင်သေပါစေ။ အဲဒီ စိတ်ဟာ ဘုရားရှင်တွေ နဲ့ ဘုရားလောင်းတွေ မှာသာ ပေါ်တာပါ။ဒီ ကနေ ဘုရားမဖြစ်မခြင်း မထဘူး၊ အဲဒါ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ ဝီရိယ။
အဲဒီ စကားလုံးလေးကို ယူပြီးတော့ တစ်ချို့ ပုဂ္ဂိုလ်တွေက တရားမရမခြင်း မထဘူး၊လုပ်ကြတာ ရှိပါတယ်။
အဲဒီ "ဝီရိယ"က ဘုရားရှင်နဲ့ ဘုရားလောင်းတွေမှာသာ ပေါ်တယ် ဆိုပေမယ့်လည်း၊ သေခြာပေါက် ဘုရားဖြစ်မယ်ဆိုတဲ့ နေ့ ကျမှ ဉာဏ်တော်မှာ ဒီ ဝီရိယ ပေါ်တာပါ။စာထဲမှာတော့ အဲဒီအတိုင်း ဆိုပါတယ်။ဘုရားရှင် နဲ့ ဘုရားလောင်းတွေ ဘဲ ပေါ်တဲ့ ဝီရိယ နော်..။ ဓမ္မမိတ်ဆွေ တို့ လွဲနေမှာစိုး လို ပါ။ ကိုယ်မှ ဘုရားလောင်း မဟုတ်ဘဲ။ ဘုရားလောင်း ဖြစ်အုံးတော့ ဘုရားတောင် အကျင့်မှားပြီး ( ၆ )နှစ်ကျင့်ခဲ့ရတာ၊ အဲဒီတုန်းက ဒီ ဝီရိယ မှ မဖြစ်ခဲ့ တာ။
ဘုရားဖြစ်မဲ့ နေ့ကျမှသာလျှင် ဘုရားရှင် ရဲ့ ဉာဏ်တော် အားကြောင့်သာ ပေါ်လာတာပါ...တဲ့။
ဗဟုသုတ ရှိအောင်ပြောပြတာပါ။ ဝိပဿနာ ဆိုတာ " ဉာဏ်" အလုပ်ပါ၊ အတင်း လုပ်စရာမလိုပါဘူး။
ဝိပဿနာ အားထုတ်တယ် ဆိုတာ.. အပ်ချည် နဲ့ အပ်ပေါက် ထိုးသလိုပါဘဲ။ အတင်းကာရောလည်း ထိုးလို့ မရပါဘူး။အပ်ပေါက်ထိုးတော့မယ်ဆိုရင် အရင်ဆုံး ချင့်ချိန့်ရတယ်၊ အပ်ချည် ထိပ်ဖျားလေး ဖွာနေရင် တံတွေး နဲ့ အသာလေး စွတ်ချင်စွတ်၊ အပ်ပေါက်ထိုးခါနီးကျမှ ကြည့်လိုက်တော့ ထိပ်ဖျားလေးက ခွေကျ နေလို့ ထိပ်ဖျားလေးကို သွားလေး နဲ့ ဖြတ်တောက် ရတယ်။ ဒါကတော့ ဉာဏ် ကူတာပေါ့နော်၊ ပြီး တော့ အနေတော်ဘဲ ဆိုမှ အပ်ပေါက်ကို လက်ငြိမ်ငြိမ်ထားပြီး ထိုးသွင်းရတာ၊ အဲဒီအချိန်မှာ သတိလည်းရှိရတယ်၊ သမာဓိလည်းပါရတယ်၊"ဉာဏ်"လည်းပါရပါတယ်၊ ကြိုးစားအားထုတ်မှု လုံးလ ဝီရိယ ဆိုတာတွေ ပါရပါတယ်...ပေါ့။ အဲဒီလိုမျိုးပါဘဲ ဝိပဿနာ အားထုတ်တယ်ဆိုတာ။
ဒါကြောင့် ဝိပဿနာ အားထုတ်တယ်ဆိုတာ "ပဋိစ္စသမုပ္ပါဒ် " ပြတ်အောင်အားထုတ်တာပါ။ဘယ်လို ဆိုရင် ပြတ်တာလည်းဆိုတော့ " တဏှာ" မရှိတော့ရင် ပြတ်ပါတယ်။
"တဏှာ" ရှိလာတာ နဲ့  လိုချင်တာရှိလာပါတယ်၊စွဲလမ်းတာ ရှိလာပါတယ်၊ "ဥပါဒါန်" ပေါ့။
လိုချင်တော့..စွဲလမ်း၊ စွဲလမ်းတော့ ... ပြုလုပ်၊ဒီ သုံးခု ကတော့ တပြိုင်ထဲ ဆိုသလို ပါဘဲ။
ဘာဖြစ်လို့ လဲဆိုတော့.. လိုချင်ရင် စွဲလမ်းတာကို လိုချင်တာပေါ့၊လိုချင်တာနဲ့ စွဲလမ်း၊ စွဲလမ်းတာနဲ့ လို ချင် အတူတူပါဘဲ။မစွဲလမ်းတော့ မလိုချင်တော့ပါဘူး။ မစွဲလမ်းရင် အရမ်းသက်သာပါတယ်။
ဥပမာ
ဓမ္မမိတ်ဆွေတို့ အသံတစ်ခုကြားတယ် ဆိုပါစို့ ...
နားထောင်လိုက်လို့ ကြားတာလား၊နားမထောင်ဘဲရော မကြားဘူးလား။
တကယ်တော့ အသံ နဲ့ နားနဲ့ ထိရင် ကြားရပါပြီ။ အဲဒီ "ကြားတယ်" ဆိုတဲ့အချိန်မှာသာ ရပ်ထားရင် ကိစ္စပြီးပြီ၊ရှေ့ ဆက်စရာ မလိုတော့ပါဘူး၊ဘယ်လောက်သက်သာတယ်မှတ်သလဲ။
အခုတော့...ကြားတဲ့အပေါ် ရှေ့ ဆက်လိုက်မိကြတော့ အဲဒီမှာ တစ်ခါ ကြားချင်တာ ဆိုတဲ့ နောက်"တဏှာ" က ထပ်ဆင့်လာပြန်ရော၊အသံ နဲ့ နား နဲ့ ဆုံလို့ ကြားရတာကို အားမရလို့  နားထောင်ချင်တာ ထပ်ပေါ်နေတော့တယ်။ အဲဒါ ဘယ်သူလဲဆိုတော့.. "တဏှာ"ပါ။
ဥပမာ ကုသိုလ် ဖြစ်နေရင်ရော အဲဒီ "တဏှာ" တိုက်ရိုက်တော့ မပါဘူး၊နောက်ကကွယ်ရာကနေ ပါတယ်။အသံ နဲ့ နား နဲ့ ဆုံလို့ ကြားတာ ကို ကိုယ်က လက်မခံနိုင်တော့ ၊အသံ နဲ့ နားနဲ့ ဆုံရင်ကြားပါတယ်၊ နှလုံးသွင်းရင်ကြားတာပေါ့၊ အဲဒီ နှလုံးသွင်းရတာနဲ့တင် မကျေနပ်ဘဲ နဲ့ နားထောင်ချင်လို့ ဖြစ်ရတာ "တဏှာ"၊ အဲဒီလို ပါဘဲ မြင်တဲ့ အခါ မှာ လည်း ဒီအတိုင်းပါဘဲ။ အဆင်း နဲ့ မျက်လုံး နဲ့ ဆုံ တာကိုတင် အားမရသေးဘဲ၊ ဘာဖြစ်သလဲ ဆိုတော့ ကြည့်ချင်နေတယ်။အဲဒါ "တဏှာ"ဘဲ။
ခုရှင်းပြတဲ့ အထိ..ဓမ္မမိတ်ဆွေတို့သဘောပေါက်မယ်ထင်ပါတယ်။
အဲဒီလို မျက်လုံး နဲ့ အဆင်း တွေ့ လို့ မြင်လိုက်တဲ့အခါမှာ မြင်ယုံ နဲ့ တင်ရပ်ထားပစ်လိုက်ရမှာလား၊ ကြည့်ချင်တဲ့အထိ ဆက်သွားရမှာလားဆိုတာ ဓမ္မမိတ်ဆွေတို့ သဘောပေါက်လောက်ပါတယ်။
အဲဒီလိုဘဲ..
မြင်လိုက်တဲ့..အချိန်၊ ကြားလိုက်တဲ့..အချိန်၊ကြားလိုက်တဲ့.....အချိန်၊ စားမိလိုက်တဲ့...အချိန်၊ ထိမိ လိုက်တဲ့...အချိန်၊ စိတ်ကူးဖြစ်လိုက်တဲ့..အချိန် တွေ မှာ "ဉာဏ် " နဲ့ အသိကပ်လိုက်ပြီးတော့ " မြင်ယုံ၊ကြားယုံ၊နံယုံ၊အရသာရယုံ၊ထိတွေ့ ယုံ၊စိတ်ကူးမိယုံ " မှာတင်ဘဲ ရပ်ပစ်လိုက်ကြဖို့ လို့ ပါတယ်။
အဲလိုမှ မရပ်ဘူးဆိုရင်..
"တဏှာ" ပြီးတော့ "စွဲလမ်း" ၊ နောက် မရမက ဖြစ်လာပြီ "ကာမဘဝ" နောက် ဆက်ဆက်ပြီးသွားတော့...အဲဒီမှာဘဲ သံသရာ က ဆက်မဲ့ အကြောင်းတွေ ဖြစ်တော့မှာပါ။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟာ "လွဲ"တာ နဲ့ သံသရာလည်တော့ တာပါဘဲ။
"တဲ့" သွားရင်တော့ သံသရာပြတ်ပါတယ်။
အခုထိ မပြတ်သေးတာဟာ ကိုယ်အားထုတ်သမျှတွေ "လွဲ" နေလို့ ပါဘဲ။ကိုယ့်ဖာသာကိုယ် သိကြပါလိမ့်မယ်။
တကယ်တော့ လူတွေ ထင်နေကြတာက.. မြင်ရင်ကြိုက်တယ် ဆိုတာ... "အဆင်း"ကိုကြိုက်တယ်လို့ ထင်နေကြတာ။ တကယ်တော့ ကိုယ့်"မျက်စိ"ကို ကိုယ်ကြိုက်နေတာပါ၊တစ်ခါတစ်လေ ကြိုက်တာက ဟို အာရုံ၊ ဒီအာရုံပါ။ ဓမ္မမိတ်ဆွေတို့ သဘောပေါက်မယ်ထင်ပါတယ်။ ကိုယ်မျက်စိ အားကိုးပြီး ကောင်းတာလေးတွေ မြင်ချင်နေတာ၊ကြည့်ပြီး တစ်ခါတစ်လေကြိုက်တယ်၊ တစ်ခါတစ်လေ မကြိုက်ဘူး။ ကိုယ့်မျက်စိ ကို မကြိုက်ဘူးဆိုတာ တစ်ခါမှ မရှိပါဘူး။ စ ပြီး ကြိုက်ကတည်း က ကိုယ့်မျက်စိ ကိုဘဲ စကြိုက်တာ။ ကိုယ့်မျက်စိ ကို ကောင်းတာဘဲ မြင်စေချင်တယ်၊ အဲဒါနဲ့ ဘဲ ကောင်းတာ မကောင်းတာတွေလည်း မြင်ရော" လောဘ၊ဒေါသ" တွေ ဖြစ်ကုန်ကြတော့တာဘဲ။
"နား" လည်း ထို့ အတူပါဘဲ။ ချီးမွှန်းတာဆို ကြိုက်တယ်၊ ကဲ့ရဲ့တာ ဆို မကြိုက်တော့ လောဘ၊ဒေါသတွေ ဖြစ်ကုန်တာပါဘဲ။ အဲဒီတော့ နောက်ထပ်ပေါ်လာတဲ့ "တဏှာ" တွေ ဖြစ်ရပြန်ပါတယ်။ နောက်မှ ပေါ်တဲ့ "တဏှာ"ကတော့ လောဘ နဲ တွဲနေတယ်၊ ပြီးတော့ ဒေါသ နဲ့ လည်းတွဲနေပါတယ်။
ပထမ တဏှာ က သူဖာသာသူ၊ နဂိုတည်း က ကိန်းနေတာ.. သူ က ကိုယ့်မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် သူက ကြိုက်နေတာ....။
တကယ်တော့ ကိုယ့်မျက်စိ ကို မကောင်းမှန်းမသိကြဘူး။ကိုယ့်မျက်စိ ကို ကိုယ်တိုင် ပြန်ပြီးကြည့်သင့်ပါတယ်။ မျက်စိ ကောင်းတာ တစ်ခုက ဘုရားဖူးဖို့ ဘဲ ကောင်းတယ်၊ နား ကလည်း တရားနာ ဖို့ ကောင်းတယ်၊ ကျန်တာ ဘာတစ်ခုမှ မကောင်းပါဘူး။အဲဒီလို ဆိုရင် ကိုယ့်မျက်စိ ရဲ့ သဘောကို နည်းနည်း သိလာပါလိမ့်မယ်။
ကိုယ့်အကြောင်းကိုယ်စဉ်းစားကြည့်လိုက်ပါ၊ ကိုယ့် မျက်စိ ဘယ်တော့ "ကွယ်"မယ်ဆိုတာ သိပါသလား၊ကွယ်ရော မကွယ်တတ်ဘူးလား၊ ကွယ်တတ်တယ် လို့ သိထားရင် ခုချက်ချင်းကွယ်လည်း မမှုတော့ပါဘူး။နောက်ကျမှ ကွယ်လည်း မမှုတော့ပါဘူး။
မျက်စိကောင်းနေတယ်ဆိုတာ "မှုန်"လာတာ နဲ့  အဆုံးသတ်ပါတယ်။
မျက်စိ မြင်တယ်ဆိုတာက "ကွယ်"တာ နဲ့ အဆုံးသတ်ပါတယ်။အဲဒါကို ကိုယ့်မျက်စိ ကို ဘာနဲ့ ကြည့်တာလည်း ဆိုတော့ " ဉာဏ်" နဲ့ ကြည့်တာပါ။ ဒါဆို "နား"ကို လည်း ကြည့်တတ်ပြီပေါ့။ ဒါဆို တစ်ကိုယ်လုံး ကြည့်တတ်ပြီပေါ့။
တစ်ကိုယ်လုံးကို ကြည့်တတ်မှတော့..
ဒီတစ်ကိုယ်လုံးဟာ ဖြစ်လာတောလည်း ဒီကောင်ဘဲ၊"မှုန်" လာတော့လည်းဒီကောင်ဘဲ၊" ကွယ်" လာတော့လည်း ဒီကောင်ဘဲ အဲဒါကို ကိုယ့်မျက်စိကို ကိုယ်ကြည့်တယ်လို့ ခေါ်တယ်။
အဲဒီ မျက်စိ" ဖြစ်"လာတာရယ်၊ "မှုန်"လာတာရယ်၊ "ကွယ်"လာတာ ရယ် ကို " ဉာဏ်" နဲ့  ကြည့်လိုက်တဲ့ အခါကျတော့..
ဇာတိက မျက်စိလေး " ဖြစ်"လာတာ..။
ဇရာ က "မှုန်" လာတာ..။
မရဏ က ဘာဖြစ်လည်း ဆိုတော့ "ကွယ်"တာ။
တကယ်တော့
"သာဠာယတန" ရယ် " ဇာတိ၊ ဇရာ မရဏ" ရယ်က အတူတူ၊
မျက်စိ လက္ခဏာက ...
မျက်စိ " ဖြစ်မယ်၊မှုန်မယ်၊ကွယ်မယ်"
နားရဲ့လက္ခဏာက
နား" ဖြစ်မယ်၊နားလေးမယ်၊ကန်းမယ်"
ဒါ့ကြောင့် ကိုယ့်မျက်စိကိုယ်ပြန်ကြည့်ဆိုတာ အဲဒီသဘောသိဖို့ ပါ။အဲဒီသဘော မသိထား တဲ့ လူကတော့ ဗြုန်းကနဲ "ကွယ်"ရင်သိပ်ခံရခက်ပါတယ်။ ကြိုသိပြီးမှ "ကွယ်" ရင်တော့ တော်သေးတာပေါ့နော်။ဒါကြောင့် လူတွေအမြဲပြောတာ.. တရားရှိတဲ့လူ နဲ့ တရားမရှိတဲ့လူ ဆိုတာ။
အတိတ် ကံ တစ်ခုခု ကြောင့် ကွယ်ခဲ့သည်ရှိသော် " မျက်စိဟာ ကွယ်တတ်တယ် "လို သိထားတဲ့ လူအတွက်ခံသာတာပေါ့။ကွယ်ချင်ကွယ်မယ်၊ မကွယ်ချင်မကွယ်ဘူးလေ။
အကုန်လုံးဟာ အဲဒီလက္ခဏာတွေ အကုန်ရှိတယ်။ " ဖြစ်လာမယ် ၊ မှုန်မယ်၊ ကန်းမယ်" ဆိုတဲ့ အဲဒီအသိဆိုတာ ကို သိထားတဲ့ အတွက်ကြောင့် မျက်စိ အဆင်မပြေရင် ဘာမှ ဖြစ်စရာမရှိတောဘူး။
ဒါဆို "လူ" ဖက်ကို လှည့်ပြီး ပြောရရင်တော့....
လူဆိုတာ မွေးလာရင် သေမှာဘဲ ဘယ်တော့သေမယ် ဆိုတာသာ မသိတာပါ။ သေမှာကို တကယ်သိထားရင်လေ နေရထိုင်ရတာ သက်သာပါတယ်။
သံဝေဂ ရဖို့ အတွက်..
" မွေး အို သေ" ကို မြင်ရတယ်။
ဝိပဿနာ ဉာဏ်ရဖို့ အတွက်
"ဖြစ်တယ်၊ ပျက်တယ်" ကို မြင်ရတယ်...တဲ့။
ဘာတွေ မြင်ရမလည်းဆိုတော့...
အာရုံ လေး ဖြစ်နေတာ ကို မြင်ေ ရမယ်။ သိ နေရပါမယ်။
ဓမ္မမိတ်ဆွေ တို့ အခု ဒီစာကြောင်းကို ဖတ်နေတဲ့ အချိန်မှာ ဖြစ်နေတဲ့ အာရုံ ကို သိရပါမယ်။ ခုန ဒီစာကို စ ဖတ်တုန်းက အာရုံရော၊စိတ်တွေ ရော မရှိတော့ဘူး ဆိုတာ သိရပါမယ်။ ကိုယ့် မျက်စိကို ကိုယ်ကြည့်သလို ကိုယ်နဲ့ ဆုံတဲ့ အာရုံ ကိုလည်း ကိုယ်ကြည့်ရမယ်။
ဝိပဿနာ ဆိုတာ ဉာဏ်ရှိရင် ကိုယ့် မျက်စိ၊နား၊ခန္ဓာ ကို လည်း ကိုယ်ကြည့် နိုင်သလို ကိုယ့်အာရုံကိုလည်း ကိုယ်ကြည့်နိုင်ပါတယ်။
အဲဒါ ကြည့်နေယုံလေးပါ..ဘဲ..
ကြည့်တော့ ဘာထူးလဲ ဆိုတော့.
ကြည့်တော့ မြင်တယ်ပေါ့၊
မြင်တော့ သိတယ်ပေါ့၊
သိတော့ နားလည်တယ်..ပေါ့၊
အဲဒီလို နားလည်လိုက်ပြီ ဆိုရင်တော့..
ဓမ္မမိတ်ဆွေ ခုန မြင်ခဲ့ရတဲ့၊ ဆုံခဲ့ရတဲ့အာရုံတွေ ဟာ တစ်ခုမှ မရှိတော့ဘူး..ဆိုတာ အလိုလို သိသွားပါတယ်။
သူများပြောလို့ မှ သိတာ မကောင်းဘူးနော်..
ကိုယ် ကိုယ်တိုင် မြင်ခဲ့ရတဲ့အာရုံတွေ ကို ခုလို ဖြစ်ပြီး မရှိတော့ပါလား၊ ခုလို ဖြစ်ပြီးမရှိတော့ပါလား ဆိုတဲ့ အသိနဲ့ မှသာ ဒီအာရုံ ကို စွဲချင်တဲ့ သတ္တိ၊ လိုချင်တဲ့သတ္တိ မရှိတော့မှာပါ။ ဘာလို့ မရှိတာလည်း ဆိုရင် အဲဒါတွေက လို ချင်စရာမကောင်းလို့ လား၊ လိုချင်လို့ ကို မရလို့ လား၊ အဲဒါလေး အရေးကြီးတာပါ။
ဥပမာ နှာသီးဝ က လေတိုးတာ လေးကို ကြည့်နေတယ်၊ တိုးတာလေး ကို ကြည့်နေတယ် ၊ အဲဒီ တိုးတာလေးကို တရားထင်ပြီးတော့ တိုးတာလေး သဘောကျနေရင် ဘယ်သူပါသွားမလဲ ဆိုတော့ " တဏှာ"ပါသွားပါပြီ။
ဓမ္မမိတ်ဆွေဟာ..အဲဒီ တိုးတာလေး သဘောကျတဲ့ အတွက် နောက် တစ်တိုးရအောင် လုပ်တော့မယ်လေ၊ ဒီတော့..တိုးတာလေးကို လုပ်လိုက်တယ်၊ တိုးတာလေးကို လိုချင်လို့ စွဲတယ်၊ နောက် တစ်တိုးပေါ်အောင် ဆက်လုပ်တယ်။ ဘာလို့လဲဆိုတော့ နောက် တစ်တိုး ဆက်လာအုံးမယ် လို စွဲနေလို့ ဖြစ်တာပါ။ တကယ်တော့ သေတယ် ဆိုတာ ဒီတစ်တိုး နဲ့ ဒီတစ်တိုး မဖြစ်တော့ တာကို ပြောတာ။ ဒီတစ်တိုး တိုး ပြီး နောက်တစ်တိုး ထပ်မတိုးတော့တာဟာ.. သေတာဘဲ။
ဓမ္မမိတ်ဆွေ တို့ သေသေချာချာဖတ်ပါနော်.. တစ်ကယ်နားလည်ရင် တန်ဖိုးရှိလို့ ပါ။
တရားအားထုတ်ရင်း သေတာ လက်မခံဘဲ နဲ့ ဒီတစ်တိုးပြီးရင် နောက်တစ်တိုးလာအုံးမယ်လို့  စွဲနေတာ အစွန်းတစ်ပါးရောက်တယ်လို့ ခေါ်တာပါဘဲ။
အဲဒါကြောင့် မတိုးတာကို တိုးအောင်လုပ်ဖို့ မဟုတ်ဘူး။ တိုးနေတာကို မတိုးအောင် လုပ်ဖို့ လည်းမဟုတ်ပါဘူး။
တစ်ချို့ ကလည်း တိုးတာတွေ တိုးတာတွေ ကြည့်နေရင်း တိုးတာတွေ မရှိရင်ကောင်းမှာဘဲဆိုပြီး တိုးနေတာ ကို မတိုးအောင် အသက်အောင့်ပြီး ပြတ်အေးရော..ဆိုပြီး လုပ်တာတွေ ရှိပါတယ်။ အဲဒါတွေလည်း အစွန်းတစ်ပါးကိုငြိစေတာပါဘဲ။
မျက်စိကို ကြည့်တတ်ပြီး ဖြစ်သလို တစ်ကိုယ်လုံးကို ကြည့်တတ်တဲ့ အပြင် ကိုယ် နဲ့ ဆုံတဲ့ အာရုံ ကိုလည်း ကြည့်တတ်ပြီဆိုတော့...အခု ကြည့်တတ်ပြီလို့ ပြောနေတာတေံဟာ မျက်စိနဲ့ ကြည့်တာ မဟုတ်ဘူးနော်၊ စိတ်နဲ့ လည်း ကြည့်တာ မဟုတ်ဘူး၊ ဉာဏ် နဲ့ ကြည့်တာပါ။ ဉာဏ် နဲ့ ကြည့်တော့ ဘာမြင်သလည်း လို့ ဆိုတော့...
ဒီမျက်စိ ကလည်း ဖြစ်လာပြီး မှုန်ပြီး ရင် ကွယ်မှာဘဲ..။ မြင်တဲ့ အာရုံလည်း မှုန်ပြီးရင် ကွယ်မှာဘဲ..။ သေတဲ့အခါ မျက်လုံးကွယ်ပါတယ်။ ဒီသဘောပါ။
ကွယ်မှာဘဲ.. ဆိုတာတောင် အတွေးက ပါနေသေးတယ်၊စဉ်းစားတာပါနေသေးတယ်။
တစ်ကယ်မျက်ဝါးထင်ထင် အာရုံ မှာ တွေ့ ဘူးတယ် ဆိုရင် ဘယ်အာရုံ ကျန်သေးလဲ။ဘယ် အာရုံ ရှိသေးလဲ။ ကောင်းတဲ့ အာရုံ လည်း သွားပြီ။ မကောင်းတဲ့ အာရုံလည်း သွားပြီ။
ဓမ္မမိတ်ဆွေ တို့  ကောင်းတာနဲ့ ဘဲ ဆုံဆုံ၊ မကောင်းတာနဲ့ ဘဲ ကြုံကြုံ၊ ဒါတွေ ဟာ...
" ဘာမှ မဟုတ်ပါဘူးကွာ" ဆိုတဲ့ စိတ်ကို ထားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
အရင်တုန်းက ကောင်းတာတွေ ဆုံခဲ့တယ်မဟုတ်လား၊ အခုရှိသေးလား၊ မကောင်းတာတွေ လည်း ကြုံခဲ့တယ် မဟုတ်လား၊ အခု ရှိသေးလို့ လား၊
မသိတဲ့ လူတွေ၊ နားမလည်တဲ့ လူတွေက တော့ ပြီးပြီးပျောက်ပျောက် နဲ့ မရှိဘဲသွားကြတာ..။
တကယ်တန်း ဝိပဿနာ အားထုတ်တဲ့ ဉာဏ်သမား ပုဂ္ဂိုလ် ကတော့ "သဘောပေါက်တာလေး" ကျန်ခဲ့တယ်။
"ဘာမှ မဟုတ်မှန်း" သိတာလေးကို သဘောပေါက်ပြီး ကျန်ခဲ့တာပါ။
အခု ဓမ္မမိတ်ဆွေ တို့ ဒီစာဖတ်နေတုန်းမှာလည်း အာရုံအမျိုးမျိုး ရခဲ့မှာပါ။ကောင်းတာ ပေါ်ခဲ့သလို့ မကောင်းတာလည်းပေါ်ခဲ့တယ် ။ ဒီစာကြောင်းကို ဖတ်နေတဲ့ အချိန်မှာ ခုန အာရုံတွေ က မရှိတော့ဘူး။ အဲဒီ ကျန်ခဲ့တာတွေ ကို ပြီးသွားပြီး "ဘာမှလည်းမဟုတ်ပါလား " ဆိုတဲ့ အသိမျိုးကို ရှိစေချင်တာပါ။
အဲဒါကို ပါဠိလို ခေါ်တော့..
" အနတ္တ" လို့ ခေါ်ပါတယ်။
ဘာမှမဟုတ်တာ ကို သဘောပေါက်တဲ့ ဉာဏ် ကို " အနတ္တဉာဏ်" လို့ ခေါ်ပါတယ်။
အခု ရှေ့ ဆက်ရှင်းပြမဲ့ နေရာမှာ ဓမ္မမိတ်ဆွေတို့ အသေအခြာ သတိထားမှတ်စေချင်ပါတယ်။
"ချိန်ခွင်"တစ်ခုရှိတယ်ဆိုကြပါစို့ ....
အဲဒီ "ချိန်ခွင်" မှာ တစ်ဖက်က "ကုန်ပစ္စည်း "ကို ထည့်သလို၊ နောက်တစ်ဖက်မှာ လည်း "အလေး" ကို ထည့်ပါတယ်။
ပစ္စည်းထည့်တဲ့ဖက်မှာ ထည့်ချင်သမျှပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထည့်လိုက်တယ်၊ ချိန်လိုက်၊ ထည့်လိုက် ချိန်လိုက် ထည့်လိုက် နဲ့ တစ်ခုပြီး တစ်ခု သာ ပြောင်းပြောင်းသွားတယ်။ အလေးထည့်တဲ့ ဖက်ကတော့ မပြောင်းဘူး.. ဒီအလေး ဘဲ ထည့်နေတာ။
ပြောချင်တာက..ဒီဖက်က "အာရုံ"နဲ့ တူတဲ့ ပစ္စည်းထည့်တဲ့ဖက်ပေါ့၊ ပစ္စည်းတွေက ပြောင်းပြောင်းသွားတယ်။ ဒီဖက်ကတော့"အလေး"ထည့်တဲ့ ဖက်၊ အဲဒီဖက်က " စိတ်"ပေါ့။
ပစ္စည်းထည့်တဲ့ ချိန်ခွင်ဖက် ကျတော့ ကြက်သားထည့် လိုက်၊ ငါးထည့်လိုက် နဲ့ ပစ္စည်းတွေ အမျိုးမျိုး ပြောင်းထည့်လို့ ပြောင်းမှန်းသိပေမယ့်၊ ဒီဖက်က အလေးထည့်တဲ့ ဖက်ကျတော့ ပြောင်းမှန်းမသိဘူး၊ တောက်ရှောက်ထည့်ထားတာမို့ ချိန်ပြီးတာနဲ့ နောက်ဆုံး ဘေးတော့ချထားလိုက်တာဘဲ။
အဲဒီလိုပါဘဲ...
ပစ္စည်းထည့်တဲ့ဖက်မှာ ရှိတဲ့.."အရှုခံအာရုံ" တွေ က ပြောင်းပြောင်း နေသလို...ကိုယ် ရှုတဲ့ "စိတ်" ကလည်းဘဲ ပြောင်းပြောင်းနေပါတယ်။ ဒီပစ္စည်း ကြက်သား နဲ့ ချိန်တုန်း က အလေးဟာ ငါး ကို ချိန်မဲ့ အလေး မဟုတ်တော့ပါဘူး။ ကြက်သား တပိဿာချိန်တဲ့ အလေး ရယ်၊ ကြက်သား ၅၀သားချိန်တဲ့ အလေးရယ် မဟုတ်တော့ဘူး။ခုန ကြက်သား တပိဿာ ချိန်တဲ့ " အလေး"ရယ် နောက်တကြိမ်မှာ ကြက်သား တပိဿာလာဝယ်တဲ့ အချိန်၊ တပိဿာခြင်းတူပေမဲ့...ချိန်တဲ့ "အလေး" မတူတော့ပါဘူး။
ခုလို တရားအားထုတ်တဲ့ အခါ မှာ..
အာရုံ တွေ ပြောင်းပြောင်း နေတာတော့ သိပေမယ့်၊ ကိုယ့် စိတ်ကို ကျတော့ ပြောင်းတယ် လို့ မထင်မိကြဘူး။
တရားအားထုတ်ကြတဲ့ လူတွေက...
ကိုယ်က.. အားထုတ်နေတာ
ကိုယ်က.. ကြည့်နေတာ
ကိုယ်က.. ရှု နေတာ
ကိုယ်က.. မှတ်နေတာ ဆိုပြီးတော့
အာရုံ တွေ ကသာ ဖြစ်ပြီး ပျက်နေတာ၊ ကိုယ့်စိတ် က မဖြစ်မပျက်ကြီး ဖြစ်မနေဘူးလား။အများအားဖြင့် သဘောမပေါက်ကြတာ အဲဒီနေရာမှာပါ။
အခု ဒီနေရာလေး ရှင်းပြတာ ဓမ္မမိတ်ဆွေ သဘောပေါက်မယ် လို့ ထင်ပါတယ်။
အဲဒီနေရာမှာ တန့်ပြီးတော့..
အဲဒီနေရာမှာ ကြာနေတဲ့ လူတွေ အများကြီးပါ။
စာလို ပြောရယင်တော့...
"ဥဒယဗ္ဗယဉာဏ်" ကနေ "ဘင်္ဂဉာဏ်" အကူးလို့ ပြောတာပေါ့လေ..။ ဉာဏ်စဉ် အကြောင်း သိချင်ရင်တော့ " ဉာဏ်စဉ်( ၁၆)ပါးအကြောင်း" ဆိုပြီး ( ၂ရက်နေ့ ၊စက်တင်ဘာလ၊ ၂၀၁၆ ) နေ့ စွဲ နဲ့  ပို့ စ် တင်ထားတာရှိပါတယ်၊ ပြန်ပြီး ရှာဖတ်ကြည့်ပါ။
အခုအချိန်မှာတော့ ဒီဉာဏ်တွေကို နားထဲ မထည့်လည်းရပါတယ်။
တကယ်တန်းကျတော့ ဒီဖက်က ချိန်ခွင် နဲ့ ဒီဖက်က ကြက်သား နဲ့ ထိပြီးတော့လည်း မရှိ၊ ဒီဖက်က ချိန်ခွင် နဲ့ အလေး နဲ့ ထိပြီးတော့လည်း မရှိ၊
အရှုခံအာရုံ တွေကလည်း..သွားပြီ။
ကိုယ့် စိတ် ကလည်း.. သွားပြီ။
ဒါပေမယ့် ဘာလေးကျန်ခဲ့ရသလည်းဆိုတော့..
"ဘာမှမဟုတ်မှန်းသိတဲ့..သတ္တိ" လေးတော့ ကျန်ခဲ့ရတယ်။
အာရုံ နဲ့ စိတ် နဲ့ ဆုံတယ်၊ အာရုံလည်း ဘာမှ မဟုတ်ဘူး၊စိတ်လည်း ဘာမှ မဟုတ်ဘူး။ဒါပေမဲ့ အဲဒီ သတ္တိလေးတော့ ကျန်ခဲ့ရတယ်။အခု တရားအားထုတ်တယ်ဆိုတာ အဲဒီသတ္တိလေး ကျန်ဖို့ ၊ကိုယ်ကြုံခဲ့ရတဲ့ အာရုံတွေမှာ အဲဒီသတ္တိလေး ကျန်ရဲ့ လားပြန်ကြည့်၊ မကျန်ရင် ဘာမှ အကျိုးမရှိဘူး။ အဲဒီ သတ္တိလေး ကျန်ရပါတယ်။
အဲဒီသတ္တိလေး ကျန်ရင် ပြန်ကြည့်ပါ၊ ပထမပိုင်းတုန်းက မှာရေးပြခဲ့တဲ့ "ဆအာယတန ၆ ပါး"ဆိုပြီး ရေးပြထားတာတွေက အာရုံတွေ၊ " ဝိညာဏ်၊နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တွေ ဟာ "အာရုံ" တွေ လို့ ခေါ်ပါတယ်၊ ကိုယ့်စိတ်ကိုယ်ပြန်ကြည့်လိုက်တဲ့ အခါမှာ ဒီစိတ်က အာရုံ ဖြစ်သွားတယ်။ဒါပေမဲ့ ကိုယ့်စိတ်ဖက်မှာ ကြည့် နိုင်တဲ့ ဉာဏ်ရှိရပါတယ်။
ဒီတော့ စိတ်ကလေး အသစ် ထပ်ထပ် ဖြစ်တ်ုင်ူ ဖြစ်တိုင်း ဉာဏ် ရှိရပါတယ်၊မိမိ ရဲ့ စိတ်ကလေး အသစ်ဖြစ်လည်း ဉာဏ် ရှိရတယ် ဆိုတော့ "တဏှာ၊ဥပါဒါန်၊ ကမ္မဘဝ ဖက်အခြမ်း က "စိတ်"အကွက် ခြမ်း( စက်ဝိုင်း နဲ့ ပြောရင် )၊ ဟိုဖက်က "ဝိညာဏ်၊နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ " ဖက် က အာရုံ ဖက် အခြမ်း၊
အဲဒီတော့.. စိတ် ဆိုတဲ့ ဖက်မှာ.. ဉာဏ် ပါရင်.. တဏှာ မရှိတော့ဘူး။ဉာဏ်ပါရင် အဝိဇ္ဇာ လည်း မရှိတော့ဘူး။
"ပဋိစ္စသမုပ္ပါဒ်" အားထုတ်တယ်ဆိုတာ "ပဋိစ္စသမုပ္ပါဒ်" ပြတ်ချင်ရင် ရှုတဲ့ စိတ်ဖက်မှာ ဉာဏ် ပါနေရပါမယ်၊
"ဉာဏ်"ဆိုတာ ဘာဉာဏ်လည်း ဆိုတော့.. "ဘာမှ မဟုတ်မှန်း" ကို သိနေရမဲ့ "ဉာဏ်" ပါ။တစိမ်းလို့ သိတာဟာ ဉာဏ်၊ ဘာမှ အသုံးမကျမှန်း သိတာဟာ ဉာဏ်၊ အဲဒီ ဉာဏ်လေးသာ ကိုယ်မှာ ရှိတယ်ဆိုရင်..
ဥပမာ တစ်ခါကြုံဘူးတဲ့ ဉာဏ်ဟာ ၁၀တန်းစာမေးပွဲ အောင်သွားတဲ့လူလိုဘဲ၊ နောက်ထပ် ၁၀တန်းပြန်ဖြေစရာမလိုတော့ပါဘူး။
အဲဒီလို မျိုး၊ ဝိပဿနာ ဉာဏ် က တစ်ခါ ဖြစ်ပြီးရင် ဒီဉာဏ်မျိုး နောက်ထပ် ထပ်ဖြစ်စရာမလိုတော့ဘူး၊ ရှေ့ ဆက်တတ်ဖို့ ဘဲ ရှိပါတော့တယ်။အဲဒီ သဘောပေါက်တဲ့ ဉာဏ်ဘဲ လိုတာပါ။
ဘာ ဉာဏ်လည်းဆိုရင်...
"ဘာမှ မဟုတ်မှန်း သိတဲ့ ဉာဏ်"
တစိမ်းလို့ သိတဲ့ ဉာဏ်၊
သူ့ သဘော သူ လုပ်နေတာဘဲ လို့ သိတဲ့ ဉာဏ်၊
အဲဒီ ဉာဏ်လေး ပေါ်ဖို့ အရေးကြီးတာပါ။ အဲဒီ ဉာဏ် ပေါ်ပြီဆိုရင် ဝိပဿနာ ဉာဏ်ပါဘဲ။
အဲဒီလို ဉာဏ် ဖြစ်ပြီဆို တဏှာ မကပ်တော့ဘူး၊ အဝိဇ္ဇာလည်း မကပ်တော့ဘူး။
တရားအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို့ ဟာ အချိန်မရွေး ကိုယ့်စိတ်မှာ ဘာရှိရမှာလည်း ဆိုတော့ ဉာဏ် ရှိရမှာ။ အဲဒီလို ဉာဏ်ရှိရင် အဝိဇ္ဇာ နဲ့ တဏှာ ကပ် ကို မကပ်တော့ဘူး၊ ဒါပေမဲ့ .. ဉာဏ် ဆိုတာကလည်း အမြဲတမ်း အချိန်ပြည့် မရှိနိုင်တဲ့ အတွက်ကြောင့် ဉာဏ် အစား "သတိ"ရှိဖို့ လို အပ်ပါတယ်။
"သတိ"ရှိရင် "တဏှာ" လည်း မလာတော့ပါဘူး၊ "အဝိဇ္ဇာ"လည်း မလာတော့ပါဘူး။
"သတိ"ဆိုတာ ဘာလဲဆိုတော့.. စောင့်ကြည့်တာ..။
ဓမ္မမိတ်ဆွေတို့ မှာ ဘာဘဲ ဖြစ်ဖြစ် စောင့်ကြည့်နိုင်တယ် ဆိုရင်..စောင့်ကြည့်တယ်ဆိုတာ တစ်ချိန်လုံးထိုင်ပြီး စောင့်ကြည့်တဲ့ သဘောတော့ မဟုတ်ပါဘူး၊
ဥပမာ သွားယင်း လာယင်း၊ လုပ်ယင်း ကိုင်ယင်း ကိုယ့်ကို ကိုယ် သတိထားသွားတာမျိုးလေး၊ကိုယ့်စိတ်ကို ကိုယ် ဂရုစိုက်တာမျိုးလေး၊ ကိုယ့်အာရုံကိုယ် ဂရုစိုက်တာမျိုးလေးဆိုရင် တရားအားထုတ်တာပါဘဲ။
"ဉာဏ်" နဲ့ အမြဲနေနိုင်ဖို့ တော့ တော်တော်လေး လုပ်ယူရမှာပေါ့နော်။ "သတိ" လေးနဲ့ စောင့်ကြည့်နိုင်တယ် ဆိုရင်ဘဲ တော်တော်လေးကို ကျေးဇူးများနေပါပြီ။
ဓမ္မမိတ်ဆွေတို့  ကောင်းတာတွေလည်း ဆုံခဲ့ဘူးပြီးပြီ၊ မကောင်းတာတွေလည်း ကြုံခဲ့ ဘူးပြီးပြီ။ ဘာမှ မဟုတ်မှန်း သိလို့  တော်သေးရဲ့ .. ပေါ့။
အဲဒီ " တော်သေးရဲ့ " ဆိုတဲ့ သတ္တိ က အနတ္တ ပါ။ သိတာက ဉာဏ်၊ အနတ္တ ကို သိတယ် ဆိုတော့.. "အနတ္တဉာဏ်"လို့ ခေါ်ပါတယ်။
"အနတ္တဝိပဿနာဉာဏ်"လို့ ခေါ်ပါတယ်။
အဲဒီ ဉာဏ်ဟာ ဝိပဿနာ စစ်စစ်ကြီးပါဘဲ။
အဲဒီ ဉာဏ် ရရင် ဘာမှ" သောက" တွေ ဖြစ်စရာလည်းမရှိတော့ဘူး။ ပရိဒေဝ ဖြစ်စရာတွေလည်း မရှိတော့ပါဘူး။
ဒါကြောင့်မို့  .. အချုပ်အနေနဲ့ ပြောရရင်..
"ဘာမှ မဟုတ်ပါလား "...ဆိုတာ သိဖို့ အရေးကြီးဆုံးပါဘဲ။ ရှေ့ ဆက်ပြီး ဓမ္မမိတ်ဆွေတို့ ဟာ အကောင်း၊ အဆိုးတွေ ကြုံရ၊ ဆုံရ အုံးမှာ ပါဘဲ။အဲဒီလို ကြုံဆုံလာတဲ့ အခါ "ဘာမှမဟုတ်မှန်း"ကို သိတဲ့ သဘောလေးကို လက်ကိုင်ထားပြီး သူ့ သဘောနဲ့ သူဖြစ် နေပါလား ဆိုတဲ့ သဘောလေး ကို သိရှိနားလည်မဲ့ ဝိပဿနာဉာဏ်တွေရရှိပြီး တရားထူးတရားမြတ်တွေ ရရှိကြမဲ့ သူတော်ကောင်းများဖြစ်ကြပါစေလို့ ဆုတောင်းရင်း ဓမ္မဒါနပြုလိုက်ပါသည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကုန်သော်...။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား- ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ( ၂၀၁၄ ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ ၊ မှော်ဘီမြို့ ဓမ္မဒူတ ကျောင်း၊ သုံးရက် ဝိပဿနာ တရားစခန်းမှာ ဟောကြားတဲ့ တရားတော်မှ ကောက်နှုတ်ပါသည်။
••••••••••••••••••••••••••••••••••

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...